Thursday, October 8, 2026

ကြွေ

❝ ကြွေ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

“ပါ ပုပုကလေး ကျလိုက်စမ်း။ ပါ ပုပုကလေးကွ” 

ချွင်ခနဲ မြည်သော အသံ၏ အဆုံးတွင် ပဆစ်ဝိုင်း တစ်ခုလုံး ဝါးခနဲ ဖြစ်သွားလေ၏။ ကြွေပန်းကန်ထဲတွင် ကြွေစေ့ခြောက်စေ့အနက် တစ်စေ့သာ မှောက်ပြီး၊ ငါးစေ့ လန်နေသောကြောင့်ပေတည်း။

ငါးစေ့ကို အစိတ်ဟု ခေါ်သည်။ တစ်နည်းအားဖြင့် နိုးသည်လည်း ခေါ်၏။ နိုးလျှင် တစ်ပိုတို့ ရသည်။ တစ်ပိုတို့ ဆိုသည်မှာ (၂၅) ကွက်အပြင် အပို တစ်ကွက် ရွှေ့ခွင့်ရခြင်း ဖြစ်ပေ၏။ ယခု ကျော်ထွန်းတို့ ဘက်တွင် ရွှေ့စရာ ဟူ၍ ဝင်နေပြီ ဖြစ်ရုံမက ပြီးစီးရန် တစ်ကွက်သာ လိုတော့သော ပိုတစ်ပိုတည်းသာ ကျန်တော့၏။ ထိုပိုသည် မျက်မြင်တွင် တစ်ကွက်သာ ရှိတော့သော်ငြား ပဆစ်ထုံးအားဖြင့် နှစ်ကွက်စာ ပစ်၍ ရမှ ပြီးစီးမည်။ ထို့ကြောင့် နှစ်စေ့ လန်စေရန် ပါပုပုကလေးကွ ဟု ကျော်ထွန်း အော်ခဲ့၏။ ဟော.. အစိတ် ကျပြီ။ ရွှေ့စရာ မရှိ။ မရှိငြား နိုးသည့် အတွက် တစ်ကွက်သာ ရွှေ့ပေတော့။

“ဟား... ဟား... ဟား... ကန်းပြီကွ၊ ကျားကန်း နှိုက်မယ်ဟေ့”

တစ်ဖက်အုပ်စုမှ ထွန်းမှုန်က ဝမ်းသာအားရ ထအော်၏။ ‘ပို’  သို့မဟုတ် ‘ကျား’  သည် နှစ် သုံး လေး ကျရန် လွယ်၍ တစ်ဆယ် အစိတ်စသော ပို တို့ခွင့်ရသော ‘နိုးမှု’ နှင့် ကြုံရန် ခက်သည်။ ကန်းသော ကျားမှာ နောက်ထ ပ်နိုးမှ ကျွတ်လွတ်ပြီးစီးမည်။

သို့ကြောင့် ပြီးစီးရန် ခြောက်ပို ကျန်သေးသော ထွန်းမှုန်က ဝမ်းသာအားရ ထအော်ခြင်းဖြစ်၏။ သူတို့မှာ သည်အခွင့်အရေးသာ မျှော်လင့်စရာရှိတော့၏။ သို့မဟုတ်ပါက အပြတ်အသတ် ရှုံးပြီ။ 

“ကိုဘညိန်း ကြမ်းကြမ်း ချဗျာ။ ကြမ်း ကြမ်း”

ကျော်ထွန်းက အားကျမခံ သညာပေးသည်။ ကိုဘညိန်းက ကြွေစေ့ခြောက်စေ့ကို စုဆုပ်လိုက်သည်။ တစ်ထွာကွာအမြင့်မှ လွှတ်ချကာထုံးစံအတိုင်း လက်ကို ယမ်းလိုက်ရာ မာကျောသောအရာနှင့် ပြေးဆောင့်မိ၏။ ကိုဘညိန်း မော့ကြည့်ရာက ပျာပျာသလဲ အော်၏။

“ဟာ... အဖေ ကန်တော့ ကန်တော့”

ရီးဆေးရိုးသည် ပုဆိုးအစိုကြီး ခြုံလွှားလျက် ကြွေဝိုင်းပေါ်စီးမိုးကာ မျက်စိကို ရှုံ့ပြီး ငုံ့ကြည့်နေ၏။

“ဟာဗျာ.. ကန်းပြီပေါ့ဗျာ”

ကိုဘညိန်း ပစ်လိုက်သော ကြွေမှာ မလိုကာမှ ပါ ကျသည်။ ကိုဘညိန်း၏ ဘက်သားများက လိုစဉ်က မလာဘဲ၊ မလိုခါမှ လာသော ‘ပါ’ ကို ဆဲရေးနေကြ၏။

“ငါလည်း ကြွေအန်ပါစေဆိုပြီး မြှောက်ချတာ။ အန်စေချင်ကာမှ တစ်စေ့မှ မဖိတ်ဘူး”

ကိုဘညိန်းက မချင့်မရဲ ရေရွတ်သည်။

“ညိုကြီး အလှည့်ဟေ့။ ကိုင်း... ရွှေလက်၊ ငွေလက် နိုးလိုက်စမ်းကွာ”

ညိုကြီး ပါဝင်သော ထွန်းမှုန်တို့မှာ ၁၂ ပိုတွင် တစ်ပိုသာ ပြီးစီးသေးသည်။ ပို ငါးပိုမှာ ပြီးစီးရန် အသင့်ဖြစ်နေပြီ။ သို့ဖြစ်ငြား ခြောက်ပိုမှာမူ ပြေးလွှားဆဲ ရှိသေးသည်။ ကိုဘညိန်းတို့ ဘက်တွင် ပို ကန်းပါက ကျားကန်းနှိုက်ရန် စီပြီး စောင့်နေသည်မှာ သုံးကောင်တိတိ ရှိ၏။ ညိုကြီး ပစ်သည်။ ကြွေပန်းကန်တွင်းသို့ ကြွေစေ့ ခြောက်စေ့ ခုန်ဆင်းသံသည် လွင်လွင်ကလေး ထွက်ပျံလာ၏။ ထွန်းမှုန်တို့မှာ ပန်းကန် ဆိုင်းနှယ် သာယာသောသည်အသံကို သတိမထားနိုင်။ ကြွေနိုးရေးသာ အဓိက ဖြစ်သည်။

“ဟုတ်ပြီကွ.. ဟုတ်ပြီ”

ကြွေစေ့ ငါးစေ့ မှောက်နေသဖြင့် ထွန်းမှုန် ဝမ်းသာအားရ အော်၏။ သို့သော် ကြွေစေ့တစ်စေ့မှာ မငြိမ်သေး။ ချာလည် လည်နေသေးသည်။

“လန်လိုက်စမ်း။ လန်... လန်”

တစ်စေ့လန်လျှင် တစ်ဆယ်ကျကာ နိုးမည်ဖြစ်သောကြောင့် ခင်မောင်လေး၊ သာစိန်၊ ဘမောင်နှင့် ငဦးတို့ ကုန်းအော်ငြား၊ နောက်ဆုံး တစ်စေ့သည် မှောက်သွား၏။ “ဟာ” ဆိုသော အသံကြီး ဟိန်းထွက်၏။

“တစ်ခြောက်ကျတာ ဘာဖြစ်လဲ”

ညိုကြီး ဆက်ပစ်ရာ စိတ်ပျက်သံများပေါ်လာသည်။ လေးစေ့သာ လန်သည်။ လေးကျသောကြောင့် စုစုပေါင်း ဆယ်ကွက်ရွှေ့သည်။ မနိုးသောကြောင့် သတ်ခွင့်မရ။ ကိုဘညိန်း ပါဝင်သော အေးအောင်တို့ အလှည့်ဖြစ်၏။ သူတို့လည်း ကြွေနိုးရေး အဓိကဖြစ်သည်။ အေးအောင်က ချက်ချင်း မပစ်သေး။ ကြွေစေ့တွေကို တစ်စေ့ချင်း စီထပ်နေသည်။

“ဟေ့ကောင် ဟေ့ကောင်၊ ဒီလို မရဘူး။ ရိုးရိုးပစ်” 

သာစိန်၏ ကန့်ကွက်သံဖြစ်၏။

“ငါက ဘာလုပ်လို့လဲ”

“ဟုတ်သားပဲကွ။ မင်းတို့က”

စိန်အုတ်က ကိုယ့်လူ စိတ်တိုင်းကျ ပစ်ခွင့်ရရေး အတွက် အေးအောင်ဘက်မှ ကူ၏။

“မရဘူးကွ.. မရဘူး”

သာစိန်တို့ တစ်ယောက် တစ်ပေါက် ထအော်သည်။ အေးအောင် ပြုံးဖြီးဖြီးဖြင့် ကြွေကို ပြန်ချကာ..

“အိုကွာ ကြွေနိုးတာများ အေးအောင်တို့က မျက်စိ မှိတ်ပစ်တောင် ရပါတယ်။ ကိုင်း တစ်ဆယ်ဟေ့” ဆိုရင်း ပစ်၏။

“ရပါလိမ့်မယ် တစ်ဆယ်ကြီး”

သုံးစေ့သာ လန်သည့်အတွက် မနိုးချေ။ မနိုးသောကြောင့် ကျားကန်း မကျွတ်သေးချေ။

“ကိုင်းဟေ့... ကိုင်းဟေ့၊ သူတို့က တစ်ကောင် သေသွားလည်း အရေးမကြီးဘူး။ တို့က အရေးကြီးတာ”

ထွန်းမှုန် သတိပေးသည်။

ပစ်ရသူမှာ ငဦး။ ငဦးသည် လက်မမြှောက်ဘဲ ကြွေပန်းကန်နှုတ်ခမ်းမှ ကြွေစေ့များ လျှောချလိုက်၊ လက်လေးချောင်းဖြင့် ပြန်ဖမ်းလိုက် လွှတ်ချလိုက်ဖြင့် လေးငါးကြိမ် ကစားပြီးမှ “ပစ်ပြီဟေ့” အော်သည်။ ပစ်ချသည်။ လက်မြှောက်လိုက်သည်။

“အစိတ်ကွ”

ခင်မောင်လေးနှင့် ဘမောင်တို့ သံပြိုင်အော်ပြီး ထခုန်၏။

ငဦးပင် ပစ်ရသည်။ ငါးစေ့လန် အစိတ်။ သို့ဖြစ်၍ ငဦးပင်ဆက်လက်ပစ်ရပြန်ရာ “အစိတ်ကွ၊ တစ်ဆယ်ကွ” ဟု ကိုဘညိန်းတို့ ဝိုင်းအော်ကြ၏။ ထိုနှယ် ဝိုင်းအော်ခြင်းမှာ တစ်ခြောက် တစ်ဗာယာ မခြားဘဲ သုံးကြိမ် ဆက်နိုးပါက တစ်ပွင့်မျှ မရဘဲ ‘ကော’ သွားသော ပဆစ် စည်းကမ်းကြောင့် ဖြစ်၏။ သို့ဖြစ်ငြား ငဦးသည် နှစ်စိတ်နှင့် လေးလုံးကျကာ အလှည့်ကုန် သွားသည်။ ကိုဘညိန်းတို့၏ကျားကန်းမှာ တစ်ပိုတို့ ကာ အသတ်ခံရသည်။ သို့ကြောင့် အလှည့်ကျသော တင်ကြည်က ကြွေကောက်ကိုင်ရင်း မထီတရီ ဆို၏။

“တစ်ဆယ်တို့၊ အစိတ်တို့ မမြင်ဖူးရင် ကြည့်ကြမလား”

“ကြည့်ချင်ပါတယ်ဗျာ။ သုံးလုံး”

ချွင်ခနဲ ပစ်ချလိုက်ရာ အမှန်ပင် သုံးပွင့်သာ လန်၏။ 

“ကိုင်းဟေ့...ကိုင်းဟေ့... အထွက်က စောင့်သတ်ရအောင် တို့ဘက်က နိုးထားမှဟေ့”

ထွန်းမှုန် ဝင်သတိပေးသည်။

ဘမောင် ပစ်သည်။ တစ်ဆယ် နှစ်ကြိမ်၊ တစ်ခြောက် တစ်ကြိမ်၊ အစိတ် တစ်ကြိမ်နှင့် လေးလုံးကျသည်။ ထို့ကြောင့် ကျားကန်းနှိုက်ရန် စောင့်နေသော ပိုများထဲမှ တစ်ပိုကို အစိတ်လေးလုံးဖြင့် ‘ထိုင်’ ထားသည်။ နှစ်ဆယ်နှင့် တစ်ပိုဖြင့်လည်း တစ်ကောင် ထိုင်ထားကာ တစ်ခြောက်နှင့် နှစ်ပို။ အတွင်းကျားများကို ရွှေ့သည်။

“ကြင်မောင် လုပ်ဟေ့”

တစ်ကောင်တည်း ကပ်ပြီး အသတ်ခံထားရသဖြင့် ကြင်မောင်မှာ မရွှင်မလန်းဖြင့် ပစ်သည်။ အစိတ်။ 

“ဟုတ်ပြီ။ ဟုတ်ပြီ၊ တစ်ဖက်ကို ကူးနိုင်အောင် နောက်တစ်စိတ်ဟေ့”

ရီးဆေးရိုး ဝင်အော်၏။

သို့အတွက် “ကလေးတွေထဲ ဝင်မရှုပ်ပါနဲ့ကွ” အော်လိုက်သူမှာ ရီးသာဒွန်း။ သို့သော် ကြင်မောင်မှာ သုံးလုံးသာ ကျသဖြင့် ဟာခနဲ အော်ပြီး ငြိမ်သွားကြ၏။ နိုးလာသော တစ်ကောင်တည်းသော ကျားမှာ အစိတ်သာ သွားနိုင်၏။ သုံးလုံးကို မရွှေ့နိုင်။ ရှေ့က ‘ထိုင်’ ပေါ်တွင် ပြိုင်ဘက်ကျားတစ်ကောင် ရှိနေသောကြောင့် ဖြစ်၏။ ‘ထိုင်’ မှာ ပဆစ်ကွက် တစ်မျက်နှာတွင် နှစ်ခုရှိ၏။ စုစုပေါင်း ‘ထိုင်’လေးခု ရှိ၏။ ထိုင် သည် ကိုယ်ကသာ ထွက်တိုက်နိုင်၍ သူ မဖြိုဖျက်နိုင်သော ခံတပ်သဖွယ် ဖြစ်၏။

သည်ထိုင်ပေါ်တွင် ကောင်ရေ အကန့်အသတ် မရှိ နေနိုင်၏။ သည်ပေါ်ရှိ ကျားကို မသတ်နိုင်။ ဘက်မတူသော ကျားများလည်း ဝင်နေခွင့် မရှိပေ။ သို့ကြောင့် ကိုဘညိန်းတို့ မ ၂၈ ကွက် ရပါလျက် ၂၅ ကွက်သာ သွားနိုင်ချေ၏။ ကိုဘညိန်းတို့၏ တစ်ကောင်တည်းသော ကျားမှာ ရန်သူ နှစ်ဖက်ညှပ်ခံ နေရသည်။ ရှေ့တွင် ၂၈ ကွက် ထိုင်တွင် ရန်သူ။ နောက်က အကွက် ၂ဝ ထိုင် တွင်လည်း ရန်သူ။

“တစ်ဆယ်လေးလုံး တစ်ဆယ်လေးလုံး”

ထွန်းမှုန်သည် ခုန်တော့မည့်ပုံ ထတော့မည့်ပုံဖြင့် အော်၏။ ခင်မောင်လေးသည် ကြွေကို ဆုပ်ယူကာ ခလောက်ခြင်း ပြုခြင်း မရှိ ပစ်ချလိုက်၏။

“ဟာကွာ.. တစ်ဆယ်ပါ ဆိုမှ အစိတ် ပစ်ရသလား။ ကိုင်း.. ကိုင်း လေးလုံးကွာ။ ဟေ့ လေးလုံးကလေး”

ထွန်းမှုန် တသည့်အတိုင်း လေးလုံး ကျပါ၏။ သို့သော် သူတို့မှာ သွားစရာ ကျားက တစ်ကောင်သာ ရှိသည်။ ထိုတစ်ကောင်မှာ အစိတ်လေးလုံး ဆိုလျှင် အောင်မြင်ပြီးစီးမည်။ တစ်ပိုကို အိမ်တွင်းမှ တို့ ရမည်။ သူတို့သည် အကွက်အစိတ် အဆုံးခံကာ လေးလုံးနှင့် တစ်ပို တို့ပြီး တစ်ဖက်ကျားကို သတ်လိုက်သည်။ သတ်လိုက်ရစေကာမူ ရန်သူ၏ အစိတ်ကွက်တွင် တည့်တည့်ကြီး ရောက်နေ၏။ သို့ကြောင့် ကိုဘညိန်း က အားတက်သရော ပြောသည်။ 

“စိန်အုတ် အစိတ်ချ၊ အစိတ်... အစိတ်”

စိန်အုတ် ပစ်သည်။ တစ်ပွင့်။

ကိုဘညိန်းတို့ ဘက်သားများ ပွက်လောရိုက်နေကြ၏။ “အစိတ် လာစမ်းပါဦး။ အစိတ် အစိတ်" အော်ကြ၏။

စိန်အုတ် ဆက်ပစ်သည်။ တစ်ပွင့်ပင်။

“ဟုတ်ပြီကွ။ လေးပွင့် လေးပွင့်၊ ခပ်ကြမ်းကြမ်းကလေးဟေ့”

ချွင်ခနဲအသံဆုံးတွင် ကိုဘညိန်းတို့ တအား ထ အော်ကြ၏။ တစ်ဆယ် နှစ်ကြိမ်၊ လေးပွင့် တစ်ကြိမ် နှင့် တစ်ပိုသည် အစိတ်ပင်တည်း။

“ချိုတယ်ဟေ့... ချိုတယ်ကွ။ ကျရင့် (ကျားရင့်) ကြီးကိုသတ်လိုက်ရတာ အရသာရှိလိုက်တာ၊ အရသာ ရှိလိုက်တာကွာ”

ရီးဆေးရိုးမှာ စိတ်ပျက်သွား၏။

သူသည် ပဆစ် ပစ်လိုသောကြောင့် သည်နေရာသို့ ရောက်ခဲ့ခြင်းဖြစ်၏။ တစ်ဖက်ဖက်က အားနှင့် အင်နှင့် တစ်ဖက်သတ် ဖိနှိပ်မှ ဝိုင်းမြန်မြန် သိမ်းမည်။ ယခု ဝိုင်းလည်း ရှေ့ပိုင်းတွင် တစ်ဖက်သတ်ဖြစ်ခဲ့ငြား ယခုကဲ့သို့ ဘတစ်ပြန် ကျားတစ်ပြန် သတ်နေလျှင်ကား သက်ဆိုးရှည်ချေရော့မည်။ ဝိုင်းတော်တော်နှင့် မပြတ်လျှင် စောင့်နေသူများတော်တော်နှင့် ကစားခွင့်ရဦးမည် မဟုတ်။

ထွန်းမှုန်တို့၏ ကျားတစ်ကောင် ကျသွားလျှင် ရီးဆေးရိုးမှာ အပြင်သို့ မျှော်ကြည့်မိသည်။ မျက်စိ ကျိန်းမတတ် တောက်ပနေသော ကောင်းကင်ပြာကြီးကို အိမ်တံစက်မြိတ်အောက်တွင် မြင်ရသည်။ လဲပေါက် တစ်ပေါက်သည် ပျင်းရိစွာ ခရီးနှင်လျက်ရှိသည်။ တောင်လေအသင့်တွင် မြောက်ဘက်သို့ လွင့်လာခဲ့ရငြား အနောက်လေ အပင့်တွင်ကား အရှေ့ဘက်သို့ လွင့်ရပြန်သည်။

လဲပေါက်၏ ပျင်းရိဖွယ် ခရီးစဉ်ကို ဥသြငယ်က သူ့တေးဖြင့် ဖြေဖျော်ပေးနေသည်။ ပူလောင်လွန်းသော နွေတစ်ကွင်းတွင် သူတစ်ကောင်တည်းသာ အလှအချို အသာအယာကို ပေးစွမ်းနိုင်သော ဥသြငယ်။

ရီးဆေးရိုးမှာ လဲပေါက်နောက်သို့ ကြာကြာ မလိုက်နိုင်။ ချက်ချင်း မျက်နှာလွှဲကာ နေရိပ်ကို ကြည့်သည်။

“ကြည့်စမ်း၊ အခုမှ မွန်းတိမ်းသာသာပဲရှိပါသေးသလား” 

အချိန်အားဖြင့် စောစီးသေးငြား ရမ်းဘိုကုန်း တစ်ရွာလုံး ဆွေ့ဆွေ့ခုန်နေပြီ။ လေပြည်ကလေး လှုပ်မှသာ ဖုန်နှင့် အမှိုက်များ လှုပ်ရှားသည်မှအပ ရှင်းလင်းသွေ့ခြောက်နေသောလမ်းတွင်လည်း လူသူ မရှိ။ ခွေးနှင့် နွားသော်မျှ မလာ မသွား။

“သည်နေရဲ့ဒဏ်ကို နှမ်းပင်နဲ့ ဝါပင်တွေပဲခံနိုင်မှာပဲ” 

သည်အတွေးနှင့်အတူ ရီးဆေးရိုး၏ စိတ်သည် လယ်ပြင်သို့ ရောက်သွားချေသည်။ အကောတန်းတွင် လိမ်ကွေးနေသော ဝါပင်များ၊ ကြားလိုက်လည်း မတက်၊ ဆေးဖျန်းလည်း မထူးခြားသော အကောတန်း၏ တစ်ဖက်အဝှန်းတွင်မူ နှမ်းခင်းများ။ သီးရှဉ်းများတက်စ နှမ်းခင်းသည် မိုးကို မျှော်နေပြီ။ သည်နှမ်း အောင်ပါမှ ဝါစရိတ် ‘ထေ’ နိုင်ပေမည်။

အတွေးတွင်းသို့ မိုးလိုနေသော နှမ်းခင်း ဝင်ရောက်လာသည့်ခဏ၌ ရီးဆေးရိုးမှာ မိုးပြာပြာသို့ မော့ကြည့်မိ၏။ တိမ်နှင့်တူသောအရာ မှုန်မှုန်ကလေးမျှ မရှိ။ ရီးဆေးရိုး သက်ပြင်းချ၏။ မြောင်းထဲတွင် ရေရှိခိုက်ကလေး ရေသွင်းလိုက်ရသော် ကောင်းမည်လော။ တွေးရင်းတွေးရင်းနှင့် အာရုံသည် လယ်ပွဲထိပ်သို့ ရောက်သွား၏။

“အင်း.. လွှတ်ထားတဲ့ နွားတွေလည်း နေပူတာနဲ့ လယ်ပွဲထိပ်ကညောင်ပင်ရိပ်မှာ ပြည့်နေရောပေါ့။ အို.. မဟုတ်သေးပါဘူး။ နှမ်းခင်း ရေလှဲရ ကောင်းမလား စိတ်ကူးရာက ဘယ်လိုက ဘယ်လို ညောင်ပင်အောက် ရောက်သွားရပါလိမ့်”

ရီးဆေးရိုး၏ အတွေးမှာ ချာချာလည်နေ၏။

“အို..ဘာပဲဖြစ်ဖြစ် နက်ဖြန်တော့..”

သို့စဉ်တွင် နားရွက်တွင်းမှာ ယားကျိကျိခံစားရသောကြောင့် အတွေးပြတ်သွား၏။ နားကို လက်ညှိုးဖြင့် ထိုး၏။ ပိုးကောင် မဟုတ်။ အမှိုက် မဟုတ်။ လက်ညှိုးထိပ်တွင် ချွေးရွှဲနေ၏။

ရီးဆေးရိုးမှာ ထိုအခါကျမှ ချွေးပြိုက်ပြိုက်ကျနေသော ကိုယ့်အဖြစ်ကို သတိထားမိသည်။ ချွေးသုတ်ရန် ကျောပေါ်မှ ပုဆိုးကို ဆွဲခွာသည်။ အေးသောနေရာနှင့် သုတ်ရန်အတွက် ရေစိုသောအပိုင်းကို လှည့်၍ လှည့်၍ ရှာကြည့်၏။ မရှိ။ ပကတိခြောက် ကြွပ် ပြီ။ စောစောကမှ ရေချိုးပြီး ရေစိုပုဆိုးကို ကျောတွင် လွှားလျက် သည်ပဆစ်ဝိုင်းသို့ လာခဲ့သည်။ အရိပ် ထဲမှာပင် သည်ပုဆိုး ခြောက်သွေ့နေပြီ။

“အင်း.. ဒါလောက် ပူမှတော့၊ အေးလေ ဟုတ်ပါတယ်။ ရေသွင်းလိုက်တာပဲ ကောင်းပါတယ်”

လာပြီး တွန်းသူများ တိုးသူများနှင့် အုန်းအုန်းကျွက်ကျွက်အသံကြီးကြောင့် ရီးဆေးရိုး၏ တစ်ကိုယ်တော် အတွေးမှာ ပျက်ပြယ်လေ၏။

“အံ့ရောဟေ့... အံ့ရော”

ရီးသာဒွန်းသည် ရီးဆေးရိုးကိုတွန်းရင်း ဖင်ဆောင့် ရယ်၏။ ရယ်ရသည့် အကြောင်းရင်းမှာ ထွန်းမှုန်တို့၏ အဖြစ်ဆိုးကြောင့် ဖြစ်၏။ သူတို့အား ကိုဘညိန်းတို့၏ တစ်ကောင်တည်းသော ကျားက တစ်ကြိမ် ပြန်သတ်ကာ အလွတ်ရုန်းသည်။ သေသွားသော ကျားက ထိုအလွတ်ရုန်းပြေးသော ကျားကို လိုက်သတ်ပြီးနောက် အိမ်တွင်းသို့ ဖြောင့်တန်းလျင်မြန်စွာ ဝင်ပြေးနိုင်ခဲ့၏။

ကိုဘညိန်းတို့မှာ တော်တော်နှင့် မနိုးပေ။ ယခု ဝေါခနဲ ဖြစ်ချိန်၌ ထွန်းမှုန်တို့တွင် သုံးကောင်သာ ကျန်တော့၏။ တစ်ကောင်က လေးပွင့် ကျလျှင် အောင်မြင် ပြီးစီးမည့် ‘လေးပြီး’ ၊ နောက်တစ်ကောင်က ‘သုံးပြီး’၊ နောက်ဆုံးတစ်ကောင်က ‘ပါပြီး’ ။ ထိုအချိန်တွင် တစ်ကောင်တည်းသာ တစ်ပြီး ကျန်သော ဘက်မှလည်း လုံးဝ မနိုးသဖြင့် ပိုပင် မတင်နိုင်။ သုံး နှစ်ပွင့် ကျသဖြင့် ထွန်းမှုန်တို့ ‘ပါပြီး’ တစ်ကောင် ပြီးသွား၏။ နောက် တစ်ယောက် ပစ်သောအခါ ပါပင် ကျသည်။ ထို့ကြောင့် ‘လေးပြီး’ ကို ရွှေ့လိုက်ရာ ‘ပါပြီး’ ဖြစ်သွားလေ၏။

ကိုဘညိန်းတို့ လုံးဝ မနိုးသေးချိန်တွင် သူတို့ ပြီးနိုင်ခြေရှိပါလျက် ကြွေအကျ ညံ့လှသည်။ ‘ပါပြီး’  နှင့် ‘သုံးပြီး’  ရှိပါလျက် အစိတ်နှင့် လေးပွင့်ကျသည်။ တစ်ပိုသာ တို့နိုင်ရာ၊ နှစ်ကောင်လုံး ‘ပါပြီး’ ဖြစ်ကုန်ပြီး တစ်ကောင် အကန်းတွင် ကိုဘညိန်းတို့ ဘက်မှာ အစိတ်ကျလျက် နိုးလာသည့်အတွက် သောသော ရုတ်ရုတ် ဖြစ်ကုန်လေ၏။ “တစ်ခြောက်ကျစမ်းကွာ။ တစ်ခြောက်” ထိုသို့ ‘တ’ ဆဲမှာပင် ခြောက်လုံးလုံး မှောက်ပြီးကျရာ အုန်းခနဲ ဖြစ်သွားကြပြန်လေ၏။

“နိုးလိုက်စမ်းပါဦး၊ တစ်ခါတည်း တစ်ခါတည်း” 

အဆင်ပြေနေသည့်အတွက် ပါးစပ်မှ မြည်ရွတ်သည့်အတိုင်း နိုးလာ၏။ နိုးသမှ အစိတ်။

“ဘာမှ မလိုချင်ဘူး။ ပါကျဟေ့ ပါ... ပါ...” 

ကိုဘညိန်းတို့ဘက်မှ ထိုသို့ အော်သည့်နည်းတူ ထွန်းမှုန်တို့ကလည်း “ပါက လွဲရင် ကျချင်တာ ကျဟေ့” အော်ကြသည်။ ကိုဘညိန်းမှာ တစ်စိတ်နှင့် တစ်ခြောက်တွင် ကန်းနေသော ကျားနှင့် မျဉ်းခြားလျက် နှစ်ကွက် အကွာသို့ ရောက်လာပြီ။ နှစ်ပွင့် လန်ကာ ပါ ကျမှ ကျားကန်းနှင့် အတည့် ကျမည်။ ထပ်မံပြီး တစ်ကြိမ် နိုးထားသည့်အတွက် တစ်ပို တို့နိုင်ခွင့်ရှိရာ၊ တစ်ပို တို့၍ သတ်ကာ ထိုအစိတ်ဖြင့် ပြန်ထွက်မည်။ ထို့ကြောင့် ပါ လိုသည်။ ပါ မကျလျှင် မသတ်နိုင်။ 

“ဟေး ပါ ပုပုကလေးကွ”

ကိုဘညိန်း ဖင်ကြွပြီး ပစ်သည်။ ကြွေပွင့်အားလုံး လန်သည်။

“တစ်ဗာယာ၊ ကောင်းတယ်ဟေ့... ပစ် ပစ်”

“ပါပုပုလေးဟေ့”

“လေးလုံး၊ သုံးလုံးဟေ့”

ပါ တောင်းသူက ကိုဘညိန်း။ လေးလုံး သုံးလုံး တောင်းသူက ထွန်းမှုန်တို့ အဖွဲ့သားများ။

ချွင်သံ အစဲ၌ လန်နေသည်မှာ နှစ်ပွင့်။ သို့သော် လန်ပြီးမှ ပြန်မှောက်သွားရာ တစ်ဆယ် ဖြစ်သွားလေ၏။ ဝိုင်းမှာ တဝေါဝေါ တအုန်းအုန်းဖြင့် ပိုပြီး ဆူနေလေပြီ။

“ဟေ့ ပါပုပုလေးကွ”

ဝါးခနဲ အသံကြီး ဆူသွား၏။ ကိုဘညိန်းတို့ တောင့်တသော နှစ်ပွင့် လန်လျက် ကြွေငြိမ်သွား၏။ သို့ဖြင့် ထွန်းမှုန်တို့၏ ကျားကန်းမှာ တစ်စိတ် တစ်ခြောက် တစ်ပါနှင့် တစ်ပို ဖြင့် အသတ်ခံရသည်။ သတ်သောကျားသည် တစ်စိတ်တစ်ဗာယာဖြင့် အဝင်ဝ ထိုင်သို့ ရောက်သွား၏။ သို့သော် မကုန်သေးပေ။ တစ်ဆယ်နှင့် တစ်ပို ရှိသေးသည့်အတွက် ထွက်လာရင်းနေရာသို့ ပြန်ဝင်သွားရာ သွား၍ အဆုံးတွင် ကျား ကန်း ဖြစ်သွားလေ၏။

သည်ပုံ တထူးတဆန်း အံ့ဘနန်းအဖြစ်ကို ရီးဆေးရိုး မြင်စေလိုသောကြောင့် ရီးသာဒွန်းက တွန်းထိုးပြီး သတိပေးခြင်းဖြစ်၏။ ဝိုင်းမှာ တဝါးဝါး တဟားဟား ဖြစ်ကာ တော်တော်နှင့် မငြိမ်။ ဝိုင်းငြိမ်ချိန်တွင် ထွန်းမှုန်တို့၏ အသတ်ခံရသော ကျားမှာ နိုးမလာသော်ငြား ကိုဘညိန်းတို့ဘက်မှ ကျားကန်းမှာ နိုးသွားလေပြီ။

“ကြွေတစ်လက် ကြက်တစ်ခုန် ဆိုတာ ဒါပဲကွ။ ကိုင်း ဆေးရိုးလာဟေ့”

ခွင်သစ်စရန်အတွက် ရီးသာဒွန်းက ရှေ့တိုးထိုင်ရင်း ရီးဆေးရိုးအား လှမ်းခေါ်၏။ ရီးဆေးရိုးလည်း တပြုံးပြုံးဖြင့် ရှေ့တိုးထိုင်ကာ သူ့ဘက် ကိုယ့်ဘက် လူခွဲသည်။ မကစားရသေးသူများ တစ်ဖက်လျှင် ခြောက်ယောက် စီရသည်။

“ကိုင်း.. ဆေးရိုး ပစ်ဟေ့။ မင်းတို့ပဲ ဗွေဆော် ပေါ့ကွာ”

ရီးဆေးရိုးသည် ကြွေစေ့ ခြောက်စေ့ကို လက်ခုပ်တွင်း၌ ခလောက်ရာက အိမ်ရှေ့သို့ မျက်စိ ကစားမိ သည်။ ရှည်လျားသော အရိပ်များနှင့် တံစက်မြိတ်မှ ဝင်လာသော နေခြည်တန်းကြီး။

“နက်ဖြန် နှမ်းခင်းကို ရေလှဲချင်ရင် ကနေ့ သွားပြီး အကဲခတ်ထားဦးမှပေါ့”

သည်အသိ ဝင်သော ခဏတွင် ရီးဆေးရိုးမှာ ကြွေစေ့များကို အသာချပြီး ထရပ်၏။

“နေတောင် တော်တော်စောင်းသွားပြီပဲ၊ သွားဦးမှဟေ့”

ရီးသာဒွန်း မည်သို့ ရေရွတ်ကျန်ခဲ့သည်ကိုပင် ရီးဆေးရိုး နားမစွင့်အားပါ။ လယ်ပြင်ဘက်သို့ သုတ်ခြေတင်ခဲ့ချေပြီ။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment