❝ ငထွား ခါးနာဆဲပါ ❞
( စံလှမောင် - တောင်ကုတ် )
“ဓာတ်ပုံရိုက်ပြီး ဖေ့ခ်ဘုတ်မှာ တင်လိုက်လေ”
အိမ်မီးရသည်မှာ တစ်နှစ်ပင် ပြည့်တော့မည်။ အိမ်ရှေ့လမ်းမီးတိုင်တွင် မီးမလင်းသေး။ အိမ်မီးဆင်သည့် ကောင်လေးတွေက ဌာနက လာဆင်ပေးလိမ့်မည်ဟု ပြောကြသည်။ သည်နေ့အထိ လာမဆင်ကြသေး။ အိမ်မှာ ထိန်ထိန်လင်းနေသော်လည်း အိမ်ရှေ့ လမ်းကတော့ ညမှောင်မှောင် လမှောင်မှောင် ကြယ်ရောင်မလင်းသည့်အတွက် အကြည့်ရဆိုးလှသည်။ တာဝန်ရှိသူတွေကို စောင့်စားရသည်မှာ စိတ်ပျက်လှပြီ။ ကိုယ့်ဟာကိုယ် ဝယ်ဆင်ပါက မီးသီး တစ်လုံးကို ၂၂၀၀၀ ကျပ်ဟု သိရသည်။ ကိုယ့်ဟာကိုယ်ပဲ အားကိုးတော့မည်ဟု လင်မယားနှစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယောက္ခမကြီး၏ ၈၈ နှစ်ပြည့် မွေးလလည်း ဖြစ်နေသည်။ ယောက္ခမကြီးမှာ မစားချင်မသောက်ချင် ဖြစ်လျက် ချူချာနေသည်။ အိမ်ရှင်မက သူ့အမေ၏ မွေးလကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းစေချင်သည်။ ထို့ကြောင့် မြို့နယ် လျှပ်စစ်ရုံးက အသိကောင်လေးကို ဖုန်းဆက်ခေါ်ပြီး လမ်းမီးတိုင်ကို တက်ခိုင်းတော့သည်။ တိုင်တွင် မီးလုံးတပ်နေပုံကို ဓာတ်ပုံရိုက်စေပြီး လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်ခိုင်းသည်။ ကျွန်တော်လည်း မိန်းမစကားကို မြေဝယ်မကျ နားထောင်လိုက်ရသည်။ ပြီးတော့ “ကျွန်တော့်ချစ်ဇနီး၏ မိခင်ကြီးအသက် ၈၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လမ်းမီးတပ်ဆင်နေစဉ်” လို့ ရေးသားလိုက်သေးသည်။
မကြာမီ Like တွေ comment တွေ တက်လာကြသည်။ ယင်းအထဲ ထူးထူးခြားခြား တစ်ယောက်သောသူက “အဆန်းပါလား” တဲ့။ ကျွန်တော်က ပြန်မေးလိုက်သည်။
“ဘာဆန်းတာလဲ”
“မွေးနေ့နဲ့ လမ်းမီးထွန်းတာ”
“မွေးနေ့မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ပြီး မီးသီးလှူလိုက်တာလေ”
“အဆန်းပါလား” ဟု မေးလာသူမှာ မြို့နယ်စာရင်းစစ်ဦးစီးမှူး တစ်ယောက်ဖြစ်ပါသည်။ စာရင်းစစ်ဦးစီးမှူးမှာ ဌာနတိုင်း၏ ငွေစာရင်းကို စစ်ဆေးရသူဖြစ်၍ ဌာနတိုင်း၏ ကိစ္စအဝဝကို သိနိုင်သူ ဖြစ်ပါသည်။ ဌာနဆိုင်ရာ ကိစ္စဝိစ္စ အရပ်ရပ်ကို သိနိုင်သူ ကိုဖိုးသိ တစ်ယောက်ထံမှ ကျွန်တော်မျှော်လင့်မိသော တုံ့ပြန်ချက်ကတော့ “လမ်းမီးကို သက်ဆိုင်ရာက တပ်ဆင်ပေးရမှာလေ၊ သူတို့မှာ တာဝန် ရှိတာပဲ၊ ကြားထဲက ငထွား ခါးနာမနေနဲ့” ဟူ၍ ဖြစ်ပါသည်။ သို့သော် ဦးစီးမှူး ပြန်ကြားလိုက်တာကတော့...
“သာဓုပါ ဆရာကြီး” တဲ့လေ။
▢ စံလှမောင် (တောင်ကုတ်)
📖 မဟေသီ မဂ္ဂဇင်း
မေလ ၊ ၂၀၁၇
No comments:
Post a Comment