Monday, October 19, 2026

ကျိန်စာသင့် နှလုံးသား


❝ ကျိန်စာသင့် နှလုံးသား ❞ 
          ▢ မင်းမူပိုင်

၁

သံယောဇဉ် နှောင်ဖွဲ့မှုကနေ အချိုမြိန်ဆုံး အချစ်သစ်သီး တစ်လုံး ဖြစ်လာတယ် ဆိုတာ သင် သိပါသလား။

••••• ••••• •••••

၂

ဒီလမ်းထဲက ကိုယ် အကြိမ်ပေါင်းများစွာ လျှောက်ခဲ့ဖူးပေမယ့် အရင်တုန်းက လျှောက်ခဲ့ဖူးသော ခြေလှမ်းများနှင့် မတူ။ ဒီတစ်ခါ ငါ နင်းဖြတ်လာမယ့် ခြေလှမ်းတွေ ထဲမှာ ရဲဝံ့ပြတ်သားခြင်း၊ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းတွေ ပါတယ်။ အရာအားလုံးကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေခဲ့ပြီ ချစ်သက်ဝေ။

ဒီလမ်းလေးဟာ ငါတို့ နှစ်ယောက်ရဲ့ ငယ်သူငယ်ချင်း ဖြစ်သလို အရင်းနှီးဆုံး မိတ်ဆွေလည်း ပြောလို့ရတယ်နော်။ ငါတို့ရဲ့ အခက်အခဲတွေ၊ မပြေလည်မူတွေ၊ ပြဿနာတွေ ဖြေရှင်းခဲ့ရာနေရာ ဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ရာနေရာ တစ်ခုလည်း ဖြစ်ခဲ့တာပဲ မဟုတ်လား။ ဟိုး ငယ်စဉ် ကလေးဘဝ ကတည်းက လမ်းလေးရဲ့ဘေးက ဒီရေမြောင်းထဲမှာ နင်နဲ့ ငါ ငါးတွေ အတူတူ ဖမ်းခဲ့ဖူးတယ်။ လူကြီးတွေ မရှိတဲ့ အချိန်မှာ ကန်စွန်းရွက်တွေ ခူးပြီး ကြော်စားခဲ့ကြသေးတယ်လေ။ ညနေဆည်းဆာ အောက်မှာ စက်ဘီး အတူတူ စီးခဲ့ကြတယ်။ ဟိုရှေ့နားက အုတ်ခုံလေးမှာ ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေ၊ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေ အကြောင်း ဆွေးနွေးခဲ့တိုင်း ငါပဲ အနိုင်ရခဲ့တာပဲ။ နိုင်မှာပေါ့။ နင် အမြဲ အလျော့ပေးခဲ့တာပဲ။

မနေ့ကအထိ အို... ဘယ်ဟုတ်မလဲ။ ဒီအချိန်ထိ တို့နှစ်ယောက် ရိုးသားစွာ နေထိုင်ခဲ့ကြတယ်။ ဒီလို လမ်းကျဉ်းကျဉ်းလေးမှာ ငါတို့နှလုံးသားတွေ ဘာလို့ ထိပ်တိုက် မတွေ့ဆုံမိတာပါလိမ့်။

ဒီနေ့ နင့်ဆီ လျှောက်လှမ်းလာတော့မယ့် ငါ့ရဲ့ခြေလှမ်းတိုင်းမှာ ရဲရင့်ပြတ်သားခြင်းနဲ့ ချစ်ခြင်းတရားစစ်စစ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ မကြာခင် နင် သိလာတော့မှာပါ။ နင် အံ့ဩသွားမလား။ ရှက်သွေးဖြာနေမလား။ နေစုတ်၊ နေပဲ့၊ နေပြင်းလို့ အော်ပြီး ငါ့ကျောကို တဗုန်းဗုန်းနဲ့ မြည်အောင် ထုမလား။ ကာလရှည်ကြာစွာ ရစ်ပတ်ချည်နှောင်ခဲ့တဲ့ သံယောဇဉ်ကို ငါ ယုံတယ် ချစ်သက်ဝေ။ နင့်ဆီက တုံ့ပြန်လာမယ့် အပြုအမူ တစ်စိတ်တစ်ဒေသ တိုင်းဟာ ငါ့အနာဂတ် ဖြစ်စေရပါမယ်။

ငါ့ရဲ့ တိမ်မြုပ်နေတဲ့ အချစ်တွေကို သူငယ်ချင်းတွေ ဖော်ထုတ်ပေးစဉ်ကတော့ အကြောက်အကန် ငြင်းမိနေသေးတယ်။ ရယ်တော့ ရယ်ရတယ်။ တခြားတစ်ယောက်နဲ့ နင် လက်ထပ်တော့မယ် ဆိုတော့မှပဲ ကမ္ဘာပျက် မတတ် ကြေကွဲခဲ့ရတယ်။ ဒါကို အချစ်လို့ပဲ လွယ်လွယ် ခေါင်းစဉ် တပ်လောက်ရအောင် တိကျသေချာခဲ့တယ် မဟုတ်လား။

အသက်လို့ ငါ အမြတ်တနိုး စနောက် ခေါ်တတ်တဲ့ သူငယ်ချင်းမလေးရေ ချစ်တယ်။ ငါ ချစ်ခဲ့တယ်။ နင်ဟာ ငါ့အတွက် သက်ဆုံးတိုင် လှပဝေစည်ခဲ့တဲ့ အချစ်ပန်းလေး တစ်ပွင့်ပါ။ အချစ်ပန်းလေး လှပ ဝေဆာစေဖို့ ဥယျာဉ်ပျိုးတဲ့ လက်တွေ ကမ်းလင့်လာခဲ့ပါပြီ။

မြေနီလမ်းလေးပေါ်က ကျောက်စရစ်ခဲလေးကို ညာခြေဖြင့် လွှဲကန်လိုက်တော့ ကန်စွန်းရွက် ဖားဖားလေးများ ပေါက်နေသော ရေစပ်ကို ကျရောက်သွားတယ်။ ဟင့်အင်း … ဒါ ငါ ကန်ခဲ့တာ မဟုတ်ဘူး။ နင့်ရဲ့ အမူအကျင့်တွေ ငါ့ကို စွဲလမ်းနေတာ။ ဒါ လမ်းလျှောက်တိုင်း နင် လုပ်နေကျ အပြုအမူပဲ။ ဘယ်လိုအချိန်ကတည်းက နင် ငါ့ အပေါ် စိုးမိုးနေတာပါလိမ့်။ ငါ အနိုင်ကျင့် ဗိုလ်ကျခွင့်ရတဲ့၊ အမြဲတမ်း အလျှော့ပေး ဆက်ဆံတတ်တဲ့၊ သနပ်ခါးပါးကွက်ကျား ကွက်တတ်ပြီး ရိုးရိုးရှင်းရှင်းနေထိုင်တတ်တဲ့ အသားညိုညို ကောင်မလေးက ဘယ်အချိန် ကတည်းက ရင်ထဲ ဝင်ရောက်နေတာလဲ။ နင် သိပ်တော်ပါတယ် ချစ်သက်ဝေ။

နင်နဲ့ အတူတူ ထိုင်ခဲ့ဖူးတဲ့ အုတ်ခုံနား ရောက်တော့ ဘေးနားမှာ နင် ရှိခဲ့ရင် ဟူသော အတွေးက ငါ့ရင်ထဲမှာ နွေးထွေးသွားသလို ခံစားလိုက်ရတယ်။ ဒီလို နွေးထွေးမှုတွေကို ငါ့ရဲ့ အေးတိအေးစက်ခြင်းတွေက ဖုံးကွယ်စေခဲ့တာလား။ ငါ့ရဲ့ အေးစက်စက် အပြုအမူတွေကြောင့် နင့်ရင်ခွင်ကို တော်တော် ပူ လောင်ခဲ့မှာပဲနော်။ တောင်းပန်ပါတယ် ချစ်သက်ဝေ။

ခု ... ငါ နင့်ဆီ လာနေတာကို ဝေဝေ တို့ ဖုန်းကြိုဆက်ထားလို့ နင်စောင့်နေပြီ မဟုတ်လား။ ဟိုး... လမ်းထိပ်နားက နင် နေတဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်လေးကို ငါ လှမ်းမြင်နေရပြီ။ အိမ်ဝရန်တာကနေ ကြည့်ပြီး မျှော်နေမလား။ ဒါမှမဟုတ် ငါ့ရဲ့ လျစ်လျူရှုခဲ့ခြင်းတွေအတွက် ဟိုအရင်ကလို ခါးထောက်ရန်တွေ့ဖို့ စောင့်နေမလား။ နှစ်ဖက်ခွဲ စည်းထားတဲ့ နင့်ဆံပင်တွေမှာ နှင်းဆီရဲရဲတစ်ပွင့် ရှိနေမလား။ အတွေးနဲ့ ပေါင်းစပ်ရတဲ့ ချစ်ခြင်းတရားကတောင် ကြည်နူးဖို့ ကောင်းလွန်းနေတယ် ချစ်သက်ဝေ။

ရည်းစား တစ်ယောက် ထားတိုင်း အားပေးကူညီခဲ့တဲ့ နင်က ငါ့အတွက် မရှိမဖြစ် မိန်းမတစ်ယောက် ဖြစ်လာလိမ့်မယ် လို့တော့ ငါ မထင်ထားခဲ့တာပါ။ ငါသာ ရည်းစားတွေနဲ့ ထည်လဲ တွဲချင်တွဲမယ်။ နင့်ကို လိုက်ကြောင်တဲ့ ကောင်လေးတွေနဲ့ကျတော့ ငါ သဝန်တိုတတ်ခဲ့တယ်။ ဒါကို အချစ်လို့ ဘာကြောင့် ခေါင်းစဉ် မတပ်မိတာပါလိမ့်။

သူငယ်ချင်းတွေ စနောက်တဲ့ အချိန်မှာ ရှက်သွေးဖြာခဲ့တဲ့ နင့်ပုံရိပ်တွေ၊ ငါ စာမေးပွဲ ကျတိုင်း စိုးရိမ်ခဲ့တာတွေ၊ ပြဿနာ တစ်ခုခုဖြစ်တိုင်း (ငါ မှားနေမှန်း သိခဲ့ရင်တောင်) ငါ့ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပေးခဲ့တာတွေကို ငါ မမြင်နိုင်ခဲ့ဘူး။ ငါ ဘာကြောင့် မမြင်တတ်ခဲ့ပါလိမ့်။ နင် ဟန်ဆောင်ကောင်းခဲ့တာလား။ မဟုတ်ဘူး ငါကိုယ်တိုင်က ညံ့ခဲ့တာပါ။

ငါ သိပ်ကို ညံ့ခဲ့တယ်။ ကုန်ဆုံးသွားတဲ့ အချိန်တွေအတွက် ငါ့ရဲ့ ညံ့ဖျင်းမှု သက်သက်ပါ ချစ်သက်ဝေ။ ဒီညံ့ဖျင်းမှုတွေဟာ နင့် ရင်ကို ထိုးခွဲနေတဲ့ ဓားတစ်စင်းဖြစ်မှန်း ငါ မသိခဲ့ရိုး အမှန်ပါ။ နင် သိပ်ကို ခံစားခဲ့ရမှာပဲနော်။

ချစ်ခြင်းတရားရဲ့ အလင်းတစ်ပွင့်က ဘဝမှောင်မိုက်ကျနေချိန်ကိုတောင် လမ်းပြပေးနိုင်ခဲ့တယ်။ နင်ဟာ ငါ့ရဲ့ အလင်းရှင် တစ်ဦးလည်း ဖြစ်ခဲ့တယ်။

သူငယ်ချင်းမလေးရေ- ချစ်ခြင်းတရားရဲ့ အလင်းရောင် အောက်မှာ ငါတို့ ပျော်ရွှင်စွာ ကခုန်ကြရအောင် ...။

••••• ••••• •••••

၃

ညနေခင်းရဲ့ လေညင်းလေးများက သူ့ နဖူးပေါ်ဝဲကျနေသော ဆံပင်တွေကို ဆော့ကစား တိုက်ဖြတ်သွားသည်။ ကိုယ့်ရဲ့ အကူအညီ တောင်းသံအဆုံး ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ ဆံပင်တွေက လေထဲ ဝေ့ဝဲသွား၏။

“နင် သူ့ကို တကယ်ချစ်လို့ ပြောခိုင်းနေတာလား”

ငါ ခေါင်းညိတ်ပြတော့ ..

“နင်ကလေ အမြဲတမ်း ဒီလိုပဲ။ ပြီးရင် နှစ်လ၊ သုံးလနဲ့ ပြတ်ပြီ။ ငါကတော့ အရူးကြီးကျလို့။ နင်က ပေါ့ပေါ့ပါးပါးလေး တွဲ။ ပြတ်လည်း ပြတ်ရော ဟိုဘက်က စောင်းမြောင်း ပြောဆိုတာလည်း ခံရသေးတယ်။ နင့်ကိုနင် သေချာလား ပြန်မေးကြည့်ဦး။ သီရိကြည် ဆိုတာ ငါနဲ့ ရင်းနှီးတာလည်း မကြာသေးဘူး။ အခင်မင် ပျက်အောင်တော့ နင် မလုပ်ပါနဲ့ဟာ”

“တကယ် မချစ်ဘဲ ငါ ပြောခိုင်းမလား။ ချစ်သက်ကလည်း လုပ်ပါ။ နင်ကူညီမှ ရမှာမို့ပါ။ ငါ သူ့ကို တကယ် ချစ်မိနေပြီ ကတိပေးတယ်ဟာ။ နောက်ဆို နင့်ကို စိတ် ဒုက္ခမပေးတော့ဘူး။ သူနဲ့သာ အဆင်ပြေအောင်သာ ပြောပေး”

“အေးဟာ ပြီးရော။ ဒီတစ်ခါ နောက်ဆုံးပဲနော်။ နောက်ဆို ငါ မကူညီတော့ဘူး”

နင် ဘယ်လိုပဲ ငြင်းငြင်း နောက်ဆုံးတော့ ငါ့စိတ်တိုင်းကျ ဖြည့်ဆည်းပေးခဲ့တာပဲ။ ငါ့ကို တစ်ခါကူညီတိုင်း နင် တစ်ကြိမ် စိတ်ညစ် ဝမ်းနည်းခဲ့ရတာ ငါ ဘယ်သိပါ့မလဲ။ သူငယ်ချင်းတွေ ပြန်ပြောမှသာ နင့် ဘက်က စိတ်ခံစားချက်ကို သိခွင့်ရခဲ့တာပါ။ ငါဟာ သိပ်ကို ရိုးစင်းခဲ့သူလား။ ဟင့်အင်း။ ငါ သိပ်ကို အတ္တကြီးလွန်းခဲ့တာပါ။

နင် မှတ်မိသေးလား ချစ်သက်ဝေ။ သီရိကြည်ရယ်၊ ကျော်စွာရယ်၊ နင်ရယ်၊ ငါရယ်၊ ဆွေဆွေရယ် စံချိန်မီစားသောက်ဆိုင်မှာ ထိုင်တုန်းကလေ။ သီရိကြည် အကြိုက်တွေကို မသိဘဲ နင့်အကြိုက်တွေကိုသာ ငါ မှာခဲ့တော့ ကြည်နူးရိပ် သန်းနေတဲ့ နင့်ရဲ့ မျက်ဝန်းတွေကို ငါ တွေ့ခဲ့ပါတယ်။ တကယ်ဆို ငါ ဘာသာပြန်တတ်ခဲ့သင့်တယ်။

အဲဒီနေ့က သီရိကြည် ငါ့ကို စိတ်ဆိုးပြီး ထထွက်သွားတော့ ငါ မချော့ဘူး လုပ်နေတာ နင် ချော့ခိုင်းလို့ ငါ လိုက်ချော့လိုက်ပါသေးတယ်။ ဒါပေမဲ့ ငါတို့ ညှိလို့ အဆင် မပြေခဲ့ဘူး။ အရင် ရည်းစားတွေပြတ်တုန်းက အတိုင်းပဲ နင်နဲ့ ငါ့ကို အထင်လွဲသွားတာ လေ။ ဒီအကြောင်းတွေ နင့်ကို ပြန်ပြောပြတော့ ဒီလမ်းထဲမှာပဲလေ။ နင် ခြေကို ဆောင့်ပြီး လမ်းလျှောက်နေတာ ကလေးလေး အတိုင်းပဲ။ ပြီးတော့ ခဲလုံးလေးတွေကို စိတ်လိုလက်ရ ခြေထောက်နဲ့ လိုက်ကန်နေသေးတယ်။

“နင်ကလည်း သူငယ်ချင်းတွေလို့ သေချာ ပြောပြလိုက်လေ။ နင် မရှင်းပြတော့ ငါတို့နှစ်ယောက်ကို တစ်မျိုး ထင်သွားတော့ ငါ့အတွက်လည်း မကောင်းဘူး”

နင်က အဘွားအို ပေါက်စလေးလို ဗျစ်တောက်ဗျစ်တောက်ပြောတော့ နင့်ကို ကြည့်ပြီး ငါ ရယ်နေခဲ့တယ်။ တကယ်ဆို ရည်းစားနဲ့ ပြတ်ပြီး စိတ်ညစ်နေရမှာ ငါ ဘာကြောင့် ရယ်မောမိပါလိမ့်။

“ရယ်မနေနဲ့ တကယ် ပြောနေတာ။ နင် မိန်းမရချင်ရမှ၊ ငါပဲ သေချင်သေမှ အေးမယ်။ နင်က ငါ့အတွက်တော့ နေစုတ်၊ နေ့ပဲ့၊ နေပြင်းပဲ”

ဆိုပြီး ငါ့ကျောကို နင့်လက်သီးတွေနဲ့ ထုတော့တာပဲ။

“ချစ်သက်ရယ် နင့်ကို ငါ ပြောပြမယ်။ သူ စိတ်ဆိုးတာကလည်း ကြည့်ဦးလေ။ သူငယ်ချင်း အရင်းကြီးတွေကို သူမို့ အထင် လွဲတယ်လို့။ ပြီးတော့ အစားအသောက် မှာပေးတာ နင့်အကြိုက်ကို သိနေလို့ ငါတို့က ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် မှာပေးတာ အထူးဆန်းမို့လို့လား။ ဒါကို သူက စိတ်ဆိုးတယ် ဆိုတော့ သူ့လို သဘောထားသေးတဲ့လူနဲ့ စိတ်ညစ်ခံပြီး ငါက ဆက်တွဲနေရဦးမှာလား”

ငါ့ဘဝတစ်လျှောက်လုံး ဒီနေ့မှာ တွေ့လိုက်ရတဲ့ နင့်မျက်ဝန်းတွေကို ငါ မေ့မရခဲ့ဘူး။ နင် မျက်ရည်ဝဲနေတာလား။ ကျလုဆဲ မျက်ရည်တွေကို နင် ထိန်းထားနိုင်ခဲ့တာလား။ သေချာတယ်။ ဒီလို နာကြည်းတဲ့ မျက်ဝန်းမျိုးကို ငါ မမြင်ခဲ့ဖူးဘူး။ နင် ငါ့ကို သိပ်စိတ်ပျက်သွားမှာပဲ။ အုတ်ခုံမှာ ထိုင်နေရာကနေ ဆတ်ခနဲ ထပြီး ...

“လင်းနေ... နင့်ရင်ထဲမှာ အချစ် ဆိုတာရော တကယ် ရှိရဲ့လား။ နင်သာ သူ့ကို တကယ်ချစ်ရင် သူနားလည်အောင် နင် ရှင်းပြနိုင်ရမယ်လေ။ နင့်ကို ငါက တည်တည်တံ့တံ့လေး ဖြစ်စေချင်တာ။ နင် ယောက်ျား ဖြစ်နေပြီးတော့ ပြဿနာကို သေချာ စဉ်းစားဆုံးဖြတ်ပြီးမှ ရှင်းလေ။ နင် ပွင့်လင်းသင့်တာကို ပွင့်လင်းရမယ်။ အမှန်ကို အမှန်တိုင်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်စေချင်တာ။ နင့်ကို ယောက်ျားပီသစေချင်တယ်။ ကိုယ် ဖြစ်ချင်တာကိုပဲ ကြည့်ပြီး တခြားသူအတွက် ဘာလို့ ထည့်မတွေးတာလဲ။ နင် သိပ်ကို အတ္ထကြီးတယ်။ နင်ဟာ တစ်ကိုယ်ကောင်း ဆန်တဲ့သူပဲ”

နင် ငါ့ကို နာနာကြည်းကြည်း ပြောပြီး နောက်တောင် လှည့်မကြည့်ဘဲ ပြေးထွက်သွားတယ်။ ငါ့ရင်ထဲမှာပဲ တစ်ခုခု ဟာသွားတယ်။ မြတ်နိုးတန်ဖိုးထားတဲ့ အရာကို ဆုံးရှုံး သွားသလိုမျိုး။ ငါ့ရဲ့ ဘယ်ဘက်ရင်အုံထဲက စူးနင့်စွာ ခံစားလိုက်ရသလိုပဲ။ ရည်းစားတွေ ထည်လဲတွဲ၊ ထည်လဲပြတ်ခဲ့ပေမယ့် ငါ ဘယ်လိုမှမဖြစ်ခဲ့ဘူး။ ခု သေချာပြီ။ ဟုတ်တယ်။ ငါ နင့်ကို ချစ်နေခဲ့ပြီး ငါ နင့်ကို ချစ်မိနေပြီ ချစ်သက်ဝေ။

••••• ••••• •••••

၄

စံချိန်မီ အအေးဆိုင်ထဲ ဝင်ထိုင်လိုက်တယ်ဆိုရင်ပဲ ကျော်စွာက သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ် ဆောင့်ချပြီး ...

“မင်း ဒီလောက်ထိ နေနိုင်လိမ့်မယ်၊ ဥပေက္ခာပြုတတ်မယ်လို့ ငါတို့ မထင်ထားဘူး။ အခု ချစ်သက်ရဲ့ရင်ထဲမှာ ဘာတွေ ဖြစ်နေလဲ မင်း မသိတာလား၊ မသိချင်ယောင် ဆောင်နေတာလား”

ကိုယ် ဆွံ့အနေမိတယ်။ တကယ်ဆို ပြန်ပြောစရာ စကားလုံးတွေကို ရှာမတွေ့ခဲ့ဘူး။ မနေ့ကတည်းက ရှင်းပြဖို့ ကြိုးစားတာပဲ ချစ်သက်က ပြေးထွက်သွားလို့ဟု ဖြေရှင်းချက် ထုတ်ရမလား။ ချစ်သက် ထွက်သွားတော့ ကြေကွဲပြီး ကျန်ခဲ့ရကတည်းက ငါ သူ့အချစ်ကို နားလည်နေပြီလို့ ပြောလိုက်ရမလား။ ရင်ထဲမှာ ပြောပြစရာတွေ များခဲ့ရင် နှုတ်ခမ်းတွေ ဆွံ့အသွားတတ်တဲ့ အကြောင်း ရှင်းပြရမလား။

“ငါတို့က ဘေးကနေ မြင်နေတဲ့သူတွေ ဆိုတော့ ပိုသိတယ်။ နင်တို့နှ စ်ယောက် တစ်ယောက်ကို တစ်ယောက် လိမ်နေကြတာပဲ။ အဓိက တရားခံကတော့ နင်ပဲ လင်းနေ။ နင့်ရဲ့ စိတ်ပျော်ရွှင်ဖို့ပဲ ကြည့်ပြီး ချစ်သက် ဘက်ကို နည်းနည်းမှ ထည့်မတွေးမိဘူး။ တစ်ချိန်မှာ နီးစပ်မယ်လို့ပဲ ငါတို့က ထင်ထားတာ။ ခုတော့ဟာ”

ဆွေဆွေက ပြောရင်း အသံတွေပါ တုန်လာပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာသည်။

“ချစ်သက်ကို တရားဝင် ဖွင့်ပြောပြီး ငါ့အပြစ်တွေကို ဆေးကြောဖို့ မနေ့ကတည်းက ငါ ဆုံးဖြတ်ပြီးသွားပြီ။ ဒါပေမဲ့ သူ ငါ့ကို အတွေ့ မခံတော့ဘူး”

ဆွေဆွေက သူ့နှုတ်ခမ်းတွေကို မဲ့ရွဲ့ပြီးတော့ ကိုယ့်ကို ခနဲ့သည်။

“ဘယ် အတွေ့ခံတော့မလဲ။ သူ့မိဘတွေ စေ့စပ်တာကို လက်ခံထားလိုက်ပြီလေ။ ဘာပဲဖြစ်ဖြစ်လေ သူတော့ ဝဋ်ကျွတ်သွားတာပေါ့”

ငါ့ ရင်ထဲမှာ မီးတောင်တွေ အဆင့်ဆင့်ပေါက်ကွဲထွက်သလို ချက်ချင်းပဲ ဗလောင်ဆူ သွားတော့တာပေါ့။ ဆုံးရှုံးရတော့မယ် ဆိုတဲ့ အသိ တစ်ခုနဲ့တင် ငါ မတွေးရဲဘူးဟာ။ ခု ငါ ဘာလုပ်ရပါ့မလဲ။ သူရူး တစ်ယောက်လို သွေးပျက်နေခဲ့ရပြီ။ ဘေးနားက ဝိုင်းတွေ ကလည်း ဝိုင်းကြည့်နေကြပြီ။ ငါ မရှက်နိုင်တော့ဘူး။ ငါ ဟန်မဆောင်နိုင်တော့ဘူး ချစ်သက်။ ချစ်သူနဲ့ ဝေးရမှာလောက် နာကျင်စရာ ကောင်းတဲ့ ဘဝ ဘယ်ရှိပါ့မလဲ။ ဝေးလို့ မဖြစ်ဘူးဆိုတဲ့ အသိက ငါ့ရင်ခွင်ကို လောင်မြိုက်နေပြီ။

“မနက်ဖြန် စေ့စပ်ပွဲ လုပ်တော့မှာ။ သူ နင့်ကို မျှော်နေလိမ့်မယ်။ ဒီနေ့က နင်တို့ နှစ်ယောက်ရဲ့ နောက်ဆုံးနေ့ပဲ။ နင့်ကိုနင် ပြတ်သားတယ် ယုံကြည်တယ် ဆိုရင်”

ဆွေဆွေ့စကားကို ဆုံးအောင် နား မထောင်တော့ဘဲ ငါ ပြေးထွက်လာခဲ့တယ် ချစ်သက်ဝေ။

ငါ့ရဲ့ မသိတတ်ခဲ့ခြင်းတွေအတွက် ငါတို့ ဘဝတွေကို စတေးပစ်ကြတော့မှာလား။ ဟင့်အင်း...ဒီလို ဘယ်တော့မှ မဖြစ်ရဘူး။ နင့်အိမ်ရှေ့က မြေနီလမ်းလေးထဲမှာ အတ္တကြီးလွန်းတဲ့ ငတုံး တစ်ကောင် လာနေပြီလေ။ နေစုတ်၊ နေပဲ့၊ နေပြင်းလို့ ငါ့ကိုခေါ်ပါ။ ပြီးရင် ငါ့ကျောကို တအုန်းအုန်းနဲ့ မြည်အောင် ထုပါ။ အဘွားအိုပေါက်စလေးလို ငါ့ကို ဆူပါ။ ပြီးရင် ငါ့ ရင်ခွင်ထဲမှာ ရှိုက်ငိုပါ။ ငါ့ရဲ့ နွေးထွေးတဲ့ အကြင်နာတရားတွေ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေပါတော့နော်။

နင့်ရဲ့ မြင့်မြတ်တဲ့ ချစ်ခြင်းတွေအတွက် ဘေးဘီဝဲယာမှ ကန်စွန်းရွက်လေးတွေက ပြောပြနေတယ်။ မြောင်းပုပ်ထဲက ရွှံ့ရနံ့လေးတွေက ကောင်းချီးပေးနေကြတယ်။ ငါတို့ ဖြတ်သန်းခဲ့တဲ့ ရတု အဆက်ဆက်ရဲ့ မြက်ခင်းလေးတွေက ဦးညွတ်နေကြတယ်။ ရွှေရောင်လင်းလက်တောက်ပတော့မယ့် မနက်ဖြန်တိုင်း အတွက် လေဟုန်ကို ခွင်းပြီး ငါပျံ သန်းလာနေပါပြီ။

ဘဝ ဆိုတာ ခရီးတစ်ခု ဖြစ်ခဲ့ရင် နင် မရှိတဲ့ ငါ့ရဲ့ခရီးအတွက် ပန်းတိုင် ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး။ နင်နဲ့ ငါ ရွှေလက်တွဲပြီး ရဲရဲ ရင်ဆိုင်လိုက်ရအောင်။ မနက်ဖြန် ထွက်မယ့် နေရောင် မလာခင်ပေါ့။

နင်နဲ့ ပတ်သက်မိတဲ့ သံယောဇဉ် နှောင်ဖွဲ့မှုတွေကို ပြန်တွေးရင်း ငါတို့ အချစ်တွေ စတင် ဖြစ်ပေါ်ရာ အုတ်ခုံနား ရောက်လာတော့တယ်။ ငါ သတိတရ ရှိနေတဲ့ ကိုယ်သင်းရနံ့၊ နှလုံးသားထဲ အမြဲ နွေးထွေးလွန်းတဲ့ အသံ။ ဟုတ်တယ် နင့်အသံ။ အနှစ်နှစ် အလလ လေ့ကျင့်သင်ကြားထားတဲ့ စစ်သည်တစ်ယောက်ရဲ့ တိကျသေချာမှုမျိုး။

“လင်းနေ သတိထား”

နောက်ဆုံး ကြားခွင့်လိုက်ရတဲ့ နင့်ရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့ အသံ။

ကားဘရိတ်အုပ်သံ တစ်ခု။ လမ်းဘေး အုတ်ခုံနဲ့ ခေါင်းနဲ့ ရိုက်မိသံ။ ပြီးတော့ အရာရာဟာ မှောင်အတိကျ။

••••• ••••• •••••

၅

ငါ သတိရလာတော့ ကိုယ့်ခေါင်းတွေ အုံခဲနေတာပဲ။ အဖြစ်အပျက်တွေ သေချာ ပြန်စဉ်းစားကြည့်တော့ .. နင့်အိမ်ကို လာတဲ့ လမ်းပေါ်မှာ...။ ငါ အားယူပြီး ထဖို့ ကြိုးစားတော့ ဆွေဆွေ့အသံကို နားထဲမှာ စီခနဲ ကြားလိုက်ရတယ်။

“ဟယ် လင်းနေ သတိရပြီ။ ကျော်စွာ လင်းနေ သတိရပြီ”

“သားကြီး လှဲနေ မထနဲ့ဦး”

“ငါ ဘယ်လိုဖြစ်တာလဲ” လို့ မေးတော့ ကျော်စွာ့အသံက တိုးလျအက်ကွဲစွာ ထွက်လာပြီး ...

“မင်း မေ့နေတာ တစ်လလောက် ရှိပြီ” တဲ့။

ငါ သိလိုက်ပြီ။ “လင်းနေ သတိထား” ဆိုတဲ့ နောက်ဆုံး ကြားခွင့်ရတဲ့ အသံ။

“ချစ်သက် ဘယ်မှာလဲ၊ ဘယ်မှာလဲ။ ငါ့ကို ပြောကြပါ။ သူ ဘယ်မှာလဲ။ သူ ဘာဖြစ်သွားလဲ။ ငါ့ကို ခေါ်ပေးကြပါကွာ”

ကျော်စွာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး နံရံကို သုံးလေးချက် ဆင့်ထိုးနေတယ်။ ဆွေဆွေက မျက်နှာ လက်ဖြင့် အုပ်ကာ ခေါင်းငုံ့ပြီး အီခနဲ ရှိုက်ငို တယ်။ ငါ့ ရင်ဘတ်မှာ ကျော်စွာရဲ့ လက်သီး ချက်တွေ ထိပြီးတော့ ငါ့နှလုံးသားမှာ ဆွေဆွေရဲ့ မျက်ရည်တွေ ဖုံးလွှမ်းနေတယ် ချစ်သက်။ ငါဟာ နင်ရှိတဲ့ ကမ္ဘာမှာ လူမဖြစ်သင့်တဲ့ ကောင်ပါ။

••••• ••••• •••••

၆

ကံတရားကပဲ သွေဖယ်ခဲ့တာလား၊ ဖူးစာကပဲ နည်းခဲ့လေသလား။ ဟောဒီ အုတ်ခုံလေးပေါ်မှာ နေ့စဉ်ရက်ဆက် နင့်ကို လွမ်းနေရုံနဲ့ လုံလောက်ပြီလား။ ဟော မိုးတွေ သည်းလာပြီ။ ငါ့ ရင်ခွင်ထဲမှာတော့ မီး တောင်တွေ ပေါက်ကွဲထွက်နေပြီ။ အချစ်ကို မျက်ကွယ်ပြုခဲ့တဲ့ အလည်လွန် နှလုံးသား တစ်စုံကို အသက်နဲ့ ထပ်တူပြုပြီး နင် နိုင်ခဲ့ပါတယ်။ မဆုံးနိုင်တော့မယ့် နောင်တတရားတွေနဲ့ ငါ့တစ်ဘဝလုံးက အသေပေါ့။

သံယောဇဉ် နှောင်ဖွဲ့မှုကနေသာ အချို မြိန်ဆုံး အချစ်သစ်သီး တစ်လုံး ဖြစ်လာတာပါ။ သံယောဇဉ်နဲ့ မေတ္တာတရား အကြားမှာ ဝိရောဓိ ဖြစ်နေတဲ့အခါ အချစ်ဟာ အမှည့်လွန်မှ ရောက်ရှိလာတတ်ပါတယ်။

••••• ••••• •••••

၇

ငါ့လက်ထဲမှာ အမှည့်လွန် သစ်သီးတစ်လုံး ရှိနေတယ်။ ငါ ရပ်နေတဲ့ ကွန်ဒိုတိုက် ခေါင်မိုးရဲ့ အောက်ခြေမှာ ကားသေးသေးလေးတွေ သွားနေကြတယ်။ ဘဝမှာ ဘယ်တော့မှ မဝေနိုင်တော့မယ့် အချစ်ပန်းလေး တစ်ပွင့်အတွက် ငါ့နှလုံးသားကို ဒဏ်ခတ်လိုက်ပါ့မယ် ချစ်သက်ဝေ။ ။

▢  မင်းမူပိုင်
📖 မဟေသီ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၈

No comments:

Post a Comment