Sunday, October 18, 2026

ခြင်းကြားကြီး နဲ့ ရေကိုယူသဗျ

❝ ခြင်းကြားကြီး နဲ့ ရေကိုယူသဗျ ❞  
( ဆင်ဖြူကျွန်းအောင်သိန်း )

ရမ်းဘိုကုန်းရွာ၏ ကောင်းကင်ပြင်၌ ဆင်ဖြူကြီး ပျံဝဲနေလေ၏။

“ဟေ ဆင်ကြီးဟ၊ ဆင်ကြီး ခွေးပုရေ၊ လာဟေ့ ဒီမှာကြည့်လှည့်”

မည်သူက အစပြု၍ အော်လိုက်သည် မသိသော အသံများသည် ရမ်းဘိုကုန်းတစ်ရွာလုံးကို ဖုံးခြုံသွားလေသည်။

“ဟဲ့ ငကြွက်၊ နွားတေ ဘာတွေ တိုးမိမယ်နော်။ ကလေးကို ဂရုစိုက်”

ညနေစောင်းပြီမို့ အိမ်ပြန်နွားများဖြင့်လည်း လမ်းမှာ စည်တတ်၏။ ကလေးများဖြင့်လည်း ပြည့်တတ်သည်။ ကလေးနှင့် နွား တွေ့သောအခါ နွားကပင် ရှောင်သွားစမြဲ ဖြစ်သော်လည်း တိုးဝှေ့ပြေးလွှားသော နွားအုပ်နှင့် ကြုံပါမူ မတော်တဆ နင်းသွားတတ်ပေ၏။ သို့ကြောင့် ကလေးအမေများက အော်ဟစ်သတိ ပေးကြခြင်းဖြစ်သည်။

“ဟာ ... ဟုတ်တယ်ဟ”

“ကြာစူးရေ ဆင်ကြီးဟ၊ ဆင်ကြီးမှ နည်းတဲ့ ဧရာနန္ဒဆင်ကြီး မဟုတ်ဘူး”

ကောင်းကင်တွင် တိမ်ခြေရှင်း၏။ ပြာစင်သော မိုးသားနောက်ခံဝယ် ငွေရုပ်သွင် ဆင်ဖြူကြီးသည် တရွေ့ရွေ့နှင့် တောင်မှ မြောက်သို့ လွင့်မျောနေ၏။ တောင်မှ မြောက်သို့ အစဉ်တစိုက်လွင့်ပြေးလာရာက ရမ်းဘိုကုန်းရွာနား အရောက်တွင် အင်္ဂါထောင့်သို့ ထိုးသွားပြီး ပုတီးပင်ဘုရားပေါ်လောက်သို့ အရောက်တွင် ရမ်းဘိုကုန်းရွာဘက်သို့ ထပ်မံရွေ့လာပြန်သည်။ 

“ဟာ ပြန်လာပြီဟ၊ ပြန်လာပြီ” 

ကလေးများသည် ဝမ်းသာအားရ အော်ကြ၏။

“ဟယ် မှိုင်းတေ အန်လာပြီ။ မှိုင်းတွေ မှိုင်းတွေ” 

အပြာနောက်ခံနှင့် ပနံရစွာ ငွေတောင်ကြီးလို ဆွတ်ဆွတ်ဖြူနေသော ဆင်ကြီးဝမ်းဗိုက်မှ မီးခိုးများ အူထွက်နေ၏။ မီးခိုးတန်းကြီးသည် မိန်းမပျို၏ ဆံပင် လေမှာလွင့်သလို လွင့်ပျံလုံးထွက်နေ၏။

သို့ရာတွင် ဆင်ဖြူကြီး၏ ဝမ်းဗိုက်တွင် တပ်ဆင်ထားသော မှိုင်းသွင်းသည့် မီးတုတ်မှာ မီးမငြိမ်းသေးပေ။ အရှိန်ကောင်းကောင်းဖြင့် တောက်လောင်နေလေ၏။ ထိုမီးကွင်းမှာ အဝတ်ကို ရေနံစိမ်ပြီး သံချောင်းနှင့် တပ်၍ မီးရှို့လွှတ်လိုက်ခြင်းဖြစ်သည်။ ဤဆင်ရုပ်မီး ပုံးပျံကို မလွှတ်မီကပင် အခြားသော ရေနံမီးတုတ် တစ်ခုဖြင့် ဆင်ရုပ်၏ တစ်ကိုယ်လုံး မှိုင်းပြည့်အောင် လုပ်ပေးလိုက်ပြီး လွှတ်ခါနီးမှ မီးကွင်းကို မီးရှို့ပေး လိုက်သည်။ မီးပုံးပျံ၏ အခေါင်းထဲ၌ မှိုင်းအား လျော့မသွားအောင် ထိုမီးကွင်းက ဖြည့်ပေး၏။ 

“ကျတော့မယ်ဟေ့ ကျတော့မယ်” 

“ဆင်ရုပ်ကြီးဟေ့ ဆင်ရုပ်ကြီး”

ကာလသားပေါက်စကလေးများနှင့် ကာလသားကြီးများသည် ရွာပြင်သို့ ပြေးထွက်သွားကြ၏။ သူတစ်ပါး လွှတ်လိုက်သော မီးပုံးပျံ အားကုန်၍ ကျသည်ကို မပျက်မစီး လိုက်လံကောက်ယူ၍ရလျှင် သူတို့က ထပ်မံလွှတ်ရန်ပင်ဖြစ်သည်။ သို့ရာတွင် ဆင်ဖြူရုပ်ကြီးကား မကျရုံသာမက ရမ်းဘိုကုန်းရွာပေါ်သို့ အရောက်တွင် အပေါ်သို့ ထိုးတက်သွားလေ၏။

ကလေးများ၏ တစ်ခဲနက်အော်သံက ကိုဆေးရိုး၏ နားထဲသို့ တိုးဝင်လာလေသည်။

ကိုဆေးရိုးသည် လက်စသတ်သွားပြီဖြစ်သော မီးအိမ်ကို အသာချထားလိုက်ပြီး တံစက်မြိတ်လွန်အောင် ထွက်၍ မော့ကြည့်သည်။ မျက်စိပြာသီပြီ ဖြစ်သည့်အပြင် မီးပုံးပျံကလည်း မြင့်တက်သွားပြီမို့ ကိုဆေးရိုးမှာ ပက်လက်လန်မတတ် မော့ကြည့်မှ မြင်ရသည်။ သို့စဉ်တွင် သူ့ခေါင်းတွင် ပတ်ထားသော ခေါင်းပေါင်းစောင်မှာ ဖုတ်ခနဲ ပြုတ်ကျသွားလေ၏။ ခေါင်းပေါင်းစောင် ပြုတ်ကျသွားသည်နှင့်တစ်ပြိုင်နက် ကိုဆေးရိုးမှာ ချာခနဲလှည့်၍ ကုန်းကောက်လိုက်သည်တွင် “တကတည်းတော် မကြီးမငယ်နဲ့” ဟူသော မကျီးဒန်၏ အသံသြကြီးကြောင့် ကိုဆေးရိုး၏ ခေါင်းပေါင်းစောင်နှင့် ထိလုလုလက်မှာ တွန့်ဆုတ်သွားလေ၏။ ခေါင်းပေါင်းစောင် အရိကလေးမှာ မကျီးဒန်၏ ရှေ့တည့်တည့်မှာ ကျမိလျက်သားဖြစ်နေသည်။ မကျီးဒန်က မန်ကျည်းပင်၏ အေးရိပ်ကိုခိုကာ ကျကျနန မုန့်ထုပ်နေခြင်းဖြစ်ပေသည်။

“မကြီးမငယ်နဲ့ ငါကဘာလုပ်လို့လဲဟ ဟေ” 

ကိုဆေးရိုးသည် မကျီးဒန်အား ပြန်မေးပြီးမှ ခေါင်းပေါင်းစောင်ကို ကောက်ယူသည်။ ဖုတ်ဖက်ခါ၍ ခေါင်းတွင် ပြန်ပတ်သည်။

“မီးပုံးပျံ ကြည့်တာက တော့်အလုပ်လားလို့။ မသကာ ဒီမှာ မုန့်ကူနှဲ (နယ်) လို့ လုပ်လို့ လုပ်ပါလား၊ အခုတော့ မကြီးမငယ်နဲ့”

“တယ်၊ မုန့်ကူပြီး ထုပ်စမ်းပါပြောလည်း ရိုးရိုးပဲ ပြောစမ်းပါ ကျီးဒန်ရာ”

ကိုဆေးရိုးက မကျီးဒန်နှင့် ဘေးတိုက် ဝင်ထိုင်လိုက်သည်။ မုန့်ထုပ်ရန် ဖက်ကို ကြည့်သောအခါ ဆုတ်ပြီးသား ဖက်မရှိပေ။ နံနက်က ခုတ်လာသော ငှက်ပျောရွက်များသာ အလက်လိုက်ရှိနေ၏။ 

“ညည်းဟာက ဘယ်မလဲ ထုပ်စရာ ဖက်” 

“မရှိလည်း ကိုယ့်ဘာသာကိုယ် ဆုတ်ပေါ့တော်။ တော့်ကို ဆုတ်ပေးနေရဦးမှာလား”

မကျီးဒန်ကတော့ စ၍ မျက်နှာချင်းဆိုင်မိသည် မှစ၍ အငေါ်တူးနေ၏။ ကိုဆေးရိုးမှာ ဘာမျှပြန်မပြောဘဲ ငှက်ပျောလက်များကို ထဆွဲပြီး အရွက်များကို အတန်းလိုက်ရအောင် ဆွဲခွာနေ၏။ မုန့်ထုပ်မည့် ငှက်ပျောရွက်ကို သည်လိုပဲ ခွာရသည်။ အလက် အကြော ပါပါအောင် ဆွဲခွာပြီးမှ မစုတ်မကွဲသော ဖက်များကို တစ်ထုပ်စာစီ ဖဲ့ယူရသည်။ အလက်တွင် ကပ်လျက် သေးသေးငယ်ငယ်ကလေးတွေ ဖဲ့ယူပါက အရင်းဖွာပြီး ပဲ့ကုန်တတ်ပေ၏။ ငှက်ပျောလက် ဆယ်လက်ခန့်ကို ခွာပြီးသည့်နောက်၌ ကိုဆေးရိုးက အကြောများကို ဖဲ့ပစ်သည်။ ဖက်ရွက်များကို မဖြဲမဆုတ်သေးဘဲ ထပ်ထားကာ အားလုံးကို အကြော သင်ပြီးမှ ပုဆိုးစုတ်တစ်ထည်ဖြင့် နှစ်ဖက်ညှပ် ပွတ်ဆွဲ၍ သုတ်သင်ပြန်ပေသည်။

ရွာလယ်လမ်း၌ကား မီးပုံးပျံထွက်ကြည့်သော ကလေးများသည် မီပုံးပျံ ပျောက်ကွယ်သွားသည့်တိုင်အောင် လူစုမကွဲကြသေးပေ။ ဆူညံစွာ ဆော့ကစားနေကြ၏။ ကိုဆေးရိုးတို့ အိမ်ဝိုင်းအတွင်းရှိ မန်ကျည်းပင်ရိပ်တွင်ကား လမ်းမနှင့် ခြားနားစွာ တိတ်ဆိတ်နေ၏။ မကျီးဒန်က မုန့်ကို မဲ၍ ထုပ်နေသလို ကိုဆေးရိုးက လည်း ဖက်ကို အလျင်အမြန် သုတ်၍ ပြီးစီးနိုင်ရန် ကြိုးစားနေ၏။

မကျီးဒန်သည် မုန့်အဖြူသား၏ အခွက်ထဲသို့ ကုလားပဲနှင့် ထန်းလျက်ရောသည့်အစာ (ဌာပနာ) ကို ထည့်မြှုပ်ပြီးလျှင် ဖက်ဖြင့် မထုပ်ပေ။ လက်ဖြင့် ကိုင်မြဲ ကိုင်ကာ ငြိမ်သက်နေ၏။ အမှန်မှာ အလုပ်လုပ်ရင်း တန်းလန်းက မကျီးဒန် တစ်ယောက်မှာ ငေးမောနေမိခြင်း ဖြစ်ပေသည်။ သူသည် နွားတင်းကုပ်ဘက်သို့ အမှတ်မဲ့ ငေးကြည့်နေ၏။ နွားတင်းကုပ်တွင်းရှိ အဆင့် ( ကျပ်ခိုးစင် ) ပေါ်တွင် ရေနံအပြောင်သားဖြင့် ထွန်ထုံး၊ ထယ်တုံးနှင့် ထမ်းပိုးတုံးများကို မြင်ရ၏။ လယ်လုပ်ကိရိယာများကား အငြိမ်းစားသွားကြလေပြီ။

နွားတင်းကုပ်ထဲတွင်မူ နွားနီကြီးသည် နွားစာခေါင်း အရှည်ကြီးထဲရှိ နွားစာများကို ဟိုထိုးသည်မွှေ လုပ်နေ၏။ စာဥကြီးမှာမူ တင်းကုပ်၏ အပြင်ဘက်သို့ ကြိုးတစ်ဆုံးထွက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေပေသည်။

မကြာပါချေ။ နွားနီကြီးသည် နွားစာခေါင်းကို ဖင်ပေး၍ တင်းကုပ်အပြင်သို့ ထွက်လာသည်။ ကြိုးတစ်ဆုံး ရောက်သည်နှင့်တစ်ပြိုင်နက် မြေကြီးကို တရှူးရှူး ကုန်းနမ်း၍ တဗုန်းဗုန်းမြည်လာအောင် မြေပြင်ကို ရှေ့ခြေဖြင့် ယက်၍ ရင်ဘတ်အောက်သို့ ပက်သွင်းနေလေ၏။

သည်အခါကျမှ မကျီးဒန်မှာ သတိပြန်ဝင်လာကာ မထုပ်ရသေးသော မုန့်ကိုဖက်ဖြင့် ပတ်သည်။ ထုပ်ပြီးသား မုန့်ထုပ်များ စီထည့်ထားရာ ဆန်ကောထဲသို့ အသာချလိုက်၏။

“အင်း နင်တို့မှာတော့ ငြိမ်းလို့ အေးလို့ပါကလား ဖိုးနီရဲ့”

မကျီးဒန်က နွားနီကြီးကို လှမ်း၍ ပြောရာက

“တို့များဖြင့် လယ်မပိတ်သေးတော့ မပိတ်သေးလို့၊ လယ်ပိတ်ပြန်တော့လည်း လယ်ပိတ်သွားလို့ အလုပ်နဲ့ လက်နဲ့ကို မပြတ်ပါလားဟဲ့။ နင်တို့မတော့ ဟင်း”

“တော်စမ်းပါဟာ”

ကိုဆေးရိုးက ညည်းညူသံဖြင့် မာန်လေသည်။

“ဟိုကနွား၊ ဒီကလူ၊ တူသလား”

ကိုဆေးရိုးက သုတ်ပြီးသား ဖက်တစ်ထပ်ကို မကျီးဒန်ဘေးသို့ ချပေးရင်း မာန်နေပြန်လေသည်။ တစ်ဖန် ဆက်၍

“ညည်းဟာက တို့ကျောင်းသားတုန်းက ချစ်ပန်းနဲ့ တူနေပြီ။ ချစ်ပန်းက ဆွမ်းခံလည်း မလိုက်ချင်၊ ဆွမ်းချက်လည်း မထချင်၊ စာလည်း မအန်ချင်ပေမဲ့ ဘုန်းကြီးရဲ့ကြိမ်လုံး ကြောက်လို့ လုပ်ရတာကိုး”

ငယ်ဖြစ်ကို ပြန်လှန်ဆွေးနွေးရသဖြင့် ကိုဆေးရိုး၏မျက်နှာမှာ လန်းနေပုံရ၏။

“တစ်နေ့ကျတော့ ဘသားချောက အုတ်လှေကားရင်းမှာ အိပ်နေတဲ့ ခွေးကြီးရှေ့မှာ သေသေချာချာ သွားထိုင်ပြီး၊ ကျားဘိုရယ် နင့်မှာတော့ ငါ့လို စာလည်း မအံရဘူး၊ ဆွမ်းလည်း မခံရဘူး၊ ဘုန်းကြီးလည်း နှိပ်မပေးရဘူး၊ စားလိုက် အိပ်လိုက်နဲ့ သိပ်ပြီး ဟန်ကျပါလားလို့ သွား ညည်းသတဲ့။ ကတည်း အဲဒါ ကို ဘုန်းကြီး ကြားလည်းကြားရော ဟိုက အဟိတ် တိရစ္ဆာန်ခွေး၊ နင်က လူ၊ တူသလားဟဲ့ဆိုပြီး ကျောင်းပေါ်ခေါ် ဆော်လဘန်တေတော့တာပဲဟေ့ ဟားဟား”

ကျိုးကုန်ပြီဖြစ်သော သွားကြွင်းသွားကျန်တွေ ပေါ်အောင် ကိုဆေးရိုးက အားရပါးရ ရယ်ချလေ၏။ မကျီးဒန်မှာ မသိမသာ ပြုံးနေရသည်။

“အေး၊ အခုလည်း ညည်းက လူ၊ ဟိုက နွား၊ တူမလား ကျီးဒန်ရဲ့။ ညည်းမှာက ကုသိုလ်မှန်း အကုသိုလ်မှန်း ခွဲသိတယ်၊ နွားက သိသလား”

“ဒါတော့တော် ပင်ပန်းလွန်းတော့လည်း ညည်းမိတာပေါ့။ တစ်ခါတလေတော့လည်း ခွေးနွားတိရစ္ဆာန်ကမှ မပူမပင်နေရသေးတယ် ထင်မိပါရဲ့”

“ဖြစ်ရလေတယ် ကျီးဒန်ရယ်။ ကဲ ညည်း ကြည့်စမ်း၊ နွားတွေမှာ မြေကြီးပေါ်မှာ အိပ်ရတဲ့ဘဝက တက်သလား၊ တို့ဆိုရင် အရင်လို မြေကြီးပေါ်မှာ ကွပ်ပျစ်နဲ့ အိပ်ရတဲ့ဘဝကနေပြီး အခု အဆင့်ကလေးနဲ့ အိပ်နိုင်လာပြီ။ အရင်က အိမ်သာ မရှိဘူး။ ဟော အခု အိမ်သာနဲ့”

“ဒါကတော့ လူကိုးတော်ရဲ့၊ ဒါလောက်တော့ ပြောင်းလွဲရမှာပေါ့”

“အေးလေ၊ ဒါကြောင့် ညည်းဟာ လူပါလို့ ငါ ပြောနေတာပေါ့”

ကိုဆေးရိုးမှာ စိတ်ထဲက သိသော်လည်း မကျီးဒန် နားရှင်းအောင် ပါးစပ်မှ ရှင်းမပြတတ်သဖြင့် မချင့်မရဲနှင့် အဆုံးသတ်ကာ ထရပ်ရင်းပြော၏။

“ကဲ နေတောင် ဝင်နေပြီဟ၊ မုန့်အိုးတည်ဖို့ မီးမွှေးမှပဲဟေ့”

“ဟောတော်”

ကိုဆေးရိုး၏ အပြောနှင့် မရှေးမနှောင်းပင် မကျီးဒန်က မိမိ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ဖိလိုက်လေသည်။ သူ၏မျက်လုံးမှာ ပြူးနေ၏။

“ဟောတော် မုန့်သာ လုပ်တယ်၊ မုန့်ပေါင်းဖို့ ပေါင်းချောင်တောင် မရှိသေးပါကလား”

“အင်း ဟင်းဟင်း”

ကိုဆေးရိုးက မာန်သလို ထန်သလို လည်ချောင်း သံပေးလိုက်၏။

“ဟင်းဟင်း လုပ်မနေပါနဲ့၊ မေ့နေတာကိုး တော့်” 

မကျီးဒန်က ပြန်၍ ပက်လိုက်သော အခါတွင်မူ ကိုဆေးရိုးက လျှော့ပေးလိုက်၏။

“ဒါဖြင့် ဘာလုပ်မလဲ။ ဒီရွာထဲက ဒီ့ပြင်လူတွေ အားမှပဲ ယူပြီး ပေါင်းမလား၊ ဒါမှမဟုတ်ရင် ဘယ်သွားရမလဲပြော”

“သူများဟာကို စောင့်နေရင် သိပ်ပြီးညဉ့်နက်နေမှာပေါ့တော်ရဲ့။ ပြီးတော့ သူတို့မှာလည်း တခြားလူ စောင့်နေတာ ရှိချင်ရှိမှာပေါ့။ ပုရပိုက်တန်းသာ သွားလိုက်ပါတော်။ မိခွေးတို့ အိမ်မှာ ရှိပါတယ်”

“သေချာရဲ့လားအေရဲ့၊ ဒီ့ပြင်လူ ငှားသွားရင်” 

“မငှားပါဘူး၊ ကျုပ်သေသေချာချာ ပြောထားပြီးသားပါ။ အခုမှ မေ့နေလို့”

မကျီးဒန် စကားအဆုံးတွင် ကိုဆေးရိုးက လမ်းမဘက်သို့ ခပ်သွက်သွက် လှမ်းထွက်လာခဲ့လေ၏။

အမှောင်မဖုံးသေးပေမဲ့ ရွာထဲတွင် ဟိုတစ်စ သည်တစ်စနှင့် မီးထွန်းနေကြချေပြီ။ ဝါးလုံးကို မြေမှာစိုက်၍ ဝါးလုံးတွင် ခြေတံပါသော ကြာအုံရောင်စုံကလေးတွေကို အလှထွန်းနေကြပေပြီ။ ဝတ်ကျောင်း၌မူ ချိတ်ဆွဲရသော ဘီးလူးမမျက်ကွင်း၊ ဒူးရင်းသီးပုံစသော မီးပုံးများကို ထွန်းညှိထား၏။ ဝတ်ကျောင်းမှာ မနေ့ တစ်နေ့ကမှ အပြေးအလွှား ပြင်ဆင်ထားသဖြင့် သစ်လွင်နေပေသည်။ သစ်သော ဝတ်ကျောင်းဝယ် အမြိတ် တဖွားဖွားနှင့် ရောင်စုံမီးလုံးများ ထွန်းညှိထားသည်မှာ ကြည်နူးစရာ ကောင်းသလိုလို။

အရှေ့ဘက် သစ်ပင်များကြားမှလည်း လဝန်းကြီးသည် ဖြိုးဖြိုးအိအိ ထွက်ပေါ်နေပြန်သည်။ ဟိုအိမ် ကြည့်လည်း မီးရောင်စုံနှင့်၊ သည်အိမ် ကြည့်လည်း မီးရောင်စုံနှင့်။ မုန့်ပေါင်းကြ၊ မုန့်ကြော်ကြသော အနံ့ကလေးကလည်း တသင်းသင်း။ အိမ်တိုင်းလိုလို ထွန်းညှိထားသော မီးများကို လျှောက်ကြည့်ပြီး ပျော်မြူးနေသော ကလေးများမှာလည်း အုပ်လိုက်။ ကိုဆေးရိုး၏ ရင်ထဲဝယ် ကြည်နူးလာ၏။ စိတ်ထဲဝယ် ရွှင်လာ၏။ ခြေထောက်များသည်လည်း ပေါ့ပါးသွက်လက်လာလေသည်။

“ကိုဆေးရိုး၊ မုန့်မြည်းသွားပါဦးလား”

မမယ်မတို့ အိမ်က လှမ်းခေါ်၏။

“ညကျမှပဲ မြည်းမယ်ဟေ့”

ကိုဆေးရိုးက ပြန်ဖြေရင်း သွက်သွက်ကြီး လျှောက်လာခဲ့သည်။

“ဗျို ရီးလေး ဆေးရိုး၊ ဘယ်တုံးဗျ” 

လှအေးက လှမ်းမေးသည်။ 

“ဒီတင်ပါပဲကွာ” 

“ဘ၊ ဘ”

အရေးထဲတွင် ဘညိန်း၏ကလေးက လက်ကားယား ခြေကားယားဖြင့် လိုက်ချင်နေပြန်သဖြင့် ကိုဆေးရိုးမှာ “နောက်မှ လိုက်ပါ ကလေးရယ်၊ ဘ သွားစရာ ရှိသေးတယ်ကွ။ မိုးလည်းချုပ်နေပါပြီနော်” ဟု ကျေနပ်အောင်ပြောပြီးနောက် ခပ်သွက်သွက် လှမ်းလာခဲ့လေ၏။

ငွေလရောင်သည် လည်းကောင်း၊ အမှောင်သည် လည်းကောင်း ခုတင်ကြီးစု ရွာဟောင်း နေရာသို့ ပြိုင်တူ ကျရောက်နေပေပြီ။ ရွာဟောင်းသည် တိတ်ဆိတ်နေ၏။ ရင်ကွဲကောင်နှင့် ပုရစ်တို့၏ အော်သံကိုပင် မကြားရ။ ခုတင်ကြီးစု ရွာဟောင်းဘက်မှ နေ၍ ပုရပိုက်တန်းရွာဘက်သို့ မျှော်ကြည့်သော် ရွာငယ်သည် ငွေလရောင်အောက်၌ မှုန်ရီနေပေသည်။ လရောင်ဆမ်းထားသဖြင့် ဝါကျွတ်ပွဲကို ကြိုသော မီးရောင်များမှာ မလက်။ မှေးမှိန်နေပေ၏။

“မီးပုံပျံကြီးဟေ့၊ ဟောဟိုဘက်ကလည်း တစ်လုံးဟ” 

ရွာဘက်သို့ နီးလာလေလေ ရွာထဲမှ ကလေးသူငယ်နှင့် လူရွယ်တို့၏ အော်ဟစ်မြူးထူးသံကို ကျယ်လောင်စွာ ကြားရလေလေ။ မိခွေးတို့ အိမ်မှာ ရွာတံခါးဝနှင့် မလှမ်းမကမ်းတွင် ရှိပေသည်။

“ပေါ်မှ ပေါ်လာကြသေးသကိုး ရီးဆေးရိုးရဲ့၊ ကျုပ်ဖြင့် ပေါင်းချောင်ကြီး ဆေးကြောပြီး တစောင့်စောင့်နဲ့ စောင့်လိုက်ရတာ”

မိခွေးက ကိုဆေးရိုးအား အပြစ်တင်သံဖြင့် ဆီးကြိုပေသည်။ မိခွေးကို အိမ်ဝင်းဝအဝင်တွင် ကိုဆေးရိုးက တွေ့ရကာ မိခွေး၏ လက်ထဲ၌ မီးထွန်းထားသော ဆီမီးခွက်တစ်ခွက် ကိုင်ထား၏။

“အေးဟယ်၊ ကျီးဒန်ကလည်း မေ့နေလို့။ အခု မုန့်ပေါင်းခါနီးမှ ပေါင်းချောင် မယူရသေးတာသိလို့ ပြေးလာတာပဲ”

မိခွေးမှာ ဝင်းခြံတံခါးကို ဆီမီးပူဇော်လျက် ကျန်ရစ်ခဲ့၍ ကိုဆေးရိုးက တဲထဲသို့ ဝင်လာသည်။ မိခွေးတို့၏ တဲမှာ နွားတင်းကုပ်လို အဆောက်အအုံ ပုံစံမျိုး ဖြစ်သည်။ အုန်းလက် ချထားပြီး၊ တစ်ပိုင်းတွင် ဘာမျှ မခင်းဘဲ၊ တစ်ပိုင်းတွင်သာ ဝါးကြမ်းခင်းထားပေသည်။

“ဘယ်က လှည့်လာလဲ ဒကာကြီးရဲ့”

တဲထဲသို့ ဝင်မိလျှင် လေးထပ်ကျောင်းကိုယ်တော် ဦးကျောက်လုံးက ဆီးကြိုနှုတ်ဆက်သည်။

“တင်ပါဘုရား၊ ဒီတင်ပဲပေါင်းချောင် ငှားရအောင် လျှောက်လာတာပါဘုရား”

ကိုဆေးရိုးက မြေပြင်တွင် ဆောင့်ကြောင့် ထိုင်ကာ ဝတ်ဖြည့်ရင်း ဖြေ၏။

“ဪ ဟိုပေါင်းချောင်ထင်တယ် ကိုဆေးရိုးရေ့၊ မနက်ကတည်းက မိခွေး ရေမိုးဆေးပြီး ထောင်ထားတာ”

မိခွေး၏ ယောက်ျားက တဲအဝင်ဝသို့ လက်ညှိုးထိုးပြသဖြင့် ကိုဆေးရိုးက လှည့်ကြည့်သည်။ ပေါင်းချောင်သည် တဲအဝင်ဝ မြေပြင်၌ ထောင်နေ၏။ ပေါင်းချောင်၏ ဟိုဘက်ဘေးက ထောင့်တွင်ကား ဖျာကြမ်းများ အုပ်ထားသော အရာတစ်ခု။ ထိုအရာကား ပုရပိုက်တန်းရွာသားတို့ စုပြီးဝယ်ထားသော လက်တွန်း လက်ထွန်စက်ကလေးပင် ဖြစ်၏။ လယ်ပိတ်ပြီမို့ ရေမိုးချိုးပြီး နွေသီးအတွက် ထွန်ယက်ရန် ဖျာဆောင်းကာ စောင့်နေလေသည်။

“အေးလေ ရွှေငွေပစ္စည်း ရှိခြင်းဟာလည်း ဆင်းရဲခြင်း တစ်မျိုးပဲ။ မရှိခြင်းဟာတော့ ပြောစရာမလိုတဲ့ ဆင်းရဲခြင်းပဲ။ ဒါကြောင့် လူရယ်လို့ ဖြစ်လာရင် ဆင်းရဲချည်းပဲ”

ဆရာတော် ဦးကျောက်လုံးက ကိုဆေးရိုး မရောက် လာမီက ဆွေးနွေးဟန်တူသော တရားစကားကို ဆက်လက် မိန့်ကြားလိုက်စဉ် မိခွေးက ဆီမီးခွက်တစ်ခွက် ကိုင်၍ တဲထဲသို့ ဝင်လာကာ လယ်ထွန်စက်ပေါ်သို့ ဆီမီးခွက်ကို တင်သည်။ ကျုံ့ကျုံ့ထိုင်၍ လယ်ထွန်စက်ကို ရှိခိုးသည်။

“ဟဲ့မိခွေးရဲ့ နင်တို့ဟာက ကျွဲနွားနဲ့ ထွန်တုန်း ယက်တုန်းကလည်း နွားတင်းကုပ်တို့၊ ထွန်တုံး ထယ်ပေါင်တို့ကို ရှိခိုးရ၊ မီးပူဇော်ရနဲ့။ အခု စက်နဲ့ ထွန်ပြန်တော့လည်း စက်ကို မီးပူဇော်ရနဲ့၊ မဟုတ်သေးပါဘူးဟယ်”

ဆရာတော် ဦးကျောက်လုံးက ညည်းညည်းညူညူ မိန့်တော်မူသည်။ မိခွေးက ပခုံးတင်တဘက်ကို လည်ပင်းတွင်ပတ်ရင်း ဆင်ခြေပေး၏။

“စက်တော့ကော လယ်ထွန်စက်စောင့်တဲ့နတ် မရှိတော့ဘူးလား ဘုရာ့”

“နတ်ရှိတယ်ပဲထားပါ မိခွေး။ အဲဒီနတ်က ဆီမထည့်ဘဲနဲ့ စက်သွားအောင် လုပ်မပေးပါဘူးဟ။ အသွား မတပ်ဘဲနဲ့ ထွန်ရေးရအောင်လည်း မ မစနိုင်ပါဘူး”

ကိုဆေးရိုးမှာ ကျေနပ်လှစွာဖြင့် ပြုံးနေမိလေ၏။ 

“နင်တို့ လယ်သမားတေရဲ့ဘဝကို နင်တို့ ပြန်ပြီး ကြည့်စမ်း။ နွားနဲ့ တဟဲ့ဟဲ့ ထွန်ယက်ရာက စက်နဲ့ ထွန်လာကြပြီ။ နွားချေးမြေဆွေးသာ ချရမှန်းသိတဲ့ ဘဝကနေပြီး ဓာတ်ဆားတို့၊ သာကူစေ့တို့ သုံးရမှန်းသိလာပြီ”

ဆရာတော်သည် မည်သူမျှ ကြားမဝင်နိုင်အောင် ဆက်လက် မိန့်ကြား၏။

“တစ်ခါ ဖိုခုံလောက်ဆိုင် စိုက်ရာက အတန်းလိုက် စိုက်သည် အထိ တိုးတက်လာပြီ။ ရှေ့နှစ်ဆိုရင် စက်နဲ့ ရိတ်၊ စက်နဲ့ နယ်၊ စက်နဲ့ စိုက်ကြဦးမယ်။ အေး၊ သို့သော်လည်း နင်တို့ဟာက ရုပ်ဝတ္ထုသာလျှင် တိုးတက်တာပါကလား မိခွေးရဲ့။ နင်တို့ရဲ့ အသိဉာဏ်နဲ့ ပတ်သက်တဲ့ဟာကတော့ ထွန်တုံးကို မီးပူဇော်ရာက လယ်ထွန်စက်ကို မီးပူဇော်တာပဲ ပြောင်းလွဲပါကလား၊ အင်း”

ဆရာတော်က အင်းရှည်ကြီး ချလိုက်စဉ် ကိုဆေးရိုးသည် ထပ်၍ ဝတ်ဖြည့်ရင်း ကုန်းထလေသည်။ 

“ပြန်တော့မလား ဒကာကြီး”

“တင်ပါ့ဘုရား”

“အဲလေ၊ ကျုပ် ပြောတာကို ဒကာကြီးလည်း စဉ်းစားကြည့်စေချင်တယ်လေ”

“စဉ်းစားဖို့ မလိုပါဘူး ဘုရား။ အင်မတန် သင့်လျော်ပြီး အင်မတန် မှန်ကန်တဲ့ စကားပါဘုရား”

ကိုဆေးရိုးက အခွင့်ရသည်မို့ မြိန်ရေရှက်ရေကြီး ထောက်ခံလျှောက်ထားပြီးနောက် ပေါင်းချောင်ဆွဲ၍ ထွက်လာခဲ့၏။ ရွာပြင်သို့ ရောက်လာသောအခါ စောစောကလို လင်းမနေပေ။ ကိုဆေးရိုးက လဝန်းရှိမည် ထင်သောနေရာသို့ မော့ကြည့်၏။ ဘာမျှ မမြင်ရပေ။ ကောင်းကင်သည် မည်းနေသည်။ မှောင်နေသည်။

မှောင်ပင် မှောင်သော်လည်း သွားနေကျလမ်းမို့ ကိုဆေးရိုးက သွက်လက်စွာ ပြန်လာနိုင်ပေ၏။ ရမ်းဘိုကုန်းရွာသည် ကိုဆေးရိုးအား လှပသော မီးရောင်စုံဖြင့် ဆီးကြိုနေပေ၏။ ကလေးတို့၏ မြူးထူးသံ၊ ကာလသားတို့၏ ပလွေသံ၊ သီချင်းသံများသည် အမှောင်အောက်က လှပသော ရွာငယ်ကို တိုး၍တိုး၍ တင့်တယ်အောင် ဖန်ခြယ်နေပေ၏။

“မီး၊ မီး၊ မီး”

ကိုဆေးရိုးမှာ နှင်တံ၏ သံချွန်ဖြင့် အထိုးအဆွ ခံရသလို ရမ်းပြီး ပြေးလာမိလေ၏။ ပြေးသာ ပြေးလာရသည်။ မီးဘယ်မှာ လောင်မှန်းမသိ။ ရွာခေါင်း၏ မောင်းသံသည်လည်း ဆူညံသွားလေ၏။

“မီးဟ၊ မီးဟ၊ ထွန်းဟန်တို့ အိမ်ကဟေ့၊ ကိုထွန်းဟန်တို့ အိမ်ကဟ”

မီးမှာ တံစက်မြိတ်တွင် ချိတ်ဆွဲထားသော မီးပုံးကို လောင်ရာက တံစက်မြိတ်မှတစ်ဆင့် အိမ်သို့ ကူးခြင်းဖြစ်သည်။ တစ်ရွာလုံး အော်ဟစ်သံများဖြင့် ညံနေ၏။

ကိုဆေးရိုးသည် နီးရာ နွားစားခွက်ထဲမှရေဖြင့် ခပ်ပက်သည်။ အချို့က ထရံကို ဆွဲဖျက်သည်။ သက်ကယ်ကို ဖျက်ချသည်။ ရေအိုးဖြင့် ပေါက်၏။ မီးကပ်ဖြင့် ဖိ၍ ဂုန်အိတ်စုတ်ဖြင့် အုပ်သည်။

မီးကို လူက နိုင်သွား၏။ သည်အခါကျမှ ကိုဆေးရိုးသည် မိမိကိုယ်ကို ပြန်၍ သတိထားမိသည်။ မိမိ၏ အဖြစ်ကို မည်သူ သိသလဲဟု လှမ်းကြည့်၏။ မည်သူမျှ သိဟန် မတူ။

ထို့ကြောင့် အားရပါးရ ကုန်း၍ အော်ဟစ်ရယ်မောလိုက်မိလေ၏။

“ဟား၊ ဟား၊ ဟား။ ဟား၊ ဟား၊ ဟား”

ကိုဆေးရိုး အခြောက်တိုက် ဟားတိုက် ရယ်မောရခြင်း အကြောင်းမှာကား သူသည် “မီး၊ မီး” ဆိုသောကြောင့် နွားစာခေါင်းထဲမှ ရေကို အပြေးအလွား ခပ်၍ ပက်၏။ သို့ရာတွင် ပက်သောပစ္စည်းမှာ ဖင်တွင် အပေါက်များဖြင့် ပြည့်နေသော ပေါင်းချောင်ဖြစ်နေ၏။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment