❝ ကချေသည် ❞
( စံပယ်ဖြူနု )
နတ်ဒိုးသံကို အဝေးကပင် ကြားရသည်။ လေသင့်တိုင်း ဝေ့ဝဲလျက်ရှိသည့် စီခနဲ ထီခနဲ ထိုအသံမှာ အမှန်အားဖြင့် နတ်ပွဲစင်စစ်က လွင့်လာသည် မဟုတ်။ မာတို့ ဘေးအခန်းက ဖြစ်၏။ ထုံးစံအတိုင်း အားပါးတရ ဖွင့်ထားပုံရသော တေးချင်းသံမှာ သူတို့ နေထိုင်ရာ ခန်းလုံး ပြည့်လျှံရုံမျှမကဘဲ မာတို့ လျှောက်လာနေသည့် နှစ်တိုက်ကျော်အကွာ လမ်းထဲ အထိပါ ဖိတ်စဉ်လျက်။ တေးသံကျယ်ကျယ် ကြားလျှင် ထီသည်လား၊ ဈေးသည်လားဟု ပြေးကြည့်တတ်သော မာသည် ခုတော့လည်း ဘေးအခန်း၏ အသံကျယ်လောင်လောင် ကြိုက်တတ်သော သဘာဝကို သိခဲ့ပြီ။ မာ့အိမ်ရှင်အသစ်ထံသို့ မာ ရောက်ခဲ့သည်မှာ ကိုးလ ပြည့်တော့မည်လေ။
ဈေးခြင်းကို လက်ပြောင်းဆွဲလိုက်ရင်းက မာ ခြေလှမ်းကို သွက်သွက် လှမ်းမြဲလှမ်းသည်။ နေက မမြင့်လှသေး။ သို့သော် မာသည် ချွေးပြိုက်ပြိုက် ကျလျက်။ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသော အကာအကွယ်က တစ်ဆင့် လေရှူရတာ မာ မဝချေ။ ပြီးတော့ ရာသီဥတုကလည်း မိုးမရှိတာနှင့် ပူလောင်လောင် ရှိလှသည်။ ချွေးထွက်သန်သော မာ့နဖူးပြင်မှ ချွေးစက်တို့သည် မိုးဦးမိုးပေါက်များ လိုပင် အပြိုင်အဆိုင် တလိမ့်လိမ့်စီး၏။ နားထင်စပ်ကို ဖြတ်၏။ မျက်တောင်ဖျားမှာ ခိုသီး၍ မျက်လုံးသို့တိုင် ဝင်လျှင် မာ အနေခက်လှသည်။
သို့သော်လည်း သူ့မှာ ခါတိုင်းလို လက်နှင့် အလွယ် မသုတ်ရဲ။ အကယ်၍များ ရှေ့က စိုက်စိုက်လျှောက်သည့် အိမ်ရှင်မ လှည့်ကြည့်ခိုက်နှင့် ကြုံလျှင် မာ အငေါက် ခံရလိမ့် မည်။ အင်း... ငေါက်တယ်တော့ မပြောနိုင်။ မာ့အိမ်ရှင်မက အပြောဆိုးသူ မဟုတ်။ လက်မသန့်စင်ရသေးခင် မျက်နှာအပါအဝင် မည်သည်ကိုမျှ မထိမကိုင်ရကြောင်း မာ နားဝင်အောင် လေသံအေးနှင့် ပြောလိမ့်မည်။ အနေ အေးဆေးသော မာ့အိမ်ရှင်မသည် ကျန်သည့် အရေးကိစ္စများတွင် အကဲမဆတ်လှသော်လည်း သည်တစ်ပူမှာတော့ သူတကာထက် မပိုတောင် နည်းနည်းမျှ မလျော့။
ဒါကြောင့် ..ဒါ ကြောင့်ပေါ့။
မာသည် အတွေးကို ဗြုန်းခနဲ ရပ်ပစ်လိုက်၏။
မရပ်၍ မဖြစ်။ ဆက်၍ ဆက်၍ တွေးလျှင် သည်တစ်နေ့ အလုပ်လုပ်ရာမှာ မာ့ ခွန်အားတို့ လျော့လိမ့်မည်။ အခုနေ အိမ်ပေါ် ပြန်ရောက်လျှင် မာ့လက်တို့ ဇယ်စက်ရတော့မည်။
••••• ••••• •••••
“မာရေ အသား ငါးတွေ သေချာသန့်နော်၊ အသား ငါးတင် မဟုတ်ပါဘူး၊ ဟင်းရွက်တွေလည်း သေချာ သန့်စင်အောင် လုပ်ပြီး ရေစစ်၊ ပြီးမှ တစ်ခုချင်း ပြန်ထုပ်ပြီး သိမ်းနော်၊ ကြားလား”
“ဟုတ်ကဲ့ အစ်မ”
"ပူတူးရေ လာ...လာ မျက်နှာသစ်ကြမယ်၊ သွားတိုက်ရမယ်၊ ပြီးရင် မနက်စာ စားမယ် လိမ္မာတယ်နော်”
“မာမာ”။ စူးခနဲ အသံလေးကြောင့် မာ ခေါင်းငဲ့ကာ ရယ်မောရသည်။ ပူတူးသည် မျက်နှာသစ်ရမှာ မကြိုက်။ အထူးသဖြင့် သွားတိုက်ရတာ မကြိုက်ချေ။ မျက်နှာသစ်တော့မည် ဆိုလျှင် “မာမာ” ဟု အသံကျယ်ကျယ်နှင့် အော်၍ မာ့ကို စစ်ကူခေါ်တတ်သည်။ တစ်ခါတစ်ရံ မာ့လုံချည်စကို ဆွဲကာ သူ့အမေ လက်က လွတ်နိုးနှင့် မာ့နောက်မှာ ဝင်ပုန်းတတ်သည်။ မာ့ကိုမှ စစ်ကူတောင်း မရလျှင် အိမ်ရှေ့ခန်းက ဖခင်ထံ လွင့်ခနဲနေအောင် ပြေးတတ်မြဲ။ ‘ဖေဖေရေ’ ၊ ‘ဗျာရေ’ ဆိုသော အပြန်အလှန် ခေါ်သံထူးသံက အိမ်နောက်သို့တိုင် လွင့်လာတတ်သည်။ “မရဘူးနော်၊ အခု ပြန်လာခဲ့” ဟု ပြောရင်းဆိုရင်း အိမ်ရှင်မက ပူတူးနောက် လိုက်ကာ ပွေ့ချီ ခေါ်လာတတ်သည်။
ချစ်စရာ ကောင်းသလောက် ရံခါ ဂျီကျချင်တတ်သော ပူတူးနှင့် သူ့အမေတို့ မနက်ခင်းတိုင်း သွားတိုက်ဖို့ ကြံရင်း လုံးချာလည် လိုက်နေပုံမှာ မာ့အတွက်တော့ ကြည်နူးစရာ။ ပြီးတော့... ပြီးတော့လည်း...။
ရေပိုက်ခေါင်းကို ခပ်မြန်မြန်ဖွင့်ပြီး ကြက်သားထုပ်ကို ဇလုံထဲ ဖောက်ချလိုက်တော့ သက်ပြင်းချရန် မာ သတိမရတော့ချေ။ ကြက်သားကို ဆေးကြောသန့်စင်ပြီး အရိုး၊ အသား စသဖြင့် ဘူး နှစ်ဘူး ခွဲရသည်။ ဗမာကြက် တဲ့။ ကြီးလိုက်တဲ့ဈေး။ ရွာ ခြံဝင်းထဲ ပြေးလွှားနေကြမည်ဖြစ်သော ကိုရွှေကြက်၊ မရွှေကြက်တို့ကိုပင် မာ သတိရသေးတော့သည်။ မာ့မိခင်သည် အိမ်ခြံထဲတွင် ကြက်များ တစ်နိုင် မွေးတတ်သည်။ ချဉ်ပေါင်၊ ငရုတ် စိုက်တတ်သည်။ သူ့ကြက်များ ရန်ကုန်မှာ အင်မတန် ဈေးကောင်းနေကြောင်း အမေ သိလျှင် အံ့သြတကြီး ဖြစ်မလား မသိပါ။
အိမ်ရှင်မခမျာတော့ ဗမာကြက်၊ ဆိတ်သား၊ ဝက်သား၊ ငါးရံ့၊ ငါးကြင်း၊ ပုစွန် စသဖြင့် တစ်ပတ်စာ အသားဝယ်လျှင် “ဆင်မိသားစုလိုက် အိတ်ထဲက ခုန်ထွက်သွားပြန်ပြီ”ဟု ညည်းပြော ပြောတတ်သည်။ “ပိုက်ဆံဆိုတာလည်း ဝင်ဖို့သာ ကြာတာ၊ ပြန်ထွက်တော့ဖြင့် အလွယ်လေးရယ်” တဲ့။ မာ့မှာ ဈေးခြင်းတောင်းဘေးက ကိုင်၍ မောလျပြုံး ပြုံးနေရတတ်သည်။
နေစား စရိတ်ငြိမ်းနှင့်မို့ တစ်လတစ်လ မာ ပြန်ပို့နိုင်သော ငွေလေး တစ်သိန်းခွဲ မပြည့်တပြည့်ဆိုတာသည် အမေ့အတွက် ဆင့်ပါးစပ် နှမ်းပက်သလိုများ ဖြစ်နေတော့မလား။ မာလည်း ဒီ့ထက် ပိုမတတ်နိုင်။ အမေ့ကိုတော့ဖြင့် အားနာပါရဲ့။ သို့ပေမဲ့ ဖြစ်သမျှအကြောင်း ဆိုတာသည် အမေ့အစီအမံကနေ အစပြုလာခဲ့တာမို့ တစ်ခါတစ်ရံတော့ အပြစ်တင်လိုစိတ်နှင့် မာ နောက်ကြောင်း အေးနေတတ်သည်။ အမေ့ဘာသာ ဖြေရှင်းလိမ့်မှာပေါ့ ..။
မာသည် ရေခဲသေတ္တာ အခဲခန်းကို ဖွင့်ကာ အသားဘူးများ စီကာစဉ်ကာ ထည့်လိုက်သည်။ အအေးငွေ့က မျက်နှာကို ခပ်သာသာ ထိ တော့ အပြင်ပူ၊ အတွင်းပူနှင့် လောင်နေသော မာတစ် ယောက် အပူရိပ်ကို တစ်ခဏ မေ့လျော့ကာ စိတ်ကြည်သွားသည်။ အအေးခန်းထဲ ကိုယ်သေးသေးလေး ကျုံ့ပြီး ဝင်ထိုင်နေလိုက်ရ။ ဒါမှမဟုတ် စိတ်ဆိုတာကို တစ်ရက်လောက် ဖြုတ်ထည့်ထားလိုက်ရ။ မာ့အတွေးကို အိမ်ရှင်မ သိလျှင်တော့ ကလေးကျနေတာပဲဟု ရယ်မောမလား။ တကယ်တော့ မာသည် ကလေးဘဝကို ကောင်းကောင်းမွန်မွန် မရခဲ့ဖူး၍ အသက် ၂၀ ကျော် ၂၅ နှစ် အတွင်းမှာမှ ကလေးဆန်ချင်လာသော မိန်းကလေးမျိုး ဖြစ်လိမ့်မည်။ အိမ်ရှင်မနှင့် ခင်ပွန်းတို့ အလုပ်သွားချိန် ပူတူးကို ထိန်းကျောင်းရလျှင် တီဗွီက လာသော သီချင်းများနှင့် မာ ခုန်ပေါက်ကပြနေတတ်သည်။ လက်ခုပ်လက်ဝါး တီး၍ ရယ်မောနေသော ပူတူးတစ်ယောက် မာ ရုတ်တရက် ထိုင်ငိုပြန်လျှင် ဘယ်ကဘယ်လိုဖြစ်မှန်း နားမလည်ရှာချေ။ သူပါ လိုက်ငိုမည် ပြင်တော့ မာ့မှာ ကမန်းကတန်း မျက်ရည်သုတ်ရသည်။ ပူတူးကို ချော့မော့ရသည်။ မမ လွမ်းလို့ပါ ပူတူးရယ်...။
“မာရေ နို့ထမင်းလေး ထည့်ပေးပါဦး ပူတူးကို ကျွေးရအောင်”
မျက်နှာသစ်ရမှာ မကြိုက်သလောက် အစား ကြိုက်သော ပူတူး၏အသံမှာ မနက်စာဝိုင်းတွင် ရွှင်၍နေသည်။ မနေ့ညက နှာခေါင်းနည်းနည်း ပိတ်ချင်သော ပူတူးသည် လူကတော့ အရွှင်မကျ။ အဆော့လည်း မပျက်။ သူ့အတွက် လုပ်ပေးထားသော နို့ထမင်း နည်းနည်း၊ မိဘများပန်းကန်ထဲက ထမင်းဆီဆမ်း နည်းနည်း၊ ကြက်ဥကြော် နည်းနည်း စသဖြင့် ထုံးစံအတိုင်း ဟိုတို့ဒီတို့။
“မာ ပြီးရင် ထမင်းတစ် ခါတည်း ဝင်စားလေ”
“ဟုတ်ကဲ့” ဟု တုံ့ပြန် လျက် မာ ထမင်းခူးသည်။ ဖြူဖွေးကော့ပျံသော ထမင်းအိုးကို ငုံ့ကြည့်ရင်းက အမေ့အိမ်က ထမင်း၏ အရောင်အဆင်းကို စိတ်မှတ်မဲ့ပင် ပြေးမြင်သည်။ “နေဦး မေးမယ် မေးမယ်နဲ့၊ မနေ့က အိမ်ကို ဖုန်းဆက်သေးတယ်ဆို၊ မာ့သမီးလေးရော နေကောင်းရဲ့လား”
“သမီး ဖျားနေတယ်တဲ့ အစ်မ”
မာ့လေသံမှာ ပုံမှန်။ မျက်လုံးများကမူ ထမင်းအပူငွေ့ ရိုက်ခြင်းနှင့် နှောကာ ခဏမျှ ဝေဝေဝါးဝါး ဖြစ်လေသည်။
••••• ••••• •••••
နတ်ဒိုးသံမှာ နံရံကို ထွင်းဖောက်လျက် မာတို့ အခန်းဘက်သို့တိုင် ညံမြဲ။ တစ်နေကုန်များ ဖွင့်နေတော့မလားပဲဟု အဝတ်ပုံတစ်ထပ်ကို မီးပူတိုက်ရင်းက မာ တွေးနေသည်။ သီချင်းဖွင့်တာတင် မကပါဘူးတော်။ သီချင်းပြင်ပကနေ ငြာသံပေးသည့် “ဟိတ်... ဟိတ်” ကပါ တွဲလျက် ပါလိုက်သေးသည်။ အသံမှာ ခပ်စူးစူး ခပ်ကျယ်ကျယ်။
အိမ်ရှင်မ ပြောတာတော့ သူတို့တစ်တွေဟာ နတ်ပွဲများ ဆို ရှေ့ဆုံးက ရောက်နေကျတဲ့။ ခုတော့ ဘယ်နတ်ပွဲမှ မရှိလို့ အိမ်မှာပဲ သီချင်းဖွင့်နေကြတာ ဖြစ်ရင် ဖြစ်မှာတဲ့။ ဟုတ်၊ မဟုတ်တော့ မာ မသိ။ နတ်ချင်းများ ဆက်တိုက် ဆိုသလို ဖွင့်တာ နှစ်ရက်ရှိပြီ ဆိုတာပဲ သိတော့သည်။ တစ်ခါ ဖွင့်ပြန်လျှင် နှစ်နာရီလောက် ကြာတတ်သည်။ ပြီးလျှင် တစ်ခဏ နား။ စိတ်ကူးပေါ်လျှင် ပေါ်သလို အစကနေ တစ်ခေါက် ပြန်ကျော့၏။ သူတို့သီချင်းများမှာ နဂိုကတည်းက မာ နားမစွဲလျှင်လည်း အလွတ်ရမည့်ကိန်း။
မာတို့ ရွာမှာတော့ နတ်ပွဲဆိုသည်မှာ ကလေးများ၏ ပျော်ပွဲရွှင်ပွဲနှင့် အလားတူသည်။ အမေတို့ လူကြီးများလို ကိုးကွယ်ယုံကြည်မှု ဆိုတာလည်း မသိ။ နတ်က မ,သလား၊ မ,မဘူးလား သူတို့ မသိ။ နတ်ဒိုးသံ ကြားရာအရပ် ဒုန်းစိုင်းပြေး၍ တစ်နေကုန် မော့ငေးရသည်။ မုန့်ပဲ သရေစာလေးများ စားရသည်။ နတ်ဝင်သည်များ က,တာ၊ ခုန်တာ အားပေးရသည်။ နတ်ဝင်သည်တွေတင် မဟုတ်။ ရွာက မိန်းမများလည်း ဝင်က,တတ်သေးသည်။ က,တယ်လို့ မခေါ် နတ်ဝင်တယ်ဆိုတာပဲ။ တစ်ကိုယ်လုံး ယိမ်းထိုးကာ ခုန်ပေါက်ကသော မိန်းမများ၏ ကိုယ်ခန္ဓာမှာ နတ်ဝင်နေသည် ဆိုတော့ မာက အကောင်လိုက်များ တွေ့ရမလား ရှာမိသေးသည်။ အမေ့ကိုတော့ ထိပ်ခေါက်မှာ စိုး၍ မမေးရဲ။ တစ်ချီတော့ အမေကိုယ်တိုင် နတ်ဝင်လေသည်။ ဘာနတ်လဲတော့ မာလည်း မမှတ်မိပြီ။ အမေက,တာ အင်မတန် ကြည့်လို့ကောင်းတာသာ အမှတ်ရသည်။ အမေသည် ယိမ်း၍ ယိမ်း၍ က၏။ မျက်လုံးများက ဝင်းဝင်းလက်လက်။ မျက်နှာတွင် မာန်အပြည့်။ တင်းတင်းစေ့သော နှုတ်ခမ်းများကလည်း မာ့ကို အံ့ဩစေသည်။ အမေသည် မာ့အမေ မဟုတ်တော့သလို။ သောက်ခြင်းနှင့် ရမ်းခြင်း အရည်အချင်းက လွဲ၍ ပြစရာ မရှိသော ခင်ပွန်းနှင့် လူမမည် သားသမီး သုံးယောက် ရှိသော ဖတ်သီဖတ်သီ မိန်းမတစ်ယောက် မဟုတ်တော့ သလို။ အခြားကမ္ဘာက မိန်းမတစ်ယောက်လို။ အမေ.. အမေဟာ မာ့အမေ မဟုတ်တော့ဘူးလား။ နတ်သမီးလား... ။
အမေ့ကို မေးတော့ ထုံးစံအတိုင်း ထိပ်ခေါက်ခံရသည်။ မာသည် အမေ ဘာကြောင့် မာ့အမေးကို မဖြေမှန်း နားမလည်သော်လည်း နတ်ပွဲများဆိုလျှင် ရှေ့ဆုံးက ရောက်မြဲ။ နောက်ဆုံး ရောက်ဖြစ်တာတော့ အသက် ဆယ့်နှစ်နှစ်ကျော် ထင်ပါရဲ့။
မြူးကြွမြိုင်ဆိုင် ဆိုသံ တီးသံများကြားမှာ မာ အငေး ကောင်းဆဲ နတ်ဝင်သည်က မာ့ထံ လက်ညှိုးထိုး၏။ သူ မာ့ဆီ တိုးကပ် လျှောက်လာလျှင် မိတ်ကပ်ထူလပျစ်နှင့် မျက်နှာကို ကြောက်လန့်၍ ထွက်ပြေးခဲ့ရသည်။ “လိပ်ပြာ လှလို့ ရွေးတာပဲအေ၊ ဒါများ ကြောက်စရာလား” ဟု အမေ က ပြောသော် မာ အံ့သြသည်။ လိပ်ပြာလှသတဲ့။ မာက လိပ်ပြာလှသတဲ့။ နတ်က ဘယ်လိုများ မြင်သလဲ။ လိပ်ပြာကရော ဘယ်နားမှာ နေနေတာလဲ။
လှပသော မာ့လိပ်ပြာသည် မာ့ကို ရွာမှာ အချိန် ကြာကြာထားလိုပုံ မရပေ။ ထိုနှစ်၏ ဆောင်းဦးမှာပင် ရွာကို မာ စွန့်ခဲ့ရသည်။ အမေ ထည့်ပေးလိုက်သော ကြီးတော်ကြင်၏ နောက်သို့ ကုပ်ကုပ်လိုက်ကာ ပထမဆုံး အလုပ်ရှင်အိမ်သို့ ရောက်ခဲ့ရသည်။ သည်လိုနှင့် တစ်အိမ်၊ နောက်တစ်အိမ်။ သည်အိမ် မရောက်ခင် နေခဲ့ရသည့် နောက်ဆုံး အိမ်ကတော့ မာ့အတွက် ဒုက္ခ အရောက်ဆုံးအိမ်ပါပဲ။ မာ့မှာ ခင်ပွန်း ရှိတာ၊ သမီးလေး ရှိတာလည်း သိလျက်နှင့် အိမ်ရှင့်ယောက်ျားမှာ သူ့ အမျိုးသမီး လစ်တိုင်း တို့ချင်ထိချင်တတ်သည်။ ပခုံးလေး ပွတ်သပ်တာပဲ၊ ခေါင်းကလေး ပုတ်တာပဲဟု မာ သဘောထား၍ မရချေ။ ငယ်ကတည်းက ထစ်ခနဲရှိ လက်ပါချင်သော စိတ်မျိုးနှင့် ကိုယ်က တစ်ခုခု မလုပ်မိခင် အကြောင်းရှာပြကာ အလုပ်ထွက်ရသည်။
မာ့အိမ်ရှင်မ အသစ်ကတော့ ညီအစ်မသဖွယ် ရင်းနှီးလာသည့်အခါ မေးပါသည်။
“မာက ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်များ အိမ်ထောင်ကျလိုက်တာလဲ၊ အိမ်ထောင်ကျတော့လည်း ရွာမှာ မိသားစု အတူနေရတာလည်းမဟုတ်ဘဲနဲ့”
“အမေပေါ့”
အမေ့ အကြောင်း ပြန်ပြောရတိုင်း မာ့ရင်မှာ တဆတ်ဆတ် ခုန်လာတတ်သည်။ ဝမ်းနည်းစိတ်နှင့် ဒေါသမှာ မာ့ကို တစ်လှည့်စီ အုပ်စိုးနေတတ်သည်။
“ကျွန်မ ၁၇ နှစ်လောက်က ရွာခဏပြန်လည်တုန်းကပေါ့ အစ်မရဲ့၊ အမေက နင်လည်း အပျိုဖြစ်နေပြီ၊ ရန်ကုန်မှာ ဒီအတိုင်း အလုပ်လုပ်နေတာ စိတ်မချဘူး။ ရွာမှာပဲ ယောက်ျားပေးစားတော့မယ်တဲ့။ ကျွန်မ အခု ယူထားတဲ့ ယောက်ျားပေါ့။ အမေက တော့ အမေ့တွက်ကိန်းနဲ့ အမေ။ ဒီယောက်ျားက ရွာမှာတော့ မိဘတွေက နည်းနည်းရှိတယ်ပေါ့ အစ်မရယ်။ အဲဒါ အမေက အတင်းလှော်ပြီး ကျွန်မကို ပေးစားတာပဲ။ ဟိုလူကလည်း ယူတာပေါ့၊ ပြောရရင် ကျွန်မက ရန်ကုန်မှာ အနေကြာတော့ ရွာ ကောင်မလေးတွေလိုလည်း မဟုတ်ဘူး၊ ဟိုသင်း... နည်းနည်း ကြည့်ကောင်းတယ်ပေါ့”
မာ ရယ်တော့ အိမ်ရှင်မကလည်း လိုက်၍ ရယ်သည်။
“အဲဒါနဲ့ ဟိုလူကလည်း ကျွန်မကို ယူချင်၊ ကျွန်မက လည်း အမေ့စကား နားယောင်ပြီး ယူလိုက်တာပေါ့။ ယူပြီး ဘာများကြာလို့လဲ၊ ကလေး ရလာတာပဲ။ နောက်တော့လည်း အမေ့လူဟာ ဘာမှ လက်ကြောမတင်းတဲ့ ငပျင်းဆိုတာ အမေရော ကျွန်မရော သိလာတာပဲ။ သူ့မိဘတွေကတောင် စိတ်ညစ်လို့ ဖြစ်ချင်ရာဖြစ် ပစ်ထားကြတာလေ။ ဒါပေမဲ့ သိလာတော့ရော ဘာလုပ်မလဲ အစ်မရဲ့။ ကျွန်မမှာ သမီးလည်း ရှိခဲ့ပြီလေနော်။ ဒါနဲ့ သူတို့ကို ရွာမှာ ထားရစ်ပြီး ရွာကနေ နောက်တစ်ခါ ထပ်ထွက်လာတာပဲ”
“အဲဒီတုန်းက သမီးက ဘယ်လောက်ရပြီလဲ”
“ခြောက်လတောင် မပြည့်သေးပါဘူး အစ်မရယ်”
သမီးကို ချန်ရစ်ခဲ့ရသည့် မနက်ခင်းကို မာ ပြန်မတွေးချင်။ တစ်လမ်းလုံး နို့အုံတင်း၍ နို့ရည်စိမ့်လာတိုင်း၊ ကိုက်ခဲမှုကို ခံစားရတိုင်း မျက်ရည်ကျရပုံကို ပြန်မတွေးချင်။ သမီး၏ ငိုသံသည် မာ့ အသည်းကို ဆုပ်ခြေခဲ့သည်။ ထိုထိုသော ငိုသံသည် ငရဲ ဖြစ်၏။ ဆူးပန်းခင်းလည်း ဖြစ်၏။ နောက်ကျောသို့ မာ ငဲ့မကြည့်။ ငဲ့ကြည့်၍ စိတ်ယိုင်လျှင် ဒုက္ခရောက်မည့်သူမှာ မာ့သမီးလေးပါပဲ။ မာသည် မြေကို ဖိနင်းကာ သူ ကျင်လည်မြဲ လောကသို့ နောက်တစ်ကြိမ် တိုးဝင်လာခဲ့သည်။
“မာမာ”
ပူတူး ခေါ်သံကြားတော့ မာသည် ပစ္စုပ္ပန်သို့ လုံးလုံး လျားလျား ပြန်ရောက်လာသည်။
“အွန်း.... ဒီနား မကပ်နဲ့ ပူတူး မီးပူကြီးနဲ့”
မာက မီးပူခလုတ်ကို ပိတ်၍ ဝေးဝေး ရွှေ့ကာ ပူတူးကို ပွေ့ချီလိုက်သည်။ နှာရည်စိမ့်ယိုနေသေးသလား စူးစမ်းရသည်။ အိမ်ရှင်မ မှာကြားခဲ့သည့်အတိုင်း ဆေးရည်စက်ကို အင်္ကျီစလေးပေါ် တို့ပေးရသည်။ ခြေဖဝါးလေးကို ဆေးပရုတ် လိမ်းပေးရသည်။ ဒိုင်ဗာအသစ် လဲပေးရသည်။ သေးခံဖျာပေါ် ပက်လက်လှဲလျက်ကပင် တလှုပ်လှုပ် ဆော့ချင်နေသော ပူတူး ကို မြှူရင်း မာ မျက်ရည်စိမ့်လာသည်။ ခုနေ ကိုယ်ပူနွေးနေသည့် သမီးလေး ဘာများ လုပ်နေရှာမလဲ။ အိပ်နေမလား။ ဘွားအေ ရင်ခွင်ထဲမှာ မှိန်းနေမလား။ ပြုစုယုယ မည့်သူ မအားလပ်၍ တစ်ယောက်တည်းများ ငြိမ်ကုပ်ကုပ် နေရရှာမလား။ အားရှိတာလေးတွေများ စားရရှာရဲ့လား။
လွန်ခဲ့သည့် ဆောင်းရာသီမှာ တစ်ကြိမ်တစ်ခါ ပြန်တွေ့ပြီးကတည်းက အိမ်အပြန်လမ်း ဝေးသွားခဲ့ပြီဖြစ်သော မိခင်ကို သမီးကလေး သတိရနေမလား။ မာ မသိပါ။
••••• ••••• •••••
“ပူတူး ဒီနေ့ အစား ကောင်းကောင်း စားရဲ့လား”
သူ့မိခင် ပြောလိုက်သော စကားထဲက နာမည်ကြောင့် ဖြစ်လိမ့်မည်။ ပူတူးက မာ့ရင်ခွင်ထဲမှ နေ၍ “အွန်း” ဟု အသံပြုလိုက်သည်။ စကားပြော နောက်ကျသည့်အထဲ ပါသော ပူတူးသည် လူကြီးများ ပြောသမျှကိုတော့ ကောင်းစွာ နားလည်ပုံပြလေသည်။ ရံခါ စကားသံ တစ်စွန်းတစ်စနှင့်၊ ရံခါတော့ အမူအရာနှင့်။
“စားတယ် အစ်မ၊ မနေ့ကတော့ ပါးစပ်ပျက်တာ နေမှာပါ။ ဒီနေ့ အရင်လိုပဲ ထမင်းကျွေးရတာ အဆင် ပြေတယ်”
“စားရင် ပြီးရော။ အလုပ်သာ လုပ်နေရတယ် အစားမှ ကောင်းကောင်းစားပါ့မလားလို့ စိတ်ကဖြောင့်တာ မဟုတ်ဘူး”
စိတ်က ဖြောင့်တာ မဟုတ်ဘူး ဆိုသော စကားသံသည် မာ့ရင်ကို ထုတ်ချင်း ခပ်သွား၏။ မာသည် ပူတူးကို ချီထားလျက်က ပေါ့လျပ်လျပ် လွင့်ပါးသလို ထင်မိသည်။ အမေ့အိမ်အထိ၊ အဖျားရှိနေသေးသည်ဆိုသော သမီးလေး နံဘေး အထိ။ ပြောရမလား၊ အခုနေ ပြောလိုက်ရတော့မလား။ မာ ရွာပြန်ချင်ကြောင်းလေ။
မီးဖိုပေါ်က ကြက်သား အိုးမှာ ပွက်ပွက်ဆူလျက် ရှိသည်။ မာ့အိမ်ရှင်မသည် မနက်ဘက် သူတို့လင်မယား အလုပ်သွားလျှင် ယူမည့် ထမင်းဘူးအတွက် ကိုယ်တိုင်ပင် ချက်ပြုတ်တတ်၏။ မာက ဘေးမှ ကူရုံ။ ပြောသာ ပြောရသည်။ ပူတူးနှင့်တော့ ကူဖို့လည်း သိပ်မလွယ်လှ။
ပူတူးသည် မာ့ကို ခါးထစ်ခွင်လိုက်လျှင် ပြန်ဆင်းလိုသူ မဟုတ်။ တစ်နေကုန် အတူနေဖန်များတော့ မာသည် သူ့အတွက် ကလေးထိန်းအဖြစ်သာမက အစ်မသဖွယ် ၊ ကစားဖော်သူငယ်ချင်းသဖွယ်လည်း ဖြစ်နေပုံရသည်။ ဒါနှင့်ပင် အိမ်ရှင်များ အလုပ်က ပြန်ရောက်သည့် ညချမ်းအခါ မှာလည်း မာ အနားမရ။ ပူတူး အိပ်ချိန်ဆိုလျှင်တော့ မာ သိပ်စရာ မလို။ ပူတူးကို သူ့အမေ သိပ်ချိန်သည် မာ့ အတွက် လွတ်လပ်ရေးကာလ အစပြုချိန်။
နေ့ခင်းဘက်တော့ မာ ကိုယ်တိုင်ပဲ ပူတူးကို သိပ်ရသည်။ ပူတူး အိပ်လျှင် တောက်တိုမည်ရလေးများ လုပ်ရကိုင်ရသည်။ အဝတ် ခြောက် ရုပ်သည်။ မီးပူတိုက်သည်။ ပူတူး၏ သေးစို အဝတ်များ လျှော်သည်။ တံမြက်လှည်းသည်။ မောလာလျှင်တော့ ပူတူးနံဘေးမှာ မာလည်း ထိုးအိပ်တော့သည်။
နေ့ခင်းကတော့ ပူတူး အိပ်ချိန်တွင် မာ လိုက်မအိပ်ချေ။ အမေ့ထံ ဖုန်းခေါ်ရသည်။ သမီး နေကောင်းပြီလား အမေ။
“ဘယ့်နှယ်လုပ် ကောင်းဦးမလဲအေ၊ ဆေးတော့ တိုက်ထားတယ်။ လူက မလန်းသေးဘူး၊ အစားလည်း ကောင်းကောင်း မဝင်ဘူး”
“သူ ကြက်ဥ ကြိုက်တယ်မဟုတ်လား အမေရဲ့၊ ကြက်ဥပြုတ်တို့ ဘာတို့တောင် မစားဘူးလား”
“ကြက်ဥတောင် တို့တိ တို့တိပါဆို နင့်သမီးဟာ”
“ဒုက္ခပဲ၊ သမီး ပြန်လာလို့လည်း မရဘူး”
“ဘာလို့တဲ့တုံး၊ ပြော ကြည့်ပေါ့၊ ဒါလေးတောင်မရဘူးလား”
“အမေကလည်း သိတဲ့အတိုင်း ကိုဗစ်နဲ့ဟာ၊ ဘယ်အိမ်ရှင်က အပြင်ပေးထွက်မလဲ၊ ရွာပြန်မယ်ဆို ပိုဆိုး”
“ထပ်တော့ ပြောကြည့်ဦးပေါ့အေ၊ မရလည်း မပြန်နဲ့၊ ရလည်း ပြန်လာခဲ့ပေါ့၊ မပြန်ရလည်း မပူနဲ့၊ ကလေးဆိုတာ ဒီလိုပဲ ကျောပူခေါင်းပူ ဖြစ်တတ်တာပဲ၊ တော်ကြာနေ ကောင်းသွားလိမ့်မယ်၊ သိပ်ပူမနေနဲ့။ ဒီမယ် ညည်းသာ ပူတာ၊ ဖအေလုပ်သူက ဟိုဘက်ရွာ သွားပြီး မူးပြဲနေတာများလားတောင် မပြောတတ်ပါဘူးအေ၊ ပြန်မလာတာ နှစ်ညတောင် ရှိပေါ့။ ငါ့မှာ နင့်ညီမ လင်မယားက ဒီကောင့် အိမ်ပေါ်က နှင်ချလိုက်တော့ ဆိုတာတောင် ငါ့မြေးပါ ခေါ်ဆင်းသွားမှာစိုးလို့ မပြောရဲဘူး၊ ကြည့် မရတော့တာတော့ အမှန်ပဲဟဲ့”
အမေပဲ ဟု အစချီ ပြောမည်ပြင်ပြီးမှ စကားလုံးပေါင်း တစ်သောင်းခြောက်ထောင်ကို မာ အလျင်အမြန် မျိုချလိုက်သည်။ ထုတ်ပြောတော့ရော မာ ပျော်ရမှာမို့လား၊ အမေ့အတွက်ရော ပျော်စရာ ဟုတ်လို့လား။ ဘယ်သူမှ စိတ်ချမ်းမြေ့စရာ မရှိတဲ့ အနာဟောင်းကို မာ ဘာလို့ ပြန်ဆွမလဲ။ ဆုံးပါး နှင့်ရှာသော အဘွားလုပ်သူ ဆုံးမဖူးတာတော့ လူဟာ သံသရာကြွေးပါရင် ဆပ်ရသတဲ့။ မာ့ အကြွေးးကရော ဘယ်တော့ ကျေမလဲ။ သမီး၏ အကြွေးကရော မာတို့ကို အမိအဖ တော်စပ်ရခြင်းလား၊ မိတစ်ကွဲ ကြီးပြင်းရခြင်း လား။ မာ မသိပြီ။
“သမီးရေ” ဟု မာ ခပ်ရွှင်ရွှင် ခေါ်တော့ သမီးက “အမေ... အမေ”တဲ့။ အသံနွမ်းကလေးမှာ သနားစရာ၊ ထွေးဖက် ထားချင်စရာ။ သူ့ခမျာ ဖျားနာလျက်က အမေ့အသံကြားတော့ ပျော်ရှာပုံပဲ။ မေးခွန်းများကလည်း မနည်းမနော။ ပြောစရာလည်း တစ်ပုံတစ်ပင်။ “အမေ မုန့်မုန့် သွားဝယ်တာ ဒီတစ်ခါ တအားကြာတာပဲ” ဆိုတော့ မာ့ရွှင်လန်း ဟန်က ရုတ်ခြည်း ပျောက်ဆုံးရသည်။ ဆောင်းရာသီ ရွာက ပြန်အထွက်မှာ ပြောခဲ့ဖူးသော စကားကို သမီး မေ့ပုံမရ။ မာ့ ရင်ညွှန့်က စူးခနဲ အောင့်နာ၏။ သို့သော် မာ ရယ်မောခဲ့သည်။
နေ့ခင်းက အသံများဆီ စိတ်ရောက်နေသော မာ့အာရုံကို ပြန်လည်ဖမ်းဆုပ်လိုက်သည်မှာ မာ့အိမ်ရှင်မ ဖြစ်သည်။ ပူတူးကို လက်ပြောင်းချီရင်း တစ်ဆက်တည်း ပြောလိုက်တာ “မာရေ ထမင်းခူးတော့” တဲ့။
မာသည် ပန်းကန်ပြား များထဲ ထမင်းထည့်ရင်း ချီတုံချတုံ ဖြစ်နေသည်။ ထမင်းတစ်ဇွန်း ခူးထည့် အပူငွေ့က ရိပ်ခနဲ တက်လာ။ ထမင်းဖြူဖွေးပေါ်မှာ နွမ်းဖတ်သော သမီးမျက်နှာ။ ထမင်းအိုးကို အဖုံး ပြန်ပိတ်ရင်း အိမ်ရှင်မဘက်သို့ မာ ပြန်လှည့်သည်။ မျက်နှာချင်းဆိုင် ဖြစ်သော်လည်း မျက်လုံးချင်းတော့ မဆုံ။ ပူတူးကိုသာ လှမ်းကြည့်နေရင်း မာ သက်ပြင်းခိုးရှိုက်လိုက်သည်။
“အစ်မ ဟိုဒင်း...၊ ကျွန်မ ပြောစရာရှိလို့”
••••• ••••• •••••
နတ်ဒိုးသံသည် မထူလှသော နံရံကို အတိုင်းသားလိုပင် ထိုးဖောက်လာ၏။ ပူတူးကို သိပ်ချိန်တိုင်း ဖွင့်ပေးထားရသည့် ကလေးချော့တေးသွားကိုပင် လွှမ်းလုပြီ။ တစ်ခုတော်သေးတာက ပူတူးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျှင် အသံ ကြားလည်း အရေးမလုပ်။ မနိုးတတ်။ အသံလေး ထစ်ခနဲ ကြားလျှင် နိုးထတတ်သောကလေးမျိုးသာဆို ဒီလို အိမ်နီးချင်းမျိုးနှင့် ခက်ပါလေရော။
ခုတော့ဖြင့် မာ့ရင်ခွင်ထဲက ပူတူးသည် မျက်တောင်ကော့လေးများ စေ့ပိတ်၍ နှုတ်ခမ်းလုံးလုံးလေးကို စုချွန်၍ အိပ်ပျော်နေရှာပြီ။ နှစ်နှစ် ပြည့်ခါနီးဖြစ်သော်လည်း ယခုတိုင် ချီသိပ်ရမြဲ ဖြစ်ပုံကို မာ မငြူစူချေ။ ပူတူးကို ပြုစုရချိန်တိုင်း သမီးကလေးအား ပြေးမြင်အောက်မေ့တာသာ ပြောစရာရှိသည်။
ပူတူးကို ချော့သိပ်ရချိန်တိုင်း မာသည် ရင်ခွင်ထဲက ပူတူးကို သမီးအဖြစ် မြင်ယောင်လိုက်သည်။ ထမင်း၊ မုန့်ခွံလျှင်လည်း သမီးဟု တွေးလိုက်သည်။ ပူတူးလေး မာ့ကို နမ်းလျှင် မာသည် မျက်လုံးကို စုံမှိတ်ကာ ပြုံး နေလိုက်သည်။ သမီးရေ ...သမီးလေးရေ...။
ပူတူးကို အိပ်ရာပေါ်ချ တော့ အင့်ခနဲ အသံတစ်ချက် ပြုသည်။ နိုးတော့ မနိုး။ သားချော့တေးသီချင်းကို ပိတ်လိုက်တော့ နတ်ဒိုးသံက ပို၍ အားကောင်းလာသည်။ အံမယ်လေး... ဘယ်နတ်တုံး မသိ။ မြိုင်လိုက်တဲ့ အသံ။ မာသည် အိမ်နောက်ဘက်သို့ လျှောက်ကာ မနက်စာ စားထားသည့် ပန်းကန်များ ဆေးကြော၏။ ရေကျသံက တပေါက်ပေါက်။ ရေသံကို ထိုးထွင်းလျက် စကားသံ တစ်စအား မာ တရေးရေး ကြားယောင်လာသည်။ ညတုန်းက ဟောဒီ မီးဖိုချောင်မှာပါပဲ။ မာ့ နားနှင့် မဟုတ်၊ နှလုံးသားနှင့် ဆုပ်ယူဖမ်းမိလိုက်သော စကားသံ..။
“ခုတော့ မပြန်စေချင် သေးဘူး မာရယ်။ အပြင်မှာ လည်း ဖြစ်နေတာ ကူးနေကြတာ မာ သိတဲ့အတိုင်းပဲ။ ဒီလို အချိန်မှာ မာ ထွက်သွားပြီး ပြန်ဝင်လာတယ်ဆိုတာ အဆင် ပြေမနေဘူးလေ။ ပူတူးက ရှိသေးတယ်။ အစ်မတို့ အခု အလုပ် သွားတာတောင်ပဲ ဖယ်ရီနဲ့မို့။ ဒါတောင် စိတ်ချ ရတာ မဟုတ်ဘူး။ အမြဲတမ်း ပူနေရတာ။ မာလည်း ဘယ် လို ဂရုစိုက်တယ်ပြောပြော အခန့်မသင့်ချိန်ဆိုတာ ရှိလာမှာ စိုးလို့လေ”
“သမီး ဖျားနေလို့ပါ အစ်မရယ်”
“အစ်မ နားလည်ပါတယ် မာ။ အစ်မလည်း အမေပဲ ကိုယ်ချင်းစာတာပေါ့။ ဒါပေမဲ့ မဖြစ်တာက တကယ်ကို မဖြစ်လို့။ ရောဂါပိုးကို မစိုးရိမ်ရတော့ဘူး ဆိုရင်တော့ မာ ပြန်လို့ရသားပဲ၊ အခုတော့ မာ့အမေကိုပဲ လိုတာတွေ လှမ်းမှာထား၊ ငွေလိုရင်လည်း ပို့ပေးလိုက်မယ်”
ရေဆေး သန့်စင်ပြီးသည့် ပန်းကန်များကို ပန်းကန်စင်တွင် မှောက်ကာ အိမ်ရှေ့ခန်းသို့ မာ ပြန်လာသည်။ ပူတူး၏ နံဘေးမှာ ဝင်ထိုင်လိုက်သည်။ ဒီနေ့တော့ ဘာအလုပ်မှ ဆက်လုပ်ချင်စိတ် မရှိသေး။ အိပ်ချင်စိတ်လည်း မရှိ။ အိမ်ကိုလည်း မာ ဖုန်းမဆက်ချင်။ သမီးအသံ ကြားလျှင် တင်းထားသော မာ့စိတ်တို့ နွမ်းခွေရလိမ့်မည်။ ဒီလိုဆိုတော့ အိပ်လိုက်မလား။ ပူတူးနံဘေးမှာလေ..။
မာသည် ပူတူးကို ဖက်ကာ လှဲချလိုက်၏။ နွေးသော ပခုံးသားလေးကို ဖွဖွ နမ်းလိုက်သည်။ မျက်လုံးကို မှိတ်ချတော့ မျက်ရည်စသည် နားထင်သို့တိုင် တလိမ့်လိမ့် စီး၏။ ရှိုက်၍ ရှိုက်၍လည်း မငိုသာ။ ပူတူး နိုးမှာ စိုးသေးသည်။ လက်ဝါးနှင့် ပါးစပ်ကို အုပ်ကာလျက် ငိုရသည်ကိုပင် မာ ဝမ်းနည်းလာသည်။ မာဟာ ဘယ်တုန်းကမှ ရင်ဖွင့်ငိုခွင့် မရခဲ့ဘူးလား။ အိမ်မှာတုန်းကလည်း အမေ မကြိုက်မှာ စိုး၍။ အိမ်အကူ ဘဝမှာလည်း အိမ်ရှင်များ စိတ်ပျက်မှာ စိုး၍။ မာ့မှာ ငိုချင်လာချိန်တိုင်း ခေါင်းအုံးကို မျက်နှာအပ်လျက် ကျိတ်ရှိုက်ရသည်။ ခုလည်း...။
“ဟေ့... ဟိတ်” ဆိုသော ငြာသံ နားထဲ ဝင်တိုးတော့ မာ ငိုနေတာ တန့်သွားသည်။ မိန်းမသံ..။ တစ်ဖက်ခန်းက မိန်းမသံ။ တေးသွားကလည်း မြူးလှတာမို့ သူ အော်လိုက်သော “ဟေ့ ... ဟိတ်” အသံမှာ ရွှင်နေသည်။ လွင်နေသည်။ လှေကား အတက်အဆင်း ဆုံတတ်သော်လည်း တစ်ခါပင် ပြုံးမပြဖူးသည့် အိမ်နီးချင်း အိမ်ရှင်မကို မာ မြင်ယောင်လိုက်သည်။ တေးသွားကြားမှာ သူ ခုန်ပေါက်နေမလား။ နောက်တစ်ကြိမ် “ဟေ့ .. ဟိတ်” ဆိုတော့ မာ ကုန်းထလိုက်သည်။ နတ်ဒိုးသံမှာ ပို၍ပင် ရွှင်လာသည်။ မြူးလာသည်။ မာ့ ခန္ဓာမှာ တဖြည်းဖြည်း စ၍ လှုပ်လာသည်။
တစ်ခဏမျှ နေလျှင်တော့ ငယ်တုန်းက လိပ်ပြာ လှသည်ဆိုသော်လည်း နတ်ပွဲတကာ ထပ်မရောက်ခဲ့တော့သည့် မာသည် နတ်ဒိုးသံ ကြားမှာ မျောလျက် လွင့်လျက်ရှိသည်။ ခန္ဓာတစ်ခုလုံး စိတ်ရှိတိုင်း ကွေးညွှတ်ကာ က,ခုန်လျက်။ မာ့ဆံပင်ရှည်မှာ မျက်နှာပေါ် ဖုံးအုပ်လိုက် ကျောဆီ ဝဲသွားလိုက်။
မာသည် ကလေးသာသာအရွယ် ကစားခုန်စားလို့ ကောင်းတုန်းအချိန်မှာ အိမ်ကို စွန့်ခဲ့ရသည့် အိမ်အကူ ကလေးထိန်း မာမာ မဟုတ်တော့။ စိတ်ဆန္ဒ ရှိသမျှ ချိုးနှိမ်ခဲ့ရသော အမေ့သမီး မိမာ မဟုတ်တော့။ နှမ်းထွက် မကိုက်ခဲ့သည့် ဇနီးသည် အမာ မဟုတ်တော့။
ကချေသည် မာ...။
▢ စံပယ်ဖြူနု
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၂၁
No comments:
Post a Comment