❝ ကြီးမှ ဝက်ခြံ ပေါက်တတ်သည်❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
ရီးကျီးဒန်သည် မျက်လုံးအစုံကို ရှုံ့တွထား၏။ သစ်ခေါက်မျက်နှာကြီးသည် ရီးဆေးရိုး၏ မျက်နှာသို့ တိုးကပ်လာ၏။ နီးသည်ထက် နီးလာ၏။ ရီးဆေးရိုးသည် နောက်သို့ ယို့ပေးရာက၊ ဘေးသို့ တိမ်းငဲ့ပေးရာက မာန်မဲ၏။
“သည်အဘွားကြီး ဘာဖြစ်တာတုံး”
ရီးကျီးဒန် အတိုးအကပ် ရပ်တန့်သွားငြား သူငယ်အိမ် ကျဉ်းကျုံ့မှုကား ပြေပျောက်မသွားသေး။
“တော့်ပါးမှာ ဘာလဲ၊ ဝက်ခြံမဟုတ်လား”
ရီးကျီးဒန်က သေသေချာချာ ညာဘက်လက်ဖြင့် ဘယ်ဘက်ပါးကို လက်ညှိုးထိုး ပြသည်။ ရီးဆေးရိုး စမ်းကြည့်၏။ အတွန့်အခေါက် ကြားထဲက လုံးလုံးကလေး။ ပါးအို့အဖြစ် တစ်ချိန်သောအခါက လုံးထစ် အစ်ထစ်နေခဲ့သော နေရာမှာ ယခုသော် အရိုးချွန်းချွန်းကြီး ငေါနေပြီ။ သည်အငေါ၏ အောက်ဘက်နားတွင် နှမ်းစေ့အရွယ် အဖုကလေး။
“အေးဟ၊ ဟုတ်သလား မသိဘူး”
“ညှော်သင်း မမိခင် ထုံးကလေး၊ ဘာကလေး တို့ထားဦး။ ပေါ့မနေနဲ့ တော်ရဲ့”
“အေး... ဟုတ်သဟ”
ဟုတ်သဟဆိုလျှင် လက်ငင်းဟုတ်သည်မှာ ရီးဆေးရိုး၏ဉာဉ်။ ထို့ကြောင့် သောက်လက်စအကြမ်း ပန်းကန်ကို တင်ခုံပေါ်ချ၏။ ထုံးအိုး ထားနေကျ သောက်ရေအိုးဘက်သို့ လာခဲ့သည်။ သောက်ရေအိုးသည် တစ်ပေါက်ချင်း စိမ့်ယိုသည်။ ထုံးအိုးမှာလည်း အခြောက်ခံ၍ မဖြစ်။ သို့ဖြင့် ထုံးအိုးနှင့် သောက်ရေအိုးသည် တွဲဖက်နေလေ့ရှိပေတော့၏။
••••• ••••• •••••
၂
ရေအိုးစင်အောက်တွင် ထုံးအိုးရှိ၏။ သို့ရာတွင် ရေအိုး စင်မှာ ရှင်းရှင်းလင်းလင်း မရှိ။ နန်းခုတ်ပြီး သိပ်ထားသော ‘နန်းသိပ်’ စဉ့်အိုးကလေးတွေ ရဲနေသည်။ သရက်သီးထည့်သော တောင်းများ၊ စဉ်းတီတုံးနှင့် ဓားကြီး၊ ဓားလတ်။ ဓားကို ခြေဖျားနှင့်မတိုက်မိအောင် သေချာစွာ ငုံ့ကြည့်ရ၏။ ရေအိုးစင် အောက်သို့ မီလောက်သည့် အနေအထားသို့ ရောက်လာသည်။ ခါးကုန်းပြီး လက်အလှမ်းတွင်...
“အဘိုးကြီး၊ အဘိုးကြီး"
အရေးတကြီးအသံဖြင့် အပေါ်သို့ ရီးကျီးဒန် ရောက်လာသည်။
“ရွာထဲမှာ လည်ပြီး ငထင်လေ စပါးရောင်းနေသတဲ့။ ကိုသောင်းဖေပဲ အခု ပြောသွားတယ်။ အဲဒါ... အဲဒါ ကျုပ်တို့ဟာ”
“ဟေ” ခနဲ အော်ကာ ရီးဆေးရိုး ခါးဆန့်၏။
ကိုယ့်ဥစ္စာ ဟုတ် မဟုတ် အတပ် မသိသေးငြား ရီးဆေးရိုးမှာ ထိတ်ခနဲ ခံစားရပြီ။ ကိုယ့်ဥစ္စာကလည်း ဖြစ်နိုင်ခြေရှိသော နေရာတွင် ထားမိသည် မဟုတ်လား။ ရီးဆေးရိုးသည် ပုဆိုးကို ပြင်ဝတ်ပြီး ရေအိုးစင်ဘေးမှ ခွာသည်။ ဝိုင်းအပြင်ဘက်သို့ ခြေဦးတည့်သည်။
“နေပူနေပြီ။ ခမောက် ယူသွားဦးလေ” ပြောသည်ကို ရီးဆေးရိုး မကြားပါ။ သူ သိသည်က ငါ့ဟာ.. ငါ့ဟာ။
ရီးကျီးဒန်သည် ကပြင်ရှိ ပုဆိုးစုတ်နှင့် ခမောက်ကို ဆွဲယူသည်။ အပြေးလိုက်လာပြီး ရီးဆေးရိုး၏ ပခုံးပေါ် တင်ပေး၏။ ခေါင်းပေါ် စွပ်ပေး၏။ ရီးဆေးရိုးကား သံပတ်တင်းနေသည့်စက်ရုပ်အလား ကောက်ရိုးပုံဘက်သို့ တစ်ချိုးတည်း သွန်ခဲ့လေ၏။
ကောက်ရိုးပုံကို ခြံခတ်ထားသည်။ ခြံကို ကင်ပွန်းခါးဆူး အုံထားသည်။ ထိုသို့ ကာရံထားရငြား ကောက်ရိုးပုံမှာ အမြင့်အမားကြီး မဟုတ်တော့ပါ။ ဒူးဆစ်အမြင့်မျှသာ ရှိပါတော့သည်။ လာစဉ်က ဒေါနှင့် မောနှင့် ဇောနှင့် လာခဲ့သည်။ ကောက်ရိုးပုံ ဘေးတွင် ရပ်မိချိန်ဝယ် ရီးဆေးရိုး သွေးငြိမ်စပြုသည်။ ဆင်ခြင်စဉ်းစားနိုင်စိတ် ဝင်စပြုလာပြီ။ ကောက်ရိုးပုံသည် အနေအထား မပျက်ပါ။ အခြေသိမ်းထားသော အစင်းကြောင်းကြီး ရှိမြဲ ရှိနေသည်။ ဖရိုဖရဲ ဆွဲယမ်းထားသည့် အရိပ်အယောင် လုံးဝမရှိ။
ဤကောက်ရိုးတွေကို နွားစာအတွက် အသုံးပြုရဦးမည်။ သို့ဖြစ်လျှင် စဉ်းရဖြတ်ရသည်မှာ မရှောင်လွဲသာ။ နန်းတိုင်တွင် ထိုးသွင်းမည့်၊ ခုတ်စဉ်းမည့် ကောက်ရိုးသည် အစီအစဉ်တကျ ဆွဲနုတ်ထားသော ကောက်ရိုးမှသာ အဆင်ပြေ၏။ ဖရိုဖရဲ ဖြစ်နေသော ကောက်ရိုးချပ်ကို ခုတ်ဖြတ်စဉ်းပါက တိုသည်က တို၍၊ ရှည်သည်က ရှည်ပြီး နွားမစားဘဲ နေလိမ့်မည်။
သို့ကြောင့် အချပ်လိုက် ဆွဲခွာမည် စိတ်ကူးကို ပယ်သည်။ ခမောက်ဆောင်းပြီး ဦးစွာ ကောက်ရိုး ကြိုးကျစ်သည်။ လက်တွင်း တစ်ဆုပ်စာကို အမျှင်မပြတ်အောင် ဆွဲလိမ်သည်။ တဖြည်းဖြည်း ရှည်အောင် ဆွဲရင်း လိမ်လာရာ သုံးလိမ်ခန့်သာ ရသည်။ ဆက် ကျစ်၍ မရပြီ။ အုံကြီးပါ ကြွကြွပါလာစပြုပြီ ဖြစ်သောကြောင့်တည်း။ ရီးဆေးရိုးသည် ကြိုး၏ အလိမ် မပြေစေရန်၊ ‘ကြက်တွန့်’ မတက်စေရန် မြေကြီးခဲဖြင့် ဖိထားပြီးမှ ကောက်ရိုးနုတ်သည်။ အပုံကြီးကို နုတ်သည့် နည်းဖြင့် ပါသမျှကို အားပါးတရ မနုတ်ရဲပါ။ အချပ်ကြီး ကြွမလာစေရန် နည်းနည်းချင်းနုတ်ရသည်။ တစ်နိုင် တစ်ရွက်စာ ရလိုက်၊ ကြိုးကို ဖြတ်ပြီး ထုံးလိုက်၊ ဆက်နုတ်လိုက် လုပ်ရာ နှစ်ထုံးသာသာမျှသာ စိတ်တိုင်းကျရသည်။
တတိယအထုံးကို စိတ်တိုင်းကျ မရပြီ။ တစ်ပွေ့စာ နုတ်အပြီး၌ အုံကြီးအချပ်ကြီးကို ဆွဲယူပြီး ထုံးနှောင်ရတော့သည်။ ရီးဆေးရိုး ဆွဲခွာလိုက်သော ကောက်ရိုးချပ်ကြီး အောက်၌ စပါးမှုန်များ၊ စပါးမှော်များ။
ဤသည်အောက်၌ကား ဂုန်အိတ်အဟောင်းများ၊ ဖျင်အိတ်များ။ တစ်တင်းဝင်အိတ်များကို ရီးဆေးရိုး တစ်ခေါက်ချင်း သယ်သည်။ ဇောကြောင့် မောရမှန်း မသိ။ ကောက်ရိုးသုံးထုံး သယ်ပြီးချိန်တွင်ကား မောရမှန်း သိပြီ။ နန်းတိုင်ဘေးတွင် ခြေပစ်လက်ပစ် ထိုင်သည်။
“တော်ပါသေးရဲ့တော်၊ အခုမှပဲ ရင်ထိတ်ပျောက်တော့တယ်”
ရီးကျီးဒန် ရွှင်သွက်စွာပြောစေကာမူ ရီးဆေးရိုး အမောမပြေ။
“ငါ တယ် သက်သက် အလုပ်ပိုတာ။ လူကို ဖားဖားဝေနေတာပဲ”
ရီးဆေးရိုး ဆဲရေးတိုင်းထွာခြင်းဖြင့် ညည်းတွားသည်။ ထိုအခါ သူ့အဘိုးကြီးအား အဘယ်ပုံ ချော့ရမည်ကို ရီးကျီးဒန် သိသည်။ အကြောကိုသိသည့် အလျောက်...
“ရေနွေးကျကျကလေး သောက်လိုက်ပါဦး။ အမောပြေပေါ့” ဆိုကာ ရေနွေးကရားရော ပန်းကန်ပါယူ လာသည်။ ငှဲ့ပေးသည်။ သည်မျှဖြင့် မတန့်ဆိုင်းသေးပါ။ မန်ကျည်းပင်ခြေရင်းတွင် ချထားသည့် ဆေးလိပ်တိုကို ပြေးယူကာ မီးညှိ၏။ မီးညှိသည် မီးစွဲသည် မည်ကာမတ္တ မဟုတ်စေရ။ ဆေးလိပ်၏ မီးမျက်နှာပြင် ညီဝန်းနေစေရန် ဖွာသည်။ ပါးစပ်ဖြင့် မှုတ်သည်။ တံတွေးဖြင့် တို့သည်။ မီးညီညီနှင့် ချို သော အရသာ ပေါ်လာတော့မှ လှမ်းပေးသည်။
“ချိုက ချိုသနဲ့ ဖွာလိုက်ပါဦး”
ပြာလဲ့လဲ့မီးခိုးတွေ လွင့်တက်လာသည်နှင့်အတူ ရီးဆေးရိုး၏ ရင်မှ စိတ်တိုခြင်းနှင့် ဒေါသစိတ်တို့လည်း တစ်လွှာပြီး တစ်လွှာ၊ တစ်ချပ်ပြီး တစ်ချပ် လွင့်တက်သွားလေ၏။ အမောပြေလာပြီ။ စိတ်ကြည်လာပြီ။ နေကြွပ်ကြွပ်အောက်မှ ကောက်ရိုးထုံး ရွရွများကို ရီးဆေးရိုး အာရုံဝင်စားလာမိသည်။ နေကို မော်ကြည့်သည်။ စောသေးသည်။ ဤသို့ဖြင့် ရီးဆေးရိုးသည် ကောက်ရိုးစဉ်းသည့် ဓားကုပ်ကိုထဆွဲသည်။ ကောက်ရိုးထုံးများကို တစ်ထုံးပြီး တစ်ထုံးစဉ်းသည်။ ကောက်ရိုးကလည်း ကောက်ရိုး နှစ်ချို့။ နေကလည်း ကြွပ်ရွနေအောင် ပူထားသဖြင့် စဉ်း၍ ကောင်းလှ၏။ ပင်ပန်းသည် မထင်ရ။ ။
••••• ••••• •••••
၃
လေအမြူးတွင် ငရုတ်သီးချက်ဟင်းရနံ့က နန်းတိုင်ဘေးသို့ လွင့်ဝဲဝေ့လာ၏။ ထမင်းကြမ်း တစ်ဆုပ်သာသာမျှ ဖြည့်ထားသော ဝမ်းက လှုပ်ကြွ၏။ လေးထပ်ကျောင်းမှ ဆွမ်းစားခေါင်းလောင်းသံသည် စည်စည်ဝေဝေ လွင့်ပျံလာသည်။ ရီးဆေးရိုးသည် ဓားကုပ်တိုကို ပစ်ချ၏။ ထရပ်၏။ နွားစာစဉ်းပြီးသား အပုံကြီးကို ငုံ့ကြည့်၏။
“ဟ... မနည်းပါကလား... ဟေ”
“တစ်အောင့်တစ်နား နားပြီးရင် ရေချိုးတော့။ ထမင်းစားကြစို့”
ဟင်းချိုအိုးနံ့နှင့် ရောပါလာသော ရီးကျီးဒန့် အသံ။
“အင်း... လုပ်လိုက်တော့လည်း ဘာမှ မကြာလိုက်ပါကလား။ မလုပ်ဘဲနဲ့ အီလေးအာလေး ဆွဲပြီး နေ့ရွှေ့ညရွှေ့ ရွှေ့နေရင်သာ”
ဟည်းထနေသော ကောက်ရိုးစဉ်းများသည် ရီးဆေးရိုး၏လုပ်အားတန်ခိုးကို ရွှေရော်ရောင်ဖြင့် ချီးပနေ၏။
ရီးဆေးရိုးသည် ဆေးလိပ်တိုကို အံမှာခဲလျက် ပုဆိုးစုတ်ကို ဆွဲကာ ချောင်းထဲသို့ ဆင်းလာ၏။ စလင်းချောင်းသည် ရွာသစ်ကြီးရွာ အောက်ဘက်နားတွင် စွမ်းအားကုန် သရမ်းနေသမျှ ရမ်းဘိုကုန်းရွာ ဘေးတွင် မျက်နှာချို သွေးနေ၏။ သူတော်ကောင်းယောင် ဆောင်နေ၏။ ရမ်းဘိုကုန်းနောက်ဖေးတွင် သောင်ထွန်းနေသည်။ ပထမက အနံမှာ ဝါးသုံး ပြန်ပင် မရှိချေ။ ဤသည်လေးကိုပင် လုလုယက်ယက် မှတ်ကြရန် စောင်ကြ၊ အပြေးအလွှား စိုက်ကြပျိုးကြ။ ယခုမူ ရီးဆေးရိုးနှင့် အခြားသုံးလေးဦးသာ ဟုတ်တိပတ်တိ ကျန်တော့သည်။ ရီးဆေးရိုး၏ ချောင်းတိမ်သည် ယာတဲတွင် ငှက်ပျောရှိသည်။ အုန်းရှိသည်။ ရှောက်၊ သံပုရာနှင့် ငရုတ်၊ ခရမ်း အနည်းငယ်ရှိသည်။
သူသည် ငှက်ပျောရိပ် ခိုကာ ချောင်းထဲသို့ ဆင်းလာစဉ်က ဖြောင့်၏။ တန်း၏။ မတ်၏။ ရေစီးတွင် ဘောင်ဘင်ခတ်လိုက်၊ လက်ပစ်ကူးလိုက်သောအခါ လန်းရွှင်လာသည်။ ရေလွှာအောက်ရှိ သဲနုကလေးတွေ နှိုက်ယူပြီး ကြေး (ချေး) တွန်းချိန်တွင် ယာကို မျှော်ကြည့်မိ၏။ ဦးထိပ်ရဲရဲဖြင့် ထွက်ပြူစငှက်ပျောဖူးများ၊ အဖတ်တွဲလွဲနှင့် ငှက်ပျောခိုင်များ၊ ရွက်ပိုးစားသဖြင့် ‘မတင်’ နိုင်သော အုန်းသီးနု ပိန်များ။
သည်အရာများထဲတွင် ပန်းလိပ်ပြာကလေးတွေ မြူးထူးနေသည်။ လိပ်ပြာများကြားမှ နီနီအကောင်ငယ်ကား မည်သည့် အရာပါနည်း။ အိုးတုပ်ပုစဉ်းပါ တကား။ အိုးတုပ်ပုစဉ်းသည် နီရဲနေ၏။ သူနှင့် ရွယ်တူ ပုစဉ်းတစ်မျိုး ရှိသေးသည်။ အစိမ်းပြောက်တစ် ကိုယ်လုံးဆင်သော ကျားပုစဉ်း။ ထို့နောက် ကျားပုစဉ်းအသေးရှိသေးသည်။ အပ်တစ်ချောင်း၏ အရွယ်မျှသာ ကြီးထွားသော ပုစဉ်းတစ်မျိုး။ ဘာပါလိမ့်၊ အဲ.. သိပြီ၊ ဆေးတံတိုပုစဉ်း။
ပုစဉ်းသည် အတောင်လေးခု ပါသဖြင့် အတောင် နှစ်ထပ် ‘လေယာဉ်ပျံ’ နှင့် တူလှသည်။ ကလေးသူငယ်တို့အား မြူးရွှင်စေစွမ်းလည်း ရှိ၏။ ဆွဲဆောင်စွမ်းလည်း ရှိ၏။ သူတို့မြူးထူးပျံသန်းသည်ကို အာရုံ စိုက်မိသူတိုင်းမှာ အမြူးအရွှင်ကူးစက်၏။ မျိုးတူ ပုစဉ်းတစ်ကောင်၏ အမြီးကို အခြားတစ်ကောင်က ဖမ်းကိုက်လျက် အမြီးကွေးကာ လိုက်ပါသွားပုံမှာ တအံ့တသြ ဖြစ်စရာကောင်း၏။
သေးမျှင်သော ဆေးတံတိုပုစဉ်းများမှာမူ နုလည်း နုနယ်၏။ အမြင့်လည်း မပျံရဲချေ။ ဆူးခက်ကြားတွင်သာ မွေ့လျော်ရဲသည်။ သည်နှယ် အနိမ့်ပျံပြီး ဆူးခက် ကြားတွင်သာ ကျက်စားပါလျက်က ကျားပုစဉ်းကြီးတွေ ထိုးဆင်းလာ၏။ ဦးစိုက်ထိုးဆင်းလာရာက ပြန်လည် ဦးမော့မိချိန်တွင် ကျားပုစဉ်း၏ ပါးစပ်ထဲတွင် ပုစဉ်းကလေး မရှိတော့။ အမြီးသာ ကျန်တော့၏။
ရီးဆေးရိုးသည် ပုစဉ်းအကိုက် ခံရဖူး၏။ အနာကြီးမဟုတ်ငြား ကလေးမို့ လန့်ပြီး လွှတ်ပစ်သည်။ လွှတ်ပစ်ပြီးမှ ပုစဉ်းကို နှမြောမိပြီး ငိုပြန်သည်။ သို့ရာတွင် သူ့အဖေ ဦးကျန်ကြီးကမူ..
“ပုစဉ်းကိုက်တာ ငိုရသလား။ နင် ယောက်ျား မဟုတ်လား”
မေးမေးပြီး ရိုက်တော့သည်။
“ဟား... နင့်မေကလွှား ကိုက်သဟ”
အာရုံက ပုစဉ်းကိုက်ခြင်း။ လူက ရေထဲမှာ ငုတ်တုတ်။
ရီးဆေးရိုး အလန့်တကြား ထရပ်ရာ သဲကျွံပြီး ပက်လက်လန်လဲကျတော့သည်။ ငါးငယ်ကလေး တစ်အုပ်သည် လန့်ဖျပ်ပြီး ခုန်ဆင်းပြေးလေသည်။ သဲဖြင့် ကြေး (ချေး) တွန်းပြီးသွားသည့်အတွက် ရီးဆေးရိုးသည် ထပ်မံ ရေကူး၏။ ရေစိုစရာ ဆံပင် ဟူ၍ သေမင်းငုတ်တို ဖြူလွလွများသာရှိတော့သဖြင့် ရေလည်း ငုပ်သည်။ ရေငုပ်ဆဲ ခဏမှာပင် သဲပြင်နှင့် ရေစီးကို မမြင်။ ပုစဉ်းတွဲကိုသာ တတန်းလန်းလန်း မြင်နေရသည်။ ပုစဉ်းတွေကို တစ်ကောင် ဖမ်းလိုက်၊ ခါးပိုက် ဖွဖွလုပ်ကာ ထည့်ထားလိုက်၊ ဆူးမရှောင် ချုံမရှောင် နောက်ထပ် ဖမ်းလိုက်၊ လေးငါး ခြောက်ကောင် ရရှိ ချိန်တွင် အမေ့ဆေးတောင်းထဲမှ ‘ မြိတ်ဆာစ’ ကို ပြေး ယူသည်။ အမျှင်ရှည်ရှည်ရအောင် ဆွဲထုတ်ပြီးနောက် တစ်ကောင်ချင်း၏ အမြီးကို ကြိုးတစ်ချောင်းတည်းဖြင့် ချည်သည်။
ခါးပိုက်ထဲတွင် ကုန်ပြီလား၊ ကုန်ပြီ။ ပုစဉ်းကြိုး တန်းလန်းကြီးကို လွှတ်လိုက်ပြီ။ ပုစဉ်းတွဲကြီးသည် မညီမညွတ်ပျံသန်းပြေး၏။ အပေါ်တက်သူက တက်၊ အောက်စိုက်သူက စိုက်၊ တည့်တည့်ပျံသူက ပျံ။ အမြီး နာသောကြောင့် မပျံနိုင်သူက တန်းလန်းကြီး။
ဤသို့ဖြင့် ပုစဉ်းတွဲသည် တံစက်မြိတ်တွင် ငြိကာ ပင့်ကူစာ ဖြစ်သွား၏။ ဤသို့ဖြင့် သစ်ကိုင်းဖြင့် ငြိပြီး ငှက်စာဖြစ်၏။ ဦးကျန်ကြီးသည် ပုစဉ်းတွဲ လွှတ်မှုအတွက် မရိုက်ငြား အမေ ဒေါ်ကြွယ်စိုးက ရိုက်သည်။
“နင့်ကို သည်လိုလုပ်ရင် နင် ခံနိုင်မလား၊ ဝဋ်လိုက်တတ်တယ်ဟဲ့”
ပြောပြောပြီး ရိုက်သည်။
ရီးဆေးရိုးသည် ရေထဲမှ ပြုံးပြုံးကြီး တက်လာ၏။ သေမင်းငုတ်တို ဖြူဆွတ်ဆွတ်များကို ပွတ်သပ်ပြီးနောက် ပုဆိုးလဲသည်။ ရှည်လျားသော သောင်ကြီးကို ဖြတ်ရဦးမည်ဖြစ်ငြား အပြုံးသည် မှိန်မသွားပါ။
••••• ••••• •••••
၄
ပုစဉ်းမျိုးစုံသည် မြူးပျနေကြ၏။ အနီနှင့် အစိမ်း ယှက်လူးနေသည်။ ဆေးတံတို ပုစဉ်းသေးသေးကလေးတွေက နားနေရင်း အရောင်ပြောင်း၏။ အစိမ်းပါတကားဟု ကြည့်နေဆဲမှာပင် အဝါရောင် ပြောင်း၏။ အဝါရောင် အဖြစ် ကြည့်နေဆဲ၌ အစိမ်း ဖြစ်သွား၏။ နားခိုစရာအဖြစ် ဆူးခက်ကို သူတို့ အကြိုက်ဆုံး။ ထောင့်စွန်းက ကင်ပွန်းခါးခက် တစ်ခက်တွင် နားနေလိုက်ကြသည်မှာ အနီ၊ အစိမ်း၊ အစိမ်း အနီ ရောင်မျိုးတွေ စုံလှသည်။ ဆေးတံတိုကလေးသည် အရွယ်နှင့် မမျှ သေးကွေး၏။ သုံးမြှောင့်ဝက်လာမြက်ပေါ်သို့ ငြိမ်ငြိမ်ကလေး ဝင်နား၏။ သူ့နေရာသို့ နီနီရဲရဲ အိုးတုပ်ပုစဉ်းကြီး ဆင်းလာသောအခါ ဖျတ်ခနဲ ဖယ်ပေးသည်။ ပုစဉ်းနီကြီး နားသောအခါ မြက်ပင်မှာ ညွှတ်အိလှုပ်ယမ်း၏။ ပုစဉ်းကြီးသည် မြက်ပင်အလှုပ်ကို လန့်ပြီးထပျံသည်။ သို့သော် ပြန်ပြီး နားသည်။ ကျားပုစဉ်း တစ်ကောင်သည် ရီးဆေးရိုး၏ လက်ခုံပေါ် လာနားပြီးမှ ပျံပြေး၏။ ရီးဆေးရိုး အားရပါးရ ရယ်မောသည်။ သူ့လက်ခုံပေါ်မှ ပျံသွားသော ကျားပုစဉ်းကြီးသည် ယာခရိုးပေါ်မှာ နားသည်။ ရီးဆေးရိုးသည် လမ်းဘေးသို့ ဖဲဆင်းကာ အသာအယာ ချဉ်းကပ်သည်။ ကျားပုစဉ်းသည် တိုသော လည်တိုင်ရှိစေကာမူ၊ ခေါင်းကို ဘယ်ညာ လှည့်ယမ်းလျက် အကဲခတ်သည်။
ရီးဆေးရိုး၏ လက်သည် ကျားပုစဉ်း၏ အမြီးနောက်သို့ တရွေ့ရွေ့ ကပ်သွားသည်။ လက်ညှိုးနှင့် လက်မကို ခွာထားသည်။ တစ်ထွာမျှ အလိုတွင် ကျားပုစဉ်း ထပျံသည်။ ပျံသော်လည်း ချက်ချင်း ပြန်နား၏။ ရီးဆေးရိုး၏ လက်ညှိုးနှင့် လက်မသည် အမြီးနားသို့ ကပ်သွား၏။ နီးသည်ထက် နီးကပ်သည်။ ကပ်၍ ကပ်၍ သွားသည်။ ဟနေသာ လက်ညှိုး လက်မတို့ ဆတ်ခနဲ ပူးပိတ်၏။ မမိ။ လက်မတင်ကလေးပင် ထပျံ၏။ လက်ညှိုးနှင့် လက်မ လှုပ်သော လေ ရိုက်မိသောကြောင့် ဖြစ်မည်။ ကျားပုစဉ်းသည် ထပျံငြား ဝေးဝေး မသွား။ တစ်ထွာ အကွာတွင် ထိုးထောင်နေသော ‘ရှားစောင်း လက်ညှိုးပင်’ ပေါ် သွားနားသည်။ မချင့်မရဲ စိတ်ဖြင့် ကျန်ရစ်ခဲ့သူအား ညှို့မြှူသည့်နှယ် ရှိတော့သည်။
ရီးဆေးရိုးမှာ အမယ်ကြီး မျှော်ရော့မည်၊ ထမင်းပွဲနှင့် တစောင့်စောင့် နေရော့မည် မတွေးအား။ လက်ကို ရှားစောင်း လက်ညှိုးပင်ဘက်သို့ အသာကလေး ဦးတည်၏။
ခုနကအတိုင်း ညှပ်ဖမ်းလျှင် ကြာသည်။ ယခု ထိုးဖမ်းမည်။ စိတ်ကူး ပြောင်းလိုက်သည်။ လက်မ လက်ညှိုး ခွာထားလျက် ထိုးဟပ်ပြီး ညှပ်ဖမ်းငြား ပုစဉ်းက နပ်လှသည်။ သို့သော် ရီးဆေးရိုး စိတ်ပျက်ချိန် မရလိုက်၊ လက်လျှော့ချိန် မရလိုက်ပါ။ ကျားပုစဉ်း နေရာတွင် ဝင်နားသူက အိုးတုပ်ပုစဉ်း နီနီကြီး။ အမြီး ချွန်ဖြင့်။ နီရဲနေပုံက လင်းတပါးနီ (လဒနီ) နှင့်ပင် တူသေး၏။
ရီးဆေးရိုးသည် ဖမ်းယူနည်း ပြောင်းလွဲပြန်သည်။ ညှပ်ဖမ်းခြင်း၊ ဟပ်ထိုးခြင်းတို့မှာ နေရာမကျ။ ပုစဉ်းက လူထက် လျင်သည်။ သို့ကြောင့် ဝိုက်ပြီးဖမ်းမည်။ ညာလက်ကို ဘေးသို့ လွှဲသည်။ လက်ဝါး ဖြန့်ထားသည်။ ပုစဉ်း ရှိရာသို့ လက်က ဘေးတိုက် ပြေးလာပြီး တစ်ပြိုင်နက်တည်းမှာပင် လက်ဝါးကို ဆုပ်သည်။ မြန်ကား မြန်ပါ၏။ ပုစဉ်းထပျံသည်လော၊ မိသည်လော မသိရချေ။ သို့ကြောင့် လက်ဆုပ်ကို အသာ ဖြေကြည့်သည်။ ဂျစ်ဂျစ်သံ ပေးလျက် လက်ချောင်းကြားမှ ပုစဉ်းနီကြီး ဟူးခနဲ တိုးထွက်သွားလေ၏။
“ဟား”
ရင်ထဲတွင် ဟာခနဲ ဖြစ်သွားသည်။ သို့သော် ကျေနပ်သွားပြီမို့ လမ်းပေါ်သို့ ပြန်ဆုတ်သည်။ ဝက်လာပင်ကို တိုက်မိသည်။ ဝက်လာပင်ပေါ်မှ ဆေးတံတို သုံးကောင်က ထ၍ မပျံပါ။ ကိုင်းလှုပ်သည်ကို သဘောကျစွာဖြင့် အငြိမ့်စီးနေကြသည်။ သည်အကောင်တွေ ယဉ်ပါးလှချည့်လားဟု ရီးဆေးရိုး အထင်ရောက်သည်။ စမ်းကြည့်ဦးမည် စိတ်ကူးကာ ခါးကုန်းသည်။ ဝိုက်ပြီး ဖမ်းသည်။ ထင်သကဲ့သို့ ဖြစ်မလာချေ။ လက်ဆုပ်ကို အသာအယာ ဖြေကြည့်၏။ လက်ငါးချောင်းလုံး ဖြန့်၏။ ပုစဉ်း မရှိ။ လက်ထဲတွင် ပုစဉ်း မရှိငြား ပုစဉ်းက လက်ညှိုးထိပ်မှာ လာနား၏။ ဖြုတ်ခြည်း ထပျံ၏။ ရီးဆေးရိုး အူယားလာသည်။ သည်လောက်ရှိလှတာ တစ်ကောင်တော့ မိအောင်ကို ဖမ်းပြမယ် ကြုံးဝါးသည်။ ဝိုက်ပြီးဖမ်းသောနည်းမှာ အကောင်များများ စုဝေးနေသော အအုပ်ထဲ ဝင်ယမ်းလျှင် ပိုပြီးသေချာ၏။ ထို့ကြောင့် ကနခိုပင်နားသို့ ချဉ်းကပ်ရသည်။ ကနခိုရွက် ကနခိုသီးခိုင်ကလေးများပေါ်တွင် ဆေးတံတို ငါးကောင် နားနေကြသည်။ လက်လှမ်းမီသည့် နေရာ အရောက်တွင် လက်ကို ဝိုက်၍ ဖမ်းလိုက်သည့်ခဏ၌ မြေပြို၏။ မိုးကြိုးထစ်၏။
“ဟောသည်မှာဗျို့၊ ပုစဉ်းတွေ ဖမ်းနေတယ်။ ကျီးဒန်ရေ ခေါ်ပြီး ရိုက်ပါဟ။ ဆေးရိုးရယ်ဟေ့ မကြီးမငယ်နဲ့ ပုစဉ်းဖမ်းနေသဟ”
ရီးသာဒွန်း။ ကုန်းပေါ်မှ ဆင်းလာသော ရီးသာဒွန်း။ ကိုယ်ဇောနှင့် ကိုယ်မို့ ရီးဆေးရိုး မမြင်မိ။ သူ့ အသံကြီးကို ကြားခါ ခဏဝယ် ရှက်စိတ်သည် ထိပ်သို့ တက်၏။ လည်ပြန်လှည့်ကြည့်သောအခါ အပိုး မသေသော မျက်နှာကြီး။
“ဘယ်နှကောင်ရတုံး။ ငါ့လည်း တစ်ကောင်ပေး”
ရီးဆေးရိုး ဆဲသည်။ အရွယ်နှင့်မလိုက် ရုန့်ရုန့်ရင်းရင်းတွေ သုံးနှုန်းသည်။ ရီးသာဒွန်းကား တဟားဟား ရယ်မောလျက် ဆင်းသွားလေပြီ။ ရေသနုပ်ပုဆိုးကို ကပြင်တွင် လှန်းချိန်ဝယ် ဝက်ခြံကို ရီးဆေးရိုး သတိရသည်။ လက်ဖြင့် စမ်းကြည့်သည်။ ကြေးညှော် စင်နေပြီမို့ အလွယ်တကူ စမ်းသပ်တွေ့ရှိသည်။
“သွားလိုက်တာကလည်းတော် တမေ့တမောပါလား”
ရီးကျီးဒန် မီးဖိုထဲမှ လှမ်းပြောသည်ကို ရီးဆေးရိုး မတုံ့ပြန်အားပါ။ ထုံးအိုးရှိရာသို့ ချဉ်းကပ်ခဲ့သည်။ ထုံးအိုးထဲမှ လက်ရုပ်ချိန်ဝယ် ကပြင်စပ်သို့ ရီးကျီးဒန် လှစ်ခနဲရောက်လာ၏။
“ကြီးတောင့်ကြီးမားမှတော်”
ရီးကျီးဒန်က ဝက်ခြံကို ရည်ညွှန်းငြား ရီးဆေးရိုး ကမူ ပုစဉ်းဖမ်းသည်ကို ရည်ရွယ်သည် အထင်ဖြင့် မလုံမလဲ ဖြစ်သွားလေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment