❝ ငွေနားကွပ်တဲ့ မိုးဖွဲ့တိမ် ❞
▢ ဌေးအောင်စိန် (အင်းမ)
မိုးကောင်ကင်ကြီးကို ကျွန်တော် မော့ကြည့်လိုက် သောအခါ ကျွန်တော် နှစ်သက် မြတ်နိုးသော ဝါဂွမ်းဆိုင်ဖြူနုနု မိုးတိမ်လွှာကလေးများသည် ရွေ့လျားနေမှန်းမသိ ရွေ့လျားလျက် ရှိနေလေသည်။ သူတို့သည် တစ်ချိန်သောကာလတွင် အရောင်ပြောင်းလဲချင် ပြောင်းလဲသွားနိုင်သည်။ ရွေ့လျား ပျောက်ကွယ်ချင်လျှင်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။ သို့တည်းမဟုတ် မိုးဖွဲကလေးများ တဖွဲဖွဲ ရွာချစေမည့် မိုးဖွဲ့တိမ်ကလေးများလည်း ဖြစ်ကောင်းဖြစ်နေပေမည်။ သို့သော်လည်း ကျွန်တော်၏ ချစ်ကြင်မြတ်နိုးစိတ်ကဖြင့် သူတို့ကို ကျွန်တော် နှစ်သက်သော ဖြူဖြူနုနု အရောင်ကလေးအတိုင်း ထာဝရ တည်မြဲနေစေချင်သည်။ ကျွန်တော်၏ အမြင်အာရုံအတွင်းမှလည်း မပျောက်ကွယ်စေလိုခဲ့။ သို့သော်လည်း သူတို့၏ ဘာဝအရ၊ ကျွန်တော်တွင် တားဆီးနိုင်စွမ်း မရှိ။ အကယ်၍များ တားဆီးနိုင်စေရန် ကြိုးစားအားထုတ်ကြည့်ခဲ့ပါလျှင်လည်း ကျွန်တော်သည်သာလျှင် သူရူးတစ်ယောက် ဖြစ်ရချေလိမ့်မည်။
••••• ••••• •••••
တိမ်လွှာ၊ တိမ်ဆိုင်ဖြူဖြူဖွေးဖွေးများသည် ကျွန်တော်၏ ပတ်ပတ်လည် ပတ်ဝန်းကျင် မြင်ကွင်းကို လှပနေစေ၏။ ဘေးဘီ အနီးအနားကိုပဲ ကြည့်ကြည့်၊ ဟိုး ခပ်ဝေးဝေးနေရာများဆီကိုပင် မျှော်ကြည့်ကြည့်၊ ကျွန်တော် ချစ်မြတ်နိုးသော ဝါဂွမ်းဆိုင်ဖြူဖြူနုနု တိမ်လွှာများသည် အထပ်လိုက်အထပ်လိုက်၊ အလွှာလိုက် အလွှာလိုက်ဖြင့် ကျွန်တော်၏ စိတ်ကို ကြည်နူးဆွတ်ပျံ့မှုများစွာ ပေးစွမ်းနေလေ၏။
“ဂျိမ်း”
“ဒလုံး”
“ဂျိုင့်”
“အား”
ကျွန်တော်သည် ထိုင်ခုံ ခါးပတ် ပတ်ထားသည့်ကြားမှ အပေါ်သို့ ပြင်းထန်စွာ မြောက်တက်၍ ပြန်ကျ၏။ ကျွန်တော် စီးနင်းလိုက်ပါလာသည် လေယာဉ်ကြီးသည် ကျွန်တော် ချစ်မြတ်နိုးသော တိမ်စိုင် တိမ်လိပ်များကို ထိုးခွဲပျံသန်းနေသဖြင့် သူတို့ကို အရှိန်ဖြင့် ဆောင့်ထိုးပျံသန်းလိုက်တိုင်း လေယာဉ်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါ၍သွားခြင်း ဖြစ်လေသည်။ ထိုအဖြစ်မျိုးများကို ယခင် လေယာဉ်ခရီးစဉ်များတွင် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးသော်လည်း ယခု အကြိမ်ကြုံဆုံလိုက်ရသည်မှာ ကျွန်တော်၏ အသည်းနှလုံးများပင် ပြုတ်ထွက်ကျမတတ် ခံစားလိုက်ရသည်။ မကြာမီအချိန်တွင် ကျွန်တော် စီးနင်းလိုက်ပါလာသည့် လေယာဉ်ကြီးသည် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကြီးတွင် ထိုးဆိုက်ရပ်နားလိုက်လေတော့သည်။
••••• ••••• •••••
“ဟေ့ အောင်စိန် ငါ ဒီမှာ”
လေဆိပ်အဆောက်အအုံရှေ့ရှိ ဧည့်ကြိုမော်တော်ကားများ ရပ်ထားရာနေရာဆီမှ သူငယ်ချင်းဖြစ်သူ မင်းအောင်သည် ကျွန်တော့်ကို လက်ဝှေ့ယမ်းပြ၍ ကြိုဆိုနေသည်။ ခရီးသည် အများအပြား၊ ပျားပန်းခတ်မျှ ရှုပ်ထွေးသွားလာနေကြသဖြင့် ကျွန်တော်သည် သူ့ကို မမြင်မိသော်လည်း သူက မြင်လိုက်ပြီး ကျွန်တော်မှ သူ့ကို ဟိုဟိုသည်သည် လိုက်လံရှာဖွေမနေစေရန် အသံပေး၍ အချက်ပြလိုက်ခြင်းဖြစ်သည်။
ကျွန်တော် ရန်ကုန်သို့ဆင်းလာသည့်အခါတိုင်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ မင်းအောင်သည် သူ၏ ကားနှင့် လာရောက်ကြိုဆိုခြင်း၊ သူ၏ တိုက်အိမ်၌ တည်းခိုစေခြင်းများကို ဝတ္တရားမပျက်ဆောင်ရွက် ပေးလေ့ရှိသည်။ ကျွန်တော်က သူ၏ မိသားစုကို အားနာသဖြင့် အခြား နေရာများသို့ သွားရောက် တည်းခိုလျှင်လည်း သူက မကြိုက်၊ စိတ်ပင်ဆိုးလေ၏။ ငယ်စဉ်ခါ စက်မှု၊ လက်မှု သိပ္ပံတွင် ကျောင်းအတူတက်ခဲ့စဉ်က တစ်ဆောင်တည်း၊ တစ်ခန်းတည်း သုံးနှစ်သုံးမိုး အတွဲမပျက် နေခဲ့သော သူငယ်ချင်းနှစ်ဦး ဖြစ်ခဲ့ကြသဖြင့် ညီအစ်ကို အရင်းများထက်ပင် ချစ်ခင်ရင်းနှီး သံယောဇဉ် ရှိခဲ့ကြလေသည်။
ကျောင်းပြီးသောအခါ ကျွန်တော်သည် တိုင်းနယ်၊ ပြည်နယ်၊ မြို့များတွင် လှည့်လည်၍ အစိုးရဌာနဆိုင်ရာ အင်ဂျင်နီယာဝန်ထမ်းတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သူငယ်ချင်းဖြစ်သူ မင်းအောင် သည် အစိုးရဌာနဆိုင်ရာ ဝန်ထမ်း မလုပ်ဘဲ ရန်ကုန်တွင် ပြင်ပစီးပွားရေးလုပ်ကိုင်နေသူ ဖြစ်သည်။ ရံဖန်ရံခါ ပွဲစားလည်း လုပ်၍ စီးပွားရှာတတ်သည်။
••••• ••••• •••••
ကျွန်တော့်ကို လာကြိုဆိုသော မင်းအောင်၏ ကားနောက်ဖုံးကို ဖွင့်၍ ကျွန်တော်၏ ခရီးဆောင်အိတ်နှစ်လုံးကို ထည့်သိုပြီး သူ၏ ကားခေါင်းခန်းတွင်းသို့ ဝင်ထိုင်လိုက်၏။
“အလို”
ဟူ၍ အံ့အားသင့်လျက် အသံမထွက်မိစေရန် ကျိတ်၍ တိုးတိုးလေး ရေရွတ်မိလိုက်သည်။ ကား၏ နောက်ခန်း ထိုင်ခုံ၌ မင်းအောင်ထံသို့ လာခဲ့သမျှ တစ်ခါမျှ မတွေ့ဖူး၊ မမြင်ဖူးခဲ့သော မိန်းမချောကလေး တစ်ဦးကို တွေ့လိုက်ရသည်။ ကျွန်တော့်ကို ပြုံးပြုံးကလေး ကြည့်၍ မိတ်ဆက်နေသယောင် မျက်နှာအမူအရာကလေးက ချစ်စရာပင် ကောင်းသေး၏။ ကျွန်တော်သည်လည်း သူမကို အလိုက်သင့် ပြုံးပြမိတ်ဖွဲ့သလို ပြုမိလေသည်။ အနှီ မိန်းမချော၊ မိန်းမလှကလေးမှာ သူငယ်ချင်း မင်းအောင်နှင့် မည်သို့များ ပတ်သက်နေသနည်းဟုလည်း တွေးနေမိ၏။ မင်းအောင်တွင် မီးမီးဟု ခေါ်တွင်သော ဣန္ဒြေရှင် ဇနီးမယား အချောအလှ တစ်ပါးရှိနေသည်။ မကြာမီ မင်းအောင်သည် ကားတံခါးဖွင့်၍ ဒရိုင်ဘာနေရာတွင် နေရာယူပြီး သူ၏ ကားကို စက်နှိုး၍ လေဆိပ်လမ်းအတိုင်း ထွက်ခွာလာခဲ့ကြလေသည်။ ကားမောင်းနေရင်းမှ မင်းအောင်သည် ကျွန်တော်၏ဘက်သို့လှည့်၍ ပြုံးပြကာ-
“သူငယ်ချင်း သူက နှင်းနှင်းတဲ့ မှတ်ထား”
တစ်ဆက်တည်းပင် မင်းအောင်သည် ကားနောက်ကြည့်မှန်ထဲမှ နေ၍ နှင်းနှင်း ဆိုသော မိန်းကလေးကို ကြည့်၍
“နှင်းနှင်း သူက ကိုယ့်သူငယ်ချင်း၊ မြို့နယ်အင်ဂျင်နီယာ လူပျိုကြီးအောင်စိန်တဲ့”
“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်”
ကျွန်တော်နှင့် နှင်းနှင်းသည် တွေ့ရသည်မှာ ဝမ်းသာကြကြောင်း တစ်ပြိုင်တည်း ပြိုင်တူ ပြောဆိုမိကြသဖြင့် နှစ်ဦးသား ရှက်ပြုံးကလေးများပင် ပြုံးမိကြသေးသည်။ မင်းအောင်သည် ကျွန်တော့်ဘက် လှည့်ကြည့်၍ ပြုံးပြုံးကြီး လုပ်ပြ၏။ မင်းအောင်၏ မထိတထိ အပြုံး ကြောင့် ကျွန်တော့်မှာ အနေအထိုင် ခက်လှသည်။
မင်းအောင်သည် သူ၏ ကားကလေးကို ဒညင်းကုန်းဂေါက်ကွင်းသို့ ဦးတည်မောင်းနှင်၍ ဂေါက်ကွင်းအရောက်တွင် ကားရပ်နားသည့် နေရာ၌ ကားကို ထိုးရပ်လိုက်သည်။ ဂေါက်သီးကယ်ရီလေးများ ပြေးလာပြီး ဂေါက်ဖ်ရိုက်မလား။ ဘာသားဖြင့် မေးကြမြန်းကြသည်။ မင်းအောင်သည် လက်ကလေးကို အသာအယာ ကာပြ၍၊ ဂေါက်ဖ်ရိုက်ရန် မဟုတ်ကြောင်း အမူအရာပြပြီး ကားထဲမှ ဆင်း၍ ကျွန်တော်တို့ နှစ်ဦးအား...
“ကဲ... ဆင်းကြဦး၊ ကလပ်ထဲ သွားပြီး တစ်ခုခု စားကြရအောင်”
ထိုအခါ နှင်းနှင်းနှင့် ကျွန်တော်သည် ကားပေါ်မှဆင်း၍ ဂေါက်ဖ်ကလပ်ဆိုင်ထဲသို့ ဝင်ရောက်ခဲ့ပြီး ထောင့်ကျကျ စားပွဲဝိုင်းတစ်ခု၌ နေရာယူလိုက်ကြသည်။ မင်းအောင်သည် နောက်မှ လိုက်လာပြီး မထိုင်သေးဘဲနှင့် မတ်တတ်ရက်လျက်...
“ကဲ သူငယ်ချင်းနဲ့ နှင်းနှင်း ဒီမှာ ခဏနားကြဦး။ စားချင်တာ သောက်ချင်တာ မှာစားထားကြ။ ကိုယ် ခုပဲ ပြန်လာခဲ့မယ်။ မကြာဘူး”
ဟူ၍ ပြောဆိုပြီး ကျွန်တော်နှင့် နှင်းနှင်းကို နှစ်ယောက်တည်း ထားခဲ့၍ ဂေါက်ဖ်ကွင်းဘက်ဆီသို့ တစ်စုံတစ်ဦးနှင့် တွေ့ဆုံရန် သွားသကဲ့သို့ ထွက်သွားလေတော့သည်။
“နှင်းနှင်း ဘာစားမှာလဲ မှာလေ”
“ကိုအောင်ရော၊ ဘာစားမှာလဲ”
“ကျွန်တော်က ဟန်ဘာဂါနဲ့ လီမွန်တီး မှာမယ်”
“နှင်းနင်းလည်း အဲဒါကိုပဲ ကြိုက်တယ်”
ရော။ ခက်ချေပြီ။ ဘယ့်အတွက်ကြောင့်များ အကြိုက် ချင်း လာတူနေရပါသနည်း။ သူမ အနေဖြင့် တမင်သက် သက် လုပ်ဇာတ်များ ခင်းနေရော့ သလားဟူ၍ သံသယအတွေး တစ်စွန်းတစ်စမျှ ဝင်မိပြန်၏။ သို့သော် သူမကို ကြည့်ရသည်မှာ ကျွန်တော် ထင်သလို မဟုတ်နိုင်ကြောင်း မိမိ လိုရာသို့ ဆွဲ တွေးလိုက်သည်။ နှင်းနှင်းသည် ဆိုင်းမဆင့်ဗုံမဆင့်
“ကိုအောင်က အင်ဂျင်နီယာဆိုတော့ ထောမှာပေါ့”
“ဟဲဟဲ ကျွန်တော်တို့ ဌာနက ဘတ်ဂျက်များများရတဲ့ ဌာန မဟုတ်ဘူး နှင်းနှင်းရဲ့၊ ပြု ပြင်ထိန်းသိမ်းရေးဌာနဆိုတော့၊ ပြင်ထိန်းရန်ပုံငွေလောက်ပဲရတော့ နည်းနည်းပဲထောပါတယ်”
“လျှိုမနေပါနဲ့နော်၊ နှင်းနှင်း က လက်ဆောင်ဝယ်မပေးခိုင်းပါဘူး”
သူမသည် ပြုံးပြုံးလေးနှင့် ချစ်ခင်စဖွယ် မျက်စောင်းကလေး ထိုး၍ ပြောနေ၏။ ထို့နောက်
“ကိုအောင်က လူပျိုဆို၊ ချစ်သူလေး ဘာလေးများ မရှိ ဘူးလား။ မိန်းမ မယူသေးဘူးလား”
“ယူချင်တာပေါ့ မနင်းနှင်းရယ်၊ ကြိုက်မယ့်သူမှ မရှိတာ”
“အမလေး ရုပ်ချောချော၊ ယောက်ျားပီပီသသ အင်ဂျင်နီယာတစ်ယောက်ကို မကြိုက်တဲ့ မိန်းမများ ရှိပါ့မလားရှင်။ ကြည့်လည်း ပြောပါဦး” ဟူ၍ ဒုတိယမ္ပိ မျက်စောင်းလှလှလေး ထိုး၍ ပြောပြန်သည်။
“တကယ် ပြောတာပါ နှင်းနှင်းရဲ့။ အင်း...နှင်းနှင်းလို ချောချောလှလှ မိန်းကလေးမျိုး ဆိုရင်တော့ ဘာဖြစ်ဖြစ်၊ ကျွန်တော် စိတ်ကူးယဉ်မိမှာပဲ”
ဘယ်က လာ၍ ဘယ်လို သတ္တိတွေနှင့် ဘယ်လို အသုံး အနှုန်းများသည် ကျွန်တော်၏ ရင်မှ ဖောက်ထွင်းထွက်ပေါ်လာပြီး ကျွန်တော်၏ နှုတ်ဖျားမှ ပွင့်အန်ချလိုက်သည် မသိ။ ကျွန်တော်၏ မြင်မြင်ချင်း ဆောက်နှင့်ထွင်း ဆိုသကဲ့သို့ ဖွင့်ဟချလိုက်မိသော စကားများကြောင့် နှင်းနှင်း၏ ဖြူဖြူဖွေးဖွေး မျက်နှာလေးမှာ ရှက်သွေး နီနီလေးများပင် ဖျန်းသွားလေ၏။ သူမသည် ချက်ချင်းပင် အမူအရာ မပျက်စေရန် ဣန္ဒြေ ဆည်ရင်းဖြင့်-
“တကယ်လား ကိုအောင်၊ နောင်တော့မှ ဟင်း...ဟင်း”
ဟူ၍ ထောင်တန်သည့် စကား ရယ်ပေါ့ ဆိုသကဲ့သို့ ရယ် သွမ်းသွေး၍ ပြောနေသည်မှာ ကျွန်တော်၏ နှလုံးသည်းပွတ် တစ်ဝိုက်၌ ဝုန်းဝုန်းထ လှိုင်းကြွ သွားစေခဲ့သည်ဟုပင် ထင်မိ၏။
မကြာခင်ပင် သူငယ်ချင်း မင်းအောင် ပြန်လာလေသည်။ သူကပင် ...
“ဘယ်လိုလဲ နှင်းနှင်း။ ကိုယ့်သူငယ်ချင်းနဲ့ စကားပြော ရတာ အဆင်ပြေရဲ့လား။ ဒီကောင်က လူကန့်လန့်၊ လူ့ဂွစာ။ ဒါကြောင့် ခုအချိန်အထိ ရည်းစားမရှိ၊ ချစ်သူမရှိ၊ မိန်းမ မရ လူပျိုကြီး တစ်ကိုယ်တည်း ဖြစ်နေတာ။ ဟား ဟား ဟား”
နှင်းနှင်းသည် ဘာစကားမျှ ပြန်မပြောတော့ဘဲ ဟန်ဘာဂါကို စားလိုက်၊ လီမွန်တီးကို သောက်လိုက်ဖြင့် ပြုံးပြုံးကလေး ကျွန်တော့်ကို စိုက်ကြည့်နေလေသည်။ ကျွန်တော်သည်လည်း ဘာစကား ပြောရမည် မသိ ဖြစ်လျက်၊ ရှေ့တွင် ရှိနှင့်နေသော ဟန်ဘာဂါနှင့် လီမွန်တီးကို ရှက်ကိုးရှက်ကန်းဖြင့် သဲကြီးမဲကြီး စားသောက်နေလိုက်သည်။
ထို့နောက် ကျွန်တော်တို့သည် တညင်းကုန်း ဂေါက်ကွင်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ ကားပေါ်တွင် ကျွန်တော်သည် နှင်းနှင်းထံမှ တယ်လီဖုန်း နံပါတ်တောင်းသည်။ ထို့နောက် ကျွန်တော်၏ တယ်လီဖုန်းနံပါတ် ကိုလည်း သူမကို ပေးလိုက်၏။ ကျွန်တော်တို့ နှစ်ဦး၏ ပြုမူဆက်ဆံနေပုံများကို သူငယ်ချင်း ဖြစ်သူ မင်းအောင်သည် ကားမောင်းနေရင်းမှ အကဲခတ်၍ ပြုံးကြည့်နေသည်။ နှင်းနှင်းကို သူမ နေထိုင်ရာ ဆင်ခြေဖုံးရပ်ကွက်သို့ လိုက်ပို့ပြီး လမ်းကြားထဲသို့ မဝင်ဘဲ လမ်းမကြီးပေါ်တွင် ကားရပ်ချပေးလိုက်၏။ ကျွန်တော်တို့သည် တစ်ဦးကို တစ်ဦး လက်ပြနှုတ်ဆက်၍ လမ်းခွဲလိုက်ကြလေတော့သည်။ ကျွန်တော်၏ ရင်ထဲမှာဖြင့် တနုံ့နုံ့နှင့် နေမထိထိုင်မသာ ဖြစ်နေသောကြောင့် သူငယ်ချင်းဖြစ်သူ မင်းအောင်အား ...
“ဟေ့ကောင် မင်းအောင်၊ နှင်းနှင်း ဆိုတာ”
ကျွန်တော်၏ စကားပင် မဆုံးသေးခင် မင်းအောင်မှ
“မေ့လိုက်တော့ အောင်စိန် ရာ။ ကြေးကြီးတယ်”
“ဘာ”
“မေ့လိုက်ပါ၊ သူငယ်ချင်း”
“ဟင်”
••••• ••••• •••••
ကျွန်တော်၏ သူငယ်ချင်း အရင်းခေါက်ခေါက်၊ ကျွန်တော်၏ အပေါ် ဘယ်အခါမျှ မကောင်းတာ မပြုခဲ့ဖူးသောသူ၊ မင်းအောင် ကသာ နှင်းနှင်းကို မေ့လိုက်ပါတော့ဟု ပြောသဖြင့် ကျွန်တော်သည် ဇွတ်မှိတ်၍ မေ့ပစ်နေသော်လည်း ကျွန်တော် နှင်းနှင်းကို မေ့လို့မရ။ သူမ၏ အကြည့်၊ သူမ၏ အပြုံး၊ သူမ၏ မျက်စောင်း လှလှလေး၊ သူမ၏ ကနွဲ့ကရ၊ မခိုးမခန့် အမူအရာနှင့် သူမ၏ အပြောအဆိုများက ကျွန်တော်၏ နှလုံးသားကို ဖျစ်ညှစ်ဖမ်းဆုပ်ထားလေတော့သည်။
ကျွန်တော်၏ တယ်လီဖုန်းတွင် မှတ်သားထားသော နှင်းနှင်း၏ တယ်လီဖုန်း နံပါတ်ကလေးကို ကြည့်၍ နှင်းနှင်းကို ဖုန်းခေါ်ရ ကောင်းနိုး၊ မကောင်းနိုးဖြင့် ဝေခွဲရ ခက်နေ၏။ အချစ်ဆုံးသူငယ်ချင်း မင်းအောင်၏ “မေ့လိုက်ပါ သူငယ်ချင်း” ဆိုသည့် စကားကလည်း ကျွန်တော်၏ စိတ်ကို ဝေခွဲမရအောင်ပင် ချီတုံ၊ ချတုံ ဖြစ်နေစေလေသည်။ နောက်ဆုံးတွင် ကျွန်တော်၏ ရင်ထဲမှ ပူလောင်ဆူပွက်နေသည့် ဒဏ်ကို ကျွန်တော်မခံစားနိုင်တော့ပြီ။ နှင်းနှင်း၏ တယ်လီဖုန်းနံပါတ်ကို သေချာနှိပ်၍ သူမကို ဖုန်းခေါ်လိုက်၏။
“သည်းခံပါရှင်၊ လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် လတ်တလော ခေါ်ဆို၍ မရနိုင်ပါရှင်”
“တောက်”
ကျွန်တော်သည် ဒေါသဖြင့် တောက်ပြင်းပြင်း ခေါက်၍ သူမ၏ ဖုန်းနံပါတ်ကို အကြိမ်ကြိမ် နှိပ်ပြီး ဖုန်းခေါ်နေမိသည်။ တစ်ဖက်မှလည်း “ခေါ်ဆို၍ မရနိုင်ပါရှင်” ဟူသော အဆုံးသတ်၍ ပြန်ကြားနေလေ၏။ သူငယ်ချင်း မင်းအောင် ပြောခဲ့သည့် “မေ့လိုက်ပါ သူငယ်ချင်း” ဆိုတာ ဒါပဲ ဖြစ်ပေလိမ့်မည်။ ကျွန်တော်သည် နှင်းနှင်းကို မမေ့ချင်လည်း မေ့ပစ်လိုက်ရပါတော့မည်။
••••• ••••• •••••
“ဟေ့ အောင်စိန်၊ ငါ ဒီမှာ”
ထုံးစံအတိုင်းပဲ သူငယ်ချင်း မင်းအောင်သည် ကျွန်တော့်ကို လေဆိပ်တွင် လာကြိုသည်။ သည်တစ်ခေါက်သည် ရုံးချုပ်တွင် အစည်းအဝေး ရှိသဖြင့် ရန်ကုန်သို့ ဆင်းလာခဲ့ခြင်း ဖြစ်၏။ ရန်ကုန်သို့ ကိစ္စ မရှိ၍ ဆင်း မလာခဲ့သည်မှာ ခြောက်လခန့်ပင် ရှိလိမ့်မည်။ ကျွန်တော်၏ ခရီးဆောင်အိတ်များကို ကားနောက်ဖုံးဖွင့်၍ ထားသိုခဲ့ပြီး ကားထဲသို့ ဝင်ထိုင်လိုက်သည်။ မေ့ထားခဲ့သော တစ်ချိန်တစ်ခါ က နှင်းနှင်း တစ်ယောက်များ ယခင်ကလို ကားနောက်ခန်း၌ ပြုံးပြုံးကလေး ရှိနေနှင့်ဦးမည်လားဟု မရေမရာ အတွေးက ဝင်မိသေး၏။ သို့သော်လည်း ကားပေါ်တွင် ကျွန်တော်နှင့် သူငယ်ချင်း မင်းအောင် နှစ်ဦးတည်းသာဖြင့် လေဆိပ်မှ ထွက်ခွာလာခဲ့ကြလေသည်။ သည်တစ်ခေါက်တွင် မင်းအောင်သည် မည်သည့် နေရာကိုမျှ အလုပ်ကိစ္စဖြင့် မဝင်တော့ဘဲ သူ၏ တိုက်သို့သာ တန်းတန်းမတ်မတ် ပြန်ခဲ့သည်။ မင်းအောင်၏ အမူအရာကို ကျွန်တော် မသိမသာ အကဲခတ်ကြည့်ရာ အတိတ်၏ အရိပ်တို့သည် စိုးစဉ်းမျှ မရှိ။ ကျွန်တော့်ရင်မှာသာ အတိတ်၏ အရိပ်တစ်ခုက ရစ်ပတ်ထားဆဲ။
မင်းအောင်သည် အေးအေးဆေးဆေးပင် စကားစမေးသည်။
“မနက်ဖြန် မင်းအစီအစဉ် ဘယ်လိုလဲ”
“အေး၊ ငါရုံးချုပ်မှာ အစည်းအဝေးရှိတယ် သူငယ်ချင်း။ အဲဒီကို မနက်စောစောသွားမယ်”
“ငါလည်း မနက်ဖြန် မအားဘူးကွ။ ဒါပေမဲ့ မင်းတို့ရုံးချုပ်ကို ငါ လိုက်ပို့ပေးမယ်။ အပြန်တော့ မင်းဘာသာ တက္ကစီနဲ့ ပြန်လာခဲ့”
“ရပါတယ်ကွာ”
••••• ••••• •••••
နေသာနေသော နံနက်ခင်းလေးဖြစ်သည်။ မိုးကောင်း ကင်တစ်ခွင်လုံး ကြည်လင်နေ၏။ ကျွန်တော် ချစ်မြတ်နိုးသော ဝါဂွမ်းလို ဖြူဖြူနုနု မိုးတိမ်လွှာလေးတစ်ခုကို လှလှပပ မြင်နေရသည်။ ကားပေါ်မှနေ၍ ငေးကြည့်နေသော ကျွန်တော်၏ နောက်သို့ တိမ်လွှာကလေးက အပြေးလေး လိုက်လာနေသယောင် ထင်ရသော်လည်း၊ ဤသို့ မဟုတ်။ သူဘာဝနှင့်သူ ရွေ့လျားနေခြင်းပင်ဖြစ်သည်။ ရုံးချုပ်ရှေ့ လမ်းမကြီးပေါ်တွင်ပင် မင်းအောင်က ကျွန်တော့်ကို ကားရပ်ပေးလိုက်ပြီး ...
“ကဲ... သူငယ်ချင်း သွားပြီ။ မင်း အစီအစဉ်နဲ့သာ မင်းပြန်လာခဲ့တော့”
“အေးပါကွာ ရပါတယ်၊ ငါ့ဘာသာ ကားငှားပြီး ပြန်ခဲ့ပါ့မယ်”
••••• ••••• •••••
ရုံးချုပ်၏ အပေါ်ထပ် စင်္ကြံလမ်းအတိုင်း၊ အစည်းအဝေးခန်းမဘက်သို့ လျှောက်လာခဲ့သည်။ အချိန်မှာ နံနက် ၈း၃၀ နာရီသာ ရှိသေးသောကြောင့် ဝန်ထမ်းများ စုံစုံလင်လင် မရောက်ရှိကြသေး။ တဖွဲဖွဲဖြင့်သာ သွားလာလှုပ်ရှားနေကြသည်။ ကျွန်တော်တို့၏ အစည်းအဝေးအချိန်သည် နံနက် ၁ဝးဝဝ နာရီမှ စတင်မည် ဖြစ်သဖြင့် အချိန်ပိုနေသေး၏။ သို့ဖြစ်၍ ရုံးချုပ်အပေါ်ထပ် စင်္ကြံလမ်းထောင့်တွင် ရောင်းချနေသော ဝန်ထမ်းသက်သာ လက်ဖက်ရည်ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ လမ်းတွင် အလုပ်ခန့်စဉ်ကပင် အတူတူ ဝင်ခဲ့သော မိတ်ဆွေ ကိုသောင်းကို စာရွက်စာတမ်းဖိုင် များစွာကိုပိုက်၍ သုတ်သီးသုတ်ပျာ လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။
“ဟာ ကိုသောင်း၊ စောစောစီးစီး အလုပ်တွေ တစ်အားရှုပ်နေပါလား။ လာ လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး”
“ဟာ ...အောင်စိန် မဖြစ်သေးဘူးကွ။ ဒီကိစ္စက အရေးကြီးနေတယ်။ နေဦး ငါ ပြန်လာခဲ့မယ် မင်း ဒီမှာပဲစောင့်”
ဟူ၍ ပြောပြောဆိုဆို ပျာယီးပျာယာဖြင့် လှမ်းထွက် သွားလေသည်။
ကျွန်တော်သည် သက်သာဆိုင်မှ လက်ဖက်ရည်တစ်ခွက် မှာသောက်ရင်း အချိန်ဖြုန်း နေလိုက်၏။ မကြာမီ ကျွန်တော်၏ နောက်နားဆီမှ ဒေါက်ဖိနပ်သံ လွင်လွင်နှင့် အမျိုးသမီး တစ်ဦး၏ စကားသံနှင့်အတူ ကိုသောင်း၏ အသံကိုပါ ကြားလိုက်ရသဖြင့် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ -
“ဟာ”
ကျွန်တော်၏ နှုတ်ဖျားမှ ဖွဖွတိုးတိုးဖြင့် အာမေဋိတ် ရေရွတ်မိပြီး ထိုင်နေရာမှ ဆတ်ခနဲ မတ်တတ်ထရပ်လိုက်မိသည်။ ထိုအခါ ကိုသောင်းမှ ပျာပျာသလဲဖြင့် လက်ကာပြ၍ တိုးတိုးလေးနှင့် မြန်မြန်ပြောသွားသည်။
“သူငယ်ချင်း၊ နေဦး၊ ငါ ပြန်လာခဲ့မယ်”
ကိုသောင်းနှင့် ယှဉ်တွဲ၍ စကားပြောလျက် လမ်းလျှောက်လာသူ မိန်းကလေးမှာ ကျွန်တော်၏ နှင်းနှင်းမှ နှင်းနှင်း အစစ် ဖြစ်နေလေ၏။ ကျွန်တော့်ကို မသိသလိုဖြင့် တစ်ချက် ငဲ့စောင်းကြည့်၍ လျှောက်မြဲလျှောက်သွားလေတော့သည်။ ကျွန်တော်သည် နှင်းနှင်းနှင့် ကိုသောင်းတို့ နှစ်ဦး၏ ကျောပြင်ကို ငေးမောကြည့်၍ မင်တက်မိနေ၏။ နှင်းနှင်း၏ တစ်ကိုယ်လုံးတွင် နောက်ဆုံးပေါ် ခေတ်မီ အဝတ်အစားများနှင့် စိန်၊ ရွှေ၊ လက်ဝတ်တန်ဆာတို့က တဖျတ်ဖျတ် လင်းလက်တောက်ပနေ၏။ ပင်ကိုကပင် ချောမောလှပသည့် မိန်းကလေး ဖြစ်သဖြင့် ပကာသနများဖြင့် လွှမ်းခြုံ ရစ်ပတ်လိုက်သောအခါ မိုးကျ ရွှေကိုယ် နတ်သမီးလေးတစ်ပါး ဟုပင် တင်စားလိုက်ချင်သည်။ သူတို့ နှစ်ဦးသည် ရုံးခန်း တစ်ခု အတွင်းသို့ ဝင်သွားပြီး၊ ကိုသောင်း တစ်ဦးတည်း ပြန်ထွက်လာကာ ကျွန်တော်၏ လက်ဖက်ရည်ဝိုင်းရှိ ခုံလွတ် တစ်ခုတွင် ဝင်ထိုင်လေ၏။ ထို့နောက် ကိုသောင်းက...
“ဟူး မောလိုက်တာ၊ လက်ဖက်ရည် တစ်ခွက် လုပ်ပါဦးဗျို့”
ဟူ၍ ကောင်တာဘက်သို့ တစ်ပါတည်း လက်ဖက်ရည် လှမ်းမှာလိုက်၏။ ကိုသောင်း၏ အမောပြေကို စောင့်၍ ကျွန်တော် သိလိုသော အကြောင်းအရာကို အလောတကြီး မေးလိုက်သည်။
“ကိုသောင်း၊ ခုန ခင်ဗျားနဲ့ တွဲလာတဲ့ မိန်းကလေးက နှင်းနှင်း မဟုတ်လား”
“ဟေ ... မင်းနဲ့ သိလို့လား၊ မင်း ဘယ်လိုလုပ် သိလဲ”
“ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာသာ ပြောစမ်းပါ”
“အေးကွ၊ ဟုတ်တယ် ဒေါ်နှင်းနှင်းတဲ့။ သူဌေးကြီး ဦးကျော်ကျော်ရဲ့ ဒုတိယဇနီး (ဒိုင်းမွန်း ) ဂရု ကုမ္ပဏီဒါရိုက်တာ ဒေါ်နှင်းနှင်းလေ။ ဒီရုံးမှာ တင်ဒါ တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ဆရာနဲ့ လာတွေ့တာ။ အဲဒါ ငါ့မှာ တစ်မနက်လုံး မအားရပါဘူးကွာ”
“ဟေ”
“ဘာဖြစ်လို့လဲကွ”
“ဘာမှ မဖြစ်ပါဘူးဗျာ”
ကျွန်တော်နှင့် ကိုသောင်း အပြန်အလှန် စကားပြောနေစဉ်၊ နှင်းနှင်းသည် စာအုပ်ဖိုင်တစ်ခုကို ဟန်ပါပါ ပွေ့ပိုက်လျက် အခန်းတွင်းမှ ထွက်လာ၏။ ကျွန်တော်တို့ရှိရာ လက်ဖက်ရည်ဆိုင်ဘက်သို့ တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး၊ ဘာမျှမဟုတ်သလို ပုံစံမျိုးဖြင့် တစ်ဖက်ရှိ အောက်သို့ ဆင်းသည့် လှေကားဆီ လှလှပပလေး လှမ်းထွက် သွားတော့သည်။ ကျွန်တော်သည် ကမန်းကတန်း မတ်တတ်ရပ်၍ အပေါ်ထပ် စင်္ကြံဝရန်တာမှ ရုံးအောက်သို့ ငုံ့၍ လိုက်ရှာကြည့်လိုက်သည်။ နှင်းနှင်းသည် ကိုယ်ဟန်နွဲ့နွဲ့ကလေးနှင့် လမ်းလျှောက်ရင်းမှ ရုံးချုပ်အပေါ်ထပ်သို့ တစ်ချက် လှမ်းကြည့်ပြီး ရပ်ထားသော မာစီဒီးကားအနက်ကြီးပေါ်သို့ လှမ်းတက်၍ ကိုယ်တိုင်ပင် ကားမောင်း၍ ထွက်ခွာသွားလေတော့သည်။ ကျွန်တော်သည် နှင်းနှင်း မောင်းနှင်ထွက်ခွာသွားသော မာစီဒီးကား အကောင်းစားကြီးကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်နေမိသည်။
••••• ••••• •••••
မိုးကောင်းကင်ကြီးကို ကျွန်တော် မော့ကြည့်လိုက်သောအခါ ကျွန်တော် နှစ်သက်မြတ်နိုးသော ဝါဂွမ်းဆိုင်ဖြူနုနု မိုးတိမ်လွှာကလေးများသည် ရွေ့လျားနေမှန်း မသိ ရွေ့လျားလျက် ရှိနေလေသည်။ သူတို့သည် တစ်ချိန်သော ကာလတွင် အရောင် ပြောင်းလဲချင် ပြောင်းလဲသွားနိုင်သည်။ ရွေ့လျားပျောက်ကွယ်ချင်လျှင်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။ သို့တည်းမဟုတ် မိုးဖွဲကလေးများ တဖွဲဖွဲ ရွာချစေမည့် မိုးဖွဲ့တိမ်ကလေးများလည်း ဖြစ်ကောင်း ဖြစ်နေပေမည်။ ကျွန်တော်ချစ်သော မိုးဖွဲ့တိမ်ကလေးသည် ယခုအခါတွင် ငွေနားကွပ်ကလေးဖြင့် လှချင်တိုင်း လှပနေလေတော့သည်။
▢ ဌေးအောင်စိန် (အင်းမ)
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၈
No comments:
Post a Comment