❝ စာတိုက်ပုံးမှာ ပါးစပ်ပေါက် ရှိတယ်လေ ❞
▢ မောင်နေပူ (တောင်ကုတ်)
အခုလို တယ်လီဖုန်းတွေနှင့် အင်တာနက်တွေ လွယ်လင့်တကူ အလုပ်ဖြစ်နေကြတဲ့ ဆက်သွယ်ရေး အမြန်ခေတ်ကြီးထဲမှာ မောင်ရွှေပန်းတို့လို “စာသမား” တွေ အဖို့ လိုက်မမီနိုင်အောင်ကို ကမ္ဘာရှား၊ မြန်မာရှား၊ ပနာမစားတော့တဲ့ ဘဝ ရောက်နေကြရပြီလားပဲ။
ဟိုတုန်းကဆို စာတိုက်က ကိုယ် ထည့်ပို့လိုက်တဲ့ စာများ၊ ဦးတည်သူ လိပ်စာရှင်နှင့် မတွေ့ရင် ကာယကံရှင် မူလ စာပို့သူထံ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာတတ်တဲ့ အထိ တိကျမှန်ကန်သေချာမှုတွေ ရှိခဲ့တယ်။ မောင်ရွှေပန်းက မြို့အောက် တစ်ထစ်လျော့ တောနယ်မှာ ဂနိုင်ကျကျ နေရသူမို့ မျက်စိကန်း၊ နားပင်း၊ ဒုံးဝေး၊ တုံးသေးသူ တစ်ဦးလို့ ဆိုခံထိရင်လည်း မငြင်းသာ၊ မမှားနိုင်ပါ။ မောင်နှစ်သိမ့် (တောင်ကုတ်) က အကျိုးဆောင် ပြန်ပြောပြမှ စာပေရေးရာကိစ္စ အဝဝကို တစွန်းတစ်စ ပြန်ကြားသိရတယ်။ ဘယ်မဂ္ဂဇင်း၊ ဂျာနယ်ကတော့ ရပ်သွားပြီ။ ဘယ် စာနယ်ဇင်းကတော့ ဘယ်လိပ်စာကို ပြောင်းရွှေ့သွားပြီ စသည် ဖြင့်ပေါ့။ အခုတော့ မောင်နှစ်သိမ့်တောင် မြို့တော်ကြီးနဲ့ အသွားအလာ သိပ် မစိပ်နိုင်တော့အောင် အလှမ်းဝေးသွားလို့ ရမ်းပစ်နေရပြီ ကြားတယ်။ မောင်ရွှေပန်းနှင့် စာရင်တော့ ဖုန်းကလေး ဘာလေးနဲ့ အဆက်အသွယ် ရှိနေသေးလို့ သိပ်မဆိုးသေးဘူး။ အားကိုးနေရပါရဲ့။
မောင်ရွှေပန်းတို့ ရွာမှာရှိတဲ့ စာတိုက်ကလည်း အခုဆို ဆိုင်းဘုတ်ပဲ ရှိတော့တယ်။ ဝန်ထမ်းတွေ ဘယ်ရောက်ကုန်ပြီလည်း မပြောတတ်။ ဒါကြောင့် မဂ္ဂဇင်းတွေကို စာမူပို့မယ် ဆိုရင် လူကြုံ ကောင်းကောင်းကို ရှာပြီး (ဆောင်းပါးပေး) မြို့စာတိုက်က တစ်ဆင့် ထည့်ရပို့ရလေ့ ရှိပါတယ်။ ဖုန်းတွေက ဘယ်လောက် ဘုန်းကြီးနေနေ၊ Fax ဖက်က်စ်တွေက ဘယ်ကလောက် တက်ကြွနေနေ၊ အင်တာနက်တွေက ဘယ်လောက်ပဲ အဝိုင်းလည်နေနေ စာသမား ( ဇွဲရှင်) တွေကတော့ စာတိုက်ကိုပဲ လှေကြီးထိုး ရိုးရိုး အားကိုးနေရတာ မဟုတ်လား။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာလည်း စာပို့စနစ်၊ စာတိုက်ဝန်ကြီးဌာန ဆိုတာ ရှိနေရသေးတယ် မဟုတ်လား။
တစ်နေ့က မြို့တက်မယ့် လူကြုံနဲ့ စာကလေး သုံးလေးစောင် ထည့်ပေးလိုက်ပါတယ်။ အဲဒီ မိန်းကလေးက ခေတ်ပေါ် ဘွဲ့ရ၊ စီးပွားရေးမြို့တော်ကြီးမှာ အရောင်းဈေးသည်လေ။
နိုင်ငံခြားဖက်စပ်ကုမ္ပဏီပိုင် စက်ရုံအလုပ်ရုံတွေမှာပါ လေးငါးနှစ်လောက် ကျင်လည်ကျွမ်းဝင် အလုပ်လုပ်လာခဲ့ဖူးတဲ့ မောင်ရွှေပန်းရဲ့ တပည့်ဟောင်းမလေးပေါ့။ သူမြို့သွားတဲ့ရက်က တနင်္ဂနွေနေ့မို့ စာတိုက်ပိတ်တယ်။ ဒါပေမယ့် ထည့်ရမယ် စာတွေက တံဆိပ်ခေါင်း အပြည့်အစုံ ကပ်ပြီးသားမို့ စာတိုက်ပုံးမှာ ထည့်ခဲ့ရုံပါပဲလို့ အသေအချာ မှာလိုက်တယ်။ သူကလည်း ရောက်အောင် သွားထည့်ခဲ့မှာပါလို့ စိတ်ချဖို့ အာမခံတယ်။ ဒါပေမယ့် သူမ ပြန်အလာမှာ အဲ့ဒီစာတွေ ပြန်ပါလာတယ်။ ဘာကြောင့်တုန်းဆိုတော့ “စာတိုက်ပုံးကို သော့ခတ်ထားလို့ မထည့်ခဲ့ရပါ” တဲ့။ “သေရော”။ စာတိုက်ပုံးတိုင်းမှာ သော့ခတ်ထားတာ၊ ခတ်ထားတဲ့ သော့ရဲ့ အပေါ်မှာ စာထည့်ဖို့ အပေါက် ဖောက်ထားတာကို သူမ သိပုံ မရပါဘူး။ အင်မတန် ရိုးသားတဲ့ ကလေးမလေးမို့ ဒီလို အမှန်အတိုင်း ပြောပြီး ပြန်ပေးတာ။ (သူ့ကို အပြစ်ဆိုမှာ စိုးရိမ်စိတ် အပြည့်နှင့် ရှေ့မျက်နှာ နောက်ထားပြီး ပြန်ပေးတာ။ အိမ်မှာ မေ့ကျန်ရစ်လို့ပါလို့ ညာလိုက်ရင် ရသားနဲ့)။
ခုတော့၊ ဪ .. ခေတ်သားသမီးတွေဟာ ‘ စာ’ နဲ့ အဲသလောက်တောင် အလှမ်းကွာ အဆက်ပြတ် ဒုံးဝေးကုန်ကြပါပကောလားလို့သာ။
▢ မောင်နေပူ (တောင်ကုတ်)
📖 ရယ်စရာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၅
No comments:
Post a Comment