Sunday, October 25, 2026

ရင်ကို လှုပ်သွားသော အကြင်နာမိုး


❝ ရင်ကို လှုပ်သွားသော အကြင်နာမိုး ❞
( ဇော်သစ် - စကုကျွန်း )

တစ်ရပ်ကွက်နည်းနေ သူငယ်ချင်း ငတို။ တစ်နေ့တွင် ဟွန်တာစက်တစ်လုံး ပျောက်သွားသည် ဟူသော သတင်းစကားကို တစ်ဆင့်ခံ ကြားလိုက်ရသည့်အတွက် ခိုးယူသွားသည့် သူခိုးကို မည်သူမည်ဝါဟု မသိရသော်လည်း မိမိ စိတ်ထဲ အလိုအလျောက် ဒေါသစိတ် ဖြစ်နေမိသည်။ သူငယ်ချင်း ငတိုကား မိမိလောက် စားဝတ်နေရေး အဆင်မပြေသော်လည်း ရိုးသား၍ အလုပ်ကြိုးစားသူပင်ဖြစ်သည်။ ဟွန်တာ စက်လှေကလေးကို အသုံးပြုကာ ချောင်းမြောင်းဆင်း၍ တံငါသည် အလုပ်ဖြင့် အသက်မွေးနေသူဖြစ်သည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသူဟု ဆိုလျှင်လည်း မမှားပေ။ ယခု ဟွန်တာစက် တစ်လုံး ပျောက်သွားသည် ဆိုသည့် သတင်းကို ကြားလိုက်ရသဖြင့် မိမိမှာ ဒေါသစိတ် ဝင်ပြီး သူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်မိသည့်အပြင် သူတို့ မိသားစု စားဝတ်နေရေးကို တွေးပြီး မြင်ယောင်ရင်း ရင်လေးနေမိသည်။

သည်လိုနှင့် တစ်နေ့ သူငယ်ချင်း ငတို အိမ်သို့ သတင်းမေးရန် ကျွန်တော် ရောက်သွားဖြစ်သည်။ ရောက်လျှင် ရောက်ချင်း ထိုကိစ္စကိုပင် စကားစမြည် ပြောဖြစ်ကြသည်။

“မင်းမှာ ဟွန်တာစက် ပျောက်သွားတာ ပြန်မရသေးဘူးလား သူငယ်ချင်း”

“ဟုတ်တယ်၊ မရသေးဘူး။ ပစ္စည်း သင်္ခါရ လူသင်္ခါရ ဆိုသလိုပါပဲကွာ”

သူက တရားသဘောဖြင့် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။ သူ့မျက်နှာကို ကျွန်တော် အကဲခတ်ကြည့်မိသော်လည်း စိုးရိမ်စိတ်ကလေး အရိပ်အယောင်မျှပင် မမြင်ရ။ ကျွန်တော့်မှာသာ အားမလို အားမရဖြစ်ကာ ပြောမိပြန်သည်။

“မင်းက .. ကိုယ့်ပစ္စည်း ပျောက်သွားတာတောင် ပြန်မရှာဘူးလား။ မင်းမှာ ဒီစက်လှေကို အားကိုးပြီး စားဝတ်နေရေး ဖြေရှင်းနေရတာလေ။ ခုတော့ မင်းမှာ လက်တစ်ဖက်ဖြတ်ခံထားရသလို ဖြစ်နေပြီ။ ငါက မင်းတို့ မိသားစုအတွက် စိုးရိမ်လို့ ပြောနေရတာပါ”

သူ့အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်နေမိသော်လည်း သူ့မျက်နှာက ပူပင်သောကပုံရိပ် မပြသည့်အပြင် ပြုံးပြုံးလေးလုပ်ကာ ပြောနေပြန်သည်။

“ကိုယ့်ပစ္စည်းကိုတော့ လူတိုင်း ပြန်လိုချင်ကြတာပေါ့ကွာ။ ဒါပေမဲ့ ငါ ပြန်မရှာတော့ဘူး။ ဒီစက်ကိုလည်း ပြန်မလိုချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီစက်ဟာ ငါ့ကို ကောင်းကျိုးမပေးဘူး။ ခဏခဏ ဒုက္ခပေးတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မကိုက်ဘူး။ ခိုးသွားတဲ့ သူခိုးကိုလည်း အပြစ် မပြောချင်တော့ဘူး”

သူငယ်ချင်း ငတို စကားများကို နားထောင်နေရသော ကျွန်တော့်မှာသာ ဘယ်လိုမှ နားမလည်သလို ခံစားရင်းက အံ့သြနေမိသည်။ သို့သော် သူ နောက်ဆုံး ပြောလိုက်သည့် စကားလုံးများက ယခင်ကပင် သူခိုးအပေါ် ဒေါသဖြစ်နေမိသော ကျွန်တော် ရင်ဘတ် တစ်ခုလုံးကို ကိုင်လှုပ်လိုက်သလို ခံစားလိုက်ရပါတော့သည်။

“ဘာဖြစ်လို့လဲဆိုတော့ ငါ့လိုပဲ သူခိုးလည်း မကြာခဏ ဒုက္ခရောက်မှာ စိုးလို့ပါ။ ဒီစက်က ခဏခဏ ပြန်ပြီး အင်ဂျင်ကိုင်ရတယ်လေ။ ဒီတော့ ခိုးယူသွားတဲ့ သူခိုးလည်း ငါ့တုန်းကလို မကြာမကြာ ပြန်လုပ်နေရရင် ခိုးရကျိုး မနပ်တဲ့အပြင် ငွေလည်း ကုန်၊ အလုပ်လည်း မတွင်သလို ငါ့တောင် အပြစ်ဆိုနေဦးမလား မသိပါဘူး သူငယ်ချင်းရာ။ ဒါကြောင့် ငါက ကိုယ်ချင်းစာပြီး သူခိုးကို ပြန်ပြီး သနားနေမိတာပါ”

▢  ဇော်သစ် ( စကုကျွန်း )
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment