❝ မုန့်ပေးပါ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အာကာနဘံ ကောင်းကောင်ယံ၌ တိမ်လွှာရစ်ဆိုင်း မို့မို့သာ မှိုင်းတော့သည်။ ကမ္ဗလာအနက်ထည် ခြုံမိုးထားသလို၊ ရမ်းဘိုကုန်းကျေးရွာထက်၌ မိုးသားများ ခဲပိတ်နေ၏။ ဆီမီးပွဲကို ဖျက်ဆီးလို၍ ရန်စောင်သော ကိုရွှေမိုးသည် တပည့်ကျော် မိုးသက်လေအေးကို ရှေ့ပြေးလွှတ်ကာ ရန်စနေရော့ထင့်။ တစ်ချက်တစ်ချက်၌ မိုးသက်လေကလေး ပင့်ဖြူးလိုက်လျှင် ပုံတိုမီးပုံးလေးကများမှာ သွက်သွက်ခါမျှ လှုပ်ရမ်းသွားကာ အလှပျက် ပျောက်ဆုံးသွားကြလေကုန်၏။ တစ်မူးရလို့၊ တစ်ပဲလှူ ဟူသော စကားအတိုင်း ရမ်းဘိုကုန်းရွာသူ ရွာသားများမှာ အခါကြီး ရက်မြတ်တွင် မရှိသည့်ကြားမှ ကုန်းရုန်း၍ ဒါန စွယ်ရောင်ကလေးကို ပြလိုက်ချင်ကြသေးသည်။ ဆီစိုစို မစားရသည့် လျှာကို အသာခေါက်၍ ထုံတမ်းရိုးရာအရ အရုဏ်ဆွမ်းကြီးကို အများဗုဒ္ဓဘာသာတို့ နည်းတူ အခြား ရွာသူရွာသားများနှင့် တန်းတူ လှူလိုက်ချင် ဒါန်းလိုက်ချင်သေးသော ဒါနစိတ်ကို ချိုးနှိမ်၍ မရကြ။ သို့မို့ကြောင့်လည်း အနေမွဲသူတို့ပင် သည်ပွဲမှာတော့ နွှဲ လိုက်ရန်အတွက် အိမ်ရှေ့တွင် မီးနီရောင်ကလေးတွေ တလက်လက်ဖြင့် မုန့်ဖက်ထုပ်လုပ်သူက လုပ်၊ မုန့်ဆီကြော် ကြော်သူက ကြော်၊ ငှက်ပျောသီး မုန့်ပေါင်းသူက ပေါင်းဖြင့် ဝါကျွတ်ကာလ၏ အသရေကို ဖန်ဆောင်နေကြခြင်းဖြစ်ပေသည်။
သို့ပေမဲ့ စိတ်သည် စိတ်သာဖြစ်၏။ စိတ်က တောင့်တတိုင်းလည်း အရာခပ်သိမ်းဆိုသည်က ပြည့်စုံစတမ်းဆိုလျှင် လောကဓံတရား ရှစ်ပါးဟု ဆိုသော မျက်လှည့်ဆရာအတွက် သတ္တလောကကြီးတွင် နေရာရှိတော့မည် မဟုတ်ပေ။ မည်မျှပင် တပျော်တပါး ကြီး လုပ်ဟယ်၊ ကိုင်ဟယ်ဖြင့် ချက်ပြုတ်လှူဒါန်းလို ကြပေမဲ့ စိတ်သာ ရှိ၍ လက်တွေ့ မပါနိုင်သောကြောင့် အံကိုကြိတ်ကာ အိမ်ရှေ့ကွက်လပ် မှောင်လဟာပြင်ကို မချင့်မရဲ ကြည့်လျက်၊ နောက်နှစ်ကျမှ ကြုံးဝါး နေကြရသူ၏ အိမ်များမှာ မီးပူဇော်သည်မှအပ အိမ်ရှေ့တွင် မှောင်မည်းနေချေသည်။
“မုန့်ဖက်ထုပ်နံ့ကလေးက မွှေးလိုက်တာနော်”
မကျီးဒန်က တဲပေါက်ဝကို ကျောမှီထိုင်လျက် မြည်တမ်းလိုက်၏။ ကိုဆေးရိုးက မည်သို့မျှ ထင်မြင်ချက် ပြန်လည်မပေးဘဲ ပုဆိုးပိုင်းကို ပုခုံးပေါ်တင်ထားလိုက်၊ ခဏကြာလျှင် ကျောပြင်နှင့် ရင်ဘတ်ကို ပုဆိုးပိုင်းဖြင့် ယပ်ခတ်လိုက်လုပ်ကာ ရွာ့တောင်ဘက် ထန်းတောကို ကျော်ပြီး တက်လာသော မီးပုံးပျံနှစ်လုံးကိုသာ ငေးစိုက်ကြည့်နေသည်။ တစ်လုံးသော မီးပုံးပျံမှာ အထက်သို့ ထိုးတက်သွားသလောက် ကျန်တစ်လုံးမှာ တဖြည်းဖြည်းနိမ့်ဆင်းပျံသန်းလာ၏။ ရွာပြင်ဘက်နှင့် ရွာထဲလမ်းမမှ ကလေးသူငယ်များ၊ ကာလသားများမှာ အော်ဟစ်လျက် မီးပုံးပျံနောက်သို့ လိုက်နေကြသည်။ သူတို့ စိတ်ထင်၌ သည်မီးပုံးပျံ အောက်သို့ ကျတော့မည်။ သို့သော် ထိုမီးပုံးပျံမှာ သစ်ပင်ထိပ်ဖျားများ လွတ်ရုံ၊ အိမ်ခေါင်းမိုးတွေနှင့် လွတ်ရုံ ပျံမြဲပျံသွားရာ ချောင်းလယ်သို့ပင် ရွေ့သွားပေပြီ။ မြင်ရသူ ကြည့်ရသူတို့မှာမူ ကျတော့မှာပဲ ကျတော့မှာပဲ အထင်ဖြင့် မဲလိုက်လျက် ...
ကိုဆေးရိုး၏ ဘဝမှာသည် မီးပုံးပျံလိုက်သူလိုပဲ မဟုတ်ပါလား။ စားဝတ်နေရေး ချောင်လည်ရေး အတွက် တစ်နှစ်သော် ချောင်လည်နိုး၊ တစ်နှစ်သော်လည်း ချောင်လည်နိုးဖြင့် ကုန်း၍ ရုန်းကန်ခဲ့သည်။ မီးပုံးပျံ လိုက်သူတွေ ကျတော့မှာပဲ ကျတော့မှာပဲဟု တမော့မော့ လိုက်ရင်း ခြေခေါက်လို ခေါက်၊ ခလုတ်တိုက်လဲလို့ လဲ၊ ညှောင့်စူးလိုစူး အဆင်မသင့်လွန်သူများမှာ ရေတွင်းထဲကျရသလို လယ်စိုက်ချိန်တုန်းက ကိုဆေးရိုးမှာ ခလုတ်တိုက် လဲခဲ့ရသည့် မဟုတ်ပါလား။
မိမိကိုယ်တိုင် လက်ကျိုးရုံသာမက သားငယ်ပါ အဆစ်ဝင်ပြီး ရက်ရှည်လများ ဖျားနာခဲ့လေသည်။ ပျိုးနှစ်ခါ ပြန်ဝယ်ရေ၊ လူငှားရ၊ နှစ်ယောက် ဆေးဖိုးဝါးခ ကုန်ရသဖြင့် ကိုဆေးရိုးတို့ အိမ်ထောင်အဖို့ အကြပ်အတည်းဆုံး ကာလပေတည်းဟု ဆိုက မှားနိုင်အံ့မထင်။
သို့ကြောင့်ပင် “ကဲ … ဖအေကြီးရေ၊ ဘာလေးညာလေး လုပ်ကြဦးစို့” ဟူ၍ လောနေကျ မကျီးဒန်မှာ နှုတ်ပိတ်ရေငုံ ဖြစ်နေ၊ ယခုလို မှောင်နှင့်မည်းမည်း အိမ်ရှေ့မြေကွက်လပ်တွင် နှစ်ယောက်သား ထိုင်ကြည့်နေကြရခြင်းဖြစ်သည်။
“ဘယ်အိမ်ကရယ် မသိဘူး၊ မွှေးလိုက်တာနော်”
ဟုတ်ပါ၏။ နှစ်စဉ်နှစ်တိုင်း တန်ခူးလနှင့် သီတင်းကျွတ်ချိန်တွင် မိမိအိမ်က မုန့်လုပ်သည့်အခါ မုန့်ဖက်ထုပ် ရနံ့များ ဒါလောက် မွှေးကြိုင်မှန်း မသိခဲ့၊ ယခုလောက် မွှေးပျံ့သည်ဟူ၍လည်း မသိပေ။ ယခုမူ ကိုဆေးရိုး၏ ပါးစောင်တွင် သွားရည်များဖြင့် ရွှဲအိုင်နေလာသည်။ သူက ယောက်ျား၊ ယောက်ျား၊ လူလည်း လူကြီးမို့ ဟန်လုပ်နေရလည်း မကျီးဒန် မကြားအောင် သွားရည်များ ခပ်မျှင်းမျှင်းကလေး ကျိတ်၍ မျိုချလိုက်ရ၏။ ပြီးသွားလျှင် ပါးချိတ်တွင်းရှိ သွားရည်များက အလိုက်မသိစွာ စီးဝင်လာပြန်တော့သည်။ မိမိအိမ်က မုန့်လုပ်သည့် အခါများမှာဆိုလျှင် “မကျီးဒန်ရေ ခဏဟေ့” “ချောစိန်ရေ တဆိတ် လှမ်းလိုက်ပါဦး” ဟူသော အသံများသည် အိမ်ရှေ့မှ မကြာခဏပေါ် လာကာ မုန့်ဝေသူများ ပေါလှိုင်ခဲ့သလောက် ယခုမူ တစ်စုံတစ်ယောက်မျှ ရောက်ရှိ မလာပေ။
“ငါတို့အိမ်က မုန့်မလုပ်လို့ လာပြီး မဝေကြရော့သလား၊ အို …. ဒီလိုလည်း မဟုတ်သေးပါဘူးလေ”
မကျီးဒန်လိုကား ကိုဆေးရိုးက မြည်တွန်ပြီး မတောင့်တ၊ စိတ်က တောင့်တ၏။ မျက်လုံးက လမ်းမှာ လျှောက်သွားသော အရိပ်မည်းမည်းကို မြင်တိုင်း မုန့်ဝေရအောင်လာလေသူလားဟု မျှော်၏။ မလာလွန်းမက မလာ၊ စားချင်လွန်းမက စားချင်လာသည့် ကာလ၌ သို့လော …. သို့လော .... ယိုးမှားသံသယဖြင့် တွေးတောမိလေ၏။
ကိုဆေးရိုး စိတ်အားငယ်ငယ်နှင့် တွေးထင်သလို တောရွာ၏ အကျင့်က မတန်ပေ။ အချို့က စောစီးစွာ ကိစ္စပြီးစီးသဖြင့် ဆွမ်းလောင်းရန် နှစ်ရက်စာ ဖယ်ထားပြီး ပူပူနွေးနွေးလျှောက်ဝေသော်လည်း ကသီလင်တ နိုင်သူများမှာ နံနက်ကျမှပင် အေးအေးလျှောက် ဝေငှ၍ အချို့ကား နောက်ဆုံးနေ့ကျမှ ဆွမ်းလောင်းပြီးသား အကျန်ကို လိုက်လံကမ်းလှမ်းသည်။ အို ... ဘာပဲဖြစ်ဖြစ်လေ၊ ကိုဆေးရိုးကတော့ အခုပဲ စားချင်နေ၏။ မုန့်ဖက်ထုပ် ပူပူလောင်လောင်ကို ပါးစပ်ဖြင့် တဖူးဖူး မှုတ်လျက် ဖက်ကို ခွာကာ အာတွေလျှာတွေ ကျက်သွားအောင် စားပစ်လိုက်ချင်သည်။ သို့ပေမဲ့ မုန့်ဝေသူက မလာ၊ ပါးစပ်က သွားရည်တများများဖြင့် စားချင်နေ၏။ မကျီးဒန်ကလည်း လူနာညည်းသလို ညည်းနေ၏။
“မွှေးလိုက်တာနော်၊ တစ်ထုပ်လောက် စားချင်ပါဘိ”
သည်လောက် မချိတရိ စားချင်နေသော အာရုံကို ထိုမှတစ်ပါးသို့ ကိုဆေးရိုးက ပြောင်းပစ်လိုက်သည်။
ရွာလယ်သို့ လည်ကို ဆန့်မျှော်ကြည့်၏။ ရွာလယ်ဝတ်ကျောင်း၌ မီးရောင်စုံ ဖြာသွယ်ရွှန်းနေသည်။ ငါးပေါက်သံကြေးစည်ကလေးက တလွင်လွင်ဖြင့် သူတော်စင်တို့ သင်္ကေတကို ရွတ်ဆိုနေ၏။ စကားပြောသံများကိုလည်း သဲ့သဲ့ကြားရသည်။ ဝါးခနဲ ဝိုင်းအုံရယ်လိုက်သော ရယ်မောသံများကလည်း တစ်ချက်တစ်ချက် ထွက်ပေါ်လာလေ၏။
ဝတ်ကျောင်းဆီသို့ အာရုံပြောင်းလိုက်နိုင်သဖြင့် တဒင်္ဂမျှ သက်သာရာရနေစဉ် မကျီးဒန်က ဝင်ရောက် ဖျက်ဆီးလိုက်သည့်အတွက် ကိုဆေးရိုးက ဆတ်ခနဲ လှည့်၍ မျက်စောင်းထိုးလိုက်သည်။ သို့ပေသည့် မကျီးဒန်က ထပ်မံမြည်ရွတ်နေပြန်၏။
“မွှေးလိုက်တာနော်၊ ဆာလာတာပဲ”
“ဆာရင် သေဟာ ၊ သေလိုက်”
မကျီးဒန်က အလန့်တကြား မော့ကြည့်သည်။
“အလန့်တကြားနဲ့ ဘာဖြစ်တာလဲတော့၊ စုန်းပူးတာလား၊ နတ်ပူးတာလား”
ကိုဆေးရိုးက ငေါက်ခနဲ ထရပ်လိုက်ကာ မကျီးဒန်ကို စောင်းကြည့်သည်။ လက်က လုံချည်ကို ပြင်ဝတ်သည်။ ပါးစပ်က …
“ကြာတော့ နားကြားပြင်းကပ်လာရော ... တော် တော်ကြာ မွှေးတယ်၊ တော်တော်ကြာ ဆာတယ်၊ ဒါဘာလဲ ဆာရင် သေလိုက် ... ကဲ”
“တော်သာသေ၊ အလကားနေရင်း ရန်ရှာနေတယ်”
ထဘီအောက်စကို ဒူးခေါက်ခွက်အောက်သို့ ညှပ်သွင်းပြီး တစ်ဖက်သို့ မကျီးဒန် မျက်နှာလှည့်သွားစဉ် ကိုဆေးရိုးက ဆေးလိပ်တိုကလေးကို ကောက်ကာ ... ဝတ်ကျောင်းဘက်သို့ ထွက်ခဲ့သည်။ ဝတ်ကျောင်းနှင့် ခြံစည်းရိုးချင်းဆက်လျက် ဖွားမှီတို့ ကျော်မောင်တို့ အိမ်ရှေ့သို့ ရောက်လျှင် မုန့်ပေါင်းနေသည့် မီးရောင်ကို မြင်ရသဖြင့် အိမ်ဝိုင်းထဲသို့ ကိုဆေးရိုးက စွတ်ဝင်သွား၏။
“ဟော အစ်ကိုဆေးရိုး ထိုင်”
ကျော်မောင်က တံစက်မြိတ်တွင် မီးပုံးများသွယ်တန်း ညှိထွန်းနေရာက ခွေးခြေတစ်ခုကို မီးရောင်အောက်မှာ ချပေးသည်။
“မထိုင်တော့ပါဘူးကွာ”
ကိုဆေးရိုးက မီးရောင်မှိန်ဖျော့ရာ မီးဖိုဆီသို့သာ အာသာငမ်းငမ်း ငေးကြည့်နေပြီး “မုန့်မြည်းချင်လို့ ဝင်လာတာကွ၊ လေး ငါးထုပ်လောက် ပေးကြစမ်းပါ” ဟု ပြောလိုက်သည်တွင် ... ဖွားမှီက အားနာဟန်ဖြင့် လှည့်ကြည့်၏။
“အားနာစရာကောင်းလိုက်တာ ရီးဆေးရိုးရယ်၊ မိုးကြီးချုပ်မှ ဖက်သွားရှာ၊ ပေါင်းချောင်လည်ငှားနဲ့ ပေါင်းမယ့်ပေါင်းတော့ ခါးမပမ်းမိလို့ ဒီပေါင်းချောင် ကျကျချင်း ကျုပ် လာပို့ပါ့မယ်”
“ငါ့လခွေးတဲ့မှပဲ”
လူကြီးရှက်တော့ ရယ်၏။ ရယ်ရသော်လည်း ကိုဆေးရိုး၏ ရင်ထဲတွင် စနိုးစနောင့်ဖြစ်သွားသည်။ ငတ်မရှက်မို့ သားအရွယ်၊ တူအရွယ်ကလေးတွေထံသို့ ဣန္ဒြေမဲ့ခံပြီး တောင်းရမ်းခါမှ အဆင်မပြေဖြစ်ရသည်မို့ ကိုဆေးရိုးမှာ ရှက်ရှက်နှင့် ထွက်ခဲ့ရသည်။
ဝတ်ကျောင်းတွင် မီးရောင်စုံများဖြင့် ကြည်နူးစရာကောင်းသလောက် ရေသပ္ပာယ်ထားသဖြင့် ကြေးညှိစင်နေသည့် ကြည်ညိုဖွယ်ရုပ်ပွားတော်နှင့် လန်းဆတ်သော ဘုရားပန်းများက ကိုဆေးရိုး၏ ရင်ကို ရွှင်မြသွားစေလေ၏။ ခေါင်းရင်းအကျဆုံး တိုင်ကို ဘကြီးဖိုးနှင့် ဦးသာအောင်တို့က မျက်နှာချင်းဆိုင်လျက် မှီထိုင်နေကြသည်။ ကိုဆေးရိုးကို ဦးသာအောင်၏ အသံပြာကြီးက ဆီးကြို၏။
“ခက်တာက မောင်ပိတ်စရ မြို့ကြီးရပ်ကြီးတွေမှာဆိုရင် အခုလို သီတင်းကျွတ်လပြည့်နေ့မှာ မီးထွန်းတာကို အပျော်သဘော၊ အလှအပသဘော ဂုဏ်တု ဂုဏ်ပြိုင်သဘောလောက်ပဲ ထင်မှတ်နေကြပြီကွ”
“ကြားဖူးပါတယ်၊ အရိုးကို အရွက်ဖုံးတယ်ခေါ် ရမှာပေါ့ ဘကြီးရာ”
“အရိုးကို အရွက်ဖုံးတာတင် ဘယ်ကမလဲ မောင်ပိတ်စရ”
ဘကြီးဖိုးက ကျောကို တိုင်မှခွာမတ်ပြီး ဝင်ပြောသည်။
“အမှန်ကို အမှန်ယောင်ဆောင်တဲ့ အတုအပတွေက လွှမ်းနေတာ”
“ဟုတ်တယ် ကိုဖိုးပြောတာ ဟုတ်တယ်”
ဦးသာအောင်က ဘကြီးဖိုး၏စကားကို ထောက်ခံလိုက်ပြီး
“ဟုတ်တယ် မောင်ပိတ်စ၊ ငါတို့ငယ်ငယ်တုန်းကတောင် မဟုတ်သေးပါဘူး၊ မင်းတို့ငယ်ငယ်တုန်းကတောင် အခုလောက် မဆိုးသေးပါဘူး၊ ဒီလ ဒီအချိန်မှာ ငါတို့ ဘုရားသခင်ဟာ သန္တုသီတနတ်သားကို အဘိဓမ္မာ တရားမြတ် ဟောအပြီး လူ့ပြည်ကို ပြန်ကြွလာပါကလား၊ အဘိဓမ္မာတရားတော်မြတ် ဆိုတာ ဘာလဲ၊ လူကောင်၊ နတ်ကောင်၊ ဗြဟ္မာကောင်၊ တိရစ္ဆာန်၊ ပြိတ္တာကောင်ဆိုတဲ့ သံသရာ ဝဲသြဃမှ ထွက်မြောက်ရာ လမ်းကို တိတိကျကျ ညွှန်ပြ တဲ့ တရားထူး တရားမြတ်ပဲ၊ ဟေ .. ငါတို့ ဒီတရား ထူး တရားမြတ်ကို မမေ့မလျော့ မပေါ့သော သတိနဲ့ ကျင့်ကြံ အားထုတ်ကြရမှာပါကလားဆိုတဲ့ အသိတရားရအောင် မီးထွန်းတာလည်း ဖြစ်တယ်၊ မီးထွန်းရာမှာလည်း လျောင်းတော်မူ ကိုယ်တော်၊ မတ်ရပ်တော်ကိုယ်တော် တင်ပလ္လင်ခွေကိုယ်တော်၊ မဟာမြတ်မုနိ၊ ရွှေတိဂုံ စသည်ဖြင့် ရည်မှန်းပူဇော်တာ မဟုတ်ဘူး။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရဲ့ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ တန်ခိုးတော် အနန္တကိုသာ ဦးခိုက်ပူဇော်တာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ကိုးပါးသော ဂုဏ်တော်များကိုသာ တစ်ခုစီတစ်ခုစီ အနုစိပ်ပြီး ညွတ်နူးကြည်ညိုတာကွ”
“ဒါတွေကို အခုခေတ် ကလေးတွေ မသိတော့ပါဘူး ကိုသာအောင်ရာ”
ဘကြီးဖိုးက ညည်းညူလိုက် သဖြင့်
“ဟုတ်ပါတယ် ဘကြီးဖိုးရယ်” ဟု ကိုဆေးရိုးက လှေကားထိပ်မှ ထိုင်ရာက လှမ်းပြောလိုက်ရာ
“ဆုတ်ကပ်ကိုးကွ၊ ဆုတ်ကပ်နဲ့ တူအောင်လည်း ရတနာသုံးပါးနဲ့ မိဘဆရာသမား မရိုသေကြတော့ဘူးလကွ၊ ရိုသေရမှန်း မသိအောင်လည်း လောကုတ္တရာစာကို ဘုရားစူးလွတ်၊ ကျမ်းစူးလွတ်ရုံ သင်တဲ့ လောကဓာတ်ကျောင်းတွေက ခေတ်စားလာတာကိုး”
“ဒါကတော့ ခေတ်အလျောက်ကိုး ဘကြီးသာအောင်ရဲ့”
ကိုပိတ်စက နားရွက်ကြားမှ ဆေးလိပ်တိုကို ထုတ်ယူရင်း ဆင်ခြေပေးလိုက်သဖြင့် ဦးသာအောင် ရှေ့သို့ကိုင်း၍ လက်ဝါးကာပြလိုက်၏။
“ခေတ်ကို ငါ အပြစ်ဆိုနေတာ မဟုတ်ဘူး၊ ခေတ် ဆိုတာ သူ့ဖြစ်ချိန် ပျက်ချိန်အတိုင်း ဖြစ်ပျက်လာရတာ ဒါပေမဲ့ ငါက ပျက်ချိန်တန်လို့ ပျက်လာရတာတွေကိုသာ ပြောတာ”
“မှန်ပါတယ်၊ မှန်ပါတယ် ကဲ … ဘုရားကန်တော့ ကြရအောင်”
ဘကြီးဖိုးက ပြောပြောဆိုဆိုဖြင့် ကျုံ့ကျုံ့ကလေး ထိုင်ပြီး ကြေးစည်ရိုက်လိုက်လေ၏။ ကြေးစည်သံ ဝေ့၍ဝေ့၍ တိမ်မသွားမီ သြကာသ အစချီသော ကန်တော့သံသည် သက်ငယ်မိုး ဝတ်ကျောင်းကလေး အတွင်း၌ ဟိန်းပျံလာလေသည်။ စောစောက ဝါကျွတ်သဘင် ဆွေးနွေးပွဲ၌ အာရုံဝင်စားနေ၍ မုန့်ဖက်ထုပ် တောင့်တစိတ်များ ငြိမ်ဝပ်သွားခဲ့သော်လည်း အာရုံပျံ့လွင့်လာသည့်ခဏ၌ ချင်ခြင်းသည် ထပ်မံ လှုပ်ရှားလာပြန်၏။ သို့ရာတွင် အခါကြီး၊ ရက်ကြီးတိုင်းသည် ဝတ်ကျောင်းတွင် လက်ဖက်၊ ဂျင်းသုပ်များ ဝေမြိုင်နေမြဲဖြစ်သည်ကို ကိုဆေးရိုးက အမှတ်ရလာ၏။
“ဒါဖြင့်ရင် မုန့်ကမ်းတဲ့ လူတွေလည်း လာချင်လာမှာပေါ့”
သည်လို တွေးတောမိသဖြင့်လည်း ကိုဆေးရိုးက လက်အုပ်ချီမြဲ ချီလျက် ငါးပါးသီလ ခံယူချက်ကို ဆက်လက်ရွတ်ဆိုနေမိသည်။ စိတ်က ဘုရား၌ အာရုံမညွှတ်သောကြောင့် လက်အုပ်ချီပြီး ပါးစပ်မှ ရွတ်ဆိုသော်လည်း မျက်လုံးကမူ ဖွားမှီတို့ အိမ်ဘက်ကို လှမ်းမျှော်လိုက်၊ ဘယ်သူများ မုန့်တွေဖြင့် ရောက်လာပါမလဲဟု လမ်းဘက်သို့ ကြည့်လိုက်ဖြင့် ကိုဆေးရိုးမှာ လှုပ်ရှားနေသည်။
ညဉ့်တဖြည်းဖြည်း နက်လာပြီ၊ မုန့်ကမ်းလှမ်းသူကား မပေါ်လာ။
ဝတ်ရွတ်စဉ်များ ကုန်လုပေပြီ။ ကိုဆေးရိုးက မုန့်ဖက်ထုပ်ကို မျှော်ဆဲပင်။
“ပရိတ်၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရွတ် ဖတ်သရဇ္ဈာယ်ရသော ကောင်းမှုကို အားလုံးကြားကြ သမျှ အမျှ ယူတော်မူကြပါဗျို့”
ကိုပိတ်စ၏ အမျှဝေသံ ထွက်ပေါ်လာမှ ကိုဆေးရိုးက ချီထားသော လက်အုပ်ကို ကပျာကယာ ချပစ်ပြီး ရော၍ သာဓုခေါ်လိုက်ရသည်။ စိတ်မှာမူ တစ်စုံတစ်ယောက်တော့ မုန့်ဖက်ထုပ်တွေ လာပြီး ကမ်းလှမ်းလိမ့်ဦးမည်ဟု မျှော်လင့်နေဆဲသာ။ သို့ရာတွင် အိမ်သို့သာ ရောက်သွားသည် မုန့်ဖက်ထုပ်ကို မမြင်ရချေ။ မမြင်ရခါမှ နှာဝတွင် မုန့်ဖက်ထုပ်နံ့ သင်းလာပြီး သွားရည်မသိမ်းနိုင်လောက်အောင် ဖြစ်လာရသဖြင့် အိပ်ရာပေါ်သို့ လက်ထောက်ကာ အထိုင်တွင် ပါးစောင်းမှ သွားရည်မျှင်များ အန်ကျသွားလေရာ ..
“ဘယ့်နှာလဲတော့၊ ဘာတွေလဲ”
မကျီးဒန်က ထအော်၏။
“မုန့်ဖက်ထုပ် စားချင်လွန်းလို့ သွားရည်ကျတာပါဟာ”
မကျီးဒန်မှာ ငြိမ်သက်နေပြီး အတန်ကြာမှ ညည်းတွားလိုက်လေ၏။
“ဖြစ်ရလေ … ကိုဆေးရိုးရယ်”
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖သွေးသောက် မဂ္ဂဇင်း
၁၉၅၉၊ အောက်တိုဘာ
No comments:
Post a Comment