❝ ဂိတ်စောင့်ဦးချစ် ❞
( လယ်တွင်းသားစောချစ် )
မန္တလေး-ရန်ကုန် အမြန်ရထားသည် စဉ့်ကိုင်မြို့မှ မီးရထားဂိတ်တဲလေးကို အရှိန်ပြင်းစွာဖြင့် ဖြတ်ကျော်သွားသည်။
ဂိတ်စောင့်အဘိုးကြီး ဦးချစ်သည် ပိတ်ထားသောတံခါးကို ကျောဖြင့် ကပ်၍ ရပ်ရင်း အလံစိမ်းကို လက်တစ်ဖက်ဖြင့် ထောင်ပြထားသည်။ သူ့မျက်နှာမှာ သူ၏ တာဝန်ကျေပွန်မှုအတွက် ဂုဏ်ယူနေဟန်ရှိသည်။ ရထားတံခါးပေါက်မှ ခေါင်းထွက်၍ ကြည့်နေ သော ဂါတ်ဗိုလ်ကို မြင်သောအခါ အလံ မြောက်ပြီး နှုတ်ဆက်လိုက်သည်။ ဂါတ်ဗိုလ် ကလည်း လက်ပြနှုတ်ဆက်သွားသည်။ ဦးချစ်၏ လုပ်သက်မှာ ကြာပြီ။ လျင်မြန်စွာ ဖြတ်သွားသည့် ရထားတွဲထဲမှ ဂါတ်ဗိုလ်တို့၏ မျက်နှာများကိုပင် မှတ်မိနေပြီ။ ဂါတ်ဗိုလ်များ၏ အမည်များကို မသိသော်လည်း ဦးချစ်က သူ့ဘာသာ အမည်များ ပေးထားသည်။ ခေါင်းဖြူဂါတ်ဗိုလ်၊ လူပုဂါတ်ဗိုလ်၊ အသားမည်းဂါတ်ဗိုလ်၊ နှုတ်ခမ်းမွေးဂါတ်ဗိုလ်၊ လူချောဂါတ်ဗိုလ် စသည်ဖြင့် ဖြစ်သည်။ ယခု လက်ပြသွားသည်မှာ နှုတ်ခမ်းမွေးဂါတ်ဗိုလ် ဖြစ်သည်။ ရထားလွန်သွားသည်နှင့် ဦးချစ်သည် ကားလမ်းတံခါးကို ဖွင့်လိုက်သည်။ စောင့်နေသော ကားများ၊ လှည်းများ၊ စက်ဘီးများ၊ လူများ အန္တရာယ်ကင်းစွာ ဖြတ်သွားကြသည်။
ယနေ့ အမြန်ရထား အချိန်ကိုက် ဝင်လာသည်။ နောက်ထပ်တစ်စင်း လာအောင် နှစ်နာရီ ကြာဦးမည်။ ဦးချစ် အတွက် သူ့နေရာ၊ သူ့ကမ္ဘာလေးကို လှပအောင် ဖန်တီးဖို့ အချိန်ကောင်းကောင်း ရသည်။ ဦးချစ်သည် ဂိတ်တဲ ရှေ့မှ ရထားလမ်းဘေး ဝဲယာတွင် နေကြာ၊ ဂန္ဓမာပန်း၊ ချဉ်ပေါင်ပင်များ စိုက် ထားသည်။ လှပသော ပန်းကလေးများ ပွင့်နေ ၏။ ဦးချစ်က ပန်းပင်လေးများကို မြေဆွ ပေါင်းသင်ပြီး အနီးရှိ မြောင်းမှ ရေဆွဲ၍လောင်းသည်။
ရထားလမ်းဘေးမှ ပေတစ်ရာကွက်အတွင်းမှာ ငှက်ပျော၊ ငရုတ်၊ ခရမ်းချဉ်၊ ရုံးပတီ၊ ခရမ်းစသော အပင်များစိုက်ထားသည်။ ဘူးနှင့် ကြက်ဟင်းခါးပင်များကိုလည်း စင်နှစ်ခု ခွဲ၍ တင်ထားသည်။ ထိုအပင်ကလေးများကိုလည်း ပေါင်းသင်၊ မြေဆွ၊ ရေလောင်း ရပြန်၏။ ဤစိုက်ခင်းကလေးသည် ဦးချစ်၏ နေရာလေးကို သာယာစေရုံမက ဦးချစ်၏ မီးဖိုချောင်ကိုလည်း အထောက်အပံ့ပြုသည်။
သစ်ပင်ကလေးများ၏ တာဝန် ပြီးသောအခါ ဦးချစ်မှာ စောစောစီးစီး ချွေးလေးများပင် စို့နေသည်။ ဘူတာရုံဆီသို့ လှမ်းကြည့်လိုက်သည်။ အလံချိုးသည်ကို မတွေ့ရသေး။ ဦးချစ်သည် တံမြက်စည်းကို ယူ၍ ဂိတ်တဲအနီးမှ မီးရထားလမ်းဘေး ဝဲယာကို အမှိုက် လှည်းသည်။ ဤနေရာတစ်ဝိုက်သည် ဦးချစ်နေ့စဉ် အမှိုက် လှည်းလွန်း၍ မြေကြီးမှာ မာပြီး ပြောင်နေသည်။
မနက်ပိုင်းအတွက် လုပ်စရာတော် တော်များများ ပြီးသွားပြီ။ ဦးချစ်သည် လတ်ဆတ်သော လေအေးလေးကို တဝကြီးရှူ လိုက်၏။ မီးဖိုပေါ်မှ သူ နှပ်ထားသော လက်ဖက်ရည်ကြမ်းအိုးကို ယူ၍ မြေပြောင်ပြောင်တွင် အားပါးတရ ဖင်ချ ထိုင်လိုက်သည်။ ဦးချစ်အတွက် ဤမြေတွင် ဤနှယ် ထိုင်၍ လက်ဖက်ရည်ကြမ်းကျကျကို သောက်ရသည်မှာ အရသာ အရှိဆုံး စည်းစိမ်ပင်ဖြစ်၏။
လက်ဖက်ရည်ကြမ်း တစ်အိုး ကုန်ပြီ၊ မန္တလေးဘက်မှ ရထားတစ်စီး ဝင်လာ၏။ ထုံးစံအတိုင်း ဦးချစ်သည် တံခါးပိတ်ပြီး အလံပြသည်။ ဂါတ်ဗိုလ်ကို နှုတ်ဆက်သည်။ နောက်ထပ် တော်တော်နှင့် ရထား လာမည် မဟုတ်သေး။ ကားများ၊ လှည်းများလည်း အလာ နည်းသွားပြီ။ ဦးချစ်သည် မီးရထားသံလမ်းနှင့် ပိုးထားသော သံလမ်းပြတ် အကြားရှိ မြေကြီးများကို ဝါးချွန်တစ်ခုဖြင့် ထိုး၍ ဖယ်ရှားပစ်သည်။ နေ့စဉ် ရှင်းထားသောကြောင့် မြေမှုန့် သိပ်မရှိ။ ခဏနှင့် ပြီးသွားသည်။ ထို့နောက် ကားများ၊ လှည်းများ သွား၍ သံလမ်းနှစ်ခု အလယ်တွင် ချိုင့် ဖြစ်နေသည်ကို လမ်းဘေး ပေတစ်ရာကျင်းမှ မြေတူးယူ၍ ဖို့ပေးသည်။
ဦးချစ်သည် အလုပ်နှင့် ပြတ်၍ နေတတ်သူ မဟုတ်။ ရထား တစ်စင်းနှင့် တစ်စင်း အကြား အားလပ်သော အချိန်များကို ပျင်းရိစွာ ထိုင်စောင့် မနေချင်။ လုပ်သင့်သည်များကို ကိုယ့်အသိဖြင့် စဉ်းစား၍ လုပ်သည်။ ဂိတ်တံခါးများကို နေ့စဉ် ဆီထည့်သည်။ ကလေးများ မဆော့အောင် ဟန့်တားသည်။
ဦးချစ် အတွက် ဤဂိတ်တဲလေးသည် သူ ပျော်မွေ့ရာ သူ့ကမ္ဘာ။ သူ၏ အလုပ်ကိုလည်း ဦးချစ် အလွန်မြတ်နိုးသည်။ ယခုဆိုလျှင် လုပ်သက်ပင် သုံးဆယ် ပြည့်တော့မည်။ အသက်ကလည်း ခြောက်ဆယ် ပြည့်တော့မည်။ ပင်စင်ယူခါနီးပြီ။ အချိန်တန်၍ ရထား လာခါနီးလျှင် သူ့စိတ်က အလိုလိုပင် သိသည် ထင်၏။ သူ ထင်လျှင် မကြာခင် ရထား လာတတ်သည်။ အလုပ်ကြာတော့ ကျင့်သားရနေသည်။
ပင်စင် ယူရတော့မည်ကို တွေးမိတိုင်း ဦးချစ် စိတ်မကောင်း။ ဦးချစ် ကျန်းမာသေးသည်။ သန်စွမ်းသေးသည်။ လုပ်နိုင်ကိုင်နိုင်ပါသေးသည်။ သို့သော် ဝန်ထမ်းစည်းမျဉ်းအရ အသက် ၆၀ ပြည့်လျှင် ပင်စင် ယူရမည်။ သူ့နေရာ၊ သူ့ကမ္ဘာလေးမှ ဦးချစ် ခွာရတော့မည်။
“အေးလေ..ငါ အနှစ်သုံးဆယ်လုံး အကောင်းဆုံး တာဝန်ကျေခဲ့ပြီပဲ။ တော်ပြီပေါ့”
ဦးချစ် ကိုယ့်ကိုယ်ကိုယ် အားပေးဖြေသိမ့်ရသည်။
ဦးချစ် ပင်စင် ယူသောအခါ ဂိတ်စောင့် အလုပ်ကို ဦးချစ်၏တူ မောင်ကျော် ဆက်ခံသည်။ ဦးချစ် သဘောမတူပါ။ မောင်ကျော်မှာ ပေါ့ပေါ့ဆဆ နေတတ်၊ လုပ်တတ်သည်။ သို့ရာတွင် ဦးချစ်မှာ ရွေးချယ်ပိုင်ခွင့်၊ ကန့်ကွက်ပိုင်ခွင့် မရှိ။ သက်ဆိုင်ရာ လူကြီးများက ဦးချစ်၏ နာမည်ကောင်းအတွက် တူဖြစ်သူ မောင်ကျော်အား အခွင့်အရေး ပေးလိုက်ကြသည်။
ဦးချစ်သည် အလုပ်မှ အနားယူခဲ့ရသည့်တိုင် သူ့နေရာလေးကို တွယ်တာဆဲဖြစ်သည်။ စပြီး အနားယူသည့် နေ့ကဆိုလျှင် ဦးချစ် မနေတတ် မထိုင်တတ် ဖြစ်နေသည်။ ရထားချိန် နီးတိုင်း သူ့စိတ်က အလိုလို သိနေသည်။ သူ့နားများက ရထားသံကို ကြားယောင်နေသည်။ ဂိတ်တဲကို ရထား ဖြတ်သွားတိုင်း ဦးချစ်သည် သူ့အိမ်မှ မတ်တတ်ရပ်မိ လျက် ဖြစ်ရသည်။ အကျင့်ပါနေသည်ကို ဦးချစ် ရုတ်တရက် မဖျောက်နိုင်ရှာ။ ဦးချစ်၏ အိမ်မှာလည်း ဂိတ်တဲနှင့်တစ်ဖာလုံပင် မဝေးတတ်။ လှမ်းကြည့်လျှင် ရထားဖြတ် သွားသည်ကို မြင်နေရသည်။
မောင်ကျော်သည် တံခါးကို ရထား လာခါနီးမှ ပိတ်သည်။ ဦးချစ်လို ကြိုတင် မပိတ်။ အလျင်စလိုနိုင်သော ခရီးသည်များက မောင်ကျော်ကို ပို၍ သဘောကျသည်။
“အခုမှ ဟန်ကျတယ်။ အရင် အဘိုးကြီးတုန်းကများ စောင့်ရတာ အကြာကြီး” ဟု ပြောကြသည်။
မောင်ကျော်က ပြုံးသည်။
“ရှေးအဘိုးကြီးတွေ ဘာနားလည်တာ မှတ်လို့ဗျာ” ဟု သူ့စိတ်ထဲမှ အထင်သေးလိုက်သည်။
ဦးချစ်က တံခါးကို နေ့စဉ် ဆီထည့်သည်။ မောင်ကျော်က တစ်ပတ် တစ်ခါသာ ထည့်သည်။ နောက်တော့ လုံးဝပင် ဆီ မထည့်။
ရထား တစ်စီးနှင့် တစ်စီးကြား မြင်းလှည်းသမားများနှင့် စကားကောင်းလိုက်၊ လက်ဖက်ရည်ဆိုင် သွား၍ ရေနွေးကြမ်း သောက်လိုက်နှင့်သာ အချိန်ကုန်သည်။ မီးရထားသံလမ်းနှင့် ပိုးထားသော သံလမ်းပြတ်ကြားတွင် မြေကြီးများ ပြည့်နေပြီ။ ကားများ၊ လှည်းများ၏ ဒဏ်ကြောင့် သံလမ်းနှစ်ခု၏ အလယ်မှာ ချိုင့်ခွက်ကြီး ဖြစ်နေပြီ။ မိုးရွာလျှင် ရေတင်၍ ဗွက် ဖြစ်နေ၏။ ပန်းပင်ကလေးများလည်း မပွင့်မလန်းနိုင်တော့ပါ။ ညှိုးနွမ်းခြောက်သွေ့ရှာကြပြီ။ သီးနှံစိုက်ခင်းလေးမှာလည်း ဟိုတစ်ပင် သည်တစ်ပင်သာ ကျန်တော့သည်။ မောင်ကျော်သည် သီးသမျှကို ခူးယူသော်လည်း နောက်ထပ်စိုက်ပျိုးခြင်း မရှိ၊ ရေမလောင်း ပေါင်းမသင်၍လည်း မြက်ပင်၊ ချုံပင်တို့ မင်းမူနေကြပြီ။
အဆိုးဆုံးမှာ မောင်ကျော်သည် ညနေပိုင်း ရထားနှစ်စင်းကြားတွင် တစ်နာရီခန့် အချိန်ရသည့်အတွင်း အရက်ဆိုင်သို့သွား၍ အရက်သောက်တတ်ခြင်းဖြစ်သည်။
ဦးချစ်က တူဖြစ်သူ မောင်ကျော်အား ထိုသို့ မလုပ်ရန် ပြောသည်။ မောင်ကျော်က ဦးချစ်ကို ကြည့်၍ ပြုံးသည်။ သူ့အပြုံးမှာ လှောင်ပြုံး။
“ဦးလေးတို့ခေတ် ကုန်ပါပြီ” ဆိုသည့် အဓိပ္ပာယ်။
ဦးချစ် သူ့အိမ်ရှေ့မှာ ရပ်နေစဉ် မောင်ကျော် မြင်းလှည်းကြုံစီး၍ မြို့ထဲသို့ လိုက်သွားသည်ကို မြင်ရသည်။ လှမ်းအော်၍ သတိပေးရန် ကြံမိသေးသည်။ သို့သော် ကိုယ့် စကားကို နားထောင်သူ မဟုတ်မှန်း သိ၍ ဦးချစ် ဘာမျှမပြောဘဲ နေလိုက်သည်။
မောင်ကျော်သည် ထုံးစံအတိုင်း ညနေပိုင်း ရထားအဝင်ကျဲချိန်တွင် အရက်ဆိုင် သွားခြင်းဖြစ်၏။
ခါတိုင်းတွင် ရထားချိန်မီ မောင်ကျော် ရောက်တတ်သည်။ ယနေ့ ပြန်လာသည်ကို မတွေ့ရသေး။ ရထားချိန် နီးလာပြီ။ ဂိတ်တဲဆီသို့ ဦးချစ် လှမ်းကြည့်လိုက်၏။ တံခါးကြီးမှာ ဖွင့်ထားဆဲ။ လှည်းများ၊ ကားများလည်း ဖြတ်သွားဆဲ။
ဦးချစ် စိတ်ထဲတွင် ရထားလာတော့မည်ဟု ထင်လာသည်။ ဦးချစ် စိတ်ပူလာ၏။ ပြေးသွားပြီး တံခါးပိတ်ရမည်လားဟု စဉ်းစားသည်။ သို့ရာတွင် မသွားဖြစ်။ ခဏ စောင့်ကြည့်သည်။ မောင်ကျော်က မလာသေး။ လမ်းပေါ်တက်၍ မောင်ကျော်ကို မျှော်ကြည့်သည်။ အရိပ်အယောင်မျှ မမြင်ရ။ ရထား လာချိန် နီးလာပြီ။ ဤရထားမှာ အမြန်ရထား ဖြစ်သည်။ သို့သော် သူ့စိတ်က အလိုလို မှန်းမိနေသည်။ ဦးချစ် စိတ်ဆုံးဖြတ်ပြီး ရထားဂိတ်သို့ လျင်မြန်စွာ ထွက်ခဲ့သည်။
“ဟိုက်...ဒုက္ခပါလား”
ရထားလမ်းပေါ်တွင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဦးချစ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားမိသည်။
စပါးအပြည့် တင်ထားသော ကားကြီးသည် ရထားလမ်းပေါ်တွင် ပျက်နေသည်။ ရထားလာချိန်က နီးလှပြီ။
“ဗျို့..ဆရာတို့၊ ကားကို အမြန်ဆုံး တွန်းချပါဗျ၊ ရထားလာခါ နီးနေပြီ”
ဦးချစ်က အမောတကော ပြောလိုက်သည်။
“ဒုက္ခပါပဲဗျာ။ ကားက ရှပ်ကျိုးသွားတာဗျ။ ဝန်ကလည်း သိပ်များနေတယ်။ တွန်းချလို့ မရဘူးဗျ။ ကျုပ်တို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး”
ကားဆရာက စိတ်ပျက်ညည်းညူ၍ ပြန်ပြောသည်။
“အဲဒါမှ ခက်တာပဲဗျာ။ တကယ့်နေရာမှ လာဖြစ်ရတယ်”
ဦးချစ်က ကားအောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။ ကားအခြေအနေမှာ အတော်ဆိုးသည်။ မောင်ကျော်က မြေဖို့ မပေး၍ သံလမ်းနှစ်ခု အလယ်တွင် ရေအိုင်နေသော ချိုင့်ခွက်ကြီးကို တွေ့ရသည်။
“ကျိုးမှာပေါ့ကွာ။ သည်နေရာက ချိုင့်ကြီးဖြစ်နေတာကိုး။ ကားက ဝန်များတော့ ဆောင့်ချိုးသလို ဖြစ်တာပေါ့။ မောင်ကျော် သိပ်ပေါ့တာပဲ။ တံခါးလည်း ခုထိ မပိတ်ရသေးဘူး”
ဦးချစ်က မောင်ကျော် ပြန်လာမည့် လမ်းဆီသို့ လှမ်းမျှော်ရင်း ညည်းလိုက်သည်။
“ဗျို့ ကားဆရာတို့ .. သည်လို ကြည့်နေလို့တော့ မဖြစ်ဘူးဗျ။ သည်ကားကို ဖြစ်တဲ့နည်းနဲ့ ရထားလမ်း လွတ်အောင်တော့ တွန်းချမှဖြစ်မယ်။ ခုလာမှာ အမြန်ရထားဗျ။ ခရီး သည်တွေ အများကြီး ပါတယ်။ ရထားတိုက်ရင် ခင်ဗျားတို့ ကားလည်း ကြေမွသွားမှာပဲ။ ရထားလည်း ပျက်မယ်၊ လူတွေလည်း သေမယ်၊ ခင်ဗျားတို့လည်း ထောင်ကျမယ်”
ဦးချစ် စကားကြောင့် ကားသမားများ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။
“ဗျို့ မြင်းလှည်းဆရာတို့ လာကြပါဦး။ ကူကြပါဦး။ ရထားလာတော့မှာမို့ပါ”
ဦးချစ်က မြင်းလှည်းသမားများကို လှမ်း၍ အကူအညီတောင်းရင်း ဘူတာဘက်သို့ ကြည့်လိုက်သည်။
“ဟာ ဟိုမှာ အလံတောင် ချိုးထားပြီ၊ အမြန်ဆုံး တွန်းကြပါဗျ”
ဦးချစ် ခေါင်းဆောင်၍ ကားသမားများရော မြင်းလှည်းသမားများပါ ကားကို တွန်းကြသည်။ ကားမှာ ချိုင့်ထဲကျနေသည့်ပြင် ဝန်ကလည်း များ၍ လှုပ်ရုံမျှပင် မလှုပ်။
“ဗျို့ လက်ဖက်ရည်ဆိုင်ထဲက လူတွေ လာကြပါဦး၊ ဟိုလှည်းပေါ်ကဆရာ ခဏ ဆင်းလာပြီး ကူပါဦးဗျ”
ဦးချစ်မှာ တွေ့သမျှ လူတိုင်းကို အတင်း လှမ်းခေါ်၍ အကူအညီ တောင်းသည်။
ထိုအချိန်မှာပင် ရထားဥသြသံကို ခပ်ဝေးဝေးမှ ကြားရသည်။
“ဟာ ဒုက္ခပဲ။ အားလုံး သေကုန်တော့မှာပဲ။ လုပ်ကြပါဦးဗျ။ ခင်ဗျားတို့ တွန်းကြ။ ကျုပ်က ရထားရပ်အောင် သွားတားမယ်”
ဦးချစ်သည် ပြောပြောဆိုဆိုနှင့် အလံများကို လိုက်ရှာသည်။ မတွေ့။
“ခက်တာပဲကွာ၊ သည်ကောင် အလံတွေလည်း ဘယ်ထားမှန်း မသိဘူး”
“ဟိုမှာ ဟိုမှာ”
တစ်ယောက်က တံခါးပေါ်တွင် တင်ထားသော အလံစိမ်းကို ပြသည်။
ဦးချစ် ပြေးသွားပြီး ဆွဲယူလိုက်ရာ အလံစိမ်းတစ်ခုတည်းသာ တွေ့ရသည်။
“ဟာ အလံနီက ဘယ်ရောက်နေလဲ မသိဘူး။ သည်ကောင် အလံနှစ်ခုကိုလည်း အတူ မထားဘူး။ အလံနီနဲ့ တားမှရမှာ”
ဦးချစ်သည် ပြောပြောဆိုဆိုနှင့် တဲအတွင်းသို့ ပြေးကြည့်သည်။ အလံထားသည့် နေရာတွင် ဘာမျှ မရှိ။ မီးရထားလမ်းဘေး လျှောက်ကြည့်ပြန်သည်။ မတွေ့။
“ဟိုမှာ ဟိုမှာ”
လူတစ်ယောက်က ခြောက်သွေ့နေ သော ပန်းပင်တစ်ပင်၏ ဘေးမှ အလံနီကို ပြေးယူ၍ ဦးချစ်အား ပေးလိုက်သည်။
“လုပ်ကြပါဗျ။ ကားကို တွန်းကြပါ။ ရထားက တားပေမယ့် ရပ်ချင်မှ ရပ်မှာ”
ဦးချစ် ကားအနီးမှ လူများကို လှမ်းပြောလိုက်သည်။ လူများက တအားကုန်း တွန်းကြသည်။ လူအား များလာ၍ ကားမှာ လှုပ်ရုံသာ လှုပ်သည်။ သို့ရာတွင် ရထားလမ်း လွတ်အောင် တွန်းဖို့ မလွယ်။
ရထားစက်သံကိုပင် ကြားရပြီ။ သို့ရာတွင် ရွှေစေတီဘုရားနှင့် ကွယ်နေ၍ ရထားကို မမြင်ရသေး။ ရထားဥသြသံကို ထပ်၍ ကြားရပြန်သည်။
ဦးချစ်သည် ဘာမျှ မပြောတော့ဘဲ အလံနီကို ကိုင်မြှောက်၍ ရထားလမ်းအတိုင်း ပြေးသွားသည်။
ရထားမှာ ရွှေစေတီတွေကို လွန်လာသည်။ မီးရထားသံလမ်းများမှ တရှဲရှဲမြည်သံကိုပင် ကြားရပြီ။ ဦးချစ်သည် ရထားဆီသို့ မျက်နှာချင်းဆိုင် ပြေးနေသည်။ အရှိန်ပြင်းစွာ ခုတ်မောင်းလာသော ရထားကြီးသည် ဦးချစ် ထံသို့ လျင်မြန်စွာ ပြေးလာနေသည်။ ဦးချစ်သည် ရထားသံလမ်း နှစ်ခုကြားမှ ဇလီဖားတုံးပေါ်တွင် မတ်တတ်ရပ်လိုက်သည်။ အလံနီကိုလည်း ဝှေ့ယမ်း၍ ပြသည်။ ရထားက ဥသြဆွဲပြန်သည်။ ဦးချစ် ရထားလမ်းပေါ်မှ ဆင်းပြေးလျှင် လွတ်နိုင်သေးသည်။ သို့ရာတွင် ဦးချစ် ဆုံးဖြတ်လိုက်သည်။ ရထားပေါ်မှ လူများစွာ သေရမည့်အစား သူ တစ်ယောက်တည်း အသေခံရန်ဖြစ်သည်။
ဦးချစ်သည် သူ့ထံသို့ အတင်းပြေးဝင်လာသော ရထားကို ကြည့်မနေဝံ့သဖြင့် မျက်စိကို စုံမှိတ်ပြီး အလံကိုသာ ဝှေ့ယမ်းနေမိသည်။
ရထားစက်ခေါင်း မောင်းသူသည် ရထားလမ်းပေါ်တွင် ရပ်၍ လူတစ်ယောက် အလံနီ ပြပြီး အတင်း တားနေသည်ကို တွေ့သွားသည်။ ရထားဘရိတ်ကို လျင်မြန်စွာ အုပ်လိုက်သည်။ သို့သော် ရထားမှာ အရှိန် များလွန်း၍ ရုတ်တရက် မရပ်။ ဘရိတ်အုပ်ထားသော ရထားဘီးနှင့် သံလမ်းပွတ်တိုက်ရာမှ ဆူညံသောအသံများ ထွက်ပေါ်လာသည်။ ဘရိတ်အုပ်ပြီးသည့် နောက်မှာပင် ရထားသည် ရှေ့သို့ အရှိန်ပြင်းစွာ တိုးသွားပြီးမှ ရုတ်တရတ် ရပ်သွားသည်။
ရထားပေါ်မှ ဆူညံသောအသံများ ထွက်လာသည်။ ရထားတံခါးပေါက်များမှ ခေါင်းများစွာ ထွက်လာ၍ ရှေ့သို့လှမ်းကြည့်သည်။
ရထားစက်ခေါင်းမောင်းသူသည် ရထားပေါ်မှ ခုန်ဆင်းပြီး ရထားရှေ့သို့ ပြေးကြည့်သည်။
ရဲရဲနီသော အလံကို ကိုင်မြှောက်၍ မတ်တတ်ရပ်နေသော အဘိုးကြီးကို တွေ့ရသည်။
ရထားစက်ခေါင်းနှင့် အဘိုးကြီး၏ ကြားတွင် တစ်ပေပင် မကွာတော့ပါ။ အဘိုးကြီးမှာ မျက်စိကို စုံမှိတ်၍ ဒူးများတဆတ်ဆတ် တုန်နေသည်။
“အဘိုးကြီး၊ ခင်ဗျား သေသွားချင်လို့ လား။ ဘာဖြစ်လို့ ရထားကို တားတာလဲ”
ဦးချစ် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့တွင် ကပ်၍ ရပ်နေသော ရထားကို တွေ့ရသည်။
ဦးချစ်မှာ ကြောက်ရွံ့ တုန်လှုပ်လွန်း အားကြီး၍ ဘာစကားမျှ မပြောနိုင်။
“အဘိုးကြီး မေးနေတာ မကြားဘူးလား၊ ဘာဖြစ်လို့ ရထားကို တားရတာလဲ”
စိတ်တိုနေသော စက်ခေါင်းမောင်းသူ က အဘိုးကြီးကိုအော်၍ မေးလိုက်သည်။
“ကား”
ဦးချစ်မှာ တစ်ခွန်းသာ ဖြေနိုင်သည်။ နောက်သို့ လက်ဖြင့် လှမ်းပြလိုက်သည်။
စက်ခေါင်းမောင်းသူက အဘိုးကြီး ပြရာသို့ လှမ်းကြည့်လိုက်သည်။ လမ်းပေါ်တွင် ပျက်နေသော စပါးတင်ကားကို မြင်ရသည်။
“ကား ဘာဖြစ်လို့လဲ။ ခင်ဗျား တံခါးကို ကြိုကြိုတင်တင် မပိတ်ဘူးလား”
ဦးချစ်မှာ ကြောက်ရွံ့တုန်လှုပ်ခြင်း မပြေသေး၍ ဘာမျှအဖြေမပေးနိုင်။
ထိုအချိန်တွင် ဂါတ်ဗိုလ် ရောက်လာသည်။ ဦးချစ်ကို ကောင်းစွာသိသော ခေါင်းဖြူဂါတ်ဗိုလ်ဖြစ်သည်။
“ဪ….ဂိတ်စောင့်အဘိုးကြီးပဲ။ ဟာ.. ဟိုမှာ ကားပျက်နေလို့ တားတာပဲ။ ကံကောင်းလို့ပါလား။ အဘိုးကြီးသာ မတားရင် ဒုက္ခပဲ။ ဟိုဘက်မှာ မြောင်းကူးတံတားရှိတယ်”
ရထား၏ ရှေ့တွင် အဘိုးကြီးကို ဝိုင်းအုံ ကြည့်နေသော ခရီးသည်များသည် ဂါတ်ဗိုလ် ပြောမှ မိမိတို့၏ အန္တရာယ်ကို ထိတ်လန့်တုန်လှုပ်မိကြသည်။
“ကဲ..အဘိုးကြီး၊ အလံချပါတော့။ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပါဦး။ ခင်ဗျားက တံခါးကို ကြိုမပိတ်ဘူးလား”
ဦးချစ်က ကိုင်မြောက်ထားသော အလံကို ချလိုက်သည်။
“ကျုပ် ဂိတ်စောင့် မဟုတ်တော့ဘူး။ ပင်စင်ယူထားပါပြီ”
“ဪ….ဒါကြောင့် ခင်ဗျားကို မတွေ့တော့တာကိုး။ ဒါဖြင့် ဂိတ်စောင့် ဘယ်မှာလဲ။ သူက တံခါးမပိတ်ဘူးလား”
ဂါတ်ဗိုလ်က ဆက်မေးသည်။
“ဂိတ်စောင့်က သိပ်ပေါ့ပါတယ်။ မြို့ထဲ သွားတာ ပြန်မလာသေးဘူး။ ရထားလာချိန်နီးတော့ ကျုပ် စိတ်ပူလို့ လာကြည့်တာ စပါးတင်ကားက ရထားလမ်းပေါ်မှာ ရှပ်ကျိုးလို့တဲ့။ ပျက်နေတယ်။ တွန်းချတာလည်း မရဘူး။ ရထားကလည်း အမြန်မောင်းလာနေတော့ လူတွေသေကုန်မှာ စိုးတာနဲ့ ကျုပ် ပြေးလာပြီး တားတာပါ”
“ဒါနဲ့ ကျုပ် ဥသြဆွဲပြီး ဘရိတ်အုပ်တော့ ဘာဖြစ်လို့ ဆင်းမပြေးတာလဲ အဘိုးကြီး။ ဒီမှာကြည့်စမ်း နောက်ထပ် တစ်ပေလောက်သာ ဆက်လိမ့်ရင် ခင်ဗျားသေမှာပဲ”
စက်ခေါင်းမောင်းသူက ဦးချစ်နှင့် ရထား၏ အကွာအဝေးကို ပြ၍ ပြောလိုက်သည်။
“ကျုပ် ဆင်းပြေးရင် ရထား မရပ်ဘဲ ဆက်မောင်းမှာ စိုးလို့ပါ”
ဘေးမှ ဝိုင်းအုံကြည့်နေသော ခရီးသည်များသည် ဆူညံစွာ ပြောကြဆိုကြ၊ ဦးချစ်အား ချီးမွမ်းကြသည်။
“ကျုပ် အစက မသိလို့ အော်မိ၊ ပြောမိတာကို တောင်းပန်ပါတယ်ဗျာ။ ခင်ဗျားသာ အသက်စွန့်ပြီး မတားရင် သည်အချိန်ဆို ဟိုဘက်မြောင်းထဲမှာ ကျုပ်အလောင်းကို တွေ့ ရမှာပဲ။ ကျုပ်က စက်ခေါင်းမောင်းဆိုတော့ ရှေ့က သေမှာပဲ။ အဘိုးကြီး ကျုပ်အသက်ကို ကယ်လိုက်တာပဲ”
“ကဲ...လာ..လာ အဘိုးကြီး။ ရထား ရပ်သွားပါပြီ။ လမ်းဘေးကို ဆင်းပါတော့”
ဂါတ်ဗိုလ်က ဦးချစ်၏ လက်ကို ဆွဲ၍ ပြောလိုက်သည်။
ခဏအတွင်းမှာပင် ခရီးသည်ချင်း အဆင့်ဆင့် ပြောကြ၍ ရထားပေါ်မှ ခရီးသည် အားလုံးသည် မိမိတို့၏ အသက်ကို အဘိုးကြီး တစ်ယောက်က ကယ်လိုက်ကြောင်း သိသွားကြသည်။ အဘိုးကြီးကို ဆင်းကြည့်ကြသည်။ ကျေးဇူးတင်ကြောင်း ပြောကြသည်။
"ဒီမယ် အဘိုးကြီး၊ ခင်ဗျား ကယ်လိုက်လို့ နိုင်ငံပိုင်ရထားကြီးလည်း ပျက်စီးမယ့်ဘေးက လွတ်သွားတယ်၊ ခရီးသည်တွေလည်း ဘေးအန္တရာယ်က လွတ်သွားတယ်။ ခင်ဗျားကိုတော့ ကျုပ်တို့ မီးရထားဌာနကလည်း ချီးကျူးဂုဏ်ပြုမှာပဲ၊ အစိုးရကလည်း ဆုပေးဦးမှာပဲ။ ရော့ … အခု ကျွန်တော်က ဆုပေးတာ”
စက်ခေါင်းမောင်းသူက သူ့အိတ်ထဲမှ ထောင်တန် တစ်ရွက်ကို ထုတ်ယူ၍ ဦးချစ်အား ပေးလိုက်သည်။
ဦးချစ်က လက်ကာပြပြီး ခေါင်းယမ်းသည်။
“ကျုပ် မလိုချင်ပါဘူး”
ဂါတ်ဗိုလ်က တရင်းတနှီးပင် ဦးချစ်၏ လက်ကို ဆွဲယူလိုက်သည်။
“ယူပါ အဘိုးကြီး၊ ခင်ဗျား ယူရမယ်။ ရော့...ဒီမှာ ကျုပ်ကလည်း တစ်ထောင် ခင်ဗျားရဲ့ တာဝန်သိမှုအတွက် ဆုပေါ့”
ဂါတ်ဗိုလ်က ဦးချစ်၏ လက်တွင်းသို့ အတင်းထည့်လေသည်။ ထိုအချိန်တွင် ဘေးမှ ခရီးသည်များကလည်း တစ်ထောင်တန် ထုတ်ပေးကြ၊ ငါးထောင်တန် ထုတ်ပေးကြ၊ ငါးရာတန် ထုတ်ပေးကြနှင့် ဦးချစ်၏ လက်အတွင်းသို့ အတင်း ထည့်ပေးကြသည်။ အချို့က စားစရာများ၊ စီးကရက်ဘူးများ ပေးကြသည်။ ဦးချစ် ငြင်း၍ မရ။ ရထား၏ အရှိန်ကို ဦးချစ် တားနိုင်သော်လည်း လူတို့၏ မေတ္တာစေတနာ အရှိန်အဟုန်အား ဦးချစ် တားဆီး၍ မရပါ။
ထိုအချိန်တွင် ဘူတာရုံပိုင်ကြီး ရောက်လာသည်။ ဦးချစ်အား ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက်လိုက်သည်။
“ဦးချစ်...ခင်ဗျားကတော့ ပင်စင်ယူပြီးတာတောင် တာဝန်သိတဲ့ အဘိုးကြီးပဲဗျာ။ ခင်ဗျား ကယ်ပေလို့ပေါ့ဗျာ။ မဟုတ်ရင်တော့ မတွေးဝံ့စရာပဲ။ ဟာ..ခင်ဗျားမှာ ဆုတွေ ရထားတာလည်း အများကြီးပဲလား”
“နည်းပါသေးတယ် ရုံပိုင်ကြီး။ ဒီအဘိုးကြီးကို ခင်ဗျားတို့ မြို့ကလည်း ဆုပေးပွဲ လုပ်သင့်တယ်”
“လုပ်မှာပါ၊ လုပ်မှာပါ၊ စိတ်ချပါ။ ကျွန်တော်တို့မြို့က ဂုဏ်ပြုဖို့ ကျွန်တော် သက်ဆိုင်ရာတွေကို တင်ပြပါမယ်။ မီးရထားဌာနကိုလည်း ကျွန်တော် အစီရင်ခံပါမယ်”
ထိုအချိန်တွင် မော်တော်ကားမှာ လူအင်အားနှင့် ဝိုင်းထိန်းပြီး တွန်း၍ ရထားလမ်းမှ လွတ်သွားသည်။ ကားလမ်းတံခါးကိုလည်း ရုံပိုင်ကြီး ကိုယ်တိုင် ပိတ်ခဲ့ပြီ။ အရက် မူးပြီး ပြန်လာသော မောင်ကျော် ကိုကား ရုံပိုင်ကြီးက တံခါးကိုပင် ကိုင်ခွင့် မပြုတော့ပေ။
မီးရထားစက်ခေါင်းမောင်းသူက ဥဩ ဆွဲလိုက်၍ ခရီးသည်များ ရထားပေါ်သို့ အပြေးအလွှား တက်ကြသည်။
စက်ခေါင်းမောင်းသူက ဦးချစ်အား လက်ပြ၍ နှုတ်ဆက်လိုက်သည်။ ရထားကြီးသည် တရွေ့ရွေ့ စတင်ထွက်ခွာသည်။ ရထားပေါ်မှ ခရီးသည်များသည် ဦးချစ်အား ဆူညံစွာ အော်ဟစ်၍ လက်ပြနှုတ်ဆက်ကြသည်။ အချို့က လူခွဲ မပါ၍ အောက်သို့မဆင်းနိုင်သူများက ရထားလမ်းဘေးမှ ဦးချစ် ထံသို့ ပစ္စည်းများ၊ မုန့်အိတ်များကို ပစ်ချပေးကြပြန်သည်။ ဦးချစ်က ပြန်လည်၍ လက်ပြရင်း နှုတ်ဆက်နေသည်။
သူ၏ မျက်လုံးများတွင်ကား သူ၏ တာဝန်အတွက် ဂုဏ်ယူသော မျက်ရည်များဖြင့် ပြည့်လျက်။
အမြန်ရထားကြီးမှာ အန္တရာယ်ကင်းစွာ ရှေ့သို့ ဆက်၍ ခုတ်မောင်းသွားလေပြီ။
▢ လယ်တွင်းသားစောချစ်
📖 Eternal Light မဂ္ဂဇင်း
ဩဂုတ်လ ၊ ၂၀၁၅
No comments:
Post a Comment