❝ ကောင်းဆေးရိုး၏ အမွန်အမြတ်ဆွမ်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ဟုတ်ဟုတ်ညားညား အိပ်ရသည်ဟု ကောင်းဆေးရိုး မထင်။ အိပ်ပျော်စမှာပင် အနှိုးခံရသည်ဟု ထင်၏။ လူးလဲထရင်း ကျိန်းစပ်နေသောမျက်လုံးကို ပွတ်သပ်သည်။ အကြောင်းထူးရှိ၍ နှိုးသည် ထင်သောကြောင့် “ဘာတုံး၊ ဘာတုံး၊ ဘယ်သူ ဘာဖြစ်လို့တုံး” အလောတကြီး မေး၏။
“ဟောတော့”
မကျီးဒန်၏ တအံ့တသြမြည်တမ်းသံသည် ဘတ်ခနဲ ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ပုတ်သံနှင့်အတူ ထွက်ပေါ်လာ၏။
“ဆွမ်းချက်ထဖို့ နှိုးတာတော့်”
ကောင်းဆေးရိုး တောက်ခေါက်သည်။
“အိပ်တောင် မအိပ်ရသေးဘူးဟာ၊ အချိန်များ ကလဲ”
ကောင်းဆေးရိုးသည် ညည်းညည်းညူညူ ထပြီး မျက်နှာသစ်သည်။ တစ်ကိုယ်လုံး အားမရှိသည်သို့ နုံးချိနေငြား၊ ကပြင် (ကြမ်းပြင်) သို့ ထွက်လိုက်သည်နှင့် မွှေးမြသောမုန့်နံ့ကို ရှူရသည်။ အနုံးအချည့် အနွမ်းအနယ်တွေ ပျောက်သွားပြီ ထင်ရသည်။ ကပြင်တွင် အအေးခံလျက် ဖြန့်ကျင်းထားသော နောက်ဆုံး မုန့် တစ်ပေါင်းစာကို မသိမ်းမိ။ သည်မုန့်များက ကောင်းဆေးရိုးအား အနွမ်းဖြေပေးခြင်းဖြစ်သည်။ ငွေလသည် ပေပင်ကြီးနောက်သို့ ရောက်နေပြီ။ ဆွမ်းချက်သည့် နေရာသို့ ပေရွက်ရိပ်များ ဖုံးနေသည်။ လေသွဲ့၍ ပေရွက် ယိမ်းသွားလျှင် မီးဖိုမှ မီးရောင်ပျော့သွားသည်။ ကောင်းဆေးရိုးသည် ဆွမ်းချက်ရန်အတွက် ရေနွေးအိုးကို အလျင်တည်သည်။ ညဉ့်ဦးက ရေစိမ်ထား သော ဆွမ်းဆန်များကို ‘ဆန်ဆေးတောင်း’ ဖြင့် ရေစစ် ထားသည်။ ရေနွေးဆူမှ ဆန်ထည့်ရန်ဖြစ်သည်။ ခုနက တိတ်ဆိတ်နေခဲ့သော ရမ်းဘိုကုန်းရွာသည် တစ်ခဏချင်း နိုးကြားလာ၏။ ထင်းချိုးသံ၊ ရေအိုးထဲသို့ ရေမှုတ်ပစ်ချသံ၊ ဆန်ဆေးသံ၊ ဟိုဟာ ယူခဲ့ပါ၊ သည်ဟာ သယ်ခဲ့ပါပြောသံများ စသည်တို့ဖြင့် ညံစည်လာ၏။ ထိုမှတစ်ဆင့် တက်၍ ကလေးငိုသံ၊ ကလေးချော့သံနှင့် ခွေးငေါက်သံ၊ ခွေးမြည်သံများပါ မွမ်းမံလိုက်ပြန်သောခါ နေ့နှင့် မခြားသော ရွာ၏ ကြားကွက် နာကွက်ဖြစ်လာလေ၏။
သည်အသံများထဲသို့ တွတ်တီးတွတ်တာ ငှက်မြည်သံသာကလေး ဝင်ရောက်လာသည်။ ကောင်းဆေးရိုးသည် နှစ်သက်စွာ နားစိုက်ထောင်ရင်း ရေနွေးအိုးကို မီးပြင်းထိုးသည်။
“ဖအေကြီး၊ မုန့်တွေ ထုပ်ထားခဲ့ပြီ”
မကျီးဒန်၏ အသံကို ကြားတော့မှ ပလီပလာငှက်သံကို အာရုံ ဖြတ်လိုက်ရသည်။
“လင်ပန်းထဲမှာ တစ်ရာရေပြီး ထည့်ထားပေါ့၊ စိုက်တောင်းထဲမှာတော့ နှစ်ရာထည့်ထား”
“သုံးရာကြီးများတောင် ကုန်ပါ့မလားလို့”
“ဟ ကုန်တာပေါ့ဟ၊ သင်္ကြန်တွင်းမှာသာ နှစ်ရာ မကုန်ပေမယ့် ဝါကျွတ်မှာတော့ ဝါဆိုတဲ့ ကိုရင်တွေနဲ့ ကုန်နိုင်လောက်တယ်၊ လိုရမည်ရ ထည့်သာထားပါဟာ”
ထိုသို့ပြောနေခိုက်တွင် တုံးကြီးခေါက်သံ သဲ့သဲ့ ကြားရသည်။ ကောင်းဆေးရိုး ပျာယာကြီးခတ်သွားရတော့သည်။
“နင့်မေကလွှား၊ ငါက စောသေးတယ် ထင်နေ တာ၊ တုံးကြီးတောင် ခေါက်ပါပြီကော”
အပြေးအလွှား မီးထိုးပြန်သည်။ မီးတောက်စွဲငြိ တောက်လောင်နေသော ထင်းစတစ်စကို ဆွဲထုတ်ပြီး မြှောက်ကြည့်သည်။ ရေနွေးအိုးက ယခုမှ အမြှုပ်တွေ စီနေဆဲရှိသေးသည်။ သို့သော် ကောင်းဆေးရိုး မီးစကို မီးဖိုထဲသို့ ပြန်ထိုးပြီး မကြာမီပင် ရေနွေးဆူသံ တဟဲဟဲကို ကြားရပြီ။
“ကျီးဒန်၊ မျက်နှာသစ်ပြီးပြီလား”
ထိုအခါတွင်မှ မကျီးဒန်မှာ မိမိရင်ဘတ်ကို မိမိ ပုတ်ပြန်သည်။
“ဟုတ်ပါကော၊ သတိများနှယ်နော်”
“ကြပ်ကြပ်မေ့၊ တော်တော်ကြာ ညည့်နာမည်ကို တောင် ညည့်မေ့မယ်”
ပါးစပ်ကလည်း ပြောသည်။ လက်ကလည်း ဆန်ဆေးတောင်းထဲမှ ဆွမ်းဆန်များကို ရေနွေးအိုး ထဲသို့ တဖြောဖြောသွန်ထည့်သည်။ တစ်ဆက်တည်း ယောက်မဖြင့် မွှေ၊ အဖုံးအုပ်၊ မီးပြင်းထိုးသည်။ တုံးခေါက်သံသည် ကျယ်လောင်လာသည်။ တုံးခေါက် သံမြန်လာသည်။ ကောင်းဆေးရိုး၏ ရင်ထဲတွင်လည်း ‘သံဃာတော်တွေ မကြွပါနဲ့ဦး’ အော်ဟစ်နေသည်။ သည်အခိုက်၌ ကောင်းဆေးရိုးအတွက် ပိုမို ထိတ်လန့်ဖြစ်စရာအကြောင်း ပေါ်လာပြန်သည်။ မြသောင်း၏ မဂိုမဂဲ မယားဆဲကြီး ထတွန်သော ကြောင့်တည်း။ ထိုမဂဲကြီးတွန်မှ တစ်ရွာလုံးရှိ ကြက်တွေ လိုက်တွန်သည်။ ဟိုကတွန်၊ သည်ကတွန်နှင့် ကြက်တွန်သံတွေ ရွာလုံးနှံ့ ကြဲနေသည်နှင့်အမျှ ကောင်းဆေးရိုးရင်မှာ တဒိန်းဒိန်းခုန်နေသည်။
“မမီလိုက်မှဖြင့်၊ ဆွမ်းမလောင်းလိုက်ရမှဖြင့်”
သင်္ကြန်တွင်းနှင့် ဝါကျွတ်ကာလဖြစ်သော အခါကြီးရက်ကြီးကာလများတွင် ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းခဲဖွယ် ဘောဇဉ်များ အလျှံပယ်ဖြစ်၏။ သို့ကြောင့် ကောင်းဆေးရိုး၏ ဆွမ်းမလောင်းလိုက်နိုင်လျှင်လည်း ကျောင်းများ၌ မထိခိုက်ပေ။ စင်စစ် ထိခိုက်သူမှာ ကောင်းဆေးရိုးသာ ဖြစ်၏။ သူက အခါတွင်း ဆွမ်းလောင်းရန် ရည်စူးလျက် ‘ဗြတ်ဆန်’ ကို စုဆောင်းထားသည်။ ကိုယ်က ‘စံရွှေဒွန်း’ ကို စားပြီး တခုတ်တရ စုဆောင်းထားသော ဗြတ်ဆန်ဆွမ်းကို မလောင်းလိုက်ရပါက ခဲလေသမျှ သဲရေကျ ဖြစ်ရတော့မည်။
အခါကြီးရက်ကြီးမို့ အမွန်အမြတ်ဆွမ်းကို လောင်းလိုခါမှ ထမင်းအိုးက ပွက်ခဲသည်။ တစ်ညလုံး ရေစိမ်ထားသဖြင့် တစ်ပွက်ဆိုလျှင် ငှဲ့၍ ရပြီ။
သို့သော် သည်တစ်ပွက်က ပွက်ခဲလှသည်။ စိတ် စောနေသည်နှင့်အမျှ မီးကိုသာ အားစိုက်ထိုးသည်။ နားက “ဘုန်းကြီးတွေ ကြွလာပြီ” အော်သံကို နားစွင့်၍ စိတ်ထဲမှာမူ ‘မလာပါစေနဲ့ဦး’ ဆုတောင်းနေသည်။
“အဘိုးကြီးရေ၊ တော့်ထမင်းအိုးနဲ့ မီးတောက်နဲ့ မလိုက်တော့ဘူး”
မကျီးဒန် သတိပေးတော့မှ သူ့စိတ် အဘယ်မျှ လောနေကြောင်း ကောင်းဆေးရိုး သတိထားမိသည်။ ယောင်ယမ်းပြီး မီးလျှော့လိုက်ချိန်တွင် ဆွမ်းအိုးထဲမှ ဖားခုံညင်း မြည်သံနှင့်တူသော ပွက်သံ တဂွတ်ဂွတ်ကို ကြားရလေ၏။
“အမေရေ၊ ဟိုဘက်ရွာကို သံဃာတော်တွေ ရောက်နေပြီ။ ကျုပ် ဘာလုပ်ပေးရမတုံးဗျို့”
သားငယ် ဘညိန်းသည် အော်ဟစ်ရင်း ပြေးဝင်လာသည်။
“ခွေးခြေရယ်၊ မုန့်တောင်းရယ်၊ လင်ပန်းရယ် ထုတ်ရမှာပေါ့ သားရယ်”
မကျီးဒန်သည် သား၏ အလိုက်သိမှုကြောင့် ရွှင်လန်းစွာ ပြန်ဖြေသည်။ သို့လျှင်ဖြေရင်းက စိတ်မကောင်း ဖြစ်လိုက်သေး၏။
“ဪ သူလည်း တစ်အိုးတစ်အိမ် ထူထောင်ထားပါလျက်ကနဲ့ အများနည်းတူ ဆွမ်းမလောင်းနိုင်ရှာပါကလား” ဟူသည့် အတွေးဝင်လာသောကြောင့် ဖြစ်သည်။
“ဟို မှောက်ထားတဲ့ တောင်းကကော အမေ”
“ဆွမ်းထည့်ဖို့လေ”
ဘညိန်းသည် ခွေးခြေကို အိမ်ရှေ့လမ်းဘေး၌ ချသည်။ သည်အပေါ်၌ မုန့်တောင်း၊ တောင်းပေါ်မှာမူ မုန့်လင်ပန်း။
“ကဲ ကဲ ချွေးတွေသံတွေနဲ့ ဆွမ်းလောင်းမလို့လား၊ ရေလေး ဘာလေး ချိုးဦးမှပေါ့”
မကျီးဒန်သည် ကောင်းဆေးရိုးအား သတိပေး သည့်နည်းတူ သူကိုယ်တိုင်လည်း ခြေလက်များကို ရေဆေးနေသည်။ သို့သော် “ဘညိန်းရေ၊ သံဃာတော်တွေ ကြွလာပြီဟေ့၊ ရွာထဲမှာ လိုက်အော်လိုက်ပါဦး” အုန်းမောင်လေး၏ အော်သံကြောင့် တိုးလိုးတန်းလန်းဖြင့် ပြေးထွက်ခဲ့ရလေ၏။
“လူမစုံမချင်း တံခါးမဖွင့်ဘူး အဖေရဲ့၊ ဖြည်းဖြည်းသာ ခူး။ မတော်တဆ ခြေထောက်ပေါ် ဆွမ်းအိုးကြီး မှောက်ကျနေဦးမယ်”
ဘညိန်းသည် ဖအေအား လှမ်းပြောအပြီးတွင် ပြေးထွက်သွားလေ၏။ မည်သို့ပင် ဖြည်းဖြည်းလုပ်ပါ မှာသွားစေကာမူ ကောင်းဆေးရိုး မနှေးပါ။ ခွဲတောင်းထဲတွင် ငှက်ပျောရွက် ခွေထည့်ပြီး ဆွမ်းအိုးကို သွန်ချသည်။ ထောင်းခနဲထလာသော ဆွမ်းငွေ့တွေကို ပါးစပ်ဖြင့် မှုတ်သည်။ မျက်လုံးကို မှေးထားသည်။ သို့ပါလျက်နှင့် မျက်နှာတစ်ပြင်လုံး ချွေးရွှဲနစ်လာသည်။ ကောင်းဆေးရိုး လက်လျှော့လိုက်ရငြား အသင့်ဖြစ်စေရန် ဆွမ်းအိုးကို ယောက်မဖြင့် မွှေဖွပေးသည်။
“အဖေ သမီးကိုပေး၊ အဖေ ချွေးသုတ်ဦး”
သမီးကြီး ချောစိန်ဖြစ်သည်။ ဖအေ့ရှေ့ရှိ ဆွမ်းတောင်းကြီးကို ခါးစောင်းတင်သွားသည်။
“အားလုံးအသင့်ဖြစ်ရင် တံခါးဖွင့်လိုက်မယ်ဗျို့”
ဘညိန်းသည် ရွာရိုးလျှောက်ပြီး ပြေးလွှားအော်ဟစ်နေရာက “အဖေကော အဖေကော” မေးမေးပြေးပြေး ပြေးဝင်လာသည်။
အရေးဟဲ့ အကြောင်းဟဲ့ဆိုလျှင် သားနှင့် သမီး ပြေးလာဖော်ရသဖြင့် ကောင်းဆေးရိုးရော ဒေါ်ကျီးဒန်ပါ ကျေနပ်နေသည်။ မှိုးမှိုးမှောင်မှောင် အလင်းရောင် အောက်၌ ချမ်းမြကြည်လင်နေပုံမှာ သည်လ၏ အဆင်တန်ဆာ ပန်းရွှေကြာနှယ်ပါပေတည်း။
အခါဆွမ်းခံရန် ကြွရောက်လာသော သံဃာတော်များမှာ အနီးအနားမှချည်း မဟုတ်ပေ။ ချောင်း ဟိုဘက်ရှိ ကျောင်းများမှလည်း ပါသည်။ ၄၊ ၅ မိုင် အဝေးမှ သံဃာတော်များလည်း ပါသည်။ ထိုဝေးလံသော အရပ်မှ သံဃာတော်များသည် နေမမြင့်မီ ကျောင်းသို့ ပြန်ရောက်ရန်အတွက် သွက်သွက် လှမ်းကြွကြသည်။ သို့အတွက် သင်္ကန်းချင်း ပွတ်တိုက်သံကို ကြားရသည်။ လုလုယက်ယက် တိုးတိုးဝှေ့ဝှေ့ မဟုတ်စေကာမူ လေဟပ်သံ၊ ခြေလှမ်းသံကို ကြားရသည်။
ဘညိန်းက ဆွမ်းတောင်းကို ပွေ့ထား၍ ချောစိန်က မုန့်လင်ပန်းကို ကိုင်ထား၏။ ကောင်းဆေးရိုးသည် ဆွမ်းတစ်ပန်းကန်ခပ်ယူကာ အရှေ့အရပ်သို့ မျှော်ကြည့်နေ၏။ မကျီးဒန်လည်း ပခုံးတွင် တဘက်ကလေး တင်လျက် မမြင်ရသော မှောင်ထဲသို့ မျှော်ကြည့်နေ၏။ မမြင်ရငြား ကောင်းဆေးရိုး သိသည်။
သိခြင်းမှာ သင်္ကန်းရနံ့ကို ရသောကြောင့်ဖြစ်သည်။ သင်္ကန်းနံ့ကား အခြားမဟုတ်၊ ဆွမ်းငွေ့ ဟပ်ဖန်များ သဖြင့် သင်္ကန်းတွင် စွဲနေသော အနံ့သာ ဖြစ်သည်။ ထိုအနံ့ရသောကြောင့် “ကြွလာတော်မူကြပြီ ကျီးဒန် မလွတ်စေနဲ့၊ သုံးလေးထုပ်ကိုင်ထား” လှည့်၍ သတိပေးသော စကားမျှ မဆုံးမီ တစ်တောင့်ကွာ၌ ရဟန်း တစ်ပါး ဘွားခနဲ ပေါ်လာသည်။
“ဖြည်းဖြည်းကြွတော်မူပါဘုရား”
ကောင်းဆေးရိုးမှာ သူ မွန်မွန်မြတ်မြတ်ထားသော ဗြတ်ဆန်ဆွမ်းလောင်းရသဖြင့် ဝမ်းမြောက်ပီတိ ဖုံးနေသည်။ တစ်ပါးမကျန် လောင်းနိုင်ရန် အပြေးအလွှား ကော်ခပ်ရသဖြင့် ဆွမ်းအပြည့် မပါ။ ပါသည့် အခါလည်း ရှိသည်။ သို့ကြောင့် ဇယ်ဆက်သည့် အလား သပိတ်နှင့် တောင်းကြား၌ ပြေးလွှားနေရာက တောင်းပန်ခြင်းဖြစ်သည်။
သင်္ကန်းချင်း ပွတ်တိုက်သံ၊ သပိတ်ဖုံး ဖုံးအုပ်သံများနှင့် ဒါယကာ၊ ဒါယိကာမတို့၏ တောင်းပန်သံများကို ကျောင်းသားများ၏ အော်ဟစ်သံက တစ်ချက် တစ်ချက် ဖုံးလွှမ်းသွားသည်။ ကျောင်းသားများမှာ ဆွမ်းတစ်သပိတ်ပြည့်တိုင်း လက်ခံထည့်ယူရန် တောင်းကိုယ်စီ ထမ်းထားကြ၏။ ကိုယ့်ဘုန်းကြီး၊ ကိုယ့်ကိုရင်နှင့် အဆက်ပြတ်မသွားစေရန် အသံပေးရင်း ကျော်ဖြတ်ပြေးလွှားသွားကြသည်။
မပီဝိုးဝါး မြင်ကွင်းသည် တဖြည်းဖြည်း ပီသကြည်လင်လာပြီ။ ဤသည်နှင့်အမျှ သံဃာဆက် ပြတ်သွားသည်။ တစ်ပါးစ နှစ်ပါးစ၊ တစ်ခါတလေ သုံးလေးပါးတစ်စု စသည်ဖြင့်သာ ကြွလာတော့သည်။
ကောင်းဆေးရိုးမှာ သည်အခါကျမှ အသက်ရှူနိုင်တော့သည်။ သည်အခါကျမှသာ ချွေးသုတ်ခွင့်ရတော့သည်။ အရှေ့တံခါးဘက်သို့ မျှော်ကြည့်ရင်းက “သမီးရေ၊ မုန့်ထုပ်တွေ ဘယ်လောက်ကျန်တုံး၊ ရေ ကြည့်စမ်း” ဟု လှည့်မကြည့်ဘဲ ခိုင်းမိသည်။ ချောစိန်ထံမှ တုံ့ပြန်သံမှာ မြန်လှသည်။
“လင်ပန်းထဲမှာ ဆယ်ထုပ်ပဲ ကျန်တော့တယ်အဖေ”
“ဟာ အပါး ၂၉ဝ တောင် ကြွတာပါကလား”
ကောင်းဆေးရိုး ဝမ်းသာအားရ ရင့်ရူမိသည်။ သူမြတ်မြတ်နိုးနိုးထားကာ စုဆောင်းထားခဲ့သော ဗြတ်ဆန်ကို ရဟန်းသာမဏေ အပါး ၂၉ဝ တို့အား တစ်ခဏအတွင်း၌ လောင်းလှူလိုက်ရပါပြီရော။ ထိုအတွေး၊ ထိုအသိကြောင့် ကောင်းဆေးရိုးမှာ ဝမ်းမြောက် ပီတိဖြစ်လွန်းခြင်းမက ဖြစ်နေလေတော့၏။ ထိုခဏမှာပင် သိန်းဆုကြီး ပထမဆု ပေါက်လိုက်သူ အလား သူ့ကိုယ်သူ ထင်နေမိချေတော့၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment