Saturday, October 31, 2026

လူရိုးလူကောင်း၏ စိတ်ဖြူစိတ်ဖြောင့်

❝ လူရိုးလူကောင်း၏ စိတ်ဖြူစိတ်ဖြောင့် ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

“မင်းတို့လက်ထက်ကျမှ နွေစပါးလို့ကွာ၊ ကြံကြံဖန်ဖန်”

ရီးဆေးရိုးသည် မြည်တမ်းမည့်သာ မြည်တမ်းရငြား ခါးခါးတောက်တော့မူ မပြောရဲ။ ပွင့်ဖြူ စိုက်ပျိုးရေးသိပ္ပံတွင် နွေစပါးတွေ စိုက်ပြနေခဲ့သည်မှာ ဆယ်နှစ်ပင်ကျော်ခဲ့ပြီကိုး။

“နွေစပါးက မိုးစပါးထက်တောင် ကောင်းသတဲ့ ဘရ”

မြေးကြီးမောင်ကိုကြီးသည် ရိတ်သိမ်းဆဲ ကုလားပဲခင်းကို လည်ပြန်လှည့်ကြည့်ရင်း သစ်ပင်ရိပ်သို့ ဝင်လာသည်။ ဘ အသင့်ပြင်ထားသော ထမင်းကြမ်း ဇလုံကို တင်ပျဉ်ခွေပေါ်သို့ တင်သည်။လက်သီးဆုပ်ခန့်ရှိသော ထမင်း တစ်လုတ်ကို ပါးစပ်ထဲသို့ သွင်းပြီး နောက် ‘ငရုတ်သီး ငါးပေါင်းကြော်’  တစ်ချပ်ကို ဂျွမ်းခနဲ မြည်အောင် ကိုက်လိုက်သည်။

ငါးပေါင်းကြော်ဟူသည် အကြော်စုံဖြစ်၏။ ငရုတ်သီးပေါင်းကြော် ဟူသည် တောင့်ပွငရုတ်သီးမှည့်တွေကို အကွင်းလိုက်လှီးကာ မုန့်နှစ်နှင့်တွဲကြော် ထားသော အကြော်စုံပင်ဖြစ်သည်။

ရီးဆေးရိုးမှာ မြေးစားသည်ကို ကြည့်ရင်း သွားရည်ကို မျိုချ၏။ ငရုတ်သီး ငါးပေါင်းကြော်ကို စားချင်ပါလျက်နှင့် မစားဝံ့သောကြောင့် ဖြစ်သည်။ စားချင်လွန်း၍ ပါးစပ်ကို အလိုလိုက်သော် သွားနာမည်။ မချိမဆံ့ စပ်မည်။ ပူမည်။

“မစပ်ဘူးလား”

“စပ်ပါပြီကော ဘရာ၊ မစပ်ဘဲ နေပါ့မလား”

ထိုသို့ ဖြေပြီးမှသာ ပူစပ်သည့်လက္ခဏာ ရှူးရှဲသည် မောင်ကိုကြီးထံမှ ပေါ်လာတော့သည်။

“စပ်ပေမဲ့ ကောင်းတယ် ဘရ”

ရီးဆေးရိုး ပြုံးမိသည်။

“ကဲပါလေ၊ မင့်နွေစပါး ဆက်ပါဦး”

သို့ဖြစ်သောကြောင့် မောင်ကိုကြီးသည် လယ်ပြင် ကွင်းကြီးဘက်သို့ လည်ဆန့်လျက် မျှော်ကြည့်သည်။ လယ်ပြင်ကွင်းကြီးသည် မိုးကုပ်စက်ဝိုင်းတိုင်အောင် ပြေးသွားထိစပ်၏။ တိတ်ဆိတ်နေသည် ထင်ရငြား နေပူရှိန်ကို ဖြတ်သန်းရပြီး ချိုးကူသံများ ပြတ် တောင်းပြတ်တောင်း ပြေးဝင်လာ၏။ ရွှေဝါရောင် ကုလားပဲခင်းများသည် ဟိုနားကွက်ကွက်၊ သည်နား ကွက်ကွက်သာရှိ၏။

သည်အထဲတွင် တိတ်ဆိတ်စွာ လှုပ်ရှားနေသူ များမှာ ကုလားပဲ ရိတ်ဖြတ်သူတွေ ဖြစ်ကြပေ၏။ သည်ကုလားပဲခင်းကို မြင်ရသောအခါ မောင်ကိုကြီး တောက်ခေါက်မိသည်။

“ရေမဝင်ရင် ၄၅ တောင်း၊ ၅၀ ပြေးမလွတ်ဘူး ဘရေ့”

မည်သည့်နေ့တွင် စပါးရေ ဖြတ်မည်ဟူ၍ သတ် မှတ်ကတည်းက ကုလားပဲ ကြဲခဲ့ကြသည်။ စပါး ရိတ်သောအခါ ကုလားပဲပင်တွေကို နင်းပြီး ရိတ်ကြသည်။ ရှည်သောအပင်တွေ တံစဉ်စာ မိကုန်သည်။ စပါးပင်၏ အစိုလက်ကျန်ဖြင့် ဟည်းထလာသော ကုလားပဲသည် ရေမလိုပေ။ မလိုသော ရေဝင်လာသ ဖြင့် သေကုန်သည်။ မောင်ကိုကြီး ယခု ရိတ်နေသော အခင်းများမှာ အချိန်မီ ပြေးလွှားပိတ်ဆို့နိုင်သောကြောင့် ရေလွတ်ပြီး ကျန်ခဲ့သော ကုလားပဲခင်း အနည်းငယ် ဖြစ်၏။

“အေးလကွာ၊ ဝါသမားတွေအတွက် ဘယ်နေ့ ဘယ်ရက်မှာ ရေလွှတ်မယ်ဆိုတာလေးလောက်တော့ ကြိုပြောဖို့ ကောင်းပါသကွာ။ အခုတော့ ဝါသမား အတွက် အကျိုးပြုမယ့်ရေက ငါတို့ ကုလားပဲသမား တွေအတွက် အင်းလေ”

ရီးဆေးရိုးသည် ဟင်းချပြီး ငေးမောနေ၏။ ဆွမ်း ခံ ပြန်ချိန်မျှသာရှိသေးသော်ငြား နေက ပူချက် ပြင်းပြီ။ တစ်ခေါ်သာသာ ဝေးမည်ထင်ရသည်။ ရိုးပြတ်ကွင်း ထဲ၌ ‘လေပွေ’ ကလေး တစ်ခု ပေါ်ပေါက်နေသည်။

ရိုးပြတ်တွေ အကြေးခွံနှင့် အမှိုက်တွေက လေပွေကို ရုပ်လုံးဖော်ပေးနေကြ၏။ အခွေလိုက် အထက်သို့ စုပ်တင်သော လေပွေသည် ရွေ့လျားရင်း ကြီးမား ကျယ်ပြန့်လာသည်။ ရိတ်ဖြတ်ထားသော ကုလားပဲပင်တွေကိုပါ ဆွဲယူသည်။ သို့သော် မကြာမီ ပြယ်စင်သွား၏။

“နေက မထွက်သေးဘူး၊ ပူပြီ လူကလေးရေ၊ သိပ်ပြီး နေမမြင့်စေနဲ့ဟေ့”

မောင်ကိုကြီးသည် ထမင်းကို လက်စသတ်ရင်း ခေါင်းညိတ်ပြ၏။ ပြီးမှ အသံထွက်၏။

“ဘ သဘောတူရင် ထွန်စက်ကို စာရင်းပေးလိုက်မယ်နော်”

“အေးလေ၊ စက်မပါဘဲ ဘယ်လိုလုပ်ပြီး နွေစပါး စိုက်နိုင်မတုံး၊ ဒါပေမဲ့ တစ်ခုတော့ရှိသကွ”

ရီးဆေးရိုး၏ သည်စကားကြောင့် မောင်ကိုကြီးမှာ ထမင်းထုပ်ကို နေရာတကျ ပြန်ထုပ်နေသော လက်တန့်သွား၏။

“အစေ့ချ စိုက်တုန်းကလို ဖောက်တဲ့လူက ဖောက်၊ မဖောက်တဲ့လူက မဖောက်နဲ့ ဖြစ်ရင်၊ မဖောက်တဲ့လူ”

သည်တုန်းကလည်း ‘အစေ့ချ’ စိုက်နည်း ကောင်းကြောင်းသတင်းကို သယ်ဆောင်လာသူမှာ သည်မြေးကြီးပင် ဖြစ်၏။ သူသည် ပညာတစ်ပိုင်းတစ်စဖြင့် အိမ်ထောင်ကျခဲ့ငြား ပညာတတ် လယ်သမားကလေးဟု ခေါ်နိုင်သည်။ အခြားတစ်ကြောင်းလည်း ရှိသေး၏။ သူသည် ဘဆေးရိုး ထွန်မနိုင်ချိန်မှစ၍ ဘနှင့် အမေကြီးတို့ လယ်ကို လုပ်ကိုင်ပေးခဲ့သူဖြစ်၏။ ထိုအခါ ဘတို့ လယ်ကောင်းမှ သူ့မိသားစု ချောင်လည်မည်။ သည်စိတ်ဝင်ခါမှ ရောဂါဆန်းတွေက ပေါများလာသည်။ အပင်မှ ခါထုတ် ခြွေချလိုက်သော နှမ်းစေ့ အားလုံး အခွံတွေဖြစ်နေသည်။ စည် (ကျီ) ထဲက စပါးတွေ ပိုးထိုးသည်။

“ကြား ကြားဖူးပေါင်တော်၊ စည့်ထဲက စပါးပိုး ထိုးရသတဲ့”

အမေကြီး ရီးကျီးဒန်မှာ သည်မျှသာ ရေရွတ်တတ်သည်။ သည့်ထက် တိုးပြီး စပါးကျီထဲသို့ ကြက်သွန်တွေ ဝယ်ထည့်သည်။ စပါးပိုးသည် ကြက်သွန်နံ့ကို မခံနိုင်ဟူသည့် ကြားဖူးနားဝ ဆေးမြီးတိုဖြင့် ကုသခြင်း ဖြစ်၏။ သို့သော် စပါးပိုးက ကြက်သွန်ကိုပါ စားသောအခါ အမေကြီးရီးကျီးဒန် လက်မြှောက်လေ၏။

“စပါးတစ်တောင်း ငါးရာ၊ လောဘနားရွက် ဒါလောက်တက်လို့ အဲသလိုဖြစ်တာ တော်ရေ့”

သည်အခါမျိုးတွင် မောင်ကိုကြီးသည် တောပြောတောင်ပြော ပြောမနေပါ။ ပိုးသတ်ဆေးရောင်းသော ဆိုင်များသို့ ချဉ်းကပ်စူးစမ်းသည်။ သက်ဆိုင်ရာ စာရွက်စာတမ်းများကို လေ့လာသည်။ သင့်လျော်မည့် ပိုးသတ်ဆေး အသစ်များ ရှာဖွေဝယ်ယူလာခြင်းဖြင့် ဖြေရှင်းပေးသည်။ သူသည် တစ်နှစ်ထက်တစ်နှစ် စည်ကားလာသော သူ့မိသားစုကို ကြည့်ပြီး ရင်လေးလာ၏။ ။ ရင်လေးလာသည်နှင့်အမျှ တိုးတက်ကြီးပွားချင်လာ၏။ တိုးတက်ကြီးပွားချင်ခါမှ ကလေးတွေက အတင်းပြော၏။

“ဘက်ထရီနဲ့ ဖွင့်တဲ့ တီဗွီ အဖြူ အမည်းကလေး တစ်လုံးလောက်ရှိရင် သိပ်ကောင်းမှာပဲနော် အမေ”

အကြီးကောင်က မအေထံ ပူဆာသည်ကို အငယ်မက ဝင်ဖောက်သည်။

“တီဗွီထားလို့ ကက်ဆက်ပဲ ပြောပါဦး ကိုကိုရာ”

မောင်ကိုကြီး ကြားသည်။ ကလေးတွေကို မာန်မဲရန် ဝေးစွ၊ လှည့်သော်မျှ မကြည့်။ မကြည့်သော်ငြား “နေနှင့် ကြဦးပေါ့ကွာ” ဟု တေးထားသည်။ တေး ထားသည့်အလျောက် ကြိုးစားသည်။

“ဘပဲ တွက်ကြည့် အခြောက်ထရေး (ထွန်ရေး) ကောင်းကောင်း တစ်ကြိမ်ပဲလိုတယ် ဘ။ အဲသည် နောက်မှာ ပျိုးနုတ်ခ မကုန်ဘူး။ ကောက်စိုက်ခ မကုန်ဘူး”

“ဟုတ်ပါ့တော်၊ ပျိုးတစ်စည်းတဲ့၊ တစ်ဖတ်စာတောင် မရှိတော့ဘူး။ ကောက်စိုက်သမကတော့ ဆွမ်းခံဝင်ခါစပဲ ရှိသေးတယ်။ ပြန်ချင်ပြီ”

မြေးအဘိုးဆွေးနွေးနေသံကို ‘ဆေးတောင်း’ တစ်လုံးဖြင့် တချွတ်ချွတ် ဆေးလိပ်လိပ်နေသော ရီးကျီးဒန်က မဲ့ကာရွဲ့ကာ ထောက်ပြ၏။

“ကဲကဲ ဆက်ပါဦး လူလေးရာ”

ရီးကျီးဒန်ထံ ရောက်သွားသော အာရုံကို ပြန်လည်စုစည်းရင်းက ရီးဆေးရိုး ပြောသည်။

“တစ်နေရာကို သုံးလေးစေ့ လက်နဲ့ချမယ် ဘရ။ အတန်းလိုက်ပေါ့ဗျာ။ တစ်ကွက်ပြီးရင် တစ်ကွက် ရေသွင်း၊ ရေလည်း အမြဲ သွင်းမထားရဘူး။ သူ့သတ်မှတ်ရက်ရောက်မှ ရေသွင်းရတာ”

လယ်သမားအတွက် ထွန်ယက်ရာတွင်သာ ပင်ပန်းသည်မဟုတ်။ ‘ရေယူ’ ရာတွင်လည်း ပင်ပန်းသည်။ ပင်ပန်းရုံသာမက မြွေအန္တရာယ်ကလည်း ကြီးမားပါဘိခြင်း။

ရေယူသည်ဆိုခြင်းမှာ လယ်ကြားမြောင်းတစ် လျှောက် စီးဆင်းနေသော ရေကို ထိုမြောင်း၏ ဝဲယာရှိ လယ်များတွင်းသို့ အလှည့်ကျ သွင်းယူခြင်းကို ခေါ်၏။ ထိုအခါ မိမိလယ်၏ အလှည့်သည် သန်းခေါင်သန်းလွှဲ ဖြစ်နေပါက မျက်လုံးဖြဲပြီး အလုပ်လုပ်ရ၏။ လယ်ကြားမြောင်းတွင်းရှိ ရေများ အခြားနေရာသို့ ကျိုးကျ စိမ့်ဝင်နေမှု ရှိ မရှိ မြောင်းတစ်လျှောက် လိုက်လံ စစ်ဆေးရသည့်အခါ မြွေနှင့် အတွေ့ များသည်။ တွေ့ပြီ ဆိုမှဖြင့် လင်းမြွေမဟုတ်။ ထန်းမြွေ မဟုတ်။ မြွေပွေးနှင့် မြွေဟောက်ချည်းသာ။ ထို့ပြင် ရှိသေးသည်၊ ရေသူခိုး။ ရေသူခိုးသည် ကိုယ့်အောက်ရှိ လူသာ မဟုတ်၊ ကိုယ့်လယ်၏ အထက်တွင် ရှိသူကလည်း ခိုးသည်သာ။ ရေသူခိုးနှင့် ပက်ပင်းတိုး၍ သူခိုးက မချေမငံပြောလျှင်ကား လက်လွန်ခြေလွန် ဖြစ်ကုန်တော့သည်။

ယခု သည်ဒုက္ခကြီးမှ များစွာ သက်သာမည်ဆို သည်နှင့်ပင် ရီးဆေးရိုး၏ မျက်တွင်းချိုင့်ထဲက မဟူရာ မျက်လုံးတွေ လက်လက်ရွဲလာသည်။

“ကောင်းသကွာ၊ သိပ်ကောင်း”

ဘ၏ ချီးမွမ်းမှုခံရသဖြင့် မောင်ကိုကြီးမှာ ပြုံးပြုံးကြီးဖြစ်သွားငြား သူ့ဘ ရီးဆေးရိုးက “အပြောကတော့” ဟု ဆက်လိုက်သောအခါ “ဟာဗျာ၊ ဘကလည်း ကျုပ်မဖြင့် အဟုတ်မှတ်လို့” ဆိုကာ ခေါင်းလည်သွားတော့သည်။

ရီးဆေးရိုး မျက်လုံးမှေးလျက် ရယ်မောသည်။ သို့စဉ်တွင် ရီးကျီးဒန်က လိပ်ပြီးသွားသော ဆေးလိပ်ကို စည်းကြိုး မစည်းမီ  ‘စွန်တောင်’ ညှပ်ရန် ဖက်အတိုအစများကြား၌ ကတ်ကြေးရှာနေရင်းက လှမ်းပြောသည်။

“ကလေးစိတ်ညစ်အောင် မလုပ်ပါနဲ့တော်ရဲ့”

ထိုအခါတွင်မူ ရီးဆေးရိုး၏ ရယ်မောသံ ပေါ်လာသည်။

“လူလေး ပြောတာ ကောင်းတော့ကောင်းပါရဲ့ကွာ။ သို့သော်လည်း ဘတို့ ငယ်ငယ်က ‘အခြောက်ပျိုး’ ထောင်သလို ဖြစ်နေမှာတော့ အစိုးသားကွာ”

“အခြောက်ပျိုး၊ ဟုတ်လား ဘ”

“ဟုတ်ပါ့မောင်ရာ၊ ‘အစိုပျိုး’ ထောင်ရတာ မျိုးစပါး တစ်ဆယ်များတယ်ဆိုပြီး ငါးတောင်းနဲ့ ပြီးနိုင်တယ်ဆိုတဲ့ အခြောက်ပျိုးထောင်တာကိုးကွ။ ရေသွင်း ရေထုတ်တာ ဝန်ငြိမ်းပါရဲ့။ သို့ပေမဲ့ စိုက်ခါနီး ပျိုးနုတ်တော့မှ ပုရွက်ဆိတ် ကိုက်တာနဲ့ ထွန်ပစ်လိုက်ရပါရောလား။ အပြေးအလွှား ပျိုးဝယ်စိုက်ရလို့ ပင်ပန်းလိုက်တာကွာ”

“ဟိုတုန်းကနဲ့ အခု တူလို့လားတော်ရဲ့။ ဟိုတုန်းက မြေဆီ မရှိ၊ ပိုးသတ်ဆေး မရှိနဲ့။ အခုတော့ အာလဆန်ဆိုလား လူးပြီးစိုက်ရင် ပိုးပုရွက် မကျဘူးဆို မဟုတ်လား လူလေး”

ရီးကျီးဒန်သည် ဆေးလိပ်ကို စွန်တောင်ညှပ်ပြီး သွားပြီ။ စည်းကြိုး မစည်းရသေးပေ။ ချည်ထွေးကို ဟိုမွှေ သည်ဖွ ရှာနေရင်းက လှမ်းပြော၏။

“အမေကြီး ပြောသလို ပိုးသတ်ဆေးရှိတယ် ဘရာ၊ နောက်ပြီး ပျိုးခင်းလည်း မဟုတ်ဘူး ဘရာ။ အဲဒါကြောင့် ကျုပ်တော့”

သို့ဖြင့် မြေးအဘိုးတစ်တွေ အစေ့ချစိုက်နည်း သစ်ဖြင့် တစ်ချီ တစ်မောင်း စမ်းသပ်စိုက်ကြသည်။ သို့သော် သူတို့၏ လယ်သည် ကုန်းမဟုတ်၊ ကျင်းဖြစ်သည်။ ထို့ပြင် ဘေးပတ်လည်မှ လယ်များသည် နက်ဖြန် အစေ့ချတော့ မယောင်၊ သန်ဘက်ခါကျမှ အစေ့ချတော့မယောင် ‘ဗယီးဗယား’ လုပ်နေကြသည်။

ရီးဆေးရိုး၏ အစေ့ချ လယ်ကွက်များ စိမ်းလန်း လာပြီ။ စပါးပင်ကလေးတွေ လက်သုံးသစ်ခန့်ရှိလာ ချိန်ဝယ် ဘေးလယ်တွေက အစိုထွန်ရေးလုပ်ရန် ရေသွင်းတော့သည်။ ကန်သင်းချင်း မေးတင်နေသော အစေ့ချ လယ်ကွက်များ ထဲသို့ စိမ့်ရေတွေ ဝင်လာသည်။ မြေးအဘိုးနှစ်ယောက် စိမ့်ရေတား မြောင်းတူးကြပါသော်လည်း အစေ့ချကောက်ပင်တွေ သေကုန်တော့သည်။

မောင်ကိုကြီး ဓားတဝင့်ဝင့်ဖြင့် သောင်းကျန်းတော့ သည်။ ဘေးလယ်က လူတွေကို ဓားဖြင့် မခုတ်ရသောအခါ ဟိုလူမကျန် သည်လူမနေရ သိမ်းကျုံးဆဲတော့ သည်။ အစေ့ကိုချပြီး ယုံယုံကြည်ကြည် စိုက်ပါသော်ငြား လယ်သမား လူလည်များကြောင့် နစ်နာခဲ့ရသည်ကို ရီးဆေးရိုး မမေ့။ သို့ကြောင့် နွေစပါးကို တွန့်နေသည်။

“တစ်ကွင်းလုံး စိုက်မှာပါ ဘရာ၊ ဘာမျှ စိုးရိမ်စရာ မရှိပါဘူး”

“မလုပ်ဘဲထားလည်း သည်မြေပဲကွ။ လုပ်လည်း သည်မြေပဲ။ သည်မြေကလေးက နောက်ထပ် တစ်သီး ရမယ်ဆိုတော့ မလိုချင်ဘဲ ရှိပါ့မလား လူလေးရာ။ သို့သော်လည်း အရေးထဲကျမှ မင့်မြောင်းရေ ပြတ်သွားရင်”

မောင်ကိုကြီး တွေဝေသွားသည်။ မြောင်းလက်တံ၊ မြောင်းမကြီး။ မည်သည့် မြောင်းကိုမျှ မပိတ်ရ မပင်းရသော ဆည်မြောင်းဥပဒေရှိသည်။ ရှိပါလျက်နှင့် ခိုးခိုးပြီး လုပ်နေကြသည်။ ထိုသို့ လုပ်ဖန်များသဖြင့် မြောင်းကျိုးခဲ့သော်။ မောင်ကိုကြီး တွေးရသည်။ မိုး စပါးပင်လျှင် တစ်ဧကကို ၇၅ တင်း ပြေးမလွတ်လျှင် နွေစပါးမှာ တစ်ရာ မထွက်ဘူးထား၊ ကိုးဆယ်ကား ရနိုင်သည်။ နွေစပါး လုပ်ချင်သည်။ လုပ်ချင်သမှ တစ်ပိုင်းသေနေသည်။

“ဟုတ်ပြီ ဘ၊ ဟုတ်ပြီ”

သူသည် ဒူးကို ဖြောင်းခနဲမြည်အောင် ပုတ်သည်။ ဝမ်းသာအားရ အော်သည်။ “မတော်တဆ ရေလိုချိန်မှာ မြောင်းရေပြတ်သွားရင် ရေတွင်းတူးပြီး ရေစုပ်စက်နဲ့ ရေသွင်းမယ်ဗျာ။ လေးငါးဆယ်တောင် တူးရင် ရေထွက်တာပဲ” ဟု တစ်ဆက်တည်း ပြောသည်။

ရီးဆေးရိုး ခေါင်းညိတ်သည်။ ရီးဆေးရိုး ခေါင်းညိတ်ခြင်းမှာ သဘောတူခြင်းကိုသာ ဖော်ပြသည် မမည်။ လူငယ်ပီပီ ကြံတတ် စည်တတ်ပါပေသည်၊ လမ်းအခွင့်ကို သိတတ်ပါပေသည် ဟူ၍လည်း ချီးမွမ်းခြင်းဖြစ်ပေတော့သည်။

  ▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment