❝ ဥပုသ်သည်၏ ရင်ဝယ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
တုံးကြီးခေါက်သံ ထွက်ပျံမလာမီ ကတည်းက ရီးဆေးရိုး နိုးနေခဲ့သည်။ တစ်ရွာလုံးသည် တိတ်ဆိတ်နေ၏။ ပုရစ်မြည်သံ၊ ပုရစ်မြေခွေးမြည်သံ၊ ပုစဉ်းရင်ကွဲ မြည်သံ သော်မျှ စိုးစိုးစီစီ မကြားရ။ ဆဲဆိုသံ၊ ကလေးငိုသံ၊ နွားတွန်သံ၊ ခွေးဟောင်သံ၊ နွားစာစဉ်းသံတို့ဖြင့် ညံစီ နေလေ့ရှိသော ရွာ၏ အဆင်တန်ဆာများ တိတ်နေသောအခါ အရသာတစ်မျိုး ခံစားရ၏။
‘သည်လို တိတ်ဆိတ်မှုမျိုးနဲ့ ကမ္မဋ္ဌာန်း ထိုင်ရရင် ဘယ်လောက် ကောင်းမတုံး’ ဟူသော စိတ်ကူးသည် ရီးဆေးရိုး၏ ရင်ထဲ၌ ဖျတ်ခနဲ ပေါ်လာ၏။ ထို့ကြောင့် မျက်စိဖွင့်ကြည့်သည်။ ရီးဆေးရိုး၏ မြင်ကွင်းမှာ ပိန်းပိတ်ပိတ်သာ မည်းမှောင်နေဆဲ ရှိ၏။ တီတာချွဲနွဲ့သော ငှက်မြည်သံကလေး ပေါ်လာသည်။ တုံးကြီးခေါက်သံ ကြားရတော့မည်ဟု ရီးဆေးရိုး၏ အမှတ်အသား သင်္ကေတက သတိပေးသည်။
‘အရုဏ်တက်တော့မှာပါကလား၊ နေ့သစ်တစ်နေ့ ကို ရောက်လာပြီး သားကျွေးမှု မယားကျွေးမှုအတွက် ရုန်းကန်ကြရဦးမှာပါကလား’
သည်အတွေးဖြင့် ရီးဆေးရိုးသည် အိပ်ရာကြမ်း ပြင်ကို တံတောင်ဖြင့် ထောက်လျက် ထသည်။ ချက် ချင်း ခေါင်းနှင့် ခေါင်းအုံး၊ ကြမ်းပြင်နှင့် ကျောရိုး ပြန်လည် ထိကပ်ကြသည်။ ကိုယ်ထဲ လက်ထဲက နာ ကျင်သောကြောင့် ဖြစ်သည်။
‘ငါ မနေ့က ဘာများလုပ်မိလို့ပါလိမ့်’
အိုမင်းမစွမ်းအရွယ်သို့ ရောက်ခဲ့ပြီ။ စိတ်အလိုသို့ ကိုယ် မလိုက်နိုင်ကြောင်းကို အင်တင်တင်ဖြင့် ရီးဆေးရိုး လက်ခံထားရပါပြီ။
‘ဪ… အင်း... အင်း ဟုတ်ပြီ၊ မနေ့တုန်းက..’
မြေးက ‘နေပူတယ် အဘ၊ မလိုက်ခဲ့ပါနဲ့’ မှာသွားသော်ငြား ရီးဆေးရိုး စိတ်မချ။ အဘ ပြန်မကြည့်ရအောင် မောင်ကိုကြီး ကြိုးစားစေကာမူ ပေါ့တီးပေါ့ဆ ပြက်တမ်းတမ်း အပြုအမူကား ရှိသည်။
ထွန်စက်ဖြင့် ထွန်ပြီးနောက် လေးသွားထွန်ကြီးဖြင့် မွှေပြီးပြီ။ တမန်းအေးစေရန် သုံးရက် နှပ်ထားခဲ့သည်။ ယနေ့ အမှိုက်သရိုက် စင်အောင် ထွန်စိပ်တုံး ဆွဲမည်။ သည်က ရသော အမှိုက်သရိုက်နှင့် ထွန်ချေး စာဖြင့် ကန်သင်းဆွဲမည်။ ထို့နောက် တမန်းပြင်ကြီး ညီညာအောင် ကြမ်းပေါင်ရိုက်မည်။ ကိစ္စနှစ်ရပ်လုံး ရီးဆေးရိုး စိတ်မချ။
‘သူလည်း လယ်လုပ်လာတာ လေးငါးမိုး ရှိပြီပဲ။ ကန်သင်းကောင်းမှ ရေမိုးစိတ်ချရတယ်ဆိုတာ မသိဘဲ မရှိတန်ကောင်းပါဘူး’
သို့နှယ် အတွေးဖြင့် ဖြေသိမ့်ငြား ရီးဆေးရိုး စိတ်မချ။ မြေး၏ စေ့စပ်သေချာမှုကို မယုံကြည်။ ဤသို့ဖြင့် မဖြစ်သေးပါဘူး မြည်တမ်းရင်း လင်းရောင်လာချိန်တွင် ထလိုက်လာခဲ့သည်။
ကြည့်လေရာတွင် နွားငေါက်သံ တဟဲ့ဟဲ့ဖြင့် စိုက်ခင်းပြင်နေကြပြီး နောက်ကျသော နှမ်းခင်းကျွတ်၊ ဝါခင်းကျွတ်များလည်း စက်သံတညံညံဖြင့် အပူတ ပြင်း ထွန်နေကြသည်။ သူရော ငါပါ ရှိသမျှ လယ်ပွဲ တိုင်းက ရေယူကြငြား၊ မုန်းမြောင်းရေသည် ကောင်းစွာဖြင့် မြောင်းတွင်းပြည့်အောင် ရေလာလျက် ရှိ၏။ မြောင်းတွင်းပြည့်အောင် မြောင်းရေလာပုံမှာ ရေပြည့်အိုး၏ ကျက်သရေကို ဆောင်နေ၏။ ကျေးငှက်တေးသံများကလည်း ကျက်သရေတွင် မင်္ဂလာ ဆင့်၏။ ချောင်းဟိုဘက်မှ လာထောင်သော ကြွက်ထမ်းသမား တစ်သိုက်နှင့် ဆုံမိသည်။ ကြွက်တွေကို ထမ်းထားလိုက်သည်မှာ ထမ်းပိုးကျိုးမတတ်ရှိသည်။
‘ဘိ’ ဖြင့်ထောင်သူများ ဖြစ်သည်။
“ဒါလောက် နေ့တိုင်း ထောင်တာတောင် မကုန်ပါကလားကွာတို့ရာ”
“နှစ်ယောက်အားနဲ့မို့ ဒါလောက်ပဲရတာ ဘရေ့၊ သုံးယောက်အားနဲ့ ထောင်လည်း ရမှာပဲ၊ စိတ်ချ”
အထမ်းသမား၏ ပခုံးပေါ်တွင် ပိပိပြားပြားပါလာသော ကြွက်များမှာ တစ်ကောင်မျှ ပိန်ပိန်ညှောင်ညှောင် မရှိ။ ဝဖီးနေသည်။
“အင်း … လူတွေရဲ့ လုပ်စာကို ဖျက်ဆီးနေတဲ့ သတ္တဝါတွေပါကလား”
သည်နှယ်မျှ မြည်တမ်း ၍မပြီးသေး၊ ခွေးသံ တစီစီဖြင့် ကြွက်လိုက်သောအဖွဲ့များကို တစ်ခဏအတွင်း တွေ့ရသည်။ ခွေးက အနံ့ခံပြီး ကြွက်ရှိသော နေရာကို ယက်သည်။ လူက ငန်းပြားဖြင့် တူး၊ ကြွက်ထွက် လာချိန်တွင် ခွေးတွေက ဝိုင်းကိုက်သောနည်းဖြင့် ဖမ်းဆီးသော ကြွက်မုဆိုးများ ဖြစ်သည်။
“ဟေ့ကောင်သာထွန်း.. စောစောစီးစီး”
မျက်နှာသိ ပုရပိုက်တန်းသား ကြွက်မုဆိုးဖြစ်သည်။
“နေပူရင် ခွေးတွေက ပြန်ချင်တယ် ဘရ၊ ဒါကြောင့် စောစောထွက်လာရတာ”
“အေးပေါ့လေ၊ အင်းအင်း... အကုသိုလ်ပဲ လုပ်တတ်တာကိုး”
“အကုသိုလ်ပေမယ့် ဘတို့ လယ်သမားတွေကို ကူညီတာပါဗျ”
မုဆိုးသည် တဟဲဟဲ ရယ်မောရာက ခွေးဟောင်သံ ကြားရာဘက်သို့ ပြေးထွက်သွားလေ၏။ ရီးဆေး ရိုးလည်း လယ်ပွဲဘက်သို့ မျှော်ကြည့်သည်။
နတံ (နှင်တံ) တယမ်းယမ်းဖြင့် ထွန်စိပ်စီးနေ မြေးကို မြင်ရပြီ။ ရီးဆေးရိုး မျှော်လင့်သည့် အတိုင်းပင် မောင်ကိုကြီးသည် နွားကို တစ်ဖက် လယ်ကွက်ထဲသို့ တရွေ့ရွေ့ အဆင်းခိုင်းသည်။ ကန်သင်း ပေါ်သို့ ထွန်စိပ်တုံး ရောက်လာလျှင် စုတ်သပ်ပြီး အရပ်ခိုင်းသည်။ ထွန်စိပ်တုံးကို မပြီး ထွန်ချေးစာများကို ခြေဖြင့် နင်းသည်။
“သေသေသပ်သပ်ဖြစ်အောင် လက်နဲ့ လုပ်ပါလား လူလေးရ။ ကန်သင်းဖြစ်ရုံနဲ့ မပြီးသေးဘူးလေ။ ကန်သင်း အခြေ ရေလုံဖို့လည်း လိုသေးတယ်”
“လက်ပေတယ် ဘရ”
ငယ်စိတ်ဖြင့်သာဆိုရင် “သွားကွာ.. သွားကွာ” အော်ကာ နားရင်းအုပ်ပစ်မိမည်။ သို့သော် အစွယ်ကျိုး နေသော အဘိုးကြီးကမူ ပြုံးပင် ပြုံးသေး၏။
“လက်ပေရင် ဆေးစရာ ရေရှိသားပဲကွ”
သို့အတွက် မောင်ကိုကြီး လုပ်ပါသည်။ လုပ်စေကာမူ မညီညွတ်။ သူ့ထွန်စိပ်တုံး လယ်ထဲသို့ ပြန်ဆင်းသွားလျှင် ရီးဆေးရိုး ဝင်လုပ်မိသည်။ ကန်သင်းကို အင်္ဂတေ ကိုင်ထားသည်သို့ ညီအောင် ချောအောင် ပြေပြစ်အောင် လုပ်သည်။ ထူသည့် နေရာက ထွန်ချေးစာကို ပါးသည့်နေရာသို့ ပို့၊ လက်ဖြင့် ဖိချောသပ်၊ ခြေဖြင့်နင်း။ ယမန်နေ့က ရီးဆေးရိုး လုပ်ခဲ့သည်မှာ သည်မျှသာ ဖြစ်သည်။ အလေးအပင် မခဲ့ခြင်း မဟုတ်၊ ထမ်းခဲ့ခြင်း မဟုတ်။ သို့မဟုတ်ပါဘဲလျက် လက်မောင်းက အဘယ်ကြောင့် နာရသနည်း။ ရင်ဘတ်ကကော မည်သည့်အတွက် အောင့်ရသနည်း။
‘သည်လိုဆိုရင် ကနေ့ ဘယ်လိုလုပ်မတုံး’
ထွန်စိပ်တုံးဆွဲရန်နှင့် ကြမ်းပေါင်ရိုက်ဖို့မှာ ယနေ့ တစ်နေ့စာ ကျန်သေးသည်။ ရီးဆေးရိုးမှာ ပေပြီး လိုက်သွားရသော် သင့်အံ့လော၊ ချိန်ဆနေသည်။
“အဘိုးကြီး... သီလယူဦးမလား”
လှေကားအထက်ဘက်မှ ရီးကျီးဒန်၏ အသံဖြစ် သည်။ ရီးဆေးရိုးမှာ အထိတ်တလန့်ဖြင့် ‘ဟေ’ တစ်လုံးသာ အော်နိုင်၏။
‘ကြည့်စမ်း.. ကြည့်စမ်း၊ လောဘတက်နေလိုက်တာ၊ ဥပုသ်နေ့ ဆိုတာတောင် မသိတော့ပါကလား’ ဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် အပြစ်တင်နေရသောကြောင့် ဖြစ်သည်။
“လယ်ပြင်ကို လိုက်ချင်သေးလို့လား၊ လိုက်မနေနဲ့၊ ဖြစ်ချင်ရာဖြစ် သဘောထားလိုက်၊ တော့်မှာ ဝါတွင်းကလေးပဲ သီလဆောက်တည်ဖြစ်တာ”
“အေးပါလေ.. ဟုတ်ပါတယ်”
စိတ်လျှော့သံဖြင့် ပြောရင်း မျက်နှာသစ်ရန် ရီး ဆေးရိုး ထရပ်သည်။ ထိုအခါ ပေါင်က ကွတကွတ ဖြစ်နေသည်။
“အမေ... အဖေ သွားပြီလား”
သမီးကြီး မချောစိန်၏ အသံ ဖြစ်သည်။
“ဘာလုပ်မလို့တုံး”
မအေသည် သမီးအား ကြည်ကြည်သာသာ ရှိဟန်မတူ။ သို့ဖြစ်ငြား မချောစိန်သည် မအေအား တုပပြီး အငေါ်မတူး။
“အဖေ ဥပုသ်စောင့်မလားလို့၊ ဘုန်းကြီးလှူစရာ ပေါက်ပေါက်ဆုပ် လာပို့တာပါ အမေရ”
သည်အခါဝယ် ရီးကျီးဒန် လေသံပြောင်း၏။
“သီလယူ သွားမှာ ရေအိုးပေါ်မှာ တင်ပစ်ခဲ့။ ဟဲ့... ဒါထက် ဘညိန်း ဆီကော ရောက်သေးလား။ ငါလည်း သွားမယ် သွားမယ်နဲ့ မရောက်ဘူး”
“ရွာထဲက ဆရာနဲ့ နေ့တိုင်း ဆေးထိုးတာလည်း မသက်သာဘူး အမေ။ ကြက်သားကိုင်ဆရာနဲ့ ပြောင်း ကုရ ကောင်းမလား၊ မိုးဝန်းဆရာနဲ့ပဲ ပြောင်းကုရ ကောင်းမလား ဖြစ်နေတယ်”
အိမ်ရှေ့ကပြင် (ကြမ်းပြင်) ဘေးတွင် တန်းနှစ် တန်းပါသော စင်ဆောက်ထား၏။ သည်စင်ပေါ်တွင် ရွက်အိုးငါးလုံး ရေအပြည့်ဖြင့် တင်ထားသည်။ ရီးဆေးရိုးမှာ သည်ရေအိုးစင် ဘေးတွင် မျက်နှာသစ် နေသည်။ သမီး ချထားလာသော ပေါက်ပေါက်ဆုပ် အထုပ်ကို လှမ်းယူအံ့ဆဲဆဲတွင် ‘ဘညိန်းဆီကော ရောက်သေးလား’ မေးသံကြောင့် လက်တန့်သွားသည်။
“ဟုတ်သားပဲ၊ သား မမာတာတောင် စိုက်ရေးပူနေလို့ မသွားဖြစ်ပါကလား”
မြေးကို စိတ်မချသော ကြောင့်ကြမှုဝယ် သား သောက ဆင့်ပိုးလာ၏။ သီတင်းသီလဖြင့် ပျော်မွေ့ ရတော့မည်ဟူသော ကြည်နူးချမ်းငြိမ်းမှု ရေကြည်အိုးမှာ သား အနည်မှုန်ဖြင့် နောက်ကျိရပြီ။
‘သား... ဘယ်လိုနေပါလိမ့်၊ အစာမှ ဝင်ရဲ့လား’ ရီးဆေးရိုးတွင် သားသမီး အများအစား မရှိ။ သမီးတစ်ယောက်၊ သားတစ်ယောက်သာ ရှိသည်။ အစ်မချောစိန် အိမ်ထောင်ကျသွားပြီးနောက် ကိုဘညိန်းသည် နှစ်အတန်ကြာအောင် မိဘနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်သွားသည်။ မြေး မောင်ကိုကြီးထက် စေ့စပ်သေချာသဖြင့် ဖအေ မျက်နှာလွှဲရသည်။ ယခု သည်သား မမာရာသို့ မရောက်။ အဖေ နေစိမ့်သည်ဟု ထင်ချေမည်လော။
“ဟဲ့... ထမင်းကော စားရဲ့လား”
“တော့်မှာ အခုမှ မေးနေ၊ ဟိုကဖြင့် အိမ်တောင် ရောက်လောက်ပြီ”
ရီးကျီးဒန်သည် ကျောဘက်တွင် ရောက်နေ၏။
“ချဉ်ရည်ဟင်းအကျန်နဲ့ ထမင်းကြမ်းနဲ့ နွေးထား တယ်၊ အဆာပြေ စားသွားပေါ့” ဟု တစ်ဆက်တည်း ပြောသည်။
ရီးဆေးရိုး သက်ဝင်လှုပ်ရှားလာသည်။ ပုဆိုးဟောင်းဖြင့် မျက်နှာသုတ်ရင်း ထမင်းဇလုံဘေးတွင် တင်ပျဉ်ခွေ ထိုင်သည်။ ချဉ်ရည်ဟင်း ထမင်းကြမ်း မွှေးရနံ့သည် ရီးဆေးရိုးအတွက် ဝက်သားဟင်း၊ ကြက်သားဟင်းထက် သင်းပျံ့လှသည်။ အိုးကပ် ချိုးနုကလေးကို သွားဖုံးဖြင့် ကြိတ်ရသည့် အရသာကို ကြက်သား၊ ဝက်သားဟင်းနှင့် မလဲနိုင်။
“နီးနီးနားနား ရွာကျောင်းမှာပဲ စောင့်ပါလားတော်”
ရီးကျီးဒန်က မီးဖိုထဲမှ လှမ်းပြော၏။ သူလည်း ယခုမှ ထမင်းကြမ်း စားနေ၏။
“မသွားချင်ပါဘူးအေ၊ တို့ကျောင်းသားဘဝက တည်းက ကုဋီမှာ ဆင်ထားတဲ့ နယားရုပ်လက်ရန်းဟာ အခုမှ ဖြုတ်ရောင်းစားပစ်တယ် ကြားကတည်းက ငါ စိတ်နာနေတာ”
“အိုတော်... ပြောမနေပါနဲ့”
“ဘယ့်နှယ်အေ... မစောင့်ရှောက်တဲ့ အပြင် ရှိတာ ကို ဖျောက်ဖျက်ပစ်ရတယ်လို့၊ ငါ နည်းနည်းမှ မကျေနပ်ဘူး”
သို့သော် ရီးဆေးရိုးသည် ဒေါသကို သိမ်းသည်။ စိတ်ကြည်နူးအောင် ကြိုးစားသည်။ ဒေါသသိမ်းသည့် အတွက် အမှန်ပင် ငြိမ်းချမ်းသည်။
သရက်ချင်ကျောင်းမှာ မိုင်ဝက်ခန့် ဝေးငြား လှူဖွယ်ပစ္စည်းကို ကွေးထားသော လက်ပေါ်တင်လျက် တာလမ်းတစ်လျှောက် လှမ်းလာရပုံကိုက ကြည်နူးစရာကောင်းသည်။ လမ်းဘေးဝဲယာ သစ်ပင်ပျိုများက အေးချမ်းသည်ထက် နှစ်ပေါင်းများစွာ ကျိုးပဲ့ ပြိုပျက်ရာမှ ကြည်ညိုဖွယ် ဖြစ်လာသော ပုရပိုက်တန်းဘုရားကို ဖူးမြင်ရသည်က ပို၍ပို၍ ကြည်နူးဖွယ်ကောင်းသည်။
သံဃာတော် အရှင်မြတ်ထံ၌ သီလခံယူ ဆောက်တည်အပြီးတွင် ကြားရခဲ နာရခဲသော တရားစကားကို နာရတော့မှာပါတကားဟူသည့် အသိကြောင့် ပို၍ပင် ကြည်နူးရွှင်လန်း ငြိမ်းချမ်းရသည်။
“ကိုဆေးရိုး… ဥပုသ်စောင့်မလို့ လာတာလား”
စောင်ချမ်းကုန်းမှ ကိုဘစံလော၊ ကိုအေးသော်လော ရီးဆေးရိုး ဝိုးတဝါး ဖြစ်နေငြား၊ “ဟုတ်ကဲ့၊ နေကောင်းရဲ့နော” ဟူ၍ကား တုံ့ပြန်မိ၏။ ထိုသူသည် တာလမ်းဘေးသို့ ဆင်းရန် ခြေလှမ်းပြီးမှ လှည့်မေးပြန်၏။
“မကျီးဒန်တော့ မပါဘဲကိုး၊ ကျန်းမာရဲ့လား”
“ကျန်းမာပါ့ဗျာ၊ သူ့သား နေမကောင်းတာ သွားချင်တာနဲ့ပဲ ပါမလာတာပါ”
အမည် ဝိုးတဝါးလူ မိုးနှံတောဘက်သို့ ဆင်းသွားငြား ရီးဆေးရိုး၏ ရင်၌ အပူလောင်သွားပြီ။ ‘သားလေး ဘယ်လို နေပါလိမ့်’ ဟူသော ကြောင့်ကြမီးက တထိန်ထိန်တောက်လောင်နေပြီ။ ကြည်နူးချမ်းမြ ရင်သည် မသာယာတော့ပါ။
သရက်ချင်ရွာကို လွန်မိ၍ လင်းဇင်းမြောင်းကျော် ‘ပေါင်း’ ကို ကူးမိလျှင်ကူးမိချင်း သရက်ချင် ရွာဦးဘုရားကို ဘွားခနဲ ဖူးတွေ့ရ၏။ ရွှေရောင်တဝင်းဝင်း နှင့် စေတီတော်၊ ထုံးသင်္ကန်း တဖွေးဖွေးနှင့် တံတိုင်းတို့သည် ရီးဆေးရိုးအား ခံစားမှုပြောင်းပေး၏။ ပူလောင် သောရင်ဝယ် အမှန်ပင် အအေးဓာတ် ဝင်လာသည်။
ဘယ်ဘက်ရှိ သစ်ပင်အုပ်ရှိရာ သရက်ချင်ကျောင်း ဘက်သို့ လှည့်အဆင်းဝယ် ဆည်းလည်းသံကလေး သုံးလေးသံက လွင့်မျောလာပြန်သည်။ တစ်ပြိုင်နက်တည်း ကျောင်းပရိဝုဏ်၌ တံမြက်လှည်းနေသော ရဟန်းတစ်ပါးအား လှမ်းမျှော်ဖူးမြင်ရ၏။
မြတ်သော အသရေဖြင့် ပြည့်စုံသော ရွှေဝါရောင် သင်္ကန်းသည် လောဘ၊ ဒေါသ၊ မောဟ ကင်းခြင်း၊ အမြိုက် ချမ်းသာကို ပေးခြင်းတို့ဖြင့် ရီးဆေးရိုးအား အသံတိတ် တရားဟောနေ၏။
“သူတို့လို ငြိမ်သက်ချင်လိုက်တာ၊ သူတို့လို ချမ်းသာချင်လိုက်တာ”
သောက ဟူသမျှတို့ လွင့်စဉ်သွားသည်။ တစ်ခဏအတွင်း၌ ရီးဆေးရိုးမှာ နှုတ်မြွက်၍ တောင့်တလိုက်မိပါတော့သည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment