❝ မိုးကို မည်သို့ ပြောရပါ့ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
လယ်ကြားမြောင်းထဲသို့ မြောင်းရေ စီးဝင်ကျဆင်းသံသည် ဝန်းကျင်တစ်ခု၌ ဆူညံနေသည်။ ရေကျ ပေါက်ကို အုတ်ဖြင့် စီမံထားသည်။ မြောင်းမထဲမှ ရေသည် အရှိန်ဖြင့် ထိုးဆင်းသည်။ သည်နှယ် လျင်မြန်စွာ ထိုးဆင်းလာသော ရေထဲမှ ငါးတွေ ထထပြီး ခုန်သည်။ ပျံဝဲသည်။
အချို့ငါးသည် ရေထဲမှ ခုန်ပြီး ရေစီးထဲသို့ပင် ပြန် ကျ၏။ အချို့မှာသော်ကား အရှိန်လွန်လျက် မြောင်း ဘေး မြက်ပင်များပေါ်သို့ ကျ၏။ ငါးတို့၏ သည် အကျင့်ကို သိသူက ရေကျပေါက်တွင် ခုန်စင်လုပ်ထား၏။ ခုန်စင်သည် ရေနှင့် တောင်ဆုပ်မျှသာ ကွာ၏။ ပုဆိုးစုတ်တစ်ထည်ကို ခပ်လျော့လျော့ ကားကြက်ထားကာ သစ်ခက်ကလေး တစ်ခက်တလေ ထည့်ထားသည်။ သို့သော် ငါးက အခါခပ်သိမ်း မခုန်ပျံ။ ခုန်သော ငါးတိုင်းလည်း ခုန်စင်ပေါ်သို့ မကျချေ။
ရီးဆေးရိုးသည် ရွာဘက်သို့ လည်တဆန့်ဆန့် မျှော်ကြည့်သည်။ မြေးကြီး မောင်ကိုကြီး၏ အရိပ်အယောင်သော်မျှ မမြင်ရသေး။ မြေးကြီးနှင့် သည်နေရာတွင် ဆုံကြရန် ချိန်းထားသည်။ ပျံလွှားငှက် တစ်ကောင်သည် မြောင်းရေကို ထိုးသုတ်သွားသည်။ ရီးဆေးရိုး မော့ကြည့်စဉ်မှာပင် ကင်ပွန်းခါးပင်ကြားသို့ ပျံသန်းပျောက်ကွယ်သွားသည်။ ရီးဆေးရိုး ခိုစရာ အရိပ် ရှာကြည့်သည်။ ဝါတာကွတ်၏ အောက်နားတွင် ဥနှဲပင်ကလေး တစ်ပင် ပလူမွေးပလူတောင် ရှိသည်။ သည်အရိပ်ကို ရီးဆေးရိုး ဝင်ခိုသည်။
လယ်ကြားမြောင်းရေသည် ဝါတာကွတ်ထဲမှ အရှိန်ပြင်းစွာ ထိုးဆင်းလာသည်။ လှိုင်းလုံးများ ကမ်း နှစ်ဖက်ကို ရိုက်ခတ်သောကြောင့် သည်နေရာမှာ အခြား နေရာများထက် ပိုမို ကျယ်ဝန်းနေသည်။ရီးဆေးရိုးသည် ထိုင်မည်ပြုပြီးမှ ထရပ်ကာ ရွာဘက်သို့ မျှော်ကြည့်ပြန်၏။
“သည်ကောင်… ဘာပြုလို့ ဒါလောက်ကြာရတာတုံး”
မြည်တွန်ရင်းပင်ခြေ၌ ထိုင်သည်။ ရွာလမ်းဘက်သို့ ကြည့်သော အကြည့်သည် ဝါတာကွတ် ရေကျပေါက်သို့ ရောက်သွားသည်။ နေရောင်တွင် လက်ခနဲ ငွေရောင် တောက်သွားသည်။ ငါးတစ်ကောင် ထခုန်ခြင်းဖြစ်သည်။
“ဒါ ဘယ်သူ လုပ်ထားတဲ့ ခုန်စင်ပါလိမ့်၊ အင်း... ‘မြောင်းလျှောက်’ နဲ့ တွေ့လို့ကတော့ ပုဆိုးတစ်ထည် ဆုံးဦးတော့မှာပဲ”
သည်အခိုက်တွင် ရီးဆေးရိုးနှင့် တစ်လံပင်မဝေးသော မြောင်းထဲမှ ငါးတစ်ကောင် ထခုန်၏။
“အတော်ကြီးသားပဲ၊ တစ်ဆယ်သားလောက်တော့ ရှိမလားပဲ”
ထိုသို့ ရေရွတ်နေဆဲ၌ နောက်တစ်ကောင် ထခုန် ပြန်သည်။ ရီးဆေးရိုး၏ ရှေ့တည့်တည့်တွင် ကျသည်။ ဖတ်လတ်ဖတ်လတ်ဖြင့် လွန့်လူးသည်။ ခုန် သည်။ ရီးဆေးရိုး၏လက်ထဲတွင် ကိုင်နေကျ ဓားမတိုကလေးပါ၏။ ပါသော်ငြား ခုတ်ရန် စိတ်မကူး။
‘ငါးသံချိတ်ကလေးပါကလား’
ငါးသည် သုံးလေးကြိမ် ဆက်တိုက် ခုန်ပြီးချိန်၌ မြောင်းထဲသို့ ပြန်လည် ကျရောက်သွား၏။ ရီးဆေးရိုး မှာလည်း ငါးငယ်၏ ကျေနပ်ဝမ်းမြောက်ခြင်းမျိုးကို ရရှိခံစားလျက် ကျန်ရစ်ခဲ့သည်။
“တစ်ခါချက်စာ ရတာ မရတာ အပထား၊ ငါ့နေ ရာမှာ တခြားလူ တစ်ယောက် ဆိုရင် သည်ငါး သေပြီ။ ငါ့နေရာမှာ ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်၊ ကျီး ကန်းတစ်ကောင် ရောက်နေရင်တော့ ဘာပြောကောင်း မတုံး”
“ဘရေ ဘ၊ ဗျို့ ဘရေ”
ရေကျသံကို လွှမ်းမိုးအောင် ကျယ်လောင်သော အသံကြီးကြောင့် ရီးဆေးရိုး၏ အတွေး ပြယ်သည်။ ထရပ်သည်။
ငန်းပြားတစ်ဖက်၊ ပေါက်ပြားတစ်ဖက်ဖြင့် သူ တစ်ယောက်တည်း အလုပ်ရှုပ်နေသော မောင်ကိုကြီး။ တစ်တောင့်ထွာရှည်သော ဓားမကြီးကလည်း ခါးကို ကန့်လန့်ဖြတ် ထိုးချိတ်ထားသဖြင့် တယမ်းယမ်း။ ရီးဆေးရိုး အသံမပြုမီ မြေးက မြင်သည်။ မြောင်းပေါင်ပေါ်မှ ဆင်းလာသည်။ ရီးဆေးရိုးသည် အကြေဘက်သို့ ခုန်ဆင်းလာခဲ့၏။ သည် ‘ဝါတာကွတ်’ နား၌ စကားပြော၍ မဖြစ်။
“ဘအေးဗျာ ကောက်ရိုး တစ်စည်းတိုက်လောက် ဇွတ်ဝယ်နေလို့၊ အဲဒါကြောင့် ကြာနေတာ”
မောင်ကိုကြီး မီလာပြီး နောက်ကျရခြင်း၏ အကြောင်းရင်းကို ရှင်းပြသည်။
“မိုက်တဲ့ကောင်ပဲ၊ လယ်ပြင်တွေမှာ အရင်ကလို အားမှ မအားတော့တာ သူအသိပဲ။ မိုးစပါးပြီးတော့ ကုလားပဲ၊ နေကြာ၊ နွေစပါး၊ နှမ်း၊ ချည်မျှင်ရွှေဝါတွေ ဆက်နေတာ၊ နွားတွေ လွှတ်ကျောင်းစရာ ဘယ်မှာ ရှိလို့တုံး။ သည်တော့ ကောက်ရိုးပဲ အားထားနေရတာ၊ ရောင်းလို့ ဖြစ်မလား”
“ကျုပ်တို့ ကောက်ရိုးပုံက သူများထက် ကြီးနေတာကိုး ဘရ”
“ကောက်ရိုး ပိုတာ မမှားပါဘူး လူကလေးရာ။ ခြောက်နေတဲ့ ကောက်ရိုးချင်း တူရင် နွားက ဟောင်းလေ ကြိုက်လေကွ”
မြေးအဘိုး စကားပြတ်သွားသည်။
“ဟိုမြေးအဘိုး မြန်မြန်လာကြလေ၊ ‘ပင်းတား’ ဖျက်ချလိုက်ပြီ။ ခင်ဗျားတို့ ရေတွေ အလဟဿ ဖြစ်ကုန်မယ်”
လယ်ထဲသို့ ရေသွင်းယူခွင့် ညလှည့်ကျသော သောင်းစိန်၏ လှမ်းအော်သံကြောင့် မြေးအဘိုး ခြေလှမ်းသွက်လာသည်။
ပင်းတားမှာ ရေမြောင်းထဲတွင် ချထားသော အတားအဆီး ဖြစ်သည်။ သောင်းစိန်သည် ကန့်လန့် ဖြတ် တန်းထားသော ဆည်တိုင်များကို တစ်ချောင်း ချင်း ဆွဲနုတ်နေသည်။ အဆို့အပိတ် ကောက်ရိုးထုံးတွေကို ကမ်းပေါ် ပစ်တင်လိုက်၊ ဆည်တိုင်တွေ နုတ်လိုက်ဖြင့် အလုပ်များနေသည်။
မောင်ကိုကြီးသည် ပခုံးပေါ်မှ ငန်းပြားနှင့် ပေါက်ပြားကို ပစ်ချသည်။ သောင်းစိန်၏ ဆည်တိုင်များကို ကူညီနုတ်ပေးသည်။
“ဟေ့ … ဟေ့၊ ကမ်းပါးစပ်က တိုင်တွေ ထားလိုက်ပါကွ”
“ရေစီးရေလာ ကောင်းအောင် အကုန်နုတ်စမ်းပါဗျာ”
အဆီးအဟန့်ကို ဖယ်လိုက်သောကြောင့် ပြာနှမ်းနှမ်း မြောင်းရေသည် အရှိန်ပြင်းစွာ ပြေးဆင်းနေသည်။
“သူခိုးက ဆည်တိုင်ကော ပိုတိုင်ပါ မကျန် ခိုးသနော်”
ရီးဆေးရိုး ဝင်ပြောလိုက်သောအခါ သောင်းစိန်၏ အင်တင်တင် အမူအရာ ပြောင်းသွားသည်။ ဆည် တိုင်တွေ ချန်ထားလိုသော ဟန်ပန် မရှိတော့ပြီ။ တစ် ချောင်းမကျန် ဆွဲဖယ်နေပြီ။
“လူလေး... ဖြည်းဖြည်းလိုက်ခဲ့၊ ဘ သွားနှင့်မယ်”
ရီးဆေးရိုးက ပေါက်ပြားကို ကောက်ကိုင်သည်။
“ပင်းတားကြိုချထားပြီးပြီပဲ ဘရ၊ ဖြည်းဖြည်းပေါ့”
“မြေးအဘိုးတစ်တွေ.. နှမ်း ဘယ့်နှယ်နေတုံး”
သောင်းစိန်၏ အမေးကြောင့် ရီးဆေးရိုး၏ လှမ်းပြီးသား ခြေလှမ်းမှာ ပြန်ရုပ်ပြီးသား ဖြစ်သွား၏။
“မိုးမှ မရွာတာ၊ ဘယ်လိုလုပ်ပြီး ကောင်းမှာတုံး အကောင်ရ”
“အေးဗျာ သည်မိုးက”
“ဒါပေမဲ့ မမှုန်းရင် မဖြစ်လို့ မှန်းပြီးမှတော့ ရေ မသွင်းလို့လည်း မဖြစ်တော့ဘူးလကွာ”
“ဟုတ်ပါ့ဗျာ” ဆိုရင်း သောင်းစိန်မှာ မိုးပေါ်သို့ မော့ကြည့်လျက် ကျန်ခဲ့သည်။ လယ်ကြားမြောင်း ဝဲယာတွင် နွေစပါးများ၊ နှမ်းခင်းများသည် မိုးကို မျှော်နေကြ၏။
“ဟုတ်တာပဲ၊ ရေဘယ်လောက် သွင်းသွင်း မိုးတစ်ပြိုက် ရွာတာလောက် အားမပါဘူး။ ဒါကြောင့် လည်း ‘ရေတစ်အိုး မိုးတစ်ပေါက်’ ဆိုကြတာပဲ”
မောင်ကိုကြီးမှာ ဘိုးအေ၏ စကားကို ဧည့်ထောက်ခံ မပြုနိုင်။ ညနေ လေးနာရီထိုးလျှင် ကိုယ့် အလှည့် ကုန်မည့်ရေ အလဟဿ မဖြစ်ရေးသာ အာရုံ စောနေ၏။ အခြား လယ်များ၏ ရေယူမြောင်းထဲသို့ ဝင်ရန် မဆိုထားဘိ၊ စိမ့်သည်ကိုပင် ခွင့်မပြုနိုင်။ ခြေဖြင့် နင်းသည်။ မြေကော်ပြီး ဆို့သည်၊ ဖို့သည်။
“မြောင်းပေါင်ပေါ်က ကလိန်ချုံတွေ၊ ခွေးလှေး ယားချုံတွေ၊ ဆူးချုံတွေ ရှင်းပစ်တာ ဟန်သဟေ့”
“အမယ်... ခွေးလှေးယားစေ့က အဖိုးတန်သနော့၊ လေဖြတ်တာ”
မောင်ကိုကြီး စကားမဆုံး၊ မြောင်းပေါင်နှုတ်ခမ်းကို ရေကျော်နေသဖြင့် အပြေးအလွှား ဖို့နေသည်။ ရီးဆေးရိုးလည်း နီးရာနေရာမှ မြေကို ပေါက်ယူသည်။ သို့ဖြစ်ငြား မြေယူစရာ နေရာက ရှားသည်။ ပြောင်းပင်တွေနှင့် နှမ်းပင်တွေက ဖုံးနေသည်။
“ဟဲ့ဟဲ့... လူလေး၊ ပစ္စည်းချင်း စာနာမှပေါ့၊ လွတ်ရာက မြေကို ယူလေ”
မောင်ကိုကြီးသည် မြောင်းတွင်းမှ ရေအခြားသို့ စီးထွက် မသွားရေးသာ အာရုံစောသဖြင့် သူ ယူသော မြေစာထဲတွင် ပြောင်းပင် သုံးလေးပင် ပါသွား၏။
“ချိုင့်ထဲက မြေကို ကော်တာပဲ ဘရ၊ မတော်တဆ ပါသွားတာပါ”
“မင့်ကို အဲဒါကြောင့် ဘ စိတ်မချတာ။ သူ့ သခင်နဲ့ တွေ့ရင် စကားများမယ်။ မချေမငံ ပြောရင် ဘာမဟုတ်တာလေးနဲ့”
ရေယူမြောင်းကို ခွကျော်ရင်း ငုံ့အကြည့်တွင် ရေကို မြင်ရသည်။ ထပ်ကြည့်သောအခါ ရေရှင် ဖြစ်နေသည်။ ထို့ကြောင့် ရီးဆေးရိုး စကားပြတ်သွားကာ ရေထဲ ထိုးဆင်းသည်။
“အပေါ်ယံက ကျကျနန ပိတ်ထားပြီး အောက်ခြေက သေသေချာချာ ဖောက်ထားတဲ့ ရေသူခိုး မိပြီကွ”
ပြောပြောဆိုဆို မြောင်းတွင်းရှိ ရွှံ့အမာကို ပေါက် ယူသည်။ တစ်ခဲမျှဖြင့် လုံခြုံလောက်ငြား ရီးဆေးရိုး စိတ်မချ။ တအား နင်းသိပ်သည်။
“အင်း … သူသူငါငါ လိုချင်ကြမှာပဲ”
ရီးဆေးရိုးက ရေသူခိုး၏ လုပ်ခင်းကို မျှော်ကြည့်၏။ သူလည်း နှမ်းသမားပါတကား။ နှမ်းခင်းသည် သန်မာထွားကျိုင်းသော နှမ်းပင်များဖြင့် ကျက်သရေ ရှိလှသော်ငြား ရေ လိုသောကြောင့် မစိမ်း။ ပြာနှမ်း နေ၏။
“ဟေ့လူလေး.. သည်လယ်ဟာ ဖိုးစည်တို့လယ် မဟုတ်လား”
“မဟုတ်တော့ဘူး ဘရ၊ ဦးဖိုးစည် ဆုံးတော့ သူ့ သားတွေက ရန်ကနားကို ရောင်းလိုက်တာ”
ဟယ်ခနဲ ရီးဆေးရိုး အော်မိ၏။ မြောင်းပေါင်ပေါ်သို့ ခြေတစ်ဖက် တင်ပြီးမှ မတက်သေးဘဲ မျှော်ကြည့်၏။ ဝေဆာသော နှမ်းပင်များ လွှမ်းနေသည့် လယ်ပွဲကြီးကို နှမြောမိ၏။
“သည်လိုသာ လက်လွတ်စပယ် ငွေရတိုင်း ရောင်း စားနေကြရင်တော့...”
ညည်းသာ ညည်းရ၊ မြည်တွန်မည့်သာ မြည်တွန်ရ၊ မည်သို့မျှမူ မတတ်နိုင်ကြောင်း ရီးဆေးရိုး နားလည်ပါသည်။ သို့သော် ခြေလှမ်းများသည် ခုနကလောက် မသွက်လက်တော့ပြီ။
“ဖိုးစည်ရဲ့သားတွေ တယ်မိုက်တာပဲ။ မွေခံထိုက် စေဆိုတာနဲ့ မညီတဲ့ ကောင်တွေပါကလား”
လယ်သို့ ရေရောက်ပြီလော၊ မရောက်သေးသလော လည်ဆန့်ပြီး ကြည့်သည်။ ရေသွင်သွင် စီးသည်ကိုကား မမြင်ရပါ။ သို့တစ်စေ လယ်ပွဲထဲ၌ ဗျိုင်း တစ်အုပ်ကျနေ၏။ ဗျိုင်းအုပ်၏ အစွန်တွင်ကား ငှက်ကြီးဝန်ပို တစ်ကောင်။
“ရေမသွင်းဘဲ ဖျန်းနိုင်ရင် ကောင်းမှာနော်... ဘ”
မောင်ကိုကြီးက ရှေ့လူ ဖာထေးထားခဲ့သော ‘ထူး’ တွင်း တစ်တွင်းကို ထပ်မံ ပိတ်ဆို့နေရာမှ မော့ပြော၏။
“လူကလေး ပြောသလိုဆိုရင် နှမ်းက သိပ်ကြိုက်တာပေါ့ကွာ”
“ရေလည်း အခုလောက် မလိုဘူးနော်... ဘ”
ရေဝင်နေသော သူတို့လယ်ပွဲသို့ မြေးအဘိုး ရောက်ချိန်ဝယ် ဆွမ်းခံဝင်ချိန် တိုင်ခဲ့ပြီ။ ကန်သင်းပေါ် တွင် ခြေပစ်လက်ပစ် ထိုင်မိခါမှ ရီးဆေးရိုးမှာ မွတ်သိပ်ရမှန်း သိသည်။
“ထမင်းပို့ဖို့ မှာခဲ့သေးလား လူလေး”
“သားလည်း မေ့လာတယ် ဘ”
“ဒါဖြင့် ဘပဲ ငါးပေါင်းကြော် ပြေးဝယ်လိုက်ပါ့မယ်ကွာ”
“ဘ မောနေဦးမယ်၊ သားပဲ ပြေးလိုက်ပါ့မယ်”
ရီးဆေးရိုး အလျင်အမြန် ထသည်။ လက်ဝါး ကာပြသည်။
“မောင်မင်းကြီးသား လယ်ထဲမှာပဲ နေခဲ့ပါ။ မြောင်းပေါင်အတိုင်း အသွားမှာ ရေသူခိုးနဲ့ တွေ့ရင် သ,တ်ပွဲဖြစ်နေပါ့မယ်”
ရီးဆေးရိုးသည် မြောင်းလက်တံထိပ်သို့ လျှောက် လာသည်။ လိုရမည်ရ ငန်းပြားကိုလည်း ထမ်းလာသည်။ မြောင်းပေါင်ပေါ်သို့ ရီးဆေးရိုး ရောက်ခါရှိ သေးသည်။ ကျဲကျဲတောက် ပူနေသော နေရောင်သည် ဖြုတ်ခနဲ ကွယ်၏။ ရီးဆေးရိုးလည်း ဖျတ်ခနဲ မော့ကြည့်၏။
ကြီးမားသော မိုးသားတိမ်တိုက်ကြီး။ အပူ လျော့ပါးမည်မို့ ရီးဆေးရိုး ဝမ်းသာမိငြား စနေထောင့်သို့ မျှော်ကြည့်သောအခါ တလိပ်လိပ် တက်လာသော မိုးသားမိုးစိုင်များကို မြင်ရသည်။ မိုးသားကြားမှ ရွှေမျှင် ရွှေခက် လျှပ်နွယ်များကို မြင်ရသည်။ မိုးချုန်းသဲ့သဲ့ ကြားရသည်။
“ဟာ … ဒုက္ခပဲ၊ ရေသွင်းထားတဲ့ နှမ်းခင်းတွေ မိုးရွာရင်တော့ ပင်ခြေမှာ ရေဝပ်ပြီး သေကုန်တော့မှာပဲ”
ရီးဆေးရိုးမှာ မြောင်းလက်တံထိပ်ကို ဆင်းပိတ်ရမည်သို့၊ လယ်ထဲသို့ ပြန်ပြေးရမည်သို့ ပျာယာကြီး ခတ်နေလေ၏။
“မိုးရယ် မရွာ အယ်”
မိုးမရွာပါနှင့် ပြောလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်သော်ငြား အေးမြသော မိုးရေကို စောင့်မျှော်နေသော နှမ်းခင်း ပြာဟောက်ဟောက်တွေက မျှော်မဆုံးအောင် များလှသည်။
သို့ကြောင့် ရီးဆေးရိုးမှာ မည်သို့ ပြောရမည် မသိ တော့ဘဲ ပင်းတားဘေး၌ တောင့်တောင့်ကြီး ရပ်နေမိလေတော့၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment