Wednesday, October 14, 2026

ကိုင်းပင်ပေါ်က ပုတ်သင်


❝ ကိုင်းပင်ပေါ်က ပုတ်သင် ❞
  ▢ ကိုသန်းဌေး (ညောင်ဦး)

မဏိစည်သူ ဈေးပတ်လမ်းမှာ တွယ်ကပ်ပြီး လုပ်ကိုင်စားသောက်နေတဲ့ ဆိုင်လေးတွေကို ရှင်းမှ ဖြစ်တော့မယ်။ ကားကျပ်၊ ဆိုင်ကယ်ညပ်၊ ပျားပန်းခတ် ရှုပ်ထွေးယှက်တင်နေတဲ့ လူတွေ ကြားမှာ စည်ပင်ခွန်လည်း မရတဲ့ အဲဒီ ဆိုင်လေးတွေက ခလုတ်ကန်သင်း ဖြစ်နေပြီ။ ဒါကြောင့်ပဲ အဲဒီလမ်း ကျူးဆိုင်လေးတွေကို အမိန့်ထုတ် ဖယ်ရှားလိုက်တယ်။ သော့ပြင်ဆိုင်က လူက သူ့ကို မကြည်သလို ကြည့်နေတာတွေ့တော့

“မင်းတို့က မြို့ အင်္ဂါရပ်ကို ရုပ်ဆိုးအကျည်းတန်အောင် ဖန်တီးနေတဲ့ အဖျက်သမားတွေ၊ အမှိုက်တွေကွ”

လို့ သူ ကြိမ်းဝါးခဲ့ရသေးတယ်။

••••• ••••• •••••

အလယ်တန်းဆင့် စကောလားရှစ်စာမေးပွဲဖြေမယ့် သားကို ဆိုင်ကယ်နဲ့ ကျောင်းပို့ရတယ်။ နို့တစ်ဘုတ်ကြည့်၊ စာဖြေခန်းကိုသွား ခုံနံပါတ်ရှာ၊ သားကို အခန်းထဲ သွင်းပြီး ပြန်မယ် ပြင်မှ သော့က ကျကျန်ခဲ့ပြီ။ ဘယ်မှာမှ ရှာလို့ မတွေ့တော့။ ဆားကစ်ဖြုတ်ပြီး နှိုးမယ် ကြံတော့လည်း သူခိုးရန်ကြောင့် ခတ်မိခဲ့တဲ့ ဇက်သော့က တစ်မှောင့်။ ရုံးမှာကလည်း အစည်းအဝေး ရှိတော့ နောက်ကျလို့ မဖြစ်။ တော်ကြာ ခေါင်ကမှ မလုံရင် ကျီးယက်တွေကလည်း မိုးယိုကြတာပေါ့ကွာ ဆိုမှဖြင့် အခက်။ အခြေအနေကို ရိပ်စားမိတဲ့ ဆရာတစ်ယောက်က သော့ပြင်ဆရာကို ခေါ်လာပေးတယ်။ သော့ပြင်ဆရာက နောက်သော့ကို ဖြုတ်ပြီး လိုင်းမဖော်ရသေးတဲ့ သော့အသစ်ကို ထိုး၊ အပ်နဲ့ အရာပေး၊ တံစဉ်းနဲ့ တိုက်ပြီး ပုံဖော်လိုက်တယ်။ မိနစ်အနည်းငယ် အတွင်းမှာပဲ အဆင်ပြေသွားတယ်။ သူဝမ်းသာအားရ ငွေရှင်းရင်း

“မင်းတို့ကလည်း လောကကြီးကို အလှဆင်တတ်ပါလားကွ”

လို့ ပြောပြီး မောင်းထွက်သွားတယ်။

အတ္တနဲ့ အံကိုက် ဖြစ်မှ အလှဆင်တယ်လို့ ယူဆတတ်တဲ့ အဲဒီအရာရှိကြီးရဲ့ ဒီနေ့ မျက်နှာ၊ လေသံ၊ စကားလုံးနဲ့ မနေ့က မျက်နှာ၊ လေသံ၊ စကားလုံးတွေကို အကယ်ဒမီစံနဲ့ နှိုင်းယှဉ်သုံးသပ်ရင်း ဘယ်ခေတ် ဘယ်အခါမှာမှ ပြန်လှန် ချေပခွင့် မစွမ်းသာတဲ့ ငနင်းပြားကတော့ သက်မကို အသာချလို့ပေါ့။

▢  ကိုသန်းဌေး (ညောင်ဦး)
📖 ကလျာ မဂ္ဂဇင်း
      ဩဂုတ်လ ၊ ၂၀၁၅

No comments:

Post a Comment