Thursday, October 29, 2026

မခေသော လယ်သမားများ

❝ မခေသော လယ်သမားများ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

“အဘရဲ့ နတ်ကြီးငါးပါးက ဂဠုန်ဆရာစံထတုန်းက ထိုးတာဆို”

ရီးဆေးရိုး မောမောနှင့် ကန်သင်းပေါ်သို့ ပစ်ထိုင်ချမိသည်။ ပင်ပန်းလွန်းသောကြောင့် ခြေထောက်နှစ် ချောင်းကို ကန်သင်းပေါ်ရောက်အောင် ဆွဲမတင်နိုင်။ တမန်းစိမ်းနှင့် ရေစပ်စပ်ထဲတွင် ချထားမိသည်။ တစ်ကွင်းလုံး ပိတ်ပြီ။ လယ်သမားတို့၏ တေးချင်းသံ၊ ကောက်စိုက်သမ ပျိုးနုတ်သမားတို့၏ တေးသံများ မရှိတော့ပြီ။

တစ်ကွင်းလုံးတွင် ရီးဆေးရိုးနှင့် တိတ်ဆိတ်ခြင်းသာ ကျန်ခဲ့သည်။ လယ်နီးချင်းများနှင့် သားသမီးများမှာ ဖျောက်ဆိပ်မွန်းမလွဲမီ အပြေးအလွှား လယ် ပိတ်နေကြရသည်။ အဘိုးကြီးအိုနှင့် အမယ်ကြီးတို့ လယ်ကို လှမ်းမကြည့်နိုင်အား။ ဟော လယ်အပိတ်တွင် ‘ရီးဆေးရိုးကော ပိတ်မှ ပိတ်သေးရဲ့လား’  အထက် ဟင်းခုပ်ပင် လယ်ပွဲမှ ထွန်းလှိုင် လှမ်းကြည့်သည်။ ရီးဆေးရိုးသည် ထွန်စိပ်တုံးကို မနိုင့်တနိုင်ဖြင့် ကန်သင်းဆွဲနေသည်။ လွန်ခဲ့သော ငါးနှစ်အထိ ကလေး ကစားစရာဖြစ်ခဲ့သော ထွန်စိပ်တုံး ပေါ့ပေါ့ကလေးသည် ယနေ့ ရီးဆေးရိုးအတွက် လေးလံနေပြီ။ ထွန်ချေးစာနှင့် အမှိုက်များ ‘ကျုံး’ ပါလာသော ထွန်စိပ်တုံးကို အရှိန်ဖြင့် ကန်သင်းပေါ် တွန်းတင်ရသည်မှာ အလွန်လွယ်ကူ၏။ အလွန်ပေါ့ပါး၏။ ယခု အလွန်လေးလံသည်။ အဆစ်တွေ ဖျစ်ဖျစ်မြည်အောင် တင်ရသည်။ ကန်သင်းတစ်ဖက် ကန်သင်းဆွဲပြီးသွားသည်။

မောလွန်းသောကြောင့် ရင်ထဲမှာ ပူလောင်လှသည်။ အသက်ရှူပြင်းလွန်းသဖြင့် ‘လျှာကြီးထွက်အောင်’ ဆိုတာ ဒါများပေလား တွေးမိ၏။ ကိုက်သော ခါး၊ တောင့်သော ခြေသလုံးတို့ကို တရွတ်ဆွဲလျက် ကန်သင်းဘက်သို့ ဒဏ်ရာရ တောကောင်ကြီးနှယ် ရွှေ့လာ၏။ ကန်သင်းပေါ်မှာ ပူမည်၊ အေးမည် သတိ မထား၊ တအား ပစ်ချထိုင်သည်။

သီတင်းကျွတ်နေသည် ရီးဆေးရိုးတို့ အရပ်တွင် ကား တပေါင်း၊ တန်ခူးနေနှင့် မခြားနားလှပါ။ ကျောကွဲအောင် ပူသည်။ နေထွက်ကတည်းက ပူခဲ့သော လယ်ကန်သင်းမှာလည်း ပူလောင်သည်သာ။ ပူလောင်သော်ငြား ရင်ပွင့်မတတ် မောပန်းနာကျင် ကိုက် ခဲလာသူအတွက်ကား ဖင်ပူ၍မှ ပူမှန်းမသိနိုင်အောင် အေးချမ်းသာယာပေသည်။ ဆီပူအိုးထဲမှ ခုန်ချသော ငါး၏ ပြာပူတွင်းရောက် ဖြစ်ထွေကို ဘေးအမြင်အားဖြင့် ပူတာပါပဲမြင်ငြား၊ ကာယကံရှင် ငါးအတွက်မူ နေသာထိုင်သာ ခဏတစ်ဖြုတ်ရှိသကဲ့သို့ပေတည်း။ 

“ရီးဆေးရိုး မောနေပြီလားဗျ”

မြောင်းလက်တံကို ကျော်ရင်း ထွန်းလှိုင် အော်မေး နေဆဲမှာပင် မြောက်ဘက် နဘူးချုံတန်း ဘေးမှလည်း လူနှစ်ယောက်ပေါ်လာ၏။ လယ်ကြားမြောင်း မြောက်ဘက် လယ်ပွဲမှ ကိုဘအုန်းနှင့် သား ချက်ကြီး။

“မေးမှ မေးတတ်ပလေကွာ၊ နေက ပူ၊ အသက်က ကြီး”

“ကျုပ်ကလည်း မနေ့ကမှ ပိတ်တာဗျ”

“ငါတော့ ဖြည်းဖြည်းပဲကွာ၊ ဆောင်းမဝင်ခင်တော့ ပိတ်နိုင်ကောင်းပါရဲ့”

လောကကို ငေါ့ခြင်းလော၊ သူ့ကိုယ်ကို ငေါ့ခြင်း သရော်ခြင်းလော။ တလောလောနှင့် ငြိစွန်းသော အငေါ့စကား၊ သရော်စကားကို ပြောအပြီး၌ ဟားတိုက် ရယ်မောသေးသည်။

“အရိပ်ထဲ သွားနားဗျာ၊ ကျုပ် ကန်သင်းဆွဲလိုက်ပါ့မယ်”

တမန်းပြင်ထဲသို့ ပြောပြောဆိုဆို ထွန်းလှိုင် ဆင်း သွားသဖြင့် ရီးဆေးရိုး ထလာသည်။ သူ ထသဖြင့် ကိုဘအုန်း သားအဖက လယ်ထိပ် ညောင်ပင်အောက်မှ စောင့်နေကြသည်။

“ဗျို့ အဘ၊ ဖျောက်ဆိပ်မွန်းလွဲတော့မယ်ဗျာ့” 

အော်ရင်း ဟစ်ရင်း မြောင်းလက်တံအတိုင်း လျှောက်လာသူမှာ တောင်ဘက်လယ်ပွဲမှ ကိုပေသီး၏သား မင်းထွန်းဦးဖြစ်၏။ ရီးဆေးရိုးသည် သစ်ပင် ခြေရင်း သစ်ခေါင်းထဲမှ မြေကရားကို ထုတ်ပြီး မြောင်းရေ နောက်ကျိကျိကိုထည့်ကာ ရေနွေးအိုးတည်သည်။ မီးခိုးများကြားမှ မင်းထွန်းဦးကို မျှော်ကြည့်ရင်း “အများနဲ့ ပြိုင်ပြီးစိုက်တော့ ရေခက်တယ်ကွ။ အခုလိုလယ်တွေ ပိတ်တော့မှ စိုက်တာ ဘယ်လောက်ဟန်လဲ။ ပေါလိုက်တဲ့ ရေ” ဆိုကာ ဟားတိုက်ပြန်သည်။ 

“ဘက သိပ်ပျော်တာပဲ၊ ဟားရတယ်နော်”

ချက်ကြီးလည်း ရောနှောရယ်မောသည်။ စင်စစ် သားကလည်း ငဲ့မကြည့်၊ သမက်ကလည်း စောင်းမကြည့်၊ မြေးများကလည်း ငုံ့မကြည့်ပါတကား။ မကြည့်ကြငြား လယ်နီးချင်းကောင်းတွေ ရှိပါကလား အတွေးဝင်သည့်အတွက် ဝမ်းနည်းသည်။ သည်ဝမ်းနည်းစိတ်ကို ဟားတိုက်ဖုံးလွှမ်းရန် ကြိုးစားခြင်းဖြစ်သည်။

“လယ်စိုက်ချိန်ဆိုတော့ သူကလည်း ရေလိုချင်၊ ဟော အခု ဘယ်လောက် ကောင်းတုံး”

ပို၍ရွှင်စေရန် အားထုတ်ဆဲ၌ ရင်ဘတ်တွင် ထိုးထားသည့် နတ်ကြီးငါးပါးကို မင်းထွန်းက မေးသည်။ 

“အဘရဲ့နတ်ကြီးငါးပါးက ဂဠုန်ဆရာစံ ထတုန်းက ထိုးတာဆို ဘ”

ပင်ပန်းဆို့နစ်နေသော စိတ်သည် အခြားကမ္ဘာသို့ ရောက်သွား၏။ အသက်ခုနစ်ဆယ်ကျော် ရီးဆေးရိုးသည် အသက်နှစ်ဆယ် မောင်ဆေးရိုး အဖြစ်သို့ ခုန်လွှားကူးပြောင်းသွား၏။

“ကောင်းကောင်းတောင် မမှတ်မိတော့ပါဘူးကွယ်၊ ဟောသည်ခါးက ဝက်ကုန်းကတော့ ဂဠုန်ထတုန်းက ထိုးထားတာ သေချာသကွ”

ရွှံ့ပုပ်ရေများ မခြောက်သေးသော အသားပြင် မှောင်မှောင်ထဲရှိ ရေနံမင်ဖြင့် ထိုးထားသည့် ဝက်ကုန်း နှင့် အင်းများမှာ မနည်းကြည့်မှ မြင်သာ၏။

“ဒါပေမဲ့ကွာ ဂါတ်တဲကို စီးမယ်လို့ သွားတဲ့ စစ်ကြောင်းနှစ်ကြောင်းလုံး ဖရိုဖရဲ ဖြစ်ပြီး ပြန်လာရပါကောလားကွ”

“ဘတို့ဟာက ဒါနဲ့ပဲ ပြီးတာပေါ့”

ချောင်းအနောက်ဘက်ကမ်းသား ချက်ကြီး၏ အမေးကြောင့် ရီးဆေးရိုး၏ ငေါထွက်နေသော ပါးရိုးကြီးများ ထောင်ထလာလေတော့သည်။

“မပြီးပါဘူး မောင်ရာ၊ ကိုယ့်ဘာသာကိုယ် ဆိုရင်ဂါတ်တဲက ပုလိပ်က ဘယ်လိုလုပ် သိမှာတုံး၊ သို့သော်လည်း သစ္စာဖောက်တွေကြောင့်”

••••• ••••• •••••

၂

ရွာ့တောင်ဘက်ရှိ တလင်းများမှာ ကျီးနှင့်ဖုတ်ဖုတ် တိတ်ဆိတ်နေသည်။ တိတ်ဆိတ်နေရုံမက ခြောက် ကပ်လျက် မသိုးမသန့် ဖြစ်နေလေသည်။ ကောက် ပေါက်သူတို့၏ တေးသီချင်းသံ၊ စပါးနယ်သူတို့၏ တေးသီချင်းသံ ညံစာနေကျ တလင်းများသည် သင်္ချိုင်းကုန်းနှင့် ထင်ယောင်ဝိုးတဝါး တိတ်ငြိမ်နေ၏။

မောင်ဆေးရိုးမှာ သည်အနေအထားကို သဘော မကျပေ။ မကောင်းဆိုးရွား ဘေးအန္တရာယ်တစ်ရပ် ကျရောက်ခါနီး၌ ငြိမ်သက်နေပုံမျိုးဖြစ်သည်။ စည်ထဲ ပုတ်ထဲ ရောက်မှ ကိုယ့်ဟာ ဆိုကာ ‘တလင်းတက်’ ရေးကို လောဆော်နေကျ အဖေ။ တလင်းမှာ ကပ်သည် မရှိ။

“အဖေ ဘာဖြစ်နေတာတုံး”

မောင်ဆေးရိုးသည် ပုဆိုးခြုံလျက် စဉ်းစား၏။ နွားများကိုလည်း နှင်တံဖြင့် တို့ရုံသာ တို့သည်။ “ဟာ နာတော့မှာပဲ၊ သည်နအိုကြီးဟာ” စသည် အော်နေ ငေါက်နေကျ အသံများကို နှုတ်ဖျားမှ မထုတ်လွှတ်။ တာလမ်းဘက်သို့ လည်းကောင်း၊ ရွာဘက်သို့ လည်းကောင်း မပြတ်ကြည့်သည်။နားလည်း စွင့်ထားသည်။

ကောက်ပြန့်ချပြီးနောက် ကောက်ပေါက်သည်။ ကောက်ရိုးချသည်။ စပါးကို ထွန်ခြစ်ဖြင့် အမှော်ဆွဲ နေစဉ် အမေ ရောက်လာ၏။

“မမှောင်ခင် ထမင်းစားထားနှင့် လူကလေးရေ။ ‘စကာ’ အမေ ချလိုက်မယ်၊ ထားခဲ့”

ဒေါ်ကြွယ်စိုးသည် ပြောပြောဆိုဆို ‘စကာ (ဆန် ကာ) ကျဲ’ ကို စပါးပြန့်ပေါ် ပစ်ချ၏။ မောင်ဆေးရိုး နားလည်သည်။ မီးခွက်ထဲတွင် ရေနံဆီရှိငြား မီးမထွန်းရဲကြ။ ပုလိပ်သတင်းပေး အလိုတော်ရိများသည် မီးရောင်ရှိရာသို့ လာတတ်သည်။ ဇီးကွက်တစ်ကောင်သည် သရက်ခေါင်းဝမှ ထွက်ကာ အမှောင်ကို ကြိုဆို၏။ ဇီးကွက်အော်သံ အစဲတွင် တလင်းသိုက်တစ်ခုလုံး တိတ်ဆိတ်နေ၏။

မောင်ဆေးရိုးမှာ ထန်းရွက်အကွယ်တွင် ဟင်းပန်းကန်ချ၊ ထမင်းဇလုံကို ဘယ်လက်ပေါ်တင်လျက် ကသုတ်ကသက် ထမင်းစားနေသည်။ ချွတ်ခနဲ အသံ ကြားသည်။ မည်းခနဲ လူရိပ်။ မောင်ဆေးရိုး၏ လက်သည် သုံးခွမှိန်းကို ဆွဲပြီး ထရပ်ပြီး ဖြစ်၏။

“ဟေ့ လူလေး၊ ငါပါဟ” 

အဖေ ဦးကျန်ကြီး၊ ဓားအိမ်ကို စလွယ်သိုင်းလျက် ပုဆိုးစလွယ်သိုင်းဖြင့် ဖုံးထားသည်။

“အဖေ ထမင်းစားပြီးပြီလား၊ အမဲအူစုံဟင်း ချက်သဗျ” 

ဦးကျန်ကြီး အဖြေမပေး။ ရေမှုတ်တွင် နှုတ်ခမ်း တေ့ကာ ဂွပ်ခနဲ ဂွပ်ခနဲ အသံထွက်အောင် အမောတကော သောက်နေ၏။ ရေမှုတ်ကို အိုးပေါ်တွင် ကန့်လန့်တင်လိုက်ပြီးမှ တဲခေါင်တိုင်ကို ကျောမှီကာ အမော ဖြေ၏။ ဟင်းခနဲ အသံကြီးကို တဲအပြင်မှပင် ကြားလောက်ပါဘိ။

“အဖေ၊ ကျုပ် ထမင်းခူးပေးမယ်လေ”

“အေး ကောင်းသားပဲ”

လက်အပေအကျံဖြင့် ထမင်းခူး၊ ဟင်းထည့်လာ တော့မှ မျက်နှာလေးထောင့်နှင့်၊ သျှောင်တွဲကြီးတွင် ‘ခေါင်းပေါင်း’ တဘက် ဖရိုဖရဲနှင့် ဦးကျန်ကြီး ထံမှ ထပ်မံ အသံထွက်လာ၏။

“ဘယ်သူတွေ လာသေးတုံး လူလေး”

“ရွာခေါင်းလာလို့ အဖေ နွားဝယ်ဖို့ လိုက်ကြည့်နေတယ် ပြောလိုက်တယ် အဖေ”

“အေးအေး” ဆိုကာ ထပ်မမေး၊ အပြေးအလွှား စားသည်။ ထမင်းစေ့ကို ဝါးနေဟန် မတူ၊ အတင်းမျိုချသည် ထင်ရ၏။ မောင်ဆေးရိုး ခူးအပေး မစောင့်၊ သူ့ဘာသာသူ ထပ်ထည့်သည်။

“လူလေး”

တစ်အောင့်ကျော် ကြာမှ ခေါ်သည်။

“ဟုတ်ကဲ့ အဖေ”

“သတိနဲ့နေ၊ သတိနဲ့လုပ်၊ ငါလုပ်တာကို ဘယ်သူမှ မသိဘူး မထင်နဲ့၊ အဖေ့ကို လာမေးတဲ့ ရွာခေါင်းလည်း မယုံနဲ့၊ သူက သူကြီးလူ၊ သူကြီးက ပုလိပ် တပည့်”

“ရွာခေါင်းက ယုံရပါတယ် အဖေရ”

ဦးကျန်ကြီး မျက်နှာကို ရှုံ့သည်။

“ရမ်းဘိုကုန်းသား မဟုတ်ရင် မယုံရဘူး ငါ့သား၊ မှတ်ထား”

“ဗျာ” ခနဲအော်ကာ မောင်ဆေးရိုးသည် ဦးကျန်ကြီးကို မျက်လုံးပြူးလျက် ကြည့်မိသည်။ ကြည့်သော်ငြား အမှောင်ရိပ်ပါးပါးက အဖေ့မျက်နှာကို ဖုံးကွယ်နေလေပြီ။

“သည်လို လူလေးရ၊ အဖေတို့ ရမ်းဘိုကုန်းသား စစ်စစ်တွေဟာ အမှုတော်ထမ်း ယမ်းချက်တွေကွ။ ကု,လားမင်း အင်္ဂလိပ်ပေါ့ကွာ။ အဲသည်ကောင်တွေ တက်လာတော့ ရမ်းဘိုကုန်းသားတွေကို နယ်နှင်ပစ်တယ်။ သည်ရွာမှာ ရမ်းဘိုကုန်းသားစစ်စစ် ဆိုလို့ သာဒွန်းအဖေနဲ့ ငါပဲ ရှိတယ်။ ငါတို့တောင် သူကြီးကို စပါးအစိတ်ပေးလို့ ပြန်လာခွင့်ရတာ”

မောင်ဆေးရိုး မတွေးတတ်တော့ပေ။ ဗိုလ်ထွန်းအောင် အမည်ခံ တောကြောင်ကြောင့် တစ်ရွာလုံး နယ်နှင်ခံရကြောင်း ကြားဖူးငြား အသေးစိတ် မသိ။

“ရွာထဲက လူတွေကို နှင်ပစ်ပေမဲ့ အကွက်အကွင်း ကျတဲ့ ရွာတော့ ကျန်နေခဲ့တာပေါ့ကွာ။ အဲဒီအခါမှာ ဟိုရွာက နွားခိုး၊ သည်ရွာက ဓားပြ အစရှိသည်ဖြင့် မကောင်းတဲ့ လူတွေ ရောက်လာတဲ့အတွက် ရွာကို ချစ်တဲ့စိတ်၊ ရွာရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့စိတ် မရှိတော့ဘူး။ သွေးကြောင် သွေးမစစ်တဲ့လူတွေ များလာတယ်။ ပိုက်ဆံ နှစ်ပြား တစ်ပဲနဲ့လည်း သစ္စာဖောက်တော့တာပဲ”

အဖေသည် ဤအကြောင်းကြောင့် အိမ်မကပ် ခြင်းပါတကားဟု မောင်ဆေးရိုး နားလည်ပေပြီ။ အိမ်တွင် နွားအသစ် လဲလှယ်ရန် လိုအပ်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ကိုယ် ဝယ်နိုင်လောက်သည့် အနေအထားတွင် ရှိသော နွားကို လှည့်လည်စုံစမ်းခြင်းလည်းဖြစ်သည်။ အသင်းသားများ၊ ဝံသာနုများထံ လှည့်လည်ရင်း အခြေအနေကို စနည်းနာခြင်းဖြစ်မည်။ အဖေသည် ရံဖန်ရံခါ၌ တလင်းကို လှမ်းမြင်နိုင်သောနေရာတွင် တမေ့တမောထိုင်ကာ လူဝင် လူထွက် အကဲခတ်နေကောင်းနေမည်။ မည်သူတွေသည် ရမ်းဘိုကုန်းသား မစစ်၊ မည်သူတွေသည် နှစ်ပြားတစ်ပဲ မက်ကာ သစ္စာဖောက်သည်ကို အဖေ ကောင်းကောင်း သိလိမ့်မည်။

“ငါ မသင်္ကာဆုံးကတော့ စံအေးပဲကွ”

အရေးတော်ပုံ ညတုန်းက ဓားတဝဲဝဲဖြင့် အလွန် စိတ်အားတက်ခဲ့သူ ဖြစ်ရာ မောင်ဆေးရိုး ယုံရခက်၏။ 

“ဖြစ်နိုင်ပါ့မလား အဖေရာ”

“သူ့အဘက ကု,လားတွေ တက်လာတုန်းက ဗျိုင်းကလေး ကျအသွားမှာ မြတောင်ဗိုလ်ရဲ့တပ်ကို ရောက်သွားပြီး မြတောင်ဗိုလ် ဘယ်မှာရှိတယ်ဆိုတာ လက်ထောက်ချတယ်ကွ။ သစ္စာဖောက်မျိုးဟာ သစ္စာဖောက်ပဲ ဖြစ်ရမယ်”

မောင်ဆေးရိုး သက်ပြင်းချမိ၏။ အဖေ့လောက် မသိသည့်အပြင် အဖေ့လောက် အမြင်မကျယ်၊ မတွေးတတ်။

“တစ်ခုတော့ ရှိသပေါ့ကွာ၊ ဟင်းစားကြက်ကကော ကြက်ကောင်း မထွန်းဘူးလား၊ အတိဇာတ သားကော မရှိဘူးလား မေးစရာ ရှိသားပေါ့၊ အဲဒါကြောင့် နေဝင်ရီတရောမှာ လာလာချောင်းတော့ စံအေး ဘာလုပ်တယ် မှတ်သတုံး”

“ဘာလုပ်လို့တုံး အဖေ၊ ရီးစံအေးက”

“သူကြီးအိမ် သွားတာပေါ့ကွ၊ ငါ မချောင်းတဲ့ အချိန်မှာ ဘယ်နှခါ သွားပြီးပြီလဲ မသိဘူး။ ငါသိသလောက် လေးခါပဲကွာ”

ဆင်းရဲသား လယ်သမားများသည် တိုက်နယ်သူကြီး မဆိုထားဘိ ရွာခေါင်းကိုပင် “မင်း” ဟု သမုတ်ကာ အရောတဝင် မရှိကြ။ သူကြီးကိုကား အလွန် ကြောက်ကြသဖြင့် တစ်အိမ် တစ်ယောက် ဆင့်ဆိုမှသာ သွားကြသည်။ သို့ပါလျက်နှင့် ရီးစံအေးသည် သူကြီးအိမ်သို့ အဘယ်ကြောင့် သွားရသနည်း။ ရိုး ရိုးသားသား သွားခြင်းဖြစ်ပါက မြင်မြင်ထင်ထင်တွင် မည်သည့်အတွက် မသွားသနည်း။

“ဒါကြောင့် တလင်းတွေမှာ ယောက်ျားသံ မကြားတာကိုး”

“ဒါပေါ့ကွ၊ သူတို့ စနက်ကြောင့် ပြေးတဲ့လူ ပြေး၊ ရှောင်တဲ့လူ ရှောင်၊ ပုန်းတဲ့လူ ပုန်း၊ အဲသည်တော့ လူလေးလည်း သတိနဲ့နေ၊ အရေးဆို ဘယ်မှာပုန်းမတုံး၊ နေရာကောင်းကောင်း ကြည့်ထား”

ဦးကျန်ကြီးသည် ထိုနေ့ညက လရောင်အောက်တွင် မယ်ကြွယ်စိုးတို့သားအမိကို ကူညီကာ ကောက် လှိုင်း ပြန့်ပေးသည်။ ထို့နောက် ‘နွားတွဲတင်’ ကာ မောင်းပေးသေးသည်။ သို့သော် တဲတွင် မအိပ်။ တဲထဲတွင် အမေနှင့် နှမငယ် မိသက် အိပ်၍ မောင်ဆေးရိုးမှာမူ ကောက်လှိုင်းဆိုင်ပေါ်တွင် ကွေးခဲ့ရသည်။ ဂဠုန် အရေးတော်ပုံတွင် ပါခဲ့သည့် လယ်သမားများ ပြေးသူ ပြေး၊ ရှောင်သူ ရှောင်၊ ပုန်းသူပုန်းဖြင့် ကမ္ဘာမီးလောင်နေစဉ် ဆီမီးခွက်က မီးထတောက်၏။ လယ်ပိုင်ရှင်များ ဖြစ်ကြသည်။

“သူပုန်တလင်းဆိုပြီး ပုလိပ်က မီးနဲ့လာရှို့ ဘယ့်နှယ် လုပ်မလဲ၊ သူပုန်ပစ္စည်း ဆိုပြီး အကုန်သိမ်းသွား ဘာတတ်နိုင်မလဲ”

သည်အကြောင်းပြချက်ဖြင့် စပါး လာသိမ်းသည်။ မနယ်ရသေးသည့် ကောက်လှိုင်းကိုပင် လှည်းဖြင့် လာတိုက်သည်။ ဤသို့ဖြင့် အနောက်ဘက် တစ်ခု ကျော် တလင်းသို့ ချစ်တီးများ ရောက်လာခဲ့၏။ မြန်မာ လယ်ပိုင်ရှင်များသည် လယ်သမားနှင့် တစ်ယောက် တစ်နှံစား ဖြစ်၏။ မရလည်း အတူ၊ ရလည်း အတူတကွပင်။ ချစ်တီးကား ပုံသေကားချ မရှိသော ဤနည်းကို မကြိုက်။ လယ်ပျက်သည် ဖြစ်စေ၊ စပါးပို ထွက်သည် ဖြစ်စေ၊ မထွက်သည် ဖြစ်စေ သူမသိ။ ဤရွေ့ ဤမျှကို အလိုရှိသောနေရာအရောက် ပို့ပေးရမည်။ ဒိုတီ တလွှားလွှား၊ နွားလှည်းသံ တအီအီဖြင့် တလင်းထဲသို့ ချစ်တီးများ ဝင်လာချိန်တွင် မမင်းပုံ တစ်ယောက်သာ ရှိသည်။ မုန့်ပေါင်းတစ်ခုကို ကလေး နှစ်ယောက်နှင့် ခွဲခြမ်းစိတ်ဖြာ စားနေဆဲ။

“အရှေ့ဘက် (ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း) က သူ့အစ်မ မမာလို့ သွားတယ်အရာ၊ သူ ပြန်လာမှ လာပါ”

မမင်းပုံ တစ်ယောက်တည်းမို့ တလင်းမှာ ‘တစ်ပြန့်နှစ်ပြန့်’ မျှသာ နယ်ရသေးဟန်ရှိ၏။

“ကိစ္စမရှိဘူး အမား၊ သူဌေးက ကောက်လှိုင်းသုံး ပုံနှစ်ပုံ ယူခဲ့ရမယ် ခိုင်းလိုက်တယ် အမား”

“မရဘူး၊ တော်တို့နဲ့ ကျုပ်ယောက်ျားနဲ့ ချုပ်ထားတဲ့ စာချုပ်ထဲမှာ စပါးတင်းတစ်ရာ ပေးရမယ်ပဲ ပါ တယ်။ ကောက်လှိုင်း သုံးပုံနှစ်ပုံ မပါဘူး”

မာလိုက်သည့် မမင်းပုံ၊ ပြောတတ်လိုက်သည့် မမင်းပုံ။ သရက်ပင်ပေါ်မှ ချောင်းကြည့်နေသည့် မောင်ဆေးရိုးမှာ လက်ခေါက်မှုတ်မိမတတ် အားရမိချေ၏။

“ဟေ့ ပေးလိုက်စမ်း၊ ဘာလဲ အဖမ်းခံချင်လို့လား” 

လှည်းပေါ်တွင် ပုလိပ်တစ်ယောက် ပါလာသည်။ မမင်းပုံ သတိ မထားမိ၊ ယခုမှ သတိထားမိသည်။ ပြောပြောဆိုဆို လှည်းပေါ်မှ ခုန်ချသည်။ ဖိနပ်မစီးရသည့် တလင်းပြင်မှာ သံခွာဖိနပ်ကြောင့် မွကြေ၏။
 
ပုလိပ်ကို မမင်းပုံ ငေးမောကြည့်နေစဉ်တွင် ချစ်တီးများသည် ကောက်လှိုင်းဆိုင်ပေါ်သို့ တက်သည်။ ပေါ့သောအလှိုင်းကို ချန်ကာ လေးသော အလှိုင်းကို လှည်းပေါ်သို့ ပစ်တင်သည်။ ချွေးဒီးဒီး ကျခဲ့ရသော ကောက်လှိုင်း။ မြွေမကြောက်၊ ကင်းမကြောက် မှောင်ကြီးထဲတွင် ရေယူခဲ့ရသော စပါး။ တစ်နှစ်လုံးအတွက် တစ်ကြိမ်သာ အသက်ရှူ၍ ဝရသည့် စပါးယူကုန်ကြသည်။ ကောင်းတာတွေကို နိုင့်ထက်စီးနင်း ယူကုန်ပြီ။ 

မမင်းပုံ အသက်ဝင်လာ၏။ ကောက်လှိုင်းပေါ် ပြေးတက်၏။

“ဟေ့ ပြန်ဆင်းခဲ့”

ပုလိပ်က လှမ်းအော်ငြား ပုလိပ်ကို မမင်းပုံ အရေး မစိုက်ပေ။ ချစ်တီးလက်ထဲရှိ ကောက်လှိုင်းကို အတင်း ဆွဲလုသည်။ ချစ်တီးက ဆောင့်တွန်းပစ်သည်။

လွင့်စဉ်လဲကျရာက မမင်းပုံ လူးလဲထသည်။ ကောက်လှိုင်းဆိုင် အစွန် တစ်နေရာသို့ ပြေးသည်။ သူ့ ကောက်လှိုင်းဆိုင်တွင် ဘယ်နေရာမှာ ဘာရှိသည် သိ၏။ ငှက်ကြီးတောင်ဓားကြီး ဆွဲပြေးလာသည်။

“ဟေ့ ဓားချလိုက်စမ်း”

ပုလိပ်သည် အော်ဟစ်အမိန့်ပေးရာက ကောက် လှိုင်းဆိုင်ကို ဖက်တက်သည်။ ကုန်းကုန်းကွကွဖြင့် လေးဖက်ထောက်ကာ ကောက်လှိုင်းဆိုင်ပေါ်သို့ ပုလိပ် ရောက်လာပြီ။ သွေးပွင့်သွေးပေါက်များ ပုလိပ် မျက်နှာကို စဉ်သည်။

“ဓားချလိုက်စမ်း၊ ဟေ့ သေနတ်နဲ့ ပစ်ရမလား” 

ကောက်လှိုင်းစည်းများကြားသို့ ခြေထောက်ချ လိုက်၊ ဆွဲနုတ်လိုက်ဖြင့် မမင်းပုံထံ ပြေးသွားသည်။ ပြေးသွားငြား ကယိမ်းကယိုင် ဖြစ်လိုက်၊ လဲလိုက်၊ သူကြီးကိုပင် စေ့စေ့ မကြည့်ရဲသော မမင်းပုံ ချစ်တီးကို သ,တ်မိပြီ။ သွေးစွန်းပြီ။ အကြောက်တရားသည် မမင်းပုံ၏ အသိတရားကို မှောင်ချသည်။ လက်ထောက် လဲရာက ထလာသော ပုလိပ်သည် သရဲစီးနေသည့် မျက်နှာ၊ နီရဲသော ဓားသွား။

••••• ••••• •••••

၃

“အဲဒီနေ့ကများကွာ နယ်ပြီးသား စပါးတွေကို မြေရှင် က သိမ်းမှာစိုးလို့ ဂုံအိတ်နဲ့ ထည့်ပြီး ချုံထဲမှာ ဝှက်ရနဲ့ မောလိုက်တာကွာ”

ရီးဆေးရိုးသည် စကားကို ရပ်ကာ ရေနွေးအိုးကို လက်ဖက်ခြောက် ခပ်သည်။ ထိုစဉ်တွင် ရွှံ့စက်စက် ရေစက်လက်ဖြင့် ထွန်းလှိုင် ရောက်လာကာ

“ကန်သင်း ဆွဲတာတော့ တစ်ခေါက်ပဲ ကျန်တော့ သဗျို့။ နွားတွေသာ မမောရင် အပြီး လုပ်ချင်တာ” ပြောရင်း ဝင်ထိုင်သည်။

“ကနေ့ ကြမ်းပေါင်ရိုက်လို့ ပြီးမှာပါကွာ၊ နေလည်း စောသေးသားပဲ”

ရီးဆေးရိုး ပြန်ပြောနေရာသို့ အတင်း ခြားဖောက်သူမှာ ချက်ကြီး ဖြစ်၏။

“အဲဒီမမင်းပုံ ဘာဖြစ်သွားတုံး ဘ”

“ထွက်ပြေးတာပေါ့ကွာ၊ ကလေးတွေ ဆွဲပြေးလို့ ထားခဲ့ ထားခဲ့ အော်ရသကွာ။ တလင်းထဲက ကောက်လှိုင်းတွေကိုလည်း ညံ့တဲ့ အလှိုင်းတွေနဲ့ လဲ၊ အလှိုင်းမပျက် အစေ့ခြွေထားတဲ့ အလှိုင်းတွေနဲ့ ဖလှယ်၊ ဝိုင်းလုပ်လိုက်ကြတာ နောက်ခုနစ်ရက်အကြာမှာ ချစ်တီးတွေ လာအသိမ်းမှာ မဲ့ဆင်းသွားတော့တာပဲဟေ့”

“နွားတွေလည်း အမောပြေလောက်ပါပြီ ထွန်းလှိုင်၊ မင်း နေခဲ့။ ငါ လုပ်အား သွားပေးလိုက်ဦးမယ်။ ရီးဆေးရိုး ကြမ်းပေါင် ဘယ်မတုံး”

ထရပ်ရင်း မေးသူက မြောက်ဘက်လယ်မှ ကိုဘအုန်း။

“ထန်းပင်မှာ ထောင်ထားသကွာ”

လက်ဖက်ခြောက် ကျလောက်ပြီ။ ရီးဆေးရိုး တစ် ခွက် ငှဲ့ကာ ကောက်ကိုင်၏။

“နောက်ဆုံးတော့ မမင်းပုံ ဘာဖြစ်သွားသေးတုံး ဘ”

“ဒီလိုကွ၊ သူ့ယောက်ျားကလည်း တို့နဲ့အတူ ပါတဲ့ ကိုသံတိုင်ကွ။ ရှောင်နေရတာပေါ့။ မမင်းပုံ ဘယ်ပြေးတုံး၊ ဘယ်မှာ ရှိနိုင်တုံး သူ လိုက်ရှာစုံစမ်းမှာပေါ့ကွာ။ စုံစမ်းလို့ရ မရ၊ တွေ့ မတွေ့တော့ မသိဘူး၊ အေးအေးဆေးဆေး ရှိတော့မှ အိမ်ထောင်ပစ္စည်းတွေနဲ့ ကလေး နှစ်ယောက်ကို ခေါ်ပြီး ပြောင်းသွားပါကော။ သူ့ ကောက်လှိုင်းတွေ ယူထားတဲ့ တလင်းနီးချင်းတွေ စုပြီး ဆန်ငါးတင်း၊ ဆီတစ်အိုး၊ ငွေတစ်ရာ စုပေးလိုက်သေးသကွ”

ရီးဆေးရိုးသည် ရေနွေးတစ်ရှိုက် စုပ်သောက်လိုက်ရာက နားရွက်ကြားမှ ပြောင်းဖူးဖက် ဆေးလိပ်တိုကို ဖြုတ်ယူ မီးညှိသည်။ ရေနွေးကြမ်းနှင့် မီးခိုးကို မျိုချရင်း ဝင့်ကြွားသံဖြင့် ပြော၏။

“ရမ်းဘိုကုန်းပဲကွာ၊ ဘယ်ခေလိမ့်မတုံး၊ ရှေးတုန်းက မခေသလို ဂဠုန်ဆရာစံမှာလည်း မညံ့ခဲ့ပါဘူးကွ”

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment