❝ ကိုဆေးရိုးတို့ ဝါကျွတ်ပွဲ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ချောစိန်သည် ဝမ်းသာလွန်းသဖြင့် ဆွေ့ဆွေ့ခုန်နေ၏။ လက်ထဲရှိ ကျပ်တန်ငါးရွက်မှာ လက်မှ တစ်ဆင့် ကူးစက်ကာ တဆတ်ဆတ် တုန်ယင်နေလေသည်။ ကျပ်တန်ကလေး ငါးရွက် လက်ထဲသို့ ရောက်လာစ တုန်းကတော့ ဣန္ဒြေဆည်ရသော၊ ဟန်လုပ်ရလွန်းသော အပျိုစင်ဘဝကိုပင် အမေ့ကြီး မေ့ကာ ဝမ်းသာလွန်းသဖြင့် ကလေးပေါကြီးလို ခုန်ဆွခုန်ဆွ လုပ်လိုက်မိ၏။
“ဒါ ကျုပ်ပိုက်ဆံနော် အမေ၊ ကျုပ်ပိုက်ဆံ”
“ဟုတ်ပါတယ်အေ၊ ဟုတ်ပါတယ်”
“ဟီဟိ၊ အမေ့ကို မပေးဘူးသိလား”
“မပေးနဲ့၊ မပေးနဲ့ ၊ အမေကလည်း မတောင်းပါဘူး”
ဝမ်းသာပျော်ရွှင်မှုသည် တဖြည်းဖြည်းနှင့် အနည်ထိုင်ကျသွားရကား လက်ကသာ တဆတ်ဆတ် တုန်နေခဲ့လေပြီ။ မနေ့တုန်းက အိုးတွေကို မီးဖုတ်ထားရာမှ ဖော်ယူစဉ်ကလည်း ချောစိန်မှာ ဝမ်းသာလွန်းသဖြင့် ယခုလိုပင် အော်မြည်မြူးတူးခဲ့ရလေ၏။ သူ၏ လက်ရာကလေးများမှာ ပြောပလောက်အောင် အဖိုးတန်သည်လည်း မဟုတ်၊ ကြီးကျယ်ခြင်းလည်း မရှိပေမဲ့ ဝမ်းသာခဲ့ရသည်။ သူ၏ လက်ရာမှာ ဆီမီးခွက်ကလေးများသာ ဖြစ်၏။ အိုးကြီးအင်ကြီးနှင့် ခွက်ယောက်ကြီးများကို စတင်လုပ်တတ်စတုန်းကလည်း ဝမ်းသာခဲ့ရဖူး၏။ သည်ကာလ၏ ဝမ်းသာရခြင်းကိုကား မမီပါလေ။
အိုးကြီးများနှင့် သပိတ်များမှာ သူ့အမေ ကအစ တစ်ရွာလုံးပင် လုပ်ရိုးလုပ်စဉ် ဖြစ်ခဲ့သောကြောင့် ယခုလောက် ဝမ်းသာကြည်နူးခြင်း မမြင့်မားခဲ့ချေ။ ယခုမူ ရမ်းဘိုကုန်းရွာက ထွက်သော ဆီမီးခွက်များတွင် ယခု အကြိမ်သည် ဦးစွာသော အကြိမ်ဖြစ်သည့်ပြင် အခြား တစ်ပါးသော ဆီမီးခွက်ကလေးများကို ကြည့်ပြီး ကိုယ့် ဘာသာကိုယ် စမ်းသပ်လုပ်ရခြင်းဖြစ်သောကြောင့် အိုးဖော်သော နံနက်က ဝမ်းသာရခြင်းပင်ဖြစ်၏။
ချောစိန်တွင် ဝမ်းသာရခြင်းတို့သည် တစ်ခုပြီး တစ်ခု ဝင်ရောက်လာလေသည်။ ဖိန်းနွှဲကာ ဆို ဝါကျွတ်တော့မှာပါပကော။ ကိုယ်ပိုင်ငွေ ဆို၍ ဒီတစ်ခါသာ ကိုင်ရဖူးခွင့်ကြုံရသော ချောစိန်မှာ သည်ငွေကလေးဖြင့် ဝါကျွတ်သဘင်သို့ တိုးဝင်ရန် စိတ်ကူးနယ်ချဲ့မိလေ၏။ သို့မို့ကြောင့် ပျော်ရွှင်ခြင်းတို့သည်လည်း တိုးဆင့်ဝင်ရောက်လာပြန်လေ၏။
မကျီးဒန်က သမီးအလှ ချောစိန်၏ ကျောပြင်ကြီးကို ပြုံးပီတိဖြင့်ကြည့်လျက် တဲတွင်းသို့ ဝင်လိုက်၏။
“ဪ မိန်းကလေး”
“တော် ဘာလဲအမေ”
ချောစိန်က သမင်မငယ်ကလေးပမာ မြူးထူးရွှင်ပျစွာဖြင့် မကျီးဒန်ဘက်သို့ လှည့်၍ မေးလိုက်သည်။
“သမီး သီတင်းကျွတ်မှာ ဝတ်ဖို့ အင်္ကျီလုံချည်ကလေး ဝယ်ပါဦးလား သမီးရဲ့”
“ဒီငွေကလေး ငါးကျပ်နဲ့ ရမလား အမေရဲ့”
“အိုအေ ညည်းတို့ ကောက်စိုက်စည်းခေါင်းဆီ သွားပါလားသမီးရဲ့”
ချောစိန်၏ အိုနေသော မျက်နှာကလေးက မကျီးဒန်၏အကြံပေးစကားကို ကြားရလျှင် လင်းလက်ဝင်းတက်လာကာ
“ဪ ဟုတ်တယ်အမေရေ၊ ဟုတ်တယ်”
“မိန်းကလေး စိုက်တာ ဘယ်နှယောက်ရသလဲ။ လေးဆယ်ဆို”
“ဟုတ်တယ်။ ခေါင်းတွက် မပေးရရင် လေးဆယ့် တစ်ယောက်”
“အေး၊ ကျုပ်တို့ လယ်စိုက်ခအတွက် ကျန်တာကို အမေတို့ဆီမှာ တောင်းယူလို့ ပြောပေါ့အေ။ ဆယ့်ငါးကျပ်လောက်၊ နှစ်ဆယ်လောက်ပေါ့”
“ဟုတ်ကဲ့”
အမေ၊ အမေ။ သူ့တွင် အကျပ်အတည်း ပေါ်လာတိုင်း ပေါ်လာတိုင်းပင် သည်အမေသည်သာ ဖြေရှင်းပေးခဲ့စမြဲဖြစ်၏။ ယခုလည်း သူ၏ နှစ်သိမ့်ကြည်မှုကို သည်အမေကပဲ ကြံစည်ပြုလုပ်ပေးလိုက်ပြန်သည်။
ချောစိန်သည် သွက်လက်ပေါ့ပါးနေ၏။ သူ လျှောက်လာခဲ့သော ရွာသစ်ကြီးသို့ သွားသည့် လှည်းလမ်းကြောင်းကလေး၏ ဝဲယာကို ရွင်ပျစွာ မျက်စိ ကစားလာမိသည်။ သစ်ပင်အားလုံးသည် ချိုပြုံးနေ၏။ မြရည်လဲ့လဲ့တို့ဖြင့် တောက်ပဝေဆာလျက် ဝါကျွတ်သဘင်ကို ငံ့ကြိုဆိုနေကြကုန်၏။
ကောက်စိုက်စည်းခေါင်းသည် အပြုံးအက်အက်ဖြင့် ချောစိန်ကို စိုက်ကြည့်နေသည်။
“ဟဲ့ တော်တော်ကြာရင် နင့်အဖေက သူ မသိဘူး ဘာဘူးနဲ့ စကားများနေရင် ခွမကျဘူးလားဟဲ့”
“မကျပါဘူးတော့်။ အမေက သေသေချာချာ အတောင်းခိုင်းလိုက်တာပါ။ နက်ဖြန် ဈေးသွားရင်း အဝတ်အစားကလေး ဘာကလေး ဝယ်ခဲ့ရအောင်လို့”
“ဟဲ .. ဟဲ .. ဟဲ”
ကောက်စိုက်စည်းခေါင်းသည် အခြောက်တိုက် ရယ်လိုက်သည်။
ချောစိန်ကို စူးရှပြောင်လက် အရောင်ထွက်လု မတတ် စိုက်ကြည့်နေသောကြောင့် ချောစိန် မှာ မျက်လွှာချပြီး ခေါင်းငိုက်စိုက်နေလိုက်သည်။ ပြီးတော့ အိုးတိုးအမ်းတမ်းနှင့် မလုံမလဲဖြစ်ကာ အနည်းငယ်တွန့်တက်နေသော အင်္ကျီစကို ဆွဲချလိုက်မိသည်။ ဒီတော့မှပင် ချောစိန်၏ လုံးကျစ်ပြည့်ဖြိုးသော အလှက ပိုမို ပြတ်သား ထင်ရှားလာလေသည်။
“အေးပေါ့ဟယ်၊ လှချင်တုန်း ပချင်တုန်း ဆိုတော့ ဝတ်ချင်စားချင်မှာပေါ့။ ငါကလည်း နင်တို့တစ်တွေ လှလှပပ ဝတ်စားနေရစေချင်ပါတယ် ချောစိန်ရ။ ဟဲ ဟဲ တတ်နိုင်ရင် ငါက ဆင်ပေးရ ပေးရ”
ကောက်စိုက်စည်းခေါင်း၏ စကားက ဘာလိုလိုနှင့် ရင်ဖိုလိုက်ပါဘိ၏။
“ကဲ ရော့ရော့”
ကောက်စိုက်စည်းခေါင်းသည် ချောစိန်၏ သမန်း ဆီတက်နေသော လက်ချောင်းကလေးများကို ရွှန်းရွှန်းစားစား ကြည့်၍ ငွေနှစ်ဆယ်ကို လှမ်းပေးနေသည်။ ချောစိန်က ခေါင်းကို မမော့တော့ဘဲ လှမ်းယူလိုက်ရာ လက်ကို ဆွဲထားခံရသဖြင့် ဆောင့်ရုန်းလိုက်ရ၏။ ရင်ထဲလည်း နာကျင်သလိုလို၊ ဆို့နစ်ဝမ်းနည်းသလို ဖြစ် လာရကား ဒေါသရှိန်ကြောင့် နှာခေါင်းမှာလည်း မွှန်ထူလာပြီး မျက်ရည်လည်လာသည်။
“တော်ဟာ ကျုပ်တို့ရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ပြီး၊ ပြောင်တစ်မျိုး မသိမသာ တစ်သွယ်နဲ့ လုယူသွေးစုပ်ရတာ အားမရလို့ အသားကိုပါ စားချင်တာလား ဟင်။ လူလို မကျင့် လူလို မကြံ၊ ဒါလောက်ပဲ အကြံ ပက်စက်ရသလား”
စင်စစ် ချောစိန်မှာ ဒီလို မပြောတတ်ရှာပါ။ စွင့်ကားသော ရင်အုံကလေးမှာ နိမ့်တုံမြင့်တုံနှင့် ဒေါသ၏ မုန်တိုင်းပြင်ဝယ် လှိုင်းကြက်ဆင်နေလေသည်။ ကပျာကယာ တဘက်ကလေးကို ခေါင်းပေါ်တင်ပြီး ဆင်းပြေးခဲ့ရှာ၏။
ရွာတံခါးဝမှ ထွက်မိတော့မှပဲ အားရပါးရ ငိုပစ်လိုက်နိုင်သည်။ ရင်ဝယ် မောပန်းနေ၏။ ငိုလိုက်ရသောကြောင့် ဒေါသမှာ ပြေလျော့သွားသည်။ သို့သော် ကြာကြာ မငိုနိုင်။
ရှေ့နားဆီမှ လူသံ ကြားသောကြောင့် မျက်နှာကို တဘက်နှင့် ကမန်းကတန်း ပွတ်ပစ်လိုက်ရ၏။ သို့ရာတွင် သူကြားလိုက်ရသော လူသံများမှာ မြို့ဘက်သွားသော လမ်းဘက်သို့ တက်သွားကြသဖြင့် ချောစိန်မှာ သူ့မျက်နှာနီနီကို လူမြင်မှာ စိုးရွံ့ပြီး ခေါင်းငုံ့ရမည့် အရေးမှ လွတ်သွားလေသည်။
သို့သော်လည်း ချောစိန်မှာ ရှေ့နားရှိ လူသွားလမ်း ကျဉ်းကျဉ်းကလေး၏ အကွေ့ကို ကြည့်လိုက်မိပြီး မျက်နှာကလေး အိုသွားရရှာ၏။ လမ်းကျဉ်းကွေ့ကလေးမှ လူတစ်ယောက်လည်း ချောစိန် ထံသို့ စူးစိုက်လျက် ခပ်ပြုံးပြုံး လာနေသည်။
“ချောစိန်”
ချောစိန်နှင့် တစ်ရွာတည်းနေ ထွန်းညွန့် ပင် ဖြစ်၏။ ထွန်းညွန့်က ချောစိန်၏ ရှေ့မှ လမ်းကို ပိတ်ဆီး ရပ်တန့်လျက် ခေါ်လိုက်သော်လည်း ချောစိန်က စကားခွန်းတုံ့မပေး။ မျက်နှာကို လွှဲထားသည်။
“ချောစိန်၊ ဘယ်က ပြန်လာသလဲဟင်”
“ဘာလုပ်မလို့လဲ၊ ရွာသစ်ကြီးက ပြန်လာတာပေါ့”
ချောစိန်သည် ပြောပြောဆိုဆိုနှင့် ထွန်းညွန့်၏ ဘေးမှ ချုံများကို တိုးဝှေ့သွားရန် ဟန်ပြင်လိုက်ရာ ထွန်းညွန့်က လက်နှစ်ဖက်ဖြင့် ကာဆီးပြီး
“နေပါဦးဟာ၊ စကားကလေး တစ်ခွန်းလောက် ပြောချင်လို့ပါ”
ထွန်းညွန့်က တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ ချောစိန်ကလည်း ဘာကို ဆိုချင်မှန်း ရိပ်မိသိရှိပြီး ဖြစ်သဖြင့် မျက်နှာကို ပို၍တင်းထားလိုက်ကာ “ဘာမှ မပြောနဲ့၊ မကြားချင်ဘူး ဖယ်”
“ခဏလေးပါ ချောစိန်ရာ၊ ငါလေ၊ ငါလေ၊ နင့်ကို သိပ်ပြီးချစ်၊ ချစ်တာဟာ။ နင် နင်ကလည်း ငါ့ကို ချစ် ချစ်ပါဟာ”
ထွန်းညွန့်၏ အသံက တစ်လုံးထက် တစ်လုံး ပို၍ ပို၍ တိမ်ဝင်လာကာ အဆုံးသတ်အသွားတွင် ချောစိန် ၏ ရင်ဝယ် တဒိန်းဒိန်း ခုန်လာလေ၏။ နားတွေ ဘာတွေ ထူပူလာသည် ထင်ရသည်။
“ဖယ် ဖယ်”
“အဖြေပေးခဲ့ပါဟာ”
ချောစိန်မှာမူ ထွန်းညွန့်၏ ဘေးမှ ချုံပုတ်ငယ်ကို တိုးသွားရန်သာ အားထုတ်နေတော့သည်။ တစ်ခွန်းမှ ပြန်မဖြေတော့ဘဲ ချုံပုတ်ကလေးကို တိုးလိုက်လျှင် ထွန်းညွန့်က လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ရာ ချောစိန်၏ မျက်လုံးအိမ်တွင်းမှ မျက်ရည်များ တစ်ပေါက်ပြီး တစ်ပေါက် စီးလိမ့်လာသည်။
“ခွေး၊ လွှတ် .. လွှတ်”
ငိုသံနှင့် အော်ဟစ် ရုန်းကန်နေသောကြောင့် ထွန်းညွန့်မှာ သနားအားနာ ဖြစ်လာပြီး
“မငိုပါနဲ့ဟာ၊ ငါ့ ရင်ထဲမှာ မချိလွန်းလွန်းလို့ပါ ချောစိန်ရာ”
“မသိဘူး၊ မသိဘူး”
ထွန်းညွန့်မှာ ကျောက်ရုပ်ကြီးလို ဆွံ့အ တွေငိုင် နေရာက ချောစိန်၏ လက်ကို လွှတ်ပစ်လိုက်သည်။ ရင်ထဲဝယ် ပူရှိန်းရှိန်းဖြစ် ကျန်ရစ်ခဲ့ကာ အသည်း ကြားမှာမူ အခံရ ဆိုးဝါးသော ဝေဒနာကို ခံစားနေခဲ့ရ၏။
“ဟင်း၊ သင်းတို့ကိုများ ငါက ကြိုက်ပါလိမ့်မယ်။ ဝေးပါသေးရဲ့။ ဟင်း ဟိုမသာကြီး သေနာကျကြီးကများ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာလေတယ်”
ချောစိန်မှာ ရင်ကလေး လှိုက်ဖိုလှိုက်ဖိုနှင့် ကျိတ်၍ ရေရွတ်လာသည်။ ဒေါသရောင်မှာလည်း မပြေပျောက်နိုင်လေသေး။ ရွာနားသို့ ရောက်ရန် ခပ်သုတ်သုတ်သာ လှမ်းလာခဲ့၏။
“ဟင်း၊ သူကကော ငါ့ရင်ထဲမှာ မချိလို့လေး ဘာလေးနဲ့။ မချိတော့ကော ကြိုက်ရမှာလား ရုပ်ကိုက၊ ဘိုကေကြီးကလည်း ဆီတေ စီးကျနေလိုက်တာ”
ကျိတ်၍ ဒေါသထွက် မာန်တက်နေရာက သူ၏ အသည်းနှလုံးတွင်းသို့ မထိတထိနှင့် ဝင်ရောက်နေသော အချစ်ငြောင့်ကလေးကို ပြန်လည် စမ်းသပ်မိလိုက်သည်။ အစို့ငယ်သည် မပြူ၏သို့ ပြူ၏သို့နှင့် မခို့တရို့ သာလျှင် ချောစိန်ကို လှုပ်ပေးနေ၏။
“ကိုသက်အောင်တို့ နဲ့များ အပြတ်အသတ် ကွာတယ်။ စကားပြောကလည်း ခင်ဗျားနဲ့၊ ကျွန်တော်နဲ့။ ယဉ်က ယဉ်၊ ချိုက ချိုပါဘိနဲ့။ ဘာတဲ့၊ မချောစိန်ရဲ့ မျက်နှာကလေးကို မြင်ဖူးကတည်းက မြို့က မိန်းကလေးတွေကို ကြည့်လို့ မရတော့ဘူးဗျာတဲ့”
လွန်ခဲ့သော ဝါခေါင်လထဲတုန်းက ဖြစ်သည်။ နှမ်းခင်းထဲတွင် ရောပက်ထားသော ပြောင်းပင်တွေမှ ပြောင်းဖူးတွေက စားလို့မကုန် ပေးလို့မကုန် ဖြစ်နေသောကြောင့် ဈေးသို့ လာရောက်ရောင်းချ၏။ သည်မှာပင် ချောစိန်က ဈေးကောက် သက်အောင်ကို တွေ့ခဲ့ရသည်။ တစ်ခါတစ်ရံ သက်အောင် ဈေးကောက်လာ တောင်းချိန်တွင် ဈေးဦး မပေါက်သေးသောကြောင့် အကျိုးအကြောင်း ပြောပြလိုက်ပါက
" အို အို .. ကျွန်တော်က ရောင်းရပြီ အောက်မေ့လို့ပါခင်ဗျာ။ စိတ်မရှိနဲ့နော်။ ကျွန်တော် တောင်းပန်ပါ တယ်” ဟူ၍ ယခင်ဈေးကောက်များ၏ အပေါက်ဆိုး မျက်နှာကို ဆန့်ကျင်ပြီး ပျာပျာသလဲ တောင်းပန် တတ်သည့်ပြင် “ကဲကဲ ဟောဒီ ဈေးကောက် လက်မှတ်ကလေးကိုသာ ယူထားလိုက်။ ဒီပြင်ကောင်တွေ ဆိုရင် ဈေးဦး မပေါက်သော ဘာသော နားမလည်ဘူး၊ အတင်းတောင်းနေမှာ။ ရော့ ရော့၊ ဈေးဦးပေါက်မှပဲ ပိုက်ဆံပေးတာပေါ့” ဟူသော လူတစ်ဖက်သား၏ ခင်မင်တွယ်တာမှုကို ဆွဲဆောင်တတ်သော စကားကလေးများဖြင့် သိမ်မွေ့စွာ ဆက်ဆံတတ်သော သက်အောင်နှင့် ရိတိတိ ငြိတိတိ ဖြစ်ခဲ့ရသည်။
မျက်နှာပေးက ဘာလိုလို၊ စကားလုံးကလေးများက ရိသဲ့သဲ့နှင့် ချောစိန်၏ အသည်းစိုင်ကို ဆွဲကိုင်လှုပ်နဲ့ခဲ့၏။ ချောစိန်မှာ သူ၏ ကိုသက်အောင် တစ်ယောက်အပေါ်ဝယ် မချူမီကပင် ကြွေထားပြီးဖြစ်သဖြင့် ထွန်းညွန့်တို့လို ညွန်အလူးလူး၊ ကျောအပြောင်ပြောင်နှင့် ဘဝတူ ရွာမြက်ကို အဘယ်မှာလျှင် စိတ်ကူးပါအံ့နည်း။
နောက်တစ်နေ့ အရုဏ်တက်လျှင် ချောစိန်သည် သီချင်းကလေး တအေးအေးနှင့် နံနက်ခင်းကို ကြိုဆိုနေသည်။ သူမ၏ သနပ်ခါးသွေးသံက သီချင်းသံကို သံပြိုင်ဖွဲ့လိုက်နေ၏။ ကြည်နူးမြူးပျော်ခြင်းနှင့်အတူ ကြည်စင်ပဝင်းသော အလှကို ဆင်မြန်းနိုင်လေသည်။
“ဟော မချောစိန်တို့ပါလား၊ နေကောင်းကြရဲ့နော်”
“ဟုတ်ကဲ့”
ချောစိန်သည် မြမျက်တောင် ကော့ညွတ်သေးကို ပင့်လျက် ရည်လဲ့အကြည်ဖွဲ့နေသော မျက်လုံးကြီးများဖြင့် ပြန်လည် ကြည့်ရှုမိသည်။ သူ၏ ကိုသက်အောင် အား မြတ်နိုးခြင်းမှာ သူ၏ မျက်လုံးရွဲကြီး အစုံ အတွင်းဝယ် တွေ့မြင်ရ၏။
ဈေးမှာ အခါနားနီးသောကြောင့် ကြိတ်ကြိတ်တိုးအောင် စည်သည်။ စကားပြောသံများ စုပေါင်းပြီး ဝေါဝေါဝေါဝေါနှင့် မြည်ဟည်းနေ၏။ ဈေးခေါ်သူများ၏ အသံနှင့် ဈေးဝယ်သူများ၏အသံတို့သည် ကုန်ခြောက်ရုံကြီး အတွင်းဝယ် ယှဉ်ပြိုင်နေကြသည်။
ရမ်းဘိုကုန်းရွာမှ ဈေးဝယ်လာကြသော လူအုပ်ကြီးမှာ သူတို့၏ တောင်းများ၊ ခံတောင်းများကို ဆန်တန်းရှိ လူရှင်းသော နေရာတွင် ချထားကြခဲ့ရာ ချောစိန် က အစောင့် ဖြစ်နေခဲ့သည်။ ချောစိန်မှာ သက်အောင် လာလို့ကောင်းအောင် အကွက်ဆင်ထားသလို ဖြစ်နေတော့သည်။
သူတို့ နှစ်ယောက်သည် အတန်ကြာ တိတ်ဆိတ် နေကြရာမှ သက်အောင်က စကားစလိုက်သည်။
“ကျွန်တော်ဖြင့်ဗျာ မချောစိန်တို့ လာနိုးလာနိုးနဲ့ မျှော်နေမိတယ်။ နောက်မှ လယ်ထဲ ဆင်းနေကြရပြီ ကြားရလို့ ရင်ထဲမှာ ဟာသွားတာပဲ”
သည်စကားမျိုးမှာတော့ ဟုတ်ကဲ့ လိုက်၍ မသင့်လျော်ပါချေ။ ဣန္ဒြေရှင်ပီပီ မျက်လွှာချလျက် ခတ်မဆိတ်ပင် နေလိုက်ရ၏။
“မချောစိန်”
“တော်”
“အဲဒီလို ထူးသံကလေးကို ကြားလိုက်ရတာကိုပဲ ကိုသက်အောင် ရင်ထဲမှာ အေးခနဲ ဖြစ်သွားတာပဲ မချောစိန်ရယ်၊ မချောစိန်ကို စကားတစ်ခွန်း ပြောပါရစေ၊ စိတ်ဆိုးမှာလားဟင်”
“ကျုပ် စိတ်မဆိုးပါဘူး”
ချောစိန်က မပွင့်တပွင့်ဖြေရင်း ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သည်။ မည်သူမျှ သူ့ကို ဂရုစိုက်နေသည် မဟုတ်။ အချို့မှာ အပြေးအလွှားဝယ်၊ အပြေးအလွှား အဖော်စုပြီး ပြန်နေကြသည်။
“တခြားတော့ မဟုတ်ပါဘူး မချောစိန်ရယ်၊ မချောစိန်ကို မြင်မြင်ချင်းပဲ ချစ်မိခဲ့တယ် ဆိုတာကို ပြောချင်တာပါပဲ။ အရင် ဝါခေါင်လတုန်းက စပြီး မချောစိန်ကို ချစ်နေမိတာ။ တစ်နေ့လည်း ပြောရနိုးနိုး၊ တစ်ရက်လည်း ပြောရနိုးနိုးနဲ့ မျှော်ကိုးနေခဲ့ရတာ။ ဒါပေမဲ့ မတော်တဆ စိတ်ဆိုးသွားရင် ကိုသက်အောင် မှာပဲ စိတ်မကောင်းဖြစ်ရမှာ စိုးလို့။ အခုတော့ တောင်းပန်ပြီးတော့ ပြောရတော့တာပဲ။ အဲဒီတော့ ကိုသက်အောင် ချစ်သလို ပြန်ချစ်ပါလို့ တောင်းပန်ပါရစေ”
“ကျုပ်ကလည်း တော့်လိုပါပဲ ကိုသက်အောင်”
ချောစိန်က အမူမပိုဘဲ သည်လိုသာ ပြောချလိုက်ချင်ပေမဲ့ သူမ ထိုင်နေရာ အုတ်ခုံကလေးကိုသာ လက်ဝါးဖြင့် ပွတ်သပ်နေမိသည်။
“ဘယ်နှယ့်လဲ မချောစိန်၊ ကိုသက်အောင် ဝမ်းသာရမှာလား”
“ကျုပ်တို့က တောသူရိုင်းဆိုတော့ ကိုသက်အောင်တို့ မြို့သားတွေက မွှေးရင် ပန်၊ နံရင် ပစ်သွားကြမှာပါတော်”
“ဒီ့ပြင် လူတွေတော့ ဟုတ်မှာပါပဲ။ ကိုသက်အောင် ကိုတော့ ဒီလို လူတွေထဲကို မထည့်လိုက်ပါနဲ့ မချောစိန်ရယ်။ ကိုသက်အောင်ကတော့ အသည်းထဲ အူထဲကကို နှစ်နှစ်ကာကာချစ်ပါတယ် မချောစိန်။ ပလီတာလား အတည်လား ဆိုတာကို ကိုသက်အောင်ရဲ့ ရင်ကို ခွဲပြလိုက်ချင်ပါတယ်”
ချောစိန်၏ ရင်တွင်းဝယ် လှိုက်ဖိုခြင်းနှင့် ပီတိ ထန်နေ၏။ မိမိအား မြတ်နိုးခြင်းကို တစ်ဖက် လူက ဖွဲ့နွဲ့ပြောဆိုလာသောအခါ ဝမ်းသာရတော့မလို ဘာလိုလိုနှင့် မခြွေခင်က ကြွေချင်နှင့်ရသူမို့ ခေါင်းညိတ်လိုက်၏။
“မချောစိန်တို့လို မြို့သူ ရှုံးအောင် ချောတဲ့ လှတဲ့ သူကလေးတွေကို ချစ်ရတာ ကိုသက်အောင် ရင်မအေးဘူး အသက်ကလေးရယ်။ တော်တော်ကြာရင် ဒီကောင်ကို ပစ်သွားမှဖြင့် ကိုသက်အောင်တော့ ရင်ကွဲပြီး”
“အို ကိုသက်အောင်ကလဲ”
ဈေးဝယ်ထွက်သွားသူများ ပြန်လည် ရောက်လာကြသောအခါ ချောစိန် မျက်နှာလေးမှာ ဝင်းစင် ကြည်သန့်နေ၏။ သည်တစ်သက်တာဝယ် ရည်းစား ဆိုတာကို ထားလိုက်ရပြီ ဖြစ်သဖြင့် စိတ်ထဲက မလုံမလဲ ရှိလှသည်။ ဒီမိန်းမကြီးများ သိသွားသလား စသည်ဖြင့် မသိမသာ အကဲခတ်ကြည့်သော်လည်း မည်သူမျှ သူ့ကို အရေးစိုက်မနေကြ။ သူတို့ လုပ်ဆောင်ဖွယ် များ၌သာ အာရုံစိုက်နေကြလေသည်။
“ကိုင်း မိန်းကလေးရေ ထဟေ့။ ညည်းဖို့ အဝတ်ကလေး ဘာလေး ဝယ်ချေကြဦးစို့”
ချောစိန်မှာ မကျီးဒန်နှင့် အထည်တန်းသို့ လိုက်လာရသော်လည်း ရင်ကလေးမှာ ခုန်နေလေသေးသည်။ သူ့အဖို့ ကြည်နူးစရာလား နှစ်သိမ့်စရာလားဟု ခွဲခြားတတ်ခြင်း မရှိသော်လည်း ကြည်နူးခြင်းဖြစ်နေရာက အဆင်လှလှ အသွေးလှလှ အဝတ်ကလေးများကို ကိုင်တွယ်လိုက်ရပြန်သောအခါ ရင်ထဲမှာ တလှပ်လှပ် ဖြစ်လာသည်။ ဘယ်ဟာကို ယူရမှန်း မသိအောင် ဖြစ်နေသည့် အထဲက စပန့်လုံချည်ကလေး တစ်ထည်ကို ရွေးယူလိုက်၏။
သည်နေ့အဖို့ ချောစိန် တစ်ယောက်မှာ ငွေရည်လူး ပုန်းညက်ကလေးလို ကြော့မြူးရွှင်ပျနေရသည်။ အိမ်ခန်းထဲတွင် လုံချည်ကလေးနှင့် အင်္ကျီစကလေးကို ရင်ဝယ်ပိုက်လျက် ကြည်နူးနေရ၏။ “ဒါကလေးတွေ ဝတ်ထားတုန်းများ ကိုသက်အောင် မြင်လိုက်ရရင်” သူသည် တစ်ယောက်တည်း ပြုံးမိရာက အသံကလေးများ ထွက်လာအောင် ရယ်မောမိပြီး မျက်နှာကို ခေါင်းအုံးထက်ဝယ် ဝှက်ထားလိုက်လေ၏။
“မိန်းကလေးရေ၊ ညည့်အဖေ ပြန်လာပြီဟေ့”
မကျီးဒန်၏ အသံကို မကြား။ ပီတိ၏ လှိုင်းဟုန်မှာသာ အသာအယာ စီးနင်းလိုက်ပါနေမိသည်။
“မိန်းကလေး၊ ဟဲ့ အို ငါ့မှာတော့ အိပ်များ ပျော်နေသလားလို့။ အင်္ကျီအပ်ချေပါလား၊ တော်တော်ကြာ အချိန်မီ မရဘဲနေမယ်။ ညည်းအဖေလည်း ပြန်ရောက်လာပြီ။ မြန်မြန်ပြန်ခဲ့၊ နွားစာစဉ်းရဦးမယ်”
ချောစိန်မှာ သူ့အမေ၏ အသံကို အခန်းဝမှ ကြားရသဖြင့် လူးလဲထလိုက်ရသည်။ မကျီးဒန်က သမီးကို ကြည့်ပြီး ပြုံးလိုက်သည်။
“မိန်းကလေး သိပ်ပျော်နေသလား”
ချောစိန်က ဘာမျှ ပြန်မပြောဘဲ လေပင့်လိုက်သော သစ်ရွက်ခြောက်ကလေးပမာ ပေါ့ပါးစွာ ပြေးထွက်သွား၏။
အပြင်မှ မြက်ထုံးပစ်ချသံကို ကြားလိုက်ရပြီး စိုရွှဲနေသော ချွေးများကို ပုဆိုးနှင့်သုတ်ရင်း ဝင်လာသည့် ကိုဆေးရိုး၏ အသံကို ကြားရလေသည်။
“ကျီးဒန်ရေ၊ တယ်ပြီး ပုစွန်ညှပ်ပါကလားဟာ”
“ကျုပ်တို့ လယ်ကို ရောက်ခဲ့သလား”
“အေး”
ကိုဆေးရိုးက မကျီးဒန် လာပေးသော ဆေးပေါ့လိပ်ကြီးကို တစ်ဖက်မှ လှမ်းယူလျက် တစ်ဖက်မှ လုံချည်စုတ်ဖြင့် ယပ်ခတ်ရင်း တဲတိုင်ကို မှီတွဲထိုင်ချလိုက်၏။
“လယ်ထဲကို ပေါက်ပေါက်ပက်ပေးရင် ပုစွန် အညှပ်သက်သာတယ်ဆိုတော့ အဲဒါ လုပ်ရကောင်းမလား”
“ငါလည်း ကြားရုံသာ ကြားဖူးတာဟ၊ တစ်ခါမှတော့ လုပ်မကြည့်ဖူးသေးဘူး”
“စမ်းကြည့်တာပေါ့တော်။ ရေသတင်းလေး ဘာလေးလည်း နားထောင်နော်။ အထက်က မြောင်းကျိုး သလိုလို ကြားတယ်”
“ဟေ”
ကိုဆေးရိုးမှာ မကျီးဒန်၏ စကားကြောင့် ထခုန်မိမတတ် လန့်သွားသည်။ မကျီးဒန်ကို ပါးစပ်အပြဲသားနှင့် ငေးကြည့်လိုက်၏။
“ကျုပ်လည်း မယ်မ ပြောသံ ကြားခဲ့ရတာပဲ။ ဟုတ် မဟုတ်တော့ မသိဘူး”
“အင်း”
ကိုဆေးရိုးမှာ ဘာမှ ပြန်မပြောတတ်တော့ဘဲ ညည်းတွား ငေးစိုက်နေလိုက်ပါတော့သည်။ ဆေးလိပ်မှ မီးခိုးတို့သည် ယှက်လွန့်လိမ်ကွေ့ကာ ပင့်ကူမျှင်များကြားမှ ထန်းရွက်များအကြားသို့ ကူးဆင့်တိုး ဝင်သွားကြသည်။ ကိုဆေးရိုးမှာ မီးခိုးပမာသာလျှင် တွန့်လိမ်ပျံတက်သွားလိုက်ချင်ပါတော့၏။
••••• ••••• •••••
၂
“နက်ဖြန်ဆက်ဆက်နော် ကိုသာနိုး”
ချောစိန်သည် အပ်ချုပ်သမား၏ ကတိကို ထပ်မံ သတိပေးရင်း အိမ်ပေါ်မှ ဆင်းလာရာ အပ်ချုပ်သမား ၏ “အေးပါဟာ၊ စိတ်ချပါ” ဟူသော စကားကိုပင် မကြားခဲ့တော့ပေ။ နွားတွေ ဆာလှရော့မည်ဟူသည့် ကြောင့်ကြမှုက သူ့ကို အတင်းမောင်းနှင်နေသဖြင့် ကပျာကယာ ပြန်လာခဲ့၏။ ဘကြီး ဦးထွန်းမြင့်၏ အိမ်ထဲတွင် လူတွေ အုံနေသည်ကို မြင်ရသောကြောင့် ခဏမျှ ရပ်တန့် ကြည့်နေလိုက်ရာ
“ဟေ့ ချောစိန်၊ ကြည့်ချင်ရင် လာဟေ့”
စိန်နွဲ့ က လူအုပ်ထဲမှ ထွက်လာပြီး ချောစိန်ကို လှမ်းခေါ်လိုက်သဖြင့် ဝင်သွားမိသည်။
“ဟဲ့ ချောစိန်၊ နိုင်လွန်တေလေ။ ညည်းတို့များ ဝတ်လိုက်ရင်အေ။ ဈေးကလည်း ချိုပါဘိသနဲ့၊ အကြွေးလည်း ရသယ်အေ့။ စပါးပေးနဲ့”
ဆေးပေါ့လိပ်ကြီး အငေါ့သားနှင့် ဒေါ်မိုးသူက ဆီးကြိုဆွယ်လိုက်ပြန်သည်။ ဒေါ်မိုးသူ၏ ခင်ပွန်း ဘကြီးထွန်းမြင့်မှာ စာရင်းစာအုပ်ကြီးနှင့် အလုပ်ရှုပ်နေ၏။
“မိညို၊ နင့်ကောက်စိုက်ခတွေ ရှိတယ် မဟုတ်လား။ လက်ငင်းပေးရင် တစ်ဝတ်စာကို ခြောက်ကျပ်တည်းရယ်ဟ။ စပါးပေါ်ပေး ဆိုရင် ငါးတောင်းတောင် ဟဲ့”
“အို ... မှတ်လိုက်ပါ ဘကြီးထွန်းမြင့်ရာ၊ ကောက်စိုက်ခက တခြားဟာတွေ သုံးရဦးမှာ”
“အေးနော်၊ ပေးရတော့မှ ထွေလီကာလီ မများကြနဲ့။ ငါက ကြားက စိုက်ပြီး အာမခံထားရတာ။ တော်တော်ကြာရင် ငါပဲ မျက်နှာပျက်ရမှာ”
ဦးထွန်းမြင့်သည် မျက်နှာကို မော့ပြီး ပြောလိုက်ရာက စာရင်းမှတ်ရမည့် သူများကို လိုက်လံကြည့်ရှုလိုက်၏။
“စိတ်ချပါဘကြီးရာ ကျုပ်တို့က မြေမခံပါဘူး”
“နို့ ဘော်လီလည်း ယူသေးတယ်မဟုတ်လား”
“ဟုတ်တယ် ခုနစ်တောင်းပေါ့”
မြို့မှ အထည်သည်သည် တစ်ဝတ်စာကို ငါးကျပ်ခန့်သာကျသော ဂျပန်နိုင်လွန်တစ်ဝတ်စာကို လက်ငင်း ခြောက်ကျပ်၊ အကြွေးတစ်ဆယ်နှင့် လာရောက် ရောင်းချနေရာ သြဇာ ရှိ၍ စိတ်ချရသော ဦးထွန်းမြင့် ထံမှ တစ်ဆင့် အာမခံ တောင်းယူ ရောင်းချနေသည်။ နောင်ခါပေး တစ်ဆယ် ဟု ပြောသော နိုင် လွန် တစ်ဝတ်စာအတွက် စပါးငါးတောင်းဟု သတ်မှတ်ထား၏။ ငါးမတ်တန် ဘော်လီတစ်ထည်ကို အကြွေး လေးကျပ် ဟု ပြောသော်လည်း စပါးနှစ်တင်း စာရင်းမှတ်လေသည်။ မည်သို့ပင်ဖြစ်စေ တန်သည် မတန်သည် အပထား၍ အကြွေးရခြင်းကိုသာ သိရှိကြပြီး သူ့ထက် ငါ တိုးဝှေ့ ဝယ်ယူနေကြသည်။
“ဘကြီးထွန်းမြင့်၊ ကျုပ်လည်း ပိုးပျော့လုံချည် တစ်ထည်ပါ လိုချင်တယ်တော့။ မှတ်စမ်းပါ မြန်မြန်”
“ဟဲ့ နင်တို့ဘာသာလည်း နင်တို့ မှတ်ဦးနော်၊ တော်တော်ကြာတော့ တိုးမှတ်သလေး ဘာလေးနဲ့”
“ကျုပ်လည်း မှတ်စမ်းပါဦး ခုနစ်တောင်း”
“ကျုပ်က လုံချည်တစ်ထည်။ အင်္ကျီတစ်ဝတ်စာ နဲ့ ဘော်လီတစ်ထည်နော်”
တော၏ သမီးပျိုများမှာ မြို့နေလူတန်းစားများ နည်းတူ နိုင်လွန်ကပ်သင့်လျက် ရှိနေကြ၏။ တစ်ဦး ဝယ်တာ မြင်တော့လည်း အားကျမခံ။ နောင်ရေးကို ဘေးချိတ်လျက် အငမ်းမရဖြစ်နေကြတော့သည်။
“ဘကြီးထွန်းမြင့်၊ ဒါကလေးတွေကကော ဘယ်လိုလဲ”
“ဟဲ့ အဲဒါက တစ်ဝတ်စာကို လေးဆယ့်ငါးကျပ်တဲ့ဟ”
“အမလေး ဝေးပါသေးရဲ့”
ချောစိန်မှာ မြွေကို ကိုင်မိသူအလား တွန့်ခနဲ ဖြစ်သွားရာက လက်ထဲရှိ ဘလက်နိုင်လွန်စကို လွှတ်ချ လိုက်ပြီး ချာခနဲ လှည့်ထွက်လာခဲ့သည်။ သူ၏ နောက်မှာမူ ရမ်းဘိုကုန်းရွာသူတို့၏ အသံသည် စီခနဲ ညံဆူကာ ကျန်ရစ်ခဲ့လေ၏။
“မိန်းကလေးရေ၊ ကောက်ညှင်းဆန်တေကို ရေ စစ်ထားလိုက်ဦးဟေ့၊ နေတစ်ခါတည်း ပြလိုက်ရအောင်”
နွားစာစဉ်း နွားကျွေးအပြီးတွင် နွားတင်းကုပ်ထဲမှ ချွေးတလုံးလုံးဖြင့် ထွက်လာသည့် ချောစိန်မှာ နောက်ထပ် အလုပ်တစ်ခုသို့ ကူးပြောင်းသွားရပြန်သည်။ ကောက်ညှင်းဆန်ကို နေလှန်းထားခဲ့ပြီးလျှင် ချောင်ထဲတွင် စုပုံနေသော သပိတ်စိမ်းများအနားသို့ ရောက်သွားကာ တဲအပြင်သို့ ထုတ်ပြန်၏။ လက်တစ်ဖက်လျှင် သုံးလုံးကျနှင့် တစ်ခေါက်လျှင် ခြောက်လုံး ပါနိုင်သော်လည်း မတော်တဆ ပဲ့ကျသွားမှာ စိုးရသဖြင့် ရင်ဝယ်ပိုက်လျက် တစ်ခေါက်ကို သုံးလုံးကျသာ သယ်ယူနိုင်၏။
“ကဲ မိန်းကလေး ထားခဲ့ဟေ့။ ရေလေး ဘာလေး ချိုးချင်ရင် ချိုးချေဦး၊ အမေ လုပ်လိုက်မယ်”
မကျီးဒန်က မီးဖိုထဲမှ ထွက်လာသည်။ ကိုဆေးရိုး ကို လှမ်းကြည့်လိုက်ရာ မီးအိမ်လုပ်ဖို့ ဝါးတံကလေးတွေ သပ်နေသည်ကို မြင်ရသဖြင့်
“ကိုဆေးရိုး၊ တော့်ဟာတွေ ခဏထားခဲ့ပါဦး။ ထမင်းမစားခင် တိုက်သွင်းလိုက်ကြဦးစို့”
“ဟယ် ညနေ နေအေးမှပဲ အေးအေးဆေးဆေး လုပ်ပါ”
“စကားမများနဲ့၊ လာ ထ”
“ကျီးဒန်ကလည်း ဖက်ဆစ်ဆန်လာပါပကော”
ကိုဆေးရိုးက ပြုံးကာရယ်ကာဖြင့် နေရာမှ ထလာ၏။
“တော် ဘာတေပြောနေတာလဲ”
“ညည်း ငါ့ကို အတင်းအဓမ္မ ခိုင်းနေတာကို ပြောတာ”
“တော်ကော နွားတေကို အတင်းခိုင်းတာပဲ”
“အေးပါ ဝဋ်လည်တာပေါ့။ ထားလိုက်ပါ”
“ကိုဆေးရိုးနော် လိမ်လိုက်လို့ ပြတ်သွားမယ်”
မွန်းတည့်ခါနီးမှ သပိတ်များကို တိုက်သွင်း၍ ပြီးသွားသည်။ တဲအတွင်းမှာလည်း အိုက်စပ်စပ် ဖြစ် လာသဖြင့် ကိုဆေးရိုးက ချောင်းထဲသို့ ဆင်းပြေးတော့၏။
ညနေစောင်းလာသော် သန်ဘက်ခါအတွက် ပြင်ဆင်မှုများကို လှုပ်လှုပ်ရွရွ မြင်နေရသည်။ ဟိုဟိုသည်သည်မှ ပေါင်းချောင် ဆွဲရမ်းငှားလာသူများ၊ ဘုန်းကြီးကျောင်းမှ ဒယ်အိုးကြီးများ ငှားရမ်းလာသူများကို တွေ့မြင်နိုင်သည်။ ချောစိန်တို့သားအမိမှာ ချွေးတဒီးဒီးနှင့် ကောက်ညှင်းဆန် ထောင်းနေကြလေသည်။ ဆန်အကောင်းကို ကွဲကြေစေရန်အတွက် ကျည်ပွေ့ အသေးကို အသုံးပြုရသည်။ လုံးတီးဆန်ကို ဖြူစေလို လျှင် ကျည်ပွေ့ အကြီးကို အသုံးပြုရသည်။ ချောစိန်က မောင်းထောင်း၍ မကျီးဒန်က ဒိုင်းနှင့် မုန့်မှုန့်စဉ်းနေသည်။ ကျည်ပွေ့နှင့် မောင်းခွက်တို့၏ ထိခိုက်သံသည် ခပ်ဆတ်ဆတ် ခပ်သွက်သွက် ပေါ်လာ၏။
“ဆင်ရုပ်ကြီးဟေ့ ဆင်ရုပ်ကြီးဟ”
တစ်ယောက်တစ်ပေါက် အော်သံများကြောင့် ကလေးတွေသည် သစ်ပင်လွတ်နေရာများသို့ ပြေးကြသည်။ လူကြီးများသည် အကြိုအကြားမှ မော့ကြည့်ကြ၏။ ချောစိန်မှာ မောင်းကို ထောက်ထားခိုက်နှင့် ကြုံသဖြင့် ကလေးတွေနှင့် ရောလိုက်သွားကာ မော့ကြည့်သည်။
“ဟော ဟော မှိုင်းတွေ အန်ကုန်ပြီ”
“လောင်ပြီ လောင်ပြီ ဟော ဟော”
မိုးပြာထဲမှ ဆင်ဖြူကြီးသည် မီးတောက်များ ကြားဝယ် ပျောက်ကွယ်သွားလေသည်။ လမ်းပေါ်တွင် ယောက်ျားများသည် ငှက်ပျောရွက်များကို ထမ်းပြီး ဖြတ်သွားကြ၏။
“သာမောင်ရေ ဘယ်က ခုတ်ခဲ့သလဲဟေ့”
“ကွမ်းခြံထဲကဗျို့”
“ကိုဆေးရိုးကော တွေ့ခဲ့လားဟေ့”
“မတွေ့ ခဲ့ဘူးဗျို့”
သည်အနီးအနား တစ်ဝိုက်တွင် ငှက်ပျောရွက်များ ရှားပါးစပြုလာသည်။ ကွမ်းခြံများကလည်း နည်းပါးစ ပြုသည့်ပြင် ငှက်ပျောခြံ ဟူ၍ မည်မည်ရရ မရှိသောကြောင့် နှစ်သစ်တစ်ခါကူးခါနီးတိုင်း၊ ဝါတစ်ကြိမ် ကျွတ်ခါနီးတိုင်း အခါဆွမ်းလောင်းအတွက် မုန့်လုပ်ရန် ဖက်ရှာရသည်မှာ ရမ်းဘိုကုန်းနှင့် ရွာနီးချုပ်စပ်ရှိ ရွာများအဖို့ အတန်ပင် တာဝန်ကြီးလေးလှပေသည်။
“ကိုဆေးရိုး ရောက်ပလား”
“အေးဟေ့ ဖက်ကလေးလေးငါးဆယ် ရဖို့ အရေးဟာ ဖတ်သီကို လန်လို့ပါဟာ”
တဲထဲတွင် ခြေပစ်လက်ပစ် လန်နေရာမှ ကိုဆေးရိုးက ဆီးကြိုပြီး ညည်းသံပစ်လိုက်၏။
“ဘယ်က ရလဲ”
“ပြည်စိုးကုန်းဘက်က ငှက်ပျောခြံတွေကပေါ့ဟာ”
“လူအများ သုံးနေတဲ့အခါမှာတော့ ရှားမှာပဲတော်။ မရှိရှား၊ ပေါများတဲ့”
မကျီးဒန်က မုန့်မှုန့်များကို ဗန်းတစ်ခုထဲတွင် ထည့်၍ ဖြန့်မွှေနေရင်းက ချောစိန်ကို လှမ်းကြည့်လိုက်ရာ ကိုဆေးရိုး၏ လုပ်လက်စ မီးအိမ်ကလေးများကို ကိုင်နေသည်ကို မြင်သဖြင့်
“ဟဲ့ မိန်းကလေး၊ ဘာတေ သွားလုပ်နေတာလဲ။ အမယ် ကလေးကလား ဆော့နေပြန်ပါပြီ”
“အဖေ၊ အဖေ့ဟာတေ မလုပ်တော့ဘူးလား”
“အေးဟ၊ ဟုတ်ပါကော”
ကိုဆေးရိုးမှာ ချောစိန်၏ မေးသံကိုကြားမှ မီးအိမ်ကလေးများလုပ်ရန် ကျန်သေးကြောင်းကို သတိရလာပြီး လှဲနေရာမှ ထလိုက်သည်။
“ကဲ အချိန်သိပ်မရှိဘူးနော် ကိုဆေးရိုး၊ မုန့်နယ်ရဦးမှာ၊ ဖက်ဆုတ်ရအုံးမှာနဲ့။ အိုးကလည်း ဖုတ်ရဦးမှာနော်။ မြန်မြန်လုပ်”
ကိုဆေးရိုးမှာ ပျဉ်ပြားပေါ်တွင် ဝါးတံကလေး လေးတိုင်ကို စိုက်၊ စက္ကူရောင်စုံကလေးတွေ ကပ်ထား သည့် ‘ ကြာအိမ် ’ ကလေး ငါးလုံးကို ကပျာကသီ လုပ်ပြီးလျှင် မုန့်လုပ်ဖို့ စထိုင်ရတော့သည်။
“ကျီးဒန်ရာ နင့်မုန့်က မုန့်ဆီကြော်အလယ်အက် ပြည်ဖျက်မယ့်သား ဖြစ်နေပါဦးမယ်”
“အောင်မယ်၊ ဆန်ကြမ်းကလေး သုံးချိုး တစ်ချိုး ထည့်ထားတာမှ အလယ်အက်ရင်လည်း မတတ်နိုင်တော့ဘူး”
မကျီးဒန်က သရိုးရောင်ဖြင့် နီရဲနေသော ဗျပ်ခွက်တွင်းရှိ မုန့်မှုန့်ပေါ်သို့ ထန်းလျက်ရည်များကို လောင်းချနေသည်။ မနီးမဝေးတွင် ချောစိန်က ငှက်ပျောရွက်များကို အလယ်မှ ဆုတ်ခွာပြီး အဝတ်စုတ် တစ်ခုဖြင့် သုတ်နေ၏။
“မြေပဲဆန်ကောဟေ့”
“လာပြီလေ ယူလာပြီ”
“ဆားကော”
“မထည့်ရသေးဘူး”
ကိုဆေးရိုးက ထိုင်ရာမှ အော်၍ မကျီးဒန်မှာ မီးဖိုနှင့် ကိုဆေးရိုးကြားတွင် ရေထွက်အောင် သွားနေရသည်။ ချောစိန်မှာ ကိုဆေးရိုး မုန့်နယ် မပြီးခင် ဖက်ဆုတ်၍ အပြီး ကပျာကယာ နွားစာရေကို ပြေးရွက် လိုက်ရသေး၏။ စမ်းချောင်းထဲရှိ လက်ယက်တွင်းကလေးများမှာ သဲကြမ်းများ အကြားမှ တသွင်သွင် ယိုစိမ့်နေသည်။ ချောင်းရိုးအတိုင်း တိုက်ခတ်လာသော လေသံသည် နားဝဝယ် ဆူညံနေသည်။ ချောစိန်မှာ ရေမှုတ်ကလေးဖြင့် သဲမှုန့်တွေ မပါအောင် ခပ်ရွရွကလေး ခပ်ပြီး ရေအိုးထဲသို့ ထည့်နေစဉ် နောက်မှ ခြေကိုဖော့နင်းလာသော အသံတစ်ခုကို ကြားရသဖြင့် လှည့်ကြည့်လိုက်မိသည်။
“အို”
သူ့ထံ တစ်လှမ်းချင်း လှမ်းလာသူမှာ သက်အောင် ဖြစ်၏။ ချောစိန်က လှည့်အကြည့်တွင် အပြုံးကလေးနှင့် နှုတ်ဆက်၍ အနားတွင် လာရပ်နေသည်။ ချောစိန် မှာဖြင့် အပြုံးဖြင့် တုံ့လှယ်နိုင်စွမ်း မရှိပါ။ မျက်နှာတွင် စိုးရိမ်ထိတ်လန့်ခြင်းက ခြယ်နေ၏။ ကြွမြူး ကြည်သန့်နေရာက အလိုမကျနိုင်အောင် အိုသွားရသည်။ တစ်စုံတစ်ယောက်များ မြင်တွေ့ သွားသော် ဟူသော စိုးရိမ်စိတ်ကပါ ဝင်ရောက်နေသဖြင့် ကုန်းပေါ်သို့ ခဏခဏ လည်ပြန် ပြန်ကြည့်နေရာက
“အို ... ကိုသက်အောင် သွားပါ။ လူတွေ မြင်ကုန်လိမ့်မယ်”
မည်မျှပင် ချောစိန်က ဂနာမငြိမ် ဖြစ်နေသော်လည်း သက်အောင်၏ အမူအရာဝယ် ရွံ့ကြောက်ခြင်းသို့ မထင်လာပေ။
“ဘာပြုလို့ ကိုသက်အောင်ကို နှင်တာလဲ မချောစိန်”
“လူတေ မြင်ကုန်ပြီး ရွာထဲက လူတွေ သိကုန်မှာ စိုးလို့ပါ”
“ဟဲ ဟဲ ဟဲ”
မူမမှန်သော ရယ်သံကြောင့် ချောစိန်က သတိထား ကြည့်လိုက်မိ၏။ သက်အောင်မှာ အရက်ခိုး၏ တွန်းကန် မွှေနှောက်မှုကြောင့် အခြေမခိုင် ဖြစ်နေသည်။ အသက်တမျှ ချစ်ပါသည်ဆိုသော သူ၏ ချောစိန်အား ဂုဏ်ရည် မညှိုးအောင် စောင့်ရှောက်ရမှန်း မသိရော့ သလား။ တဟဲဟဲ ရယ်သွမ်းသွေးလျက် ချောစိန် အနီးသို့ တိုးကပ်လာသည်။
ချောစိန်မှာ လူတွေ သိမှာကို စိုးရိမ်သည့် စိတ်ကြောင့် ရင်ထဲမှာ တလှပ်လှပ်ဖြစ်နေ၏။
“အို သွားပါ ကိုသက်အောင်ရယ်”
“မသွားဘူး ကိုယ်ချစ်လို့ ကိုယ်လာတာ”
သက်အောင်သည် ချောစိန်၏ လက်ကို လှမ်းဆွဲ လိုက်ရာက ရေတွင်းနှုတ်ခမ်းစပ်ကို နင်းမိသဖြင့် ကမ်းပြိုပြီး ရေတွင်းကလေးထဲသို့ ခြေချော်ကျကာ ပက်လက်လန်သွား၏။ ချောစိန်မှာ စိုးရိမ်ထိတ်လန့်မှုသာ ပြင်းပြနေသဖြင့် တုန်တုန်ယင်ယင် ရေအိုးကို ပင့်ပြီး ကမ်းပေါ်သို့ တက်ပြေးခဲ့သည်။
“မိန်းကလေးရေ လာဟေ့။ တစ်အိုးစာ မရခင် မြန်မြန်ဝိုင်းထုပ်လိုက်ကြဦးစို့ရဲ့”
မုန့်နယ် ပြီးသွားပြီ။ တောင်ဘက်အိမ်မှ မမယ်မကြီးလည်း ကူညီလုပ်ကိုင်ရန် ရောက်ရှိနေသည်။ စောစောက ချောင်းထဲမှာသာ အကွယ်အကာ ကင်းနေသောကြောင့် လင်းရောင်အားကောင်းနေခဲ့သော်လည်း ဒီမှာတော့ မီးထွန်းနေရပေပြီ။
“မယ်မတို့က ဘာမှ မလောင်းတော့ဘူးလား”
“ဘာမှမလောင်းနိုင်ပါဘူးတော်။ ဥပုသ်တောင်မှ စောင့်မှ စောင့်နိုင်မယ် တော်ရေ့”
“အေးအေး နည်းနည်းပါးပါးလည်း ကြိုးစားစောင့်ပါဦးအေ”
မကျီးဒန်သည် မုန့်တစ်ထုပ်စာ ဖက်ကို ဆုတ်လိုက်ပြီး အဝတ်ဖြင့်ပွတ်သပ်လိုက်သည်။ ပန်းကန်ထဲရှိ ဆီကိုလည်း လက်ချောင်းကလေးဖြင့် တို့ယူပြီး ဖက်ပေါ်တွင် ပွတ်သပ်ပေးလိုက်သည်။ ထိုနောက်မှ ထန်းလျက်ရည်ကြောင့် နီနေသော မုန့်ခဲကို ဖက်ပေါ် မှာ တင်၍ လေးဖက် ခေါက်လိုက်သည်။
ချောစိန်မှာ ယခုထက်တိုင် ရင်တုန် မပျောက်သေး။ အမေများ သိသွားသလား ဟူသော အတွေးဖြင့် မကျီးဒန်ကို ခိုးကြည့်သည်။ အမေကတော့ သူ့အလုပ် မှာသာ အာရုံစိုက်နေသည်။ လမ်းမက ကလေးငယ်များ၏ အော်သံဆူသံများနှင့် မီးအိုးဖောက်သံများကို ကြားနေရ၏။
“ထွန်းညို၊ နန့်လှချည့်လား။ ခေါက်လိုက်မယ်နော်”
မမယ်မက အနားတွင် တလှုပ်လှုပ် တရွရွ ဖြစ်နေသော သားငယ်ကို မာန်လိုက်ရာ ချောစိန်က
“အို ရီးမယ်မကလည်း နေပါစေ” ဟု ဝင်ပြောလိုက်သည်။ မမယ်မ၏ သားကလေးမှာ သူ့အမေ၏ မျက်နှာကို မျက်လုံးကလေးပေလျက် မော့ကြည့်နေရာက လက်မှာမူ ဗျပ်ခွက်ထဲသို့ နှိုက်ထားသည်။
အပြင်ဘက်တွင် လပြည့်ဝန်းသည် ထိန်ထိန်သာလျက်ရှိ၏။ ကြည်လင်ပြာလဲ့သော မိုးကောင်းကင် ဝယ် ကြယ်ရောင်များကို ရေးရေးမျှသာ မြင်ရသည်။ တောင်အရပ်မှ မီးအိမ်ပျံတစ်လုံး တက်လာ၏။
“ငါးလုံးတွဲကြီးဟ၊ ငါးလုံးတွဲကြီး”
“ဟ ခြောက်လုံး၊ ခြောက်လုံး”
လူကြီးသံနှင့် ကလေးသံများသည် ဆူညံနေ၏။ အချို့ကလေးများကလည်း မီးပန်းများကို ကိုင်ယမ်း ကခုန်နေကြသည်။ အချို့အိမ်များမှာမူ ကြာအိမ်ကလေးများကို ဝါးတိုင်ကလေးများဖြင့် စိုက်ထူထွန်း ညှိထား၏။ စင်စစ်တော့ ရမ်းဘိုကုန်းရွာကလေး၏ မီးအလှသည် ဖိုးလမင်းကြီးအား အလှပြိုင်နေခြင်းမျှသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်လောက်တုန်းက တစ်ခုသော သီတင်းကျွတ်လ၏ သည်လိုလပြည့်နေ့ ညမှာပင် သာဝတ္ထိပြည်မှ သင်္ကဿနဂိုရ် ပြည်သို့ ပြောင်းရွှေ့သွားနေကြသော လူအုပ်ကြီးကို သည်ဖိုးလမင်းပင် အလင်းရောင် ပေးခဲ့ပေလိမ့်မည်။ ခရီးတာ ယူဇနာအားဖြင့် လွန်စွာဝေးကွာငြားလည်း စန္ဒာရိပ်၏ အေးမြသော ယုယမှုကြောင့် မမောပန်းနိုင်။ အားများပင် ပြည့်သစ်လို့လာခဲ့ကြရကာ၊ ငွေသော်တာ လရထားမှာလည်း ကြယ်တာရာများ ခြံရံလျက် သူတစ်ဦးတည်းသာ အတင့်ကြီး တင့်ခဲ့ရ၏။ ယခုမူ လူသားတို့သည် သူ၏ အလှကို အန်တုနေကြ၏။ လူသားတို့မှာ ပျော်ရွှင်မြူးကာ သံစာစာနှင့် ဝှဲချီးသဘင် မီးပွဲကြီး ဆင်ယင်ခိုက်ဝယ် ဖိုးလမင်းမှာကား နှုတ်ပိတ်လျက် ခပ်မဆိတ် နေရရှာ၏။
“ကိုဆေးရိုး၊ မနပ်သေးဘူးလား ကြည့်ပါဦး”
မကျီးဒန်က ထွန်တုံး၊ ထွန်သန်၊ ထယ်ပေါင်နှင့် ထမ်းပိုးတုံးများကို စောင့်ကြပ်သော နတ်များအား ဆီမီးတစ်ခွက် ပေးအပ်နေရင်းက ကိုဆေးရိုး ဘက်သို့ စကားလှည့်ပြောလိုက်သည်။ ပြီးလျှင် သူ လုပ်မြဲ အလုပ်ဘက်သို့ ပြန်လှည့်လာကာ မြေကြီးက ရွှေသီးအောင် မစပါရန်၊ နွားများ၏ ပခုံးကို မပေါက်မပြဲအောင် စောင့်ရှောက်ပါရန် သက်ဆိုင်ရာ နတ်များသို့ တောင်းပန်ပသနေသည်။
အိမ်ခြံတံခါးဝမှာလည်း မကောင်းသူများကို မောင်းနှင်ပစ်ပါဟုပြောကာ ဆီမီးတစ်ခွက် ပသပြန် ၏။ တဲပေါ်သို့ တက်သော ကျောက်ပြားကြီးကို တစ်ခွက်၊ လှည်းတွင် တစ်ခွက်၊ နွားတင်းကုပ်ထဲတွင် တစ်ခွက်၊ အဝတ်ထည့်သော ဖာအနီးတွင်တစ်ခွက်၊ ဖိုခုံ လောက်တွင် တစ်ခွက်၊ နွားစာစဉ်းသော နန်းတိုင်တွင် တစ်ခွက် ပူဇော်ဆုတောင်းပြီးသည့်နောက် မုန့်ပေါင်းရာ နေရာသို့ ပြန်လှည့်လာသောအခါ ကိုဆေးရိုးကို ကုန်းကုန်းကြီး မြင်ရ၍ “ဘာလုပ်နေတာလဲ ကိုဆေးရိုး” ဟု မေးလိုက်၏။
“မုန့်တေ ကောင်းကောင်းမနပ်လို့ဟ”
“ဟောတော်”
မကျီးဒန်သည် ကိုဆေးရိုးလက်မှ မုန့်ထုပ် တစ်ထုပ်ကို ဖြေကြည့်ပြီးနောက် အော်လိုက်လေသည်။
“ဪ ထွန်းညို၊ ထွန်းညို။ စောစောတုန်းက မုန့်တေ နှိုက်ယူနေတာ မြင်တယ်။ ပိတုံးပေါက် ရှာစမ်းပါ ကိုဆေးရိုး၊ ပိတုံးပေါက် ရှာစမ်းပါ”
မကျီးဒန်သည် ပျာပျာသလဲနှင့် မီးခွက်ကြီးကို ဆွဲယူကာ တဲတံစက်မြိတ်၏ အခြင်ဝါးများကို မီးခွက်ဖြင့် လျှောက်ကြည့်နေရာက
“ဟော တွေ့ပြီ၊ ဟောဒီမှာ။ ပိတုံးပေါက်ကို မုန့်တွေနဲ့ပိတ်ထားတာ ဘယ်မှာ နပ်ပါ့မလဲ”
မကျီးဒန်က ဝါးလုံးခေါင်းတွင်းရှိ မုန့်ခဲများကို ကော်ထုတ်ယက်ချပစ်လိုက်သည်။ သို့ရာတွင်
“ဟယ် နင့်ဘကြီး ပိတုံးပေါက်လား။ ဒီမှာ ကြည့်စမ်း၊ ခါးမပန်းဘဲ ပေါင်းနေတာ။ ဘယ်တော့ နပ်ပါ့မလဲ”
ပေါင်းခံအိုးတွင်းမှ ရေနွေးငွေ့များသည် ပေါင်းချောင်နှင့် ပေါင်းခံ၏ ကြားမှ တိုးထွက်နေ၏။ ကိုဆေးရိုးက အဝတ်စုတ်ကို ရေဆွတ်ပြီး ပတ်နေလေသည်။
“ဟေ နိမ့်နိမ့်ကလေးရယ်ဟ။ တက်လာပြန်ပြီ”
ဝတ်ကျောင်းရှေ့တွင် စုအုံနေသော ကလေးအုပ်ကြီး၏ ရုတ်တရက်အော်သံသည် ဝတ်ကျောင်းပေါ်ရှိ လူကြီးများအား ဣန္ဒြေ ပျက်သွားစေသည်။ တောင်ဘက်မှ တက်လာသော မီးပုံးပျံတွင် မီးအိမ်ကလေးများ ဆယ်ခုခန့် တွဲလောင်းပါလာ၏။ ရွာ၏ တောင်ဘက် ရှိ ထန်းတောနှင့် ငြိပြီး တွဲလောင်းကလေးများ ပြုတ်ကျ မီးလောင်ကျန်ရစ်ခဲ့သည်။ မီးပုံးပျံကြီးသည် ရမ်းဘိုကုန်းရွာဘက်သို့ ထိုးတက်လာစဉ် မီးပုံးပျံကြီး ထဲတွင် တပ်ဆင် လွှတ်လိုက်သော ဗြောက်အိုးများက တဖြောင်း ဖြောင်းအသံပေးလျက် လိုက်ပါလာ၏။
“ကျတော့မယ်ဟေ့၊ ကျတော့မယ်”
ရွာခံကာလသားအုပ်ကြီးသည် မီးပုံးပျံ ကျလောက် မည့်နေရာသို့ တင်ကြိုပြေးသွားကြသည်။ မီးပုံးပျံကြီးသည် ရွာပေါ်အရောက်တွင် ရုတ်တရက် မီးလောင်ပြီး ချောင်းပြင်ထဲသို့ ထိုးကျသွားလေ၏။
“လောင်သွားပြီဟေ့။ ဟေး .. လောင်သွားပြီ”
ရွာ၏ အပြင်ဘက်ရှိ လှည်းလမ်းတွင် ကျန်နေခဲ့သော ကာလသားတစ်သိုက်၏ ညာသံပေးသံသည် ချောစိန်တို့၏ အိမ်ဝင်းထဲသို့ တိုးဝင်လာလေသည်။ သည်အသံနှင့် မရှေးမနှောင်းပင်
“ဗြောင်း၊ ဖြောင်း၊ ခွပ်ခွပ်... အမယ်လေးဗျ၊ အမယ်လေးဗျ” ဟူသော လူတစ်ယောက်အား ရိုက်သံ နှင့် အော်ဟစ်သံတို့ ထွက်ပေါ်လာကာ
“ဟေ့ တော် တော်။ လာ၊ လက်လွန်ကုန်မယ်” တစ်စုံတစ်ယောက်၏ ခပ်အုပ်အုပ် ပြောသံနှင့်အတူ ရွာစည်းရိုး၏ ဆူးချုံကို တိုးဝှေ့သံ၊ နင်းဖိသံများကို ကြားရသည်။
" ဘုရား ဘုရား။ ကိုသက်အောင်ရဲ့ အသံထင်ပါရဲ့။ ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ”
ချောစိန်မှာ အသံလာရာဘက်သို့ လည်တိုင်ကလေး ဆန့်ငင်မျှော်ရင်းက ရင်ကလေးကို လက်ဝါးဖြင့် အုပ်ထားရရှာသည်။
“လုပ်လိုက်ကြပေါ့ကွာ။ တို့က လူနည်းတော့ ခံရတာပေါ့။ သူငယ်ချင်းသက်အောင် သက်အောင်”
“ဟဲ့ဟဲ့ မောင်သန်းဖေတို့ပါလား။ အို ... မောင်သက်အောင်လည်း သွေးတွေနဲ့ပါလား။ ဖြစ်မှ ဖြစ်ရလေကွာ”
ဝတ်ကျောင်းပေါ်မှ လူကြီးများသည် မှန်အိမ်ကလေးကို ဆွဲကိုင်ပြီး ရောက်ရှိလာကြသည်။
“မင်းက မောင်တင်ထွန်း မဟုတ်လား။ ကဲကဲ ပွေ့ခဲ့စမ်း၊ စိတ်မကောင်းစရာကြီးပါလားကွယ်”
“ကိစ္စမရှိပါဘူး ဘကြီး။ ကျေးဇူးတင်ပါတယ်”
မောင်တင်ထွန်း ဆိုသူသည် သက်အောင်ကို ထူပွေ့ရင်း မချိသွားဖြဲဖြင့် ပြောလိုက်၏။
“အို ဘယ်ဟုတ်မလဲကွယ့်၊ ဆေးလေး ဘာလေး ထည့်ပေးပါရစေဦး။ ပြီးရင် ဘကြီးတို့က လှည်းနဲ့ လိုက်ပို့မှာပေါ့”
“တော်ပါပြီ ဘကြီး။ ကျေးဇူးတင်ပါတယ်”
မောင်တင်ထွန်း ဆိုသူနှင့် မောင်သန်းဖေ ဆိုသူတို့သည် သက်အောင်ကို တွဲခေါ်သွားကြလေသည်။
ဝတ်ကျောင်းမှ ကြေးစည်သံ ချိုချိုလွင်လွင်ကလေးသည် ပြန်လည်ထွက်ပေါ်လာပြန်၏။ ကာလသားတို့၏ နှဲသံကြီးသည် ကြက်အော်သံကြီးလိုလို ရောယှက်ထွက်ပေါ်လာလေသည်။ ဝတ်ရွတ်သံကို နားထောင်ရန်နှင့် ရောနှော ဝတ်တက်ရန် လာကြသူများမှာလည်း တဖွဲဖွဲနှင့် ရောက်ရှိလာကြ၏။
“အင်း မူးမူးရူးရူးနဲ့ အပြောအဆိုတွေ မှားကြ ထင်ပါရဲ့ကွာ”
ဖိုးသာမြသည် လက်ဝါးတံဆိပ် မီးအိမ်ကလေးကို ငြှိမ်းသတ်လိုက်ပြီး တိုင်တစ်တိုင်ကို မှီချရင်းက ထင်မြင်ချက်ပေးလိုက်သည်။
“အေးလေ၊ လူငယ်တေဆိုတော့ ဒီလိုပဲဗျ”
ကိုပိတ်စက ပြန်ပြောလိုက်ကာ ဝတ်ကျောင်း ရှေ့သို့ ခေါင်းမော့ကြည့်လိုက်ပြီး
“ဟေ့ဟေ့ ဒေါင်းညို၊ လာပါဦးကွ” ဟု လှမ်းခေါ်လိုက်ရာက “နေပါဦးကွ၊ ဘာကစ ဘယ်လို ဖြစ်တာလဲ။ မင်းကလည်း ကာလသားခေါင်း လုပ်နေပြီး နည်းနည်းပါးပါးများ ထိန်းဦးမှပေါ့” ဟူ၍ မေးမြန်း အပြစ်တင်သော စကားကို ဆက်လက်ပြောဆိုလိုက်လေ၏။
“အော် … ရီးပိတ်စကလည်း ကျုပ်ကိုချည်း အပြစ်တင်နေတာကိုးဗျ။ ဧည့်သည်က ဧည့်သည်လို မနေတော့ ကောင်လေးတွေကို ကျုပ်က ထိန်းမထားရဲဘူး ခင်ဗျ”
“သူတို့က ဘာတွေ လွန်လို့လဲကွ”
ကိုဆေးရိုး၏ မေးသံဖြစ်၏။
“အိုဗျာ ကောင်မလေးတွေ ရေခပ်သွားတာကို လိုက်ပြီး လက်ဆွဲတာတို့၊ အတင်းစကားလိုက်ပြောတာတို့ပေါ့ဗျ”
“ဘယ်လို ဖြစ်ကြတာလဲကွ”
“စောစောကတော့ ရိုးရိုးပဲ မီးပုံးပျံ လိုက်ကြတာပါပဲ။ မီးပုံးပျံနောက်ကို ပြေးလိုက်ရင်းက သက်အောင်တို့ သုံးယောက်ကို လမ်းမှာ သွားတွေ့တော့ ရှောင်ပြီး တက်သွားကြတာ။ အဲဒါကို သက်အောင်က နွားတွေ ခြံထဲက ထွက်လာပြီဟေ့တဲ့။ အဲဒါ ကြားတဲ့ ကောင်တွေက တစ်အုပ် ခွဲနေခဲ့ပြီး ရိုက်တာပါပဲဗျာ။ သွားကြားရိုး ညပ်တို့ ဘာတို့လည်း ပါတာပေါ့”
တောင်ပိုင်းမှ ဒိုးပတ်သံသည် တဖြည်းဖြည်း နီးလာလေသည်။ ဝါးလိုက်သံများက ဗုံသံထက်ပင် ကျယ်လောင်နေသေးသဖြင့် လူမည်မျှ များသည်ကို အကဲခတ်နိုင်ပါ၏။
“ပန်းဟေဝန် ပုစွန်နှစ်ခွေ မျှော်လေယောင်”
“မင်းအမေကြီး ပုစွန်နှစ်ခွေလားကွ၊ ကြက်သုံး ကောင်”
“ပန်းဟေဝန် ခုနစ်ထွေ မျှော်လေယောင် ညိုပြာရီ မှောင်”
ဒိုးပတ်သံ မြိုင်မြိုင်ဆိုင်ဆိုင်အတွင်းမှ ညာသံများ ကလည်း ကြောက်ခမန်းလိလိ ထွက်ပေါ်လာကာ ဝတ်ကျောင်းကလေးအနီးသို့ ကပ်လာလေရာ
“ဒိုးပတ်သံနဲ့ ဘုရားဝတ်တက်သံနဲ့တော့ကွာ ဒုက္ခပါပဲ”
ရွာရိုး လျှောက်ပြီး ဆီမီးခွက်တွေ လိုက်မှုတ်ကာ ခိုးယူခြင်းဖြင့် ပျော်ရွှင်နေကြသော ကလေးအုပ်ကြီးမှာလည်း ဒိုးပတ်ဝိုင်းကို တပ်ကြီးဖွဲ့လျက် ဝန်းရံလိုက်ပါကြလေသည်။
“ဟေ့ လာကြ၊ လာကြ။ ချင်းသုပ်စားလှည့်ကြ”
ဖိုးသာမြက ချင်းသုပ် ဇလုံကြီးကို မြှောက်ပြသည်။ ဝိုင်းတော်သားများက အတီးကို မရပ်ရုံသာမက ဘယ်သံမြိုင်မြိုင်နှင့် လွင်ကွင်းကြီးကိုပင် တိုး၍ ရိုက်ခတ်နေ ပြန်လေသေး၏။ ကလေးတွေကလည်း စည်းမကျ ဝါးမကျနှင့် အော်ဟစ် ဆူညံလျက် လက်ခုတ်တီးပေးနေကြလေသည်။ သာယာသော ငွေလရောင်အောက်တွင် မီးသဘင်ကြီး ထိန်ထိန်ငြီးအောင် ဆင်ယင်နေ ကြခိုက်ဝယ်၊ လယ်၏ သားတို့သည် ဆီထိဂွမ်းလို ချမ်းမြေ့နေကြလေသည်။ လယ်၏ သမီးတို့မှာမူ ခက်တရော် မာကြမ်းသော ဘဝလမ်းကိုပင် မေ့လျော့နေကြကုန်၏။
••••• ••••• •••••
၃
တစ်မှေးလောက်သာ အိပ်လိုက်ရသည် ထင်၏။ မကျီးဒန်၏ နားထဲသို့ ကာလသားတစ်သိုက်၏ နရည်းသံက ဝင်ရောက် နှိုးဆွနေသဖြင့် စိတ်ညစ်ညူးလှစွာ ထလိုက်ရလေသည်။
“ရွှေဘုန်းတော် တိုးပါလို့၊ ဖြိုဖြိုးငယ်မှဝေဝေ၊ မင်းမင့်”
အပြင်ဘက်တွင် ငွေလရောင်သည် ပပဝင်းနေ၏။ ပုလဲငွေရည်ရိပ်တို့သည် ဖိတ်လက်နေကာ နရည်းသံမှ တစ်ပါး ဆိတ်ငြိမ်နေသည်။ ရွာတောင်ဘက် ထန်းတောထဲမှ လင်းဆွဲကိုက်သံများသည် တစ်ချက်တစ်ချက်တွင် လေဟုန်ဖြင့် ပါလာသည်။
“ဆေးရိုးတို့ မထကြသေးဘူးလားဟေ့”
မကျီးဒန်တို့သည် ညကသိုဏ်းဖြင့် မေ့လျော့တန့်မောနေရာက ဘကြီးသာမြတ်၏ အော်ခေါ်သံကြောင့် သတိရလာကာ
“တော် နိုးပါပြီ”
“အေးဟေ့ ဆွမ်းချက်ဖို့ အချိန်တော်ပဲဟ”
မကြာမီ ကိုဆေးရိုးပါ နိုးလာကာ ဆွမ်းချက်သော ပြည်ဝင်အိုးကြီး၏ ဘေးတွင် ရေနွေးအိုးကလေးကို ကပ်ထားလိုက်၏။
“ကနေ့ ဥပုသ်စောင့်မယ် မဟုတ်လား”
“မသိသေးပါဘူးဟာ”
“ကဲ မသိသေးရင်လည်း ဆွမ်းအိုး ကြည့်လိုက်ဦး”
အရှေ့အရပ်ဝယ် နီရဲသော အရုဏ်ရိပ်များသည် ပျောက်လိုက် ပေါ်လာလိုက်နှင့် အရုဏ်သုံးကြိမ် စေ့သွားပေပြီ။ အရုဏ်သုံးတန်၏ ကြားဝယ် အမှောင်ရိပ်များက ဝင်ရောက် ကတ္တားခြားပေးသည်။ လင်းခါနီးတွင် ပို၍ မှောင်လာ၏။
ဝတ်ကျောင်းမှ ကြေးစည်သံများကလည်း နေ့သစ်ဦး၏ နိဗ္ဗာန်တေးကို ဆော်ကြွေးနေလေသည်။ အရုဏ်ဆွမ်းကပ်များ၏ ဆီမီးရောင်သည် ဝတ်ကျောင်း တစ်ခုလုံးဝယ် ထိန်လင်းနေပေ၏။ အချို့မှာမူ သုတ်သီးသုတ်ပျာ ရောက်ရှိလာပြီး သုတ်သီးသုတ်ပျာနှင့် ပြန်ပြေးကြလေသည်။
“ဘုန်းကြီးတေ ကြွလာပြီဟေ့”
ရွာထိပ်မှ အော်ဟစ်သံသည် တစ်အိမ်မှ တစ်အိမ်သို့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အော်ဟစ်လျက် တစ်ရွာလုံးသို့ ပျံ့နှံ့သွားလေသည်။ တစ်ရွာလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကာ
“သံဃာတော်တေကြွလာတာ စောတာကိုး”
“ဒီမှာ ခုမှ ဆွမ်းအိုး ငှဲ့ရတယ်”
“မီသမျှပဲ လောင်းတာပေါ့ဟယ်”
“ကိုဆေးရိုးရေ မြန်မြန်တော်ရှေ့၊ မြန်မြန်လာ။ ကြွလာကုန်ပြီ”
မကျီးဒန်က မစင်လင်းသေးသော မှောင်ရီရိပ်ဝယ် တရွေ့ရွေ့ ကြွလှမ်းလာသော သံဃာတော်များကို ခပ်ဝါးဝါး မြင်ရလျှင်ပင် အိမ်တွင်းသို့ အသံပေးလော ဆော်လိုက်ရာ
“အေးပါဟ လာပါပြီ။ ဟာ ... အရေးထဲမှာ ဒီ လက်ခုက ဘယ်များ ရောက်နေပါလိမ့်”
ဆွမ်းငွေ့က ပူ၊ ဆွမ်းအိုးကြီး မနိုင့်တနိုင်နှင့် ခွဲတောင်းထဲသို့ လောင်းချလိုက်သည်။ မျက်နှာသို့ လာရောက် ဟပ်သော အငွေ့များကို တဖူးဖူး မှုတ်ပစ်နေရသည်။
“ကိုဆေးရိုး လာလာ”
မကျီးဒန်၏ အပါးသို့ ကိုဆေးရိုး ရောက်သွားသောအခါတွင် သံဃာတော်များ ကြွရောက်လာနေပြီ ဖြစ်သဖြင့် ကိုဆေးရိုးမှာ အမောမျှပင် မဖြေအားဘဲ ဆွမ်းကို လက်ဖက်ရည်ပန်းကန်ဖြင့် ခပ်လိုက်ရလေသည်။
“ဖြည်းဖြည်းကြွဘုရာ့၊ ဖြည်းဖြည်းကြွပါ”
ကိုဆေးရိုးက ဆွမ်းမခံဘဲ ကြွသွားမှာ စိုးရိမ်သောကြောင့် ဆွမ်းငွေ့ တထောင်းထောင်းကို ပါးစပ်ဖြင့် မှုတ်နေရင်းက အော်နေရ၏။
မကျီးဒန်က ဇလုံကြီးထဲမှ မုန့်ဖက်ထုပ်များကို တစ်ထုပ်စီလောင်းရင်း ကိုဆေးရိုးကို စောင်းငဲ့ကြည့်လိုက်ရာ ကိုဆေးရိုးမှာ အပူအလောင်ဒဏ် ခံနေရသည်ကို မြင်ရသဖြင့်
“ပူရင် ချထားလိုက်ပါဦးလား ကိုဆေးရိုးရ”
“ဟယ် ဒါလောက် ပူရုံနဲ့ မသေပါဘူး။ မိန်းကလေးရေ ... ဆွမ်းယူခဲ့ပါဦးဟေ့”
အချို့ကျောင်းသား ခပ်ညစ်ညစ်များသည် အမှောင်ရိပ်ကို အားကိုးပြီး လုံချည်ကြီးကို ခြုံကာ ဘုန်းကြီးများ ကြားမှ ညပ်လျက်ပါလာကြသည်။
“ဒီဦးပဉ္စင်းက ဘိုကေကြီးနဲ့ပါကော”
ဆွမ်းလောင်းသူက သည်လို အော်လွှတ်မှသာ ထွက်ခွာသွားကြသည်။ တချို့တလေလည်း ယောင်မှားပြီး လောင်းလိုက်မိကြ၏။ ရဟန်းတော်များ၊ သာမဏေများ၏ သပိတ်ထဲတွင် ဆွမ်းနှင့် မုန့်များ ပြည့်လာလျှင် အရံလိုက်ပါလာသော ကျောင်းသားကြီးများ၏ တောင်းထဲသို့ လောင်းထည့်ပေးရသည်။ တောင်းထမ်းသော ကျောင်းသားများ၏ အော်ဟစ်ခေါ်အော်သံများကလည်း ဆူညံနေပြန်၏။
“ကိုဆေးရိုးရေ၊ ဘုန်းကြီးတေ ပါးသွားတုန်းမှာ တန်းလျားကလေး ပြေးယူလိုက်ပါဦး။ ခဏတစ်ဖြုတ် နားရထိုင်ရတာပေါ့”
ကိုဆေးရိုးက အိမ်ထဲသို့ ကပျာကယာ ပြန်ပြေးပြီး တန်းလျားကို ယူလာသည်။ သံဃာတော်များမှာ စောစောကလို တစ်တန်းကြီး မဟုတ်တော့ဘဲ တစ်ပါးစ နှစ်ပါးစ ပြတ်တောင်းပြတ်တောင်း ကြွလာနေကြသည်။
“အမေ၊ ကိုရင် မကြွလာသေးဘူးလား”
“အေးဟဲ့။ မလာသေးဘူးထင်တာပဲ မိန်းကလေးရဲ့”
ချောစိန်က သနပ်ခါးအဖွေးသားနှင့် ထွက်လာကာ မကျီးဒန်အနားသို့ ကပ်လာ၏။ သူ၏ လက်ထဲတွင် အငွေ့ တထောင်းထောင်းနှင့် ဆွမ်းဇလုံကြီး ပါလာကာ လက်ခံဆွမ်းတောင်းကြီးထဲသို့ လောင်းချလိုက်၏။
“ဟောဟော ကြွလာပြန်ပြီဟေ့။ ကျီးဒန် မုန့် လောက်ပါ့မလားဟ၊ စောစောက သွားယူထားရအောင်”
“လောက်တယ် လောက်တယ်။ ရှစ်ဆယ်လောက် ရှိသေးတယ်”
“အဖေ၊ ကျုပ် လောင်းဦးမယ် ပေးပေး”
ချောစိန်သည် ကိုဆေးရိုး၏ လက်ထဲမှ ဆွမ်းတောင်းကြီးကို တန်းလျားပေါ်သို့ ပြန်ချပြီး ဇလုံဖြင့် ကဲ့ယူကာ လက်တစ်ဖက်ဖြင့် ကိုင်၍ ကြွလာဆဲ သံဃာတော်များကို စောင့်ဆိုင်းနေသည်။ အလင်းဓာတ်အား ကောင်းနေပြီ ဖြစ်သဖြင့် တင့်တယ်သပ္ပာယ်စွာ ကြွလှမ်းလာသော သံဃာတော်အရှင်မြတ်များကို ဖူးမြင်ရသည်မှာ ဟဒယနှလုံးအိမ် အေးစိမ့်ကြည်နူးနေ၏။
“နေမြင့်လှချည်လား ဘုရာ့”
ကိုဆေးရိုးက ဘေးမှနေပြီး ခပ်ယို့ယို့ကလေး မေးလိုက်ရာ
“ဟုတ်တယ် ဒကာကြီး။ ဘုန်းကြီးကလည်း မျက်စိနည်းနည်းသီနေတော့ ဝေးလည်း မဝေးဘူး ဆိုပြီး လင်းမှပဲ ကြွလာခဲ့တယ်”
“တင်ပါ့ဘုရား၊ ကောင်းပါတယ်”
ကိုဆေးရိုးသည် ခပ်ပြုံးပြုံးဖြင့် ပြန်လည် လျှောက်ကြားရာက လွန်သွားသော သံဃာတော်မြတ်များကို ကြည်ညိုစိတ်ထက်သန်စွာဖြင့် လှမ်းမျှော် လိုက်လံ ကြည့်ရှုနေမိသည်။ သူ့ရင်ထဲဝယ် ပီတိလှိုင်းသည် တဖျပ်ဖျပ်ခတ်နေခဲ့လေသည်။
“ဟာ ကိုရင် လာပြီ အမေရဲ့”
ကိုရင်ဘညိန်းသည် အနည်းငယ်မျှသာ အမိနှင့် အဖကို မော့ကြည်ပြီးနောက် မျက်လွှာကို ပြန်ချသွားသည်။ သင်္ကန်းသွေးတက်လျက် ဝါဝင်းနေသည့် အသားအရေ၊ ပြည့်ဖြိုးနေသော ကိုရင်၏ ကိုယ်ကာယမှာ တောက်ပစိုဝင်းနေသည်။ မကျီးဒန်သည် သားအား မဝသော ကြည့်ခြင်းဖြင့် ကြည့်ရာက
“ကိုရင်၊ နေမြင့်လှချည်လား”
“အင်း၊ ဟုတ်ကဲ့”
ကိုရင်သည် တစ်ခွန်းမျှသာ ခွန်းတုံ့ပြန်ပြီး ဆက်လက် ကြွသွားလေရာ ချောစိန်က “ကိုရင့် အသားကလေးတွေက ဝင်းနေတာပဲနော် အမေ” ဟု ပြောလိုက်သည်။
“ဒီနှစ်တော့ နှစ်တိုင်းထက် များသဟေ့”
“ဘယ်နှပါးလဲ အဖေ”
“သုံးရာနဲ့အစိတ် ရှိတယ်”
ကိုဆေးရိုး၏ အဖြေသည် အရေးကြီးသောအချက် တစ်ရပ်ပင်ဖြစ်သည်။ သင်္ကြန်တွင်း ဆွမ်းလောင်းချိန် မှာလည်း ပထမနေ့တွင် သံဃာတော် ဘယ်နှပါး ကြွ လာသည် ဆိုတာကို မှတ်ထားပြီး နောက်တစ်နေ့ အတွက် ဖယ်လှပ်ထားကာ ကျန်သည့် မုန့်များကို တစ်ရွာလုံးသို့ လိုက်လံဝေငှလေသည်။ တစ်ရွာလုံးရှိ မုန့်လုပ်သော အခြားအိမ်များကလည်း သည်လိုပင် လိုက်လံဝေငှသောကြောင့် ရေများရာတွင် မိုးရွာသည်သို့ ရှိ၏။
“ကိုဆေးရိုးရေ လာတော်ရေ့”
မကျီးဒန်သည် ဇလုံကြီးကို ရွက်လျက် အိမ်ထဲသို့ ဝင်လာရင်းက ကိုဆေးရိုးကို အော်ခေါ်လိုက်သည်။ မကျီးဒန်၏ ဇလုံထဲတွင် အိမ်မှ ထွက်သွားစဉ်က ပါသွားသော မုန့်များ၏ နေရာတွင် တစ်ရွာလုံးမှ မုန့်များကပါ ဝင်လိုက်ပါလာသည်။
“မိန်းကလေးကော”
“လာပြီ အမေရေ”
သားအမိသားအဖ သုံးယောက်သားသည် မုန့်များကို မြည်းစမ်းကြည့်နေကြ၏။
“ဟောတာက ကိုသာဖန်တို့ အိမ်က။ ကောက်ညှင်း နည်းနည်းများသွားတယ် ထင်တယ်၊ စားကြည့်စမ်း ကိုဆေးရိုး”
“အမေ၊ ဟောဒီ မုန့်ဖက်ထုပ်အဖြူက အဆာလည်း နည်းနည်းလေးရယ်”
သားအမိ သားအဖ တစ်တွေသည် အိမ်အသီးသီးမှ မုန့်များကို မြည်းစမ်းကြည့်ရင်းက အကောင်းအဆိုးကို ဝေဖန်နေကြရာက မကျီးဒန်သည် ကိုဆေးရိုး ဘက်သို့ ခါးကို ကိုင်းလိုက်ကာ
“ကဲ ဥပုသ်စောင့်မယ် မဟုတ်လား”
“မစောင့်နိုင်သေးပါဘူးဟာ”
“ဟင်”
မကျီးဒန်က ကိုဆေးရိုးကို နားမလည် စွာဖြင့် ငေးကြည့်နေသည်။
“လယ်တွေမှာ ရေ မရှိဘူးဟ။ အခါကြီးရက်ကြီး သူများ မယူတုန်းမှာ ကိုယ်က ယူထားရတာဟ။ နင်ကကော ကနေ့ သပိတ်ယူမယ့် ဖောက်သည်ကို သပိတ်တွေ အပ်ရဦးမှာ မဟုတ်လား။ နက်ဖြန်ကျမှ စောင့်တာပေါ့ဟာ”
“အင်း”
မကျီးဒန်၏ ညည်းညူ သက်မချသံသည် နှစ်တွေ အလီလီ ဆုံး၍ ဝါတွေ အလီလီ ကျွတ်ခဲ့သော်လည်း ဥပုသ်တောင်မှ ဖြောင့်ဖြောင့် မစောင့်နိုင်သော သည်ဘဝမွဲမှ ဘယ်တော့များ ကျွတ်ပါမည်လဲ ဟူ၍ ရော်ရမ်းခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်သာတကား။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment