Sunday, October 25, 2026

ပညာမျိုးဆက်


❝ ပညာမျိုးဆက် ❞

မန္တလေး နန်းတော်ရှေ့က ဖောင်တော်ဦးစာသင်တိုက်ဟာ ပညာရေးနဲ့ ပတ်သက်ရင် ထင်ရှားတယ်။ ဦးစီးတဲ့ ဆရာတော်တွေက အမြော်အမြင်ကြီးတယ်။

ဖောင်တော်ဦးမှာ ပရိယတ္တိဘာသာရေး ပညာသင်ပေးတာ ရှိသလို ဘုန်းတော်ကြီးသင် ပညာရေး အထက်တန်းကျောင်းလည်း ရှိတယ်။

ဖောင်တော်ဦးကျောင်းတိုက်က ဓမ္မာရုံထဲမှာ ဦးပဉ္စင်းလေးတစ်ပါးနဲ့ ကျွန်တော် စကားထိုင်ပြောနေပါတယ်။ ဦးပဉ္စင်း ဦးဥတ္တမသာရက သီရိလင်္ကာမှာ ပညာသင်ယူ နေသူပါ။ မဟာဝိဇ္ဇာဘွဲ့ ရပြီးပြီ။ ပါရဂူဘွဲ့ ရဖို့ ဆက်လုပ်နေတာ။ မြန်မာနိုင်ငံကို ခဏ ပြန်လာတာ။ ခဏ ပြန်လာခိုက် သူ့ မိဘနှစ်ပါးကလည်း လာတွေ့ တယ်။

သူ့ မိဘရဲ့ ဝတ်စားဆင်ယင်ပုံက တော်တော်ရိုးတယ်။ (စကားပြောရင်းမှ သိလာရတာက ကျောင်းဆရာလင်မယားတဲ့) ကျွန်တော်က သူ လက်ရှိ လုပ်နေတာကို လျှောက်တယ်။ မေး

“ယခု လက်ရှိကတော့ သီရိလင်္ကာရဲ့ ဒုတိယမြို့တော် ကန္နီနားလေးက Peradeniya University မှာ M.Phil လုပ်နေတာပေါ့”

ဦးပဉ္စင်းလေးရဲ့ အသွင်က သက်တော် ငယ်ရွယ်နုပျိုပုံပေါက်နေတယ်။ သူ မြန်မာနိုင်ငံမှာ နေစဉ်က ပညာအခြေခံ ဘယ်လောက်သင်ယူပြီး နိုင်ငံရပ်ခြားကို ထွက်သွားတာလဲ မေးတယ်။

“ဒီမှာတုန်းက လောကီစာက B.A (English) ကို အဝေးသင်နဲ့ ရတနာပုံ တက္ကသိုလ်ကနေ ဘွဲ့ ရတယ်။ လောကုတ္တရာပိုင်းက အကြီးတန်း ပြီးတယ်။ ၁ဝတန်းကိုတော့ ဒီဖောင်တော်ဦးကျောင်းက သိပ္ပံတွဲနဲ့ အောင်တာ”

ဖောင်တော်ဦးကျောင်းက ဆင်းရဲနွမ်းပါးသူတွေရဲ့ မှီခိုအားထားရာလည်း ဖြစ်တယ်။

ဦးပဉ္စင်းလေးကကော ဘယ်လိုလဲ သိချင်လို့ သူ ဘယ်မှာ မွေးသလဲလို့ မေးခွန်း ထုတ်တယ်။

“မွေးတာက ပြောရခက်တယ်။ တကယ် မွေးတာက မန္တလေးမှာ၊ ဇာတိရပ်ရွာ ကတော့ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာ။ မိဘတွေနေတာက ရွာမှာ၊ မွေးတာ မန္တလေး လာမွေးတာ”

“မိဘတွေက ဘာလုပ်ငန်း လုပ်တာလဲ”

“အမေရော၊ အဖေရောက ကျောင်းဆရာတွေ။ ငယ်ငယ်ကတော့ အမေအလုပ် လုပ်တဲ့ ဝဲကြီးကျောင်းမှာ လေးတန်းအထိ နေတယ်။ ငါးတန်းကစပြီး အဖေအလုပ် လုပ်တဲ့ ညောင်လှကျောင်းကို ပြောင်းနေတာ။ ခြောက်တန်းအောင်တော့ မန္တလေးက ပုလဲမြင့် ပရဟိတကျောင်းကို ပြောင်းတယ်”

“ရဟန်းဘောင်ကို ဘယ်လို ဝင်ဖြစ်တာလဲ”

“၁၉၉၇ ခုနှစ်မှာ မိဘတွေက ရှင်ပြု အလှူလှူတော့ မန္တလေး မဟာဝိဇိတာရုံမှာ ကိုရင်ဝတ်တယ်။ ကိုရင်ဝတ်မိတော့ ဒီဘဝမှာ ပျော်သွားတာနဲ့ လူမထွက်တော့ဘူး။ ဒကာကြီး၊ ဒကာမကြီးတွေက ဆယ်တန်းတော့ အောင်အောင်လုပ်ပါ၊ ဆယ်တန်း အောင်ပြီးမှ လောကီစာ မလိုက်ချင် နေပါလို့ ပြောတယ်။ သင်္ကန်းဝတ်က မချွတ်ချင်တာနဲ့ ဘကကျောင်း ရှာတာ၊ ပုလဲမြင့်ကို သွားတွေ့တာ”

“ပုလဲမြင့်က ကျောင်းအိပ်ကျောင်းစား သီတင်းသုံးလို့ ရတယ်လား”

“သီတင်းသုံးလို့ရတယ်။ ခုနစ်တန်း၊ ရှစ်တန်းကို ပုလဲမြင့်မှာ တက်တယ်။ ပုလဲမြင့်က ဖောင်တော်ဦး ဘကကျောင်းရဲ့ တွဲဖက်ဆိုတော့ စာမေးပွဲဖြေရင် ဖောင်တော်ဦး လာဖြေရတာ။ ကိုးတန်းရောက်တော့ ဖောင်တော်ဦး ပြောင်းနေလိုက်တာ”

“ပညာသင်ရတာ အဆင်ပြေသလား ဘုရား”

“ပြေပါတယ်၊ ဒါပေမဲ့ ဦးပဉ္စင်းကိုယ်တိုင်က ပညာအခြေခံ ညံ့ခဲ့တော့ စာလိုက် ရတာ အခက်အခဲ ဖြစ်တယ်။ အဲဒီအချိန်က ဦးပဉ္စင်းက အင်္ဂလိပ်စာကို တော်တော် အထင်ကြီးတာ။ ဖောင်တော်ဦးကျောင်းကို နိုင်ငံခြားသားတွေလည်း လာလေ့ရှိတော့ သူတို့နဲ့ စကားပြောရတာကို သဘောကျတယ်။ ကိုးတန်းမှာ ဆရာက ရှေ့မှာ စာသင် နေတဲ့အချိန် ကိုယ်က အင်္ဂလိပ်စာအုပ် ကြည့်ချင် ကြည့်နေတာ၊ ကိုးတန်းမှာ အခြေခံ ညံ့တော့ ဆယ်တန်းမှာ ပင်ပင်ပန်းပန်း လုပ်ရတယ်”

“ဆယ်တန်း ဘယ်အချိန်အောင်သလဲ”

“၂ဝဝ၂ ခုနှစ်မှာ ဖောင်တော်ဦး ဘကကျောင်းကပဲ ဆယ်တန်းအောင်တယ်။ ဆယ်တန်းအောင်တော့ အင်္ဂလိပ်စာ အဓိကနဲ့ အဝေးသင် တက်တယ်”

“လောကုတ္တရာစာကို ဘယ်အချိန်မှာ ပြန်လုပ်သလဲ ဘုရား”

“ဆယ်တန်းအောင်တော့ တက္ကသိုလ်လည်း တက်ရင်း နန်းတော်ရှေ့မှာရှိတဲ့ မတ္တရာတိုက်မှာ စာလိုက်တယ်၊ နှစ်ခု တစ်ပြိုင်တည်း လုပ်တာပေါ့”

“သီရိလင်္ကာသွားဖို့ ဘယ်လို ဖြစ်လာတာလဲ”

“ဖောင်တော်ဦး ဆရာတော်ကတော့ ဦးပဉ္စင်း တတိယနှစ်ကတည်းက ဘွဲ့ရပြီးရင် နိုင်ငံခြား လွှတ်မယ်၊ ကြိုတင်ပြင်ဆင်ထားလို့ ပြောတယ်”

“သီရိလင်္ကာကို ကြွရတာ တစ်ပါးတည်းလား၊ အဖော်ပါသေးလား”

“အဖော်ပါတယ်၊ ဦးတေဇနိယတဲ့။ ခရီးစဉ်က ရန်ကုန်-ကိုလံဘိုက တိုက်ရိုက် လေကြောင်းလိုင်း မရှိဘူး။ ဘန်ကောက်မှာ လေယာဉ်ပြောင်းစီးရတယ်။ သွားတုန်းက ငွေက လုံလုံလောက်လောက် ပါသွားတာ မဟုတ်ဘူး။ ကိုလံဘိုရောက်တော့ လက်ထဲမှာ ငွေက ဒေါ်လာ ၁ဝဝ လောက်ပဲ ကျန်တော့တယ်”

“အခက်အခဲ ရှိမှာပေါ့ ဘုရား”

“မရှိပါဘူး၊ ဖောင်တော်ဦးဆရာတော်က အင်္ဂလိပ်လူမျိုး ဒကာတစ်ယောက်နဲ့ တစ်ခါတည်း ချိတ်ပေးလိုက်တယ်။ သူက စာဆက်သင်မယ့်သူတွေကို ထောက်ပံ့ လှူဒါန်းတယ်”

“သီတင်းသုံးတော့”

“လေဆိပ်ကို ဦးသုဇယဉာဏက လာကြိုတယ်။ ကိုလံဘိုက မကုဋရာမ မြန်မာကျောင်းကို ပို့ပေးတယ်။ မကုဋရာမကျောင်းက သီရိလင်္ကာကို အသစ်ကြွလာတဲ့ ကိုယ်တော်တိုင်း သီတင်းသုံးဖို့ လက်ခံပေးတယ်။ တစ်ပတ်လောက်ပဲ သီတင်းသုံး ပြီးတော့ နေရမယ့် နာလန္ဒာကျောင်းကို ပြောင်းတယ်”

“ဘယ်လောက်ကြာကြာ သီတင်းသုံးတာလဲ”

“နှစ်နှစ်ကြာတယ်၊ နာလန္ဒာမှာ သီတင်းသုံးပြီး University of Kelaniya မှာ ဒီပလိုမာရယ်၊ အမ်အေဘွဲ့ ရယ် တက်တယ်”

“သီရိလင်္ကာမှာ အစားအသောက်တွေ၊ ဓလေ့စရိုက်တွေက မြန်မာနဲ့ ခြားနားပါတယ်။ အခက်အခဲကြုံရပါသလား”

“ဒေသခံ ဆီဟာလ (Sinhala) တွေက ဆွမ်းကပ်တယ်။ သူတို့ဆီမှာ ဒေသခံ ရဟန်းက နည်းတယ်။ တစ်ကျောင်းမှာ နှစ်ပါးလောက်ပဲ ရှိတယ်။ ဆွမ်းဒကာက တစ်ခါပင့်ရင် ငါးပါး၊ ဆယ်ပါးပင့်တာ။ ဒီတော့ မြန်မာရဟန်းတွေပါ ဒေသခံကျောင်းတွေက ထည့်ပင့်ရတယ်။ မြန်မာကျောင်းတွေကတော့ ပညာသင်ရဟန်းတွေ အများကြီး။ သူတို့ဆွမ်းက သက်သတ်လွတ် များတယ်။ အလွန်ဆုံးပါရင် ငါးပဲ။ သားကြီး ငါးကြီး၊ ဝက်သား၊ အမဲသား လုံးဝမပါဘူး။ သူဌေးကပ်ကပ် ဆင်းရဲသားကပ်ကပ် ဟင်းငါးမျိုးပဲ”

“ဘာဟင်းတွေလဲ”

“မြင်းခွာရွက်ကို အုန်းသီးနဲ့ သုပ်တာ၊ အာလူးကို အုန်းနို့နဲ့ ချက်တာ၊ ပဲဟင်း၊ ဆလတ်ရွက်တို့၊ ဟင်းရွက်တို့ မုန်လာဥတို့ လှီးပြီး ဆားနဲ့ နယ်ထားတာ။ ပြီးတော့ ခရမ်းသီးခြောက်ကို ကြော်ထားတာ၊ ဘယ်ဟင်းမှ ဆီမပါဘူး”

ကျွန်တော့်စိတ်ထဲမှာ စားချင်စိတ် မဖြစ်မိတာ အမှန်ပါ။

“ဆွမ်းကကော”

ဦးပဉ္စင်းက မပြောခင် အရင်ပြုံးတယ်။

“ဦးပဉ္စင်းတို့က ဝက်ချေးဆန်လို့ ခေါ်တဲ့ ဆန်ရယ်၊ အနံ့နံလို့၊ ဆန်နီကြမ်းရယ်၊ တကယ်တော့ ကျန်းမာရေးနဲ့ ညီတယ်။ ဘယ်သူကပ်ကပ် ဒါမျိုးပဲ၊ တစ်ခါတလေပဲ ဒါထက်ပိုတယ်။ ထူးခြားတာကတော့ ဆွမ်းမစားခင် တစ်ခါ၊ ဆွမ်းစားပြီး တစ်ခါ၊ နှစ်ခါ ဟောရတယ်”

“ဘာ ဘာသာစကားနဲ့ ဟောရတာလဲ”

“ဆီဟာလ၊ သီရိလင်္ကာဘာသာစကားနဲ့ ဟောတာ။ ဒေသခံ ကိုယ်တော်တွေ ကပဲ ဟောတယ်။ ဦးပဉ္စင်းတို့ကတော့ ပရိတ်ရွတ်တယ်။ ပရိတ်တော်ကတော့ တူတယ်။ ပင့်ပြီးရင် သူတို့က ဝတ္ထုငွေ မလှူဘူး။ အသုံးအဆောင်ပစ္စည်းပဲ လှူတယ်၊ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ”

“စာလိုက်ရတာ ဘာသာစကား အခက်အခဲ ဖြစ်သလား ဘုရား”

“အင်္ဂလိပ်လို သင်တာ၊ သိပ်မခက်ပါဘူး။ ဒီမှာ အီးမေဂျာနဲ့ ပြီးသွားတာကိုး။ နာလန္ဒာမှာ အမ်အေပြီးတော့ မကုဋရာမ မြန်မာကျောင်းကို ပြောင်းခဲ့တယ်။ Peradeniya University မှာ M.Phil တက်တာက ကျောင်းတက်စရာမလိုဘဲ ကျမ်းပြုရတာ။ ကိုလံဘိုနဲ့ ကန္နီက ကီလိုမီတာ ၁၀၀ လောက်ပဲ ဝေးတော့ လိုအပ်တဲ့အခါ လိုင်းကားတို့၊ ရထားတို့နဲ့ သွားတယ်”

“အရှင်ဘုရားက အမ်အေ တန်းမတက်ဘဲ ဘာကြောင့် ဒီပလိုမာ အရင်တက်တာလဲ”

“နိုင်ငံခြားလည်း ရောက်စ၊ တက္ကသိုလ်လည်း တက်ခါစ၊ မြန်မာပြည်မှာ ကိုယ် တက်ခဲ့တာက B.A (English) ၊ သူများတက်သလို အမ်အေတန်းတက်ချင်တာ။ သူတို့ပြောတာ နားမလည်မှာလည်း ကြောက်တယ်။ ကိုယ့်အတွက် အဆင်သင့်ဖြစ်တယ် မထင်လို့ ဒီပလိုမာ အရင်တက်တာ။ ၂၀၀၈ မှာ အမ်အေတက်တယ်”

“အင်္ဂလိပ်စာကကော အခက်အခဲ ဖြစ်သလား”

“ဦးပဉ္စင်းက အင်္ဂလိပ်စာ အဓိကနဲ့ ကျောင်းပြီးတာမို့ တော်သေးတယ်။ အချို့ ဦးပဉ္စင်းတွေက ဓမ္မာစရိယ အောင်ပြီး ထွက်လာတာ။ ဒီမှာ အင်္ဂလိပ်လို သင်တော့ အခက်အခဲ ရှိတယ်။ သီရိလင်္ကာမှာ အမေရိကန် လင်မယားနှစ်ယောက် ရှိတယ်။ သူတို့က မြန်မာတွေကို တော်တော်ခင်တယ်၊ အင်္ဂလိပ်စာ သင်ပေးတယ်၊ ဆွမ်းလည်း ကပ်တယ်။ တော်တော်ကို စေတနာကောင်းတယ်”

“တက္ကသိုလ်တက်ဖက်က ဘယ်နိုင်ငံသားတွေလဲ”

“မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကိုရီးယား၊ တရုတ်၊ နိုင်ငံတော်တော်စုံပါတယ်။ သီလရှင်တွေ၊ လူပုဂ္ဂိုလ်တွေ ပါတယ်၊ အမျိုးသမီးတွေလည်း ပါတယ်”

“တပည့်တော် သီရိလင်္ကာရောက်တော့ သတိထားခဲ့မိတာက သူတို့က အရာရာမှာ နည်းနည်းပြင်းထန်သလားလို့ပါ။ ဘုရားကျောင်းကန်ကို သွားရင် လူတွေကို အသိအမြင် ပေးရာမှာ ငရဲခန်းဆိုရင် သိပ်ရက်စက်တဲ့ ပြကွက်မျိုးတွေ ပြထားတာ တွေ့ ရတယ်။ ဘာသာရေးပွဲလှည့်ရာမှာ ကိုယ်ခန္ဓာကို ငါးမျှားချိတ်လို ချိတ်ကြီးတွေနဲ့ အရေပြားကို ဖောက်၊ လူကို ကြိုးတွေ တန်းလန်းနဲ့ ဆွဲမြှောက်ထားတာမျိုးတွေ သီရိ လင်္ကာမှာ တပည့်တော် တွေ့ ခဲ့ရတယ်”

ဦးပဉ္စင်းက ပြုံးပါတယ်။

“ဦးပဉ္စင်းတို့ ဟိုမှာ စာချိုး ချိုးတာ ရှိတယ်။ မြန်မာတွေက ဒေါသကြီးတယ်၊ ဆီဟာလတွေက လောဘကြီးတယ်၊ သီရိလင်္ကာဆီဟာလတွေက ပိုက်ဆံ သိပ်မသုံးဘူး။ ငွေသုံးခဲတယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တာ ရှားတယ်၊ ရိုးရာ ထိန်းတယ်”

“သူတို့ ဓလေ့မှာ ထူးခြားတာတွေကကော ဘုရား”

“ဆင်းတုတော်ကို ကျောပေးထိုင်တာ မကြိုက်ဘူး။ ဦးပဉ္စင်းတို့က ဘုရားရှေ့မှာ ဒူးတုပ်ထိုင်ပေမဲ့ သူတို့ဓလေ့က ဘုရားဘက် ခြေဆင်းထိုင်တယ်၊ အဲဒါ ထူးခြားတယ်”

“သီရိလင်္ကာဒေသခံတွေက ဆွမ်းစားပင့်ပြီး ဝတ္ထုငွေ မလှူဘူး ဆိုတော့ အရှင်ဘုရားတို့ လောက်ငရဲ့လား”

“လုံလောက်ပါတယ်၊ ဦးပဉ္စင်းကို အင်္ဂလန်က ငွေပို့ပေးနေတဲ့ ဒကာကြီးက ဒေါက်တာ ဘန်နီတဲ့။ ဘဏ်ကနေ ငွေလွှဲပို့တာ၊ နောက်တစ်ခုကတော့ စင်ကာပူနဲ့ ဘရူနိုင်းမှာနေတဲ့ မြန်မာတွေ တည်ထောင်ထားတဲ့ ဒါနသီရိလင်္ကာ (DSL) က စာသင်သား ရဟန်းတော်တိုင်းကို ထောက်ပံ့တယ်။ မေလလောက်ဆိုရင် သီရိလင်္ကာကို ကိုယ်တိုင်လာပြီး လှူတာ။ အမ်အေဆို စင်ကာပူ ဒေါ်လာ ၄ဝဝ။ ဦးပဉ္စင်းတို့ တကယ် ကုန်တာက အမေရိကန်ဒေါ်လာ ၅ဝဝ လောက် ကုန်တယ်။ နည်းနည်းတော့ ဖြည့်ရှာရတာပေါ့”

သူတို့ နိုင်ငံရပ်ခြားမှာ ပညာကို ခက်ခက်ခဲခဲ သင်ယူနေရတာကို စာနာမိပါတယ်။

“အရင်ကတော့ ဒါနသီရိလင်္ကာက လုံလောက်အောင် လှူတယ်။ ခုတော့ နိုင်ငံခြားမှာ စာသင်တဲ့သူတွေက တအားများလာလို့”

နိုင်ငံရပ်ခြားမှာ ပညာသင်သွားသူအနေနဲ့ အခက်အခဲအမျိုးစုံကို ကြုံတွေ့ ရမြဲ ဖြစ်ပါတယ်။ ဦးပဉ္စင်း ဦးဥတ္တမသာရလည်း ကြုံရတာပဲ။

သူ့ အနေနဲ့ ဇာတိရွာမှာ နေဖူးတယ်။ မန္တလေးမှာ နေဖူးတယ်။ သီရိလင်္ကာကို ပညာသင်ဖို့ သွားနေရတယ်။ ဘယ်မှာ နေရတာ ပိုပျော်သလဲ ကျွန်တော် သိချင်ပါ တယ်။

“မှန်တဲ့အတိုင်း ပြောရရင် သီရိလင်္ကာမှာ ပိုပျော်တယ်”

ကျွန်တော် အံ့သြသွားတယ်။ လူတွေက အမိမြေကို ပိုပြီး ခင်တွယ်လေ့ရှိကြတယ်။ ဘယ်လိုကြောင့်လဲ။

“သီရိလင်္ကာက ပိုပြီး လွတ်လပ်မှု ရှိတယ်။ ပညာရှင်တွေလည်း ပိုစုံတယ်။ ပညာရှင်ပေါင်းစုံ ရှိတယ်။ မြန်မာပညာရှင် ရှိသလို သီရိလင်္ကာပညာရှင်၊ တရုတ်ပညာရှင်၊ ထိုင်းပညာရှင်၊ အနောက်တိုင်းပညာရှင်၊ နိုင်ငံပေါင်းစုံက ပညာရှင်ပေါင်းစုံ ရှိတယ်၊ ချဉ်းကပ်ဖို့ လွယ်တယ်။ ကိုယ်မသိတဲ့ ပြဿနာမျိုးကို ဆွေးနွေးဖြေရှင်းနိုင်တယ်”

ဦးပဉ္စင်းလေးက ပညာကို လိုလားတော့ ပညာထွန်းကားရာ အရပ်မှာ ပျော်မွေ့တာကို နားလည်နိုင်ပါတယ်။

“ဆွေးနွေးစရာ၊ သံသယဖြစ်စရာတွေကို စုပေါင်းဆွေးနွေးတယ်”

“မကုဋရာမ မြန်မာကျောင်းမှာလား”

“ဟုတ်တယ်၊ မြန်မာပြည်မှာ ဖြစ်နေတာတွေက သီရိလင်္ကာလည်း လှမ်းဂယက် ရိုက်တာကိုး။ ပဋိပက္ခတွေအကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအကြောင်း မျိုးတွေ ဆွေးနွေးကြတယ်”

“သီရိလင်္ကာရောက်တော့ စိတ်မှာ ဘယ်လို ခံစားရသလဲ ဘုရား”

“ဟိုရောက်သွားတော့ ပညာရေးကို စနစ်တကျ သင်ရတယ်။ သူတို့လူမျိုးတွေက သံဃာတွေကို အထွတ်အမြတ်ထားခံရတာ တွေ့ ရတော့ ကိုယ့်ကိုယ်ကိုယ် ပိုတန်ဖိုးထားမိတယ်။ အရင်ကတော့ ဘာစာမေးပွဲတွေ အောင်တယ်၊ ဘာဘွဲ့တွေ ရတယ်ဆိုတဲ့ လူအထင်ကြီးအောင် လုပ်တာတွေကို အဟုတ် မှတ်ဖူးတယ်။ သီရိလင်္ကာရောက်တော့ တကယ့်ပညာရေးဆိုတာ ဘာလဲဆိုတာ သိလာတော့ လူအထင်ကြီးအောင် လုပ်နေကြတာတွေကို (ဦးပဉ္စင်းလေးက မပြောသေးဘဲ ရယ်တယ်၊ ပြီးမှ ဆက်ပြောတယ်) အမြင်ကတ်သွားတယ်။ လုံးဝ အသိအမြင်တွေ ပြောင်းသွားတယ်”

▢ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၀

No comments:

Post a Comment