Showing posts with label မြို့သာမရာထို. Show all posts
Showing posts with label မြို့သာမရာထို. Show all posts

Wednesday, April 1, 2026

စာဘူးတောင်း ပုံပြင်


 

❝ စာဘူးတောင်း ပုံပြင် ❞
      ( မြို့သာမရာထို )

ကျွန်မ ငယ်ငယ်တုန်းက အားအားရှိ အဘွားကို ပုံပြောခိုင်းတာ ၊ ပုံပြင်တွေ ၊ နောက်ပိုင်း ဇာတ်ထုပ်တွေကဆို ပြောရလွန်းလို့ အပ်ကြောင်းကို ထပ်လို့ ၊ အဲဒီအခါမျိုးမှာ အဘွားက တိရစ္ဆာန်လေးတွေအကြောင်းကို စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြတတ်ပါတယ် ။

ကျွန်မလည်း ခုနစ်ဆယ်ကျော်ပြီ ဆိုတော့ အဘွားအရွယ် ရောက်နေပါပြီ ။ ကျွန်မမှာ မြေးသုံးယောက် ရှိတယ် ။ ဒုတိယသမီးက မွေးတာ ယောက်ျားလေး တစ်ယောက် ၊ မိန်းကလေး တစ်ယောက်ပါ ။ ယောက်ျားလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ စာစုံ တော်တော်ဖတ်တယ် ။ ပဉ္စမတန်းတုန်း ကတည်းက ပါဝါမျက်မှန်နဲ့ ခုဆို သတ္တမတန်း ရောက်နေပါပြီ ။ စာဖတ်တဲ့ ကလေး ဆိုတော့ လူတိုင်းနဲ့ ပြောတတ် ဆိုတတ် ရှိတယ် ။ စကားပြောတဲ့ အခါမှာလည်း စကားလုံးကို သေးရင် မွေးထားသေးတာ ။ ကြီးမှ လွှတ်တာ ။ အငယ်မကတော့ ‘ ရယ်ဒီမိတ် ’ ခေါက်ဆွဲတွေ စားလွန်းလို့လား မသိဘူး ။ ကွေးနေအောင် ကောက်တာ ။ တစ္ဆေ သရဲလည်း အလွန်ကြောက် ၊ TV ထဲမှာ ပါရင်လည်း မကြည့်ဝံ့ဘူး ။ လူလူချင်းကျတော့ သတ္တိကောင်းပြန်ရော ။ တတိယ သမီးက မွေးတာ သမီးလေး တစ်ယောက်တည်း ။ တစ်ဦးတည်းသောသမီး ဆိုပေမဲ့ ဆတ်ဆတ်လန် ဆန်ဆန်ကြဲ ၊ စကားပြောတော့လည်း ‘ ဆင်ခြေဆင်လက် ’ တွေနဲ့ ယုတ္တိပါအောင် ပြောတာ ။ စာကတော့ မြေးသုံးယောက် စလုံး တော်ကြပါတယ် ။ သူတို့လေးတွေကို အတုယူနိုင်စရာ အကြောင်းအရာလေးတွေ ပြောပြနိုင်ဖို့ စိတ်ကူး နေမိတယ် ။ ဒါပေမဲ့ ဒီမြေးတွေက ကျွန်မအနား တစ်ယောက်မှ မကပ်ကြဘူး ။ ခေတ်ချင်းက မတူလေတော့ TV နဲ့ ၊ Facebook နဲ့ အချိန်ကုန်နေကြတာ ။ TV ထဲက လာတဲ့ ဗမာကား ၊ အင်္ဂလိပ်ကား ၊ ကုလားကား ၊ တရုတ်ကား ၊ ကိုရီးယားကား ၊ သူတို့ မကြိုက်တဲ့ကား မရှိဘူး ။ အကုန်ကြည့် ။ Facebook သုံးရင်လည်း ထမင်းမေ့ ၊ ဟင်းမေ့ ၊ ကျွမ်းသလားလည်း မမေးနဲ့ ။ သင်ပေးထားလို့ မဟုတ်ဘူး ။ လက်တွေ့ စမ်းရင်း တတ်နေကြတာ ။

Covid - 19 ဖြစ်နေတဲ့ အချိန် ကျောင်းတွေ ၊ ကျူရှင်တွေက ပိတ်ထားတော့ ကျွန်မက အဘွား ပြောဖူးတဲ့ အထဲက ‘ စာဘူးတောင်း ’ လေး အကြောင်းကို ပြောပြချင်စိတ် ပေါ်နေမိတယ်။ ‘ စာဘူးတောင်း ’ လုပ်တဲ့ စာသူငယ်လေးတွေရဲ့ နာမည်ကို ကျွန်မ အမှတ် မမှားဘူး ဆိုရင် ‘ စာဝတီး ’ လေး လို့ ခေါ်ကြတယ် မှတ်တယ်။ ရိုးရိုးစာ ‘ ခေါင်းကျား ’ တွေထက် ယောင်ယောင် ငယ်သလိုပဲ။ ခေါင်းဝါလေးတွေနဲ့ ဒီစာဝတီးလေးတွေက အချိန်တန် အရွယ်ရောက်လို့ မိတ်လိုက်ပြီး ‘ ဥ ’ တော့မယ် ဆိုရင် ‘ စာဘူးတောင်း ’ အသိုက်လေးတွေ လုပ်ကြတယ်။ အထီးရော ၊ အမရော နှစ်ကောင်စလုံး ဝိုင်းလုပ်ကြတာပါ။

သူတို့ ကျက်စားတဲ့ တောထဲမှာပဲ သစ်ပင် အဖျားလေးတွေ မှာတို့ ၊ ထန်းပင် အဖျားလေးတွေ မှာတို့ တွဲလောင်းလေးတွေ တွေ့ရတယ် ။ လုပ်တဲ့ အခါမှာလည်း တကယ့် ‘ ဗိသုကာ ’ စာသူငယ်လေးတွေလို့ ဆိုရလောက်အောင် သေသေသပ်သပ်နဲ့ လက်ရာ မြောက်ကြပါတယ် ။ မြက်ပင်လေးတွေကို တစ်ပင်ချင်း ချီယူလာပြီး သူတို့ နှုတ်သီးလေးနဲ့ ထိုးထည့် လိုက် ၊ ဆွဲယူလိုက် ၊ သပ်ရပ်သွားအောင် ကိုယ်လုံးလေးနဲ့ ပွတ်ပြီး အချောသတ်လိုက်နဲ့ သေသေချာချာ ရက်လုပ်ကြတယ် ။ ‘ စာဘူးတောင်း ’ က ဖင်အိုင့်လေးနဲ့ ထိပ်ပိုင်းက ရှူးရှူးလေး ၊ ဘူးသီးလေးနဲ့ တူလို့ ‘ ဘူးတောင်း ’ လို့ ခေါ်ကြဟန် တူပါတယ် ။

ဖင်အိုင့်လေးထဲမှာ ဥဥ ကြတယ် ။ ဥတဲ့ နေရာရဲ့ ထက်နား နည်းနည်း အမြင့် နေရာမှာ ‘ စာ ’ အမေကြီး အဝင်အထွက် လုပ်ဖို့ အပေါက်ကလေးလည်း ရှိတယ် ။ သစ်ပင်အဖျားမှာ ချိတ်ထားတာ ခိုင်မြဲသလို ရက်ထားတဲ့ မြက်ပင်ကလေးတွေ ကလည်း ထူထူထဲထဲ ရှိတာကြောင့် အတော်အသင့် လေဒဏ်မိုးဒဏ်ကတော့ ခံနိုင်တယ် ။ သစ်ပင် ကိုင်းဖျားကိုင်းနားမှာ ဆိုတော့ မြွေပါးကင်းပါး ရန် ကလည်း မကြောက်ရတော့ဘူးပေါ့ ။

‘ စာဘူးတောင်း ’ ကို တစ်ခုတည်း လုပ်ကြတာ မဟုတ်ဘူး ။ နှစ်ခု လုပ်ကြတာ ။ အမ ‘ ဥ ’ ဖို့က တစ်ခု ၊ အထီး နေဖို့က တစ်ခု ၊ စာအထီး ( အဖေကြီး ) နေတဲ့ ဘူးတောင်းသိုက်က ညအခါ အဖေကြီး အိပ်ဖို့အတွက် အိပ်တန်းလေးကို မြက်ပင်လေးတွေ လိမ်ပြီး ကြိုးတန်းလေး လုပ်ထားတာ ရှိတယ် ။ အဲဒီ ဘူးတောင်းသိုက် နှစ်ခုက မသွေမကွာ သိပ်မဝေးကြဘူး ။

စာကလေးတွေက ‘ ဘူးတောင်းသိုက် ’ ဖြစ်မြောက်ဖို့ မြက်ပင်လေးတွေ တစ်ပင်ချင်း ချီပြီး အခေါက်ခေါက် အခါခါ ကူသယ်ခေါက်သယ် သယ်ပြီး လုပ်ကြရှာတာ ။ အချိန် ဘယ်လောက်များ ကြာတယ် မသိနိုင်ဘူး ။ စာလေးတွေ အတွက်တော့ သူတို့ ဘူးတောင်းသိုက်ကလေးတွေက သေသေသပ်သပ်နဲ့ ခိုင်ခိုင်ခံ့ခံ့ ရှိလှပါတယ် ။

‘ စာဘူးတောင်း ’ လေး ပြီးလို့ စာမလေး ‘ ဥ ’ တဲ့ အချိန် ‘ ရွှံ့စေး ’ တွေကို လက်တစ်ဆစ်စာလောက်ထိ ရအောင် အခေါက်ခေါက် ချီယူလာကြပြီး စာမလေး ‘ ဥ ’ တဲ့ ဘူးတောင်း ထိပ်ပိုင်းနားလေးကို ကပ်ထားပေးပါတယ် ။ အဲဒီ ရွှံ့စေးနဲ့ ညမှာ ပျံနေတဲ့ ‘ ပိုးစုန်းကြူး ’ တစ်ကောင်ကို ဖမ်းချီလာပြီး ကပ်ထားပေးတာပါ ။ ဝပ်ကျင်းထဲက စာမလေး ကို အလင်းရောင်ရစေဖို့ မီး ထွန်းပေးထားတဲ့ သဘောပေါ့ ။ စာကလေးတွေရဲ့ လုပ် ဆောင်ချက်က ပြုံးချင်စရာလေးမို့ ပြုံးမိပါသေးတယ် ။

အကောင် လေးတွေ ပေါက်တော့လည်း ‘ ပိညှပ် ပိညှပ် ’ နဲ့ ပါးစပ်လေးတွေ ဟ အော်နေတဲ့ စာသူငယ်လေးတွေကို စာအထီးရော ၊ အမပါ နေ့အခါမှာ အစာသွားရှာကာ ပါးစပ်ချင်း တေ့ပြီး စာပေါက်စလေးတွေကို ခွံ့ကျွေးကြတယ် ။

ညရောက်ရင်တော့ စာအဖေကြီးက သူ့ ဘူးတောင်း အသိုက်လေး ထဲမှာ အိပ်တန်းဝင် ၊ စာအမေကြီးကတော့ စာကလေးတွေကို အနွေးဓာတ် ရအောင် ဝပ်ထားပေးပြီး အိပ်ရပါတယ် ။ တစ်ရေးနိုးလို့ စာကလေးတွေ ‘ ပိညှပ် ပိ ညှပ် ’ အော်နေပြီ ဆိုရင် အမေကြီးက သူ့နှုတ်သီးလေးနဲ့ တွန်းတွန်းပြီး ရင်ဘတ်အောက် ပို့သွင်းပေးတယ် ။ အဖေကြီးကတော့ တစ်ဖက်ဘူးတောင်း အသိုက်လေးထဲက ခုန်ဆွခုန်ဆွနဲ့ ‘ ကျလိကျလိ ’ အသံ ပေးနေတော့ စာအမေကြီးလည်း အားရှိတာပေါ့ ။

အမွေးအတောင် စုံလို့ အပျံသင်ပြန်တော့လည်း စာကလေးတွေ နားက ထိန်းကျောင်းပေးရင်း နောက်က တကောက်ကောက် လိုက်ပြီး အစာ တွေ့တော့ စာကလေး ပါးစပ်ဟ ပေးတာနဲ့ ကောက်ခွံ့ကျွေး ၊ သူတို့ အရွယ်ရောက်လို့ လွတ်လွတ်လပ်လပ် ပျံနိုင်ပြီ ဆိုတာနဲ့ သူတို့ ‘ ဥ ’ ခဲ့တဲ့ ဘူးတောင်းလေးနဲ့ ဝန်းကျင်ကို စွန့်ပြီး နေရာသစ် ရှာရင်း တောပြောင်း သွားတတ်ကြတယ် ။

အဲဒီအခါမှာ သူတို့ ဘူးတောင်းထဲကို အသိုက် ကောင်းကောင်း မလုပ်တတ်တဲ့ စာငပျင်း စာကျားတွေက အချောင် ဝင်ဥကြတယ် ။ လက်သီးတစ်ဆုပ်စာ အတွင်းလောက်ရှိတဲ့ စာသူငယ်လေးတွေ တောင်မှ ‘ စာဘူးတောင်း ’ လေး ဖြစ်အောင် ဇွဲ ၊ လုံ့လ ၊ ဝီရိယနဲ့ ကြိုးစား လုပ်ကြပြီး တာဝန် သိတာကို အတုယူစေချင်တယ် ။ ဘူးတောင်းလေးထဲမှာ စေတနာတွေ ၊ မေတ္တာတွေ အပြည့် ထည့်လုပ်ထားတာ ကိုလည်း သိစေချင်တယ် ။

ဘူးတောင်း လုပ်တဲ့ စာခေါင်းဝါ ‘ စာဝတီး ’ လေးတွေနဲ့ အချောင်သမား စာကျားတွေ ကိုလည်း နှိုင်းယှဉ် ပြောပြရဦးမယ် ။

▢  မြို့သာမရာထို
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၂၁

Thursday, February 17, 2022

ဂျေအိုဝိုင် ဂျိုင်း


 

❝ ဂျေအိုဝိုင် ဂျိုင်း ❞

“ ဝယ်မပေးဘူး ” လို့လည်း ဦးမြင့်အောင် က သူ့ သမီး မေအောင် ကို ပြတ်ပြတ်သားသား မပြောရက်ဘူး ။

သူ့ စိတ်ထဲမှာတော့ ပုံမကျ ပန်းမကျနဲ့ ဒီလောက် တန်ဖိုးကြီးကြီး ပေးရမှာကို မနှစ်မြို့တာကတော့ အမှန် ။

“ တစ်ထောင် လောက်ကြီး ပေးရပြီးတော့ သမီး ရယ် ၊ ခါး မှာ လည်း မလုံဘူး ၊ မြောက်ကြွကြွ နဲ့ ”

မေအောင် က ဦးမြင့်အောင် စကား ဆုံးအောင်ပင် နား မထောင်တော့ ။ ခြေ ကို ခပ်ဆောင့်ဆောင့် နင်းပြီး အခန်းတွင်း သို့ ဝင်သွားသည် ။ ဒေါ်မေမြင့် မှာသာ ခင်ပွန်းသည် နှင့် သမီး ကို ကြည့်ပြီး သက်ပြင်း မသိမသာ ခိုးချလိုက်သည် ။

ဦးမြင့်အောင် ကတော့ ဖတ်လက်စ သတင်းစာ ကိုသာ ဆက် ဖတ်နေသည် ။ 

အမေသိန်း ဆီမှ မီးခိုး တထောင်းထောင်း ထအောင် ဆေးလိပ် ဖွာရင်း သမက် ဖြစ်သူ ဦးမြင့်အောင် ထံသို့ မျက် စောင်း ကျလာပါတော့သည် ။ မြေး ခြေ တစ်ချက် ဆောင့် လိုက်လျှင် အသက်ရှူ အောင့်သွားတာ လောက် ဘွားအေ က ပျာသည် ။ 

“ သူ့ ခေတ် နဲ့ သူ ဝတ်ထိုက် လို့ ဝတ် ရတာများကွယ် ။ မင်းတို့ နှယ် ” 

ပြောလက်စ စကား ကို ရပ်ကာ ဆေးလိပ် ကို သာ အငမ်းမရ ဆက် ဖွာနေသည် ။

“ တို့ တုန်းကများ ရွှေဒင်္ဂါး တစ်ပြား ခြောက်ဆယ့်ငါးကျပ် ရတုန်း ကတောင် အင်္ဂလန်နိုင်လွန် တစ်ကိုက် ကို ရှစ်ဆယ် ပေး ဝတ်ရတယ် ။ ဒါလည်း ရှိတော့ ကြိုက်တဲ့ အရောင်တွေ ကို ဝယ် ဝတ်ခဲ့တာပဲ ”

လို့ မြိန်ရည်ရှက်ရေ ပြောကာ ကုလားထိုင် တစ်လုံး ဆွဲကာ ဝင် ထိုင်လိုက်သည် ။

ဦးမြင့်အောင် စိတ်ထဲမှာတော့ ...

“ အင်း ... ဒါမျိုးတွေကြောင့် အဘိုးကြီး ရှာခဲ့တဲ့ ပစ္စည်း တွေ အဘိုးကြီး နောက် ပါ ကုန်တာ ဖြစ်မှာ ။ တိုက် နဲ့ ခြံ နဲ့ ပါ ရောင်းခဲ့ရတာ ကြည့်တော့ ”

လို့ မကျေမနပ် တွေးနေမိသည် ။ ဒေါ်မေမြင့် ကတော့ သူ့ အမေ သေတ္တာ ထဲ မှ အထည် တွေ ကိုသာ မြင်နေမိသည် ။ ဒီအဝတ်အထည်တွေ ကို တန်ဖိုး ဘယ်လောက်များများ ပေးရပါတယ် ဆိုပေမယ့် မေအောင် က ဆို ဝေးလှ ၊ ဒေါ်မေမြင့် ကိုယ်တိုင်ပင် မဝတ်ချင် ။ အ မေသိန်း ကလည်း မဝတ်တော့ ။ မကြာခဏ ရှင်းပြီး ပရုတ် လုံးသာ ဖြည့် ထည့်ပေးနေရသည် ။

ooooo   ooooo   ooooo

“ ငါ သာ မေမြင့် နဲ့ စောစော အိမ်ထောင် ကျခဲ့ရင် မန္တ လေး က တိုက်ကြီး ရောင်း ဖြစ်မှာ မဟုတ်ဘူး ”

လို့ ဦးမြင့်အောင် မချင့်မရဲ တွေးမိပြန်သည် ။ တကယ် တော့လည်း ယောက္ခမကြီး ကို ဦးမြင့်အောင် လွန်ဆန်နိုင်သူ မဟုတ် ။ ဒေါ်မေမြင့် တို့ ရန်ကုန် ရောက်လို့ ဦးမြင့်အောင် နဲ့ လက်ထပ်ပြီး စကပင် လက်ဝတ်လက်စား အတော်အတန် ရှိသေးသည် ။ အမေသိန်း မှာ ရှေး စတီးပွဲစားကတော်ကြီး ဖြစ်၍ ငွေ ကို ရေ လို သုံးတတ်သည် ။ အသုံးအစွဲလည်း လုံးဝ မလျှော့  ။ မြေးဦး ရလာချိန်၌ တန်ဖိုး ကြီးသည့် ပစ္စည်း ဆို၍ ဆွဲသီး ၊ လက်စွပ် နှင့် နားကပ် သာ ကျန်တော့သည် ။

“ တောက် ”

မြေ ဝယ်လို စိတ် ပြင်းထန်ပြီး အောင်မြင်မှု မရတိုင်း တောက် ခေါက်သံ ဖြင့်သာ ဦးမြင့်အောင် ဖြေသိမ့်ခဲ့သည် ။ ဦးမြင့်အောင် မှာ ရန်ကုန်မြို့ပေါ်မှာ ပင် မွေးဖွားခဲ့သူ ဖြစ်ရာ အိမ်ငှား အခန်းငှား နှင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည် ။ မြေ လက် တစ်ဝါးစာ မှ မပိုင်ဆိုင်ခဲ့ဖူးချေ ။

သမီးလေး မေအောင် ကို မွေးပြီးကာမှ အိမ်ပိုင် ဝိုင်းပိုင်လေး နှင့် သစ်ပင်ပန်းပင်လေးများ စိုက်ကာ နေလိုသည့် စိတ် က နေ့တိုင်း ပေါ်ပေါက်လာခဲ့သည် ။ သမီး အတွက် အနည်းဆုံး ခြံလေး တစ်ခြံ နှင့် တိုက်ပုလေး တစ်လုံးတော့ ရှိစေချင်သည် ။ 

ရတဲ့ လစာ ကို လောက်ငအောင် စားတတ် စေချင် သည် ။ လေးဘီး ပြေးရတဲ့ ငွေ ကို စု ၊ မေအောင့် လက်ဝတ် လက်စားလေးတွေ အတန်အသင့် ရောင်းလိုက်ပြီး ကိုယ်ပိုင် မြေလေး နှင့် နေ လိုသည် ။ မေအောင့် နောင်ရေး အတွက်ဆို လျှင် အဘွားကြီး က သူ့ ပစ္စည်းလေးတွေ ရောင်းသော် လည်း ကန့်ကွက်မည် မဟုတ်ဟု ဦးမြင့်အောင် ထင်သည် ။ တစ်နေ့နေ့မှာဖြင့် ကိုယ်ပိုင် ဝင်းခြံကလေး ဖြစ်အောင် လုပ်မည်ဟု ဦးမြင့်အောင် အားခဲလျက် ထားသည် ။

ooooo   ooooo   ooooo

“ အမေ့ သေတ္တာ ထဲက အဝတ်အစားတွေ သာ ရွှေ ဒင်္ဂါးပြား တွေ ဖြစ်လိုက်ရင်တော့ လား .. မေအောင့် အတွက် လက်ဝတ်လက်စားတွေ ကို အမျိုးမျိုး လုပ်ပေးဖြစ်မှာ ” လို့ ဒေါ်မေမြင့် က တွေးသည် ။ 

နေရာစရာ ၊ စားစရာ မပူရဘဲ မေအောင့် အတွက် အလှူမင်္ဂလာ သွားစရာ လာစရာ ပေါ်ပေါက်လာတိုင်း လက်ဝတ်ရတနာ အတွက် ပူရသည် ။ ဒေါ်မေမြင့် က ငယ်ငယ် က လက်ဝတ်လက်စား အရောင်အသွေး အမျိုးမျိုး ကို အကြီး အငယ် အလတ် ကြိုက်နှစ်သက်ရာ ကို ရွေး ဝတ်ခဲ့ရသူ ဖြစ်ရာ မေအောင့် ကျကာမှ စိတ်တိုင်းကျ မဆင်ခဲ့ရ၍ များ စွာ စိတ်မကောင်း ဖြစ်မိသည် ။ ကိုယ်ပိုင်ပစ္စည်းများ ကို အမျိုးမျိုး ထည်လဲ ဝတ်ရသူမို့ မည်သူ့ ထံမှလည်း အောက်ကျို့ ၍ မငှားချင် ။ ငွေလေး စု မိလျှင်တော့ မေအောင့် အတွက် တစ် ဆင်စာ ပြည့်အောင် ဖြည့်ဝယ်ထားမှ ဖြစ်မှာ ဆိုသည့် စိတ် က ဒေါ်မေမြင့် ခေါင်း ထဲမှာ အမြဲ ရှိနေသည် ။

အစ်ကိုအရင်း မဟုတ်ဟု ဆိုရသော်လည်း ပြည်ကြီး မှ ဘောင်းဘီတိုလေး ဖြင့် ရောက် လာစကပင် ဒေါ်မေမြင့် တို့ အဖေ က သားတပည့် အဖြစ် ခေါ်ယူ မွေးစားခဲ့သည် ။

ဒေါ်မေမြင့် တို့ စီးပွားရေး အခြေ ယိုင်လာပြန်တော့ လည်း ရန်ကုန် သို့ ခေါ်ယူကာ အလုပ်စက်ရုံ အတွင်းမှာ တိုက် တစ်လုံး ပေးကာ နေစေသည် ။ ဦးမြင့်အောင် ကိုပင် ၎င်း စက်ရုံ ထဲမှာ မန်နေဂျာ ခန့်ထားသည် ။ ငယ်စဉ်ကပင် အတူ နေကြသူများမို့ ဒေါ်မေမြင့် တို့မှာ ကိုယ့်အိမ် ကိုယ့်ခြံ လို သဘောထားကာ နေတတ်ကြသည် ။ 

အလုပ်ရှင် ဖြစ်သော်လည်း အမေသိန်း ဩဇာ ကို လွန်ဆန်ရဲသူ မဟုတ်သောကြောင့် နေမှုထိုင်မှု အတွက် ဒေါ်မေမြင့် လုံးဝ သောက မဖြစ် ။ မေအောင့် ရဲ့ ဖြူဝင်းကြော့ရှင်းနေ တဲ့ ကိုယ် ပေါ်မှာသာ ဖျိုးဖျိုး ဖျတ်ဖျတ် နဲ့ အရောင် တောက်ပ နေစေဖို့ စိတ် သောက ရောက်နေသည် ။

ဒေါ်မေမြင့် စုရန် စိတ်ကူးထားသော ငွေများ မှာလည်း အကောင်အထည် မပေါ် ။ ခေါင်းမြီး ခြုံကာ ထွက် ကုန်တတ် ကြသည် ။ တစ်ခါတစ်ရံ အပိုဝင်ငွေ ရှာပေးနေသည့် ကား လေးကိုပင် ရောင်းကာ မေအောင့် အတွက် လက်ဝတ်ရတနာ ဝယ် ပေးချင်စိတ် ပေါက်ခဲ့သည် ။

ooooo   ooooo   ooooo

အမေသိန်း ကတော့ ခေတ် မီသည် ။ မေအောင့် အလို ကိုလည်း အလိုက်နိုင်ဆုံး ဖြစ်သည် ။ ဦးမြင့်အောင် နဲ့ ဒေါ်မေမြင့် တို့ က မေအောင့် အတွက် အကုန်အကျ များလွန်းသည် ဆိုသည် ကို အမေသိန်း လက် မခံနိုင် ။

အတော်ဆုံး ၊ အတတ်ဆုံး ၊ အလှဆုံး ၊ အကောင်းတကာ့ အကောင်းဆုံး မှန်သမျှ မေအောင့် မှာချည်း စုနေစေချင် သည် ။

ကျူရှင် ဆိုလည်း ဆရာ ကို အိမ် မှာ တင် အပို့အကြို လုပ်ကာ စားစရာ ၊ သောက်စရာ အပြည့်အစုံနှင့် အမေသိန်း ကိုယ်တိုင် ထိုင် စောင့်ကာ သင်စေသည် ။  ။

အေရိုးဗစ် ဆိုလည်း တက် ၊ ရေကူး ဆိုလည်း သွား ၊ ဆန်း ဆိုသမျှ အားလုံး လိုက်လျောနှင့် မေအောင့် အကြိုက် အားလုံး လိုက်နိုင်သူ ဖြစ်သည်  ။ အမေသိန်း အယူအဆ က မယ် တစ်ရွက် ရှိနေလျှင် မောင် တစ်ထမ်း ပါ သူ ကို ရှာရန် မခဲယဉ်း ဟု ထင်သည် ။ ဒါကြောင့် လည်း မေအောင့် ကို အဖက် ဖက် မှ အောက်တန်း မကျအောင် စီမံပေးခဲ့သည် ။

ooooo   ooooo   ooooo

ဧည့်ခန်းအတွင်း မှာ သုံးယောက်စလုံး စကား မပြော ဖြစ်ကြ ။ အတွေးကိုယ်စီ နှင့် တိတ်ဆိတ် ငြိမ်သက်နေသည် ။

တံခါးဝ မှ “ မေအောင် ရေ .. မေအောင် ရေ ” ဟု ခေါ်သံ ကြား မှ မျက်လုံး အားလုံး တံခါးဝဆီ ရောက်သွားကြသည် ။

တစ်ဖက်ခြံ မှ မေအောင့် သူငယ်ချင်း မီမီ ဖြစ်သည် ။

“ ရိုစီ တို့ ဘုရားကိုးဆူ သွား ရအောင်လို့ မေအောင့် ကို လာ ပြောတာပါ ။ ပြင်ထားနှင့်တော့ လို့ ”

“ သမီး ပြီးတော့ လာခေါ် လှည့်မယ် ။ သွားမယ်နော် အန်တီ ”

ဟု နှုတ်ဆက်ကာ ထွက်သွားသည် ။

အားလုံး မှင်တက်မိနေသည် ။ မီမီ ရဲ့ လှုပ်ရှားမှု ကြောင့် ရင်ဘတ် ဆီမှ ပျိုးပျိုးဖျတ်ဖျတ် လက်လာသည့် အရောင် ကို ဒေါ်မေမြင့် မျက်တောင် ခတ်ကာ ကာကွယ်လိုက် သည် ။

ဦးမြင့်အောင် ပြောသည့် မေအောင် လိုချင်သော တို နန့်နန့် အင်္ကျီလည်း ဝတ် ထားလိုက်သေးသည် ။

အခန်းတွင်းမှ မေအောင့် ရှိုက်သံ သဲ့သဲ့ ထွက်ပေါ်လာ သည် ။

အမေသိန်း မှာ ပျာပျောသလဲဖြင့် မတ်တတ်ရပ်ကာ ...

“ အို .. မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ ငါ့ မြေး လိုချင်တဲ့ ဂျိုင်း အင်္ကျီ ဝယ်ပေးမှ ဖြစ်မယ် ။ ညည်းတို့ ဝယ် မပေးရင် ငါ့ ရှိတဲ့ ပစ္စည်း ရောင်းပြီး ဝယ်မယ် ”

◾   မြို့သာမရာထို

📖  ရနံ့သစ် မဂ္ဂဇင်း
       ၁၉၉၀ ခုနှစ်  ၊ မတ်လ

www.facebook.com/aung.naingoo.3726613

.