❝ တွယ်ငြိတတ်သည် ❞
( သက်ဝေ )
ကျွန်မတို့ နှစ်ယောက်တွင် ထင်ထင်ရှားရှား တူညီနေသော အချက်မှာ ကိုယ်ယုံကြည်သော အကြောင်းအရာများအပေါ်တွင် အလွန်ခေါင်းမာတတ်ခြင်းပင် ဖြစ်သည်။ တစ်ခါတရံတွင် ထိုတူညီမှုအပေါ် သက်သောင့်သက်သာ ရယ်ပွဲဖွဲ့နိုင်ခဲ့သော်လည်း သေသေချာချာ ပြန်စဉ်းစားကြည့်လျှင်မူ ထိုခေါင်းမာမှုကြောင့် ကတောက်ကဆဖြစ်ရသည်ကသာ များပါသည်။ အခုလည်း ထိုခေါင်းမာမှုကို အခြေခံရင်း ကျွန်မတို့ စိတ်အခန့်မသင့်၊ စကားပြော အဆင်မပြေဖြစ်နေသည်မှာ တစ်လကျော် နှစ်လနီးပါး ကြာခဲ့ပြီ။ အရင့်အရင်အချိန်များမှာလည်း အခုလို သဘောထား မတိုက်ဆိုင်မှုများ၊ အငြင်းပွားမှုများ ရှိခဲ့ဖူးသော်လည်း တစ်ရက်နှစ်ရက် အတွင်း ပြေလည်ခဲ့ကြသည်ချည်းသာ။ သည်တစ်ခါမှာတော့ ပြဿနာက မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်ခဲ့သည်။ သူ တင်းတင်းမာမာ ညွှန်ပြတားမြစ်ခဲ့သော ကိစ္စတစ်ခုကို ကျွန်မက အသေးအဖွဲဟု ယူဆကာ မရပ်တန့်ဘဲ ရှေ့ဆက်တိုးခဲ့သည်။ ထိုအခါ သူက သဘောမတူနိုင်ဘဲ အပြစ်တင် ကန့်ကွက်ခဲ့သည်။ ပြင်းပြင်းထန်ထန် ပြောဆိုသည်။ သည်လိုနှင့် အခါများစွာကလိုပင် ကျွန်မတို့နှစ်ယောက် သဘောထား ကွဲလွဲကြပြန်သည်။ အဆက်အသွယ် ရပ်တန့်ခဲ့ကြပြန်သည်။
တစ်ညနေကတော့ ကိုယ်တို့ စကားပြောကြရအောင်ဟု သူက ဆိုလာခဲ့သည်။ ရုတ်တရက် ကျွန်မငြင်း လိုက်ရန်ကြိုး စားလိုက်သေးသည်။ ဒါပေမဲ့ ကျွန်မ သူ့ကို တိတ်တိတ်ကလေး လွမ်းနေခဲ့မိသည်လေ။
ကျွန်မတို့ တွေ့နေကျ ကော်ဖီဆိုင်၏ အတွင်းကျကျ ထောင့်စားပွဲကလေးသည် လူသူကင်းမဲ့လျက် ကျွန်မတို့ အ လာကို စောင့်မျှော်နေသလိုပင်။ တွေ့တွေ့ချင်း ကျွန်မကို သူက မင်း ပိန်သွားတယ်၊ အိပ်ရေးပျက်ခံပြီး စာတွေ ဖတ်နေသလားဟု မေးပါသည်။ သူ့အမေးကို ဘာမှမဖြစ်လေဟန်ဖြင့် ပခုံးတစ်ချက် တွန့်ပြလိုက်သောအခါ သူ ဘာမှဆက်မမေးတော့ပါ။
မျက်နှာချင်းဆိုင်ထိုင်နေရင်းမှာပင် အေးစက်သော ဝေးကွာ မှုကို ကျွန်မ ခံစား၍ ရနေခဲ့ သည်။ သို့သော် သူကတော့ သက်သောင့်သက်သာ၊ အခါများစွာကလိုပင် ကျွန်မ၏ အေးစက်စက် ဖြူဖျော့ဖျော့ လက်ချောင်းများကို ဆွဲယူကာ နိဒါန်းမပါ ဘာမပါဖြင့် စကားစ လာခဲ့သည်။
“မင်း စွန်လွှတ်ဖူးသလား..ဒါမှမဟုတ် စွန်လွှတ်နေတဲ့ သူတစ်ယောက်ကို အချိန်ပေးပြီး သေသေချာချာ ထိုင်ကြည့် နေခဲ့ဖူးသလား။ စွန်တစ်ကောင်ကို ထိန်းကျောင်းရတာ အင်မတန် လှပပြီး သိပ်ပညာသားပါတာ။ ရစ်လုံးကနေ စွန်ကြိုးကို ထိန်းပြီး ကိုယ်နဲ့ အဝေးကြီး လေထဲမှာ ပျံဝဲနေတဲ့ စွန်ကလေးကို အလိုက်သင့်လေး အတိုးအလျော့ လုပ်ရတာ။ စွန် တစ်ကောင်ဟာ အမြင့်ကို ရောက်လေ ကိုယ်နဲ့ ဝေးသွားလေ၊ သူ သွားနေတဲ့ လေကြောင်းကို မှန်းရ ခက်လေ၊ ထိန်းချုပ်ရ ခက်လေပဲ။ သူ အမြင့်ကို ဆက်တက်နိုင်ခြေရှိရင် ကြိုးတွေကို များများ ဖြေလွှတ်ပေးလိုက်၊ အန္တရာယ်အရိပ်အယောင်ကို မြင်ရင် အသာလေး ပြန်ပြီး တုံ့ဆွဲလိုက် အဲဒီလို ထိန်းရတယ်။ အချိန်ရတဲ့ တစ်နေ့ကျရင် မင်းကို ကိုယ် ကွင်းပြင်ကျယ်ကျယ် တစ်ခုကို ခေါ်သွားပြီး စွန်လွှတ်ပြဦးမယ်။ မင်း လိုက်ကြည့်မယ် မဟုတ်လား”
အမေးစကားဖြင့် အဆုံးသတ်လိုက်သော်လည်း သူ့အမေးကို ကျွန်မ ပြန်မဖြေမိပါ။ နှုတ်ခမ်းပါးများကို လိုအပ်သည်ထက် ပို၍ တင်းတင်းစေ့ပိတ် ထားလိုက်မိသည် ထင်၏။ သူ့ စကားလုံးတို့က အနည်းငယ် မာကျောပြတ်တောက်သယောင် ထင်ရသော်လည်း သူ့အသံကတော့တိုးတိုးညင်သာ။ သူ့ မျက်နှာကို တစ်ချက် မော့ကြည့် ရင်း မသိမသာ အကဲခတ်မိသည်။ စိတ်တိုစိတ်ဆိုးနေသော၊ အလိုမကျသော အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရ။ အေးချမ်းငြိမ်သက်နေသော မျက်နှာကိုသာ တွေ့ရသည်။ သို့သော် ခပ်ဝေးဝေးကို ငေး ကြည့်နေသော သူ့မျက်လုံးအစုံ မှာမူ နာကျင်မှုအနည်းငယ်ကို မြင်နေရသလိုပင်။ ကျွန်မအ ထင်မှားကောင်း မှားနိုင်ပါသည်။
သည်လိုသာ ပြောကြစတမ်းဆိုလျှင် ကျွန်မကရော မနာကျင်ရဘူးလား။ မနာကျည်းရဘူးလား။ ပြီးတော့ ကျွန်မက သူ့ ပုံပြင်ထဲက ဇာတ်လိုက်လို စွန်တစ်ကောင်မှ မဟုတ်တာပဲ။ ထားပါတော့ သူ ပြောသလိုပဲ ကျွန်မဟာ စွန်တစ်ကောင်ပဲ ဖြစ်ဦးတော့ ကျွန်မကို စွန်တစ်ကောင် လွှတ်တင်သလို၊ စွန်တစ်ကောင်ကို ထိန်းကျောင်းသလို နည်း အမျိုးမျိုးနဲ့ လိုသလို အတိုးအလျှော့ လုပ်နေခဲ့သူ၊ တကယ့်ကို ကြိုးကိုင်ခြယ်လှယ်နေချင်ခဲ့သူ တစ်ယောက်ကို ကျွန်မ နည်းနည်းလေးမျှပင် မနာကျည်းရတော့ဘူးတဲ့လား။ သည်မေးခွန်းကို စိတ်ထဲမှာ ကြိမ်ဖန်များစွာ ပဲ့တင်ထပ်အောင် မေးနေမိခဲ့သည်။
“ကိုယ် ဒီစကားတွေ ပြောလိုက်လို့ မင်း စိတ်ထဲမှာ ဘာတွေ တွေးနေမလဲ၊ ဘာ မေးခွန်းတွေ ရှိနေမလဲဆိုတာ ကိုယ်မှန်းကြည့်လို့ရပါတယ်။ တကယ်တော့ ကိုယ်ဟာ မင်း ထင်နေသလို မင်းကို ချုပ်ကိုင်နေတာ မဟုတ်ပါဘူး။ မင်း ယုံချင်မှ ယုံပါ။ မင်းဟာ စွန်ကလေးတစ်ကောင်ဆို ကိုယ်က မင်း ဘယ်လောက်မြင့်မြင့် တက်နိုင်မလဲဆိုတာ အရိပ်လို ကြည့်နေမယ့် သူပါ။ မင်း ပြောသလို ရစ်ဘီးကို ကိုင်ထားတယ်၊ မင်းကို ထိန်းချုပ်နေမိ တယ်ဆိုရင်လည်း မင်း အစွမ်း ရှိသလောက်၊ ကိုယ်နဲ့ အဝေးကြီးကို တက်သွားနိုင်သလောက် ကြိုးတွေကို စိတ်လိုလက်ရ ဖြေလျှော့ပေးနေမှာပါ။ နောက်ဆုံး မင်းကသာ ဆန္ဒရှိတယ် ဆိုရင် မင်းက ကိုယ်နဲ့ အဝေးဆုံးကို ပျံသန်သွားလိုက်ချင်တယ်ဆိုရင် ကိုယ် မင်းကို မမြင်မတွေ့နိုင်တော့တဲ့ အကွာအဝေးအထိ မင်းကို အမှုန်အစက်ကလေးဘဝနဲ့တောင် မမြင်နိုင်တော့တဲ့အထိ ကိုယ် လွှတ်ပေးနိုင်ပါတယ်”
“တစ်ခုပါပဲ မင်းအနားကို ရောက်လာမယ့် အန္တရာယ် အရိပ်အယောင်တွေကို မြင်ရင်တော့ ကိုယ် ဒီတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ တစ်နည်းနည်းနဲ့ ကိုယ် မဖြစ်မနေ တားမြစ်ရလိမ့်မယ်။ တားနေတဲ့ ကြားက ပိုဆိုးလာရင် ဖြစ်တဲ့ နည်းနဲ့ ကာကွယ်ရလိမ့်မယ်။ ဒီအတွက် မင်း ကိုယ့်ကို အထင်လွဲစိတ်နဲ့ နာကျည်းနိုင်တယ်၊ မုန်းတီးနိုင်တယ်။ အဲဒါတွေတင်မက အနိုင်ယူတယ်၊ ကြိုးကိုင်တယ်လို့ ထင်မယ်ဆိုရင်လည်း ထင်နိုင်ပါတယ်။ မင်း အဲဒီအန္တရာယ်တွေကနေ ကင်းဖို့အတွက်ဆို ကိုယ် ဘာမဆို လက်ခံနိုင်ပါတယ်။ နောက်ဆုံး မင်း စိတ်ဆိုးနာကျည်းပြီး မုန်းသွားလည်း ကိုယ် ကျေကျေနပ်နပ် လက်ခံရမှာပါပဲ”
သူ့စကားအဆုံးမှာ ရုတ်တရက် ကျွန်မ ဆွံ့အသွားခဲ့ သည်။ သူ ဘာကို ဆိုလိုသည်ကို နားလည်နိုင်သလို ရှိပြီး၊ တစ်ချိန်ထဲမှာပင် ကျွန်မ နားမလည်နိုင်သော အစိတ်အပိုင်း များလည်း အနည်းငယ် ရောထွေးပါဝင်နေခဲ့သေးသည်။ ကျွန်မ မေးလိုသော မေးခွန်း၊ ပြန်လှန်ခွန်းတုံ့ပြန်လိုသော စကားလုံးများ လည်ချောင်းဝတွင် တန်းစီနေရာမှ အတန်ငယ် ငြိမ်သက်သွားသည်ကို သတိထားလိုက်မိသည်။ ထို့အတွက် ကျွန်မကိုယ် ကျွန်မ မယုံကြည်နိုင်အောင် ဖြစ်ရ ပြန်သည်။
“တကယ်တော့ ကိုယ်ဟာ စွန်လွှတ်နေချင်ခဲ့သူ၊ စွန်တစ်ကောင်ကို အရိပ်တကြည့်ကြည့်နဲ့ လိုက်လံထိန်းကျောင်း နေလိုတဲ့သူ တစ်ယောက်လည်း မဟုတ်ပါဘူး။ မင်းက စွန်ကလေးတစ်ကောင်ဆို ကိုယ်လည်း မင်းလိုပဲ ဘဝတူ စွန်တစ်ကောင် အဖြစ်နဲ့ ဟိုးကောင်းကင်ပြာပြာပေါ်က မိုးတိမ်တွေထဲမှာ၊ သက်တန့်ကွေးလေး အနားမှာ၊ လိပ်ပြာလေးတွေ ဘေးမှာ ပန်းရနံ့တွေ သင်းပျံ့နေတဲ့ လေထုထဲမှာ အတူတူ ပျံဝဲနေချင်တာပေါ့”
“ထားပါလေ လက်ရှိ အနေအထားအရ ဒါဟာ ဖြစ်နိုင် ခြေနည်းပါးတဲ့ ကိစ္စတစ်ခုမှန်း ကိုယ် သိပါတယ်။ တစ်နေ့ မင်းမှာ ရှိတဲ့ အားအင်တွေ ကုန်ဆုံးပြီး အမြင့်ကို ဆက်မ တက်နိုင်တော့တဲ့အခါ လေထုထဲမှာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ရပ်တည်ဖို့တောင် ခွန်အားမရှိတော့တဲ့အခါ အဲဒီလို အချိန်မျိုးမှာ ကိုယ် အဖြစ်ချင်ဆုံးအရာက အကိုင်းအခက်တွေ ဝေဝေဆာဆာနဲ့ အတန်အသင့် သန်စွမ်းတဲ့သစ်ပင်လေး တစ်ပင်ပဲ”
“ဟုတ်တယ် မင်းအတွက် စိမ်းစိုလှပတဲ့ သစ်ပင်လေးတစ်ပင် ဖြစ်ပေးချင်ပါတယ်”
ကျွန်မမျက်နှာကို တည့်တည့်ကြည့်နေသော၊ ပြီးတော့ ကျွန်မမျက်လုံးတွေထဲကို ထိုးဖောက်နိုင်သော သူ့အကြည့်များကို တွေ့လိုက်ရချိန်မှာ ရုတ်တရက် ကျွန်မမျက်နှာကို တစ်ဖက်သို့ လွှဲလိုက်မိပါသည်။ မိန်းကလေးပီပီ ရှက်ရွံ့စွာဖြင့် မျက်လွှာချလိုက်တာမျိုး ကျွန်မ မလုပ်တတ်ခဲ့ပါ။
“ကိုယ် ဘာလို့ သစ်ပင်လေးတစ်ပင် ဖြစ်ချင်သလဲဆိုတာ မင်း မသိချင်ဘူးလား။ မင်း မမေးပေမယ့်လည်း ကိုယ် ပြောပြရလိမ့်ဦးမယ်။ ဒီလိုလေ ကိုယ် အတိုးအလျော့ လုပ်ပြီး ထိန်းကိုင်ထားတဲ့ ကြိုးကနေ မင်း အတင်းရုန်းထွက်သွားတဲ့ အခါ၊ မင်းမှာ ရှိသမျှ အစွမ်းအစလေး အင်အားလေးနဲ့ ကြိုးကို ဖြတ်ချသွားခဲ့တဲ့အခါ ကိုယ် ချက်ချင်း လက်ထဲက ရစ်ဘီးကို လွှတ်ချပြီး သစ်ပင်ကလေးတစ်ပင် ဖြစ်လိုက်မှာပါ။ တစ်ချိန်မှာ အကြောင်းတစ်စုံ တစ်ရာကြောင့် အမြင့်မှာ အဆင်မပြေဖြစ်လို့ မင်း ပြန်ကျလာတဲ့အခါ မြေပြင် ဒါမှမဟုတ် ကျောက်သားတွေရဲ့ မာကျောကျော အေးစက်စက် အထိအတွေ့တွေ၊ ရေပြင် တစ်ခုခုအောက်မှာ တအိအိနဲ့ နစ်မွန်းပြီး စုန်းစုန်းမြုပ်မယ့် အခြေအနေတွေ၊ ဘယ်လိုနာကျင်မှု တစ်စုံတစ်ရာကိုမှ မင်း မခံစားရစေချင်ဘူး။ အမြင့်ကနေ အခန့်မသင့်လို့ ပြန်ကျလာတဲ့အခါ စိမ်းစိမ်းစိုစိုလေး သစ်ပင်လေးတစ်ပင်ရဲ့ အကိုင်းအခက်တွေပေါ်မှာ သက်သောင့်သက်သာနဲ့ အဆင်သင့် နားခိုတွယ်ငြိနေစေချင်တာ မင်း သိရဲ့လား”
ထိုစကားများ သူ ဆိုနေချိန်မှာ ကျွန်မကိုယ် ကျွန်မပင် မသိလိုက်ဘဲ ရီဝေနေသော သူ့မျက်နှာကို တမေ့တမော ငေးနေခဲ့မိသည်။ ကျွန်မ သူ့ကို အချိန်ဘယ်လောက်ကြာအောင် ငေးမောနေမိသည် မသိပါ။ ထိုအချိန်မှာပဲ သူက ကိုယ်ကို ငုံ့ကိုင်းကာ ဆံစများဖြင့် ကွယ်ကာ ဖုံးအုပ်နေသော ကျွန်မရဲ့ ဘယ်ဘက်နားထင်စပ်ကို ဖွဖွ ညင်သာနမ်းရှိုက်ခဲ့တာ ဖြစ်သည်။ သည်လိုနည်းနဲ့ ကျွန်မ စိတ်ပြေလိုက်ရတော့မှာလား။ ဟင့်အင်း ကျွန်မ နာကျင်မှုတွေ ဟာ သည်လောက်နဲ့ ပြေးသွားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မ ခေါင်းခါလိုက်မိသည် ထင်၏။ သူက ကျွန်မကို ဆက်ပြောသည်။
“မင်း သိပ်ခေါင်းမာတယ် ဆိုတာ ကိုယ် ကောင်းကောင်း သိပါတယ်။ မင်းကို ကိုယ် သိပ်သိပါတယ်။ ဒါကြောင့်လည်း မင်းကို ကိုယ် ယုံကြည်နေရက်က စိတ်မချဖြစ်နေရတာ ယုံ ကြည်တာကတော့ မင်းသိက္ခာကို အထိခိုက် အပွန်းပဲ့ခံပြီး မင်း ဘာမှ မလုပ်ဘူးဆိုတာ စိတ်မချဖြစ်တယ်ဆိုတာကတော့ မင်း ခံစားရသမျှတွေကို ဖုံးကွယ်၊ မာနနဲ့ တင်းခံထားပြီး အဲဒီ မာနကြောင့် မင်း ခံစားနေရ၊ နောင်တရနေရမှာကိုပဲ”
သူ ပြောတာ မှန်လွန်းနေသောကြောင့် ကျွန်မ လှစ်ကနဲ တစ်ချက် ပြုံးလိုက်မိသည်။ ဒါကို သူကလည်း မြင်ဖြစ်အောင် မြင်သွားခဲ့ပါသည်။ ခေါင်း တညိတ်ညိတ် လုပ်ရင်း ပြုံးနေသော သူ့ကို တွေ့လိုက်ရသော အခါ ကျွန်မ စိတ်မဆိုးနိုင်တော့ဘဲ အသံထွက်ရယ်မောလိုက်မိပါသည်။ သည်လို မရယ်ရတာ ကြာပြီဟု သတိထားမိ ချိန်မှာ သူက မှန်ပြတင်းမှတစ်ဆင့် မြင်နေရသော ကောင်းကင်ပြာပြာကို လက်ညှိုးညွှန်ပြလေသည်။
“စွန်ကလေးနဲ့ တူတဲ့ မိန်းကလေးရေ ဟိုမှာ ကြည့်လိုက်ပါဦး အဲဒါ မင်း သွားချင်တဲ့ လမ်း၊ မင်း ရောက်ချင်တဲ့ နေရာလေ။ တွေ့တယ် မဟုတ်လား။ သိပ်လှတယ်နော်။ တဖြည်းဖြည်းနဲ့ အမြင့်ကို ပိုရောက်လာလေ ပိုပြီး လှပလေပဲ။ ကောင်းကောင်းသွားပြီးတော့ ပေါ့ပေါ့ပါးပါး သွားလိုက်ပေါ့။ မင်း ပျော်မှာပါ။ ကိုယ် ဆုတောင်းပေးနေမှာပေါ့။ ဟုတ်ပြီလား”
“ကဲ ကိုယ် ပြောချင်တာ အဲဒါပါပဲ။ သိပ်နောက်ကျနေဦး မယ်။ ပြန်ကြရအောင်။ မင်း အလိုရှိရင် မင်း အိမ်နားအထိ ရောက်အောင် ကိုယ် ပြန်ပို့ပေးပါမယ်”
သူ တစ်ခုခုကို ယတိပြတ် ဆုံးဖြတ်လိုက်ဟန်ဖြင့် စကား ဝိုင်းကို ရုတ်တရက် သိမ်းလိုက်သည်။ သို့သော် သူ့စကားသံနှင့် စကားလုံးများမှာ ပြေပြေပြစ်ပြစ် မဟုတ်လှ။ ကြိုးစား၍ အဆင်ပြေအောင် စီစဉ်ပြောဆိုနေရသလို၊ တဆိတ်တော့ ထိုးထိုးထောင့်ထောင့် ဖြစ်နေခဲ့သည်။ စကားအဆုံးမှာ သူ ထိုင်နေရာမှ ထရပ်လိုက်သည်။ ကျွန်မ သူ့ကို မော့ကြည့်ရင်း တစ်ခုခု ပြောလိုက်ချင်သော်လည်း စကားရှာမရခဲ့ပါ။ သူ့ကို အကြောင်သား မော့ကြည့်နေခဲ့သည်ဟု ထင်မိ၏။ ထိုတစ်ခဏလေးတွင် ဘာကြောင့်မှန်း မသိ သူ ပြန်ထိုင်လိုက်ပြီး ကျွန်မကို စူးစူးစိုက်စိုက်ကြည့်ကာ မင်းမျက်လုံးတွေက ဘာကို ပြောချင်နေတာလဲဟု အဓိပ္ပာယ်ရသော အင်္ဂလိပ် စကားတစ်ခွန်းကို ခပ်တိုးတိုး ပြောလိုက်တာဖြစ်သည်။ သူ့ အမေးကို ကျွန်မ မဖြေတတ်ပါ။
“သိလား။ မင်းကို ကိုယ် ချစ်တာလည်း အဲဒီမျက်လုံးတွေပဲ ပြီးတော့ ကိုယ် ကြောက်တာလည်း အဲဒီမျက်လုံးတွေပဲ မျက်လုံးလေးတွေမှာ တစ်ခုခု ပြောချင်တာ ရှိနေသလိုပဲ။ မင်း ဘာပြောချင်တာလဲ ပြောလေ ကိုယ် နားထောင်မှာပေါ့”
တိမ်ဝင်သွားသော သူ့ စကားအဆုံးတွင် ကျွန်မကိုယ် ကျွန်မ ရှာလို့ တွေ့သွားခဲ့သည်။ ကျွန်မ ဘာပြောချင်မှန်း ကျွန်မ သေသေချာချာ သိသွားခဲ့သည်။ နောက်ထပ် စက္ကန့် အနည်းငယ် အားယူ အပြီးမှာ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်လောက်အောင်ပင် စကားတစ်ခွန်းကို ချောချောမွေ့မွေ့ ပြောဖြစ်ခဲ့သည်။
“ကျွန်မနဲ့ ဆင်တူ စွန်ကလေးတစ်ကောင်ပဲ လုပ်ပါနော်။ ပြီးတော့ ဟိုးကောင်းကင်ပေါ်က တိမ်လိပ်တွေထဲမှာ ဘာတွေ ရှိသလဲဆိုတာ ကျွန်မတို့ နှစ်ယောက် အတူတူသွား ကြည့်ကြတာပေါ့”
ထိုစကားကို ပြောပြီးချိန်မှာ မိန်းကလေးပီပီ ရှက်ရွံ့စွာဖြင့် မျက်လွှာချခြင်းဟူသော အတတ်ပညာကို ဘယ်သူမှ မသင်ကြားရပါဘဲနှင့် အလိုအလျှောက် ကျွန်မ တတ်မြောက်သွားခဲ့တာ ဖြစ်သည်။
▢ သက်ဝေ
📖 စုံနံ့သာ မဂ္ဂဇင်း
ဧပြီလ ၊ ၂၀၁၅
No comments:
Post a Comment