Friday, October 2, 2026

ဥသဘ ရှိသော အိမ်

❝ ဥသဘ ရှိသော အိမ် ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

နေလုံးသည် တိမ်အုပ်ကြားသို့ ဝင်ပြေးလိုက်၊ ပြန်ထွက်လာလိုက်ဖြင့် တူပုန်းတမ်းကစားနေသည်။ ဝဲယာရှိ လယ်ကွက်များတွင် ကောက်ပင် ဝါဝါများ စိမ်းစိမ်းများ ကွင်းပြည့်ခမန်း ရှိပြီ။ နေရောင် ဖြန့်ကျင်းလျှင် တစ်ကွင်းလုံး ဝင်းခနဲ ထိန်ပြက်သည်။ နေရောင်ပျောက်လျှင် မှိုင်းရင့်ပြန်သည်။

မောင်ကိုကြီးသည် ခေါင်းပေါ်မှ အထုပ်ကို လက်တစ်ဖက်ဖြင့် ဖေးရင်း အသော့နှင် လာခဲ့၏။ ဝါတာကွပ် တစ်ခုသည် မောင်ကိုကြီးအား ရေသံတဝုန်းဝုန်းဖြင့် ဆီးကြိုနေသည်။ “လမ်းမှာ ငေးမနေနဲ့၊ နင့်အဘ ဆာလှရော့မယ်” အမေကြီး မှာလိုက်သောကြောင့် အပြေးလာရငြား မောင်ကိုကြီးသည် ရေသံကြားရသောအခါ အနားသို့ တိုးကပ်လာမိ၏။ အုတ်ရေပေါက်မှ တိုးဆင်းလာသောရေသည် အုတ်နံရံများကို ငွေလုံးငွေခဲများဖြင့် ပစ်ပေါက်ကာ ငွေလှိုင်း ဖွေးဖွေးကို အဝေးသို့ မောင်းနှင်သွားလေ၏။ နိမ့်လျှောဆင်းလာသော ရေထဲတွင် ပါလာသည့် ငါးများသည် နေသာလျှင် ခုန်ကြ မြူးကြ၏။ မောင်ကိုကြီး ကြည့်နေဆဲမှာပင် ငါးပတ်ကြီးတစ်ကောင်သည် အုတ်နံရံဘေး ရွှံ့ထဲသို့ ဖွေးခနဲ ကျသွား၏။ ခဏငြိမ်နေပြီးမှ လွန့်သည်။ လူးသည်။ ခုန်ပျံသည်။ တော်တော်နှင့် ရေထဲ မကျ။ မောင်ကိုကြီး ရင်ထဲက ယားလာ၏။

“စောစောကသာ ဒီအထုပ်ကြီးကို ချထားမိရင် ငါပြေးဖမ်းနိုင်တာပေါ့”

တစ်ပြိုင်နက်ပင် ဘမျက်နှာကို ပြေးမြင်သည်။ ဘသည် မိမိလာမည့်လမ်းသို့ လည်တဆန့်ဆန့် မျှော် ရှာရော့မည်။ ထို့ကြောင့် ဝါတာကွပ်ကို မောင်ကိုကြီး သံယောဇဉ်ဖြတ်သည်။ မြောင်းပေါင် လူသွားလမ်းပေါ်သို့ ဆုတ်လာစဉ် ငါးပွက်သံ ကြား၏။

“ဘယ်ကပါလိမ့်၊ ဟာ ‘တုတ်’ ထဲကပါလား”

တငြိမ့်ငြိမ့် ရေအလျဉ်ဖြင့် တောင်မြောက်စီးဆင်း နေသော မုန်းမြောင်းကို အနောက်ရပ်မှလာသော လင်းဇင်းမြောင်းငယ်များသည် ဦးဖြင့် ဝင်ဝှေ့ကြသည်။ ထိုအခါ မုန်းမြောင်းကိုကျော်သော သံရေတံလျှောက်များ ဖြစ်ပေါ်လာသည်။ သို့သော် လင်းဇင်းသောက် လယ်များမှ ရေဟောင်းများမှာမူ မုန်းမြောင်းကို မကျော်နိုင်ကြပေ။ ဤသို့ဖြင့် မုန်းမြောင်းကို ခါးမှဖြတ်လျက် အောက်မှ ငုံ့ထွက်သော ‘တုတ်’ များ ဖြစ်လာလေ၏။ တုတ်သည် ဖိသိပ်သော အားဖြင့် ထွက်လာရ ရာ ဖိသည့်ဘက်မှ အားပျော့သည်နှင့်အမျှ တစ်ဖက် တွင် ‘အီ’  နေတော့သည်။

လူပျင်းတစ်ယောက်၏ လှုပ်ရှားပုံမျိုးဖြင့် မစီးချင့် စီးချင် စီးထွက်လာသော တုတ်ဝမှ ငါးထပွက်ခြင်း ဖြစ်၏။ သို့တစေ တုတ်ကိုကား မောင်ကိုကြီး စိတ်မဝင်စားရဲပေ။ တုတ်၏ အထွက်ဝတွင် ညွန်ထုသည် မောင်ကိုကြီး၏ ခါးတမျှ ထူသည်။ တုတ်၏ အဝကိုကား မောင်ကိုကြီး ငုံ့၍သော်မျှ မကြည့်ဝံ့။ လင်းဇင်းသောက် လယ်များမှ ထုတ်လွှတ်လိုက်သော ရေပို ရေလျှံသည် တုတ်ပြွန်အဝင်ဝကို သူအလျင် ဝင်မည်၊ ငါ ဦးစွာ သွားမည်ဟု လုယက်တိုးဝှေ့နေကြ၏။

မောင်ကိုကြီး ငါးနှစ်သားအရွယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဆွမ်းခံထွက်လာသော အဖွဲ့ တစ်ဖွဲ့သည် သဝေထိုးကာ တုတ်သို့ ရောက်ရှိလာပြီး ရေချိုးကြသည်တွင် တုတ်ပြွန်ဝသို့ ဒိုင်ဗင်ထိုးချလိုက်သော ကိုရင်ကလေးမှာ မပေါ်လာတော့ချေ။ အဘယ်မှာ ပေါ်လာနိုင်မည်နည်း။ ပြွန်ထဲသို့ ခေါင်းစိုက်ဝင် သွားရာ အပေါ်က ရေဖိအားကြောင့် ပြန်မထွက်နိုင်ဘဲ အသက်ဆုံးခဲ့ရဖူး၏။

ထိုအကြောင်းကို ပြန်လည် သတိရလျှင်ရချင်း မောင်ကိုကြီး နောက်သို့ တွန့်သွားသည်။ နောက်သို့ တွန့်ခါမှ ကင်းပွန်းခါး ဆူးခက်တစ်ခက်ကို တက်နင်းမိသည်။ နားထဲတွင် ဖောက်ခနဲ ကြားလိုက်ရသည် ထင်၏။ စူးစဉ်က မနာသော်လည်း ဆွဲနုတ်သောအခါ နာလှသည်။ ချက်ချင်း သွေးပေါက်ပေါက် ပန်းထွက်လာသည်။ သွေးထွက်သော ဖနောင့်ကို မြေကြီးနှင့် နာနာဆောင့်ပြီး ဆူးခက်ကို ကင်ပွန်းခါးချုံ တစ်ချုံ ပေါ်သို့ ပစ်တင်လိုက်သည်။ အခြားနေရာသို့ ပစ်လိုက်ပါက အခြားသူများ စူးနိုင်သေးသည် မဟုတ်လား။

နောက်ကျသော ဝါခင်းကျွတ်၊ နှမ်းခင်းကျွတ် များတွင် ဖုတ်ပူမီးတိုက် ထွန်နေကြသည်။ ကောက်စိုက်မငါးယောက်အဖွဲ့ကလေးများ၊ သုံးလေးယောက် အဖွဲ့ကလေးများကို ပြောက်တိပြောက်ကျား မြင်ရသည်။ ဟိုခပ်ဝေးဝေးမှ စက်သံကြားရ၏။ ဧကန္တ အဖွဲ့ကြီး တစ်ဖွဲ့ ကောက်စိုက် နေခြင်းဖြစ်ပေမည်။ အနောက်တောင်ဆီမှ လေအေးတစ်ချက် ဝေ့လာရာ စက်သံပျောက်သွား၏။

မြောင်းပေါင်ကြီးမှ ခွဲထွက်လာချိန်ဝယ် မောင်ကိုကြီး မငေးရဲပြီ။ စိတ်လည်း မပျံ့လွင့်ဝံ့ပြီ။ လူတစ်ယောက် သွားသာရုံ လမ်းကြား မြောင်းပေါင်နှင့် ကန်သင်းများသည် အငေးမခံပေ။ တစ်ချက်တိမ်းလျှင် ချော်ကျမည်။ ဘ၏ ထမင်းကြမ်း မှောက်မည်။

“ဟဲ့ကောင်လေး၊ မြန်မြန်သွား၊ ဟိုမှာ နင့်အဘ မျှော်လှပြီ။ လက်ထဲမှာ တုတ်ကြီးကိုလည်း ကိုင်လို့ဗျား”

မည်သူ ပြောသွားသည်ကိုပင် မောင်ကိုကြီး မသိလိုက်။ အသံကြား၍ လှမ်းကြည့်သောအခါ ကျောပြင်ကိုသာ မြင်ရတော့သည်။ သို့ဖြစ်လျှင် သည်လူကြီးသည် မည်သည့်အချိန်က မိမိကျောနားမှ ဖြတ်သွားပါသနည်း။ ဟုတ်ပြီ။ ထန်းသားရေကျော်ကလေးကို မောင်ကိုကြီး ငေးနေခိုက်တွင် ဖြစ်မည်။ ထိုထန်းသား ရေတံလျှောက် ဟိုဘက်တွင် မုန်းသောက်လယ်များ အလယ်မှ လင်းဇင်းသောက်လယ်ပွဲအချို့ရှိသည်။ လယ်ကြားမြောင်း တစ်ခုကို ဖြတ်ကူးပြီး ရေသွယ်ထားရာ ရေသွားရေလာ နည်းလှသည်။ သည်နည်းပါးသော ရေစီးတွင် ငါးဖွဲငါးနုပ်နှင့် ပုစွန်ဆိတ်များ ပါလာ ၏။ သူတို့ကလည်း ရေနည်းကြောင်း သိသဖြင့် ရေစီးဖြင့် မျှော၍ မလိုက်၊ ရေများရာဘက်ကမ်းသို့ ခုန်ပေါက်ပြီး ပြေး၏။ အချို့လည်း တစ်ဖက်ကမ်းသို့ ရောက်၏။ အချို့ကား ပို၍ရေများသော အောက်က မြောင်းထဲကျ၏။ အချို့သော် ချုံထဲကျ၏။ မြက်ပေါ် တင်၏။

မြက်ပေါ်ကျ၊ ချုံပေါ်တင်သော ထိုငါးပုစွန်များက မောင်ကိုကြီးကို ဖမ်းညှို့ထားခြင်းဖြစ်ပေသည်။ သို့သော် နင့်ဘ တုတ်ကြီး ကိုင်လို့ ဆိုသံကြားသည့် ခဏ၌ မောင်ကိုကြီး သုတ်ခြေတင်တော့သည်။ မြောင်းကို ကျော်မိလျှင် မြောင်းပေါင်ချုံတန်းကို လွန်၏။ ဘတို့ လယ်ကို ဘွားခနဲ လှမ်းမြင်ရလေပြီ။ အဝါရောင် ပျောက်စ အစိမ်းရောင်သန်းစ ဖြစ်သော ကောက်ပင် တန်းတန်းညီညီများ ဖုံးနေသော လယ်ပွဲနှစ်ခုကျော်၏ ဟိုဘက်တွင် ညောင်ပင် မားမားကြီးကိုမြင်ရပြီ။

ကန်သင်းအသစ်များသည် အသားမသေသေး။ ထို့ကြောင့် ကျဉ်းနေသေးသည်။ ကန်သင်းအသစ် ဆွဲထားသည်ကများသောကြောင့် မြက်မရှိသော ကန်သင်းပြောင်များသည် ငြီးငွေ့ဖွယ်ရှိသည်။

ခြေနင်းစရာ ကျယ်ကျယ်ရှိသော ကန်သင်းဆုံ တစ်ခုသို့ အရောက်တွင် မောင်ကိုကြီး မျှော်ကြည့်၏။ ဝါခင်းကျွတ်တွင် နွားနှင့်ထွန်သာ ရှိ၏။ ဘ မရှိ။ အမှန်ပင် ဘ စိတ်ဆိုးနေပြီလော။ ညောင်မြစ် မြစ်ပျဉ်းများ ကြားတွင် တုတ်ကိုင်ကာ ခွေအိပ်နေသလော။ မောင်ကိုကြီး၏ ခြေလှမ်းများသည် ပို၍ သွက်လက်လာလေတော့၏။

••••• ••••• •••••

၂

မြောင်းလက်တံကလေးကို ကျော်ပြီး ညောင်ပင်ရိပ်သို့ မောင်ကိုကြီး ဝင်ချိန်တွင် ညောင်ပင်ဟိုဘက်မှ လူသံ လိုလို ကြား၏။ လယ်ကြားမြောင်းကို နဘူးချုံများ အုပ်နေရာ ဟိုဘက်လယ်ပွဲမှ ဖြစ်လိမ့်မည် တွေးပြီး ညောင်ပင်ခြေရင်းသို့ ကပ်လာခဲ့၏။

“ထမင်းပို့တောင် လာပါပကော”

မောင်ကိုကြီးသည် ညောင်ပင်၏ ဟိုဘက်တွင် မမျှော်လင့်သော လူအုပ်ကြီးကို မြင်လိုက်ရလေသည်။ သူ့ဘသည် ထမင်းမေ့ ဟင်းမေ့ဖြင့် သည်လူအုပ်ထဲတွင် ဝင်နေရာက ထမင်းပို့သူကို မြင်မှသာ ထမင်းကို သတိရတော့သည်။ လူအုပ်ကြီးသည် ဟိုလယ် သည်လယ်မှ လူများ၊ လမ်းသွားလမ်းလာများ ဖြစ်ပေ၏။ သူတို့၏ အလယ်တွင်ကား နဘိုက် (နွားပိုက်) ကလေး တစ်ကောင်သည် နားရွက်တထောင်ထောင် နှာတမှုတ်မှုတ်ဖြင့် လန့်နေ၏။

“ကျယ်သုံးကျယ်နဲ့ ညီညွတ်ရင်ပဲ တော်ပါပြီကွာ”

မြောက်ဘက်လယ်ပွဲမှ ကိုဘအုန်းက မှတ်ချက်ချလိုက်ခြင်းဖြစ်သည်။

မောင်ကိုကြီးသည် ထမင်းထုပ်ကို ဖြေပြီး လက်မဆေး ဘာမဆေးဖြင့် ခွစားနေသော ရီးဆေးရိုးထံကို ကပ်လာ၏။

“ကျယ် သုံးကျယ်ဆိုတာ ဘာလဲ ဘ”

“ချိုနှစ်ခုကြားက ထိပ်အင်း ကျယ်တာကွာ၊ ရင်ဆုံ ကျယ်တာကွာ၊ တင်ပါးဆုံ ခြစ်ခုံ ကျယ်တာကွာ” 

“အဲဒီလို ကျယ်တော့”

“ဟာ လူလေးရာ၊ မင်းမေးတာနဲ့ပဲ ထမင်းနင်နေပြီကွ” 

ရီးဆေးရိုးမှာ ပြောရင်းဆိုရင်း လည်ပင်းရှည် ထွက်လာ၏။

မောင်ကိုကြီး နောက်ဆုတ်ကာ ရယ်မောပြီး လူကြီးအုပ်တွင်းသို့ ဝင်ထိုင်၏။ တစ်စုံတစ်ရာ နားမလည်သော်ငြား အများနည်းတူပင် နွားနက်ကလေးကို ငေးကြည့်နေမိသည်။ နွားကို စုတ်တသပ်သပ်ဖြင့် ချော့မော့နေသူမှာ နွားရှင်ဖြစ်၏။ ထိုသူကို မောင်ကိုကြီး မသိပေ။ ထိုသူသည် နွားဝယ်ပြီး ပြန်အလာတွင် ရေနွေးဝင်သောက်စဉ် လာရောက် မေးမြန်း စုံစမ်းသူ များကြောင့် ယခုနှယ် လူအုပ်ကြီး ဖြစ်သွားဟန်တူ၏။

“အမယ် ခြောက်ကွက်ဖြစ်တော့မလို့ဗျို့ ၊ နည်းနည်းကလေးပဲ လိုတော့သဗျ။ ခြောက်ကွက်သာ ကွက်လိုက်ရရင် ကြန်စုံပေါ့”

ဟင်းခုပ်ပင် လယ်ပွဲမှ ကိုထွန်းလှိုင်က စေ့စေ့စပ်စပ်ကြည့်နေရာမှ အားပါးတရ ပြောသည်။

“ကြန်စုံ မဟုတ်လို့ ဒီဈေးရတာပေါ့ဗျာ” 

“ခြောက်ကွက်ဆိုတာ ဘာလဲဗျဟင်”

သူ့စကားကို မည်သူကမျှ အရေးတယူ မလုပ်သဖြင့် မောင်ကိုကြီးသည် ကျီးကြည့် ကြောင်ကြည့် ကြည့်နေရာက ရီးဆေးရိုးကို လှမ်းမေး၏။ 

“ဘ ခြောက်ကွက်ဆိုတာ ဘာလဲဗျ”

“မြီးစွပ်၊ ထိပ်ကွက်၊ ခြေလေးဖက်ဖြူ၊ ကြန်စုံယူလော့တဲ့ကွ”

“အဲဒါ ဘာလဲဟင် ဘ”

မောင်ကိုကြီး၏ လက်ယာဘက်မှ လူကြီးက မောင်ကိုကြီး၏ ခေါင်းကို လက်ဝါးဖြင့် ဆုပ်ကိုင်ကာ လှုပ်လိုက်သည်။

“ဒါလောက် အမေးအမြန်းထူတဲ့ အကောင် သေသေချာချာ မှတ်ထား။ ခေါင်းမှာ ဖြူဖြူအကွက်ကလေး ပါရင် ထိပ်ကွက်၊ အမြီးမှာ အဖြူစွပ်နေရင် မြီးစွပ်တဲ့၊ ခြေထောက်လေးချောင်းမှာ ဒူးဆစ်အောက် ဖြူတာကို လေးဖက်ဖြူတဲ့ ဟုတ်ပလား ခြောက်ကွက်”

မောင်ကိုကြီး ခေါင်းညိတ်ပြငြား မေး၍ကား မပြီးသေးချေ။

“ခြောက်ကွက်ရှိရင် ဘာဖြစ်လဲ ခင်ဗျာ့”

“ကောင်းတာပေါ့ကွ”

“ဘယ်လို ကောင်းတာလဲဟင်”

တောင်ဘက်လယ်ပွဲမှ ထိုလူကြီးသည် တဟားဟား ရယ်မောလိုက်ကာ “ကိုဆေးရိုး၊ ခင်ဗျာ့မြေးကတော့ မလွယ်ပါကလားဗျ” ဟု လှမ်းပြော၏။

သို့သော် ထိုလူကြီး၏ စကားကို မောင်ကိုကြီး မကြားတော့ပြီ။

“အမယ်… နွားနက်သေးက ဆေးဖက်ဝင်သကွ” ဆိုသော စကား။

“ဟ သေးသောက်ချင်လို့ ဝယ်တာမှ မဟုတ်ဘဲ၊ ခိုင်းဖို့ ဝယ်တာကွ” ဆိုသော အသံများ ကြားလိုက်ရ၍ ဖြစ်သည်။ ထိုအဆိုနှင့် အချေ၏ အဆုံးတွင် ဝါးခနဲ ရယ်ကြရာ မောင်ကိုကြီးလည်း ရောယောင်ပြုံး၏။

“ခိုင်းဖို့ ဆိုရင် မင့်နွားရဲ့ အနက်မွေးက စင်မှ မစင်တာဘဲကွ။ အဖြူမွေးတွေ၊ မွေးကြောင်တွေ ပါနေတာပဲကွ။ ပြီးတော့ အမွေးက မဆိုစလောက်ကလေး ရှည်ချင်သေးသကွ”

ထိုအခါ ကိုဘအုန်းက “အယ်” ဟုဆိုကာ ကြားဖြတ် ပြာ၏။

“အယ်... ဘိုးတော်ဘုရားလက်ထက်က နွားကျမ်းကြီးကို ရွတ်ရွတ်မနေနဲ့ ထွန်းလှိုင်ရာ”

“ကျုပ် ကြားဖူးတာ ပြောတာပါ”

“ကြားဖူးတာသာ ပြောနေရရင် မင်းတို့ ငါတို့ ခိုင်းစရာ နွားကို ရှိတော့မှာ မဟုတ်ဘူး။ ဟိုအောက် လယ်က ငသောင်းရဲ့နွား၊ တစ်ဖက်ကသေးပြီး တစ်ဖက်ကကြီးတဲ့ ချိုတည်လူး။ ချိုတည်လူး အိမ်ဦးမှာတောင် မချည်ရဘူးတဲ့။ တစ်ခါ သေးတဲ့ချိုက ကွေးနေသေးဗျာ။ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ ဥစ္စာမွဲတဲ့။ မမွဲတဲ့အပြင် တစ်ဧကကို စပါးနှစ်ရာကျော် ထွက်လို့ တိန်တိန်မြည်နေပါကလားကွ ကိုင်း”

“တစ်ယောက်တလေတော့ ရှိမှာပေါ့ဗျာ ဟဲ ဟဲ” 

ထွန်းလှိုင် မချေနိုင်သဖြင့် အခြားတစ်ယောက်က ရယ်ရယ်မောမောဖြင့် စောဒကတက်သည်။

“လည်ပေါက်ကတော့ စင်းနေသဗျ။ ထမ်းပိုး ထမ်းကောင်းမှာ သေချာတယ်”

“ဒါပေမဲ့ မျက်လုံးကတော့ ပုလဲစုံ ရွဲစုံဗျ”

“အမယ် အိမ်မြှောင်ဗျ”

ထွန်းလှိုင်က နွား၏ ရင်ဘတ်ပိုင်းကို ခါးကိုင်းကာ မော်ကြည့်ရာမှ ပြော၏။ ဆီးကြား၊ ရင်ကြားနှင့် ဗိုက်ပြင်တွင် အဖြူပြောက်ကလေးတွေ ကြဲပွင့်နေပေသည်။

မောင်ကိုကြီးလည်း မမေးတော့ဘဲ ရောယောင်ပြီး မော်ကြည့်နေကာ နွားတွင် တွယ်နေသော မွှားလုံးများ ကိုကား အိမ်မြှောင် မခေါ်တန်ရာ။ နွားကို ခဲနေသော မှက်ဖြူများမှာလည်း မှက်သာဖြစ်ရမည်ဟု တွေးနေရာက အဖြေမရသဖြင့် သူ့ဘကို လှည့်ကြည့်၏။ ရီးဆေးရိုးသည် ထမင်းကုန်သွားသဖြင့် မြောင်းလက်တံကလေးသို့သွားကာ ဆေးကြောနေပေသည်။

“ဟေ့... မင့်နွား ဗွေချက်ပေါက် ထင်တယ်ဟေ့။ ကောင်းသကွ”

“တော်ကြပါတော့ကွာ၊ ခြစ်ခုံကောင်းတာ၊ ကိုယ်ထည်ကောင်းတာ၊ ပခုံးနဲ့ သွားကောင်းတာတွေသာ အဓိကပါ။ ဟိုဗွေပါတယ်၊ သည်ဗွေပါတယ်ဆိုတာတို့၊ အမြီးက ဘယ်ပုံ၊ ချိုက ဘယ့်နှယ်ဆိုတာတွေက ဥပါဒါန်ကြောင့် ဥပဒ်ရောက်တတ်သတဲ့”

ရီးဆေးရိုး ပြန်ရောက်လာပြီး ဝင်ပြောခြင်းဖြစ်၏။ သူသည် လက်တွင် ခိုသီးနေသော ရေစက်ရေပေါက်များကို ခါးမှ ပုဆိုးဖြင့်ပင် သုတ်သင်ရင်း ဆေးလိပ်တိုကို ကောက်ကိုင်၏။

မောင်ကိုကြီးသည် သူ့ဘသို့ ရေနွေးကြမ်း တစ်ပန်းကန် ငှဲ့ပေးလိုက်ရာ ဝင်ပြော၏။

“နွားကောင်း နွားသန်တွေကို ‘ မ’  ပြီးခိုင်းတော့ နွားညှက်ကလေးတွေ ကျန်တယ်တဲ့။ အဲဒါလေးတွေက နွားမြိုင်လိုက်တော့ မွေးလာတဲ့ နွားကလေးတွေက ညှက်နေရောတဲ့။ အဲဒီလိုနဲ့ မြန်မာနွားတွေ ညံ့ကုန်တာတဲ့ဗျ။ ကျုပ် ဖတ်ဖူးတယ် ဘ”

“ကိုဆေးရိုးမြေးက မလွယ်ပါကလားဗျ။ ဟေ” 

ခုနလူကြီးပင် မောင်ကိုကြီး၏ခေါင်းကို ကိုင်ပြီး လှုပ်ပြန်သည်။ 

“ခေါင်းကို မကိုင်ပါနဲ့ဗျာ၊ ယောက္ခမက နိုင်တတ်တယ်”

လူကြီးများက ဝေါခနဲ ဝိုင်းဝန်းရယ်မောကြသည်။ ကိုထွန်းလှိုင်က ပြုံးပြီး ခြေထောက်ဖြင့် လှမ်းတို့သည်။

••••• ••••• •••••

၃

သည်နေ့သည် ရီးဆေးရိုး ကံဆိုးသောနေ့ဟု ဆိုရပေမည်။ အကြောင်းမူ ထမင်းပို့ရန်လာသော မြေးသည် ကဆစ်သီးတွေ ရှာစားလိုက်၊ အမှိုက်ကောက်လိုက်၊ “ချိုတည်လူးဆိုသော ဘာလဲ ဘ” ဟု လှမ်း မေး၏။ “ပုလဲတစ်လုံး ရွဲတစ်လုံး ဆိုတာကကောဟင်” ဟု ထပ်ဆင့်မေး၏။ မကြားဟန်ပြုနေလျှင် ထွန် နောက်က လိုက်လာပြီး ကပ်မေး၏။ ရီးဆေးရိုးမှာ သူ့အမေးကို ဖြေဖို့ နေနေသာသာ လူပင် မနည်းလှမ်း နေရ၏။ စက်ထွန် ဝင်ထားသော ဝါခင်းကျွတ်တွင် ရေသွင်းထားရာ တမန်း မပျော်သေးသဖြင့် ခြေထား ခြေနုတ် ခက်၏။

နွားမှာသော်မူ လူတိုင်းပေးသည့်အတိုင်း မှန်မှန် သွားနေစဉ် ရင်ဘတ်ကို ရေစိုနေသဖြင့် မမော။ ထွန် နောက်မှ လူမှာမူ ထွန်ကြောင်းဖြောင့်ရန် သတိထားရသည်။ မျက်စိဖြင့် မမြင်ရသော ထွန်ကြောင်းကို တိုင်စိုက်ပြီး မှတ်ထားသည့်အတွက် တိုင်ဟောင်း နုတ်ကာ တိုင်သစ် စိုက်ရသည်။ ထွန်ချေးစာကို ကန်ချရသည်။ ကျောပြင် အမြှောင်းတစ်လျှောက် စီးဆင်းလာသော ချွေးကြောင်းသည် တင်ပါးဆုံတွင် ပင်လယ် ဝေနေချေပြီ။

နွေခေါင်ခေါင်တွင် အိမ်ရှေ့သို့ လာလာပြီး နားတတ်သော တောကျီးကန်းအလား ရီးဆေးရိုး ပါးစပ် ပြဲနေပြီ။ မောင်ကိုကြီးက မောရမှန်းမသိ။ အမှိုက်တွေ ကောက်ကောက်ပြီး ကန်သင်းပေါ်တင်သည်။ ပါးစပ် ကလည်း တတွတ်တွတ် မေးသည်။ ဆယ်ခါ မေးလျှင် ကိုးခါကို နွားခြေလှမ်းရာတွင် ရေသံတဗွမ်းဗွမ်း ထွက်ပေါ်သည့်အသံကြောင့် မကြားသလိုလို၊ နားမလည် သလိုလို လုပ်ပစ်ရသည်။ ကျန်သော တစ်ခါကိုလည်း တစ်ပိုင်းတစ်ပြတ်သာ ဖြေ၏။

နေမြင့်လေလေ မောလေလေပင်။ သို့သော် ရီးဆေးရိုးမှာ ထွန်မချွတ်နိုင်သေးပါ။ ရေမပူသေးသရွေ့ ကြိတ်မှိတ်ထွန်ရမည်။ ညနေပိုင်းထွန်လျှင် ဆီးကိုင်သည်။ မျက်စိနာသည်လည်း ပြောကြ၏။ အသက်ကလည်း ထောက်ပြီ မဟုတ်လား။ သည်တော့ နံနက်ပိုင်းကို နေမြင့်အောင် ထွန်မှ။

လယ်ကွက်ထဲမှ ရေသည် ရေသေ မဟုတ်ပေ။ ရေရှင် ဖြစ်သည်။ တစ်ဖက်မှ ဝင်လာသော ရေသည် လယ်ကွက် တစ်ခုပြီးတစ်ခု ဖြတ်သန်းပြီး အောက် လယ်သို့ စီးဆင်းသွား၏။ သည်ရေသည်လည်း ကြာသော် မခံနိုင်။ မြောင်းမကြီးထဲတွင် ပူလောင်လာချိန်တွင် လယ်ကွက်ထဲတွင် ပူခြစ်လာချေပြီ။

“သုံးစပ်ပဲလိုတော့တယ် သားတို့ရေ၊ လုပ်ပါဟ လုပ်ပါဟ”

ခြေနုတ်ခြေရုပ် နှေးသော နွားများကို ရီးဆေးရိုးသည် နတံ (နှင်တံ) ဖြင့် တင်ပါးကို ပွတ်ပေးရင်း ချော့ချော့မော့မော့ ပြောနေချိန်တွင် စူးရှသော ဆန်စက်ဥဩသံသည် လွင့်ပျံလာလေ၏။ ရီးဆေးရိုးမှာ သုံးစပ် ပြည့်သွားငြား အိမ်မပြန်နိုင်သေးပေ။ ထွန်တုံးကို ရေဆေးပြီး ထမ်းပိုးကျည် ထမ်းပိုးပါ သိမ်းရသေး၏။ နွားနှစ်ကောင်ကိုကား မောင်ကိုကြီးက ရေချိုးပေးဖော် ရ၏။ နွားနှစ်ကောင်ကို ရှေ့တစ်ကောင် နောက်တစ်ကောင် ထားကာ ရီးဆေးရိုးက အလယ်မှ လိုက်ပါလျက် ပြန်လာကြသည်။ မောင်ကိုကြီးက အထုပ်ကိုရွက်လျက် လိုက်ပါလာရာ လမ်းကျဉ်းသဖြင့် ဘ အနီးသို့ မကပ်သာချေ။

အစိမ်းနုရောင်၊ အဝါရောင်နှင့် အစိမ်းရင့် အဝတ်စများ စပ်ချုပ်ထားသော ပဆစ်အိမ်ကြီးနှင့် တူသော လယ်ပြင်ကြီးသည် သူတို့ မြေးအဘိုး၏ နောက်တွင် ငိုက်မျဉ်းလျက် ကျန်ခဲ့၏။ နေပူမှ နာနာအော်သော ချိုးကူသံများကမူ မြေးအဘိုးအား နှုတ်ဆက်လိုက်သံဖြစ်ပေ၏။ ရှားပင်ပေါင်းသို့ရောက်၍ မုန်းမြောင်း ပေါင်ပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် မောင်ကိုကြီးသည် ရီးဆေးရိုးဘက်သို့ ပြေးကပ်လာချေပြီ။

“ဘ ဗွေချက်ပေါက်ဆိုတာ ဘာလဲဗျ”

“နွားဗိုက်ရဲ့ သိုတံရှေ့မှာ ချက် ရှိတယ်ကွာ။ အဲဒီ ချက်နားမှာ ဗွေ ရှိတဲ့ နွားဟာ သန္ဓေကောင်းတယ်။ ခိုင်းလို့လည်း ကောင်းတယ်”

အနောက်ဘက် မြောင်းပေါင်အတိုင်း မျက်နှာချင်းဆိုင်မှ လှည်းတစ်စီးသည် ဖုန်တထောင်းထောင်းဖြင့်၊ ဝင်ရိုးသံ တအီအီဖြင့် မောင်းနှင်လာ၏။

“အိပ်တဲ့အခါမှာ ဟောက်တဲ့ နွားကို နွားဟိန်း၊ နွားဟောက် ခေါ်တယ်။ မကောင်းဘူးတဲ့။ ဘာသိချင်သေးသလဲ”

မောင်ကိုကြီး ထံမှ အမေး မလာပေ။ စောစောက ကြားခဲ့ရသော ဝေါဟာရများကို ပြန်လည် စဉ်းစားနေဟန်ရှိ၏။ ထို့ကြောင့် ရီးဆေးရိုးက ရှေ့တူရူမှ လာနေသော လှည်းကို လက်ညှိုးထိုးပြ၏။

“အဲဟို လှည်းထဲက နွားမျိုးကို နွားရုန်း နွားကန် ခေါ်သကွ။ အဲဒါလည်း မကောင်းဘူး”

ဟန်ပေစွ။ မောင်ကိုကြီးမှာ ဘယ်ပုံ ရုန်းသနည်း။ ဘယ်ပုံ ကန်သနည်း။ ဆစ်ဆစ်ဖုဖု စေ့ငုရန် မလိုတော့ပေ။ ထိုလှည်းမှ နွားနှစ်ကောင်သည် ခြေထောက်များကို လှည်းအောက်သို့ ရောက်နိုင်သမျှရောက် အောင်သွင်းကာ ကိုယ်ကို အပြင်သို့ တအားပစ်ထုတ်ကာ ရုန်းနေပုံမှာ မြင်သူ မောဖွယ်ဖြစ်၏။ သွားရင်းကပင် ဘိုင်းခနဲ လဲကျချေမည်လား။ စိုးရိမ်စရာ ကောင်းလှ၏။ မောင်ကိုကြီးသည် ထိုလှည်း လွန်သွားသည်အထိ ပြုံးစေ့စေ့ဖြင့် လိုက်ပါလာရာက “နွားလား ဥသဘ ဆိုတာကကော ဘ” ဟု ကောက်ကာငင်ကာ မေးလိုက်ပြန်သည်။

“အိမ်အဝင်၊ အိမ်အထွက်မှာ တွန်ရင် နွားလား ဥသဘပေါ့”

“ကောင်းလား၊ ညံ့လားဘ”

“ကောင်းတာပေါ့ကွ”

“ဘယ်လို ကောင်းတာလဲ ဘရ”

“နွားပိုင်ရှင်မှာ စီးပွားတက်လာတယ်၊ ချမ်းသာတယ်”

“ဟင်... ကျုပ်တို့အိမ်က နွားညိုဟာ ဥသဘပေါ့ ဘရဲ့၊ ခြံဝင်ခြံထွက် တွန်သဗျား။ ဒါနဲများ ကျုပ်တို့ ဘာပြုလို့ မချမ်းသာတာလဲဟင်။ အဖေဆို ဖျားတာ သောက်စရာ ဆေးမရှိလို့ မုန်ညင်းဥ ပြုတ်သောက်ရသဗျား”

“ငါ့မြေးရာ မလိမ်ပါနဲ့ကွာ၊ မင်းတို့ဟာ ချမ်းသာပါတယ်၊ ဆောင်းတွင်းမှာ စောင်ခြုံစရာ မရှိဘူးမဟုတ်လား”

“ဟာ ဘကလဲဗျာ”

မောင်ကိုကြီးက သူ့ဘ၏ ပေါင်ကို တံတောင်ဖြင့် တွက်ရင်း ရယ်မောလိုက်ရာ မြေးအဘိုးတို့၏ ရယ်မောသံသည် မုန်းမြောင်းတစ်လျှောက် ပဲ့တင်ထပ်သွားလေ၏။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment