Tuesday, October 27, 2026

ကြောင်လည်နှင့် ကြွက်ပါး


❝ ကြောင်လည်နှင့် ကြွက်ပါး ❞ 
▢ ခန့်ကျော်ထင်လှိုင် ( လွိုင်ကော် )

ဖတ်ဖူးတာလေး ပြန်သတိရမိတယ်။ ဆရာတစ်ယောက်က စက္ကူဖြူတစ်ရွက်မှာ အစက်သေးသေးလေး တစ်စက်ချပြီး အတန်းကို ပြတယ်။ ပြီးတော့ မေးတယ်။ “မင်းတို့အားလုံး ဘာမြင်သလဲ” လို့။ အားလုံးက တညီတညွတ်တည်း ပြောတယ် “အစက်တစ်စက် မြင်ပါတယ်” တဲ့။ ဆရာက ထပ်မေးလည်း သည်အဖြေပဲ ပြောကြတယ်။ သည်တော့မှ ဆရာက “မင်းတို့က အစက်ကလေးပဲ မြင်တာကိုး။ ကျန်တဲ့ စက္ကူကြီးကိုတော့ မမြင်ကြဘူးပဲ” လို့။

သည်ဖြစ်ရပ်ကလေးလိုပဲ ကျွန်တော်တို့ လူတွေဟာ ကိုယ်သန်ရာ ကိုယ်စွဲပြီး မြင်ချင်သလို မြင်တတ်ကြတာ သဘာဝလို့တောင် ပြောရမလို ဖြစ်နေပြီ။ ထားပါတော့။ အခု မိတ်ဆွေတို့ကို ကျွန်တော့်ဒုက္ခလေးတစ်ခု တင်ပြပါရစေ။ သည်နေရာမှာ တစ်ခုတော့ ကြိုတင် တောင်းပန်ထားချင်ပါတယ်။ ငယ်ငယ်က တချို့မြန်မာဇာတ်ကားတွေ ကြော်ငြာသလိုပေါ့။ ဇာတ်ကားကိုတော့ လာကြည့်ပါ။ ဒါပေမဲ့ ဇာတ်သိမ်းလေးတော့ ဖောက်သည် မချပါနဲ့ ဆိုသလိုပေါ့။ ကျွန်တော့် ဒုက္ခဖြစ်ရပ်လေးကို နားထောင်ပြီး အဆုံးသတ်မှာ ကိုယ်ထင်ရာ မှတ်ချက်မျိုး စွတ်မပေးလိုက်ပါနဲ့လို့။ ကျွန်တော် ပြောမှာ ရိုးရိုးလေးမို့ပါဗျာ။

••••• ••••• •••••

"အဲ... တို့အိမ်တော့ ကြွက်ဦးပေါက်လာပြီဟေ့။ သတိထားကြဟ”

မနက်စာစားနေတုန်း မီးဖိုချောင်စင်ပေါ်က ဆင်းလာတဲ့ ကြွက်တစ်ကောင်ကို မြင်လိုက်တာနဲ့ ကျွန်တော့်ပါးစပ်ကအထိတ်တလန့် ထွက်သွားမိတယ်။

“ဒီတစ်ကောင်ပဲ တွေ့မိပါတယ်”

ဇနီးသည်က မထူးခြားတဲ့ လေသံနဲ့ ဆိုတယ်။

“ဒါ အစပဲလေ။ နောက်ဆို လာတော့မှာ”

အိမ်မှာ ကြွက်တွေ့တာကို ဘာများ ထူးဆန်းလို့ပါ လိမ့်လို့ မိတ်ဆွေတို့က ပြောချင်ပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဘယ်လောက်ပဲ သန့်ရှင်းတဲ့အိမ် ဖြစ်ပါစေ လူတစ်ယောက်ကို ကြွက်တစ်ကောင် နှုန်းတော့ ရှိတယ်လို့ စာတစ်ပုဒ်မှာ ကျွန်တော်ဖတ်ဖူးတယ်။ ဘဝတစ်လျှောက် နေခဲ့တဲ့ အိမ်တိုင်းမှာ ကြွက်မရှိတဲ့ အိမ်ရယ်လို့လည်း တစ်အိမ်မှ မကြုံဖူးခဲ့ပါဘူး။ ကိုယ့်အဝတ်တွေ ကြွက်ကိုက်ခံရတာ၊ ညဆို ကြွက်တွေ သောင်းကျန်းလွန်းလို့ အိပ်ရေးပျက်တာတွေက ကြုံဖူးနေကျပါ။ ဒါဆို အခု ကြွက် တစ်ကောင်လောက် တွေ့တာနဲ့ ဘာကြောင့် အထိတ်တလန့် ဖြစ်ရသလဲဆိုတော့ ဒီအိမ်မှာ ကြွက်မတွေ့ရတာ ကြာပြီမို့လို့ပါပဲ။

တကယ်ပါ။ ကျွန်တော် သည်အိမ်ရောက်စက ကြွက် အတော် သောင်းကျန်းပါတယ်။ ညညဆို အိမ်ခေါင်မိုး သွပ်တန်းပေါ်မှာ လိုက်တမ်းပြေးတမ်း ကစားတာက တစ်မျိုး၊ တဂျစ်ဂျစ်နဲ့ ကိုက်သံပေးတာက တစ်ဖုံနဲ့ အတော်စိတ်ပျက်စရာ ကောင်းလှပါတယ်။ ကျွန်တော်က ကြွက်ကို ရွံ့ တတ်သူမို့ အကောင်ကိုတောင် သေချာကြည့်တတ်သူ မဟုတ်ပါဘူး။ ကိုင်ဖို့တော့ ဝေးရောပေါ့။ ဒါကြောင့် ကြွက်ထောင်ချောက်နဲ့လည်း မထောင်ရဲ။ အဲသည်တုန်းက ကြက်မတစ်အုပ်လည်း မွေးထားတာမို့ ကြွက်သတ်ဆေးလည်း ချမဖြစ်နဲ့ အတော့်ကို ဒုက္ခရောက်ခဲ့ရပါတယ်။ ဖြစ်ဖူးတယ်လေ။ သည်အိမ်မရောက်ခင် အရင် အိမ်မှာတုန်းက ကြွက်တွေ သောင်းကျန်းလွန်းလို့ မခံနိုင်တာနဲ့ ကြွက်သတ်ဆေးဝယ်ပြီး အစာနဲ့ ရောနယ်ပြီး မီးဖိုထဲ ချထားလိုက်တာ။ စား လိုက်ကြတာဗျာ။ အိပ်ခန်းထဲကနေ ကြွက်တွေ စားနေတဲ့ အသံကို အတိုင်းသား ကြားနေရတယ်။ ခဏပဲ ကြာတယ်၊ အသံတွေ ပျောက်ကုန်ရော။

မနက်မိုးလင်းလို ကြည့်တော့ သေနေတာ အတုံးအရုံးပဲ။ ဒါနဲ့ ကျန်တဲ့ စားကြွင်းစားကျန်တွေကို တံမြက်စည်းနဲ့ မဆင်မခြင် လှည်းချလိုက်မိတာ။ အိမ်အောက် မိုးလင်းတာနဲ့ အစာလာကောက်နေကျ တစ်ဖက်အိမ်က ကြက်တွေပါ သေကုန်ပါရောလားဗျာ။ ကြက်တစ်အုပ်စာ အလျော် ပေးလိုက်ရတယ်။ သည်အတွေ့အကြုံ ရှိနေတာမို့ သည်အိမ်မှာတော့ ကြွက်ဆေးမချရဲတော့ဘူး။ အဲ... ကိုယ်ကသာ ကြောက်ပြီး မချဖြစ်တာ။ ယောက္ခမကြီးက ရန်ကုန် ရောက်လာပြီး မကြာဘူး။ ကြွက်တွေ သောင်းကျန်းတာ မခံနိုင်လို့ ဆိုပြီး ကြွက်ဆေးချပါလေရော။ ကျွန်တော့်မှာ တထိတ်ထိတ် ပေါ့။ တော်သေးဗျာ။ကြွက်တွေပဲ သေကုန်ပြီး တခြား ဘာမှ အထိအခိုက်မရှိလို့။ ဒါပေမဲ့ ကြွက်ကတော့ ခဏပဲငြိမ်ပြီး ပေါမြဲ ပေါတာပါပဲဗျာ။

သည်နေရာမှာ အရေးကြီးတယ်ထင်တဲ့ နောက်တစ်ချက်လည်း ပြောချင်သေးတယ်။ တခြား မဟုတ်ပါဘူး။ ကျွန်တော်က တိရစ္ဆာန် မချစ်တတ်တဲ့ အကြောင်းပါ။ ဒါကြောင့် အိမ်မှာ ခွေးတွေ၊ ကြောင်တွေ မွေးလေ့ မရှိပါဘူး။ ဇနီးသည်ကတော့ တိရစ္ဆာန်ကို ချစ်တတ်ဟန် တူပါတယ်။ ဒါပေမဲ့ အပြင်းအထန်ကြီး မဟုတ်ဘူးဗျ။ သည်လိုကြောင့်လည်း အိမ်မှာ ဘာအကောင်မှ မမွေးဖြစ်တာ ပါမယ်ထင်တယ်။ ကျွန်တော်တို့က တိရစ္ဆာန်တွေ မချစ်တတ်ပေမဲ့ သားတွေကတော့ ချစ်တတ်ကြသားဗျ။

“အဖေ့အိမ်မှာ ကြွက်တွေ ဒီလောက် ပေါနေတာ ကြောင်တစ်ကောင်လောက် မွေးရအောင်လေ”

သားကြီးက သည်အဆိုကို မကြာခဏ တင်ဖူးပေမဲ့ ကျွန်တော်က ဗီတိုအာဏာနဲ့ အမြဲတမ်း ပယ်ချခဲ့တယ်။

“တို့ဆီက တိရစ္ဆာန် မွေးတာက နိုင်ငံခြားမှာလို စနစ်တကျမွေးတာ မဟုတ်ဘူးကွ။ ကြွက်ကြောက်လို့ ကြောင်မွေးခါမှ ကြောင်က ရောဂါတွေ သားကို ကူးနေပါ့မယ်ကွာ။ မမွေးချင်စမ်းပါနဲ့”

သည်လိုနဲ့ ကြွက်သံ တညံညံနဲ့ နေလာရင်းက အိမ်မှာ ကြွက်ပျောက်မယ့် အခြေအနေတစ်ခုဟာ ကျွန်တော်တို့ မဖန်တီးဘဲ ဖြစ်လာပါတော့တယ်။ ဒါကတော့ ဘယ်ကမှန်း မသိတဲ့ ကြောင် တစ်ကောင် ရောက်လာပြီး ကြွက်တွေ ခုတ်နေလို့ပါပဲ။

“အဲဒီ ကြောင်ဖြူမလေးက ဘယ်သူ့အိမ်ကလဲတော့ မသိဘူး။ သူလာပြီး ခုတ်တာနဲ့ ကြွက်တွေ အတော်ငြိမ်သွားပြီ”

ဇနီးသည်က ဝမ်းသာအားရ လေသံနဲ့ ပြောတယ်။

“ဟုတ်တယ် အဲဒီ ကြောင်မလေးက အဖြူပေါ်မှာ မီးခိုးရောင်ဖျော့ဖျော့နဲ့ ချစ်စရာလေး”

ကြောင်ချစ်တတ်တဲ့ သားကြီးကပါ ဝင်ပြီး မှတ်ချက်ပြုတယ်။ သူတို့ပြောသလို အိမ်မှာ ကြွက်သံငြိမ် သွားတာအမှန်မို့ ကျွန်တော်လည်း တော်တော်စိတ်ချမ်းသာမိတယ်။ ဒါပေမဲ့ ကိုယ်က အကောင်ပလောင် မချစ်တတ်သူမို့ သူတို့သားအမိ စကားတွေကို ဘာမှ မှတ်ချက်ပေးမနေဘဲ ခပ်မဆိတ်သာ နေခဲ့မိတယ်။

သူတို့ ပြောတဲ့ ကြောင်ဖြူမလေးကတော့ တဖြည်းဖြည်းနဲ့ အိမ်ကို အဝင်အထွက် အတော်စိပ်လာနေပါပြီ။ သူ လာရင် ကြွက်သံ တကယ် တိတ်သွားသလို ကြွက်ကို တကယ်လည်း ခုတ်သဗျ။ ပြောရရင် ကြောင်မလေးက မျက်လုံးရွဲကြီးနဲ့ ချစ်စရာ ကောင်းတာလည်း အမှန်ပါ။ သူက လူလည်းယဉ်တယ်။ သားတွေက အနားသွားပြီး ပွေ့တာ၊ ကိုင်တာကို မရုန်းမကန် ငြိမ်ခံတတ်တယ်။ ဇနီးသည်ကတော့ သူ့အတွက် ပုစွန်ခြောက်တွေ ဘာတွေနဲ့ ထမင်းနယ်ကျွေးတဲ့ အဆင့်တောင် ရောက်နေပါပြီ။

“ဟေ့ကောင် ကြောင်ကုတ်တာလည်း ခွေးကိုက်ခံ ရတာနဲ့ အတူတူပဲလို့ ငါ စာထဲ ဖတ်ဖူးတယ်နော်။ သိပ်ပြီး ပိုမနေနဲ့”

ကြောင်မလေးကို ပွေ့နေတဲ့ သားကြီးကို ကျွန်တော်က လှမ်းသတိပေးတယ်။

“မင်း အခုလို ထမင်းကို အကျအန ကျွေးနေလို့ကတော့ ဒီကြောင် နောက်ဆို ကြွက် မခုတ်ဘဲ ပျင်းသွားလိမ့်မယ်နော်”

ကျွန်တော့် သတိပေး စကားတွေက သူတို့ သားအမိ အပေါ် ဘာမှ မထိရောက်ခဲ့ပါ။ ပွေ့မြဲ၊ ကျွေးမြဲပင်။

••••• ••••• •••••

ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ ကျွန်တော့်မှာ တာဝန် အရ ခရီးကလည်း မကြာခဏ ထွက်ရတတ်ပါတယ်။ သင်တန်းတွေက ပါသေး။ သည်တစ်ခေါက် နေပြည်တော်က အပြန်မှာတော့ အံ့ဩစရာမြင်ကွင်းက ဆီးကြိုနေပါတယ်။ ကြောင်မလေး သာမက ကြောင်ပေါက်စလေး တစ်ကောင်ပါ အိမ်ပေါ်မှာ ရောက်နေလို့ပါ။

“ဟဲ့ ... ဒီကြောင်မက ဘယ်အချိန် ဗိုက်ကြီးပြီး ကလေးမွေးလိုက်တာတုံးဟ။ မြန်လှချည်လား”

တကယ့်ကို သည် ကြောင်မ ဘယ်အချိန် လင် ယူသားမွေး လုပ်လိုက်သည်ကို ကျွန်တော် မသိလိုက်ပါ။

“ရှင်က အာရုံမထားလို့ ပါ။ ကြောင်ဝါကြီးတစ် ကောင် အိမ်ရှေ့က လာလာပြီး အော်နေတာ မကြားဘူးလား။ ရှင် နေပြည်တော် မသွားခင် အတော်ကြာကြာ ကတည်းကလေ။ အဲဒါ ရှင့်ကြောင်မလေးကို လူပျိုလာလှည့်တာပေါ့။ ဒီကောင်မကလည်း ဒီအသံကြားရင် အိမ်ပေါ်က ဆင်းပြေးပြီ။ အဲဒီ အကျိုးဆက်က အခုလို ဖြစ်လာတော့တာပေါ့”

ဇနီးသည်က ရယ်ရွှန်းဖတ်ရွှန်း ဆိုတယ်။ မည်သို့ပင်ဆိုစေကာမူလို့ပဲ ပြောရတော့မှာပဲ။ အိမ်ပေါ်ကို ကြောင်သားအမိ Home Stay နဲ့ ရောက်လာတာကတော့ အမှန်ပါပဲ။

“အဲလို သူများအိမ်က ကြောင်က ကိုယ့်အိမ်မှာ လာ မွေးရင်၊ အဲဒီ.. မွေးတဲ့ ကြောင်ကလည်း တစ်ကောင်တည်း ဖြစ်ရင် အဲဒီအိမ်အတွက် ကောင်းတယ်တဲ့ရှင့်။ ကျွန်မ ကြားဖူးတယ်”

ကျူးကြောင်သားအမိ ကို နှင်ထုတ်မှာ စိုးလို့လား မသိဘူး၊ ဇနီးသည်က နားသွင်းလာတယ်။ သူ့စကား မယုံပေမဲ့ သည်ကြောင်လေးကြောင့် အိမ်မှာ ကြွက်တွေ ငြိမ်သွားတာရယ်၊ သားတွေက ကြောင်သားအမိကို ချစ်နေကြတာရယ်ကြောင့် သူတို့ သားအမိချစ်ခြင်းကို မခွဲတော့ပါဘူးလို့ ကျွန်တော် ဆုံးဖြတ် လိုက်ပါတယ်။ ပြောခဲ့သလို ကိုယ်က တိရစ္ဆာန်မချစ်တတ်သူမို့ သူတို့နားကိုတော့ မကပ်မိပါဘူး။ သူတို့ကလည်း သိသလား မပြောတတ်ဘူး။ ကျွန်တော့် အနားကို မကပ်ကြဘူးဗျ။ သားတွေနဲ့ပဲ လုံးလားထွေးလား လုပ်နေကြတယ်။ သည်တော့လည်း ကြောင်ကြောင့် ရတတ်တဲ့ ရောဂါ အမည်တွေကို ရွတ်ပြီး သတိ ပေးရပြန်တော့တာပေါ့။ သည်ကြောင်သားအမိက ကျွန်တော်တို့နဲ့ ပဋ္ဌာန်း ဆက်များ ပါသလား မသိဘူး။ သည်အိမ်မှာပဲ ကျောက်ချပြီး ပျော်နေလိုက်တာ မကြာဘူး ဗျာ။ ကြောင်မလေးက နောက်ထပ် ကလေး လေးကောင် မွေးပြန်ပါလေရော။

“သားတို့အိမ်တော့ အဖေ ပြောသလိုပဲ ကြောင်အိမ်ဖြစ် နေပြီ ဟီးဟီး”

သားငယ် ထူးထူးက ဆိုလာတယ်။ ကျွန်တော်မျက်နှာ မဲ့မိတယ်။

“ဒီလောက် ကြောင်များတာတော့ မကောင်းပါဘူးကွာ။ မွေးချင်သူရှိရင် ပေးလိုက်ပါ”

ကြောင်မွေးချင်သူ မရှိတာလား၊ သားတွေက ကြောင်တွေ မပေးချင်တာလားတော့ မသိဘူး။ တစ်ကောင်မှ လျော့မသွားဘူး။ ဒါပေမဲ့ သည်ကြောင်တွေက စည်းကမ်းတော့ ရှိတယ်ဗျ။ ဟိုနေရာ၊ သည်နေရာ ကြုံသလို ချေးပါ၊ သေးပေါက် မလုပ်ကြဘူး။ လူနဲ့ လွတ်ရာ နေရာတွေမှာပဲ သွားပြီး သူတို့ကိစ္စကို ရှင်းတတ်ကြတယ်။ သူတို့ကြိုက်တဲ့ ငါးဟင်းကစ ကျန်တဲ့ ဟင်းကောင်းကျွေးမွန်မှန်သမျှ သူတို့ရှေ့မှာ ချထားလည်း ကောက်စားတာမျိုး မလုပ်တတ်ကြဘူး။ လူက ကျွေးမှ စားကြတယ်။ ခိုးစားဖို့တော့ ဝေးရောပေါ့။ ပြီးတော့ သူတို့ကို လူတွေချစ်အောင်လည်း နေတတ်တယ်။ အချင်းချင်း ခုန်ပေါက်ပြေးလွှား ဆော့ကစားနေတာကိုက ချစ်စရာတွေ။ အိမ်ကို လာလည်တဲ့သူတွေကလည်း ကြောင်လေးတွေရဲ့ အပြုအမူတွေကို သဘောကျကြတယ်။

”ချစ်စရာလေးတွေ” ဆိုတဲ့ စကားကို အမြဲလိုလို ပြောတတ်ကြတယ်။

”ချစ်စရာကောင်းရင်လည်း ယူသွားကြဗျာ” ဆိုရင်တော့ ပါးစပ်ပိတ်ကုန်ရော။ ကြည့်ရတာ သူတို့အိမ်တွေမှာ ကြွက်တွေများ မရှိလို့လား မပြောတတ်ဘူး။ အများစုကတော့ “အိမ်မှာလည်း ကြောင် ရှိတယ်လေ” လို့ ဆိုကြတယ်။

လာတုန်းက မခေါ်ဘဲ လာတဲ့ ကြောင်လေးတွေဟာ ပြန်တော့လည်း တားချိန်တောင် မရလိုက်ပါဘူးဗျာ။ ဘာရောဂါလဲ မသိဘူး၊ တဖြုတ်ဖြုတ်နဲ့ ရှေ့ဆင့် နောက်ဆင့် သေကုန်ပါရောလား။ နောက်ဆုံး သားသည် အမေ တစ်ကောင်တည်းပဲ ကျန်ရစ်တော့တယ်။ ကြောင်တွေ ဘာရောဂါကြောင့် သေပါလိမ့်လို့ အဖြေရှာမရသေးခင် တစ်ကောင်တည်း ကျန်ခဲ့တဲ့ ကြောင်မကြီးက ပျောက်သွားပြန်ပါရော။ သားတွေနဲ့ ဇနီးသည် ဒေါင်းတောက်ပြီပေါ့။ ဟိုအိမ်မေးလည်း မလာ၊ သည်အိမ်မေးလည်း မတွေ့နဲ့ သားအငယ်ကောင်ကဆို မျက်ရည်တွေတောင် ကျလို့။

“ကြောင်မက ဝဝကစ်ကစ်ဆိုတော့ သ,တ်စားမယ့် သူနဲ့များ တိုးသွားပြီ ထင်ပါရဲ့နော်”

ဇနီးသည်က တဖျစ် တောက်တောက် ဆိုတယ်။

“ကြောင်တွေက သိပ် ကြီးလာရင် တောထွက်တတ် တယ်တဲ့။ ကြားဖူးတယ်။ မင့် ကြောင်မ တောများထွက်သွားလေရော့သလား”

ကျွန်တော်လည်း သူ့ ဝေဒနာ သက်သာရာသက်သာကြောင်း ဖြေသိမ့်စကား ဆိုတော့ မိန်းမက မျက်စောင်း ထိုးတယ်။

“ကြောင်တောထွက်ရအောင် အခု ကျွန်မတို့ နေတာက မြို့ပေါ်မှာရှင့်။ ပြီးတော့ တောထွက်စရာ ဘယ်မှာတုံး တော။ အဓိပ္ပာယ်မရှိတာ မပြောစမ်းနဲ့”

အံ့ဩစရာတော့ အကောင်းသား။ သေပြီလို့ အားလုံးက စိတ်တုံးတုံးချ ထားတဲ့ ကြောင်မလေးဟာ ငါးရက်လောက် အကြာမှာတော့ ပိန်ပိန်ကုပ်ကုပ်လေးနဲ့ အိမ်ကို ပြန်လာပါတော့တယ်။

“ဟာ.. ကြောင်မလေး ပြန်လာပြီဟေ့။ ငါ့ ကြောင်မလေး ပြန်လာပြီကွ”

ထူးထူးက ကြောင်မလေးကို ပြေးပွေ့ရင်း ဝမ်းသာအားရ ဟစ်ကြွေးတယ်။ အားလုံးကလည်း သေရွာပြန် ကြောင်မလေးကို ကြည့်ပြီး ဝမ်းသာနေကြတာ အုန်းအုန်းကျွက်ကျွက်ကို ဖြစ်ကရော။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် မသိမသာ တွယ်ငြိမိတဲ့ သံယောဇဉ်ကြောင့် ကြောင်မလေးကို ကြည့်ပြီး ဝမ်းသာအားရဖြစ်တာ အမှန်ပါ။ ဒါပေမဲ့ သည်ကြောင်မလေးက ကျွန်တော်တို့ကို နှုတ်ဆက်ဖို့ ပြန်လာတာနဲ့ တူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပြန်လာပြီး ကျွန်တော် တို့က အစာကျွေး၊ ဆေးတိုက် လုပ်နေရင်းမှာပဲ ပိန်ပိန်လာပြီး မကြာဘူးဗျာ ဆုံးပါရော။ သနားစရာ သည်ကြောင်မ အတွက် ကျွန်တော်တို့အားလုံး ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြရတာပေါ့။ ကြောင်မလေးကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ အိမ်အရှေ့မြောက်ထောင့်မှာ ကျင်းတူးပြီး သေသေချာချာ မြှုပ်နှံပေးခဲ့ပါတယ်။ အပေါ်ကလည်း ကျောက်တုံးလေး ဖိပေးခဲ့ပါတယ်။

အဲဒီလို ကြောင်မျိုးဆက် ပြတ်သွားပေမဲ့ သူတို့ ကျေးဇူးကြောင့် အိမ်မှာ ကြွက်ရန်ကတော့ အတော့်ကို အေးသွားခဲ့ပါတယ်။ ကြွက်ဆို တစ်ကောင်တစ်မြီးမှတောင် မရှိတော့ဘူး။ ကျွန်တော်တို့မှာ အဟောသုခံ - ချမ်းသာစွပေါ့။ သည်လို နေလာတာ အတော်ကြာပြီး ခုတော့ ကြွက်ဇာတ်လမ်း ပြန်စ,လာလေပြီ။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ မကြာခင် ကျွန်တော့်အိမ်ဟာ ကြွက်တို့ ပျော်ရာ စံဂေဟာကြီး ဖြစ်လာပါတော့တယ်။

“အဖေ သားသိတယ်။ ကြွက်ပေါရင် ကြွက်ဖြူတစ်ကောင် ဝယ်မွေးတဲ့။ ဒါဆို ကြွက်မည်းတွေ မလာရဲတော့ဘူး”

ထူးထူးက ဘယ်က ကြားလာတဲ့ အသိလဲ မပြောတတ်ဘူး။ လာ အကြံပေးတယ်။

“အေးပါကွာ” လို့ စကားနည်း ရန်စဲ ပြောလိုက်ပေမဲ့ ကျွန်တော်ကတော့ အရင်တစ်ခါကလို အိမ်လည် လာရင်း အိမ်မြဲသွားမယ့် ကြောင်တစ်ကောင်လောက်ကိုပဲ မျှော်နေမိတယ်။ သူများအိမ်က ကြောင်သွားတောင်းဖို့တော့ စိတ်မကူးဘဲ သည်လို ကြောင်အလာ မျှော်နေတာက မျှော်လင့်ချက်ရှိလို့ပါ။ အိမ်ကို အဝါဖျော့ဖျော့နဲ့ ကြောင်တစ်ကောင် မကြာခဏ လာတတ်တာ အတော်ကြာနေပြီ။ အိမ်မှာက ကျောင်းဖွင့်ရက်ဆိုရင် မနက် ရှစ်နာရီခွဲလောက်ဆို ဇနီးနဲ့ ကလေးတွေက ကျောင်းသွားကုန်ကြပြီ။ အိမ်မှာ ကျွန်တော် တစ်ယောက်တည်း ရုံးသွားဖို့ မီးဖိုတံခါး ပိတ်ပြီဆိုရင် မီးဖိုချောင်ကနေ အဲဒီကြောင်ဝါကြီး ထွက်ပြေးတာကို ခဏခဏ ကြုံဖူးတယ်။ အစာ လာစားတာ ထင်ပါရဲ့။

သူ့ကို အစာနဲ့ မျှားပြီး အိမ်မြဲအောင် လုပ်လိုက်ရင် ကြွက်ရန်က အေးနိုင်တယ်လေ။ ဒါကြောင့် သားတွေကို အဲဒီကြောင်ကြီး လာချိန်မှာ အစာကျွေးဖို့နဲ့ အိမ်မြဲအောင် လုပ်ဖို့ ပြောရတယ်။

“အဖေ့ကြောင်က အရင် ကြောင်တွေလို မဟုတ်ဘူး။ သူ့အနား အကပ် မခံဘူးဗျ။ ကပ်တာနဲ့ ပြေးတာပဲ”

စွမ်းစွမ်းက ဆိုတယ်။ ဟုတ်တော့လည်း ဟုတ်သား။ သည်ကြောင်ကြီးကို အစာခွက်ထဲ အစာထည့်ပြီး ခေါ်ပေမဲ့ ဘယ်တော့မှ မလာဘူး။ သူစားနေချိန် ကလေးတွေ အနားကပ်တာနဲ့ ပြေးတော့တာပဲ။

“ဒီကြောင်ကလည်း သူ့ကို ချစ်ချင်လို့ပါဆို ဘယ် လို ကြောင်လဲ မသိဘူး။ အနား သွားတာနဲ့ ပြေးတော့တာပဲ”

ထူးထူးက မကျေမနပ် လေသံနဲ့ ဆိုတယ်။

“အဲဒါ အဖေ့အပြစ်လည်း ပါတယ်ကွ။ အရင် ကြွက်မရှိခင်က သူ လာတာ တွေ့ရင် ဟင်းတွေခိုးစားမှာ စိုးလို့ အဖေက ခဲနဲ့ ပစ်ပြီး ခြောက်လှန့်ထားတာကိုး။ ဒါကြောင့် သူ လန့်နေတာ။ နောင်ကျရင် ယဉ်သွားမှာပါ”

ကျွန်တော်က အားပေးစကား ဆိုမိပေမဲ့ သည်ကြောင် ကတော့ ကြောင်တောင်တောင် ကြောင် ထင်ပါရဲ့။ ဆာပြီဆို အစာကို လာစားတယ်။ စားနေတုန်း လူကပ်လာတာနဲ့ ပြေးတော့တာပဲ။ ‘မီမီမီ’ ခေါ်လည်း မရ၊ အစာခွက် ပြပြီး ခေါ်လည်း မရနဲ့။ စိတ်ပျက်စရာ။

“ဘာပဲပြောပြော သူ လာချိန်မှာတော့ ကြွက်တွေ ငြိမ်နေတာအမှန်ပဲ။ အဲဒီတော့ အစာကိုသာ များများ ထည့်ထားလိုက်။ သူ အစားစားတာ ကြာလေ၊ ကြွက်ငြိမ်လေပေါ့”

ဇနီးသည်က ဆိုတယ်။ သည်ကြောင်ကြီး အိမ်မြဲ အောင် မိန်းမမှာ ဈေးရောက်တာနဲ့ ပုဇွန်ခြောက်ဝယ်ရ၊ တလားဗီးယားငါးတွေ ဝယ်ရနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ကြောင်ကြီး စားချင်အောင် ထမင်းနဲ့ နယ်ဖတ်ပြီး ကျွေးရတာက အလုပ်တစ်လုပ်။ ငါးကို ပြုတ်ရသေးတာ။

ကြောင်ကြီး လာစားချိန်မှာ အိမ်က ကြွက်တွေ ငြိမ်ကုန်တာတော့အမှန်။ အဲ...ကြောင်လည်း ပြန်သွားရော ကြွက်မသား ကြွက်တွေက ပြန်သောင်းကျန်းပြန်ပါရော။ ထမင်းအိုး ပလတ်ကြိုးပေါ် ကနေ လျှောဆင်းလို့ ဆင်း၊ ထမင်းစားပွဲ အောက်မှာ လိုက် တမ်းပြေးတမ်း ကစားလို ကစားနဲ့ လူတွေကို သူတို့က ရှိတယ်ကို မထင်တာဗျ။ ခုဆို ဘုရားဆွမ်းတော်လည်း ကြာရှည် မတင်ရဲတော့ဘူး။ တင်ထား မကြာဘူး ကြွက်က လာပြီး ပွဲတော်တည်တော့ တာပဲ။ ဟင်းပန်းကန်တွေလည်း အုပ်ဆောင်းနဲ့ အုပ်၊ ကြောင်အိမ်ထဲ ထည့်တာတွေ လုပ်ရတယ်။ မေ့နေလို့ကတော့ ကြွက်က မြည်းသွားပြီ သာအောက်မေ့။ ပိုဆိုးတာက အဝတ်တန်းက အဝတ်တွေ လာကိုက်တာပဲ။

“အောင်မယ်လေးတော် ကျွန်မ ထဘီအသစ်ကြီးတော့ သွားပါပြီ။ တစ်ခါပဲ ဝတ်ရသေးတာ။ ကြည့်ပါဦး”

ဇနီးသည်က ငိုမဲ့မဲ့မျက်နှာနဲ့ ကျောင်းစိမ်းထဘီကိုပြ တယ်။ ဟုတ်ပါ့။ ရှေ့တည့်တည့်မှာ ကြွက်ကိုက်ရာကြီးနဲ့လေ။

ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး။ ညညဆို ဘယ်နေရာက သစ်သားကို ကိုက်နေတယ် မသိဘူး။ တဂျစ်ဂျစ်နဲ့လေ။ “ဟဲ့ ...ရှူး” လို့ အော်ပြီး ခုတင်တိုင်ကို ပုတ်လည်း ခဏပဲ ငြိမ်တယ်။ ပြီးရင် တဂျစ်ဂျစ်နဲ့ ကိုက်ပြန်ရော။ အိပ်ရေး ပျက်လိုက်ပုံ မပြောချင်။

“ဒီကြောင်နဲ့ ဒီကြွက်တွေနဲ့တော့ ဒုက္ခပါပဲကွာ”

ကျွန်တော် ညည်းမိတယ်။ ဟုတ်တယ်လေ။ ကြောင်ကလည်း အစာစားချိန်ပဲ လာတယ်။ ပြီးရင် လှစ်ခနဲ ပျောက်သွားရော။ သူ အစာစားနေချိန်မှာတော့ ကြွက်တွေက ငြိမ်လို့။ ကြောင်လည်း မရှိရော ကြောင်မရှိ ကြွက်ထ, ဖြစ်ကရောပဲ။

“ဒီကြောင်ကြီးကတော့ အားကိုးလို့ မရနိုင်တော့ဘူး။ သူများအိမ်က ကြောင်တစ်ကောင် သွားတောင်းပြီး မွေးမှ ရတော့မယ်”

ဇနီးသည်က အိပ်ရေးပျက်တဲ့ မျက်နှာနဲ့ ဆိုတယ်။ ကျွန်တော် ခေါင်းညိတ်မိတယ်။ သည်ကြွက်တွေကြောင့် ကျွန်တော့်မှာ အိပ်ရေးပျက်ရုံတင် မကဘူး။ သိက္ခာပါ ကျရသေးတာ။ ကြွက်ကြောင့် အိပ်ရေးပျက်နေတဲ့ ဇနီးက ညှိုးညှိုးနွမ်းနွမ်း မျက်နှာနဲ့ ကျောင်းကို သွားတော့ အပေါင်းအသင်း ဆရာမတွေက မေးတာပေါ့။ နေမကောင်းဘူးလား ဘာညာ။ အဲဒီမှာ ကြွက်ကြောင့် အိပ်ရေးပျက်လို့ပါ ဖြေတော့ ဝိုင်းဟားကြတယ်တဲ့။ ကြွက်က အိမ်တိုင်းမှာ ရှိတာ။ ကြွက်ကြောင့် အိပ်ရေးပျက်တယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ တခြား အကြောင်းကြောင့်သာ ဖြစ်လိမ့်မယ် ဆိုပြီး လှောင်ကြသတဲ့။ ဇနီးသည် စကားကြားပြီး ကျွန်တော့်မှာ ရှက်ရမလား၊ ဂုဏ် ယူရမလားတောင် မဝေခွဲနိုင်အောင် ဖြစ်ရတာပေါ့။ ကြွက်မသား ကြွက်က အဲဒီလောက် ဒုက္ခ ပေးတာဗျ။

မိတ်ဆွေတို့တော့ ဘယ်လို ထင်သလဲ မသိဘူး။ သည်ကြောင်နဲ့ သည်ကြွက်တွေ လုပ်နေပုံ ကြည့်ပြီး ကျွန်တော်တော့ တဖြည်းဖြည်းနဲ့ သံသယဝင်ချင်လာတယ်ဗျာ။ စဉ်းစားကြည့်လေ။ ကြောင် လာရင် ကြွက်တွေက ငြိမ်လို့။ ကြောင် ပြန်သွားတာနဲ့ သောင်းကျန်းကြရော။ သည်တော့ ငါ ရှိတုန်း ခဏငြိမ်၊ ငါပြန်ရင် မင်းတို့ သဘောလို့များ ကြောင်နဲ့ ကြွက်တွေ နားလည်မှု ယူပြီး ခွင်ရိုက်နေကြသလားလို့။ သူတို့က အနေအစား မပျက်ကြပေမဲ့ ကြောင် ရှိရင် ကြွက်တွေ ငြိမ်တာမို့ ကြောင်ကြီး ကိုယ့်အိမ်မှာ မြဲရအောင် အစားတွေ အမျိုးမျိုး ကျွေးပြီး မြှူနေရတဲ့ ကျွန်တော်တို့မှာတော့ အစာဖိုးက ကုန်လှပြီဗျ။ ကိုယ်တောင် ကောင်းကောင်းမစားနိုင်တဲ့ ပုဇွန်ခြောက်လိုဟာမျိုးတွေ ဝယ်ဝယ်ကျွေးနေရတာလေ။ ခုတော့ ကြောင်ကြောင့် ကြွက်မသေသလို ကြွက်ကြောင့်လည်း ကြောင်မှာ ဘာအနှောင့်အယှက်မှ မရှိတဲ့ သည်ဇာတ်လမ်းမှာ ကျွန် တော်တို့ခမျာ ကြားက ငထွား ခါးနာ ဖြစ်မနေဘူးလားဗျာ။ စဉ်းစားကြည့်ကြပါဦး။ ကဲ... ကျွန်တော် ပြောချင်တဲ့ ဇာတ်လမ်းလေးက ဒါပါပဲ။ မိတ်ဆွေတို့က ဘာရယ်တာလဲ။ ကျွန်တော်က ကြောင်လည်နဲ့ ကြွက်ပါးတွေကြောင့် ဒုက္ခရောက်နေကြောင်း ပြောပြတာပါ။ တခြား ဘာကိစ္စမှ မပါ,ပါဘူးဗျာ။ ကျွန်တော် အစကတည်းက စကားပလ္လင်ခံထားတယ်နော်။ စက္ကူချပ်ကြီး မမြင်ဘဲ စက္ကူပေါ်က အစက်ကလေးပဲ မြင်တဲ့ ကလေးတွေလို ကိုယ်မြင်ချင်ရာ မမြင်ကြနဲ့လို့။ အဆုံး သတ်မှာ ကိုယ်ထင်ရာ မှတ်ချက်တွေ စွတ်မပေးကြနဲ့လို့။ တယ်ခက်တာပဲ။ တော်တော် အတွေးခေါင်တဲ့သူတွေ။ ခင်ဗျားတို့နဲ့တော့ ခက်နေပါပြီဗျာ။ ကျွန်တော်က အိမ်က ကြွက်နဲ့ ကြောင်အကြောင်း ရိုးရိုးလေး ပြောတဲ့ဟာကို။

▢  ခန့်ကျော်ထင်လှိုင် ( လွိုင်ကော် )
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊၂၀၁၉

No comments:

Post a Comment