❝ သာသဘင် ဝါကျွတ်ပွဲပေမို့ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁။
“ဝါကျွတ်ပြီ ဆိုခါမှ …… ဆေးရိုးရ၊ မင့်လယ်ကွက်တွေက သင်္ကန်းဝတ်နေပါပြီကောကွ”
“အေးပေါ့ကွာ။ ပဗ္ဗဇ္ဇိတဘာဝေါ ဒုလ္လဘောလို့ ဆိုသကိုး။ ကြုံတောင့်ကြုံခဲ ... သီတင်းကျွတ်မှ စိုက်တော့ ... ငါ့ကောက်ပင်တွေဟာ ဘယ်ဘုန်းကြီးဆီမှ သင်္ကန်းမတောင်းဘဲနဲ့ သာမဏေ ဖြစ်လာရတာပေါ့ကွာ ဟားဟား”
အဖြစ်မှာတော့ ခြားနားချက်က ရှိနေလေသည်။ ကိုဆေးရိုးမှာ တကယ့်သာမဏေ ဖခင်ကြီးသာ ဖြစ်ပါမူ ထိန်ဝါရောင်လျမ်း မြတ်သင်္ကန်းကို ရုံထားသော သာမဏေကို ကြည့်ပြီး ရွှင်တပြုံးပြုံး ရှိနေပေလိမ့်မည်။ ယခုမူကား … “နှမ်းကောင်းရင်တော့ လယ်စရိတ် ဖာတန်ကောင်းရဲ့” ဟူသော အားထားချက်ဖြင့် နှမ်းကြဲခဲ့သော အကောလယ်များက ထင်သလောက် မကောင်းခဲ့ပေ။
မားခနဲ မားခနဲ နေ့ချင်းညချင်း ထိုးတက်လာသော နှမ်းပင်ကြီးများက ကိုဆေးရိုး၏ ဟဒယအိမ် ဆီစိမ်ပေးသကဲ့သို့ ရှိခဲ့၏။ အရွက်ဖားဖား ရိုးတံကားနှင့် မဲတက်နေသည့် နှမ်းခင်းကြီးကို ကြည့်ကာနှင့် အကျင့်ပါနေပြီဖြစ်သော နွားမောင်းနေကျ ပါးစပ်မှ သက်မဲ့ နှမ်းပင်များကို သော်မှ “ကြိတ်လိုက်ကြပါလား သားကြီးတို့ရ” ဟု အားရပါးရ ရေရွတ်အားပေးခဲ့မိသည်။
သို့သော် သက်မဲ့နှမ်းပင်များက ကိုဆေးရိုး အားပေးအားမြှောက်ပြုလို့လည်း မြောက်ကြွသွားသည် မဟုတ်။ သူ့သဘာဝနှင့် သူသာ စည်ပင်ထွားကြိုင်းခွင့် ကြုံ၍ တစ်ရှဉ်းပြီး တစ်ရှဉ်း တက်၍တက်၍ ထွားကြိုင်းလာခဲ့သည်ကိုပင် ကိုဆေးရိုးမှာ အားတက်ရွှင် မြူးသောစိတ်နှင့် နှမ်းပင်ကလေးတွေကို တစ်ပင်ပြီး တစ်ပင် ပွေ့ဖက်ယုယလိုသော မေတ္တာစိတ်က တဖွားဖွား ပေါ်ပေါက်လာရလေ၏။
သို့လျှင် တစ်ပင်ကို အနည်းဆုံး ဆယ်ရှဉ်းတော့ တက်ရမည်ဟု မှန်းထားခိုက်မှာမှ အဟုန်ပြင်းစွာ စီးဆင်းလာသော ရေကို နတ်တန့်လိုက်သလို နှမ်းပင်များမှာလည်း မမျှော်လင့်ဘဲနှင့် လေးရှဉ်းတွင် တန့်သွားကာ ပွင့်နီကပ်၍ ကပ်၍ ကြွေကျခဲ့ရသည်။ နှမ်းပွင့်ကလေးများ ပွင့်နီကပ်ပြီး ကြွေကျသည့်နည်းတူ ကိုဆေးရိုး၏ ရင်ဝယ် အိမ်ဖွဲ့နေသော မျှော်လင့်ချက် ရိပ်ငြိမ်သည်လည်း တစ်ဖတ်စီ တစ်ဖတ်စီ ကွာကျသွားလေသည်။
“ကျုပ်တော့ မကြုံဖူးပါဘူး ရီးဖိုးကောင်းရယ်။ ဘယ့်နှယ်ဗျာ ... ထိုးတင်လိုက်သလို တက်လာလိုက်တာ ... အနည်းဆုံး ဆယ်ရှဉ်းတော့ တက်မှာပဲလို့ ထင်နေတုန်း ဗြုန်းခနဲ တန့်သွားတာပဲဗျ”
ဘကြီးဖိုးကောင်းမှာ အသက်ခြောက်ဆယ်ကျော် လယ်သမားကြီးဖြစ်၏။ တုံးအောက်က လူတွေအဖို့ အသက်ခြောက်ဆယ်ကျော်အောင် နေရခြင်းမှာ အင်မတန် ထူးမြင့်ကြီးမားသော မဟာကုသိုလ်ဟု ဆိုရပါပေမည်။ ထို့ကြောင့်လည်း ကုလားတက်စ မှသည် ဆရာစံသူပုန်ခေတ်၊ ဂျပန်ခေတ်၊ စက္ကူဖြူခေတ်နှင့် ပြည်တွင်းစစ် ကာလများကို တစ်ဆက်ပြီးတစ်ဆက် တွေ့ကြုံအံခွလာခဲ့ရကာ ကုန်း၍ ခံခဲ့ရသော ဒဏ်ချက်များက နွားသာဆိုလျှင် ပခုံးတွင် အမာရွတ်ကြီး ထင်နေပေရော့မည်။ သို့ရာတွင် လူမို့သာ ကျွဲပခုံးမထသော်လည်း နှလုံးအိမ်မှာမူ သူပိုင်မှတ်တမ်းတို့ဖြင့် ပြည့်ညှပ်လျက် ရှိနေသည်။ ထို့အတူ တောင်သူဝေါဟာရ၊ ရာသီဥတုနှင့် ပတ်သက်၍ လိုက်နာဖွယ် သင်္ကေတများကို နားလည်ထားပြီးသူ ဖြစ်သောကြောင့် ကိုဆေးရိုးမှာ ဘကြီး ဖိုးကောင်းအား ချဉ်းကပ်မေးမြန်းမိခြင်း ဖြစ်သည်။
“အေးလကွ၊ တို့ငယ်ငယ်တုန်းကတော့ ထန်းသီး ဒုံးဒုံး မိုးကြုံးကြုံးလို့ ဆိုပေမဲ့ ... အခုခေတ်မှာ ရွာချင်မှ ရွာတာကွ”
“အဲဒါ ဘာဖြစ်လို့လဲ ရီးဖိုးကောင်းရ။ ကျုပ် ကြားမိတာကတော့ ဘာဗုံးဆိုလား ခွဲလို့ ... ရာသီ မမှန်ဘူး ဆိုတာပဲ”
ကိုဆေးရိုးက သူ ကြားနိုင်သလောက်မှ မှတ်မိတတ်သမျှကလေးနှင့် စိတ်အားထက်သန်စွာ တင်ပြလာသောအခါ ဘကြီးဖိုးကောင်းမှာ ပင့်သက်ကို လေးလေးရှိုက်လိုက်ရာက …
“မင်းပြောတာလည်း ဟုတ်နိုင်ကောင်းပါရဲ့လေ။ ငါတို့ဘုရားဟောမှာတော့ မင်းနှင့်တကွ ရဟန်းပုဏ္ဏားတို့ တရားပျက်ကြရင် မိုးခေါင်တယ်လို့ ဆိုတာကိုးကွ”
ဘကြီးဖိုးကောင်း၏ သက်ပြင်းနှင့်အတူ ထွက်လာသော စကားသံကြောင့် ကိုဆေးရိုးမှာ ကျောဘက်သို့ ဖျတ်ခနဲလည်ပြန်လှည့်ကြည့်မိကာ ဘကြီးဖိုးကောင်းအား မျက်လုံးအဝိုင်းသားနှင့် မော့ကြည့်လိုက်စဉ်မှာပင် ဘကြီးဖိုးကောင်းက တဲရှေ့လှည်းလမ်းကို ငေးကြည့်လျက် လေးတွဲ့စွာ ဆက်လာပြန်သည်။
“ဘုရားက ဘယ်လို ဟောခဲ့ပေမဲ့ ငါပြောတဲ့ စကားကို လူငယ်တွေအဖို့တော့ မပြောကြရင် အကောင်းဆုံးပေါ့ကွာ။ တို့အဖို့ကတော့ အသက်ကြီးပါပြီလေ။ ဒီ စကားပြောလို့ ရွှေကျည်ဆန် ရင်မှာ ဖောက်မှာလည်း အရေးမထားတော့ပါဘူးကွယ့်။ အေး မဟုတ်တမ်းတရားတွေကို လျှောက်ပြောပြီး သေခါနီးမှ ရိက္ခာယူမယ့်အတူတော့ ဘုရားဟောခဲ့တဲ့ဟာတွေ လျှောက်ပြောပြီး ခွေးသေပဲသေချင်ပါတယ်”
“ဘကြီး ဘာတွေ ပြောနေတာလဲ”
နှမ်းပင်အကြောင်း လာပြောခါမှ ဘကြီးဖိုးကောင်းသည် ဘာတွေမြည်တမ်းနေလေသနည်း။
“အဲ... ငါသေခါမှ ယင်းတိုက်နှစ်ကို လက်ညှိုးထိုး ပုံချမယ်ဆိုရင်တော့ ... ငါ့အလောင်းက ထ, ရယ်လိမ့်မယ်ဟေ့”
ကိုဆေးရိုးမှာ စိတ်ရှုပ်စွာဖြင့်ပင် ဘကြီးဖိုးကောင်း၏ တဲထဲမှ ထွက်လာခဲ့မိသည်။ သည့်နောက်တွင်လည်း အဖြစ်ဆန်းသော သူ့နှမ်းခင်းအတွက် ကိုဆေးရိုးက မည်သူ့အားမျှ တိုင်တည်မေးမြန်းခြင်း မရှိတော့ပေ။ မှန်းချက်နှင့် နှမ်းထွက်လွဲ၍ စိတ်မသက်မသာဖြစ်ရုံနှင့် မပြီးသေးဘဲ … နှမ်းခင်းကျွတ်နေရာတွင် စိုက်ထားသော ကောက်ပင်ကလေးတွေမှာ ညနေထွန် မနက်စိုက်ရကာ သမန်းပူသောကြောင့် တဝါဝါ တထိန်ထိန်နှင့် လုပ်နေခဲ့ပြန်သည်။
ယနေ့နံနက်တွင် ရေမှန်၊ မမှန် ကြည့်ရန်အတွက် လယ်ပြင်သို့ ထွက်ခဲ့ခါမှ လူသရော် ကိုပိတ်စနှင့် တွေ့ဆုံရပြီး သာမဏေ၏ဖခင် ဖြစ်ရပြန်၏။ သည် အလှူဒါယကာမှာကား ဝါရွှေချိနဲ့သော ကောက်ပင်၏ မူလဇာတ်ကြောင်းကို ပြန်ပြောင်းတွေးမိသဖြင့် ဖြစ်ပေါ်လာသော မချိသည့်နှလုံးကို ကိုပိတ်စ၏ သောလုံးနှင့် ဟပ်မိစေရန် ဟန်လုပ်၍ ပြုံးကာ ဖုံးဖိလိုက်ရ၏။
သူတို့၏ရှေ့ခဲတစ်ပစ်စာလောက် အကွာတွင် နှမ်းခင်းကျွတ် လယ်ကောကွက်ကလေးများက စီတန်းနေသည်။ ရေပေါ်သို့ ပေါ်နေသည့် ထွန်ချေးစာများ ကြားဝယ် ဖြစ်ကတတ်ဆန်း ထိုးပစ်ခဲ့ရသော ကောက်ပင်ကလေးများမှာ မြင်ရသူ ကိုဆေးရိုးအတွက် အားတက်ဖွယ်တစ်ကွက်မျှ မဖန်လာ။ ခနော်ခနဲ့နှင့် ယိမ်းယိုင်နေကာ စိုက်ပြီးသည်မှာ ခုနစ်ရက်ပင် ကြာပြီဖြစ်သော်လည်း စိမ်းရောင်ကလေးသော်မှ မထိုးလာ။
“လှန်ထွက်ပဲ ထွက်မှာပဲကွာ”
ကိုဆေးရိုးက ညည်းလိုက်သည်။ ဝါခေါင် လောက်က စိုက်ထားသော ကျဉ်းလယ်ကြီးများမှာမူ မှိုင်းရင့်သော ကမ္ဗလာစိမ်းကို ထူပိန်းအောင် ဆင်ရစ်ထား၏။ လေအဖြူးတွင် မြလှိုင်းကွက်တို့သည် ဆက်၍ တစ်ဖက်ကန်သင်းခြေသို့ ပြေးရိုက်ကြသည်။ ကိုဆေးရိုးပိုင် ‘ကျွန်လွှတ်လယ်’ တန်းကြီး၏ နယ်ဆုံး ရိုးကလေးထိပ်မှာမူ မြကမ္ဗလာပေါ်သို့ ပုလဲလုံးကလေးများကိုပင် သွန်ထားသည်သို့ ဗျိုင်းဖြူတစ်အုပ်သည် ငြိမ်သက်ရပ်တည်နေကြ၏။
“ဒီကျဉ်းလယ်တွေမှာလည်း ပုဇွန်တွေက ညှပ်သကွ”
ကိုဆေးရိုးမှာ သူရပ်တည်နေရာ မြောင်းပေါင် ခြေရင်းသို့ ငုံ့ကြည့်မိပြန်သည်။
“အင်း ကောက်ပင်ကို ပတ်နေတဲ့ ရေညှိတွေကလည်း ဆွဲပစ်ဦးမှ ထင်ပါရဲ့ကွာ။ ဒါတွေကလည်း တစ်မှောင့်ကွ ..။ ဒါတွေကို ဆွဲမပစ်နိုင်ပြန်ရင်လည်း ကောက်ပင်တွေ ချိနေပြန်ရောကွ”
“ဟေ့ကောင်။ ညည်းမနေစမ်းနဲ့ကွာ။ တတ်နိုင်ရင်လုပ် မတတ်နိုင်ရင် စိတ်သက်သက်သာသာနဲ့ ပျော်အောင်နေမှပေါ့ကွ”
“ဟယ် … မင့်ဖေကလွှားမို့ နေနိုင်မှာလားကွ။ ကန်သင်းတွေကလည်း မြွေလက်ပတ်တွေ ဖောက်တာပဲကွာ ... အင်း”
ကိုဆေးရိုးက တောက်တစ်ချက် ခေါက်ပြီး ညည်းလိုက်ရာက “တန်ဆောင်မုန်းကျရင် ပိုးဝင်ဦးမလား မသိဘူးကွာ” ဟူ၍ ဆက်တိုက် မြည်တမ်းလိုက်ပြန်သောကြောင့် “တော်ပါတော့ ဆေးရိုးရာ တို့ဘဝက ဖြစ်သလို နေလို့ကို မရဘူး။ ကိုယ်က လုပ်နိုင်ရင် လုပ်။ မလုပ်နိုင်ရင် စိတ်သွားရာကိုသာ လျှောက်လွှတ်ထားရင် မင်းပဲ ဆင်းရဲမှာပဲ။ ဒီတော့ ... မင်းကို ဆင်းရဲအောင် လျှောက်ပြေးနေတဲ့ စိတ်ကို ဖမ်းချုပ်။ ပြီးတော့ ... ပျော်အောင်နေလိုက်ပြီးတာပဲ” ဟု လေရှည်ဆွဲ၍ တရားပြနေလိုက်တော့သဖြင့် ...
“အေး ဟုတ်တော့ ဟုတ်သလိုလို အရှိသားကွ” ဟု တွေးတွေးဆဆဖြင့် ပြန်ဖြေလိုက်ရာ။
“ဟုတ်သလို မဟုတ်ဘူး။ ဟုတ်ကို ဟုတ်တယ်” ဟု ကိုပိတ်စက နောက်ထပ်လောလာမှ ကိုဆေးရိုးမှာ ငြိမ်သွားလေတော့ကာ မြောင်းပေါင်ပေါ်တွင် စိုက်ထားသော ငန်းပြားကို ဆွဲနုတ်ပြီးနောက် ပခုံးပေါ်သို့ တင်၍ မြောင်းရင်းဘက်သို့ လျှောက်ခဲ့မိလေ၏။
ရာသီပင် မိုးသက်၏ ကုန်ဆုံးခြင်းသို့ နီးကပ်ခဲ့ပေပြီ။ ရှုလေတိုင်းသာ ရပ်ဝဲယာ၌ မြရောင်လွှမ်းနေ၏။ မြရောင်သည် တောက်ကြွနေ၏။ ကောင်းကင်မှ မိုးသားတိမ်တိုက်များ ရွှေ့ပြောင်းနေသည်နှင့်အမျှ နေရောင်က လင်းလိုက် မှိန်လိုက်၊ အုံ့လိုက်သာလိုက်နှင့် အောက်မှ စိမ်းရင့်ရောင်များ ပေါ်မှာလည်း လင်းချည် တစ်လှည့် မှိန်ချည်တစ်ခါ မှိုင်းချည်တစ်ကြိမ် ထိန်ချည် တစ်တန်ဖြင့် အစိမ်းမှာပင် အသွင်အမျိုးမျိုး ပြောင်းနေရလေ၏။
••••• ••••• •••••
၂။
ရွာနားသို့ ရောက်လျှင် ဒိုးပတ်သံ၊ ရကွင်း (လင်းကွင်း) သံ၊ ဝါးလက်ခုပ်သံများကို ကျယ်လောင်စွာ ကြားလာရတော့သည်။
“လုံမလေးကိုဗျာ။ သူ့အမေရိုက်ပါလို့။ လာလာလေ လိုက်ခဲ့ပါတော့ ... မောင်တို့ရွာ။ အိုလေး လာလေ လိုက်ခဲ့တော့ ... မောင်တို့ရွာ”
သီချင်းသံသည် ဒိုးပတ်သံကို ညှာ၍ ဖုံးတက်လာ၏။ စည်းလိုက်သံများကို တဒေါက်ဒေါက်နှင့် ကြားနေရ၏။ ဒိုးပတ်ဝိုင်းသည် ရမ်းဘိုကုန်းရွာ မြောက်ဖျားမှ ဝင်လာပြီး တောင်ဘက်သို့ တိုးကပ်လာသလို ကိုဆေးရိုးနှင့် ကိုပိတ်စကလည်း တောင်မှ မြောက်သို့ ရှေ့ရှုလာသူများ ဖြစ်သောကြောင့် ရွာနား ရောက်လေ၊ ဒိုးပတ်သံကို တိုး၍တိုး၍ ဆူညံစွာ ကြားရလေဖြစ်ရကား … တောင်တံခါးသို့အရောက်တွင် မောင်းထောင်ခွက်နှင့် အကြွေစေ့များကို ခေါက်၍ “စလင်းမြို့ ရွှေကြာငုံမြတ်စွာဘုရားကြီး ဆွမ်းတော်ကပ်လှူရန် ဝေယျာဝစ္စ အလှူခံပါခင်ဗျား” ဟူသော အသံများကိုပါ အိမ်ပေါက်ဝများဆီမှ ကြားလာရ၏။
“မောင်တို့ရွာမှာ ဘာတွေပေါတယ်”
သီချင်းသံမှာ အဆုံးတွင် နိမ့်ဝင်သွား၏။ ဒါကပင် ဤအလှူခံလူစုသည် ရက်ရှည်လများ အအိပ်ပျက်ခံကာ အလှူခံထွက်လာရသဖြင့် ညှစ်၍ မအော်နိုင်တော့ကြောင်းကို ဖော်ပြနေသည်။
“ပင်နီချောရယ်နဲ့ ယောထဘီ။ ပင်နီချောနဲ့ ယောထဘီ”
ဒိုးပတ်ဝိုင်းရှေ့မှ ထွာကျော်ကွက် ပုဆိုးကြမ်းကို ဝတ်ကာ ထိုင်မသိမ်းနှင့် ခေါင်းပေါင်းပေါင်းထားသော အကသမားမှာလည်း ခဲရောင်ထနေသော မျက်နှာချေတွေထွက်ကုန်ပြီဖြစ်သည့်ပြင် မောတိုင်း ရေတောင်း သောက်ထားသောကြောင့် နှုတ်ခမ်းနီတွေ ပျက်ကုန်လေပြီ။ ဤဒိုးပတ်ဝိုင်း၏ ရှေ့နောက်ဝဲယာတွင် ရမ်းဘိုကုန်းတစ်ရွာလုံးမှ ရှိရှိသမျှ ကလေးထုသည် တပ်ချီလျက် ဝန်းရံလိုက်ပါလာသည်။
“စလင်းမြို့၊ ရွှေကြာငုံရွာ ရွှေကြာငုံဘုရားကြီး ဆွမ်းတော်ကြီးတင်ရန်အတွက် ဝေယျာဝစ္စသုံးစွဲရန် သဒ္ဓါတတ်အားသလောက် ကုသိုလ်ပါဝင်တော်မူကြပါခင်ဗျာ”
အိမ်ပေါက်စေ့ လိုက်ပြီး ရပ်ရသူမှာ တစ်ယောက် မဟုတ်။ နှစ်ယောက် ဖြစ်ပေသည်။ ပိုက်ဆံထည့်လျှင် မောင်းထောင်ခွက်သမားက ရှေ့တိုးသွား၍ နို့ဆီဘူး မဲတူတာကို ကိုင်လာလျှင် ဆန်အိတ်ကို ပခုံးတွင် ထမ်းထားသူက ဖွင့်ခံရပေသည်။ သို့ရာတွင် ...
“ဂျလောင်း” ခနဲ အကြွေထည့်သံနှင့် “ရှော” ခနဲ ဆန်ထည့်သံတို့ကို ကြားရမည့်အစား “ကန်တော့ပါသေးတော်” ဟူသောအသံများကသာ တစ်ရွာလုံးကို မင်းမူနေတော့သည်။
“ဆွမ်းတော်ကြီးခံတွေကဖြင့် ဝါဝင်ကတည်းကဟာ ခုထက်ထိ မစဲသေးပါပဲလားကွာ”
အလှူခံလူစုကို ဖြတ်ကျော်လွန်မြောက်အလာတွင် ကိုဆေးရိုးက ညည်းလိုက်သဖြင့်
“ဟ လူတွေက ဝါကျွတ်မှ အိမ်မြဲကြတာဆိုတော့ အခုဆိုရင် အလှူခံတွေက ဝါကျွတ်မှ ပိုများလာတာကွ။ မင်းနဲ့ငါလည်း ငွေဖလားတစ်လုံး၊ ဘန်ကောက်လုံချည်၊ တိုက်ပုံအင်္ကျီ တစ်ထည်စီ ငှားပြီး အလှူခံ ထွက်ရအောင်လားကွာ”
“တော်စမ်းကွာ။ အလှူခံလို့ မရတဲ့အပြင် ရွာသစ်ကြီးက ဖိုးရင်လေးလို ပြန်စရာစရိတ် မရှိဘဲ ရေနံချောင်းမှာ သောင်တင်နေပါဦးမယ်”
ကိုပိတ်စက အော်၍ ရယ်လိုက်သည်။
“အေးကွ။ ရွာသစ်ကြီးကတော့ အဆန်းချည်းပဲဟေ့။ နိုင်ငံရေးလုပ်စားသူဆိုရင်လည်း ဒီရွာက ပေါ်တာပဲ။ အလှူခံသွားရင်း ငွေဖလားကြီး ဖဲပေါင်ရိုက် ဆိုလည်း ဒီရွာပဲ”
“တော်ပါကွာ”
“တော်ပါပြီကွ။ မပြောတော့ပါဘူး။ ငါ့အိမ်ရောက်မှတော့ … မင့်အိမ်ကိုလည်း ငါက လိုက်မပြောချင်ပါဘူး”
ကိုပိတ်စက ပြောရင်းဆိုရင်းက သူ့အိမ်ဝိုင်းထဲသို့ ဝင်သွားလေတော့သည်။ တောင်တံခါးဆီမှ ဒိုးပတ်သံကား မစဲပါသေးချေ။ ရပ်တကာ၊ ရွာတကာရှိ ဘုရားများမှ ဆွမ်းတော်ကြီးတင်ပွဲကျင်းပရန်အတွက် လှည့်လည်အလှူခံသော အလှူခံ ဒိုးပတ်ဝိုင်း၊ စခွံ့ဝိုင်း စသည်တို့၏ အသံမှာ ဝါဝင်သည်နှင့် တစ်ပြိုင်နက် ရွာတိုင်း ရွာတိုင်းတွင် လွှမ်းမိုးနေသည်မှာ သည်ဒေသ၏ အလေ့ဖြစ်၏။ အလှူခံသမားများ တစ်နေကုန်၍ တစ်ရွာအရာက် စခန်းချချိန်တွင် တစ်နေ့အဖို့ အလှူခံ ရရှိခဲ့သော ဆန်နှင့် ငွေများကို စုပေါင်းရေတွက်ပြီး သည့်နောက်ပိုင်းတွင် ချူသံပါအောင် ညည်းသံ။ “နေ့တွက်မစည်ပါဘူး။ စားစရိတ်မှ မကာဘူး” ဟူသော တီးတိုးသံများကို ကြားရခြင်းက ယနေ့ တောရွာများ၌ အဘယ်များ မွဲပြာကျနေပြီဖြစ်ကြောင်းကို ရိုးသားစွာ ဖော်ပြနေပေသည်။
“ကဲ ရွှေကိုယ်တော် မြန်မြန်ကြွလာပါတော်။ လယ်ပြင်သွားနေလိုက်တာ တစ်မနက်ခင်းလုံး ကုန်ပါရောလား”
မကျီးဒန်၏ အာဏာသံက တဲတံစက်မြိတ်အောက်မှ ထွက်ပေါ်လာတော့မှ ကိုဆေးရိုး၏ ငိုက်သော ခေါင်းက မော့လာသည်။ အဝေးသို့ လျင်မြန်စွာ ပျံသန်းကျက်စားနေသော စိတ်က ပြန်ရောက်လာတော့၏။
“ဘယ့်နှယ် ဒီမှာ မုန့်လုပ်ဖို့ဟာ ဘာမှ အဆင်သင့် မရှိသေးဘူး”
ကိုဆေးရိုးက ကွပ်ပျစ်ပေါ်တွင် ထိုင်ချလိုက်သည်။ မကျီးဒန်ကမူ အမျှင်မပြတ်သာ ဆက်ပြောပြန်၏။
“မြေပဲဆန် မချွတ်ရသေးဘူး။ ထန်းလျက်ရည် မကြိုရသေးဘူး။ ကောင်လေးကလည်း ခုထက်ထိ ဖက်ခုတ်သွားရာက မပြန်လာသေးဘူး။ ကောင်မလေးကလည်း မြက်ရိတ်သွားတာ မြန်မြန်ထက်ထက် ရိတ်၊ မြန်မြန်ထက်ထက် ပြန်ခဲ့ဆိုတာ ...”
“နားညည်းလိုက်တာ ကျီးဒန်ရာ .. ကဲကဲ ဘာလုပ်ရမလဲ”
ကိုဆေးရိုးက မျက်နှာရှုံ့ပြီး မကျီးဒန်ဘက်သို့ ခါးကိုင်းကာ လှမ်းမေးလိုက်သောအခါ မကျီးဒန်မှာ ရုတ်တရက် ဘာမျှပြန်မဖြေနိုင်ဘဲ ငေးကြောင်ကြောင် ဖြစ်သွားပြီးမှ “ဟောဒီမှာ မြေပဲတွေ ... အခွံမနွှာရသေးဘူး” ဟု ပြောလိုက်လေ၏။
“ကဲ လုပ်မယ်။ မြည်မြည် မနေနဲ့။ လူက ကောင်းကောင်း စိတ်ကောင်းတာ မဟုတ်ဘူး”
“စိတ်မကောင်းလို့ ရူးနေသလား”
မကျီးဒန်က အိုးထဲသို့ထန်းလျက်များကို ထည့်နေရာက ဘောက်ကျကျ ကောက်မေးလိုက်ရာ ကိုဆေးရိုးမှာ လျော့ရဲရဲ ပြုံးလိုက်မိသည်။
“အေး၊ ရူးရကောင်းမလား။ နှမ်းရကောင်းမလား စဉ်းစားနေတာပဲ။ လယ်ထဲသွားလည်း လယ်ထဲမို့။ အိမ်ပြန်လာလည်းအိမ်မို့ အမြဲပဲ စိတ်မချမ်းသာနေရတာ”
ကိုဆေးရိုးက မကျီးဒန် ထိုးပေးလာသော မြေပဲဗန်းကို ဆွဲယူပြီး မြေပဲတောင့်ကို ဝါးလုံးပေါ်တွင် ဆောင့်ရင်း ဆက်ပြောပြန်သည်။
“ညည်းကလည်း ဆူဖို့ကြည့်နေတာပဲ။ လယ်ပြင် ရောက်သွားလို့ ခုထက်ထိ မလှန်သေးတဲ့ နှမ်းခင်းကျွတ်ကို မြင်ရင် မျက်လုံးက နှမ်းခင်းကျွတ်ကိုတင် ကြည့်မနေဘူးဗျ။ နှမ်းခင်းကျွတ်ရဲ့ နောက်က နှမ်းခင်း ကိုပါ လိုက်ပြီးမြင်နေတော့ တော်ရုံတန်ရုံ ကြည်နေတဲ့ ဦးနှောက်ဟာ နောက်လာရတယ် သိလား။ အဲဒီတော့ စိတ်နောက်နေရာမှာ ညည်းကပါ နောက်သထက် နောက်အောင် လုပ်ရင် ရူးသွားလိမ့်မယ်။ အဲဒီ အရူးကို ညည်းလည်း ခုနက်ရက်ပြည့်အောင် ကျွေးချင်မှာ မဟုတ်ဘူး”
မကျီးဒန်မှာ တိတ်ချက်သား ကောင်းနေ၏။
“ဟော ပြောရင်းဆိုရင်းနဲ့ သီတင်းကျွတ်လာပြန်ပြီ။ မနှစ်တုန်းက သီတင်းကျွတ်မှာ ဥပုသ်မစောင့်နိုင်လို့ ဒီနှစ်တော့ စောင့်ဖြစ်အောင် စောင့်မယ်လို့ အားခဲ ထားခါမှ အဝတ်အစားလတ်လတ်ကလေးတောင်မှ မရှိတော့ပါပဲလား ဆိုတာကို သိရတော့တယ်။ မနှစ်တုန်းက ဝါကျွတ်ကတည်းက အဝတ် တစ်လက်ဝါး ဝယ်လို့လား၊ မဝယ်ရဘူး။ ဒီ ၄ ယောက်ပဲ စားပြီး နှစ်တိုင်းလိုပဲ ချိုနဲ့ အမြီးမပါတဲ့နွားအဖြစ် လုပ်ကြရပေမဲ့ အဝတ်တောင်မှ မဝယ်နိုင်တော့ဘူး”
ကိုဆေးရိုး၏အသံက ပြောရင်းပြောရင်း ကျယ်လာ၏။
“တော်စမ်းပါတော်။ စိတ်မချမ်းသာစရာတွေ”
“ဘာဟ။ စိတ်မချမ်းသာစရာတွေ မပြောတော့ စိတ်ချမ်းသာရော့လားဟေ”
ကိုဆေးရိုး၏ အသံက ပို၍ ကျယ်လာသည်။ ရင်တွင်း၌ ရွက်ပုန်းသီးပမာ ထွားရင့်နေရသော အစိုင်အခဲမှာ လက်သည် ရှာမတွေ့။ လက်တွေ့ ဘဝမှာလည်း ကိုယ်မြင်သော လက်သည်တရားခံထက် သူတစ်ပါးက မြင်စေချင်သော တရားခံကို မမြင်ပါဘဲနှင့် မှိတ်ပြီး မြင်နေရသော ဘဝဖြစ်ရာ၊ ယုံကြည်ရသူကိုမှ ဖွင့်မပြောရလျှင် မခံမရပ်နိုင်သော အခြေသို့ ရောက်ရတော့မည်မှာ ဓမ္မတာဖြစ်၏။
ယခုမူ ကိုဆေးရိုးက မယားဖြစ်သူထံ၌ ဖွင့်အန်ခြင်းဖြင့် သက်သာမှုရှာနေမိခြင်းဖြစ်သည်။
“တော်စမ်းပါတော်”
“အေး နင် ဒါပဲတတ်တယ်။ ဒီမြေပဲဆန်ကမှ အခွံချွတ်ပေးမယ့် လူရှိသေးတယ်။ တို့မှာတော့ အေးပါဟာ ဟုတ်ပါတယ် မပြောတော့ပါဘူး”
ကိုဆေးရိုးက စကားကို ပြောချင်လျက်နှင့် ဖြတ်ပစ်လိုက်တော့သည်။ သို့သော် သူ၏ ရီမှိုင်းနေသော မျက်လုံးအစုံက သူ၏ဘေးနားရှိ တိုင်ဘေးတွင် ထောင်ထားသော သပိတ်ဆီသို့ မျက်လုံးသွားကစားမိသည်။ သပိတ်မှာ မီးလွန်ထားသောကြောင့် အဖုအပိမ့်တွေ ထနေ၏။ ဖုန်မှုန်တွေက ထူထပ်စွာ ကျရောက်နေသည်။ သပိတ်အပေါက်ဝတွင် ပင့်ကူမျှင်များက ထူထဲစွာ ဖုံးအုပ်ထား၏။
ကိုဆေးရိုးကို ဤသပိတ်ဆီမှ ခွာမသွားနိုင်အောင် ဖန်လာပုံကလည်း သူ ကြည့်နေဆဲတွင်မှ ဖုန်အလိမ်းလိမ်းကပ်နေသော ပင့်ကူမျှင်ကို ယင်တစ်ကောင်က လာတိုးမိခြင်းပင်ဖြစ်သည်။
ယင်ကောင်ငယ်မှာ ပင့်ကူမျှင်ပေါ်သို့ ကျသွားလျှင်သွားချင်း အထိတ်တလန့် လူးလွန့်ရုန်းကန်လိုက်ရာ သပိတ်ထဲသို့ ကျသွားလေ၏။ သပိတ်ထဲသို့ ရောက်သွားပြန်သောအခါ တဝီဝီ တဂျီဂျီ အော်ဟစ်လျက် သပိတ်ထဲမှာပင် လှည့်ပြေးလျက် ထွက်ပေါက်ကို ရှာနေ၏။
“အင်း ... အင်း တိရစ္ဆာန်၊ တိရစ္ဆာန် ...”
ကိုဆေးရိုးက စိတ်ဝင်စားစွာဖြင့် ကြည့်ရင်းက ဆိုမြည်လာသည်။
သပိတ်ထဲရှိ ယင်ကောင်မှာ အစတွင် ဖုန်အလိမ်းလိမ်းကပ်၍ ဆွဲဆောင်နိုင်စွမ်း မရှိတော့သော ပင့်ကူမျှင်၏ ဟောင်းမြင်းခြင်းကို သတိမထားနိုင်ဘဲ သပိတ်ထဲမှာသာ လွတ်ရာမဲ့သော ရုန်းကန်ခြင်းဖြင့် အော်မြည်ပြေးလွှားနေရာက ပင့်ကူမျှင်၏ ချိနဲ့သော သဘောကို အမှတ်ရလာသောကာလ၌ တစ်ဟုန်ထိုး ဖောက်ထွက်လိုက်ရာ ပင့်ကူအိမ်မှာ ဖောင်းတက်လာလေ၏။
ကိုဆေးရိုး ရင်ထဲမှာ အေးခနဲ ဖြစ်သွားကာ လွတ်အောင် ရုန်းနိုင်ပါ့မလားဟူသော သောကက ဝင်ရောက်လာသည်။ သည်ပူပန်ချက်မှာ ခဏချင်းပင် ငုပ်လျှိုးသွားရကာ ရွှင်လန်းအားတက်မှုက ပေါ်လာလေတော့၏။
မှန်သည်။ ပင့်ကူအိမ်ကား အိုမင်း၏။ ဖမ်းနှောင်နိုင်သော စွမ်းအား မရှိတော့။ ဆွေးမြေ့ လျော့ရဲနေပြီဖြစ်၏။ သို့ရာတွင် အဟန့်က ကြီးလွန်းသည်။ ထို့ကြောင့် ယင်ကောင်ထိုးဖောက်စဉ်တွင် ကိုဆေးရိုးမှာ ကြားက စိုးရိမ်စိတ် ပေါ်ပေါက်လာရသော်လည်း ပင့်ကူအိမ်၏ ညံ့ဖျင်းခြင်းကြောင့် ယင်ကောင်ကလေး၏ လွတ်မြောက်ခြင်းကို မြင်လာရသည်နှင့်တစ်ပြိုင်နက် သူ့မှာ အလိုလို ရွှင်လန်းအားတက်သွားရလေသည်။
တကယ်ဆိုပါမူ ... ကိုဆေးရိုး၏ မြေပဲခွံနွှာနေသောလက်များမှာ စောစောကထက် သွက်လက်စွာ လှုပ်ရှားလာလေတော့သည်။
••••• ••••• •••••
၃။
ညနေစောင်းလာလေ ကိုဆေးရိုးတို့ မိသားစုမှာ အလုပ်ရှုပ်လာလေဖြစ်၏။
“လူလေးရေ … ဖက်ဆုတ်ပါဦးဟဲ့”
ဘညိန်းမှာ ငှက်ပျောလက်မှ အရွက်များကို ဖြည်းဖြည်းချင်း မစုတ်ပြဲအောင် ဆွဲခွာနေရပြန်ပြီ။
“မိန်းကလေးရေ … ဖက်သုတ်ပါဦးဟဲ့”
မကျီးဒန်မှာ ရက်ကန်းတန်း၏ ဝဲယာစွန်းသို့ လှည့်လည်ပြေးသွားနေရသော လွန်းကလေးလို ယောက်ယက်ခတ်နေ၏။ သူ့နောက်တွင် သမီးနှင့် သားက ချည်မျှင်ကလေးတွေလို တန်းလိုက်နေရကာ “မိန်းကလေးရေ ဖက်သုတ်ပါဦးဟဲ့” ဆိုလျှင် ချောစိန်မှာ အဝတ်သန့်သန့်ကလေးကိုကိုင်ပြီး ဖက်ပုံနားသို့ ရောက်လာရကာ “လူလေးရေ ...မီးဖိုလုပ်ပါဦးဟဲ့” ဆိုပြန်လျှင် ဘညိန်းမှာ အိမ်ရှေ့တလင်းပြောင်ပြောင်တွင် အုတ်ခဲတွေကို စုပြီး သုံးလုံးဆိုင်ဖိုခနောက်ကို တည်ဆောက်နေရပြန်လေပြီ။
ကိုဆေးရိုးမှာမူ သရိုးကိုင်ပြီးစ ဗျက်ခွက်ထဲရှိ မုန့်များကို ချွေးသီး ချွေးပေါက်များ ခွက်ထဲသို့ ကျလာသည့်တိုင်အောင် အားသွန်ခွန်စိုက် နယ်နေကာ တစ်ချောင်းသော လွန်းအဖြစ် ဖြည်းဆေးစွာ လုပ်ကိုင်နေသည်။
စင်စစ်တော့ ကိုဆေးရိုးတို့ မိသားတစ်စုမှသာ ပျားပန်းခတ်နေခြင်း မဟုတ်။ တစ်ရွာလုံးမှာလည်း ကြွက်ကြွက်ရိုက်ကာ လှိုင်ဘောလယ်နေကာ ...
“ခွေးမတို့ရဲ့ လာပါဦးဟ၊ မုန့်ကူ လုပ်လှည့်ပါဦး ဟ”
“ကျော်ဇံတို့ကလည်း နေနိုင်လိုက်တာကွာ”
“ကိုသာအေးရေ ထင်းမရှိဘူး” ဟူသော တစ်ဦးကို တစ်ဦး အကူခေါ်သံ။ အပြစ်တင်သံများဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေရုံသာမက …
“လယ်ပြင်ကို ဆီမီးသွား ပူဇော်ရဦးမှာပါကလား”
“ကျီးဒန်ရေ ညည်းတို့ပြီးရင် ပေါင်းချောင်ငှားပါဟေ့” ဟူသောအသံ
“မရတော့ဘူးဟေ့။ မအေးရှင်တို့ ငှားသွားပြီ” ဟူသော အသံတို့ကလည်း မပြည့်စုံခြင်း၊ ချို့တဲ့ခြင်းကို တေးသီလျက် ထွက်ပေါ်လာလေသည်။
မှောင်ပေပြီ။
ရွာအရှေ့ဘက်ရှိ ထန်းတောကို ကျော်တက်လာသော လပြည့်ဝန်းကြီးမှာ ချစ်သူ၏ရွှေမျက်နှာအလား ဝင်းပသန့်စင်လျက်ရှိနေပေသည်။ အခါတိုင်းမူ ငွေလရောင်ကို သစ်ရိပ်မည်းကြီးများက ကာကွယ်ထားခဲ့၏။ ယနေ့မူ သစ်ရိပ်မည်းတို့သည်လည်း ရမ်းဘိုကုန်းရွာထဲမှ ခွာရှဲခဲ့ရလေပြီ။ တစ်ရွာလုံးမှ စုပေါင်းကောက်ခံ ရရှိသော ငွေဖြင့် ရွာဦးမှသည် ရွာဖျားသို့တိုင်အောင် စိုက်ထူထားသော ဆီမီးတိုင်များက သစ်ရိပ်မည်းများကို ရွာထဲမှ မောင်းထုတ်လိုက်သည်။
“မအေးရှင်ရေ … ပေါင်းချောင်အားပြီ တော်ရေ့”
မကျီးဒန်တို့ အိမ်ဝိုင်းထဲမှ မုန့်ပေါင်းသော မီးရောင် ငြိမ်းကျသွားပြီသည့်နောက်တွင် မကျီးဒန်၏ အသံက တစာစာထွက်ပေါ်လာ၏။ ကိုဆေးရိုးကား တဲရှေ့တွင် ဖျာခင်းပြီး ဆေးပေါ့လိပ်တစ်လိပ်နှင့် အမောဖြေနေကာ လဆန်း ၁၄ ရက်နေ့ လမင်းကြီး၏ ပုလဲရောင်ခြည်အလှဝယ် နစ်မြောနေသည်။ မကျီးဒန်ကတော့ ပေါင်းပြီးမုန့်များထဲမှ ဖက်အပြင်သို့ ပေါက်မထွက်သော မုန့်များကို တစ်ကန့်၊ ပေါက်ထွက်သော မုန့်များကို တစ်ကန့်စီ ရွေးချယ်ရေတွက် နေ၏။
“ကလေးတွေနော် … ကလေးတွေ”
ရွာလယ်လမ်းတွင်လည်း တစ်ရွာလုံးရှိ ကလေးများမှာ အုပ်ကြီးဖွဲ့လျက် လူကြီးတွေအလစ်တွင် မီးတိုင်များမှ ဆီမီးခွက်များကို မှုတ်ယူရန် ရစ်သီရစ်သီ လုပ်နေကြ၏။
“ဟေ … ဘာလေးလဲဟ”
ကလေးတစ်ယောက် တွန်းလာသော မီးပုံးလှည်းကလေးကို ဝိုင်းအုံကြည့်ကြသည်။ အချို့ကလည်း မီးပုံးလှည်းထဲသို့ ဗျောက်အိုးများကို မီးရှို့ပြီး ပစ်ထည့်ကြသည်။ ကာယကံရှင်ကလေး၏ ငိုသံ ဆဲသံ၊ အခြားကလေးများ၏အော်ဟစ်သံများက ရွာလည်ပိုင်းဝယ် ဆူညံနေစေတော့၏။ ရွာတောင်ဖျားဆီမှ ဒိုးပတ်လှိမ့်သံကလည်း ခပ်ငြိမ့်ငြိမ့်ကလေး ဝဲပျံလာသည်။
သည်အချိန်တွင် လူကြီးပိုင်းမှာ ရွာလည်ဝတ်ကျောင်းသို့ တဖွဲဖွဲရောက်ရှိလာကြ၏။ သံလွင်လွင် ကြေးစည်တီးလျက်၊ တရား အစည်းအဝေးအတွက် ခေါ်ငင်နေသည်။ သည်ဝတ်ကျောင်းမှာ ဘယ်တော့မှ တစ်လပြည့်အောင် ဝတ်တက်ဖူးသည် မရှိ။ လူငယ်ပိုင်းက ပြန်စောင်းမကြည့်သလို၊ လူလတ်ပိုင်းကလည်း ထာဝရအာရုံ မစူးစိုက်ပေ။ လူကြီးပိုင်းမှာမူ စိတ်သွားတိုင်း ကိုယ်မပါတော့သည်မို့ ‘ စိတ္တေန နိယျတိလောကော ’ ကို ရေရွတ်ရင်း ပျက်ကွက်ခဲ့ရသည်။
ဝါဦးတုန်းကလည်း အုတ်ကျက်အုတ်ကျက်နှင့် ခုနစ်ရက်ခန့် စိုပြည်လိုက်ပါသေး၏။ သည့်နောက်တွင် ရေယူသွားတဲ့လူနဲ့၊ စာရင်းငှားဝင်တဲ့ လူနဲ့၊ နေမကောင်းထိုင်မသာဖြစ်နေတဲ့ လူနဲ့ စသည်ဖြင့် ‘ နဲ့ ’ ခြင်း များသောအခါ သူတို့၏ ဝတ်အဖွဲ့မှာ ပြိုကွဲခဲ့ရသည်။
ဟော အခုလိုနေ့ ဆိုတော့။ လယ်ကလည်း ပိတ်စဖြစ်သောကြောင့် နေ့ရှိသမျှ တစ်ထွာသော သမုဒ္ဒရာပြင်တွင်း၌ ကူခတ်နေခဲ့ရာက ဖြေလျော့ထိုင်ချ အနားရစ ကာလဝယ်။ ကောင်းကင်မှ ထိန်ထိန်သာသောလ လမ်းမမှ ထိန်ထိန်ဖြာသော ဆီမီး၊ ဝတ်ကျောင်းမှ ကြေးစည်သံကလေးက တလွင်လွင်နှင့် ဖြစ်လာပြန်သောကြောင့် ဆဲဟဲ့၊ ဆိုဟဲ့၊ ရယ်ဟဲ့ဖြင့်သာ နစ်မွန်းနေခဲ့သော စိတ်များမှာ ကြည်လင်သန့်ရှင်းလာရကာ တရားဓမ္မ၌ ဝပ်စင်းလိုဇောကလေးများ ကပ်ငြိလာသည့်အတွက် ဝတ်ကျောင်းဘက်သို့ ဦးလှည့်ခဲ့မိကြသည်။
သူတို့၏ လက်တွင် ဖယောင်းတိုင်ကလေး အစ၊ ပန်းကလေး အလယ်၊ ကမ်းဖို့လှမ်းဖို့ မုန့်ပဲသရေစာ လက်ဖက် ဂျင်းသုပ် အဆုံး ပါလာခဲ့ကြသည်။ သူတို့ တစ်တွေမှာ ဝါပ ဆိုပြန်တော့ ဝါပ မို့ ဘာသာရေးကို သတိမရကြ။ ဝါတွင်း ကျပြန်တော့လည်း လုပ်ခွင် သက်ချိန်မို့ လှည့်မကြည့်အားကြ။ ဤသို့လျှင် တစ်နှစ်ပတ်လုံး မှုန်မှိုင်းအုံ့ဆိုင်းနေခဲ့ရသူများမှာ ဤဝါ ကျွတ်ကာလကျမှပင် လွတ်လွတ်ကျွတ်ကျွတ် ဘုရား တရားဘက်သို့ မျက်နှာမူနိုင်ကြတော့သည်။ သူတို့၏ မျက်နှာများမှာ အနှောင်မှ လွတ်လာစသူသို့ မြူးကြွ သန့်ရှင်းကာ ရွှေလမင်း၏ ဝင်းပခြင်းနှင့်ပြိုင်လျက် မြူးကြွရွှင်လန်းနေကြ၏။
ဘညိန်းမှာ ရေမိုးချိုးပြီးနောက် တဲအပြင်သို့ ထွက်ခဲ့သည်။
“ဘညိန်းဘယ်လဲ”
“လည်မှာပေါ့”
ဘညိန်းက လှည့်မကြည့်ဘဲ ပြောကာ လျှောက်မြဲတိုင်း လျှောက်သွားရာ။
“ဟဲ့ လာပါဦး မောင်လေးရဲ့”
“ဟာ အစ်မကလည်းဟာ”
ဘညိန်းက ညည်းညည်းညူညူနှင့် ပြန်လှည့်လာမှ အိမ်ရှေ့မန်ကျည်းပင်၏ ညွတ်ကျနေသော ကိုင်းဖျားများကို ခွေးခြေတစ်ခုနှင့် မမှီတမှီ မီးပုံးပုံရှေ့ကလေးတွေ လိုက်ချိတ်နေသည့် ချောစိန်ကို မြင်ရသောကြောင့် အနားသို့ တိုး ကပ်သွားသည်။
“ဆင်းစမ်းပါ အစ်မရာ … ငါချိတ်ပေးပါ့မယ်”
“ပြီးပါပြီဟ။ အဲဟို ထွန်တုံးပေါ်က မီးပုံးကလေးကို မီးထွန်းပြီး ပေးစမ်းပါ။ ငါ့တစ်ယောက်တည်း ဆင်းလိုက်တက်လိုက်နဲ့၊ သေရတော့မယ်”
ချောစိန်က သနပ်ခါးလေးအဖုံသားနှင့် ဆံထုံးကို နောက်တွဲကလေး ထုံးကာ သရက်ထည်အင်္ကျီကလေးနှင့် ရွှင်ရွှင်ပြုံးပြုံး ရှိနေသယောင် ဘညိန်းက မဲ့ရွဲ့ကြည့်ကာ မီးပုံးကို ယူပေးလိုက်ရာ
“ဟင်း။ ဒါလေး ခိုင်းတာနဲ့ပဲ ဖြစ်နေလိုက်တာ”
“အစ်မ။ နင်စကားမများနဲ့နော် .. ငါခွေးခြေကို လှုပ်ချလိုက်မယ်”
“ငါက အစ်မကိုးဟဲ့။ စကားများတယ် ထင်မှာပေါ့”
“တော်ဟာ ... တော်”
ဘညိန်းမှာ မခံချင်မှန်းသိ၍ ချစ်စနိုးဖြင့် စမှန်း သိသော်လည်း ကျွဲမြီးအတိုသားနှင့် အော်ငေါက် ထွက်ခွာလာခဲ့လေ၏။ ဝတ်ကျောင်းကို ကျော်လွန်ပြီး ရွာလယ်တံခါးနားသို့ ရောက်သောအခါ ကိုဘအောင် ပေပင်ဘေး မြေကွက်လပ်ကြီးပေါ်တွင် ကလေးသံ တစီစီ၊ လူကြီးသံတညံညံကို ကြားရသောကြောင့် လှမ်းကြည့်လိုက်သောအခါ မီးပုံပျံတစ်ခုကို မှိုင်းသွင်းနေကြခြင်းဖြစ်ကြောင်းကို မြင်ရလေသည်။
“ဟေ့ကောင်တွေ ဒီမီးပုံးပျံ ဘယ်က ရသလဲကွ”
သူက သိပြီးဖြစ်၏။ ငါတို့ ပြာရထားပေါ်မှ ဖွတ်မင်းသားတွေအဖို့ မီးပုံးပျံတစ်လုံးစာစက္ကူဖိုး မရှိကြ ဆိုသည်ကို သိသောကြောင့် မေးလိုက်ရာ …
“ညနေတုန်းက ကျလာတာကွ။ တောတွင်ရွာက လွှတ်လိုက်တဲ့ ဥစ္စာပေါ့”
“ဟေ့ မီးပုံးကလေးတွေ မဆွဲတော့ဘူးလား။ တစ်ခါတည်း ပါလာသလား”
“ပါတော့ပါတယ်ကွ။ လူမရောက်ခင် မီးလောင်ကုန်လို့”
ဘညိန်းနှင့် သိန်းဆောင် စကားကောင်းနေခိုက်မှာပင် မီးပုံပျံကြီးမှာ မှိုင်းပြည့်လှုပ်ရှားလာပြီ ဖြစ်သည့် အတွက် ဟိုကဆွဲပါ ဒီကကိုင်ပါဟူသော အသံများက တိုးဆင့်ညံစီလာလေ၏။ သို့မို့ကြောင့်လည်း …
“အဲဒါကြီး လိုက်ရင်း လှဖေ ခြေထောက်ညှောင့် စူးသွားတာ တော်တော်များတယ်” ဟူသော အသံကိုပင် မကြာနိုင်တော့ဘဲ ဘညိန်းက မှိုင်းခံနေသော လူအုပ်ထဲသို့ တိုးဝင်သွားလေ၏။
“တော်တော့ဟေ့။ တော်တော့ ... မှိုင်းတွေ အန်လာပြီ”
ကာလသားခေါင်း ကိုညံအေးက သတိပေးလိုက်ရာ ..
“ဟုတ်တယ်ဟေ့။ တော်ကြာရင် ပွင့်ထွက်သွားလိမ့်မယ်”
ဘညိန်းက ဝင်ရောက် ထောက်ခံပြန်သဖြင့်
“ကဲ့ဟေ့ … တွဲလုံးကလေးတွေကို မီးထွန်း။ တစ်နှစ်သုံးဆိုမယ် … ကဲ ပြီးပလား ပြီးပလား”
“ပြီးပြီ …. ပြီးပြီ”
ကိုညံအေး၏ တစ် နှစ် သုံး ဟူသော တိုင်သံ အဆုံးတွင် ဟေးခနဲ တစ်ခဲနက် ညာသံကြီး ထွက်ပေါ်လာကာ ... မီးပုံးပျံမှာ ထိုးတက်သွားလေသည်။
အပျိုတော် တစ်သိုက်မှာလည်း ကိုယ့်အုပ်စုနှင့် ကိုယ် မီးအလှ လိုက်လံ ကြည့်ရှုနေကြသည် ရွာလယ် ဝတ်ကျောင်းပေါ်တွင် လူများဖြင့် ပြည့်ညပ်နေကာ ကြေးစည်သံကလေး တနောင်နောင်နှင့် ဝတ်ရွတ်ရန် စတင်လိုက်စဉ်မှာပင် တောင်ပိုင်းမှ ဒိုးပတ်သံသည် လှိမ့်ပြီးဝင်လာလေ၏။ ရွှေတစ်ညာသီချင်းကို အသော တစ်ပိုဒ် အဆိုတစ်ပိုဒ်ဖြင့် ဝါးလက်ခုပ်သံမြိုင်မြိုင်၊ ညာသံလှိုင်လှိုင်ဖြင့် ဝတ်ကျောင်းရှေ့သို့ ရောက်သော အခါ သီချင်းဆုံးသွား၏။ သို့ရာတွင် နှဲကအသောဖြင့် ဒိုးပတ်က ချိုးပေးလိုက်ပြန်သည့်အတွက် ..
“ဘုရားရဲ့ ငုတ်တိုဗျာ … ရွက်ရွက်နု ပေါက်ခါမှ”
“ဟဲ့ကောင်တွေ ... ဟဲ့ကောင်တွေ။ ဗုဒ္ဓဂိုဏ်းသင့်ပြီး သေကုန်လိမ့်မယ်။ ဘုရားငုတ်တိုက နင့်အမေလင် ရွက်နုကြီး ပေါက်ရမလားဟေ”
ဘကြီးဖိုးက ဝတ်ကျောင်းပေါ်မှ ထပြီး လက်ညှိုး ငေါက်ငေါက်ထိုးကာ ဆဲဆိုလိုက်သောကြောင့် အုံးခနဲ၊ သောခနဲ … ရယ်သံမစဲအောင် ဖြစ်သွားလေသည်။
“ဘုရားရဲ့ငုတ်တိုဗျာ။ ရောင်ခြည်တော် လွှတ်ခါမှ ချဉ်ချဉ်ရေသောက်ပါစို့ ကြီးဒေါ်ရေ …”
ကိုညံအေး၏ သီချင်းသံကြောင့် ဒိုးပတ်ဝိုင်းမှ အုံးခနဲ ရယ်သံ ထွက်ပေါ်လာပြန်လေ၏။
“ဟေ့ မသွားကြသေးဘူးလားကွ”
ဘကြီးဖိုးက ထမေးရာ ..
“ဆုံးပါတော့မယ် ဘကြီးရ။ ကျုပ်တို့လည်း ဝတ်တက်မလို့ပါ”
“နင့်မေကလွှား … နင်တို့ကလား ဝတ်တက်မှာ”
ဤသို့ လူကြီးသူမ၏ နှုတ်ဖျားမှ ကြားတောင့်ကြားခဲ ကြားလိုက်ရသော ဆဲသံယဉ်ယဉ်ကကိုက အဆဲခံရသူတို့မှာ ပီတိကျောစိမ့်၍ ဝေါခနဲ ရယ်မောခံယူလိုက်စေ၏။ သည်တုန်းမှာပင် ဒိုးပတ်သံက ဆုံးသွားကာ ... ဝိုင်းတော်သားများက ဝတ်ကျောင်းဘေးတွင် လာထိုင်ကြသည်။
“ဒိုင်းဖျောင်းဖောင်း ... ဒိုင်းဒိုင်း”
ရုတ်တရက်လျှင် ထွက်ပေါ်လာသော အသံကြောင့် စောစောက ရွှင်ပြုံးရယ်မောနေသော မျက်နှာပြင်များမှာ ညှိုးမဲ့သွားရကာ ထိတ်လန့်သော အသွင်များ ပေါ်ပေါက်လာရသည်။ သည်အချိန်မျိုး၌ သေနတ်သံနှင့် ဗျောက်အိုးသံကို ခွဲခြား သိနိုင်ပါမည်လား။
“ဘုရား ဘုရား ... ဗျောက်အိုးသံပဲ ဖြစ်ပါစေ ”
မကျီးဒန်မှာ ထောင့်တိုင်တစ်ခုတွင် မှီကပ်နေရာက ရင်ကို လက်ဝါးဖြင့် ဖိထားကာ တီးတိုးဆုတောင်း လိုက်မိသည်။ သူမ၏ အိမ်ဦးနတ်သည် လယ်ပြင်သို့ မှောင်ကြီးမှောင်မှ လယ်စောင့်နတ်အား မီးပူဇော်ရန် အတွက် ထွက်သွားခဲ့ပေသည်။ ဤဝါကျွတ်သဘင်မီးပွဲ ဆင်ယင်ခြင်းကား ဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်က ဤလ,ဤရက်တွင် နတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်လာတော်မူစဉ် လူသားတို့က လူ့ပြည်မှ ဆီးကြိုပြီး မီးပူဇော်ကြခြင်းကို ရည်မှန်းပြီး ဗုဒ္ဓဘာသာဝင်တို့သည် ယနေ့ထက်တိုင် ဤလ၌ ဤအခြင်းအရာကို ရည်မှန်း၍ မီးသဘင် ဆင်ခဲ့ကြ၏။
သို့သော်လည်း မြင်းကောင်းစိုင်းရာ ခွေးကျိုးကန့်လန့်ခံသည်။ ဘုရားကို မီးပူဇော်ခါမှ မီးဖိုစောင့်နတ်၊ လှေကားစောင့်နတ်၊ တံခါးစောင့်နတ်၊ ထဘီပုံစောင့်နတ် စသည်တို့အား တွဲဖက် ပူဇော်လာကြပြန်သေးသည်။ သူတို့၏ အကြောင်းပြချက်ကား ... ဤနတ်တို့ကို လူက ပူဇော်သောမီးဖြင့် နတ်များက တစ်ဖန် မြတ်စွာဘုရားအား ပြန်လည်ပူဇော်နိုင်စေရန် ဖြစ်ပါသည်တဲ့။ ဟုတ်ပေ၏။ နတ်ဖြစ်တဲ့ ဘဝမှာတောင် မွဲချက်က ထူးလှ၏။ မီးတစ်ခွက်တောင် သူများ ပေးမှရမည့် ဘဝ ဆိုပြန်တော့ သနားစရာ ကောင်းလှချေသည်။ သို့သော် ဤသနားသည် ဆိုသော စကားမှာ ဤနတ်မွဲတွေထက် လူတွေနှင့်မှ သင့်လျော်ပါလိမ့်မည်။
သို့ကလို မွဲချက်ဆန်းသော နတ်အား မီးတစ်ခွက် သွားပေးမိသော ကိုဆေးရိုးအတွက် မကျီးဒန်မှာ သောက ပွေနေရပြီဖြစ်ခြင်းမှာကား ဒိဋ္ဌဓမ္မခံစားရချက်ပင် ဖြစ်ပေသည်။ ခိုင်ပြီးသော ရိပ်ညောင်ကြီးသဖွယ် အားကိုးခဲ့ရသော အိမ်ဦးနတ်အတွက် မကျီးဒန်မှာ ရင်ကိုဖိလျက် ဘုရားကို တရင်းကသာ … “ဗျောက်အိုးသံပဲ ဖြစ်ပါစေတော့တော်” ဟု ဆုတောင်းနေရလေသတည်း။
••••• ••••• •••••
၄။
ရုတ်တရက်လျှင် ထွက်ပေါ်လာသည့် “ဘုန်းကြီးတွေ ကြွလာပြီဗျို့” ဟူသော အသံကြောင့် ကိုဆေးရိုး မှာ အိပ်ယာမှ လန့်နိုးလာရာက ကပျာကသီ လူးထပြီး “ဟ လုပ်ကြပါဦးဟ။ ဟ နင်အမေကလွှားတဲ့။ ကျီးဒန် ကျီးဒန် .. ဟ, ကျီးဒန်” ဟု ဒရောသောပါး ခေါ်လိုက်ရာ ….“ဒီမှာ ကိုဆေးရိုးရေ” ဟူသော မကျီးဒန်၏ အသံ။
“ဒီမှာ အဖေရေ … အားလုံးပြီးနေပြီ” ဟူသော သမီးနှင့် သား၏ အသံကြားမှ ကိုဆေးရိုးမှာ စိတ်အေးသွားရကာ “သိပါဘူးဟာ ….” ဟု တိုးတိုးကလေး ရေရွတ်ပြီး နောက်ဖေးဘက်သို့ ထွက်သွားလေ၏။
ဆွမ်းလောင်းသည့် နေရာသို့ ကိုဆေးရိုး ရောက်လာသောအခါ ထိန်ထိန်လင်းနေရုံသာမက ဘုန်းကြီးများမှာလည်း တစ်ပါးစ၊ နှစ်ပါးစ ပြတ်တောင်း ပြတ်တောင်းသာ ကြွလာသည်ကို တွေ့ရတော့သည်။
“ကဲ … ဖအေကြီး ဥပုသ်စောင့်မှာလား၊ မနှစ်တုန်းကတော့ မစောင့်လိုက်ရဘူး”
“အေးအေး၊ စောင့်တာပေါ့”
တဲတွင်းသို့ ပြန်အရောက်တွင် မကျီးဒန်၏ အမေးကို ကိုဆေးရိုးက အေးဆေးစွာ အဖြေပေးလိုက်သည်။ ကိုဆေးရိုးမှာ ညက လယ်ပြင်မှ အပြန်တွင် သေနတ်သံများကို ကြားသောကြောင့် တစ်နာရီခန့် လယ်တဲတွင် ထိုင်နေခဲ့ရပြီး လူရိပ်လူခြည်ကို ကြည့်လျက် ... လယ်ကြိုလယ်ကြားမှ အသက်ကို မြွေ၏ ပါးစပ်ဖျားသို့ ပေးအပ်ကာ ပုန်းလျှိုးကွယ်လျှိုးနှင့် ပြန်ခဲ့ရာ …. သန်းခေါင်ကျော်မှ ရွာသို့ ပြန်ရောက်သည်။
ယနေ့နံနက်မှာမူ မကျီးဒန်က ခါတိုင်းလို သူ့အား မနှိုးတော့ဘဲ ကလေးတွေနှင့် လုပ်ကိုင်ပစ်လိုက်သည့် အတွက် အေးချမ်းစွာ အိပ်ရ၏။ လင်မယား ဆိုသည်မှာလည်း ယခုလို ဘေးဒုက္ခနှင့် ရှောင်တခင် ဆုံတတ်သော အခါမျိုးမှာမှ ချစ်ခြင်း၏ အတိုင်းအတာသည် ပေါ်ပေါက်လာတတ်၏။
“ကဲ … ဒါဖြင့် ရေမိုးချိုး”
မကျီးဒန်က မုန့်ပန်းကန်ကို သိမ်းသွားသောကြောင့် ကိုဆေးရိုးပါ နေရာမှ ထလိုက်ရသည်။ ရေမိုးချိုးပြီး၍ သားသမီးနှင့် ရွာ၏တောင်ရှိ သရက်ချဉ်ကျောင်းသို့ သိုက်သိုက်ဝန်းဝန်း ထွက်လာရပြန်သောအခါ ရင်ထဲတွင် ကြည်နူးနေမိ၏။ အိမ်ထောင်သည် ဘဝဆိုသည်မှာလည်း လင်မယား၏ အချစ်သစ်ကာလတွင် ပျော်ရွှင်ကြည်နူးခြင်းထက် အရွယ်ရောက်၍ လိမ္မာရေးခြားရှိသော သားသမီးဖြင့် ခြံရံနေထိုင် စားသောက်ရခြင်းက ပို၍ ကြည်နူးချမ်းမြေ့ဖွယ်ကောင်းပေသည်။
“ဟေ့ မောင်ဆေးရိုးတို့ပါလားကွ”
“ဟုတ်တယ်ဗျို့၊ ဘယ့်နှယ် သီလမယူဘူးလား”
“စောသေးတယ်လေ။ လိုက်ခဲ့မှာပေါ့”
ပရပိုက်တန်းရွာထိပ်သို့ အရောက်၌ ဦးကျော်ခေါင်က ဆီးကြိုနှုတ်ဆက်ကာ …. သားနှင့် သမီးကို ချီးကျူးနှစ်လိုသောအကြည့်ဖြင့် ကြည့်သွား၏။ သည်လို ဦးကျော်ခေါင်၏ မျက်လုံးကို မြင်လိုက်ရသည်ကပင် ကိုဆေးရိုး၏ရင်ဝယ် ပီတိလှိုင်းတို့က ဘောင်ဘင်ခတ်သွားရလေ၏။
“ဟော ကိုဆေးရိုးတို့ မိသားတစ်စုပါလား လာကြ၊ လာကြ”
ကျောင်းပေါ်မှ အရင်ရောက်နှင့်သော သိဟောင်းများက ဝမ်းသာအယ်လဲဖြင့် ဆီးကြိုကြသည်။ ကိုဆေးရိုးနှင့် မကျီးဒန်မှာ တစ်ယောက်တစ်ခွန်း ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက်ပြီး ဘုန်းကြီးကို ဝတ်ဖြည့်လိုက်၏။ကိုဆေးရိုး ကျောင်းခါးပန်းကို ကျောမှီပြီး ကျောင်းဦးဘက်သို့ ခေါင်းထားကာ ဘယ်ညာရှုလိုက်လျှင် ကျွတ်ဦးကြိုစက္ကူပန်းအနီရဲကြီးများက အစိမ်းရင့်ရောင် ကြား၌ ထင်းနေသည်ကို မြင်ရ၏။ ဆရာတော်၏ ရှေ့၌ လင်ပန်းအုပ်ဆောင်းဖြင့် သယ်ယူလာသော ဆွမ်းဟင်းများ၊ ဆွမ်းအုပ်နီ၊ ဆွမ်းအုပ်မည်းများ။ ရပ်ဝေးမှ လာသော ဥပုသ်သည်များက တစ်ဇွန်းစီ၊ တစ်ကော်စီ စုပေါင်းပို့ဆက်လာသော ဆွမ်းဟင်းဗန်းများဖြင့် ပြည့်လျှံနေပေသည်။
ကျောင်းပေါ်၌ တဖြည်းဖြည်း ပြည့်လျှံလာသလောက် ကျောင်းရှေ့ရှိဥပုသ်ဇရပ်တွင်လည်း ဥပုသ်သည်များ၏ အုတ်အုတ်ကျက်ကျက် အသံက ကျောင်းခါးပန်းသို့ လာ၍လာ၍ ရိုက်၏။
“ကဲ ... သီလယူကြရအောင်ဗျို့”
တစ်ယောက်သော ဥပသကာ၏ နှိုးဆော်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ကိုဆေးရိုးမှာ ဆောင့်ကြောင့်ထိုင်၍ သုံးကြိမ်တိတိ ဦးချပြီးသကာလ ထိခြင်းငါးပါးနှင့် ထိုင်ကာ ... မျက်စိကို စုံမှိတ်လျက် ဘုရားကို အာရုံပြုရင်း နောက်ထပ်လာမည့် အသံကို နားစွင့်နေမိသည်။
“ကန်တော့ကြရအောင်ဗျို့”
ဤအသံ၏အဆုံးတွင် “သြကာသ ... သြကာသ” အစချီသော ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအား ကန်တော့ခွင့်၊ ရှိခိုးခွင့်တောင်းပြီး၊ ရှိခိုးကန်တော့သော အသံများက လိုဏ်သံဖြင့် ညံသွားပေသည်။
သို့ရာတွင် ကိုဆေးရိုးမှာကား ...
အကယ်၍သာ ကိုဆေးရိုးမှာ သတိကို ထိန်းချုပ်ထားမိခြင်းမရှိက ... “ဟ … လုပ်ကြပါဦးဟ နင့်အမေကလွှားတဲ့မှ” ဟူ၍ သူ့ဝါသနာအတိုင်း အော်ဟစ်ပြီး ထခုန်မိမည်မှာ မုချတည်း။
အကြောင်းမှာမူ … သူ၏ ကန်တော့ခန်းသည် “ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ... ဩကာသ ... သြကာသ” ဟူ၍သာ လည်နေလျက် ငါးနှစ်သားကတည်းက အနုလုံပဋိလုံ ရခဲ့သော သြကာသကို အသက်လေးဆယ်ကျော်မှ မေ့နေပြီဖြစ်သောကြောင့်တည်း။
သူ့ရင်ထဲမှ ရှက်ခြင်း၊ ဝမ်းနည်းခြင်းတို့သည် အပြင်သို့ ချွေးသီးချွေးပေါက်များအဖြစ် ယိုစီးလာရကာ ဘုရားရှိခိုးကိုပင် မေ့ယူရလောက်အောင် ရက်ရက်စက်စက် ကြွယ်ဝသော မွဲခြင်းအတွက် မျက်ရည်များ လည်၍ အသံများပင် တုန်လာလေသတည်း။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၆၊ အောက်တိုဘာ
No comments:
Post a Comment