❝ မြဒါလီ သူ့မှာ ချစ်သူရှိသည် ❞
▢ မောင်ကိုယု
ဦးကျော်စွာသည် မြဒါလီကို သတိရနေသည်။
••••• ••••• •••••
တယ်လီဗေးရှင်းမှ တက္ကသိုလ်ပေါင်းစုံအငြိမ့်ကို ကြည့်နေရင်း ဘဝဟောင်းကို လွမ်းဆွတ်တမ်းတမိ၏။
ဟိုတုန်းက သူတို့ ဤလိုပင် တက္ကသိုလ်မှာ အငြိမ့်ကခဲ့ကြသည်။
ယခု လူရွှင်တော်တို့ ခေတ်စားခဲ့သလို ခင်မောင်မြင့်တို့၊ ညီညီတို့၊ ဆရာကိုကျော်စွာတို့လည်း တစ်စခန်း ထခဲ့ကြပါသည်။
သီတာဝင်း နေရာမှာတော့ မြဒါလီပေါ့။
တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကံ့ကော်မြိုင်အငြိမ့်ကြီး ဟည်းထအောင် ကခဲ့ကြတုန်းကပေါ့။
အဲဒီတုန်းက သမိုင်းနည်းပြဆရာလေး ကိုကျော်စွာက ဇာတ်ဆရာလေ။
••••• ••••• •••••
တက္ကသိုလ် အနုပညာအသင်းတွင် အငြိမ့်တစ်ခု တည်ထောင်ကပြဖို့ကို ကိုကျော်စွာ တော်တော်ကြိုးစားခဲ့ရသည်။
အစဉ်အလာတစ်ခုကို တော်လှန်ပြောင်းလဲရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။
တက္ကသိုလ်အနုပညာအသင်းက အကသင်တန်းများ ဖွင့်သည်။ ဂီတ သင်တန်းများကို ဦးစီးသင်ကြားပေးသည်။ နှစ်စဉ် သင်တန်းဆင်းပွဲများတွင် ယိမ်းများ၊ သံပြိုင်သီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသည်။
သို့သော် အငြိမ့်ကို ကပြခြင်းမရှိပေ။ စမ်းသပ်တင်ပြရန်လည်း မဝံ့မရဲ ဖြစ်ကြသည်။ ကျောင်းသားက လူရွှင်တော် လုပ်ပြီး ကျောင်းသူက အငြိမ့် မင်းသမီး လုပ်ရမည်ကို အဆန်းတကြယ် ဖြစ်နေကြသည်။
ဆရာကိုကျော်စွာမှာမူ ကျောင်းသား ဘဝကပင် အနုပညာအသင်းနှင့် ရင်းနှီးပြီးသားရှိသည်။ ပတ္တလား တီးသည်။ မြိုင်ထမင်းသားအက ကသည်။ ဒိုးပတ်ဝိုင်းဖွဲ့သည်။
ယခုလည်း အငြိမ့်တစ်ခု တည်ထောင်ဖို့ ဆရာကြီးများထံမှ ခွင့်ပြုချက်ရပြီးနောက် မင်းသမီး ရှာရသည်။ လူရွှင်တော်များ အတွက်တော့ ပြဇာတ် ကော်မတီအဖွဲ့ဝင်များက ဗော်လံတီယာ လုပ်ပြီးဖြစ်သည်။
ရှားရှားပါးပါး မြဒါလီကို ရှာလို့ တွေ့လာရ၏။ မြဒါလီက ဥပဒေကျောင်းသူ၊ အကသင်တန်းသူ၊ မူလကပင် ဗီဇရှိသည်။ ရုပ်ရည် ချောသည်၊ အသံ ကောင်းသည်၊ သွက်လက်ရဲရင့်သည်။ ဆရာကိုကျော်စွာက ချဉ်းကပ် ဆွေးနွေးကြည့်တော့ လိုလိုလားလား လက်ခံရှာ၏။
“ဆရာ သင်ပေးရင်တော့ မြဒါလီ ကရဲပါတယ်”
“မြဒါလီ အငြိမ့်တွေ ကြည့်ဖူးတယ် မဟုတ်လား”
“ကြည်ဖူးတာပေါ့ ဆရာ၊ မြဒါလီတို့ ကလေးဘဝက အိမ်ရှေ့ကွပ်ပျစ်ပေါ် ညလသာတဲ့အခါ ကိုယ့်အငြိမ့် ကိုယ်ထောင်ပြီး ကခဲ့ကြတာပဲ၊ ဟဲ...ဟဲ...”
“ဒါဖြင့် ဟန်ကျပြီ၊ ဆရာတို့က ခုခေတ် ရန်ကုန်မှာ ကနေကြတဲ့ သရုပ်ပျက်နေတဲ့အငြိမ့်မျိုးကို မလိုချင်ဘူး။ အရင်က အငြိမ့်အတိုင်း မူမပျက် ကချင်တယ်။ အဲဒါ ဆရာတို့ ကြိုးစားကြည့်ကြတာပေါ့”
နောက်တော့ ညနေတိုင်း အငြိမ့်တိုက်ကြသည်။ ခင်မောင်မြင့်တိုက ပျက်လုံးထုတ်၍ အပြန်အလှန်အပေးအယူ လုပ်ပြီး စကားဝင် စကားထွက် တိုက်ကြသည်။
ကိုခင်မောင်မြင့်က မြန်မာစာအဓိကကျောင်းသား၊ ညီညီက ဒဿနိက ဘာသာအဓိကကျောင်းသား။ ထွန်းဝင်းနဲ့ စိုးဝင်းတိုက ပထဝီကျောင်းသားများ ဖြစ်ကြသည်။ မွန်ထောပိုင်ကတော့ ဝိုင်းတီးဆရာပေါ့။
ဆရာကိုကျော်စွာက ပတ္တလားနှင့် သီချင်းတိုက်သည်။ ကံ့ကော်မြိုင်အငြိမ့် ပဏာမသီချင်းကို ကိုယ်တိုင်စပ်ပြီး မြဒါလီကို ချပေးသည်။
“အစ်ကို အစ်မတို့၊ အလိုကျဖို့၊ မြဒါလီ အချိုးကျကျ ကပြဖို့ လာပါပြီ”
လူရွှင်တော်သံပြိုင် - “ဟေ့၊ ဟေ့၊ မြဒါလီ၊ တက္ကသိုလ်ကျောင်းသူလေး မြဒါလီ”
“အစ်ကိုခင်ရင် ကြိုကြိုတင်တင် သိစေချင်ပါသည်”
လူရွှင်တော်သံပြိုင် - “မြဒါလီ၊ သူ့မှာ ချစ်သူရှိသည်၊ မြဒါလီ သူ့မှာ ချစ်သူရှိသည်”
အငြိမ့် တကယ် ကပြကြတော့ ကံ့ကော်မြိုင်အငြိမ့်နာမည်ကနေ ကျောင်းသားများက မြဒါလီအငြိမ့်လို့ ပြောင်းပြီး ခေါ်လာကြသည်အထိ သီချင်းက ရေပန်းစား သွားတော့သည်။
••••• ••••• •••••
အငြိမ့်တိုက်ပြီးတိုင်း မြဒါလီကို ရတနာဆောင်အထိ ကိုကျော်စွာက လိုက်ပို့ရသည်။ ပြီးတော့မှ မိမိ နေထိုင်ရာ ဆရာများအဆောင်သို့ ပြန်ရ၏။
“ဆရာရယ်၊ ဖြစ်ပါ့မလား မသိဘူး၊ မြဒါလီတော့ အားငယ်လာပြီ”
အစပထမတော့ မြဒါလီကိုယ်တိုင်က ယုံကြည်မှုနည်းကာ တကယ် ပွဲဝင်ရမည်ကို ကြောက်နေသည်။
“ဟ အခုမှ စတိုက်ကာစ ရှိသေးတာပဲ၊ ဆရာ သင်ပေးနေတဲ့ဥစ္စာ၊ ဘာအားငယ်စရာ ရှိလို့လဲ”
ဆရာကိုကျော်စွာက အားပေးရ၏။
လက်ပွန်းတတီး ရင်းနှီးလာသောအခါ တီးလုံးနှင့်အဝင်အထွက် မကိုက်လို့ ဆရာကိုကျော်စွာက ငေါက်မိသည်။ မြဒါလီကလည်း စိတ်ကောက်ပြသည်။ အရွဲ့တိုက်ပြီး ကကြိုးကိုပြောင်းပစ်သည်။
ထိုအခါတွင် ဆရာကိုကျော်စွာ ချော့ရပြန်သည်။ ဆရာက ချော့ပြန်တော့ မင်းသမီးနော့တတ်လာသည်။
“ဟိုနေ့ကျရင် ဆရာကိုယ်တိုင် ပတ္တလားကိုင်မှ မြဒါလီ ကမှာနော်”
မြဒါလီက ကြက်ရေးငှက်ရေးတွင် အကျပ်ကိုင်လာပြန်ရာ ဆရာ ကိုကျော်စွာက ပျော့ရပြန်၏။ သူကိုယ်တိုင် တီးဝိုင်းထဲ ဝင်ထိုင်ပေးရ၏။
အငြိမ့်ကတော့ အောင်မြင်ပါသည်။ ဘွဲ့နှင်းသဘင်ခန်းမ၌ ပွဲဦးထွက် ကကြပြီးနောက် ကျောင်းဆောင်များ၏ နှစ်ပတ်လည် ညစာစားပွဲများတွင် ကပြရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။
မြဒါလီတို့ ရေပန်းစားလာပါသည်။ ကိုယ့်မင်းသမီး လူကြိုက်များတော့ ဇာတ်ဆရာ မော်မဆုံး ပြုံးခဲ့ရ၏။
ဇာတ်အဖွဲ့ဝင်တွေကတော့ ဇာတ်ဆရာနှင့် မင်းသမီးကို ရိတိတိ နောက်ကွယ်တွင် ပြောလာကြသည်။
မင်းသမီးကလည်း အဆောင်ကို ဆရာကိုကျော်စွာ လိုက်ပို့မှ ပြန်သည်။
••••• ••••• •••••
အမှန်ဆိုလျှင် ဆရာကိုကျော်စွာသည် မြဒါလီကို အစကပင် ချစ်ခဲ့ပါသည်။
ဆရာတစ်ယောက် ဖြစ်နေသည့်အတွက်လည်း ဆင်ခြင်ရသည်။ ပြီးတော့ သည်ယုန်မြင်လို့ သည်ခြုံထွင်သည်ဟုလည်း ပြောစမှတ်ဖြစ်စရာ ကျန်မည် စိုးသောကြောင့် ကိုယ့်မေတ္တာကို မျိုသိပ်ထားခဲ့ရခြင်းဖြစ်ပါသည်။
မြဒါလီကလည်း သူ့အပေါ် တွယ်တာညွတ်တိမ်းမှန်း ဆရာကိုကျော်စွာ မသိမဟုတ်ပေ။ သိပါသည်။ သို့သော် မသိဟန်ဆောင်ရသည်။
တစ်ခါတစ်ရံ မြဒါလီကပင် ရေလာမြောင်းပေးစကား ခေါ်လာတတ်သည်။
“အငြိမ့်တွေ ကစရာ ပြီးလို့ စာမေးပွဲချိန် ရောက်လာရင် မြဒါလီတို့ အခုလို အမြဲတွေ့ရမှာ မဟုတ်တော့ဘူးနော်”
“နောက်နှစ် ပြန်စတော့ တွေ့ရမှာပေါ့ကွ”
“ဟင် .. ဒီလိုဆိုတော့ ဆရာက အငြိမ့် မရှိရင် မြဒါလီဆီ မလာတော့ဘူးပေါ့ ဟုတ်လား”
“ဒီလိုလည်း မဟုတ်ပါဘူး”
••••• ••••• •••••
တကယ်ပင် မြဒါလီတို့ နောက်နှစ် ပြန်ကကြရသည်။
ဒီတစ်ခါတော့ ဆရာကိုကျော်စွာက မြဒါလီနဲ့ မနီးစပ်အောင် ရှောင်လိုက်သည်။ အဆောင်က အပို့အကြိုကို ညီညီအား တာဝန်ပေးလိုက်၏။ ညီညီ ကလည်း ဝမ်းသာအားရ ထိုတာဝန်ကို ယူပါသည်။
“ဆရာက ပြန်မပို့တော့ဘူးလား”
မြဒါလီက မျက်နှာလေး ငိုမဲ့မဲ့နှင့် မေးလာသည်။
“ဆရာ သွားစရာတွေ ရှိနေလိုကွာ၊ ညီညီပို့လည်း ဖြစ်တာပဲ မဟုတ်လား”
“ဖြစ်ပါတယ်လေ၊ ညီညီပို့လည်း ရတနာဆောင် ရောက်တာပါပဲ”
မြဒါလီက တစ်ဖက်သို့လှည့်၍ ပြန်ဖြေလိုက်၏။
ပွဲစဉ် များလာသည်နှင့်အမျှ ညီညီနှင့် မြဒါလီတို့ ပိုမိုရင်းနှီးလာ၏။ နေ့လည်နေ့ခင်းများတွင်ပင် ကော်ရစ်ဒါတစ်လျှောက်နှင့် မုန့်စားရုံကင်တင်းဘက်တွင် တပူးတွဲတွဲ တွေ့လာရ၏။
ဇာတ်ခုံပေါ်မှာပင် လူရွှင်တော် အချင်းချင်း ရိပ်ဖမ်းသံဖမ်း အတို့အထောင် နောက်ပြောင်လာကြ၏။
ဤလိုတော့လည်း ဆရာကိုကျော်စွာ ရင်တွင်းမှ မနာလိုဖြစ်မိလာ၏။
ကန်တော်ကြီး မြေပဒေသာကျွန်းပြပွဲ၌ တက္ကသိုလ်အနုပညာအသင်းကို ဖိတ်ခေါ်သည်။ မြဒါလီတို့ အငြိမ့်လည်း အခန်းတစ်ခန်း ပါဝင်သည်။
ညနေ အပန်းဖြေရိပ်သာမှ ပို့ဆောင်မည့် ကားကို အဖွဲ့လိုက် စောင့်နေကြ၏။
ဆရာကိုကျော်စွာက သူ့အငြိမ့်အဖွဲ့ကို ပတ္တလားခန်းထဲသို့ စုခေါ်လိုက်သည်။
“အဖွဲ့သားတွေကို ဆရာပြောရဦးမယ်၊ အခု ဆရာတို့ တက္ကသိုလ်ပြင်ပကို ထွက်ပြီး ကပြကြရမယ်၊ ကိုယ့်ခြံကိုယ်ဝင်းထဲမှာတော့ ကိစ္စမရှိဘူး။ အပြင်မှာတော့ ပိုပြီး အနေအထိုင် အပြောအဆို သတိထား ဆင်ခြင်ရမယ်၊ တက္ကသိုလ် ကျောင်းသားတွေကို အထင်သေးစရာဖြစ်အောင် တို့ နေလို့ ထိုင်လို့ ပြောလို့ ဆိုလို့ မဖြစ်ဘူး။ အထူးသဖြင့် သဘင်တို့ ဇာတ်အငြိမ့်တို့ ဆိုရင် စာရိတ္တနဲ့ ပတ်သက်ပြီး လူတွေက အထင်သေးချင်ကြတယ်။ တစ်ချို့ဇာတ်တွေလို ဇာတ်နောက်ကွယ်မှာ အရှုပ်တော်ပုံတွေ ရှိတတ်ကြတယ်လို့ လူတွေက ထင်ကြလိမ့်မယ်၊ အနုပညာဟာ အနုပညာပဲ။ လူမှုရေးကဏ္ဍနဲ့ မဆိုင်ဘူးဆိုတာ ပြရလိမ့်မယ်။ ဒါကြောင့် အချင်းချင်း ဆက်ဆံတဲ့အခါမှာ လူအထင်သေးတဲ့ အနေအထိုင် အဆက်အဆံမျိုးကို ဆင်ခြင်စေချင်တယ်”
အားလုံးငြိမ်ပြီး နားထောင်နေကြသည်။
“ဆရာက မြဒါလီကို ရည်စူးပြီး ပြောတာလား ဆရာ”
မြဒါလီက ဆရာကိုကျော်စွာကို စိုက်ကြည့်ပြီး မေးလိုက်၏။ အသံက တုန်နေသည်။
“ဆရာ အားလုံးကို ပြောတာပဲ၊ ဘယ်သူ့ကိုမှ ပုဂ္ဂလိက မရည်ညွှန်းပါဘူး”
“ဒီအဖွဲ့မှာ မိန်းကလေးက မြဒါလီ တစ်ယောက်တည်း ပါတာဆိုတော့”
“ဒါ ဘာဆိုင်လဲ မြဒါလီ၊ ဆရာက စေတနာနဲ့ ဣန္ဒြေရှိဖို့ ပြောတာပါပဲ”
မြဒါလီက ငိုသည်။ အဖွဲ့သားများက ဝိုင်းချော့ကြသည်။ ညီညီက မနေတတ်၊ မထိုင်တတ် ဖြစ်နေ၏။
ထိုနေ့ညက မြဒါလီ စင်ပေါ်မှာတော့ အကွက်စေ့စေ့ ကသွားပါ၏။ လူရွှင်တော်ညီညီကို ဆရာကိုကျော်စွာ မြင်အောင် တမင်ပို၍ အတို့အဆိတ် လုပ်ပြသွားသည်မှလွဲ၍ ချောမောအောင်မြင်ပါသည်။
ကျောင်းပိတ်ခါနီးတွင်မူ မြဒါလီနှင့် ညီညီတို့ကို အများက အသိအမှတ်ပြုသည့် ချစ်သူများ ဖြစ်သွားကြပါသည်။
ဆရာကိုကျော်စွာ ကလည်း သိက္ခာရှိရှိပင် မိမိအချစ်ကို မျိုသိပ်၍ ထားလိုက်ရပါ၏။
ထိုနှစ်သည် မြဒါလီက ဥပဒေပဉ္စမနှစ် ဖြစ်သကဲ့သို့ ညီညီတို့လည်း ဒဿနိကဗေဒ နောက်ဆုံးနှစ်ဖြစ်ကြပါသည်။ နောင်နှစ်တွင် ကျောင်းက ထွက်ကြရတော့မည်။ ပြင်ပလောကသို့ ဘဝလှမ်းကြရတော့မည် ဖြစ်ပါသည်။
••••• ••••• •••••
ညီညီက ဗိုလ်သင်တန်း တက်သွားသည်။ မြဒါလီက သူ့မြို့မှာ ချိန်ဘာသင်တန်း တက်သည်။ ကျန်တဲ့လူများလည်း ရေကြည်ရာ မြက်နုရာ သွားကြပြီးဖြစ်၏။ ဆရာကိုကျော်စွာ သည်ပင် ယဉ်ကျေးမှုဌာနသို့ ပြောင်းရွှေ့အမှုထမ်းရာ မကြာမီပင် အရှေ့ဂျာမနီသို့ ဇာတ်ဝင်မွမ်းမံမှု နှစ်နှစ်သင်တန်း သွားတက်ရန် ရွေးချယ်ခြင်း ခံရသည်။
မြဒါလီနှင့် ညီညီတို့၏ မေတ္တာလမ်း ချောမောပြေပြစ်လျက်ရှိကြောင်း နိုင်ငံခြားသို့ မထွက်ခွာမီ ဆရာကိုကျော်စွာ သိရှိသွားပါသည်။ ဆရာကိုကျော်စွာ က မြဒါလီထံ နှုတ်ဆက်စာ ရေးသဖြင့် စာပြန်သည်။
ဆရာ ပြန်လာတဲ့အချိန်လောက်မှာပဲ ကိုညီညီနဲ့ မြဒါလီတို့ လက်ထပ်ဖြစ်လိမ့်မယ် ထင်တယ်။ သူ ဗိုလ်သင်တန်း ဆင်းပြီး တစ်နှစ်ကျော်ကျော်တော့ စောင့်ရဦးမယ်။ ဆရာ အမီ ပြန်လာပါ။ လက်ထပ်ပွဲကို ဆရာ တက်စေချင်ပါတယ်။
••••• ••••• •••••
သို့သော် အရာရာတိုင်းသည် မျှော်မှန်းသကဲ့သို့ ဖြစ်မလာပါ။ ဗိုလ်ညီညီ တိုက်ပွဲတွင် ကျသွားကြောင်း ဆရာကိုကျော်စွာ နိုင်ငံခြားရောက်ပြီး တစ်နှစ် အကြာတွင် ဝမ်းနည်းဖွယ် ကြားသိရ၏။
မြဒါလီထံ ဝမ်းနည်းစာ ရေးလိုက်၏။ ပြန်စာ ချက်ချင်းမရပါ။ လအတော် ကြာမှ စာပြန်လာသည်။
“ဇာတ်ဆရာက မြဒါလီတို့ကို တွေ့အောင်သာ ဖန်တီးပေးနိုင်တယ်။ ပေါင်းရအောင် ဖန်တီးမပေးနိုင်ဘူးနော်” ဟု ဝမ်းပန်းတနည်း ဆိုလာသည်။
ကြာတော့ ကြာခဲ့ပါပြီ။
နိုင်ငံခြားက ပြန်ရောက်စတွင် မြဒါလီ တစ်ယောက် ဥပဒေဝန်ထမ်း အလုပ်ဝင်သွားကြောင်း သတင်းစကားကြားလိုက်ရ၏။
ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် တာဝန်ထမ်းဆောင်နေသည်ဟု သိရသော်လည်း လုပ်ငန်းတာဝန်များ ပိနေသဖြင့် သွားမတွေ့ ဖြစ်ခဲ့ပေ။
••••• ••••• •••••
ယခုတော့ ပိုပြီး သတိရလာသည်။ ချစ်ဦးသူကို လွမ်းနေတုန်းပဲလား။ ဖြေသာ နေသာပါ့မလား။
အခုလို လွတ်လွတ်လပ်လပ်အခြေအနေမှာ မိမိ၏ မူလမေတ္တာစိတ်ကို ရင်ဖွင့်၍ ပြခွင့်ရပါလျှင် သင့်တော်ပါ့မလား။
ကိုကျော်စွာ တွေးလာရပါပြီ။
ယနေ့ည မြဒါလီကို ပိုပြီး သတိရလာသဖြင့် မနက်ဖြန်တော့ ရုံး နေ့တစ်ဝက် ဆင်းပြီး မြဒါလီထံ သွားတွေ့ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
••••• ••••• •••••
မြဒါလီက ချောလို့လှလို့ပင်။
ကကြိုးဟန် ပါသော ခြေလှမ်းတို့ဖြင့် ရုံးခန်းဝကို ထွက်လာသည်။ ဆရာ ကိုကျော်စွာကို မြင်တော့ ဝမ်းသာမှုဖြင့် အံ့ဩအငမ်းမရ နှုတ်ဆက်၏။
“ဆရာ.. ဆရာကြည့်စမ်း၊ ဝလိုက်တာနော်၊ ဆံပင်တွေကလည်း ရှည်လို့၊ ခေတ်လူငယ်လေးလိုပဲ။ ပြန်ရောက်တာ ဘယ်လောက် ကြာပြီလဲဟင်၊ အံမာလေး ဆရာရယ်၊ အရင်ထက်တောင် နုပျိုလာသေးတယ်”
“မင်းသမီးလည်း လှတုန်းပါပဲ”
“မင်းသမီး မဟုတ်တော့ဘူး ဆရာရေ၊ ဆွဲချ ဖြစ်နေပြီ။ ဟဲ... ဟဲ... ဆရာက ဘာဖြစ်လို့ ဆံပင်ရှည် ထားတာလဲဟင်”
“ဘာရယ်လို့တော့ မဟုတ်ပါဘူးကွာ၊ မင်းသားတွေနဲ့ ဇာတ်စင်မှာ လုံးထွေး နေရတော့ ရောယောင်ပြီး ထားလိုက်တာပါပဲ။ ပြီးတော့ ငယ်ဟန်ဆောင်တာပေါ့ကွာ၊ ဟား... ဟား... ဟား...”
မြဒါလီက သူ့စားပွဲသို့ ခေါ်သွားသည်။ လက်ဖက်ရည်မှာတိုက်သည်။ ရှေ့ဖြစ်နောက်ကြောင်း ပြောကြသည်။ ဟိုလူ့အကြောင်း၊ သည်လူ့အကြောင်း စုံအောင် ပြောကြသည်။
ခင်မောင်မြင့် တစ်ယောက် ရုပ်ရှင်မင်းသား လုပ်နေသည့်အကြောင်းလည်း ပါသည်။ ညီညီ့ အကြောင်းကို နှစ်ဦးစလုံးက ရှောင်၍ သွားကြသည်။
နာရီကို ကြည့်လိုက်တော့မှ ရုံးဆင်းချိန် ရောက်လာမှန်း သိလိုက်ရ၏။
“ကဲ.. ရုံးဆင်းပြီ၊ မြဒါလီ နေတဲ့နေရာလည်း သိရအောင် ဆရာ လိုက်ပို့မယ်”
မြဒါလီက ဘာမှ ပြန်မပြောဘဲ ပြုံးပြီး ပြန်ရန်အတွက် လက်ဆွဲခြင်းကို ပြင်နေသည်။
“ဆိုစမ်းပါဦး၊ ဘယ်ကို ပို့ပေးရမှာလဲ၊ အိမ်က ဘယ်မှာလဲ”
“ရန်ကင်းမှာပါ ဆရာ၊ အဒေါ်တစ်ယောက်ရဲ့တိုက်တန်းမှာ ခဏတော့ ကပ်နေရသေးတယ်၊ ဆရာ့ကို လိပ်စာပေးခဲ့ပါ့မယ်၊ ဒါပေမယ့် ဆရာ လိုက်ပို့ဖို့တော့ မလိုပါဘူး”
“ဘာဖြစ်လို့လဲ၊ ဆရာ့မှာ ကားပါတယ်”
“ဆရာက ရတနာဆောင်ကို လိုက်ပို့နေရာက ကိုယ်စားလှယ် လွှတ်ပြီး ပို့ခိုင်းလို့ ကိုညီညီနဲ့ ရင်းနှီးခဲ့ရတယ် မဟုတ်လား၊ အခုလည်း ကိုယ်စားလှယ် ရှိပါတယ် ဆရာ၊ မပူပါနဲ့။ အပြင်ကျတော့ သိရမှာပေါ့”
ဦးကျော်စွာသည် ကြောင်အမ်းအမ်းဖြစ်ကာ မြဒါလီနှင့် အတူ ရုံးပြင်သို့ ထွက်ခွာလာရ၏။
ရုံးပြင်၌ စစ်ရောင် မာဇဒါကားဘေး၌ လူငယ်ဗိုလ်ကြီးတစ်ယောက် ရပ်စောင့်နေသည်။
“ဒါက ဗိုလ်ကြီးတင်စိုးပါ၊ ကိုညီညီတို့နဲ့ တစ်ပတ်တည်းဆင်းတာပဲ၊ သူက စစ်ဥပဒေချုပ် ရုံးကလေ။ ကျောင်းမှာတုန်းကလည်း မြဒါလီနဲ့ တစ်တန်းတည်း ဥပဒေယူပါတယ်”
“ဆရာ့ကိုတော့ ကျောင်းကတည်းက ကျွန်တော် သိပါတယ်“
ဗိုလ်ကြီးတင်စိုးက ပြုံး၍ နှုတ်ဆက်လိုက်၏။ မြဒါလီသည် မာဇဒါ ကားလေးထဲ ဝင်ထိုင်လိုက်၏။ ပြီးတော့ ရှက်စနိုး ပြုံးနေသည်။
••••• ••••• •••••
ဦးကျော်စွာသည် ကားမောင်းလာရင်း...
“မြဒါလီ သူ့မှာ ချစ်သူရှိသည်” ဟူသော ခင်မောင်မြင့်တို့ လူရွှင်တော် တစ်သိုက် သံပြိုင်ဟစ်လိုက်သော သီချင်းသံကို ပြန်လည် ကြားယောင်မိရင်း မချိပြုံး ပြုံးလိုက်ပါသည်။
▢ မောင်ကိုယု
📖သဘင် မဂ္ဂဇင်း
၁၉၈၃ ခု၊ နိုဝင်ဘာလ
No comments:
Post a Comment