❝ ဆွေးပိုမိယောင် ❞
( ကြည်အေး )
ဒေါ်တင်တင်သည် နယ်လီတို့ ဇနီးမောင်နှံကို နောက်မှ ငေးကြည့်ပြီး လွမ်းသလိုလို ဆွေးသလိုလိုဖြစ်ကာ ကျန်ရစ်ခဲ့လေသည်။ ရင်ကလည်း ခပ်ဖိုဖို၊ မျက်ရည်တောင် လည်ချင်သလိုလို မျက်လုံးက ယားကျိကျိဖြစ်လာသည်။ ဪ သို့ပေမဲ့ သူတကာ ပျော်ပျော်ရွှင်ရွှင် နေတာကို မြင်ရ၍ စိတ်မကောင်းဖြစ်သည်ဆိုတာမှာ တယ်ပြီး ကောင်းလှသည့် အရာ မဟုတ်ပေ။ ပြီးတော့လည်း ငိုချင်စိတ် ပေါက်လျှင် မျက်ရည်ကျပြီး၊ ရယ်ချင်စိတ် ပေါက်လျှင် ဟားတိုက်ပစ်လိုက်သော်လည်း ဘယ်သူကမှ အပြစ်မဆိုသည့် ပွင့်သစ်စ အပျိုအရွယ်ကလေးလည်း မဟုတ်တော့ပါပြီ။
ဒေါ်တင်တင်သည် မိမိကို ကြည့်မြင်နိုင်သည့် လူသူ ဟူ၍ အနားမှာ မရှိသဖြင့် သက်ပြင်းတစ်လုံးကိုတော့ ရဲရဲဝံ့ဝံ့ ချလိုက်ရှာလေသည်။
အင်း ... နှစ်တွေ လတွေသည် ကုန်လွန်ခဲ့လေပြီ။ လူကိုယ်တိုင်သည်လည်း အိုမင်းပြီ ဟူသော အထင်သို့ မရောက်သေးသော်လည်း ရင့်ရော်သွေ့ယောင်းပြီးတော့ နေပေပြီ။ မိမိ၏မျက်မှန်သည် တစ်နေ့တခြား ထူထဲလာသည်။ နဂိုကတည်းက အင်မတန် နည်းပါးသည့် ပျော်စိတ်ရွှင်စိတ်တို့သည် ဖမ်းမမိအောင် ထွက်ပြေးကုန်ကြသည်။
နယ်လီ ... နယ်လီ ... အမယ်လေး သူကတော့ မနေ့ကမှ အဖူးမှ လှစ်လိုက်သည့် နှင်းဆီပမာ ပွင့်ကားလတ်ဆတ်တုန်း ရှိပါသေးသတော်။ အပျိုတုန်းက မျက်စ မျက်နကလေးများကလည်း မကုန်သေး။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ငယ်ငယ်က လောက် မဟုတ်ဘူး ဆိုတောင် ဖြိုးဖြိုးပြည့်ပြည့်တော့ ရှိချေသေး၏။ နှုတ်ခမ်းကိုလည်း တွတ်တွတ်ပါအောင် ဆိုးလျက်ရှိသေးသည်။ အင်္ကျီလုံချည် အပွင့်အပြောက်၊ ဇာဘော်လီ ဆန်းဆန်း၊ လက်ပွေ့အိတ် ပွပွဖောင်းဖောင်းကိုလည်း ဆင်မြန်းလျက် ရှိသေး၏။ ပွဲလမ်း သဘင်များ သွားစရာရှိလျှင် ဒေါက်ဖိနပ်နှင့် အမောက်တောင် စွက်လိုက်သေးဆိုပါကလား။ ဒေါ်တင်တင် ကမူ ဘေးဘီမှာ လူမရှိမှ မှန်ကို ဖြောင့်ဖြောင့်ကြည့်ရဲသည်။
ဪ နယ်လီ နဲ့တောင် ယှဉ်၍ မဖြစ်။ ခုမှ မဟုတ်၊ ဟို ... ကျစ်ဆံမြီးဖဲပြားတပ် ကျောင်းသူ ဘဝကတည်းကိုက နယ်လီနှင့် ဒေါ်တင်တင်မှာ ယှဉ်၍ မဖြစ်။ နယ်လီမှာ ငယ်ငယ်ကတည်းက သွက်သွက်လက်လက် အပြုံးနှင့် အရယ်နှင့်၊ မျက်နှာကလည်း ပွင့်ပါဘိသနှင့်။ ဘယ်တော့ ကြည့်လိုက် ကြည့်လိုက် သူ့ဘဝကို အင်မတန် ကျေနပ်နေဟန် ရှိသည်ကို မြင်ရသည်။ မိမိကတော့ ငယ်ငယ်ကတည်းက တစ်ကိုယ်တည်း ခပ်ခြောက်ခြောက်ရှိရာမှ ယခုလည်း ခပ်ခြောက်ခြောက်၊ သေလည်း ခပ်ခြောက်ခြောက်ကလေးပင် သေရပေမည်။
နှစ်ယောက်သား ကွာခြားပုံများမှာတော့ ယခု ဒေါ်တင်တင်က ရှေးဟောင်း နှောင်းဖြစ်ကို လွမ်းဆွတ်နေစဉ် နယ်လီက နောက်ဘာလုပ်ရမလဲ ဆိုတာကို စီစဉ်နေပေမည်။ နယ်လီက သင်္ချိုင်းအထိ ပျိုရွယ်နေပြီး မိမိက ပုခက်တွင်းကတည်းက အိုမင်းလာခဲ့သည်။
နယ်လီကို မနာလိုတိုရှည် ဖြစ်သည်လည်း မဟုတ်။ စင်စစ်တော့ နယ်လို့ဘဝကို မလိုချင်။ သို့ပေမည့် ကိုယ့်ဘဝလည်း ကိုယ်အမှန် မကျေနပ်။ နယ်လီကို မြင်လျှင် ပိုပြီး မကျေနပ်ဖြစ်ရတာကတော့ ဘာသဘောလဲ မသိ။ နယ်လီ့ကို ဘယ်တုန်းကမှလည်း မပြိုင်ဘဲနှင့်ပင် ရှုံး၍သာ လာခဲ့ပါသည်။ ဥပမာ ကောလိပ်တုန်းက ဆိုပါတော့။
ကောလိပ်ကို နယ်လီနှင့် တင်တင်တို့သည် တစ်နှစ်တည်းရောက်လာသည်။ သူတို့ နှစ်ယောက်သည် ကွန်ဗင့်တစ်ကျောင်းတည်း၊ တစ်တန်းတည်းက အောင်လာကြသည် ဖြစ်သော်လည်း ခပ်စိမ်းစိမ်း ရှိသည်။ ကောလိပ်ကျမှ ဟိုစတယ်တွင် တစ်ခန်းတည်း နှစ်ယောက်အတူ ကျ၍ ခပ်စိမ်းစိမ်းနှင့်ပင် တွဲပြီး ခင်မင်လာရသည်။ ဒါတောင် နယ်လီက ပခုံးဖက်၊ ခါးဖက်လိုက်နှင့် အရောတဝင် နေတတ်၍သာ နှစ်ယောက်သား ခင်မင်ဖြစ်သည် ထင်ပေ၏။
ကောလိပ်ရောက်လျှင် နယ်လီ ပထမဆုံး စလုပ်သည့် အလုပ်မှာ ကွန်ဘရိုကို အမှူးထား၍ သမဂ္ဂကို ဝကွက်ချန်ကာ အသင်းဟူသမျှကို ဝင်ခြင်းဖြစ်လေ၏။ တင်တင် ကတော့ ကွန်ဘရိုလည်း မဝင်၊ သမဂ္ဂလည်း မဝင်၊ ရာဇဝင်အသင်း၊ ပထဝီအသင်း စသည် ကိုယ်ယူသည့် ဘာသာနှင့် သက်ဆိုင်သော အသင်းမျိုးကို အကျိုးရှိလိုရှိငြား ဝင်သည်။ သို့သော်လည်း စိတ်သိပ်မဝင်စားပေ။ နယ်လီ ဆူသလောက် တင်တင့် စိတ်က အေး၏။ တစ်လ အတွင်းမှာ နယ်လီ ဟိုအသင်း သည်အသင်းက ဘာမှူး ညာမှူး ဖြစ်လာသည်။ သူနှင့် မသိ သည့်လူ မရှိသလောက် ရှား၏။
တင်တင်ကိုမူ ဘယ်သူကမျှ အမှတ် မထားပေ။ သူ နေပုံထိုင်ပုံမှာ ခေတ်မမီဘူးဟု လုံးလုံး မဆိုနိုင်။ သို့သော် ခေတ်ရှေ့က တစ်လက်မလောက် ဖြစ်ဖြစ် ကျော်နေရမှ နေဖြစ် ထိုင်ဖြစ်ရှိသည့် နယ်လီနှင့် တွဲလိုက်သည့်အခါမူ အသက် မပါသလို ဖြစ်နေပေ၏။ ဘယ်သူကမှ တင်တင်ကို ကွန်ဗင့်က အောင်လာမှန်း မသိပေ။ သူကလည်း အင်္ဂလိပ်နာမည်ကို ကောလိပ်ရောက်ကတည်းက ဖျောက်လိုက်ပေသကိုး။
အရိုင်းထည်ချည်းပဲထားပြီး ကြည့်မည်ဆိုလျှင် တင်တင်သည် နယ်လီထက် ချောသည် ဆိုရမည်ထင်၏။ သို့သော် အားနည်းဖျော့တော့သော မျက်လုံး၊ ခပ်ရှိုက်ရှိုက် ပါးလျသော ကိုယ်တို့ကြောင့် မြင်းကောင်းခွာလိပ် ဖြစ်ရ၏။ နယ်လီမှာ မျက်နှာတစ်ကွက်လုံး ဘယ်နေရာမှ လှတာ မရှိ။ သို့သော် တင်းရင်းသော အသားအရေနှင့် ကြွရွသော ကိုယ်လုံးကိုယ်ပေါက်က တစ်ပန်းမက သာနေပေ၏။ ပြီးတော့လည်း အရိုင်းထည်ဆိုသည်မှာ ပြော၍ ဖြစ်သည့်အရာ မဟုတ်ပေ။ အချောသပ်ပြီးမှသာ လူသုံးကြသည် ဖြစ်ပေရာ ရေမိုးချိုး၊ အဝတ်အစားလဲပြီး၍ ထွက်လာပြီ ဆိုလျှင် သူတို့ နှစ်ယောက်မှာ နယ်လီနှင့် တင်တင်သာ ကွာခြားနိုင်သော ကွာခြားခြင်းမျိုးဖြင့် ကွာခြား၍ နေပေတည်း။
နံနက်မိုးလင်းပြီ ဆိုလျှင် တင်တင်သည် စားပွဲမှာ ထိုင်ပြီး စာဖတ်စာရေးအလုပ်ကို လုပ်သည်။ နယ်လီက အခန်းစေ့အောင် လျှောက်လည်သည်။ အတန်းတက်ချိန်ဆိုလျှင် နယ်လီက လူစုစုရှိရာက ဖြတ်ချင်သည်။ ကော်ရစ်ဒါမှာ တွေ့သမျှ အသိအပေါင်းကိုလည်း မလွတ်တမ်း ပြုံးပြ၊ စကားပြော၊ နောက်ရွှတ်လုပ်နိုင်သည်။ အတန်းတွင် ထိုင်ခုံလုစရာ ဆိုလျှင်လည်း သူ့ဗလနှင့် ရှေ့ဆုံးကချည်း ရသည်။ တင်တင် မှာမူ စိတ်ရှုပ်ရှုပ်၊ မျက်မှောင် ခပ်ကုပ်ကုပ်နှင့် မိန်းကလေးချင်း တံတောင်နှင့် တွက်တာတောင် လွင့်စင် မသွားအောင် ကိုယ့်ကိုယ်ကိုယ်ဟန်ပြီး နေရသည်။ နယ်လီ ဦးပေးသည့် နေရာကို ကျေးဇူးတင်စွာထိုင်ရသည်။
ဆရာ မရောက်ခင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်များ အချိန်ရလျှင် နယ်လီသည် ရှေ့ခုံ၊ နောက်ခုံ လှည့်ကာ စကားများ ရှုပ်ပွေပြီးနေ၏။ တင်တင် ကမူ အပိုဆောင်လာသည့် ဝတ္ထု၊ ကဗျာစာအုပ်ကို လှန်ပြီး တစ်ကြောင်းရ၊ နှစ်ကြောင်းရရ ဖတ်သည်။ သို့သော် တစ်ခါ တစ်ခါ နယ်လီရှုပ်လွန်းလျှင် ဖြောင့်ဖြောင့်မဖတ်ရ။ နယ်လီ လှုပ်လှုပ်ရွရွနေသည်ကို ကျိတ်ပြီးဆိတ်ရ၏။ မျက်စမျက်နနှင့် ရယ်လိုက်ပြုံးလိုက်လုပ်သည်ကို နှုတ်ခမ်းစူရ၏။ နယ်လီသည် တယ်ပြီး ဣန္ဒြေမရချေ။
တစ်ခါမှာမူ အင်္ဂလိပ်စာသင်ချိန်မှာ ထင်ပါရဲ့။ နယ်လီသည် သူနှင့် ချိတ်တိတ်တိတ် ရိပ်တိတ်တိတ် ရှိသော ကျောင်းသားတစ်ယောက်ကို ဘာသဘောနှင့်လည်း မသိ မျက်စိ တစ်ဖက်မှိတ်ပြီး လျှာထုတ်ပြလိုက်ရာ တင်တင်မှာ ကြားထဲက ဒေါပွပြီး တစ်ညခန့်လုံး သူ့ကို မခေါ်ဘဲ နေလိုက်သည်။
“ကျောက်ရုပ်ကြီးလို နေရမယ် မဆိုလိုပါဘူး၊ ဣန္ဒြေဆိုတာ ငြိမ်ငြိမ်နေခြင်း အပေါ် တည်တာ မဟုတ်ဘူး၊ စိတ်သန့်တာအပေါ်တည်တာ၊ ကိုယ့်အမူအရာဟာ ပယောဂ မဖက်ရဘူးကွယ့်၊ အပြစ်ကင်းရမယ်” ဟု တင်တင်က စာသံပေသံနှင့်ပြောရာ၊ နယ်လီက နာရမှန်းလည်း မသိဘဲ တစ်ဖက်မဲ့ တစ်ဖက်ပြုံးသော နှုတ်ခမ်းနှင့် ဂရုမစိုက်နေ၏။
“ပညာသင်တုန်းမှာ စိတ်လေတာဟာ မကောင်းဘူးဟေ့၊ ရည်းစားဆိုတာ ဆိုးဆိုးကောင်းကောင်း စိတ်ကိုတော့ တယ်နှောင့်ယှက်တာပဲ၊ ကိုယ်တို့ ငယ်ပါသေးတယ်” ဟု စကားပြေနှင့် ဆုံးမပြန်လည်း
“ကိုယ်တို့ဟာ ယောက်ျားမှ မဟုတ်ဘဲကွ၊ ပညာရေးဟာ ကြင်ရာရေးလောက် အရေးမကြီးဘူး ဆရာရဲ့၊ အဟုတ်ပြောတာ၊ ဟို ဝေဿန္တရာဇာတ်ထဲက မဒ္ဒီ ပြောသလို လင် မရှိသောမိန်းမဆိုတာမျိုး ဖြစ်နေရင် ဒုက္ခ” ဟု နယ်လီက ရွတ်တွတ်တွတ်လိုလို တကယ်လိုလို ပြောသည်။
“မိန်းကလေး ဆိုတော့ သူများကို မှီရတာမို့ ဟုတ်သင့်သလောက်တော့ ဟုတ်တာပေါ့လေ၊ ဒါပေမဲ့ ကိုယ့်သဘောကတော့ ပညာသင်မယ် ဆိုပြီး ကောလိပ် လာရင် လေးလေးစားစားတော့ ရှိသင့်တယ် ထင်တာပဲ” ဟု တင်တင်က ဝေဆိုင်းသောမျက်လုံးနှင့် လေးလေးကြီး ညည်းသည်။
“ပညာသင်တယ် ဆိုတာ ဖြစ်မြောက်မှလည်း ကောင်းတာပါကွ၊ ယောက်ျား ဘီအေတွေတောင် အလုပ်လက်မဲ့ ဖြစ်နေတာ အပုံပဲ၊ ခုခေတ်က နိုင်ငံခြားထိ သွားနိုင်မှ ထွန်းပေါက်နိုင်တာကွ”
“ဒီတော့ သွားနိုင်ဖို့ ကြိုးစားပေါ့ နယ်လီ”
“သွားပြီး ပြန်လာတော့ မြေကြီးထဲ ဝင်အိပ်"
“ဘာ” ဟု တင်တင်က ရုတ်တရက် နားမလည်ဘဲ ရှိကာ၊ နောက်မှ ရယ်ပြီး “နယ်လီရယ် ဘာဖြစ်လို့ ကောလိပ်လာသေးလဲကွယ်” နယ်လီက ပခုံးတွန့်ပြီးသာ နေလေသည်။
တင်တင်သည် သူ့ကိုယ်သူ နည်းနည်းမှ အထင်မကြီးပေ။ ကျောင်းသားတစ်ယောက် အနောက်က တတမ်းတမ်း လိုက်လာလျှင် နယ်လီ အတွက်ဟု ခြွင်းချက်မရှိ ယုံမှတ်ကာ မိမိကိုယ်ကိုယ် အပျိုထိန်းအရာမှာ ထား၏။ စင်စစ်တော့လည်း နယ်လီ ထက် သုံးနှစ်ကျော်ကျော် ကြီးသည့် တင်တင်သည် မိမိနှင့် ရွယ်တူယောက်ျားမျိုးများကို မလောက်လေး မလောက်စား အောက်မေ့သော လူကြီးစိတ် လိုလို ဝင်နေပေ၏။
တင်တင်သည် တစ်နေ့တစ်နေ့ စာအုပ်တွေ ကြားမှာ မြုပ်မြုပ်သွားသလောက်၊ နယ်လီမှာ တက္ကသိုလ် ဝဲဂယက်၏ ရေမျက်နှာပြင်ပေါ်သို့ ခုန်ပေါက်ပြီး တက်လေ၏။ နယ်လီသည် ဇာတ်စင်ပေါ်သို့ တက်ပြန်ချေသည်။ သူ့လို ဖျိုးဖျိုးဖျတ်ဖျတ်မိန်းကလေးပျိုမှာ ပညာသဘောအားဖြင့် ဆိုလျှင် နူးညံ့သည့်ဂီတသဘင်နှင့် တယ်ပြီး အစေး ကပ်သည် မဟုတ်ချေ။ နယ်လီသည် သီချင်းတစ်ပုဒ်ပင် အစအဆုံး ပြည့်စုံအောင် မရ။ ကချေသည်ကိုလည်း နားမလည်။ တင်တင်မှာ သက်ပြင်းသာချရှာသည်။ ကိုယ့်မှာတော့ ဂီတကို အရူးအမူး ဝါသနာပါလျက်ကယ်နှင့် ကျောင်းစာတစ်ဖက်နှင့်မို့ ဟိုမရောက် သည်မရောက်ဖြစ်မှာ ကြောက်ကာ အတော်အသင့် တီးခတ်တတ်သည့် မယ်ဒလင်ကလေးပင် သူများ ပေးပစ်လိုက်ရ၏။ တီးသံမှုတ်သံ ကြားလျှင် မနည်း ရှောင်ပေးရသည်။
တင်တင်သည် ပွဲလမ်းသဘင် လိုက်စားခြင်းကိုပင် ‘ ကလက် ’ သည်ဟု ထင်မြင်နေပြီဖြစ်၏။ လောကကြီးမှာ ပို၍ အဖိုးတန်အရေးကြီးသည့်ကိစ္စများ ရှိပါသေးသည်။ သူ့မှာ ကျောင်းစာတွင်မက အပြင်စာကိုလည်း လေ့လာရပေဦးမည်။ ခေတ်ပေါ်ဝတ္ထုများကိုလည်း ဖတ်လိုက်ချင်သေး၏။ ရှေးဟောင်းစာပေကြီးများကိုလည်း မြည်းလိုက်ချင်သေး၏။ ပီကာဆိုစတိုင်မျိုးနှင့် စုတ်တံကိုင်ကာ ဆွဲခြစ်လိုက်ချင်သေး၏။ တင်တင်မှာ ဟိုစစ သည်စစနှင့် လက်အဖြစ်သားပင်။
သို့ရာတွင် သည်လို အစုံလုပ်ချင်သူ အတွက် ဘယ်မှာ အချိန်လုံလောက်ပါမည်လဲ။ အိပ်ချိန်ကို လျှော့ပစ်ရသည်။ တစ်ညကို ငါးနာရီထက် ပိုပြီး မအိပ်။ စားပွဲမှာ စာထိုင် ကျက်ရင်း မသိလိုက် မသိပါ ညဉ့်လုံးပေါက်သွားသည်လည်း ရှိပေသေးသည်။ အချိန်မရ လွန်း၍ သူများတကာ ဖြုန်းတီးပစ်သော အချိန်တို့ကို တောင်းယူလို၏။
နယ်လီသည် ကြုံတောင့်ကြုံခဲ တစ်ရေးနိုးသည့် အခါများဆိုလျှင် တင်တင် ဖတ်သည့်စာအုပ်ကို လု၊ မီးလုံးပိတ်ကာ အိပ်ရာထဲ အတင်းဆွဲခေါ်ပြီး သိပ်သည်။ တင်တင်မှာ ဒေါသထွက်ချင်နေသော်လည်း စေတနာကို အားနာကာ မကျေမနပ်နှင့်ပင် လိုက်ရသည်။ မလိုက်လျှင်လည်း နယ်လီက တရွတ်တိုက်ပြီးဆွဲ၏။ နယ်လီ၏ ဗလကို တင်တင် အလွန် ကြောက်ရွံ့လေသည်။
တင်တင်မှာ အိပ်ပျော်နိုင်ခဲသူ ဖြစ်၍ တချွတ်ချွတ်လှိမ့်ကာနေလေရာ နယ်လီက “ဟင်း ပြန်ထမယ်တော့ မကြံနဲ့နော်၊ မနက်ကျ ကျောင်းမတက်နိုင်အောင်ကို ထုထားလိုက်မယ်” ဟု ကြိမ်းလျက်ရှိသည်။
“အိပ်လို့ မရဘူးကွယ့်၊ မျက်စိကြောင်နေတယ်”
“ရအောင်အိပ်”
တင်တင်သည် မှောင်ထဲတွင် နှုတ်ခမ်းစူပြီး နေလေ၏။ အိပ်လို့မရပါဘူး ဆိုတာ ဘယ့်နှယ်လုပ်ပြီး ရအောင် အိပ်မလဲ။ သူတို့သာ အိပ်လိုက်လျှင် တုံးပဲ၊ အမြောက်ပစ်လို့မှ မနိုး၊ ဟောက်လိုက်ကြတာကလည်းကွာ ကျားဟိန်း သလိုပဲ၊ မိုးလင်းလို့ ကျောင်းတက်ရင်တော့ လှလိုက်တဲ့ အပျိုတွေ၊ အိပ်ရာထဲကျတော့ ပစ်စလက်ခတ်ပဲ၊ ဩော် အိပ်လို့လည်း မပျော်၊ စာလည်း မကြည့်ရနဲ့ အလကား အချိန်တွေ ကုန်ပါပြီ။
မီးရောင်နှင့် စာကြည့်နေတုန်းကမှ ခပ်စင်းစင်း နေသေးသောမျက်လုံးတို့မှာ အမှောင်တွင် ပြူးကျယ်ပြီးနေ၏။ ဒါပေမဲ့ သည်ညတော့ ဘာပဲဖြစ်ဖြစ် ပြန်မထပါတော့ပြီ၊ ဗိုက်ထဲက ဆာလိုက်တာ။
“ဟေ့ ... နယ်လီ၊ နယ်လီ ... ဓာတ်ဘူးထဲမှာ ရေနွေးကျန်သေးသလား” ဟု မေးလိုက်၏။ သို့သော် နယ်လီက အိပ်ပျော်၍ သွားချေပြီ။
အအိပ်အစား ပျက်၍ တင်တင်သည် အမြဲတမ်း တအုံနွေးနွေးနှင့် နေမကောင်း ဖြစ်ရပေသည်။ အင်းလျားကန်ကို ဖြတ်ပြေးလာသည့် လေစိမ်းတွင် တင်တင့် အသားအရေတို့ သည် ရာသီမရွေး ပပ်ပြီး ခြောက်ကပ်နေ၏။ လူမမာပမာ အနွေးထည်ကိုလည်း မချွတ်ရ။ ဒါနှင့်ပင် ခြေဖျားလက်ဖျားတို့မှာ ရေခဲနီးပါး အေးစက်ကာ နေသည်။ နယ်လီသည် အမြဲ လိုလိုပင် တင်တင့်အား ကျပ်ကျပ်ဖက်ကာ လက်ဖျားများကို ဆုပ်ပေးတတ်၏။ နယ်လီ့ ကိုယ်မှ အနွေးဓာတ်သည် ကူးပြောင်းလာလေသည်။
“နယ်လီ ကျန်းမာတာကို ကိုယ်တော့ သိပ်မနာလိုတာပဲကွယ်” ဟု တင်တင်သည် မကြာခဏ ပြောမိ၏။
နယ်လီသည် ကစားခုန်စားဘက်မှာ နာမည်ကြီးပြန်သည်။ သူ့ခြေသလုံးများမှာ တင်းရင်းလှပ၍ မာကျောနေ၏။ တင်တင်မှာ ကွန်ဗင့်က လာသော်လည်း Drill ကစားရာ မှာတောင် အမြဲ ထွက်ပြေးခဲ့သူ ဖြစ်၏။ ဘုရားစူး လွတ်အောင် ပြောရမည်ဆိုလျှင်တော့ ပြေးပွဲတွင် တစ်ခါ ပါခဲ့ဖူးပါ၏။ သေးကွေးပေါ့ပါးသဖြင့် ကျီးကန်းနှင့် စာကလေး ပြိုင်သည့်သဖွယ် ပထမတာထွက် လေးငါးလှမ်းလောက်မှာတော့ သူများ ရှေ့ကျပါ၏။
သို့သော် တာတစ်ဝက်တွင် ဟိုက်၍ နေရကား ပန်းတိုင်သို့ ထိပ်ဆုံးရောက်အောင်ပင် မနည်းကြီး ပြေးရပေ၏။
ကောလိပ်တွင် ဒုတိယနှစ် စရုံရှိသေးသည်။ နယ်လီတွင် ရည်းစား သုံးလေးယောက် မက ကြွယ်ဝနေချေပြီ။ တင်တင်က အမြင်ကတ်ကတ်နှင့် ကျောခိုင်းနေလေရာ ဘယ်သူတွေ ဖြစ်မှန်းလည်း မသိပေ။ တစ်ခါတစ်ရံ ငေါ့ပြီး မြှောက်ပေးလိုက်ချင်၏။ စိတ်ဆိုးချင်လည်း ဆိုးဟူသောအနေဖြင့် ပြောမိသည့်အခါ ပြောမိသေးသည်မှာ
“မရှောင်နိုင်ဘူး ဆိုလည်း တစ်ယောက်ဆို တစ်ယောက် စွဲစွဲမြဲမြဲဆိုရင် ကိုယ် သာဓု ခေါ်မှာပဲ”
နယ်လီက မျက်ခုံးပင့်ကာ ထိတ်လန့်ဟန်ဖြင့်
“အမယ်လေး ကိုယ် ဘယ်သူနှင့်မှ ကြိုက်မနေပါဘူး အဟုတ်ပါ၊ ဟိုလူတွေက ကိုယ့်ကာဇင်တွေပါကွ” ဟု ဆိုသည်။
တင်တင်က အတော် ဒေါပွသွားသော်လည်း တိတ်တိတ်သာနေလိုက်၏။ အသေးအဖွဲကအစ နယ်လီသည် စကားမှန်အောင် မပြောတတ်လေရာ ခု လိမ်လျှင်လည်း လိမ်ပါစေ။
“ငါတော့ လူပေါင်းမှားပြီ” ဟု နောင်တရချင်သလို ဖြစ်လာသော်လည်း ... “သူလည်း အသက်က ငယ်သေးတာကိုလေ၊ နားမှ မလည်ဘဲ၊ ကိုယ့်ထက် အသက်ငယ်ကလေးနဲ့ ပြိုင်ပြီး မိုက်ရမယ်ဆိုရင် ငါပါ လူရယ်စရာ ဖြစ်မှာပဲ” ဟု ဖြေရ၏။
စာမေးပွဲနီးပြီ ဆိုလျှင် နယ်လီသည် ပျာယာခတ်၍ လာ၏။ သူ့မှာ မှတ်စုစာအုပ်ပင် စုံအောင် မရှိ။ အတန်းလည်း မှန်မှန်မတက်ခဲ့။ ထို့ကြောင့် တင်တင့် စာအုပ်များကို အနိုင်ကျင့်ပြီး ယူကျက်၏။ တင်တင်မှာ အောင့်သက်သက်နှင့် အလျှော့ပေးပြီး ကျောင်းသုံးစာအုပ်နှင့်ပင် ကျေနပ်ရ၏။ နယ်လီ နှောင့်ယှက်သည်ကို စိတ်ညစ်ပြီး တစ်အုပ် ထပ်ကူး ပေးရတော့သည်။ နယ်လီမှာ ဉာဏ်လည်း ရွှင်သဖြင့် စာမေးပွဲတော့လည်း မကျချေ။
နယ်လီမှာ ဆိုးဆိုးဆတ်ဆတ်နှင့် အနိုင်ကျင့်တတ်သည်။ အလိုက်လည်း မသိ။ တစ်ကိုယ်ကောင်းလည်း နိုင်ရကား တင်တင့်ပစ္စည်း မှန်သမျှ ဆပ်ပြာတုံး၊ သွားတိုက်ဆေးက အစ ဒိုင်ခံကာ သုံး၏။ သူ့ပိုက်ဆံကို ဝှက်ထားကာ တင်တင့် ကိုချည်း မုန့်ဝယ်ကျွေးခိုင်း၏။ Tuck Shop က သူ့အကြွေးကို တင်တင် ကပင် ဆပ်ရ၏။ တင်တင်မှာ ကပ်စေးမနှဲသော်လည်း တစ်ခါတစ်ခါ မခံချင်ဘဲ ကတ်သီးကတ်သတ် လုပ်လေရာ၊ နယ်လီမှာ လူအ,က အနှပ်မခံရကောင်းလားဟုပင် စိတ်ဆိုးလိုက်ချေသေးသည်။
သည်လိုနှင့် နှစ်ပေါင်း မည်မျှ ကုန်သွားပါလိမ့်။ တင်တင်သည် ဖျားတစ်လှည့် နာတစ်လှည့်ဖြင့် စာမေးပွဲတွေ အောင်လာ၏။ နယ်လီကလည်း တေတစ်လှည့် ပေတစ်လှည့်နှင့်ပင် အတူလိုက်အောင်သည်။ သူတို့ နှစ်ယောက်မှာ စာရိတ္တချင်း ကန့်လန့် ကွာသော်လည်း ကြာရှည်စွာဟူ၍ ခွာမပြဲချေ။
နှစ်ယောက်သား ဘီအေ နောက်ဆုံးနှစ်သို့ ရောက်သော် နယ်လီက ဘိလပ်ပြန်
တစ်ယောက်နှင့် လက်ထပ်ဖို့ ကျောင်းက ထွက်ရ၏။
“ဘီအေ အောင်အောင်ပဲ နေလိုက်ပါဦးကွယ်၊ ဘာကြာတာမှာမို့လဲ” ဟု တောင်းပန်သော်လည်း မရ။
“အလိုလေး ကျွန်မ အဟိုင်း မခံနိုင်ဘူး ရှင်ရေ၊ ကျောင်းစာကို ဖတ်ပြီး အပျိုကြီး လုပ်ဖို့ စိတ်မကူးဘူး တင်တင်ရဲ့” ဟု လှောင်တောင်တောင်နှင့် စောင်းမြောင်း ပြောလိုက်သေး၏။
တင်တင်မှာ နိုင်ငံခြားသွားခြင်းကို လိုလားစိတ် ရှိသော်လည်း ဘိလပ်ပြန် ဆိုတိုင်း အထင်ကြီးခြင်းတရားကိုမူ မယုံကြည်ချေ။ ဂုဏ်တွေ၊ ပကာသနတွေ မိုးမွှန်နေသော အထက်တန်းစား စည်းဝိုင်းကို ကြည့်ကာ တရားသံဝေဂ ရယူလေသည်။
တင်တင်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ ဘီအီးဒီ အထိ သင်လိုက်ပါ၏။ ဘွဲ့ရ ပြီးပြီးချင်း အဆုတ်ရောဂါ ဖြစ်လာသည်နှင့် ဆက်ပြီး ကျောင်းမနေနိုင်တော့ချေ။ တစ်နေ့မှာ သည်လိုဖြစ်လာမည်ဟု သိခဲ့လေရာ ဝမ်းနည်းသော်လည်း ယူကျုံးမရ မဖြစ်လှချေ။
ကဲ ခုတော့ ဘာဖြစ်ပါသလဲ၊ နယ်လီက လင်နှင့် သားနှင့် မင်းပွဲစိုးပွဲမှာ စန်းပွင့် နေစဉ်၊ တင်တင်က ကျောင်းအုပ်ဆရာမကြီးဖြစ်ကာ တပည့်တပန်းတွေနှင့် လုံးထွေးကာ နေပေပြီ။ မစ္စစ်နယ်လီထွန်းကျော်၏ မျက်စမျက်နကလေးများမှာ မှိန်းပြီးနေသည်။ ယောက်ျားကြီးငယ်တို့သည် ဒေါ်တင်တင် ကိုမူ မျက်နှာပိုးသတ်ကာ အရိုအသေ ပေး၍ စကား ပြောသည်။
ဪ ... သို့ပေမဲ့လည်း နယ်လီသည် မိမိထက် အနေတတ်သည်ဟု ယုံကြည်နေမိ၏။ နယ်လီမှာ ငယ်ငယ်က လိုပင် အလိမ်ရော၊ အညာရော၊ အပိုဆာဒါးရော ရောကာ သေအထိ ပျော်ပျော် နေသွားမည် ဖြစ်၏။ သူ့ ရည်ရွယ်ချက်ကတော့ မြောက်ပြီ၊ မိမိကော ရည်ရွယ်ချက် မမြောက်ဘူးဟု မဆိုနိုင်ပါတကား။ သို့သော် ယခုလို ရင်တွင်းက ရွစိစိနှင့် ဘာကိုမှန်းမသိ မကျေမနပ် ဖြစ်နေသည့် စိတ်မျိုးတော့ နယ်လီ့မှာ မရှိနိုင်။
နယ်လီနှင့် ဒေါ်တင်တင်ကို ဘယ်သူ့ ပို၍ လေးစားထိုက်ပါသလဲဟု မေးလျှင် အင်း ... ဒါကတော့ ငယ်ငယ်လေး ကတည်းက ထင်ရှားပါ၏။ သည်တစ်ခုမှာသာ နယ်လီ့ကို နိုင်ခဲ့ပါသည်။ ဒေါ်တင်တင်မှာ ပညာရှိတို့၏ ချီးမွမ်းခြင်းကို ခံရပြီး စံနမူနာပင် ဖြစ်ခဲ့ရ၏။ သို့သော် ... သည်တစ်ခု အတွက်နှင့် လောကကြီးမှာ ရင်တွင်းက မချိတရိနှင့် ဘာဖြစ်မှန်း မသိသည့် ဘဝကို ယူရသည်မှာ တယ်မဟန်ပါတကား။
ဒေါ်တင်တင်သည် တစ်ခါတုန်းက အဖြစ်အပျက်ကလေးကို သွားပြီး အမှတ်ရ၏။
တင်တင်နှင့် နယ်လီတို့သည် ပထဝီအတန်း ရှေ့က ဆင်းလာကြစဉ် ကော်ရစ်ဒါဝယ် လူရှုပ်လှသည်နှင့် မြက်ခင်းများကြားက ဖြတ်ကာ အင်းလျားဆောင်သို့ ပြန်လာ၏။ မာလီများ မပြတ် ပြုပြင်ထားသည့် ကြယ်ပုံ၊ လခြမ်းပုံ လမ်းတစ်လျှောက် အခင်းများ အလယ်တွင် လူ့မျက်နှာမက ကြီးမားသော နေကြာပွင့်ကြီးများသည် နေခြည်တွင် ရွှေလိုဝင်းကာ နေလေရာ၊ တင်တင်သည် အသက်အရွယ် နုပျိုခြင်းကို မလွန်နိုင်ဘဲ စိတ်ကြည်နူးမိပြီး
“နယ်လီရေ ဟောဒီ ပန်းပွင့်တွေကြားမှာ ဓာတ်ပုံ ရိုက်ရရင် သိပ်ကောင်းမှာပဲနော်” ဟု လွမ်းလွမ်းဆွေးဆွေး ပြောမိ၏။
နယ်လီက အံ့အားသင့် နေပြီးမှ
“အမယ် တင်တင် ဒီလို စကားမျိုးတောင် ပြောလို့ပါလား” ဟု ဆို၏။
သူတို့နှင့် မမီတမီ လိုက်လာသော ကျောင်းသူတစ်ယောက်က ကြားဝင်ကာ “ဪ တင်တင်လည်း ပုထုဇဉ်ပဲ နယ်လီရယ်” ဟု ပြော၍ အားလုံး ရယ်ရသေးသည်။ ရယ်သာ ရယ်ရသော်လည်း တင်တင်မှာ ဝမ်းနည်းသလိုလို ရင်ဖိုမိသေးသည်ကို မှတ်မိသေး၏။
ဒါကတော့ မိမိ အပေါ် ထားကြသည့် သဘောပင် ဖြစ်ချေ၏။ အထင်ကြီး ခံရပါ၏။ သို့သော် အထင်ကြီးတာနှင့်ညီအောင် နေရထိုင်ရတာက တစ်မျိုး၊ နဂို ကိုယ်၌ကလည်း အတွင်းစိတ်၏ အိုမင်းနေသည်က တစ်မျိုးကြောင့် မိမိ၏ လူငယ်ဘဝကို ပြန်တွေးလည်း ပျော်ရွင်စရာ မမြင်ချေ။
အို ... ဆွေးစရာ ကောင်းလှသည်။
ဟိုတုန်းကများ ဖူးစာနတ် စေ့ဆောင်၍ ချစ်သူ တစ်ယောက်မျှ ကောက်ရခဲ့သည် ဖြစ်ပါမူ ဘယ်လောက်ပင် စိတ်တွေ နုပျိုလာပေစေဦးတော့၊ နယ်လီတို့လို အင်းလျားရေပြင်မှာ တူမောင်မယ် မျှော်ရင်း ချစ်တင်းဆိုနိုင်ငံ့မည် မထင်မိ။
မိမိသည် တစ်ကိုယ်တည်း အဖိုကို မမှီဘဲ အပျိုကြီး လုပ်မည်ဟုတော့ တစ်ခါမှ မတွေးခဲ့ဖူးပါ။ ဒါကို ဘယ်သူမှ မသိနိုင်သည့် စိတ်တွင်းက နေပြီ ရဲရဲဝံ့ဝံ့ ဝန်ခံရဲပါ၏။ ယခု အပျိုကြီး ဖြစ်နေသည့် တခြားသူတွေကို လျှောက်မေးလျှင်လည်း နှုတ်က ဖွင့်ဝန်မခံတောင် စိတ်တွင်းကတော့ ခေါင်းညိတ်ကြမည် မဟုတ်ပါလား။
ခြံကလေး တစ်လုံး၊ အိမ်ကလေး တစ်ဆောင်၊ ကားကလေးတစ်စီး နှင့် ခေါင်းလောင်းသဖွယ် ဆူညံသည့် သားငယ် သမီးငယ်များနှင့် မောင်စုံ၊ နှမစုံ နေဖို့ စိတ်ကူး ရှိခဲ့တာ အမှန်ပင်တည်း။
နယ်လီ့ ဘဝကိုတော့ အဖိုးတန်သည်ဟု မထင်မြင်မိပါတကား။ စင်စစ် နယ်လီ သည် ဗေဒါလို အလိုက်သင့် ရေစီးကြောင်းမှာ မျောနေသူဟု ယူဆသည်။ သူ့ကိုယ်သူလည်း မသိ၊ မသိခြင်းသာ သူ့အား ပျော်ရွှင်စေသည်။ သို့ပေမည့် နယ်လီ ဘက်က လှည့်တွေးမည် ဆိုလျှင် ... လောကအကြောင်းကိုလည်း သတိသံဝေဂ ယူပြီး ညည်းညူနေလောက်အောင် သိတာလည်း မဟုတ်၊ သူ့စိတ်ကူးနှင့် သူတော့ ဘဝခရီးသည် ဖြောင့်ဖြူးကာ နေပေပြီ။
ဒေါ်တင်တင်သည် မိမိနှင့် နယ်လီ ဘယ်သူက လူဖြစ်ကျိုး နပ်သည်ကို ဆုံးဖြတ်ချက် မချရသေးဘဲ ရှိလေ၏။
▢ ကြည်အေး
📖 ပဒေသာ မဂ္ဂဇင်း
၁၃ မတ်၊ ၁၉၄၉
📖 အောင်မြေ ဂျာနယ်
အောက်တိုဘာ၊ ၁၉၅၄
No comments:
Post a Comment