❝ ချောချောကျက်သရေ❞
▢ ဆောင်းခနှင်း
၁။
ပေါင်ပေါ်သို့ တစ်ထွေးကြီး ကျလာသော ဆံပင်တို့ကို ချောချော ကြည့်မိလေသည်။ ဒီဆံပင်တို့ကို ဒီ့အရင်ကမူ မြတ်နိုးလိုက်ရသည့် ဖြစ်ခြင်း။ ယခုမူ ကတ်ကြေးသံ တချပ်ချပ်က နားရွက် နောက်ဘက်တွင် မြည်နေသည်။ အတင်းအကျပ် ဆံပင် ဖြတ်ရသည် မဟုတ်၍ မျက်ရည်ကမူ မကျ။ သို့သော် ဒီဆံပင်ကို ဖြတ်ချင်လှသည်တော့လည်း မဟုတ်။ ချောချောသည် ဆံပင်ထွေးတို့ကို မမြင်ချင်တော့သဖြင့် ပေါင်ပေါ်မှ သပ်ချလိုက်လေသည်။ နားထဲတွင်တော့ ဒီဆံပင်နှင့် ဒီပုံစံ တုံးအ,အကို စွန့်ရန် တိုက်တွန်းခဲ့ကြသော အသံများကို ကြားယောင်နေသည်။
“ဆံပင်ဆိုတာ ပြန်ရှည်တာမျိုးပဲ ချောချောရဲ့ တစ်သက်လုံး ဆုံးသွားတာမျိုးမှ မဟုတ်တာ။ ဟော အခုချိန်မှာ ဒီဆံပင်ထက် ကိုယ့်ကို လက်ဖျောက်တီးပြီး ခေါ်မယ့် လက်က ပိုအရေးကြီးတယ်။ အဲဒီလို ဖြစ်ဖို့ ဆိုတာကလည်း လန်းမှ၊ လွင့်မှ ဖြစ်မှာလေ လုပ်လိုက်စမ်းပါ နောင်တ မရစေရပါဘူး”
“ဒီထဘီကြီး မဝတ်နဲ့တော့လေ၊ ဪ ချောချောနဲ့ ခက်ပါတယ်။ ဟိုမှာ ကြည့်စမ်း လူများတွေ ဘယ်လို ဝတ်သလဲလို့”
ချောချောက မှန်ထဲက ပုံရိပ်ကို ကြည့်မိသည်။ ထိုပုံရိပ်ထဲတွင် မည်းနက်သန်စွမ်းသော ဆံပင်များအစား ရွှေအိုရောင်ဆံပင်အတိုက ကုပ်ပေါ်ဝဲနေလေပြီ။ ချောချော စိတ်မောစွာ အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ဆံပင်ညှပ်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ အခုဆို ထိုဆိုင်ထဲမှာ ဆံပင်ကို သာမက တစ်ခါက ထိန်းသိမ်းခဲ့ဖူးသော အဖိုးတန်ဘဝ ရပ်တည်မှုနှင့် စိတ်အလုံးစုံကိုပါ ထားခဲ့ရလေပြီ။ ဆံပင် ဖြတ်လိုက်သဖြင့် ဝင်းဝင်းဖန့်ဖန့် ပေါ်နေသော ကုပ်သားပေါ်သို့ နေရောင်ခြည် စူးခနဲ ထိုးနေလေသည်။
••••• ••••• •••••
ဘဝဟူသည် မည်သို့မျှ မမြဲ။ မမြဲရုံမျှမက တပျက် တည်းပင် ပျက်လျက်ရှိရာ ထိုအပျက်ပေါင်း များစွာထဲ တွင် ဖခင် မရှိ၍ လူကြီးလုပ်နေရသော ချောချော ဘဝလည်း ပါဝင်ခဲ့လေပြီ။ အစကတော့ ဘဝကို ချောချော နာသည်။ ဆံပင် ဖြတ်ရပြီး နောက်တော့ အဖြစ်ကိုပါ နာသည်။ သို့သော် နာနေရုံမျှနှင့်လည်း ထူးလိမ့်မည် မဟုတ်။ ဒီတော့ နာတာကို မေ့ပြီး ရွှေအိုရောင်တောက်နေသည့် ဆံပင်တိုကို ဝဲခနဲ ခါတတ်အောင်သာ ကြိုးစားရလေသည်။ ချောချောဘဝတွင် မိမိမှ စ၍ ပြုံးပြရခြင်းသည် သဘာဝ မဟုတ်။ မိမိမှ စ၍ စူးစူးရဲရဲစိုက်ကြည့်ရခြင်းသည်လည်း သဘာဝ မဟုတ်။ ယခုမူ ပြောင်းပြန်လှန်ထားရပြီ ဖြစ်သော သဘာဝစုံစုံက ချောချောကို လှောင်ပြောင်နေကြပြီ။ မသိဘဲလည်း ကြည့်ရချေ၏။ ကြောက်ပင် ကြောက်သော်လည်း ခပ်ရဲရဲ အနားကပ်ရချေ၏။ တလှုပ်လှုပ် တယမ်းယမ်း ခါယမ်းသမှု ပြုရသည့် နားဆွဲတို့ အပါး အရက်နံ့သင်းသင်း ရောက်လာအောင် အားထုတ်ရလေသည်။ အလင်းရောင် ခပ်ပျော့ပျော့သာ ရှိသော အခန်းတွင်း၌ အစွမ်းကုန် တောက်ပနေသူတို့ အကြား မိမိက နှာတစ်ဖျားသာ အောင် လုံးပန်းရလေသည်။
ထိုသို့ ကျားကုတ်ကျားခဲ ကြိုးစားနိုင်ပါမှ အညိုရောင်စက္ကူစလေးဖြင့် ပတ်ထားသော ငွေတစ်အုပ်ကို ရတတ်လေသည် ။ ထို ဘဝဝယ် ချောချော ကျင်လည်ခဲ့မိလေပြီ။ မောသည်။ သို့သော် ထိုအမောကို မျက်နှာပေါ် မတင်ရဲ။ အစဉ်သဖြင့် မြူးထူးနေသယောင် ဟန်ဆောင်ရလေသည်။
ချောချောသည် မိမိ လက်ကို အုပ်မိုး ဆုပ်ကိုင်ထားသော လက်ဖမိုးညို တုတ်တုတ်ကြီးကို ကြည့်မိလေသည်။ စိတ်ပျက်ဖို့ ကောင်းလိုက်တာဟု တွေးရင်း ထိုလက်ကို အသာပြန်၍ ဖျစ်ညှစ်လိုက်လေသည်။
••••• ••••• •••••
၂။
အစက လုံချည် မဟုတ်လျှင် မဝတ်တတ်။ ယခု ဘောင်းဘီနှင့် စကတ် မဟုတ်လျှင် မဝတ်တတ်။ အစက ဒီဆံပင်တိုနံ့နံ့နှင့် မလုံမလဲ ခံစားရပြီး ယခုတော့ လွတ်လပ်ပေါ့ပါးသယောင် ထင်မိလေသည်။ အစက ချောချော လက်သည်းတွေက သပ်သပ်ရပ်ရပ်နှင့် သေချာလှီးဖြတ်ထားတတ်သော အဖြူရောင်လေးများ။ ယခု ရှည်လျားရုံမျှမက တစ်နေ့တစ်မျိုး ဆေးရောင်ဆိုးရသည်ကို နှစ်သက်နေလေပြီ။ ချောချောသည် အစက ဒီလို လွတ်လပ်ပေါ့ပါးစွာ မနေခဲ့မိလေခြင်းဟု နောင်တရလေသည်။ နောက်ဆုံးကျန်သော လက်သန်း တစ်ချောင်းကို ဆေးခြောက်စေရန် လေမှုတ်လိုက်ပြီး ဒီတစ်ပတ်တော့ အိမ်ပြန်ရဦးမည်ဟု တွေးလိုက်မိသည်။
••••• ••••• •••••
ချောချော ရောက်တဲ့နေ့ က ဝတ်လာသော ပါတိတ်ထဘီအနီရောင်လေးသည် ယခုအခါ ရေလဲလုံချည်ဖြစ် လျက်ရှိသည်။ ချောချောသည် ရေလဲလုပ်စဉ် ခဏ၌ပင် ဒီလုံချည်ကို မမြင်ချင်လှ။
နွမ်းပါး နိမ့်ကျခဲ့သော ဘဝကို ဒီထဘီ မြင်တိုင်း အမှတ်ရလာသောကြောင့် ဖြစ်သည်။ ချောချော နေရသော အခန်းတွင် ချောချောလို မိန်းကလေး အခြားငါးယောက် ရှိသေးသည်။ ရောက်စက သူတို့ကို ကြည့်၍ မျက်စိလည်း ရှက်၊ နားလည်းရှက် ဖြစ်မိပြီး နောက်မှ ချောချောကို ဒီနေရာ အရောက်ပို့ပေးသော ပွဲစားမကြီး၏ စကားကို ပြန်ကြားမိသည်။
“ဘာမှမရှက်နဲ့ သူတို့လည်း ချောချောလိုပဲ ဘာမှ ပိုပြီး ထူးခြားတဲ့သူတွေ မဟုတ်ဘူး”
“တည့်အောင်သာ ပေါင်း၊ သူတို့ ဘယ်လို ပြုမူပြောဆိုသလဲ ကြည့်ထား၊ နောက်ပြီး အတုယူနော်”
ယခုမူ ချောချောသည် မုဆိုးနား နီး၍ မုဆိုးလက်သစ် ကလေး ဖြစ်လာပေပြီ။ ထို ငါးယောက်နှင့်လည်း ညီ အစ်မရင်းတမျှ ချစ်ခင်ခဲ့လေပြီ။ ထိုငါးယောက်ဘဝကို ချောချော သိရပြီး နောက် ဪ... ငါ့အဖြစ်ကမှ တော် သေးပါလားဟု တွေးတတ်ခဲ့ပြီ။ တိုးလိုးတွဲလောင်း ချိတ် ထားသည့်အင်္ကျီများ၊ ဘရာစီယာများ၊ ဟိုဒီ ပြန့်ကျဲနေသည့် မိတ်ကပ်ဘူးများ၊ ရေမွှေးပုလင်းအခွံများ၊ သောက်လက်စ စီးကရက်များဖြင့် ချောချောတို့ အခန်းမှာ ရှုပ်ပွလျက်ရှိလေသည်။ ချောချောသည် ထိုအရှုပ်အပွများကြား၊ တောက်တိုမည်ရ ပစ္စည်းပစ္စယတွေ ကြား ကျင်လည်စွာ ခြေထိုးသွားတတ်လေပြီ။ နည်းနည်းမျှ စိတ်ရှုပ်ဖို့ကောင်းသည်ဟု မထင်တော့။ လေရိုင်းမွှေသွားသကဲ့သို့ ပွချင်တိုင်း ပွနေသည့် အခန်းကို ချောချော တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီး အဝတ်ဟောင်းသေတ္တာကို ဖွင့်သည်။ အလာတုန်းက ယူခဲ့သော ချည်သား ဝမ်းဆက်ကလေးကို ထုတ်သည်။ ထို့နောက် ရိတ်ထားသည့် မျက်ခုံးကို အနည်းငယ် ဖုံးစိမ့်သောငှာ သနပ်ခါးကို ထူထူလိမ်းသည်။ အလုံးစုံ လိမ်းခြယ်ပြီးသောအခါ ညစဉ် ဆွတ်လေ့ရှိသော အနံ့ပြင်းရှရှနှင့် ရေမွှေးပုလင်းသို့ လက်ကကို ယောင်၍ လှမ်းမိပြီးမှ ပြန်ရုပ်ရသည်။ နောက်ဆုံးအနေဖြင့် အိတ်ထဲမှ ပိုက်ဆံအုပ်ကို ပြန်စစ်ကြည့်မိသည်။ ဒီလောက်ဆိုရင်တော့ ခြောက်လစာ အိမ်ငှားခအတွက် အဆင်ပြေတန်ကောင်းရဲ့ဟု တွေးမိလေသည်။
••••• ••••• •••••
၃။
နှစ်နာရီကြာ ကားစီးပြီးနောက် ချောချောတို့ မြို့ကလေးသို့ ရောက်သည်။ မြို့ကလေးသည် သုံးလဆိုသော ကာလ၌ ဘာဆိုဘာမျှ မပြောင်းလဲ။ ဘေးမှာ လူ ထိုင်ခုံ အပိုတပ်ပြီး အငှားယာဉ်အဖြစ် ပြေးဆွဲနေသော ဆိုင်ကယ်များ။ မြို့ကလေး၏ ဈေးရှိရာ လမ်းထိပ်မှာ အမြဲ စုရုံးနေတတ်ကြသည့် ယောက်ျားများ။ အချို့က အကြောင်းအရာ တစ်ခုကို သဲသဲမဲမဲ ငြင်းခုံနေတတ်ကြသေးသည်။ ပြယုဂ်အဖြစ် ဖွင့်ထားသော အအေးဆိုင် အနောက်ခန်းမှ ဖဲရိုက်ရန် ဝင်ချည်ထွက်ချည် လုပ်နေတတ်သော ယောက်ျား မိန်းမများ။ ဘာဆို ဘာမျှ မပြောင်းလဲသည်ကို ချောချော ခဏမျှ ရပ်ကြည့်ပြီး နောက် ငါ့မြို့ပါလား ဟူသော အသိကြောင့် အနည်းငယ် ရွံ့မိလေသည်။
••••• ••••• •••••
အုတ်ခဲ စီထားသော ခြေနင်းခုံထက် နင်း၍ဝင်ခဲ့သည်။ အုတ်ခဲကျိုးများ အောက်တွင်မူ ဝင်သာ ဝင်ပြီး ပြန်မထွက်သော ရေများ ရှိနေသည်။ အုတ်ခဲကို ဖိနင်းသဖြင့် ဇိခနဲ မြည်သောအသံကြောင့် နောက်ဖေးမှ အမေ ထွက်လာသည်။ အံ့သြဝမ်းသာသွားသော မျက်လုံးများက ခဏအတွင်း မျက်ရည်စို့လာသည်။ မျက်ရည်စများကို အင်္ကျီလက်မောင်းစနှင့် တို့လိုက်ရင်း-
“မိချော အေရယ် ခုမှ ပေါ်လာတော့တယ်။ အမေ ဘယ်လောက် စိတ်ပူနေသလဲ သိရဲ့လား။ အကျိုးအကြောင်း ပြန်ပြောဖို့ ကောင်းတာပေါ့ ။ အခု ဘယ့်နှယ်လဲ အမေ့ကို ပြောစမ်းပါဦးအေ”
အောက်မေ့ရလွန်းသဖြင့် အမေ့လက်မောင်း ပျော့ပျော့ကို အသာ တွဲခိုလိုက်သည်။ အမေသည် ချောချော တစ်ကိုယ်လုံး စူးစမ်းကြည့်နေသည်။ ချောချော မရှိ၍ ရှုပ်ပွညစ်ပေနေသော အခန်း၌ သားအမိ အတူ ထိုင်လိုက်ကြပြီး-
“အလုပ်အဆင်ပြေပါတယ် အမေ၊ တန်းပြီး အလုပ် ဝင်ရတော့ ပြန်ချိန် မရလိုက်လို့ပါ။ မိနွယ်၊ မိနွယ် စာကျက်ရဲ့လား၊ အမေ့ကို ကူရဲ့လား။ မုန့်ဖိုးကို ကြည့်ပေးနော် အမေ၊ဒီကောင်မလေး ဆိုးချင်တယ်”
အမေက လုံးထွေးကျနေသည့် စောင်တစ်ထည်ကို ခေါက်နေရင်းက သက်ပြင်း တစ်ချက်ချသည်။
“မခိုင်းပါဘူးအေ၊ သူ့မလည်း စာတွေ လုပ်ရသေး မဟုတ်လား။ မုန့်ဖိုးကတော့ အမေ ပေးသလောက် ယူရှာပါတယ်။ အမေက မိနွယ်ကို မပူဘူး။ ဆယ်တန်းမအောင်လည်း အလုပ်တစ်ခုခု လုပ်နိုင်သားပဲ။ ညည်းကိုပဲ အမေ ပူတာ၊ တစ်မြို့မှာမှ အလုပ်က လုပ်ရလေတော့ စိတ်မအေးဘူး”
ချောချောက စိတ်မလုံသဖြင့် အမေ့ကို မကြည့်ဘဲ ဘုရားစင်မှ သပြေပန်းခြောက်များကို ကြည့်သည်။ အမေ့ကို အားနာသည်။ သနားသည်။ ပို၍ ဆိုးသည်မှာ အမေ့ကို ညာရတော့မည်။
“မပူပါနဲ့ အမေ၊ စိတ်ဒုက္ခဖြစ်အောင် မနေပါနဲ့။ သမီးက အဆင်ပြေပါတယ်။ သမီးအဖို့က အမေ ကျန်းမာဖို့ပါပဲ။ မိနွယ်ကတော့ လိမ္မာကောင်းပါရဲ့လေ”
အမေက ချောချော၏ ဆံပင်၊ မျက်ခုံး စသည်တို့ကို ကြည့်နေသည်။ မတူတော့တာကို အမေ သိမည်သာပင်။ သို့သော် တစ်ခွန်းမျှ မမေး။ ဒီလိုဆိုတော့ ချောချော အနေရ ခက်သည်။ ဖွင့်မေးပြီး ဆူလျှင် ကောင်းလေစွဟု ထင်သည်။
“အမေ ဒါက ခြောက်လစာ စပေါ်ငွေပါ၊ လက်ထဲ ကြာကြာ မထားပါနဲ့၊ အမြန် တင်လိုက်နော်။ အမေ့လက်ထဲလည်း တန်သင့်သလောက် ချန်ထား။ အားဆေးလည်း ဝယ်သောက်နော် အမေ”
အမေက ချည့်နဲ့နဲ့ကြီး ပြုံးပြသည်။ အကြောပြိုင်းပြိုင်း ထနေသည့် လက်တို့က ချောချော လက်သည်းရှည်ချွန်ချွန်များကိုပါ ဖိဆုပ်ထား သဖြင့် အမေ့လက်တွေကို စူးသွားဟန်တူသည်။ အမေက လက်ကို ရုပ်မပစ်။ ချောချော သာလျှင် အမေ့ကို မရဲတရဲ ပြန်ကြည့်ရသည်။ မီးခိုးဝ,နေသည့် မျက်လုံးများ။ အောက် ကို နစ်ဝင်နေပေမဲ့ တစ်ဖက်ကို ထိုးဖောက်မွှေနှောက် ကြည့်နိုင်စွမ်းသည့် မျက်လုံးအိမ်များ။
ထိုမျက်လုံးများကို ချစ်မြတ်နိုးစွာ မရဲတရဲ ပြန်ကြည့်မိလေသည်။
••••• ••••• •••••
နီရဲနေသည့် လက်သည်းပေါ်သို့ ဂွမ်းစလေးကို အတန်ကြာဖိထားပြီးနောက် ပွတ်ဆွဲယူလိုက်သောအခါ မူလလက်သည်းအရောင် ဖွေးဖွေးလေး ပေါ်လာသည်။ ချောချောသည် ထဘီရင်ရှားထားသော ရင်ဘတ်ပေါ် မျက်နှာသုတ်ပဝါကြီး ပတ်ထားလေသည်။ လက်သည်းနီ ဖျက်ရင်း နှုတ်မှလည်း ခံပြင်းစွာ ရေရွတ်သည်။
“ဂျာကြီးကိုက ဟိုကောင်မဘက် ပါတာပါ ကြယ်စင်ရာ၊ ချောချော အသိသားပဲ။ ရန်မဖြစ်ချင်လို့သာ”
“တကယ်ဆို ဧည့်သည်က ချောကို ခေါ်တာ မြင်သားပဲ။ ဂျာကြီးကိုက ဟိုကောင်မကို အတင်းထည့်ပေးလိုက်တာ လက်ဖက်ရည်လေးတစ်ခွက် သောက်ရရုံနဲ့ ဂျာကြီးက ဒီလိုလုပ်ဖို့ မကောင်းပါဘူး”
အတူနေ ငါးယောက် အနက် ကြယ်စင်က ချောချောကို အခင်ဆုံးဖြစ်ပြီး စာနာစိတ်ရှိသူလည်း ဖြစ်သည်။ ချောချော စကားဆုံးတော့ မည်သည့်အခါမျှ ခေါက်မသိမ်းသော အိပ်ရာထက် လှဲနေသော ကြယ်စင်က နေကြာစေ့ကို ထောက်ခနဲ ခွာလိုက်ရင်း -
“အဲဒီလို ငြိမ်နေသမျှတော့ ချောချော အနှိပ်ကွပ် ခံရမှာပဲ။ ဒီနေရာမှာ ဂျာကြီးတွေ ဘာတွေ မရှိဘူး မှန်တာ ပြောရမှာပဲ”
ကြယ်စင်က ပြောရင်း ဟက်ခနဲ တစ်ချက်ရယ်သည်။
“ကြယ်စင်ဆို ဘယ်ရမလဲ နည်းနည်းမှ အကျောမခံဘူး။ ဒီလိုနဲ့ ဆိုင်ပြောင်းရပေါင်းလည်းများပြီ။ များပါစေလေ၊ မဟုတ်တာတော့ ငြိမ်မခံနိုင်ဘူး”
“အင်း ... ချောလေ ဘယ်တော့များမှ ကြယ်စင်လို နေတတ်ပြောတတ်ပါ့မလဲ မသိပါဘူး”
ကြယ်စင်က နီရဲနေ သည့် နှုတ်ခမ်းထက် နေကြာစေ့အသစ်ကို တင်ရင်း ပခုံး တစ်ချက် တွန့်လိုက်သည်။
••••• ••••• •••••
၄။
အရောင်ဖျော့နေပြီဖြစ်သော ပါတိတ်ထဘီအနီလေးကို ကြည့်ပြီး အိမ်ပြန်မရောက်ဖြစ်တာ တစ်နှစ်ခွဲခန့်ရှိပြီဟု တွေးမိသည်။ ချောချောအဖို့ အိမ်ကို ပို့သောငွေ နည်းနည်းလာသည်နှင့်အမျှ ကြားရသည့်သတင်းဆိုးများကြောင့် စိတ်မသက်မသာ ဖြစ်ရပြန်သည်။ မိနွယ် ဆယ်တန်းကျပြီး အိမ်ထောင်ပါထပ်ကျခြင်း၊ မိနွယ်တို့ လင်မယား အိမ်ပေါ်ရောက်လာခြင်း၊ မိနွယ်တို့နှင့် နေရသည့် အမေ မကျန်းမာခြင်း စသည်တို့သည် ချောချောကို အကြီးအကျယ် စိတ်ပျက်စေသည်။ မြွေပူရာ ကင်းမှောင့် ဆိုသလို ချောချော၏ နေရေးထိုင်ရေး ဒုက္ခများ ငွေမလောက်သည့် ပြဿနာများကလည်း ရှိသေးသည်။
အိမ်ကိုလည်း မပြန်ချင်။ ညီမဆိုး မိနွယ်ကိုလည်း မတွေ့ချင်။ မိုက်လုံးကြီးရကောင်းလားဟု သွား၍ ဆူလိုက်ဖို့ကလည်း အကြီးဖြစ်သူ မိမိမှာ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသမို့ ဘာမျှ မတတ်နိုင်။ ဒီတော့ အိမ်ကို ချောချော မပြန်တော့။ ငွေကိုတော့ ရှိလျှင် ပို့သည်။ မရှိလျှင် မပို့တော့။ တစ်ခါတစ်ခါ အမေ့ကိုတော့ သနားမိလေသည်။ သို့ရာတွင် မိနွယ် အရှိသားပဲဟူသော စိတ် ပိုက်လာခဲ့လေပြီ။ ချောချော ယခု ကွမ်းစားတတ်လေပြီ။ နိုင်တီတူးများများ၊ နှပ်ဆေးရည်များများနှင့် ကွမ်းကို ကောင်းကောင်း စားတတ်ပြီ။
ငွေယိုပေါက်က များလာပြီ။ မနက်လင်းလာလျှင် တစ်ညလုံး အိပ်ရေးပျက်သဖြင့် လက်ဖက်ရည်ဖန်ဖန် ကလေး သောက်တတ်လေပြီ။ သောက်ပါများသောအခါ သောက်ဖော်သောက်ဖက်များနှင့်ပါ ဖြစ်လာသဖြင့် ငွေက ပိုကုန်သည်။ ရိုးချင် ထပ်ချင်လာသော အဝတ်အစားများကြောင့် အဝတ်အစားသစ်များ ထပ်ဝယ်ရသည်။ လက်သည်းနီ ဝယ်ရသည်။ ရေမွှေးကလည်း ကုန်သဖြင့် ခဏခဏ ဝယ်ရသည်။ သည့်အတွက်တွေကြောင့်လည်း ကုန်သည်။ ချောချောသည် ရင်ပူပူဖြင့် ရေကို တဗွမ်းဗွမ်း လောင်းချိုးလေသည်။ ရင်လည်း ပူသည်။ စိတ်လည်း ရှုပ်သည်။ အဆိုးဆုံးက အားအင် မရှိသလို ချည့်နဲ့နဲ့ ခံစားနေရခြင်းပင် ဖြစ်သည်။ ရေကို လောင်းချိုးနေရင်းမှ ရေစိုထဘီနီရဲရဲလေးသည် တင်ပါးကို ကပ်သွားသည်ကို မြင်ရသည်၌ အချိုးအဆစ် ပျောက်လျက် ပိန်ကပ်ကပ် ဖြစ်နေသော မိမိကိုယ်ကို ပြန်မြင်ရလေသည်။ ချောချောသည် ပို၍ ရင်ပူလာသည်။ ဒီရက်ပိုင်းအတွင်း ကုန်သွားသော အသုံးစရိတ်များကို စိတ်မှန်းနှင့် တွက်မိသောကြောင့်ဖြစ်သည်။ ချောချောသည် နောက်ဆုံး ရေတစ်ခွက်ကို လောင်းလိုက်စဉ် ဒီည စကတ်တိုတာ ရွေးဝတ်ပြီး နှုတ်ခမ်းနီကို အရောင်ရင့်တာ ဆိုးရဦးမည်ဟု တွေးလိုက်သည်။
••••• ••••• •••••
ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်နေသည်။ အရိပ်ကဲ့သို့ ထင်နေသော အဆောက်အဦတချို့နှင့် သစ်ပင်များကိုတော့ မြင်ရသည်။ ချောချောသည် လေးလံလွန်းသော ခြေထောက်ကို မကာ လူးလဲထႇဖို့ ကြိုးစားကြည့်သည်။ မရ။ တစ်စုံတစ်ရာသည် ချောချောကိုယ်ကို အတင်း ဖိနှိပ်ထားသလို ရှိသည်။
ညောင်းညာကို က်ခဲလွန်းသဖြင့် ပါးစပ်မှ တဟင်းဟင်းညည်းညူနေမိသည် ထင်သည်။ ရေက အဆမတန် ဆာလောင်လာသည်။ ရေပေါက်များ ကျလာမည် ထင်၍ ပါးစပ်ကို ဟ,ကြည့်သည်။ မည်သည့် ရေမျှ ကျမလာသောအခါ စိတ်ပျက်သွားမိပြန်သည်။ ရေဆာသည်နှင့်အမျှ ခန္ဓာကိုယ်မှ သွေးများပင် ခန်းခြောက်ကုန်ကြပြီဟု ထင်သည်။ မောလိုက်လေခြင်း။ အင်အားဆို၍ စိုးစဉ်းမျှ မရှိ။ မှောင်လိုက်လေခြင်း။ အလင်းဟူ၍ မရှိတတ်သော ကမ္ဘာကို ရောက်နေပြီဟုပင် ထင်သည်။ ထိုကဲ့သို့ အလင်းမဲ့သော လေဟာနယ်ထဲတွင် လက်ကို ကြိုးစားမြှောက်ကြည့်လိုက်သော်လည်း ဆီးယူဖမ်းကိုင်မည့်သူ မရှိ။ အခုနက မြင်ရသလိုလိုရှိသော အဆောက်အဦနှင့် သစ်ပင်များသည် အခု လူတချို့နှင့် တူလာပြန်သည်။
“အမေ... အမေ”
“မိနွယ်... မိနွယ်ရေ၊ ငါ့ကို ခွင့်လွှတ်ပါ ကလေးရယ်”
ချောချောသည် တုန်ယင်နေသော မိမိအသံကို ပြန်ကြားရသည်။ သို့သော် အမေ၊ မိနွယ် သူတို့ကတော့ ကြားကြမည် မဟုတ်။ ကိုယ့်ကိုယ်ကို သံသယဖြစ်လာပြန်သည်။ အမေ ကြားမည် ထင်သည်။ မိနွယ်လည်း ကြားမည်ဟု ထင်မိသည်။ မကြားလျှင် ကြားအောင် ခေါ်ရမည်။
“အမေ... အမေရေ”
“ချောချော၊ ချောရေ သတိရလာပြီလား၊ မင်းကွာ သိပ်ကို အားနည်းနေတာကိုး။ ကဲ... ထ,ထ။ ထ,ကြည့်စမ်းပါဦး။ အဲ ဟုတ်ပြီ၊ ကိုယ့်လက်ကို ကိုင် ထ,စမ်း ဟုတ်ပြီ။ မင်းနှယ် ဖြစ်မှ ဖြစ်ရလေ။ ညက ဧည့်သည်ရှေ့ မင်း မူးလဲကျသွားလို့ ဂျာကြီးနဲ့ ကိုယ်တို့ ဆေးခန်း လိုက်ပို့ကြတာရော သတိရရဲ့လားဟင်။ မမှတ်မိတော့ဘူးပေါ့ အင်းလေ၊ သိပ်ကို သတိလစ်သွားတော့တာကိုး။ ညက ဆေးခန်းမှာ မင်းကို အရေးပေါ် ဆေးသွင်းကြရတယ် သိလား။ ချွေးတွေကလည်း ရွှဲလို့။ ဒါနဲ့ ကိုယ်လည်း အခန်းပြန်ရောက်တော့ အဝတ်အစား လဲပေးရသေးတယ်။ ကဲ ရေလေးသောက်စမ်းပါဦး။ ဟုတ်ပြီ သောက်သောက်၊ များများသောက်။ မင်းနှုတ်ခမ်းတွေကလည်း ခြောက်လို့ပါလား။ ဂရုစိုက်မှပေါ့။ အေး၊ အဲဒါလေ၊ ဟုတ်တယ် မင်း ရေလဲလုံချည်ကြီး ကိုယ် ဝတ်ပေးထားလိုက်တာ ပဲ။ ဟင် မင်း ငိုနေသလား ချောချော၊ မငိုနဲ့လေ ချောရဲ့။ နေလည်း မကောင်းဘဲနဲ့။ ကဲ ရော့ ခေါက်ဆွဲပြုတ်လေး အားတင်းသောက်စမ်းပါဦး”
ပြတင်းမှ ဝင်လာသော နေရောင်ခြည်သည် စူးစူးရဲရဲဝင်လာသည်။ ချောချောသည် နေရောင်ကို ကြည့်ပြီး မျက်ရည်တို့ ဝဲလာသည်။ အိပ်ရာဘေးက ခေါက်ဆွဲ ပြုတ်ပန်းကန်သည် အငွေ့ တထောင်းထောင်းထ,လျက် ရှိသည်။ အခုမှ ရောက်ဖူးသူလို အခန်းကို ဝေ့ကြည့်မိ သည်။ ခါးတွင် ဝတ်ထားသော ရေလဲလုံချည် ပါတိတ် အနီရောင်ကို မြင်သောအခါ စုစည်းပြီးဖြစ်သော မျက်ရည်တို့သည် ပေါင်ပေါ်သို့ ပေါက်ခနဲ ကျသွားလေတော့သည်။ ထို့နောက် ချောချောသည် ရှိုက်ကြီးတငင် ငိုမိလေသတည်း။
▢ ဆောင်းခနှင်း
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၈
No comments:
Post a Comment