❝ စည်းရလို့လား ❞
( နန်းနေနွယ် )
ကျွန်မတို့ သင်တန်းမှာ ကရင်မလေးတစ်ယောက် ရှိတယ်။ သူ့ နာမည်က ဇင်ဇင် တဲ့။ သူက အရမ်းရိုးသားတယ်။ စကားကို ဥပမာနဲ့ ပြောလို့ မရဘူး။ တဲ့ (ဒဲ့) တိုး ပြောမှ ရတယ်။ ဗမာစကား အထာကိုလည်း နားမလည်ဘူး။ “ငရုတ်သီး လေးလုံးကွဲထောင်း” လို့ ဆိုရင် ကျွန်မတို့က နားလည်တယ်။ မညက်အောင် ထောင်းခိုင်းတာလေ။ လူတိုင်းလိုလို နားလည်မှာပါ။ ဒါပေမယ့် သူက မသိဘူး။ မသိတော့ ဘာလုပ်လဲဆိုတော့ ငရုတ်သီးတောင့်တွေကို နို့ဆီဗူးနဲ့ ချင်တယ်။ ပြီးတော့ လာပြောတယ်။
“ငရုတ်သီးကို နို့ဆီဗူးနဲ့ ချင်တာ လေးလုံးခွဲ မပြည့်ဘူး။ ဘယ်လို လုပ်ရမလဲ” လို့ လာမေးတယ်။ ကျွန်မတို့မှာ ရယ်လိုက်ရတာ။ မောတောင် မောတယ်။
တစ်နေ့တော့ ကျွန်မတို့ သင်တန်းက သင်တန်းသူ၊ သင်တန်းသား တွေနဲ့ သင်တန်းဆရာတို့ ဇင်ဇင်ရဲ့ ရွာကို လေ့လာရေးခရီး၊ အပျော်ခရီး ထွက်ခဲ့ကြတယ်။ ဇင်ဇင့်ရဲ့ မိခင်ကလည်း တအား ရိုးသားတာ။ ကျွန်မတို့ အဖွဲ့က လူသိပ်မများဘဲနဲ့ ဆူညံနေကြတာ။ တစ်ယောက်ကို တစ်ယောက် စလိုက်နောက်လိုက်နဲ့ ပျော်ပျော်ပါးပါးပေါ့။ ဇင်ဇင်တို့ အိမ်ရှေ့က ရွှေဖရုံစင် အောင်မှာပဲ နေ့လယ်စာ စားဖြစ်ကြတယ်။
ရွှေဖရုံပင်ကြီးကလည်း သီးလိုက်တာ ပြွတ်ခဲနေတာပဲ။ ကျွန်မက ရွှေဖရုံသီးစေးစေးလေးကို သိပ်ကြိုက်လေတော့ “ရွှေဖရုံသီးက စေး (စီး) လား” လို့ မေးလိုက်တယ်။ အဲဒီမှာ ဇင်ဇင့်အမေ ပြန်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မတို့တစ်ဖွဲ့လုံး ရယ်လိုက်တာ၊ ဇင်ဇင်တို့ အိမ်လေးတောင် သိမ့်သိမ့်တုန်သွားလေရဲ့။ ဇင်ဇင့်အမေ ပြောလိုက်တာက ဒီလိုပါ။
“ရွှေဖရုံသီးက စည်းရလို့လား...ကျွန်မတို့ကတော့ တစ်ခါမှ စည်း မရောင်းဘူး။ ဒီတိုင်း အလုံးလိုက် ရောင်းလိုက်တာပဲ”
▢ နန်းနေနွယ်
📖 ရယ်စရာ မဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၅
No comments:
Post a Comment