Monday, October 26, 2026

ရွှေ့ထားလိုက်ရသော တတိယနေ့

❝ ရွှေ့ထားလိုက်ရသော တတိယနေ့ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

ပထမနေ့က ဆီပွတ်သည်။ ဒုတိယနေ့တွင် ဆန် ကြိတ်သည်။ တတိယနေ့၌ ဝါခင်း ‘ကြား’လိုက်ရ၏။ သို့သော် လယ်ထဲသို့ ရီးဆေးရိုး မရောက်တော့ပါ။ ယမန်နေ့ကပင် ကြားတုံးကလေးကို အသင့်ဖြစ်အောင် ပြင်ဆင်နေခိုက်၌ ရီးသာဒွန်း ရောက်လာသည်။

“ဟေ့ကောင်၊ မင်းနဲ့ ငါနဲ့ ဘုန်းကြီးပျံကို လှည်းလိုက်ရမတဲ့ဗျား”

ရီးဆေးရိုး ထောင်းခနဲ ဒေါသဖြစ်သည်။ ဆတ်ခနဲ မော့ကြည့်သည်။ ရီးသာဒွန်း၏ ပြုံးရွှင်နေသော မျက်နှာကို မြင်ရသောအခါ ပိုပြီး ဒေါသဖြစ်ရသည်။

“ဒီမှာ သီးနှံစိုက်တဲ့ တောင်သူကွ၊ မလိုက်ဘူး”

ရီးသာဒွန်း ရယ်မောသည်။

“ဘာရယ်တာလဲ၊ မင်းအမေသေလို့ ရယ်တာလား”

“ဟ ဆေးရိုးရ၊ တစ်နယ်လုံးမှာ ရှိတဲ့ လယ်သမား တိုင်းဟာ စိုက်နေကြတာချည်းပဲကွ။ အခုဥစ္စာက မဲကျတာ။ အေး...မလိုက်ချင်ရင် ငွေအစိတ်နဲ့ ငှားပြီး လူစား ထည့်လိုက်”

“ငါးကျပ်နဲ့တောင် မငှားဘူးကွာ၊ လိုက်လည်း မလိုက်ဘူး”

“ဒါတော့ မင်းသဘောပေါ့ မောင်ရာ”

ရီးသာဒွန်း ထွက်သွားသော်လည်း ရီးဆေးရိုး ဒေါသမပြေ။ တောက်တခေါက်ခေါက်ဖြင့် ကျန်ခဲ့၏။ တောက်မခေါက်၊ ဒေါသမဖြစ်ဘဲ နေနိုင်ရိုးလား။ အသီးအပင်များကို ပြုစုရာတွင် အချိန်အခါနှင့် လုပ်ရ ကိုင်ရသည်။ လူမအားသေးပါကလား ဟူ၍ အပင်က စောင့်မနေ။ ဝါက မရသည်မှာ ကြာပြီ။ သည်နှစ် ရကို ရရမည် ကြုံးဝါးထားကာမှ အလုပ်ပျက်ရဦးမည်။ အလုပ်ပျက်ရုံဖြင့် မပြီးသေး၊ လှည်းနာဦးမည်။ နွား ပင်ပန်းဦးမည်။

ဘုန်းကြီးပျံသို့ လိုက်ရသော လှည်းသည် လူစီးရန် မဟုတ်ပေ။ ပြာသာဒ် တစ်ဆောင်လျှင် ယိမ်းတစ်ယိမ်း သို့မဟုတ် ဇာတ်တစ်ဇာတ် ပါရာ လှည်းပေါ်တွင် ကရန်ခုန်ရန် ဖြစ်၏။ လှည်းပေါ်တွင် ကွပ်ပျစ်တင်မည်။ ခုန်မည် ပေါက်မည်။ ရံတိုင်လည်း ပဲ့၊ လှည်းလည်း နဲ့။

မည်သို့ဖြစ်စေ ဦးဆေးရိုး လိုက်ရမည်သာ ဖြစ်၏။ အများနှင့် လုပ်ရခြင်း ဖြစ်သည်။ စိတ်ထားတတ် လျှင် ကုသိုလ်လည်း ရသည် သဘောထားလိုက်၏။ သို့ဖြစ်ငြား လှည်းထွက်ခါနီး အချိန်ထိ ဦးဆေးရိုး စိတ်ပါလက်ပါ မရှိ။ သုန်သုန်မှုန်မှုန် လေးလေးလံလံဖြင့်။

“ကိုဆေးရိုး ထမင်းစားတော့လေ၊ ‘တည်းကျောင်း’ တွေက ထမင်းကျွေးတယ် ဆိုပေမယ့် တော်က စားလို့ ရချင်မှ ရမှာ”

ရီးကျီးဒန်သည် သောက်စရာ ရေဘူး၊ ဆေးလိပ် ထည့်သော လွယ်အိတ်နှင့် ခမောက်ကို အသင့်ချထားပြီးနောက် ထမင်းခူးပေးသည်။

“အေး ဟုတ်တယ်ဟ၊ စားသွားတာ ကောင်းတယ်”

ပြောပြောဆိုဆိုဖြင့် ရီးဆေးရိုး ကုန်းထလိုက်စဉ် အိမ်ထဲသို့ လှည်းတစ်စီး ဝင်လာသည်။ နွားလည်း မပါ၊ မောင်းသူ ဗလာ။

“ဟဲ့ လူလေး၊ ဘယ်က လှည်းလဲ၊ ဘာလုပ်ဖို့လဲ”

ကိုဘညိန်းသည် ဖခင်၏ အမေးကို မဖြေနိုင်သေးပေ။ လှည်းကို မန်ကျည်းပင်ရိပ်သို့ ရောက်အောင် ဆွဲသွင်းလာပြီးမှ ‘ဒေါက်’ ထောက်ရင်း ဖြေ၏။

“အိမ်နားက ရီးဘဦးလှည်းပါ အဖေရာ၊ အဖေ့လှည်း ဘုန်းကြီးပျံ မဲကျတယ်ဆိုလို့ ကျုပ်ဆွဲလာတာ။ အဖေ့ လှည်းအိမ်အသစ်ကြီး ကျိုးပဲ့လာမှာ စိုးလို့။ ဒီ လှည်းကတော့ ကျိုးမှာပဲ့မှာ မစိုးရတော့ဘူး၊ မြင်တဲ့ အတိုင်းပဲ”

မြင်တဲ့အတိုင်းပဲ ဆိုသည်နှင့်အညီ ပျက်စီးခြင်း ငါးပါးတိုင်နေသော လှည်းအိမ်မှာ ထပ်မံ ကျိုးပဲ့စရာ မကျန်တော့ပါ။ အချို့နေရာက ကျိုးနေသည်။ အချို့ နေရာတွင် ထန်းလျှော်ဖြင့် တုပ်ထားသည်။

••••• ••••• •••••

၂

ကျောင်းဝိုင်းတစ်ခုလုံး အလှများ ဖုံးလွှမ်းနေသည်။ ဝတ်သစ်စားသစ်များ ဆင်ယင်ထားသော မိန်းကလေးတွေက လှသည်။ ယောက်ျားကလေးတွေလည်း လှသည်။ မိန်းမကြီးတွေ၊ ယောက်ျားကြီးတွေလည်း လှကြသည်သာ။ ဟိုနားတစ်ဆောင် သည်နားတစ်ဆောင် ချနားရပ်နေသော ပြာသာဒ်တွေက အလှတကာ့ အလှဆုံး။ ရီးဆေးရိုးသည် အရှင်လတ်လတ် နတ်ပြည်သို့ ရောက်လာပြီလား ထင်မှတ်မိ၏။ ပြိုးပြက်တောက်ပသော ရောင်မျိုးစုံ ကွန့်ဆန်းသော ပြာသာဒ်များကို တမောကြီး ငေးပစ်၏။

ရွှေပြာသာဒ်၊ ငွေပြာသာဒ်၊ ပတ္တမြားပြာသာဒ်၊ မြပြာသာဒ်၊ နီလာပြာသာဒ် အရောင်မျိုးစုံကလည်း စုံသည်။ ပိတ်ဖြင့် ပြုလုပ်ထားသော ‘လိုက်’ ဆင်ကြီး ကလည်း ငွေတောင်ကြီးတစ်လုံးသဖွယ် လက်တစ် ဖက်ကြွလျက် အသက်ဝင်လှပါဘိ။ အုတ်အုတ်အုတ် အုတ် ဝေါဝေါဝေါဝေါ အသံများကို ဖောက်ခွဲလျက်၊ ရှိုက်ငိုသံတစ်သံ လွင့်ပျံလာ၏။ ရီးဆေးရိုးမှာ ဆွေးသလိုလို လွမ်းသလိုလို ရင်ထဲက ဖြစ်ပေါ်လာ၏။

စကားသံမှ တေးသံသို့ ပြောင်းသွားကာ နှဲကြီးသံသည် တွဲလျက်ပါလာရာက ဗြုန်းခနဲ ငိုချင်းဆိုင်းသံသည် ပတ်မသံ တထီထီဖြင့် လွှမ်းအုပ်သွားတော့သည်။ ရီးဆေးရိုးမှာ ထိုအခါကျမှ ‘ဧယင်ကျူးနေ တာပါကလား’ ဟူသော အသိနှင့်အတူ သက်ပြင်းချလိုက်မိလေ၏။

အနားဝန်းကျင်မှ လှုပ်လှုပ်ရှားရှားများကိုလည်း ထိုအခါကျတွင်မှ သတိထားမိ၏။ မျက်နှာပြင်ကို အစိမ်း၊ ဘေးအနားများကို အနီရောင်ခြယ်ထားသော ဇာတ်သေတ္တာများကို လှည်းပေါ်တွင် စီပြီးတင်နေသော လူတစ်စု။ သူတို့သည် သေတ္တာများတင်အပြီး၌ ဝါးကွပ်ပျစ်တစ်ခုကို တင်ကြပြန်သည်။ ကွပ်ပျစ်၏ ထောင့်လေးထောင့်ကို ထန်းလျှော်ဖြင့်တွဲလျက် လှည်းအိမ်နှင့်တွဲသည်။ ဆွဲကြည့်၊ လှုပ်ကြည့်၊ နှဲ့ကြည့်ပြီး ကျေနပ်သလောက်ရှိမှ ထွက်ခွာသွားကြ၏။

အုတ်အုတ်ကျက်ကျက်အသံများနှင့် ဧယင်ကျူးသံသာ ဖုံးလွှမ်းနေခဲ့သည့် ကျောင်းဝိုင်းအတွင်း၌ ဆိုင်းသံ နှဲသံများ ချက်ချင်းဆူညံလာလေ၏။ ပြာသာဒ်တစ်ဆောင်လျှင် တစ်ဝိုင်းပါရာ နားကွဲမည်သို့ ရှိ၏။

“သီးကုန်းဆရာတော်ရဲ့ ပြာသာဒ်က ရှေ့ဆုံးက သွားပါ့မယ်၊အဲဒီနောက်မှာ သမြင်ကင်းရွာက ပြာသာဒ် လိုက်ပါပါမယ်။ အဲဒီနောက်မှာ ပေါင်လောင်ရွာက ပြာသာဒ် ဖြစ်ပါတယ်”

ကျောင်းထုတ် အခမ်းအနား စတင်တော့မည်။ လိုက်ပါရမည့် ပြာသာဒ်များ၏ တန်းစီဇယားကို အသံချဲ့စက်မှ ကြေညာလေပြီ။

ရီးဆေးရိုးသည် ဧယင်ကျူးသံ ထွက်ပေါ်ခဲ့သော စံကျောင်းဘက်သို့ လည်ဆန့် ခေါင်းမော့ကာ မျှော် ကြည့်၏။ ရောင်စုံပန်းခြောက်ကလေးများ လေကစားရာသို့ တဖျပ်ဖျပ်လွင့်မြူးနေသည့်နှယ် ကြီးမားသော လူပင်လယ်ကြီး၏ ဟိုဘက်အဖျားတွင် စံ ကျောင်းနတ်လမ်းနှင့် လိုက်ဆင်ကြီး။ ဆင်ပေါ်သို့ ‘မှန်ခေါင်း’ ကို တင်နေကြသည်။ ပန်းပွားရောင်စုံ ယှက်သော ကြိုးဖြင့်လည်း တည်းကြနှောင်ကြသည်။ အသံချဲ့စက်မှလည်း ပြာသာဒ်များ၊ အဖွဲ့များနေရာယူရမည့် အစီအစဉ်ကို ဆက်လက်ကြေညာနေသည်။

ရီးဆေးရိုး အတွေးမပြတ်။ ဆူညံဆူညံနှင့် လူတစ်စု သူ့ဘေးသို့ ရောက်လာကြသည်။ စူးရှ ပြင်းထန်သော အရက်နံ့က ထောင်းခနဲ နှာဝ လာဆောင့်၏။

“အို ကိုယ်တော်ရဲ့၊ တပည့်တော်တို့ကို ပစ်သွား တော့မလား ဘုရာ့”

အော်ငိုလိုက်သော အသံကြီးသည် ဆင်ပေါ်မှ လွင့်ဝေလာသည်။ ဆွေးမြည့်ကြေကွဲဖွယ် မကောင်းသော မူးမူးနှင့် ငိုသံကြီး။

“ပြာသာဒ် ထွက်တော့မယ်၊ ဒီလှည်းက လူတွေ ဘယ်သွားလဲ”

အမူးသမားများ၏ မေးသံကြောင့် ရီးဆေးရိုးမှာ သူတို့ကို လှည့်ကြည့်ရင်း “မသိတော့လားဗျာ” ဟု ဖြေမိသည်။

“မြို့မဆရာတော်ရဲ့ ပြာသာဒ်ထွက်ပါ”

ထန်းဖျားဝက်ခန့်မြင့်သော အလုပ်သမား ရုပ်လုံး ကြီးသည် ထွက်မည့်လမ်း၌ ပိတ်နေ၏။ သူ့ခေါ် ငါ့ဟစ်ဖြင့် ဆူညံနေ၏။

“ဗျို့ လှည်းဆရာ၊ ခင်ဗျား ရမ်းဘိုကုန်းက မဟုတ်လား”

“ဟုတ်သားပဲ”

“ဟေ့ လာကြ လာကြ၊ လှည်းတွေက ဒီရောက်နေပြီ”

ဇာတ်ဝတ် ဇာတ်စားများ ဝတ်ထားသော လူတစ်စု သည် တောင်ရှည် တမမ၊ ထိုင်မသိမ်း တဆွဲဆွဲဖြင့် ပြေးလာကာ ရီးသာဒွန်းနှင့် ရီးဆေးရိုး၏ လှည်းပေါ် သို့ တက်ကြသည်။ တစ်ဆက်တည်းပင် “နွားတပ် နွားတပ် မောင်း မောင်း” အသံများ ပေါ်လာသလို အလုပ်သမားကြီးလည်း မြေမှ ကြွလေ၏။

••••• ••••• •••••

၃

ငါးသိုင်းများသော် ဟင်းဟုန်၏။

ထိုနည်းတူပင် တီးမှုတ်သံတွေ များနေသောအခါ မည်သည့် အသံကိုမျှ နားထောင်၍ မရ၊ အားလုံး ရောထွေး နေတော့သည်။ လေပြင်းတိုက်သံလိုလို၊ သစ်ပင် အကြီးကြီး လဲပြိုသံလိုလို။

နေသည် ပူပြင်းလှငြား နေရောင်မှာ ကြီးမားသော ဖုန်လုံးကြီးကို မထိုးဖောက်နိုင်တော့ချေ။ ရွှေပြာသာဒ်၊ မြပြာသာဒ် စသော ပြာသာဒ်များကြားတွင် ရုပ်လုံး ပြာသာဒ်များ တစ်ခုစီ ညှပ်ထားသည်။ သိကြား၊ ဗြဟ္မာ၊ သူရဿတီ၊ အလုပ်သမား၊ ကျား၊ လိပ် စသည်ဖြင့်။ ရွှေရောင်၊ ငွေရောင်၊ စိန်ရောင် တပြောင် ပြောင်တလျှပ်လျှပ် လက်နေသော ပြာသာဒ် ဘုံဆောင်များသည် လွန့်၍လွန့်၍ ခါ၏။ လူး၍ လူး၍ တုန်၏။

ထမ်းသူများမှာ ပေနေအောင် ‘ထို’ ထားကြရာ ပြာသာဒ် ကစားချင်လှပြီ။ သို့သော် ယခုကစားလိုက် လျှင် ‘ကျောင်းထုတ်’ အခမ်းအနား၌ ပူဇော်ရန် မျက်နှာပန်းလှတော့မည် မဟုတ်ချေ။ သို့ဖြစ်သောကြောင့် ဘုန်းတော်ကြီးများ၊ ရွာလူကြီးများမှာ နေပူထဲတွင် အပန်းတကြီး လိုက်လံထိန်းသိမ်းနေကြရ၏။ ရပ်လိုက်၊ သွားလိုက်၊ နားလိုက်၊ လာလိုက်ဖြင့် အတော်ကလေး ခရီးပေါက်လာမှ ရီးဆေးရိုး သတိထားမိ၏။

‘ငါတို့ လှည်းနှစ်စီးမှာ ကမယ့်လူတွေ ပါလာ တာတော့ ဟုတ်ပါပြီ။ ဆိုင်းလည်း မပါပါဘဲကလား’

တွေးသာ တွေးသည်၊ ရီးဆေးရိုး မမေး။ မေးမိ၍ မိမိဘက်သို့ ပါးစပ်ကြီး ဟပြီး လာဖြေလျှင် ဒင်းတို့ ပါးစပ်တွေက အရက်စော်နံလှသည်။ ပင်ကိုက ဆိုး ရွားပြီးသား အရက်နံ့သည် ဟင်းနံ့နှင့် ရောသည့်အခါ ရွံစရာကောင်းသော အနံ့တစ်မျိုး ဖြစ်လာ၏။

“ရပ်မယ်ဟေ့ ရပ်မယ်ဟေ့။ ဇာတ်ထုပ်ခင်းကြ”

ဖုန်ကြောင့် ဖြူစပြုနေသော အင်္ကျီမည်းကြီး တဖားဖားနှင့် လူတစ်ယောက် ပြေးလာကာ အော်ပြော သွား၏။ ရီးဆေးရိုး မျှော်လင့်သည်။ ‘ဘာ ကကြမှာ ပါလိမ့်’ တွေးနေဆဲမှာပင် နှဲစမ်းသံ၊ မောင်းခေါက်သံ၊ ပတ်မမှ ပတ်စာသိပ်သံများ ပေါ်လာသည်။

ပတ်မကို ရီးသာဒွန်း၏ လှည်းနောက်၊ မောင်းဆိုင်းကို ရီးဆေးရိုး၏ လှည်းနောက်မှာပင် ချိတ်တွယ်လျက် တီးမှုတ်သူများက နှဲသမားနှင့်အတူ ခြေကျင် လိုက်ခြင်း ဖြစ်လေသည်။ လေပြေထိုး အပြီးတွင် နှုတ်ခမ်းနီ၊ ပါးနီ၊ မိတ်ကပ်နှင့် မူးနေသူနှစ်ယောက် ထရပ်၏။ ရုတ်တရက် စကားမပြောနိုင်သေး၊ ကိုယ်ကို မတ်အောင်ထိန်းရင်း စောင်းနေသော ‘ဗောင်း’ ကို တည့်မတ်ပေး၏။

“စေတစ်လုံး ပခုံးထမ်းလာပြီး မောင်းကြော်ငြာ လိုက်တာ တောင်ပြင်ကို ရောက်ကမင့်ပဲ ဝန်မင်းရဲ့”

“တောင်ပြင် ရောက်မှဖြင့် ဒေါင်ဒင် မရောက်ရအောင်၊ နောင်အစဉ်မှတ်ဖို့ မောင်းကြော်ငြာရမှာပေါ့ ဝန်မင်းရဲ့။ အဟမ်း အဟမ်း တိုင်းသူပြည်သား လူအများတို့လေ၊ ဗာရဏသီပြည့်ရှင် ဘုရင်မင်းမြတ် အမိန့်တော်မှတ်လိုက်သည်မှာ၊ မြို့ပြင်သုသာန်တွင် ကားစင်တင် တံကျင်လျှိုထားသော သူခိုးငတက်ခါးအား အကာလ ညအခါတွင် ထမင်းထုပ် ပို့ပေးနိုင်သူ မည်သူမဆို တောင်စမုတ်မှ ထောင်ထုပ် ပေးသနား တော်မူမည် ဘုရင့်အမိန့်တော်”

“အလို မောင်းသံပါကလား၊ တောင်စမုတ်က ထောင်ထုပ်တဲ့။ ဪ မယ်ကာက မယ်ကာက ဆင်းရဲလိုက်တာ။ အဝတ်အစား အစားအသောက်သာ ဆင်းရဲတာ မဟုတ်ဘူး၊ နာမည်တောင် ဆင်းရဲသတော့်။ လင်ကလည်း ကာက၊ မယားကလည်း ကာကပါပဲ တော်၊ သို့သော်လည်း”

ရီးသာဒွန်း၏ လှည်းပေါ်မှ ထရပ်ပြီး ဇာတ်ဝင် စကားများကို ပြောသော မယ်ကာကကို မော်ကြည့်မိ သည့် ခဏ၌ ရီးဆေးရိုး ဟားတိုက်ကာ ရယ်လေ၏။

မရယ်ဘဲ နေနိုင်ပါရိုးလား၊ မယ်ကာကမှာ မိန်းမ မဟုတ်။ ကျောက်ပေါက်မာ ဗရပျစ်တွင် ပေါင်ဒါ ကွက်တိ ကွက်ကျား လိမ်းထားသော ယောက်ျားကြီး။ ခေါင်းတုံးတွင် ဆံစုတစ်ချောင်းကို ကြိုးချည်ထားသည့် ယောက်ျားကြီး။

“မိန်းကလေး စဉ်းစားနော်၊ မင်းဘဏ္ဍာကို အရမ်း လက်မခံနဲ့”

“စဉ်းစားပြီးပါပြီ ဘိုးဘိုးတို့ရယ်။ အသပြာသာ ပေးပါတော့”

“ပြောမရလည်း ရော့ ယူဗျာ”

ဝန်နှစ်ပါးသည် တစ်စုံတစ်ရာ ပစ်ပေးဟန် ဟန်ချည်းသက်သက် လှုပ်ရှားလိုက်သည့် ခဏ၌ ရီးဆေးရိုး သေသေချာချာ ကြည့်၏။ ရယ်ရပြန်ပြီ။ အသပြာ ထုပ်ကို ပစ်ပေးသောကြောင့် ငွေသံ ထွက်လာလေဟန် ဖန်တီးထားသော အရာမှာ အရက်ပုလင်းခွံများကို ထိုးထည့်ထားသော လွယ်အိတ်တစ်လုံး ဖြစ်နေလေ၏။ ရီးဆေးရိုး အဘယ်မျှ ခွက်ထိုးခွက်လန်ရယ်မောငြား သရုပ်ဆောင်နေသူများမှာ ဣန္ဒြေ မပျက်ကြချေ။

ဆက်လက် သရုပ်ဆောင်ရာ မောင်ကာကကို နှိုးပြီး ပြောခန်းသို့ ရောက်လာ၏။ လူနှစ်ယောက် လှုပ်ရှားသည့်အတွက် လှည်းဦးသည် ကြွလိုက်ပိလိုက် ဖြစ်လာချေပြီ။ ဤသည်ကို ရီးသာဒွန်း သတိမမူပေ။ ပါးစပ်ကြီးဟလျက် မော့ကြည့်နေသည်။ ရီးဆေးရိုးမူ ကွပ်ပျစ်စွန်းကို ဆွဲခိုလျက် လှည်းအောက်သို့ ဆင်းသည်။ စည်းကုံးဘေးတွင် ထိုးထားသော လှည်းထောက်ခွကို ဖြုတ်ယူပြီး ထောက်ထားလိုက်သည်။ ဤနှယ် လုပ်မထားလျှင် နွားပခုံးကျိန်းမည် မဟုတ်လော။

ရီးဆေးရိုး၏ လှည်းပေါ်တွင် ဝန်လုပ်သူ နှစ်ဦးသာပါငြား သူတို့ကလည်း လှုပ်ရှားသည်သာ။ သုံးလေးလံမျှ ဝေးသောလှည်းပေါ်ရှိ မောင်ကာကကို လှမ်းပြီး ဖနောင့်ဖြင့်ပေါက်သည်။ မယ်ကာကကို လှမ်းပြီး ပါးရိုက်သည်။ လုပ်ချင်သလောက် လုပ်ကြပါစေ။ ရီးဆေးရိုးမှာ လှည်းဦးကို ထောက်ထားပြီးဖြစ်သည်။ မယ်ကာက တစ်လှည့် မောင်ကာကတစ်လှည့် ငိုချင်း ချနေစဉ်မှာပင် ရှေ့မှာ ပြာသာဒ်တွေ သွားကုန်သဖြင့် ရီးဆေးရိုးတို့ လှည်းများသည် ဆက်လက် မောင်းနှင်လာကြ၏။

လှည်းနှစ်စီးပေါ်တွင် ပါလာကြသော ဇာတ်ခင်းသူများသည် ဇာတ်လမ်းဆုံးအောင် ကပြရန်လည်း မရည်ရွယ်ပေ။ ပြာသာဒ်တစ်ဆောင်လျှင် ယိမ်း တစ်ဖွဲ့ဖြစ်စေ၊ ဇာတ်ထုပ် တစ်ထုပ်ဖြစ်စေ မပါ ပါအောင် ကရော်ကမည် ဖန်တီးလာကြခြင်းဖြစ်၏။ လမ်းဘေး ဝဲယာရှိ ဖုန်တောထဲက ပရိသတ်ကလည်း အလကား ကြည့်ရသည်မို့ ကဲ့ရဲ့ ပြစ်တင် မပြုကြ။

ရီးဆေးရိုးသည် ဖုန်မှုန့်ကြားရှိ ပရိသတ်ကို အာရုံ စိုက်လာရာမှ ရုတ်တရက် နွားနှစ်ကောင်၏ ပခုံးကို ကြည့်မိ၏။ လှည်းဦး လေးနေ၏။ သို့ရာတွင် နောက်သို့ ဆုတ်ရာ နောက်စေ့ကို ကွပ်ပျစ်စွန်းနှင့် ထိုးမိ၏။ ‘စောစောက ငါ့လှည်းဦး မလေးပါဘူး၊ ဘာဖြစ်တာပါလိမ့်’ 

အခြေအနေကို ရုတ်ခြည်းသုံးသပ်လိုက်ရာ သူ့ ဘေးတွင် လူတစ်ယောက် တိုးနေ၏။ နှဲသမား။ မထိုင်ပါနှင့် ပြော၍လည်း မလျော်။ သည်မှာလည်း လှည်းဦး လေးနေပြီ။ နွားတွေ ပခုံးကျိန်းနေမှဖြင့် နက်ဖြန်။

“သည်နွားဟာ တုံ့နှေး တုံ့နှေးနဲ့ တယ်လေ ငါ”

ရီးဆေးရိုးသည် အလှည့်နွား၏ တင်ပါးကို သံချွန်ဖြင့် ဆွယောင်ပြုရင်း နှဲသမား၏ မျက်နှာကို နှင်တံအရင်းဖြင့် ထိုးမိအောင်၊ ရိုက်မိအောင် လုပ်၏။ များစွာ မလုပ်ရပါ။ တတိယအကြိမ်မြောက်တွင် နှဲလုံးရော၊ အော်လံပါ လွင့်ထွက်သွား၏။

“ဘယ်လိုလုပ်တာလဲဗျ၊ ရပ်ပါဦး”

ရီးဆေးရိုး မကြားဟန်ဆောင်နေသဖြင့် နှဲသမား ခုန်ဆင်းသွားလေ၏။ ကျောင်းထုတ် ပြာသာဒ်တန်းကြီးသည် ရပ်လိုက်ကြ၊ ဇာတ်ထုပ် ခင်းလိုက်ကြနှင့် ကြိမ်ဖန်များစွာ ဆက်လုပ်သေးငြား ရီးဆေးရိုးဘေးသို့ နှဲဆရာ ရောက်မလာတော့ပေ။ ဘုန်းကြီးပျံပွဲ ကျင်းပသည့် ကွင်းထဲသို့သာ ရောက်ရော လှည်းဦး ထပ်မံ မလေးတော့ပေ။

••••• ••••• •••••

၄

တစ်ထွာသာသာဝါပင်ကလေးများသည် ရီးဆေးရိုးနှင့် နီး၍နီး၍ လာရာက ဝေး၍ဝေး၍ ကျန်ရစ်ခဲ့ကြ၏။ နွားနှစ်ကောင်သည် ‘ကြား’ တုံးပေါ်ရှိ သခင့်အကြိုက် ကို သိစွာဖြင့် မှန်မှန်လှမ်းနေကြပေ၏။ ရီးဆေးရိုး သည် ‘ကြား’ တုံးပေါ်သို့ ထိုင်လျက်ပါလာရင်း မြေစာများကို ဝဲယာသို့ တင်ပေးသည်။

“ခုထိတော့ ဘာပိုးမွှားမျှ မကျသေးဘူးကွ”

ရီးဆေးရိုး ထရပ်လိုက်သောအခါ နောက်မှ တဆူဆူတညံညံ လိုက်ပါလာကြသော ဇရက် (ဆက်ရက်) များ ဝေါခနဲ ထပျံကြ၏။ ကန်သင်းရောက်နေပြီ။

ကြားတုံးကို မယူပြီး နွားနှစ်ကောင်ကို နောက်တစ်ကြောင်းထဲသို့ မောင်းသွင်းစဉ် “ဟေး ဆေးရိုး” ခေါ်သံ ကြားရသည်။ အသံရှင်က ရီးသာဒွန်း။ သို့ရာတွင် မြောင်းထဲမှ တက်လာသူမှာ ကိုထွန်းညံ။

“ထွန်းညံဟာ ငါ့ကို ကိုဆေးရိုးလို့ ခေါ်နေကျပါ”

ရီးဆေးရိုး ကသိကအောက် ဖြစ်နေဆဲတွင် ကိုထွန်းညံ ကျောဘက်မှ ရီးသာဒွန်း၏ ရှုံ့တွနေသော မျက်နှာကြီး ပေါ်လာ၏။

“ဟကောင်ရ နွားတွေ သနားသောအားဖြင့် တစ်ရက်တလေ နားပါဦးလား။ မင်းနှယ်ကွာ ကိုယ်ချင်းမှ မစာပလေ”

ကိုထွန်းညံမှာမူ အချိတ်အဆက်စကားကို မရိပ်မိသောကြောင့် လူနှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေလေ၏။

“အံမာ၊ ဘာဖြစ်လို့ နားရမှာလဲ၊ ငါ့နွားတွေ ဘာမှ မဖြစ်ဘူး။ မင့်နွားတွေ ဘာဖြစ်လို့လဲ”

“အတိုင်နွားက ပခုံးပေါက်နေတယ်ကွ၊ အလှည့် နွားကတော့ မပေါက်မပြဲပေမယ့် ပခုံးနာနေဟန် တူပါတယ်ကွာ၊ ခေါင်းတယမ်းယမ်း လုပ်နေတာနဲ့ လှည်းတိုက်လိုက်ဖို့ လာခေါ်တာတောင် မလိုက်နိုင်ပါဘူး”

ရီးဆေးရိုးသည် တစ်ချက်ပြုံးလိုက်ရင်း ခမောက်ထဲမှ ဆေးလိပ်ကို ယူပြီး မီးညှိ၏။

“ဘာပြုံးတာလဲ”

“မင်းက မင့်ရှေ့လှည်းက မင်းသမီးကို ငေးနေတာကိုးကွ။ မင့်လှည်း လှည်းဦး ညွှတ်ပဲ့ညွှတ်ပဲ့ဖြစ်ပြီး နွားပခုံးကို ထမ်းပိုးနဲ့ အရိုက်ခံနေရတာ ဘယ်သိမလဲ”

ရီးသာဒွန်း ရှက်ရယ် ရယ်သည်။

“အေးကွ၊ မင်းသမီးက ထဘီနားခတ်တော့ ခြေသလုံးပဲ မြင်ရပါတယ်ကွာ။ ခြေသလုံးလည်း နင့်မေကလွှားတဲ့မှပဲ ဝဲတွေနဲ့ဟ”

ထိုအခါတွင် ကိုထွန်းညံပါ ရောနှော ရယ်မောလေ၏။

“လူပဲဟ သာဒွန်းရ၊ ဝဲပေါက်မှာပေါ့”

“မသိပါဘူးကွာ၊ မျက်နှာလေးက လှနေတော့ ခြေသလုံးလည်း ငါတို့ ရွာသူတွေထက် လှမှာပဲ ထင်နေတာ။ အခုတော့ အရည်မရ အဖတ်မရနဲ့ နွားပခုံး ပေါက်တာ အဖတ်တင်တယ်၊ အလကား”

“ဟေ့ ဟေ့ ဒီလိုမပြောနဲ့၊ ဟိုသူဌေးအလောင်း ပန်းထိမ်သည်ဟာ မင်းလိုပဲ မရိုမသေ ပြောမိလို့ ခုနစ်ဘဝ ရေမျှောခံရတာ မင်း မကြားဖူးဘူးလား”

ရီးဆေးရိုးက ပျာပျာသလဲ ပြောသည်။

“ငါက ဘာပြောလို့လဲ”

“အံမာ၊ ဘာပြောလို့လဲတဲ့၊ အလကားလို့ ပြောတယ်မဟုတ်လား။ စိတ်ထားတတ်ရင် မြတ်ပါတယ်ကွာ။ ပျံလွန်တဲ့ဆရာတော်ရဲ့ ဈာပနမှာ သူတကာလို ငွေကြေးတွေ၊ ပြာသာဒ်တွေ၊ အကအခုန်တွေနဲ့ မပူဇော်နိုင်ပေမယ့် လုပ်အားနဲ့ ပူဇော်ကန်တော့တာပဲ မဟုတ်လား”

“ဒါကတော့ မင်းပြောမှလားကွ၊ ချီးတဲ့မှပဲ”

“ငါပြောမှ သိတာပါ သာဒွန်းရာ” ဆိုကာ ရီးဆေးရိုးသည် တဟားဟား ရယ်မောလေ၏။

ရီးသာဒွန်းလည်း ထပ်မံဆဲဆိုနေရင်း ထန်းပင်ရိပ်မှ ခွာရန် ဟန်ပြင်လေပြီ။

“အခု ဘယ်သွားကြမှာလဲ”

“ထနောင်းကုန်းဘက်ကို နွားသွား ကြည့်မလို့ပါကွာ”

“ကဲ ကဲ သွားကြ၊ နေပူနေလိမ့်မယ်။ ငါလည်း အချိန်ရရင် ညနေပိုင်း ဆေးဖျန်းရဦးမယ်”

ရီးဆေးရိုးသည် ပြောပြောဆိုဆိုဖြင့် ကြားတုံးကို ဝါပင်တန်းကြားသို့ ပစ်ချလိုက်လေသည်။ စိမ်းမှောင် သော မြသားမြဆင် ဝါပင်ကလေးများသည် နီး၍နီး၍ လာရာက ဝေး၍ဝေး၍ ကျန်ခဲ့ကြလေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment