Sunday, October 4, 2026

ပြောင်းလဲခြင်း


❝ ပြောင်းလဲခြင်း ❞  
   ( အကြည်တော် )

“ဆင်းရဲလိုက်တာ”

တဲအိုစုတ် အရှေ့မှာ အရောင်မွဲသော အိုးတစ်လုံးကို မီးဖိုပေါ် တင်ရင်း အဘိုးအို ငြီးတွားလိုက်သည်။ 

မီးဖိုးကလည်း ယိုင်နဲ့နဲ့၊ အိုးကလည်း မီးခိုးမှိုင်း ဝပြီး မည်းသည်းနေပြီမို့ သူ့ဟာနဲ့ သူတော့ ပနံရသယောင် မြင်ရ၏။ 

အဘိုးအိုက အိုးကို မီးဖိုပေါ် တင်ပြီး သူ့ နံဘေးနား ပြန့်ကျဲနေသော သစ်ကိုင်းခြောက် ထင်းစများကို မီးဖိုထဲ ထိုးသွင်းလိုက်သည်။ ပြီးမှ စက္ကူစ တစ်စကို ယူပြီး ခါးကြားမှ ဓာတ်ဆီမီးခြစ်ကို ထုတ်ခြစ် မီးညှိလိုက်သည်။

“ရှဲ”

မီးက တော်ရုံ မစွဲ။ စက္ကူစက ရေငွေ့များ ရိုက်ထားသည်မို့ တော်ရုံ မီးမကူးနိုင်။

“ဒီသောက်မိုးကလည်း ဘယ်တော့မှ ပြီးမှာလည်း မသိဘူး၊ မိုးနှယ်၊ အစိုးကို မရဘူး” 

အဘိုးအိုက သူ မီးမွှေး မရသည်ကို အကြောင်းပြု၍ မဆီမဆိုင် မိုးကို ကျိန်ဆဲသည်။ မီးခြစ်ကို ထပ်ခြစ်လိုက်သည်။ 

“ခြစ်၊ ခြစ်”

မီးခြစ်ကပါ ရေငွေ့ စိုသွားပြီမို့ မီးတောက် ဖြစ်မလာ။ 

“လုပ်ပြန်ပြီ၊ ဒီမီးခြစ်က”

အဘိုးအို မီးခြစ်ကို ကျိန်ဆဲပြန်သည်။ မီးခြစ်နောက်ဖုံးကို ဖွင့်၍ ပါးစပ်ဖြင့် ဓာတ်ဆီကို တဖူးဖူးနဲ့ မှုတ်သည်။ ပြီးမှ အဖုံးကို ပြန်စွပ်၍ မီးခြစ်ကို ထပ်ခြစ်သည်။ 

“ခြစ် ခြစ်”

ဟုတ်ခနဲ မီးတောက် မြင်တော့ အဘိုးအို စက္ကူစကို ယူ၍ မီးကူးစေသည်။ ကံကောင်းထောက်မစွာ စက္ကူစက မီးကူးပြီ။ 

အဘိုးအို စက္ကူစကို မီးဖိုထဲ ပစ်သွင်းကာ လေဖြင့် တဖူးဖူး မှုတ်လိုက်သည်။ ထင်းစများက အစိုပြန်နေသည်မို့ ရုတ်ချည်း မီးမကူး။ ထို့ကြောင့် အလျင်အမြန် မီးကူးစေရန် သစ်ရွက် ခြောက်များ၊ သစ်တိုသစ်စများကို မီးစပေါ် ပစ်တင်လိုက်သည်။ မီးခိုးက အူခနဲ။

“ဘယ်မှာလဲ မီးပြောင်း”

မီးစွဲစ အခြေအနေအမို့ အဘိုးအို အလျင်အမြန် မီး ပြောင်းကို လက်လှမ်း ရှာလိုက်သည်။ မီးပြောင်းကို တော်ရုံ မစမ်းမိ။

“တောက်၊ အရေးရယ် အကြောင်းရယ်ဆို မီးပြောင်းက ပျောက်ပြန်ပြီ၊ မှန်း”

အဘိုးအို မီးမငြိမ်းစေရန် တစ်ချက်နှစ်ချက် ကုန်းမှုတ်ပြီး မီးပြောင်းကို ဝေ့ရှာလိုက်သည်။

“တွေ့ပြီ”

မီးပြောင်းက သစ်တိုသစ်စများ အောက် ရောက်နေ၍ ရှာမတွေ့ခြင်းပင်။ သူ့လက်သုံးတော် မီးပြောင်းကို ဆွဲထုတ်လိုက်သည်။ မီးပြောင်းကလည်း အာဂ မီးပြောင်းပင်။ နှစ်ရှည်လများ မီးဖိုနံဘေး အလုပ်အကျွေးပြုနေရသည်မို့ သူလည်း မီးဖိုသဖွယ် မှိုင်းဝ မည်းညစ်နေပြီ။ ဒီကြားထဲ ထင်းမီးစွဲစေရန် ဖြစ်ဖြစ်၊ ထင်းမီး ချန်ရန် ဖြစ်ဖြစ်၊ တစ်ခုခု လိုတိုင်း သူနဲ့ချည်း မီးဖိုထဲ ထိုးထိုးနေ၍ မီးပြောင်းဝမှာလည်း မီးစွဲဒဏ်ရာ အပြည့်နှင့်။ ဒီကြားထဲ ရံဖန်ရံခါ မီးနှင့် နီးနီးနားနား မေ့ပြီးထားခဲ့မိ၍ မီးပြောင်း အလယ်တည့် တည့်မှာလည်း မီးလောင်ရာ အပေါက်ကြီးနှင့်။

အဘိုးအို မီးပြောင်းကို ယူပြီး သူ့လက်ကိုသူ ခါရသေး သည်။ မီးပြောင်းမှာ ရှိနေသော ချေး၊ ညှော်၊ ပြာအချို့က သူ့ဆီ ကပ်ပါလာသေးသည်ကိုး။

အဘိုးအို ဖုတ်ဖတ်ခါပြီးမှ မီးပြောင်းဝကို နှုတ်ခမ်းတေ့၊ မီးကို ကုန်းမှုတ်လိုက်သည်။

“ဖူး”

နှုတ်ကသာ အကျယ်ကြီး အသံထွက်သွားသော်လည်း လေက မီးဖိုထဲ အလုံးစုံ မရောက်။ မီးပြောင်း အလယ်က ပေါက်နေသော အပေါက်မှ လေပြန်ထွက်ပြီး ထိုလေက သူ့နှဖူးကို ပြန်မှန်နေသည်။

“အာ၊ ဒီမီးပြောင်းတော့ ငါ ထင်းစိုက်မိတော့မယ်”

အဘိုးအို ကြိမ်းသာ ကြိမ်းတာ။ ဘယ်ကာလ ကတည်းက သူနှင့် အတူ ရှိခဲ့သည် မသိသော မီးပြောင်းကို သံယောဇဉ်ဖြင့် ထင်း မစိုက်ရက်။ သူ ပေါက်နေသော အပေါက်ကို လက်နှင့် ပိတ်၍ အားရပါးရ ကုန်းမှုတ်သည်။

“ဖူး ဖူး”

မီးပြောင်းက လက်နှင့် ပိတ်ထား၍ လေအနည်းငယ် ပိုလုံ၍ အလုပ်ဖြစ်သည်။ မီးဖိုထဲ မီးရိပ်မီးငွေ့က တငွေ့ငွေ့နှင့် လောင်မြိုက်လာသည်။ တက်လာသော မီးစများကို အဘိုးအိုက လက်ထဲ ကိုင်ထားသော မီးပြောင်းနှင့်ပင် ထင်းချောင်းများကို လိုသလို နေရာချသည်။ တစ်ဖန် လက်ထဲရှိသော မီးပြောင်းနှင့်ပင် မီးကို ကုန်းမှုတ်ပြန်သည်။ မီးဖိုထဲ မီးကား တငွေ့ငွေ့နှင့် လောင်မြိုက်ပေပြီ။

ထိုတော့ မီးပြောင်းကြောင့် ပေနေသော လက်ကို ဝတ်ဆင်ထားသော ညစ်ထေးထေး လုံချည်နှင့် သုတ်ပြီး မီးဖိုပေါ်မှ အိုးကို လှန်ကြည့်လိုက်သည်။ အိုးထဲတွင် ဘာမျှမရှိ။ 

မီးဖိုပေါ် အိုးကို ပြန်တင်ပြီး နံဘေးနား ရေပုံးမှ ရေတစ်ခွက် ခပ်မောက်မောက် ခပ်ထည့်လိုက်သည်။ ပြီးနောက် မီးဖိုထဲမှ မီးကိုပြန်ကြည့်သည်။ မီးတောက်အရှိန် ပိုရရန် ခုနက နံဘေးနား ချထားသော မီးပြောင်းနှင့်ပင် မီးဖိုထဲမှ ထင်းချောင်းများကို လိုသလို နေရာချ၍ ထိုမီးပြောင်းနှင့်ပင် တစ်ချက်နှစ်ချက် ကုန်း မှုတ်လိုက်သည်။ မီးဖိုထဲ မီးတောက်အရှိန်ရမှ အဘိုးအို မီးပြောင်းကို ပစ်ချ၍ ဖြည်းညင်းစွာ ထလိုက်သည်။

“အလားလား”

အသက်အရွယ် အိုမင်းနေပြီမို့ ခန္ဓာကိုယ် အရိုးအဆစ်တွေက အရင်လို မကောင်းတော့။ ထိုင်ပြီးလျှင် တော်ရုံ မထနိုင်။ ထပြီးလျှင်လည်း တော်ရုံ မလျှောက်နိုင်။ တကျွတ်ကျွတ် စုပ်သတ်ရင်း ပိန်ကိုင်းသော ခါးကို လက်တစ်ဖက်နှင့် ထောက်ထားရသေးသည်။ ပြီးမှ ယိုင်နဲ့နဲ့ တဲအိမ်ဘက် ဖြည်းညင်းစွာ သူ့ခြေလှမ်းကို စရသည်။

“ကျွတ်၊ ကျွတ်၊ ကျွတ်၊ နာလိုက်တာ”

အဘိုးအို ငြီးတွားရင်း အိမ်ဘက်သို့ ခြေလှမ်းသည်။ အိမ်ရှေ့ ရောက်သော် ဒူးသာသာ မြင့်သော အိမ်ခါးပန်းကို ကိုင်ထားရသေးသည်။ ချက်ချင်း အိမ်ပေါ် မတက်နိုင်သေး။ အိမ်ကပြင်ပေါ် ရောက်ရန် အိမ်အောက်တွင် တိုင်နှစ်တိုင်နှင့် တန်းရိုက်ထားသော လှေကားသဖွယ် သစ်သားတုံးကို နင်းပြီးမှ အိမ်ပေါ် တက်ရဦးမည် မဟုတ်ပါလား။

“ဒူးသာသာ အိမ်ပေါ် တက်တာပဲ” ဆိုပြီး ပေါ့လို့ မဖြစ်။ တစ်ခါက စိတ်မြန်လက်မြန်နှင့် ခြေနင်းတုံးကို ဆတ်ခနဲ နင်းပြီး အိမ်ပေါ်တက်စဉ် ခန္ဓာကိုယ်ကို ဒူးက မထိန်းနိုင်ဘဲ မြေပြင်ပေါ် ပက်လက်လန်ကျ၍ သုံးလေးရက်မျှ မထနိုင်သည်မျိုး တစ်ခါ ဖြစ်ဖူး၏။ ထို့ကြောင့် လှေကားအနင်းကို သူ သတိထား၏။ ခြေတစ်ဖက်နှင့် ထိုတန်းကလေးကို အမိအရ နင်းပြီးမှ အိမ်ကပြင်ပေါ် နောက်တစ်ဖက်နှင့် ခြေချလိုက်သည်။

“ဟူး”

အရာရာ ချောချောမွေ့မွေ့ပင်။ အိမ်ပေါ်ရောက်တော့ သူ မနားအားသေး။ အိမ်နောက်ဖေးဘက် ရှိသမျှ အားနှင့် ဖြည်းညင်းစွာ ဝင်ရသည်။ အိမ်အလယ်လောက်မှ စင်ထိုး၍ ထိုးတင်ထားသော ပြောင်းဖူးများကို ဆွဲချလိုက်သည်။ တချို့က လက်ထဲ၊ တချို့က ဝါးအခင်းပေါ်။

လိုသလောက် ဆွဲချပြီးမှ အခင်းပေါ် ကျနေသော ပြောင်းဖူးများကို ကောက်ယူပြီး ပြောင်းဖူးအားလုံး စုစည်းကိုင်ကာ အိမ်ရှေ့မီးဖိုဆီ ခြေဦး ပြန်လှည့်ရသည်။

••••• ••••• •••••

“ဆင်းရဲလိုက်တာ”

အဘိုးအိုက မီးဖိုရှေ့ ငုတ်တုတ်ထိုင်ကာ ငြီးတွားလိုက်သည်။ သူ့ရှေ့က မီးဖိုပေါ်မှ ပြောင်းဖူးအိုးက ပွက်စ ပြုနေပြီ။ မီးအရှိန် သေစေရန် လက်ထဲ ညစ်ထေးနေသော မီးပြောင်းဖြင့် မီးများကို ထိုးဆွလိုက်ရင်း သူ ပြန်စဉ်းစားလိုက်သည်။

“ဘယ်အချိန် ကတည်းက ဆင်းရဲတာလဲ”

သူ မသိနိုင်တော့။ သူ့ဘဝ “ဘယ်အချိန်တုန်းက ချမ်း သာခဲ့လဲ”၊ သူ မစဉ်းစားတတ်။

“ငယ်ဘဝကကော ချမ်းသာခဲ့လေသလား” သူ မေ့လျော့နေပြီ။ သူ မှတ်မိတာကတော့ ယခု ပြောင်းဖူးသည်မိန်းမနှင့် စ ရကတည်းက ဆင်းရဲခဲ့မှန်းသာ သူ မှတ်မိတော့သည်။

ပြောင်းဖူးသည်မိန်းမနှင့် ညားကတည်းက သူက ပြောင်းဖူးချိုး၊ ပြောင်းဖူးပြုတ်။ မိန်းမက သူ ပြုတ်ပေးသော ပြောင်းဖူးကို ခေါင်းရွက် ရောင်းခဲ့တာ ယခု တစ်သက်ပင်။

ပြောင်းဖူးပြုတ် ရောင်းနေရင်း ကလေး တစ်ယောက်ပြီး တစ်ယောက် မွေး။ ပြောင်းဖူးပြုတ်ရောင်းကျွေးရင်းပင် ကလေးတွေ အရွယ်ရောက်စေခဲ့သည်။ ယခုတော့ အိုးခွဲအိမ်ခွဲ၊ အိမ်ထောင်များ ခွဲနေကြရင်း သူနှင့် သူ့မိန်းမ ပြောင်းဖူးပြုတ်သည် ကြီးပင် အိမ်တွင် ကျန်တော့သည်။

သူ၏ သားသမီးများကလည်း ဆင်းရဲလေလား၊ ချမ်းသာလေလား သူ မသိ။ တစ်နှစ်မှ တစ်ခါခန့်သာ အိမ်ကို ခဏတဖြုတ် လာကာ ကိုယ့် ရှိတာ သူ့ကို ကျွေး၊ သူ့ ရှိတာလေး ကိုယ့်ကို ပေးရင်း ခဏသာ ဆုံတတ်ကြသည်။

အဘိုးအို သူ့ဘဝ သူ စဉ်းစားရင်း မီးဖိုထဲကို မီးပြောင်းဖြင့် သတိလက်လွတ် ကော်ထိုးနေမိသည်။ မီးခိုး အူလာတာ မြင်မှ သတိတရ ဆွဲထုတ်ကြည့်မှ 

“ဟယ်၊ မီးပြောင်း မီးစွဲပဟ”

အဘိုးအို မီးပြောင်းကို မီးအစွဲ မခံလို၍ နံဘေးနား ပြာပုံထဲ မီးပြောင်းကို ထိုးစိုက်ထားလိုက်သည်။ ပြီးနောက် ထို မီးပြောင်းဖြင့်ပင် မီးဖိုထဲက မီးကို ကုန်းမှုတ်လိုက်သည်။ 

“ဖူးဖူး”

မီးရှိန်က မြင့်ပြီး ပြောင်းဖူးပြုတ်အိုး ပွက်နေလေပြီ။ အဘိုးအို ပြောင်းဖူးအိုးကို တွေတွေကြီး စိုက်ကြည့်နေမိသည်။ ပြီးနောက် သူ့ဘဝကို သူ ပြန်စဉ်းစားမိသည်။

သူ့ဘဝတွင် အဝတ်အစားပင် ဝယ်ဝတ်ခဲ့ဖူးလား သူ မမှတ်မိ။ မွေးခဲ့သည့် သားသမီးလေးယောက်ကိုလည်း သူ အဝတ်အစား ဝယ်ခဲ့ပေးဖူးလား မသေချာ။ မမှတ်မိတော့။ ပြောင်းဖူးပြုတ်သည် အမေကြီးကတော့ ငွေပိုငွေလျှံ ရှိလျှင် သားသမီးနှင့် သူ့ကို ဝယ်ဆင်ပေးခဲ့ပုံရသည်။

ငွေပိုငွေလျှံ ဆိုသည်မှာလည်း ပြောင်းဖူးသည် အမေကြီး ပြောင်းဖူး ရောင်းကောင်းသည့်နေ့ သို့မဟုတ် အိမ်တစ်အိမ်က အဝတ်လျှော်၊ ပန်းကန်ဆေး၊ အပိုအလုပ် ခိုင်းသော နေ့မျိုးများ၌သာ ရတတ်၏။ ဒါကလည်း ဖြစ်ခေါင့်ဖြစ်ခဲ။

သူ ငယ်စဉ်ကတော့ ပြောင်းစိုက်၊ ပြောင်းချိုး၊ ပြောင်းဖူးပြုတ်အပြင် အားသောအချိန်ကလေးများ၌ ထင်းခွေ၊ တောတက်၊ ပန်းရံ၊ လက်သမား၊ လိုအပ်သူက ခေါ်လျှင် ခေါ်သလို အောက်ခြေသိမ်း လုပ်၍ ငွေပိုငွေလျှံလေး ရတတ်သေး၏။ ယခုတော့ အသက်အရွယ်က ကြီး၊ ခါးကိုင်းချည့်နဲ့ချိန် ဖြစ်ပြီမို့ ပြောင်းဖူးရိုးပင် မနည်း နိုင်အောင် ဆွဲနေရပေပြီ။

စဉ်းစားနေရင်းမှာပင် ခန္ဓာကိုယ်ပေါ် ရေစက်ကလေးများ ကျလာ၍ အဘိုးအို ထိတ်ခနဲ မော့ကြည့်မိသည်။ 

ကောင်းကင်က မှိုင်းညို့လာပြီ။

“တောက်.. ဒီမိုးကလည်း စဲကို မစဲနိုင်ဘူး” 

အဘိုးအို မိုးကို ကြည့်၍ ကျိန်ဆဲလိုက်သည်။ 

“ပြောင်းဖူးပြုတ်က ရတော့မယ်ဆို၊ ဒီမိုးက လုပ်ပြီ” 

အဘိုးအို ငြီးတွားရင်း မိုးမကျမီ ထင်းမီးကို အရှိန်မြှင့် ထိုးကာ မီးပြောင်းစုတ်နှင့် အားကုန် မှုတ်လိုက်သည်။ မီးပြောင်းက မကောင်းတော့၍ မီးက လိုသလောက် တောက်လောင်မှုက မမြန်ဆန်။ ထိုခဏမှာပင်

“ပြောင်းလဲချိန် တန်ပြီ”

“ဟင်”

အနီးအနားမှ အသံကြား၍ အဘိုးအို အံ့အားသင့်သွားသည်။ လှည့်ကြည့်လိုက်တော့ ဘယ်က ဘယ်လို ဘယ်အချိန် ကတည်းက ရောက်နေမှန်း မသိသော လူတစ်ဦး သူ့အနောက်မှာ ခုံတစ်လုံးနှင့် ကျကျနန ထိုင်နေသည်။

လူပုံက သပ်သပ်ရပ်ရပ် မဟုတ်။ ခေါင်းက စုတ်ဖွာဖွာ။ တိုက်ပုံလား ရိုးရာအင်္ကျီလား မသိသော ဖျင်အင်္ကျီခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည်။ ပခုံးတွင်လည်း အရောင်အဆင်း ခန့်မှန်းရ ခက်သော ခပ်နွမ်းနွမ်း လွယ်အိတ်တစ်လုံး လွယ်ထားသည်။ ထို့အပြင် ဝတ်ထားသော ပုဆိုးကပါ ခပ်နွမ်းနွမ်းမို့ ခြုံပြောရလျှင် မီးဖိုရှေ့ အဘိုးအိုနှင့် စာလျှင် အင်္ကျီရှိတာနှင့် မရှိတာသာ ကွာလိမ့်မည်။ အဘိုးအိုက ထိုလူငယ်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့်

“မောင်ရင်က ဘယ်သူတုံး” 

ခပ်နွမ်းနွမ်းလူက ခပ်နွမ်းနွမ်းပြုံးကာ 

“ခင်ဗျားဘဝကို ပြောင်းလဲပေးမယ့်သူ” 

“ဟင်”

အဘိုးအို အံ့အားသင့်သွားသည်။ ထိုသူ စကားကိုလည်း သူ သိပ်ပြီး သဘောမပေါက်လှ။ သူ့ဘဝမှာ ဘာပြောင်းလဲသင့်သည့်ကို တစ်ခါမျှ မစဉ်းစားဖူးပေ။ ထိုသူမှပင် 

“ကျုပ်တို့ ပြည်ကြီး မတိုးတက်တာ ပြောင်းလဲခြင်းကို သဘော မပေါက်လို့ မတိုးတက်တာဗျ၊ ဒါကို နားလည်လား” 

အဘိုးအိုက ဇဝေဇဝါ ခေါင်းခါသည်။ ထိုသူက မဲ့ပြုံးပြုံး

“အဲဒါပဲဗျ၊ အဲဒါပဲ၊ ပြောင်းလဲချိန် တန်နေတာတောင် ဘာမှ မသိဘဲ ငုတ်တုတ်ကြီး ထိုင်နေသူတွေကြောင့် မတိုးတက်တာ၊ သူများ နိုင်ငံတွေကို ကြည့်၊ ကိုရီးယား ကြည့်မလား၊ ဂျပန် ကြည့်မလား”

အဘိုးအို သူ ပြောတာ တစ်ခုမျှ နားမလည်။ ထိုသူမှပင် ဆက်၍ အာပေါင်အာရင်း သန်သန်ဖြင့်

“ပဒေသရာဇ်ခေတ်၊ အာဏာရှင်ခေတ်၊ စစ်အစိုးရခေတ်၊ ဒီမိုကရေစီခေတ်ထိ ခင်ဗျား အနေနဲ့ ပြောင်းလဲသင့်တယ် ဆိုတာ ဘယ်နှခါ စဉ်းစားဖူးလဲ”

အဘိုးအို ခေါင်းကုတ်ပြီး

“တစ်ခါမှ မစဉ်းစားဖူးဘူး”

လူရွယ် အသံ ပိုကျယ်လာသည်။

“အဲဒါပဲဗျ၊ အဲဒါပဲ၊ ပဒေသရာဇ်ခေတ်မှာလည်း ကျောမွဲ၊ ခေတ်အဆက်ဆက် ပြောင်းလာလည်း ကျောမွဲ၊ ကောင်းမွန်တဲ့ အပြောင်းအလဲ မရှိခဲ့တော့ ခင်ဗျားတို့ဘဝ ဘယ်လို ပြီးမြောက်မှာလဲ၊ ဦးနှောက်ကို လွှာသုံး၊ မှန်ကန်တဲ့ ဘက်က ရပ်တည်၊ ပြောင်းလဲခြင်းကို လက်ခံနိုင်မှ တိုးတက်ခြင်းကို ရမှာပေါ့”

အဘိုးအို ငေးကြည့်နေသည်။ ထိုသူ ဘာကို ဆိုလိုနေမှန်း သူလည်း မသိ။

“တချို့က ရှေ့ကလည်း မသွား၊ နောက်ကလည်း မလိုက်၊ ဘေးတိုက် လွယ်အိတ်လို လိုက်နေကြတော့၊ ဘယ်လိုလုပ် တိုးတက်မှာလဲ”

အဘိုးအို ဝေ့ကြည့်သည်။ သူ့မှာ လွယ်အိတ် မရှိတော့ မသိ။ 

“အမေရိကန်နိုင်ငံမှာဆို ရီပါပလစ်ကင်နဲ့ ဒီမိုကရက်တစ် ဆိုပြီး ပါတီကြီး နှစ်ခုရှိတယ်၊ သူတို့ နှစ်ခုကပဲ သက်တမ်းတစ်ခုစီ ပြောင်းလဲပြီး အုပ်ချုပ်ခဲ့လို့ အပြောင်းအလဲတွေနဲ့ တိုးတက်ခြင်းတွေ ရခဲ့တယ်၊ ခု ခင်ဗျားဆို သက်တမ်းတစ်လျှောက် ဘယ်မှာ ပြောင်းလဲခဲ့လဲ”

အဘိုးအို နားမလည်။ ဘာကို ပြောင်းလဲရမလဲ သူမသိ။ 

“ပြောင်းလဲချိန် တန်ပြီ၊ ပြောင်းလဲချိန် တန်ပြီ၊ ပါးစပ်က ကုန်းအော်နေပြီး ဘာမှ ဆက်မလုပ်ခဲ့လို့ ဒီလိုပဲ ခံနေရတာပေါ့ဗျ၊ မဟုတ်ဘူးလား”

သူ့ကို လက်ညှိုးထိုး မေး၍ အဘိုးအို ယောင်ပြီး ခေါင်းညိတ်မိသည်။

“တိုးတက်ခြင်းအစ ပြောင်းလဲခြင်းက ဆိုတာ လက်ခံလား”

အဘိုးအို ခေါင်းကုတ်သည်။ ပြီးမှ

“အဲဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ”

“ပြောင်းလဲရမယ်လေဗျာ၊ ပြောင်းလဲရမယ်” 

အဘိုးအို ခေါင်းကုတ်ပြန်သည်။

“ကျုပ်က ဘယ်လို ပြောင်းလဲရမလဲ

ထိုသူ ခပ်ဖွဖွ ပြုံးလိုက်သည်။ ပြီးမှ

“ခင်ဗျားမှာ ပြောင်းလဲချင်စိတ်ပဲ လိုတယ်၊ ခင်ဗျားသာ တကယ် ပြောင်းလဲချင်စိတ် ရှိရင် ကျုပ်က ခင်ဗျားကို ပြောင်းလဲပေးမယ်”

အဘိုးအို စိတ်ကူးထဲ တိုက်အိမ်ကြီး ပေါ်လာသည်။ ပြောင်းဖူးသည် အမယ်ကြီး စိန်တွေ၊ ရွှေတွေ တဖျပ်ဖျပ်နှင့် ပြုံးပြုံးကြီး ပေါ်လာသည်။ သူ၏ သားမြေးများ မော်တော်ကားများ စီး၍ မုန့်ထုပ်များနှင့် ပျော်ရွှင်စွာ သူတို့လင်မယားကို လာကန်တော့သည်များ ပေါ်လာသည်။ မြေးငယ်များက ခြံဝင်းထဲက မြက်ခင်းပြင်ပေါ် ပျော်ရွှင်စွာ ပြေးဆော့ ကစားနေကြလေပြီ။ 

အဘိုးအို အပြုံးပန်းများ ပွင့်လာသည်။ ထို့ကြောင့် အားတက်သရောဖြင့်

“ဟုတ်ပြီ၊ ကျုပ် ပြောင်းလဲချင်ပြီဗျာ” 

အဘိုးအိုစကားကို ထိုသူက ကျေနပ်ပီတိဖြစ်စွာ ပြုံးသွားပြီး

“ခင်ဗျား ပြောင်းလဲချင်တာ သေချာလား” 

အဘိုးအို ခေါင်းကို ခပ်သွက်သွက် ညိတ်ပြီး 

“သေချာတယ်ဗျာ၊ သေချာတယ်”

“သေချာတယ်ဆို ရော့၊ ပြောင်းလဲခြင်းဟာ မီးစတစ်စကို ဖန်တီးခြင်းပဲ၊ ကျုပ်က ခင်ဗျားကို ချက်ချင်း ပြောင်းလဲပေးလိုက်မယ်၊ အပ်ချလောင်း”

ထိုသူ လွယ်အိတ်စုတ်ထဲက တစ်စုံတစ်ခု ဆွဲထုတ်လိုက်သည်။ 

“ဟင်”

ထိုအရာကို ကြည့်ပြီး အဘိုးအို အံ့အားသင့်သွားသည်။ သူ မြင်နေရတာ ဝါးဆစ်ပိုင်း တစ်ခု။ သူ့စိတ်ထဲမှာ မှော်တုတ်တံလေးလား အမှတ်နဲ့ လှမ်းယူကာ

“ဒါဘာလဲ” 

“မီးပြောင်း”

“ဟင်”

အဘိုးအို အသေအချာ ကြည့်သည်။ မှန်ပါ့။ မီးပြောင်းမှ ဝါးမီးပြောင်း အစစ်ကြီး။ 

“ဒါ၊ ဒါကြီးက” 

“ထိုင်မှုတ်နေလေ” 

“ငင့်”

အဘိုးအို တက်ချင်သလိုပါ ဖြစ်သွား၏။ ပြီးနောက် ဇဝေဇဝါဖြင့်

“ဟင်၊ ဒါ ပြောင်းလဲတာ”

“ဟုတ်တယ်လေ၊ ခင်ဗျား မီးပြောင်းအဟောင်းအစုတ်ကြီးနဲ့ ထိုင်မှုတ်နေလို့ မီးက ဘယ်လို တောက်မှာလဲ၊ ဒါကြောင့် ပြောင်းလဲပြီး မှုတ်ကြည့်”

“ဒါ၊ ဒါကြီးနဲ့”

“ထိုင်မှုတ်ပါဆို”

ဆိုပြီး လူငယ် ငေါက်ခနဲ ထထွက်သွားသည်။ အဘိုးအို နှင့် မလှမ်းမကမ်းကို ရောက်မှ အသံကျယ်ကျယ်ဖြင့်

“လူတစ်ယောက်ကို ငါ ပြောင်းလဲပေးနိုင်ပြီဟေ့၊ ပြောင်းလဲပေးနိုင်ပြီ၊ ဟား ဟား ဟား”

ဟူသော အားရဝမ်းသာ အော်သံကို ကြားရသည်။ 

အဘိုးအိုမှာ လက်ထဲ ရှိလာသော မီးပြောင်းအသစ်ကို ကြည့်လိုက်၊ သုံးနေကျ ဝါးမီးပြောင်း အဟောင်းအစုတ်ကို ကြည့်လိုက် ဇဝေဇဝါ ဖြစ်နေသည်။ ဘာလုပ်ရမှန်း မသိ။ အတန်ကြာမှ သက်ပြင်းချပြီး

“ပြောင်းလဲချိန်တန်ပြီလေ”

ဟု ဆိုကာ ဝါးမီးပြောင်း အဟောင်းကြီးကို မီးဖိုးထဲ ပစ်ထည့်လိုက်သည်။ နောက် ခုနကလူ ပေးသွားသော ဝါးပြောင်း အသစ်နဲ့ မီးကို ကုန်းမှုတ်လိုက်သည်။

“အံမယ်၊ ပြောင်းလဲလိုက်တော့လည်း မှုတ်လို့ အကောင်းသားဟ”

အဘိုးအို ကျေနပ်သွားလေသည်။

      လေးစားစွာ ကြိုးစားလျက်

  ▢  အကြည်တော်
📖  ရသခေတ် မဂ္ဂဇင်း 
      အတွဲ ( ၁ ) ၊ အမှတ် ( ၂ ) 
      ၂၀၁၈ ခုနှစ်

No comments:

Post a Comment