❝ စုန်ရေထဲမှာ နစ်မြုပ်သွားတဲ့ စေတနာ ❞
( ဇော်သစ် - စကုကျွန်း )
“ဟင်းစုံရမယ်”
အိမ်ရှေ့က ဈေးသည်တစ်ဦး၏ အော်သံကြောင့် အိမ်ခြံထဲဝင်ခဲ့ဖို့ ကျွန်တော့်ဇနီးက လှမ်းခေါ်လိုက်တယ်။ ကျွန်တော့်ဇနီး ဈေးဝယ်နေတုန်း ဈေးသည်ရဲ့အသံကို ကြားဖူးနားဝရှိသလို ဖြစ်မိတာကြောင့် ဖက်လက်စ သတင်းစာကို အသာချကာ ဈေးသည်အနား သွားပြီး ကြည့်လိုက်မိတယ်။ အဲဒီတော့မှ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ညောင်ကုန်းရွာက ကျွန်တော်နဲ့ တရင်းတနှီး ဖြစ်ခဲ့ကြတဲ့ ဒေါ်ထွားမေ ဖြစ်နေပါတော့တယ်။ ဒေါ်ထွားမေက ရွာနီးချုပ်စပ်တွေကို တစ်ရွာဝင် တစ်ရွာထွက် ဈေးလည်ရောင်းနေတဲ့ အဘွားကြီး။ အခု ကျွန်တော် တာဝန်ကျနေတဲ့ ရွာနဲ့ ညောင်ကုန်းရွာက နှစ်မိုင်ကျော်လောက်တော့ ဝေးတယ်။ ဒေါ်ထွားမေမှာ အသက်သုံးဆယ်ကျော်အရွယ် သားတစ်ယောက်ရှိတယ်။ ညောင်ကုန်းရွာမှာ ကျွန်တော် နေခဲ့စဉ်တုန်းကတော့ ဒေါ်ထွားမေရဲ့သား ဘာတစ်ခုမှ အလုပ်လုပ်သည်ကို မမြင်မိခဲ့ဖူး။ မိခင်အို ဖြစ်တဲ့ ဒေါ်ထွားမေ မှာသာ အသက်အရွယ်နဲ့ မလိုက်အောင် ဈေးရောင်းရင်း သားကို ရှာကျွေးနေရတယ်။ ခုလည်း ဒီလောက် ခြစ်ခြစ်တောက်ပူပြင်းတဲ့ နွေရာသီကြီးမှာ နှစ်မိုင်ကျော်လောက် ဝေးတဲ့ ခရီးကို လာပြီး ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဒေါ်ထွားမေကို ကျွန်တော် အံ့ဩနေမိတယ်။ ဒါနဲ့ ကရုဏာ သက်ပြီး ကြုံတုန်းကြုံခိုက် ဒေါ်ထွားမေကို ကျွန်တော် နှုတ်ဆက်ရင်း မေးလိုက်မိတယ်။
“အဘွား .. ဒီလောက် ဝေးလံတဲ့ နေရာဒေသကို သွားပြီး ဈေး ရောင်းနေရတာကို အဘွားရဲ့သားက ဘာမှ မပြောဘူးလား”
ကျွန်တော် မေးလိုက်တဲ့စကားကြောင့် ဒေါ်ထွားမေတစ်ယောက် မျက်ဝန်းမှ မျက်ရည်များ ဝဲလာကာ
“ဘာပြောမှာလဲကွယ်၊ အဘွား ဒီရွာဘက်ကို ဟင်းလာရောင်းတာကို သားလေးတောင် သိလိုက်မယ် မထင်ဘူး”
“ဗျာ”
အရွယ်နဲ့ မလိုက်အောင် ဆင်းရဲပင်ပန်းစွာနှင့် တစ်ရွာဝင်တစ်ရွာထွက် ရွာနီးချုပ်စပ် ဟင်းသီးဟင်းရွက်ရောင်းစားနေတဲ့ အဘွားကြီးကို ကြည့်ပြီး မိခင်တစ်ယောက်ရဲ့ ကျေးဇူးကို နားမလည်တဲ့ ဒေါ်ဘွားမေရဲ့သားကို မြင်ယောင်မိတိုင်း ကျွန်တော် ဒေါသဖြစ်ပြီး ပြောလိုက်မိတယ်။
“တောက်... ဥမမည် အရွယ်ကနေ ဆံပင်ဖြူတဲ့ထိ ပြုစုလာခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ကျေးဇူးကို နားမလည်ဘဲ ဥပေက္ခာပြုထားတာတော့ မကောင်းပါဘူးဗျာ။ ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘယ်နေရာမဆို သူ့ဆန်နဲ့သူ့အိုးလောက်တော့ လုပ်လို့ကိုင်လို့ ရနေကြပြီ။ အလုပ်လုပ်မှ စားရသောက်ရမယ် ဆိုတာ မသိဘူးလား။ ဪ ဒါနဲ့ အဘွားက ကိုယ့်သားကို အလုပ်လုပ်ဖို့ တစ်ခါမှ မပြော ပြဘူးလား”
ကျွန်တော် အဲလို ပြောမိတော့ စိုနေတဲ့ မျက်ရည်ကို လက်နဲ့သုတ်ပြီး ဒေါသရောင်သန်းသွားတဲ့ မျက်နှာထားနဲ့ ဒေါ်ထွားမေ ပြောလိုက်တဲ့စကားက
“ဟင်.. နင်တို့က ငါ့သားကို နေပူထဲမှာ ပန်းရန်လုပ်၊ ဆိုက္ကား နင်းတာကို မြင်ချင်တွေ့ချင်နေကြလို့လား” တဲ့။
▢ ဇော်သစ် (စကုကျွန်း)
📖 မဟေသီ မဂ္ဂဇင်း
မတ်လ ၊ ၂၀၁၅
No comments:
Post a Comment