Wednesday, October 28, 2026

စိတ်စေရာ ကိုယ်လိုက်ချင်သော်လည်း


❝ စိတ်စေရာ ကိုယ်လိုက်ချင်သော်လည်း ❞
       ▢ လင်းလွန်းကြယ်

ဦးသာလှ တစ်ယောက် ဧည့်ခန်းထဲတွင် စာဖတ်နေသည်။ သို့သော် စာကို စိတ်ဖြောင့်ဖြောင့် မဖတ်နိုင်ဘဲ တိုင်ကပ်နာရီဆီသို့သာ မကြာခဏ မျက်စိက ရောက်နေသည်။ ဇနီးဖြစ်သူ အပြင်သွားတာ ကြာလှပြီ မဟုတ်လား။

ယခုတစ်လော ဇနီးဖြစ်သူ တစ်ယောက် သိပ်လှချင်နေသည်။ အဝတ်အစားတွေ ဝယ်သည်။ စက်ချုပ်ဆိုင်သို့ မကြာခဏ သွားသည်။ အင်္ကျီတွေကို သီလိုက်ချဲ့လိုက်လုပ်သည်။ ကိုယ်ကတော့ တစ်ဦးတည်းသော ဇနီးဖြစ်သူမို့ မပြောရက်ခဲ့။ (တစ်ဦးထက်လည်း ပို၍ ဒုက္ခမခံနိုင်ပါ။) သူ့ခမျာ ကိုယ်တွေ အလုပ်သွားတုန်း ပျင်းရိနေမည့် အစား ပျော်စရာတွေ ရနေသည်ကိုပဲ ကြံဖန်တွေးကာ ပြုံးရပြန်သည်။ သို့သော် ယခုတစ်ခေါက် အပြင်သွားတာ ကြာ ကြာလှသည်။

ယမန့်နေ့ကတော့ သူ Gym ဆော့မည်ဆိုလား ကြားမိသည်။ ဝမ်းဗိုက်က အဆီများကို အမြစ်ဖြတ်ပစ်မည် ဆို၏။ ဟုတ်တော့လည်း ဟုတ်သည်။ စတွေ့စက ခင်ဦးသည် ယခုလို အလေးချိန် ပေါင် ၂ဝဝ မကျော်သေး။ အရပ် ပုပျပ်ပုပ်ဆိုသော်ငြား သေးသွယ်သွယ်ခန္ဓာ ကိုယ်လေးနှင့် ချစ်စဖွယ် ဖြစ်ခဲ့ဖူးသည်။ ရေဆေးငါးကြီး မဟုတ်ခဲ့သော်လည်း ရေချိုငါးလေး တစ်ကောင် ဖြစ်ခဲ့ဖူးသည်ဆိုလျှင် ယုံကြပါမည်လား မသိ။ အင်း ငါးပူတင်းကြီး ... ဒီအချိန် အိမ်ပြန်ရောက်သင့်နေပြီ။ ယနေ့ တနင်္ဂနွေ ရုံးပိတ်ရက်မို့ အိမ်မှာ စာဖတ်ရင်း အနားယူမည် တွေးထားသော်လည်း ခုတော့ ဖင်တကြွကြွ ဖြစ်ရပြီ။ မနက် ၁ဝ နာရီလောက် ကတည်းက ထွက်သွားသော မခင်ဦး နာရီပြန် ၅ ချက် တီးသော်လည်း ပေါ်မလာသေး။ ခေတ်ကာလ အခြေအနေအရ ဒုစရိုက်မှုတွေ ပေါလှသည်မို့ စိုးရိမ်စိတ်က အတောမသတ်နိုင်။ သူ ဝတ်သွားသော ရွှေဆွဲကြိုးကြီးသည်ပင် ငါးကျပ်သား ရှိသည်။ လက်ကောက်အကွင်း ၁ဝ ခန့်ပါ ထပ်ထည့် ပေါင်းလျှင် မခင်ဦး၏ ကာလပေါက်ဈေးက မနည်း။ ပစ္စည်းများကို မနှမြောလှသော်လည်း အဆိုပါ ပစ္စည်းကြောင့် လူဒုက္ခရောက်မှာ စိုးသည်။ လူကိုတော့ ပစ်မှားမည့်သူ မရှိလောက်ပါချေ။

ဤသို့ဖြင့် တွေးရင်းပူရင်း ရှိနေခိုက် ခင်ဦး၏ ခန္ဓာကိုယ်ကြီး နံဘေးရှိ ဆိုဖာပေါ်သို့ ဘုန်းခနဲ ပစ်ကျလာချိန်တွင် အိပ်ရာမှ လန့်နိုးရလေသည်။

“မိန်းမရာ... မင်း အပြင်သွားတာကလည်း တစ်နေကုန်ပါရောလား”

“ကိုသာလှ၊ ရှင်ကလေ လူကို တွေ့တာနဲ့ အပြစ်တင်မယ်ဆိုတာ ချည်းပါလား။ ဒီမှာလည်း မောလာပန်းလာတာ လျှာက တစ်တောင်လောက် ထွက်နေပြီ သိရဲ့လား။ ဟဲ့ မိတင်၊ လာစမ်း။ ဒီမှာ ညည်း ဦးလေးဆီက ပိုက်ဆံယူပြီး ဆိုက်ကားခ သွားရှင်းချေးဦး”

“ဟောဗျာ... မင်း ကိုယ်ကြီးကို တင်နင်းလာရတဲ့ ဆိုက်ကား ဆရာကြီးကိုလည်း အားနာပါဦး”

“အောင်မလေးတော်။ အဲကိစ္စကြောင့်ပဲ ခေါင်းမီးတောက်ခဲ့ရသပေါ့ရှင်။ ဒီနေ့လည်း အဲဒီလို ထိကပါး၊ ရိကပါး အပြောတွေကို မခံနိုင်တော့လို့ ကျွန်မကိုယ် ကျွန်မ ဝိတ်ချမှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အသိ ဖွင့်ထားတဲ့ Gym ကို စာရင်း သွားသွင်းတာရှင့်”

“အလဲ့... ငါ့မိန်းမရဲ့ ပုလင်းဘော်ဒီကြီး ဆလင်းဖြစ်တော့မယ်ပေါ့လေ။ တစ်လ ဘယ်လောက် ပေးရသလဲ။ အို ဘယ်လောက် ပေးရပေးရကွာ”

“အဆင်မပြေပါဘူးရှင်”

“ဘာဖြစ်လို့တုန်း”

“အဲဒီ Gym က သုံးထပ်မှာ ဖွင့်ထားတာရှင့်။ တစ်နေ့တစ်နေ့ တက်လိုက် ဆင်းလိုက်နဲ့ အချိန်ကုန် မခံနိုင်ပါဘူး”

▢  လင်းလွန်းကြယ်
📖 မဟေသီ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၁၇

No comments:

Post a Comment