Wednesday, October 28, 2026

စံပယ်ဖူးစ ဆီးယောက်မ

❝ စံပယ်ဖူးစ ဆီးယောက်မ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

နှင်းပြာပြာ အုပ်ဆောင်းကြီးသည် ကြက်သားအုပ်မ သားအမိတစ်တွေကို ဆောင်းလှောင်သည့်အလား ရမ်းဘိုကုန်းရွာကို ဆောင်းအုပ်ထားလေ၏။ စလင်း ချောင်းသည် အုပ်ဆောင်းတွင်ရှိသော သားကောင်ကို ရန်မူရန် ချဉ်းကပ်လာသော မြွေနဂါးကြီး အခိုးအလျှံ လွှတ်သည့်နှယ် အငွေ့ချောင်းချောင်း ထနေလေ၏။ သည်ပြာမှောင်သော နှင်းခိုးနှင့် ပေါင်းချောင်ကြီး အောက်ဝယ် ထုံးနနွင်းရောင် မီးခိုးတွေ တောက်လောင်နေကြ၏။ ရီးဆေးရိုးသည် စောင်မြိတ်များကို ပြာမှုန်စများ စင်စေရန် ပုတ်ခါပြီး ဝမ်းဗိုက်နှင့် ပေါင်၏ ကြားထဲသို့ သွင်းလိုက်ပြီးနောက် ရေနွေးကရားကို မီးတောက်ကြားထဲမှ ဆွဲထုတ်လိုက်၏။

“ဘ ဘ”

မီးဖိုတွင် ဝိုင်းနေသော မြေးတစ်ကျိပ်အနက် စကားအတတ်ဆုံး၊ အမေကြီး၏ အခေါက်အထစ် အခံရဆုံး ‘ငတက်ပြားမ’ ခေါ်သံဖြစ်သည်။ ရီးဆေး ရိုးမှာ လက်ဖက်ခြောက်ဘူးကို ရှာနေရသဖြင့် မထူးနိုင်။

“ဘလို့ ခေါ်နေတာ ဘကလဲ”

“ဘာလဲ သမီးရယ်၊ လက်ဖက်ခြောက်ဘူး ရှာမတွေ့လို့ပါဟယ်”

ဘူးက မည်းမည်း၊ မန်ကျည်းမြစ်က မည်းမည်းမို့ ရောနေသည်။ ကလေးမျက်စိတွင်ကား အထင်း သားပါ။ မြေးတွေ ဝိုင်းရယ်ဆဲတွင် လှအုံးမယ်က ထယူပေးသည်။

“သည်မှာပါ ဘရဲ့၊ ဘရဲ့လက်အောက်မှာ”

“အေးဟယ်၊ အသက်ကြီးတော့ မျက်စိက မှုန်မှုန်၊ မျက်စိမှုန်တော့ ထင်းချောင်းကို မြွေထင်ပြီး ခုန်လို ခုန်၊ မြွေကို ထင်းမှတ်ပြီး ဆွဲလို ဆွဲနဲ့”

ထန်းပင်မြစ်နံ့သင်းသော ဆောင်းတွင်းမီးဖိုဝယ် မြေးတို့၏ သာယာသော ရယ်မောသံတွေ လှိုင်နေ၏။

“ကဲ အငယ်က ဘာပြောမလို့တုံး” 

ကရားထဲသို့ လက်ဖက်ခြောက်ခတ်အပြီး ရယ်သံအစဲတွင် ရီးဆေးရိုးအမေး။

“ဘရဲ့ အဖေနဲ့အမေဟာ ဦးကျန်ကြီးနဲ့ ဒေါ်ကြွယ်စိုးဆို ဘ”

မေးအပြီးတွင် အငယ်သည် အတူဝိုင်းထိုင်နေသော မောင်နှမတစ်စု၊ ညီအစ်မတစ်စုကို ဝင့်ဝါစွာ လှည့်ကြည့်၏။ ကြားလား၊ ငါသိတယ် ဟူသည့် သဘော။

“သမီးကို ဘယ်သူပြောတုံး”

အပြုံးထဲက ဘ၏ အမေး။

“သလိုပဲ သိတာပေါ့”

“ဟုတ်တယ် သမီး၊ ကနေ့ ညည်းအစ်ကို မောင် ကိုကြီးတို့၊ ခင်မောင်ငြိမ်းတို့ ပျင်းတာတွေ မြင်လေလေ အဖေ့ကို သတိရလေလေပဲ သမီး။ အဖေတို့ ဘတို့ဟာ တစ်နေ့လုံး အလုပ်လုပ်ရတာ အားမရလို့ ညမှာ လရောင်နဲ့ အလုပ်လုပ်ကြရတယ် သမီး”

လိမ္မော်ရောင် စလင်းချောင်းရေပြင်သည် ရီးဆေး ရိုး၏ လွမ်းအားကို ဖြည့်၏။ ချောင်းလယ်ရှိ ခေါင်းဖြူ ဖြူ ကိုင်းတောကလည်း ခြားနားသော အတိတ်ကို လှန်၏။ ရီးဆေးရိုးသည် မီးလောင်သစ်ကိုင်းခြောက် လက်ညှိုးဖြင့် ချောင်းဘက်ကို ညွှန်ပြလိုက်သည်။

“သည်ချောင်းဟာ အခုလို ရွာခြေကို ကပ်မနေဘူး သမီး၊ ရွာရဲ့ ဟိုဘက် တစ်ခေါ်လောက်မှာ ရှိတာ။ သိပ်လည်း မကျယ်ဘူး။ ဘယ်လောက် မကျယ်သလဲ ဆိုရင် ငှက်ပျောတောရွာထဲက ဇွန်းသံ၊ ပန်းကန်သံကို ဘတို့ ရမ်းဘိုကုန်းက အတိုင်းသား ကြားရသကိုး”

မြေးတို့ အံ့ဩကိန်း ကြုံပြီ။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြသည်။ ဘဆေးရိုး ကိုလည်း ပါးစပ် အပွင့်သား၊ မျက်လုံး အပြူးသားဖြင့် ဝိုင်းကြည့်နေကြသည်။ သူတို့ အံ့သြခြင်းထက် ယုံကြည်ရန် ခက်ခဲနေကြသည်။ သို့ရာတွင် ဘသည် လိမ်လည် လုပ်ကြံ မပြောဟူ၍လည်း နားလည်နေကြချေ၏။ လက်ရှိ ချောင်းသည် ရွာခြေမှာ ကပ်နေ၏။ ချောင်းပြင်သည်လည်း နှစ်ခေါ်မျှကျယ်နေသည်။ ကျယ်လွန်းသည့်အတွက် ငှက်ပျောတောရွာဘက်တွင် ချောင်းတစ်သွယ်၊ ရမ်းဘိုကုန်းဘက်တွင် ချောင်းတစ်စင်း ဖြစ်ကာ ခွဲ၍ စီးဆင်းနေရပြီ။ ချောင်းလယ်ကောင်သည် သာမန်အကော မဟုတ်။ မို့မောက်လာသည်။ တောတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ၊ ယာတွေ၊ ဥယျာဉ်တွေဖြင့် ဖြစ်နေပြီ။ ကြာလျှင် ငှက်ပျောတောချောင်းနှင့် ရမ်းဘိုကုန်းချောင်းပင် ဖြစ်လာဖွယ်ရှိပေသည်။

ချောင်းရေပြင်သည် လိမ္မော်ရောင်မှ ခရမ်းရောင် သို့ ပြောင်းသည်။ မကြာမီပင် အလင်းတန်းကလေး ကျဆင်းလာရာက ပြာလွင်သော၊ အခိုးထောင်းထောင်း ထသော ချောင်းပြင် ဖြစ်လာခဲ့လေတော့၏။ ကလေးတို့ တူးဖော်သဖြင့် အတိတ်သည် ရေးရေးထင်၏။ ရေးရေးတွင် အာရုံစိုက်သောအခါ ပြက်ပြက်ထင်ထင် ပေါ်စပြုလာသည်။

••••• ••••• •••••

၂

မောင်ဆေးရိုး၏ ရည်းစားသည် မိကျီးဒန် မဟုတ်။ တောတွင်ရွာက ငွေမှုန်။ လှသလား မမေးနှင့်၊ သာမန်မျှသာ လှသည် ဆိုဦးတော့၊ သည်အလှတွင် အရှက်တရားနှင့် ဣန္ဒြေသိက္ခာ ခြုံလွှာကို ဆင်ထားသဖြင့် အလွန်လှသည်။

ရမ်းဘိုကုန်း၊ ကုတင်ကြီးစု၊ ပုရပိုက်တန်း၊ သရက်ချင်၊ ကျီးသိုက်၊ ပန်းတိမ်ကုန်း အစရှိသည့် ရွာများမှာ မလှမ်းမကမ်းတွင် စလင်းချောင်း ရှိသဖြင့် ရေမရှား။ သာဒွန်းဝမြောင်းနှင့် မုန်းမြောင်းတို့လည်း ရှိနေပြန် သဖြင့် စိုက်ပျိုးရေး မခက်။ စပါးကို ခေါင်းမော့ရင်ကော့ပြီး စိုက်နိုင်သော ရွာတွေ။ ဆန်ကိုမှ ထမင်းလုပ်ပြီး စားသော ရွာတွေမို့ လူအထင်ကြီးခံရသည်။

တောတွင်ရွာမှာ ထိုအချိန်က ကုန်းခေါင်ခေါင်သာ။ မိုးကောင်း တစ်စလောင်း၊ မိုးမကောင်း တစ်စလောင်း ဆိုသော ရွာတွေ။ ဆန်ကို စားဖူးရန် ဝေးစွ၊ မြင်ဖူးသူပင် ရှားလှသည်။ ယာထဲတွင် နှမ်းကလေး၊ ပဲကလေး ကြဲ၊ ဝမ်းစာအတွက် လူး၊ ဆပ်နှင့် ပြောင်း ကို အားထားကြရသော ရွာတွေ။

ပြောင်း၊ လူးနှင့် ဆပ်သည် အတော် ဒူပေနာပေခံ ၏။ တော်ရုံ မိုးခေါင်ကာမျှဖြင့် မဖြူ။ သို့သော် အလွန် အဆင်မပြေသော အခါများတွင် ထိုသီးနှံများပင် တံစဉ်လွတ်ရတတ်၏။ ထိုအခါများတွင် နှမ်းဖတ်ခဲကို ချက် စားလို စားရ၊ ဝါးသုဉ်းတောတွေ သတင်းကို နားထောင်ကာ ဝါးသီးကောက်လို ကောက်ရ၊ မုန်းနား၊ မုန်းပြင်နှင့် ရမ်းဘိုကုန်းဘက် ပြေးသူပြေးရ ဖြစ်ကြတော့သည်။ သည့်နှယ် အရပ်မျိုးမှ မိန်းကလေးသည် ရေသွင်းလယ်နှင့် ဆန်ထမင်းကိုစားသော ရမ်းဘိုရွာသား မောင်ဆေးရိုးကို ကြိုက်သည်မှာ ဖြစ်ရိုး ဖြစ်စဉ်မျှသာ။ အုန်းဆီဖြင့် ပြောင်နေသော သျှောင်ချောကြီး ပေါ်လာလိုက်၊ ပြုတ်ကျသွားသော တဘက်ကြီးကို ပြန်ပတ်လိုက် အလုပ်များနေတော့သည့် ရမ်းဘိုကုန်းသားကို ငွေမှုန် စတင် မျက်စိကျသောနေရာမှာ မြသီတာဘုရားပွဲ။ ဒိုင်းခေါင်းကုန်းရွာက မြသီတာ ဘုရားပွဲ။

“ဟေ့ တဘက်အနီ ခြုံထားတဲ့ ‘စမူ’ ကလေးက မင်းကို တယ်ကြည့်ပါလားကွ”

သာဒွန်း အနား ကပ်လာပြီး တီးတိုးပြောသော အခါ မောင်ဆေးရိုး လန့်ဖျပ်၏။ ရည်းစားထားခြင်းသည် ကာလသားသမီးတို့၏ အလုပ်ဖြစ်ငြား၊ မောင် ဆေးရိုး ရှက်သည်။ လူသိမည်ကိုမူ ရှက်လည်း ရှက် ၏။ ကြောက်လည်း ကြောက်၏။

“အယ် မင်းထင်လို့ နေမှာပါ”

မဟုတ်လေဟန်ပြောလိုက်ရငြား သည် ဇာတ်စင်ထောင့်သို့ ရောက်ကတည်းက မျက်စိချင်း စကားပြောနေခဲ့သည်မှာ အမှန်။

မောင်ဆေးရိုးက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ ငွေမှုန်က ခေါင်းငုံ့ထားရာမှ ခိုးကြည့်သည်။ အဖော်ကို လှည့်ပြီး စကားပြောရင်း စွေကြည့်သည်။ မည်သို့ပင် ကြည့်စေကာမူ တုံ့ပြန်အကြည့်ပဲ မဟုတ်လား။

နောက်တစ်လအကြာ မိုးဝင်းရွာဘုရားပွဲတွင် ထိုမျက်နှာနှစ်ခုသည် မျက်လုံးချင်း ဆုံကြပြန်သည်။ ထိုအချိန်တွင်ကား သည်မိန်းမဟာ ငါ ကြည့်သလို ပြန်ပြီး ကြည့်တယ်။ လက်ခံစရာ ရှိတယ်။ မောင်ဆေးရိုး သဘောထားက အသိအမှတ် ပြုမိလေပြီ။ သူက ဘယ်ရွာကတုံး၊ ဘယ်သူ့ သမီးတုံး၊ ဘာလုပ်တုံး။ မောင်ဆေးရိုး စုံစမ်းသည့်နည်းတူ ငွေမှုန့်ဘက်ကလည်း သည် လူမှာ မယားရှိသလား၊ အရက်၊ ကြက်၊ ဖဲ ကင်းရဲ့လား။ ဘယ်ရွာက ဘယ်သူ့သားလဲ သိနိုင်သူများထံတွင် သတင်းလက်ဆင့်ကမ်းလျက် တစ်စချင်း စုံစမ်းလေသည်။

ဒုတိယအကြိမ် မြသီတာဘုရားပွဲတော် ရုပ်သေး ပွဲတွင်မူ မောင်ဆေးရိုးသည် ဇာတ်စင်ထောင့်မှာ ခြေ ညောင်းခံ၍ မရပ်တော့ပါ။ ငွေမှုန့်အသံကို ကြားနိုင် သည့်နေရာ ပွဲခင်းထဲ ဝင်ထိုင်မိသည်။ သူနှင့် ငွေမှုန် ကြားတွင် ငွေမှုန့်ညီမနှစ်ယောက်နှင့် အောင်သွယ်တော်ကြီး မငြိမ်းသာတို့ ခြားထား၏။ မောင်ဆေးရိုးကို ပြောသော စကားသည် မောင်ဆေးရိုးထံ တန်းတန်းမတ်မတ် မရောက်ပါ။ မငြိမ်းသာ ပုဏ္ဏားတိုင်မှ တစ်ဆင့် သွားသည်။ မောင်ဆေးရိုးထံမှ စကားမှာလည်း ငွေမှုန့် ထံသို့ တည့်တိုးသွားခွင့် မရှိ။ သည်နည်းဖြင့် စိတ်ကောက်တတ်သူလော၊ ဒေါသကြီးသူလော၊ အပျင်းထူသူလော၊ ရတနာသုံးပါးနှင့် နီးသူလော၊ သဘောမနော ပုပ်စပ်သူလော လေ့လာကြရသည်။

မျှော်ကြည့်မည် ဆိုလျှင် မောင်ဆေးရိုးနှင့် ငွေမှုန် တို့၏ ချစ်လမ်းကြောင်း သွယ်ဖြူးဖြောင့်တန်းစရာ ရှိ သည် ထင်ရငြား၊ မထင်သော အကြောင်းအရာသည် ဖြစ်ပွားလာ၏။ ဆက်စပ်မှုရှိမည် မထင်ရသော ကိစ္စကြီးသည် ဖြစ်ပွားလာခဲ့လေ၏။ ဤသည်ကား စလင်းချောင်း ဖောက်ပြန်ခြင်းပေတည်း။ ဖောက်ပြန်သော စလင်းချောင်းက သာဒွန်းဝမြောင်းကို မျိုဝါး ဖျက်ဆီးပစ်လိုက်ခြင်းပေတည်း။

••••• ••••• •••••

၃

အကျည်းတန်သော အနာဂတ်ကို ဖုံးကွယ်ထားသည့် ပစ္စုပ္ပန်သည် ရင်သပ်ရှုမောဖွယ် အလှပါပေတည်း။ ယောက်ျားတစ်ယောက် တစ်နေ့ နှစ်ပဲ၊ မိန်းမတစ် ယောက် တစ်နေ့ ခြောက်ပြား။ တစ်နေကုန်၍ တစ်ပြား မဝင်သော လယ်သမား၊ ယာသမားများအတွက် ရွှေမိုးငွေမိုး ဖြိုးဖြိုးဖြိုင်သော ကာလပေတည်း။

ယခင်က သာဒွန်းဝမြောင်းတွင်းသို့ စီးဝင်ခဲ့သော မုန်းမြောင်းကို ချောင်းနှင့် ဝေးလှမ်းရာ အရပ်တွင် အသစ်ဖောက်လုပ်သောကြောင့်ပေတည်း။

ငွေမှုန်တို့ မည်သို့မျှ မမျှော်လင့်သော လယ်ရေ သွင်းမြောင်းသည် ငွေမှုန်တို့ တောတွင်ရွာလယ်မှ ဖြတ်သန်း ဖောက်လုပ်ချေပြီ။ မရွာသော မိုးကို တမော့ မော့မျှော်ရသော ဒုက္ခ၊ မျိုးဆုံး လူပန်းသော ဘေးကြီးမှ လွတ်ပြီ ကင်းပြီ။

တစ်ဧကလျှင် ငါးကျပ်၊ တစ်ဆယ်ပင် ပေးသူ မရှိသော ယာမြေများသည် မြောင်းရေသောက်လယ် ဖြစ်တော့မည်မို့ ဈေးခုန်တက်လာပြီ။ သည်မျှသာ လော။ မဟုတ်သေးချေ။ မြေတူးကု.လားများ၊ ဆည်ဘက် အလုပ်သမားများမှာ သည်ဒေသ၏ ရာသီဥတု နှင့် အကျွမ်းတဝင် မရှိ။ အဖျားအနာ ထူပြောသည်။ သည်အရပ်သားတွေ လာကြပါ၊ မြေတူးကြ၊ မြေ သယ်ကြ၊ အုတ်သယ်ကြပါ၊ ယောက်ျား တစ်မူး၊ မိန်းမ ခြောက်ပြားတဲ့။

ဖွတ်၊ ပုတတ်၊ ယုန်နှင့် မြွေများသာ ပျော်စံခဲ့သော မြေအပြင်ဝယ် ပွဲတော်ကြီး ဖြစ်နေပြီ။ သည်အခွင့် အရေးကို မောင်ဆေးရိုး ရှာဖွေနေသည့်နည်းတူ ငွေမှုန် ကလည်း လက်မလွှတ်ပါ။ မောင်ဆေးရိုးတို့ သားအဖသည် ထန်းလျှော်ကိုင်းပါသော ထန်းလျှော်တောင်းကို ထမ်းပိုးလျှို၍ ထမ်းသည်။ ငွေမှုန်မှာမူ မိန်းမသားမို့ ခေါင်းဖြင့်သာ ရွက်နိုင်သည်။ မြေရွက်ခြင်း၊ အုတ်သယ်ခြင်း။ နေ့စဉ်တွေ့မြင်ရသောကြောင့် နေ့စဉ် ပျော် ရွှင်ရသည်။ အလုပ်သိမ်းရသည့် နေဝင်ချိန်ကလေးသည်ပင် အငြူစူခံရရှာသည်။

မောင်ဆေးရိုးအဖေ ဦးကျန်ကြီးမှာလည်း ငွေမှုန်ကို အကဲခတ်နေခဲ့ရာ “ဒီကောင်မလေး တော်ပုံတော် ပန်းပဲကွ” ဆိုလာသော နေ့သည် မောင်ဆေးရိုး အလွန် ပျော်သောအချိန် ဖြစ်ရလေ၏။

အချို့ သမီးရည်းစားများမှာ အချင်းချင်း စုံမက်ပါလျက် မိဘ သဘောမကျသောကြောင့် ထစ်ငေါ့ရ၏။

မောင်ဆေးရိုးမှာ သော်ကား ဖွင့်မပြောရမီကပင် အဖေ သဘောကျနေပြီ။ အရတော်စွ၊ ကောင်းလေစွ။

သည်မြောင်းကို မုန်းမြောင်းဟု ခေါ်သည်။ ငွေမှုန့် အတွက်မူ ချစ်မြောင်း။ လယ်ကြားမြောင်းများသို့ ရေပေးသော အပေါက်ကို အုတ်ဖြင့် လုပ်သည်။ ရေဝင်ပေါက် မခေါ်၊ ဝါတာကွတ် ခေါ်သည်။ ဖုန်တထောင်းထောင်း လေပွေထသော ဖုန်းဆိုးယာပြင်သည် နေ့ချင်း ညချင်း ရေဖွေးလာ၏။ ရှားစောင်းပင်များအစား စိမ်းမြသော ကောက်ပင်များ ဖုံးလွှမ်းနေလေသည်။

ဤသို့ဖြင့် မြသီတာဘုရားပွဲ၌ တတိယအကြိမ် အဖြစ် မောင်ဆေးရိုးတို့ ဆုံပြန်သောအခါတွင်မူ ကြား လူသည် လေးယောက် မဟုတ်တော့။ ဖူးစာရေး နတ်ကြီး မငြိမ်းသာ တစ်ယောက်သာ ခြားရုံမက အချင်းချင်း စကားပြောနိုင်ပြီ။ ငွေမှုန် ယူလာသည့် ပြောင်းဖူး ပေါက်ပေါက်က ဆိမ့်သည့်နည်းတူ မောင်ဆေးရိုး ထံမှ တုံ့ပြန်ဖလှယ်သော ‘ကရေကရာ’ က ချိုသည်ရော၊ ဆိမ့်သည်ရော။

သည်အချိန်တွင် မောင်ဆေးရိုးနှင့် ငွေမှုန်တို့ကို မစေ့စပ်ရသေးငြား၊ မင်္ဂလာမဆောင်ရသေးငြား ရွာနီး ချုပ်စပ်က အသိအမှတ်ပြုကြပြီ။ သူတို့ မုချ ဖူးစာ ဆုံစည်းကြလိမ့်မည်။ သို့ဖြစ်ငြား မငြိမ်းသာကို ဖယ် ပြီး နှစ်ယောက်ချင်း တွေ့ခွင့် မရှိ။ အရှက်သည် လည်းကောင်း၊ ဣန္ဒြေသည်လည်းကောင်း အရာရာထက် တန်ဖိုးရှိ၏။

လယ်သစ်၊ ရွာသစ်တောတွင် ရွာဘက်တွင် ကောက်စိုက်သမတို့၏ တေးသံမြိုင်နေချိန်တွင် ရမ်းဘို ကုန်းဘက်၌လည်း ဟဲ့ နွားမောင်းသံ စည်စည်၊ ပျိုး နုတ်သမားတို့၏ တံပိုးသံ တညံညံ ဖြစ်နေချေသည်။ စလင်းချောင်းသည် သည်နှစ်တွင်လည်း ယမန်နှစ် နည်းတူ ဖောက်လွဲဖောက်ပြန် လုပ်ပြန်သည်။ နာရီပိုင်း၊ မိနစ်ပိုင်းအတွင်းမှာပင် လယ်တွေ ယာတွေကို ကိုက်ဖဲ့ဝါးမျိုပစ်သည်။ အိမ်ကို သော်မျှ ရအောင် ဖျက် မယူနိုင်။ လူပင် မနည်းလွတ်အောင် ပြေးရသော ရွာများရှိရာ ရွာအပြင်ရှိ အုတ်ဖိုကို မည်သူ ရွှေ့နိုင် သယ်နိုင်ပါမည်နည်း။

“ချောင်းထဲကို ပါသွားတဲ့ အုတ်ဖိုတွေကလည်း မနည်းဘူးတဲ့”

သည်သတင်းကို မောင်ဆေးရိုး ကြားပြီး ဖြစ်ပါ သည်။ ဖြစ်သော်လည်း သူ့ခြေထောက်အောက်က အရာကို ဘာပါလိမ့်ဟုသာ စဉ်းစားရသည်။

••••• ••••• •••••

၄

သည်ဘက်ခြမ်းတွင်ရှိသော ကောက်စိုက်စည်းတွေမှာ လက်မလည်ကြ။ ချောင်းဟိုဘက်ကမ်းရှိ ကောက်စိုက်စည်းများမူ အားလပ်သောစည်း ရှိတန်ရာသည်။ အကြောင်းမူ ချောင်းရေကြီးလျှင် နွယ်တမယ်မြောင်းသည် ပျက်တတ်၍ ယာယီအားဖြင့် အနုတ် အစိုက် ငုံ့သွားလေ့ရှိသောကြောင့်ပေတည်း။

ထို့ကြောင့် ရေအလျှော့ကို စောင့်ပြီး ခါးအောက် မကျတကျ အရောက်တွင် ရေပြင်ကျယ်ရာကိုရှာလျက် မောင်ဆေးရိုး ကူးလာခဲ့ခြင်းဖြစ်၏။ ရေပြင်ကျဉ်းလျှင် ရေစီးအားသန်ကာ လူကို တွန်းလှဲတတ်သည် မဟုတ်လား။ ကူးလာစဉ် တစ်စုံတစ်ရာကို တက်နင်းမိ၏။ ဘာကြီးပါလိမ့်၊ ဒါပါပဲ။ သို့ရာတွင် နောက်ထပ် သုံး လေးလှမ်း လှမ်းအပြီးတွင် နင်းမိပြန်၏။ နောက်သုံး လှမ်း ထပ်အလှမ်းတွင်ကား နှစ်ခုပူး။

မောင်ဆေးရိုး မနေနိုင်။ သိချင်လွန်းပြီ။ အင်္ကျီ ချွတ်ပြီး ရေထဲသို့ နှိုက်ထုတ်သည်။ ဟာ ဟိုမြောင်းဖောက်တဲ့နေရာမှာ ငါမြင်ဖူးတဲ့ ‘စက်အုတ်ခဲ’ လို ဟာတွေပါကလား။ မောင်ဆေးရိုးတို့နှင့် ရင်းနှီးပွန်း တီးသော အုတ်မှာ မြန်မာအုတ်။ အနံကျယ်ခြင်း မတူ၊ တစ်ဖက်ကျယ် တစ်ဖက်ကျဉ်းသည်ကများ၏။ စက်အုတ်သည် မြန်မာအုတ်နှယ် မကြီးငြား သိပ်သည်းသည်။ အလျား၊ အနံနှင့်ထုက ကျင်တွယ်ကိုက်။ သည်မျှ လေးလံသောအုတ်သည် ဝေးလံသောနေရာ အထိ မျောလာခြင်း မဟုတ်။ ရေစီးအားဖြင့် လိမ့်လာခြင်းဖြစ်မည်။

မည်သို့ဖြစ်စေ မောင်ဆေးရိုး အံ့သြသည်။ ရေငုပ်လျက် ၄၊ ၅ မိုင် လျှောက်လာသော အုတ်ခဲပါကလား။ ရှားတောစည်းနှင့် ကောက်စိုက်ရက် ညှိနှိုင်းပြီး အပြန်တွင် မောင်ဆေးရိုးသည် စက်အုတ်များ လမ်းလျှောက် လာပုံကို အံ့သြတကြီးပြောမိသည်။

“အံ့ရော အဖေရာ၊ သည်လောက် ရက်ကလေးနဲ့ သည်လောက် ဝေးဝေးရောက်လာတာ”

“အေး၊ ဟိုဟိုသည်သည် လျှောက်မပြောနဲ့၊ ထမင်းစားပြီးရင် သွားဆယ်ရအောင်”

ထိုအသံကြားသည့်ခဏ၌ ဒေါ်ကြွယ်စိုး ထပြီး ပိတ်ပင်တော့သည်။

“ထွန်တုန်း ယက်တုန်း၊ အလုပ်ပူတုန်းကြီးမှာ တော်၊ အုတ်ခဲများ ကောင်းကောင်းကန်းကန်းလိုက်လို့၊ မစားရ မသောက်ရနဲ့”

“ညည်း နားမလည်ပါဘူး မယ်စိုးရာ၊ ဝယ်မယ့်လူ ရှိရင် ပိုက်ဆံ မရပေဘူးလား၊ ကဲ ဘယ်သူမှ မဝယ်ဘူးထား အိမ်မှာ မခင်းရဘူးလား”

မှန်သောစကား ဖြစ်သည်။ မယ်ကြွယ်စိုး အတွန့် မတက်တော့ပါ။ လင်နှင့် သားနောက်မှ လိုက်လာခဲ့သည်။ ချောင်းထဲမှ သူတို့ ဆယ်ပေးသော အုတ်များကို သယ်နိုင်သမျှ သယ်သည်။ သည်နေရာတွင် ဦးကျန်ကြီး အမြော်အမြင်ရှိပုံမှာ “ဟေ့ လူလေး၊ ဆယ်ကောင်းတိုင်း ဆယ်မနေနဲ့၊ အိမ်ကို ညတွင်းချင်း သယ်လောက်ရုံပဲ ဆယ်ကွ” ဟု ပြောခြင်းတည်း။

မောင်ဆေးရိုး သဘောမပေါက်။

“မသယ်နိုင်လည်း ပုံထားခဲ့တာပေါ့ အဖေရာ”

“ဟဲ့ ချောင်းထဲက ငါတို့ အုတ်တွေ ရတယ်ဆိုတာ သည့်ပြင်လူတွေ သိမသွားရင် တို့ ကြာကြာ မဆယ်ရ ပါလား။ သမုဒ္ဒရာရေ မဟုတ်ဘူးကွ၊ အုတ်ခဲ အုတ်ခဲ”

တည့်တည့်ပြောမှ မောင်ဆေးရိုး သဘောပေါက် သည်။ သားအဖတစ်တွေမှာ တစ်ဖက်တွင် ထွန်ရေး ပူနေသဖြင့် နေ့တွင် အုတ်ဆယ်ရန် မဆိုထားဘိ၊ ညမှာပင် ညဉ့်နက်အောင် မဆယ်နိုင်ပေ။ တစ်ညလျှင် အုတ်တစ်ရာ့ငါးဆယ် နှစ်ရာသာ ဆယ်နိုင်သည်။

ထွန်တုန်းပိတ်ပြီ။ ချောင်းထဲတွင် စက်အုတ်တွေ ရှိကြောင်း တစ်ယောက်ကစ တစ်ရာ သိသွားပြီ။ တစ်ချောင်းလုံး လူများဖြင့် ဖွေးဖွေးလှုပ်အောင် အုတ် ဆယ်ကြပြီ။ ရွာသစ်ကြီးဘက်မှာလည်း အုတ်တစ်ရာလျှင် တစ်မူးဖြင့် ဝယ်သူတွေ ရောက်လာကြပြီ။ မောင်ဆေးရိုးတို့သားအမိ သားအဖလေးယောက်သား အရုဏ်တက်က ထပြီး အုတ်ဆယ်ကြလေတော့သည်။ သို့ရာတွင် လရောင်ဖြင့် တိတ်ဆိတ်စွာ ဆယ်စဉ်ကသို့ အရမလွယ်တော့။ သို့စဉ်တွင် တောတွင်ရွာမှ မငြိမ်းသာ လွှတ်လိုက်သောလူတစ်ယောက် လာသည့် အတွက် အပြေးသွားရသည်။ ဘာများပါလိမ့်၊ ဘာများပါလိမ့် ထင့်သောစိတ်သည် မောင်ဆေးရိုးအား လမ်းတစ်လျှောက်လုံး ပူပန်စေခဲ့၏။

ရွာသို့ ရောက်ခဲ့ပြီ။ အိမ်အနီး ဆီးဖြူပင် တစ်ပင် အောက်မှာ တဘက်တစ်ထည် ခေါင်းတင်ထားသော မငြိမ်းအေး။

“မငြိမ်းအေး မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်ကုန်ကြပါလိမ့်”

“အလုပ်ပူချိန်ကြီးဆိုတော့ တယ် အလုပ်မအားကြဘူး ငါ့မောင်ရယ်၊ ငါ့ကို ခွင့်လွှတ်ပါကွယ်”

ဘာ၊ ဘာပြောတာပါလိမ့်။ မည်သို့မည်ပုံဟု မသိ ဘဲလျက် မောင်ဆေးရိုး ရင်ထဲတွင် ပူလောင်လာပြီ။

“ဘာ၊ ဘာ၊ ဘယ်သူ ဘာဖြစ်လို့တုံး”

“ငွေမှုန်၊ ငွေမှုန်ပေါ့ကွယ်”

“ဟင်၊ ငွေမှုန် ဘာဖြစ်တုံးဟင်၊ ငွေမှုန် ဘာဖြစ်သတုံး”

အလောတကြီး အမေး၊ မငြိမ်းသာလည်း ရှိုက်ရင်း မျက်ရည်သုတ်နေ၏။

“မထိတ်သာ မလန့်သာ ရှိလိုက်တာဗျာ၊ ငွေမှုန် ဘာဖြစ်လို့လဲ”

“ပူတယ် ပူတယ်နဲ့ လူးလှိမ့်နေရာက နတ်ပူးသလို ဆတ်ဆတ် ဆတ်ဆတ်နဲ့ တုန်လာပြန်ရော။ အတော် ကြာတော့လည်း အကောင်း။ ရွာသူ ဖမ်းသလား၊ အစိမ်းပက်သလား ဆိုပြီး အမျိုးမျိုးလုပ်ကြတာပါပဲ ငါ့မောင်ရာ။ ဆရာကောင်းတော့ တွေ့ ပါရဲ့၊ သို့ပေမဲ့ အခါနှောင်းပြီလေ။ ကျက်သကိုင်က ဆရာမုန်းကို ပင့်လာတော့ သည်ရောဂါဟာ မုန်းထဲ မုန်းပြင်တို့၊ ငခွေး ကော်တုန်းတို့မှာ အဖြစ်များတဲ့ ‘ငှက်’ တဲ့ကွယ်၊ ဆေးစွမ်းပြရုံပဲ ပြပါတယ်ကွယ်။ မရတော့ပါဘူး”

“ဘယ်သူလဲဟင်”

“ငွေမှုန်ဟဲ့ငွေမှုန်”

မောင်ဆေးရိုးမှာ အသက်ရှူရပ်သွားပြီလား မိမိ ကိုယ်ကို ထင်၏။

“အနာ မသိတော့လည်း ဆေးမရှိဘူးပေါ့ကွယ်။ သတ္တဝါတစ်ခု၊ ကံတစ်ခုပဲလို့ တရားနဲ့သာ ဖြေပါတော့ မောင်လေးရယ်”

“သူဆုံးတာ ဘယ်လောက်”

အတန်ကြာမှ စကားပြောနိုင်ငြား၊ မောင်ဆေးရိုးမှာ ဆုံးအောင် မပြောနိုင်။

“မနေ့တုန်းကမှ ရက်လည်ဆွမ်းသွတ်ရပါကော”

“ကျုပ် ကျုပ် မြေပုံကလေး ကြည့်ပါရစေဗျာ”

မငြိမ်းသာ စဉ်းစားသည်။

စေ့စပ်ခြင်းပင် မပြုရသေးသော ယောက်ျားသား တစ်ယောက်က သူတို့နှမ၊ သူတို့သမီး၊ သူတို့တူမ၏ မြေပုံကို လာကြည့်သည်၊ ငိုယိုသည်ဟု ကြားလျှင် ငွေမှုန့်သားချင်းများ အရှက်မရ၊ ဒေါသမများကြပြီလော။

“ဖြစ် မထင်ပါဘူးကွယ်”

“အစ်မရယ်၊ ကျုပ်ကို သနားပါဦးဗျာ”

“မဖြစ်လို့ အစ်မ ငြင်းရတာ၊ စိတ်မကောင်းပါဘူး မောင်လေး”

“ကျုပ် အနားကို မသွားဘူး၊ မြင်သာတဲ့ နေရာက ကြည့်ပြီး လှည့်ပြန်မှာပါ။ မျက်ရည်မကျ၊ ဣန္ဒြေမပျက်စေရပါဘူး အစ်မ၊ အာမခံပါတယ်ဗျာ”

••••• ••••• •••••

၅

မကျန်းမာသော မိန်းကလေးကို ပွေ့ဖက်ပြုစုရန် ဝေးစွ၊ အလောင်းမြှုပ်နှံရာ မြေပုံအနီးသို့ပင် နီးနီးမသွားခဲ့ရသော ထိုခေတ်က လူတို့၏ ဟီရိသြတ္တပ္ပတရား အားကြီးခဲ့ရပုံကို သတိရသောအခါ သွားဖုံးကြီးတွေပေါ်အောင် ရီးဆေးရိုး ပြုံး၏။ သွားမရှိသော အဘိုးကြီး၏ ပါးခွက်နေပုံကိုက ပြုံးယောင်ယောင်ဖြစ်နေ၏။ ထို့ကြောင့် ပထမအပြုံးကို မြေးတွေ သတိမထားမိ။ သို့ရာတွင် သူခိုးမျက်စိရှင် ငတက်ပြားမက ဒုတိယအပြုံးကို မြင်ဖြစ်အောင်မြင်တော့သည်။

ဒုတိယအပြုံးက အုတ်ခဲဖြစ်၏။ အုတ်ခဲ တစ်ရာလျှင် တစ်မူးဖြင့် ဝယ်ယူလာသောအခါ အမေသည် ရလှပြီ အထင်နှင့် ရောင်းမည် တကဲကဲ လုပ်၏။ အဖေ ကမူ အင်းမလှုပ် အဲမလှုပ်။

“ကျောက်ခဲတွေ၊ သဲတွေသာ ချောင်းထဲမှာ အမြဲ ရှိမှာ။ အုတ်ခဲက ဘယ်လောက်ကြာကြာ ရှိနေနိုင်မှာတုံး” ပြောခဲ့သည်။

အဖေ ထင်သည့်အတိုင်းပင် ချောင်းထဲတွင် အုတ်ခဲ ရှားပါးလာခဲ့သည်။ တစ်နံနက် ဆယ်ကာမျှဖြင့် တစ်ရာရရန် လွယ်ကူခဲ့ရာမှ တစ်နေကုန် ဆယ်၍ အုတ်ခဲအစိတ် ရရန် ခက်လာသည်။ ထိုအခါ အုတ်ခဲဈေး သည် တစ်မူးမှ ဆယ်ပြား။ ထို့နောက် သုံးပဲသို့ တက် လာသည်။ သည်အထိ ဦးကျန်ကြီး မရောင်းသေး။ ချောင်းထဲတွင် အုတ်ရှာ၍ မရတော့ချိန်၊ အုတ်တစ်ရာ တစ်ကျပ်ကျမှ ထုတ်ရောင်းသည်။

“ကျုပ်သာ တစ်မူးနဲ့ ရောင်းမိရင် အကျိုးနည်းရချည့်ရဲ့”

အလကားရသော ပစ္စည်းများကိုပင် ရင်ဘတ်စည်တီး ဖြစ်သော အမေ့လောဘ။

“ဘ ပြုံးတယ်ဟေ့၊ ဘ ပြုံးတယ်”

“ဘ ဘာပြုံးတာတုံးဟင်”

ငတက်ပြားမ (မိမိထွေး) စလိုက်သည်တွင် မြေးတွေ ပြုံပြီး မေးသည်။ အုံပြီး ချဉ်းကပ်လာသည်။

“လရောင်အောက်မှာ ချောင်းထဲက အုတ်တွေ သယ်ရတာ သတိရလို့ပါဟယ်”

“ဟင်း ရယ်စရာလည်း ဟုတ်ဘဲနဲ့”

ပထမဆုံးချစ်သူ ငွေမှုန်သည် မည်သည့်ရောဂါဖြင့် ဆုံးသနည်း။ ပယောဂ အမှန်လော။ ငှက်ဖျားရောဂါသည် သည်အရပ်တွင် မရှိဖူးပါဘဲလျက် မည်သို့ ရောက်လာရသနည်း။

မြေတူးကု,လားများမှ ဌာနေအလုပ်သမားများသို့ ကူးစက်ခဲ့သည်။ ဤသည်ကို မည်သူမျှ သတိမမူမိ။ မုန်းထဲ မုန်းပြင်မှ ငှက်ဖျားရောဂါပိုး သယ်ဆောင်ထားသော ခြင်များ ရေစီးဖြင့် ပါလာသည်။

ငွေမှုန်တို့၏ အခြောက်တောသို့ ငှက်သည် ဤပုံ ဤနည်း ရောက်ရှိပျံ့နှံ့ကာ လူတို့အား နှိပ်စက်ခဲ့ပါကလားဟု ယခု နှစ် ၅ဝ ကျော်မှ ဆင်ခြင်သဘောပေါက်မိသော ကာလဝယ် ရီးဆေးရိုးမှာ အခွံခွာစ ထန်းပင်မြစ်ကို ငေးမောနေမိချေ၏။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment