Sunday, March 3, 2024

ကီးမား ပလာတာ


 ❝ ကီးမား ပလာတာ ❞


အသက် ရ လာ လေ ဘဘထွန်း အဖို့ ပစ္စုပ္ပန် မှာ နေထိုင်ခြင်း ထက် အတိတ် ဆီ သို့ သာ အာရုံ ကျက်စား လျက် ။ အသက် က လည်း ၈ဝ ကျော် ချေပြီ ။ သူ့ ထက် ၁၀ နှစ် ခန့် ငယ် သော ဇနီး ကွယ်လွန် တာ ပင် ၈ နှစ် ခန့် ရှိ ခဲ့ပြီ ။ အသက် ၄ဝ ကျော် ၊ ၅၀ နီးပါး အပျိုကြီး ကျောင်းဆရာမ သမီး အငယ် နှင့် အတူ နေသည် ။ သီတင်းကျွတ် လောက် သာ သားသမီး တချို့ လာ လည် ကြသည် ။ သည် သီတင်းကျွတ် မှာ တော့ သမီးကြီး က ပင်စင် ယူခါနီး ၄ လ ခံစားခွင့် ရ သဖြင့် ရန်ကုန် မပြန်ဖြစ်သေးဘဲ အဖေ့ ကို ပြုစုဖို့ လာ နေသည် ။ မြေး တွေ ကျောင်း ပို့ ၊ ကျောင်း ကြို လုပ်ပေးရဦး မှာ မို့ ကြာကြာ မနေနိုင် ။ သားတွေ က တော့ သည် နှစ် သီတင်းကျွတ် မှာ ရောက်လို့ မလာကြ ။ ဘဘ က တော့ သားတွေ ၊ မြေးတွေ ကို တွေ့ ချင်ပေမဲ့ နယ် မှာ သမီး အပျိုကြီး တစ်ယောက် တည်း နေရ မှာ ကို စိတ်မချဘူး လို့ သာ သူ့ စကား အရ ပြော ရသည် ။ ဘဘထွန်း က သန်သန်မာမာ မဟုတ် တော့ ၊ လေဖြတ် ထား သဖြင့် လမ်း ပင် ကောင်းကောင်း မလျှောက် နိုင် တော့ ။ သတိ တွေ က လည်း မေ့ ချင်ချင် ။ မေ့ လိုက်ပုံ က မနက် က အကြောင်း ပင် သတိ မရ ချင်ချင် ။ 


“ ဒီ မနက် ဖေဖေ ထမင်း စား ပြီးပြီလား ” 


“ ထမင်း စားပြီးပြီ လား ”


သမီး ကို မေးတတ်သည် ။


“ ဆေး သောက်ပြီးပြီလား ”


ဆေး သောက်ပြီး ၊ မပြီး လည်း မမှတ်မိ ။


အိပ်ခန်း ထဲ မှာ လျှပ်စစ် မီးရောင် နှင့် အမြဲ လိုလို နေရ သူ ဖြစ်ရာ နံရံ ထက် က နာရီ ကြီး ကို လှမ်း ကြည့်ပြီး -


“ ဒါ မနက် ၇ နာရီ လား ၊ ည ၇ နာရီ လား ဟု လည်း မေးတတ်သည် ။ အိပ်ရာ ထဲ နေရတာ များ လာ သဖြင့် နေ့ လား ၊ ည လား သိပ် မမှတ်မိ ချင် ။ အိပ် ၊ စား ၊ ဆေးသောက် ၊ တီဗွီ ကြည့် ၊ ပြန် အိပ် ၊ ဆေး သောက် ၊ အစာ စား နေခဲ့ရသည် က များ တော့ အာရုံတွေ တောင် ခပ်ထိုင်းထိုင်း ။


သူ ကြိုက်သည့် စားစရာ မှန် သမျှ တော့ သမီးငယ် က ဝယ် ကျွေးသည် ။ ဖေဖေ သေ ရင် မကျွေးလိုက်ရ ရှိမှာ စိုးလို့ ဆို လား ။


တစ်ခါတော့ သမီးငယ် ဝယ်ကျွေး သည့် ပဲပလာတာ ကို စား ရင်း ရန်ကုန်မြို့ က လေဟာပြင် ဈေး ထဲ ရည်းစားဟောင်း နှင့် အတူ ကီးမား ပလာတာ စား တာ သွား သတိရသည် ။ သည်တုန်း က ရန်ကုန် ကို အလုပ် ကိစ္စ နှင့် လာခိုက် ရည်းစားဟောင်း က သူနာပြုသင်တန်း တက် နေရာ လမ်းမတော် ဘက် မှာ အမှတ် မထင် တွေ့ကြသည် ။ လက်ထပ်ခါ နီး ခန်းဝင် ပစ္စည်းတွေ ဝယ်ပြီး မှ ထို ငယ်ရည်းစား ၏ မွေးစား ဖခင် က သဘော မတူနိုင် ဟု အကြောက်အကန် ငြင်း ကာ ချစ်သူ ကို သူနာပြုသင်တန်း သို့ တက်စေ ခဲ့သည် ။


“ ဒီကောင် နဲ့ တော့ မပေးစား နိုင်ဘူး ”


အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ အတင်း ဖြတ် ခိုင်းကာ သင်တန်း သို့ ပို့ခဲ့သည် ။ အသား ညိုညို ရွန်းလဲ့ ကြည်လင်သော မျက်ဝန်း များ နှင့် ချစ်စရာ ကောင်း သော ချစ်သူ က လည်း သူ့ ကို ကျောင်း ထား ပေးခဲ့သော မွေးစားဖခင် စကား ကို မပယ်ရှား ဝံ့ ။ ဆင်းရဲလို့ လား ၊ ကျောထောက် နောက်ခံ မရှိလို့ လား ။ ချစ်သူ ကို ပါ စိတ်ဆိုး ခဲ့သည် ။ သိပ် မကြာမီ ချစ်သူ ထက် ငယ်ရွယ်လှပသူလေး နှင့် လက်ထပ် ခဲ့သည် ။ သည် မိန်းကလေး မိဘ က လည်း သဘော မတူ ။ သို့သော် သူ့ နောက် ကို ခိုးရာ လိုက် ခဲ့သည် ။ ခုတော့ သည် မိန်းကလေး နှင့် သမီးလေး တစ်ယောက် ပင် ရခဲ့ပြီ ။ လှပနုပျိုဆဲ မသင်း က သူ့ ကို နှုတ်ဆက် လိုက်သည် ။


“ ထွန်းထွန်း နင် ကလေး ရနေပြီ ဆို ”  


မသင်း လည်း သူ့ သတင်းတွေ သိသား လို့ အောက်မေ့ လိုက်ရသည် ။ သူ က လည်း အညံ့ မခံ ။ 


“ ဟုတ်တယ် ၊ ငါ့ သမီး က ချစ်စရာလေး ”  


အိတ်ကပ် ထဲ က ဇနီး နှင့် သမီး ဓာတ်ပုံ ကို ထုတ် ပြလိုက်သည် ။


“ အချောတွေ ချည်းပါ့လား ၊ နင် ကံကောင်းတာပေါ့ ” 


မသင်း က ဓာတ်ပုံ ကို ကြည့် ပြီး ခပ်အေးအေး ပြော လိုက်သည် ။ 


“ အေးဟယ် ၊ နင့် မင်္ဂလာဆောင် လည်း လက် မဖွဲ့လိုက်ရဘူး ။ နင့် ကလေး ဖို့ အရုပ် ဝယ်ပေး ချင်တယ် ” 


သည့် နောက် အရုပ်ဆိုင် လိုက် ရှာကြပြီး ဧရာမ ကော်ပတ်ရုပ်ကြီး တစ်ရုပ် ဝယ်ပေးသည် ။


“ နင် ရော လင် မယူသေး ဘူးလား ”  


“ ယူမှာ ပေါ့ ” 


“ တွေ့ထားပြီ လား ၊ ဘာ လဲ ငါ့ လောက် မလှလို့လား ” 


ရယ်လိုက်မိကြ ရင်း ရင် ထဲ မှာ မျက်တက်တက်လေး ခံစား လိုက်ရသေးသည် ။ လက်ထပ်ခါ နီး မှ မွေးစား ဖခင် စကား နားယောင် ပြီး ထွက်ပြေး ခဲ့ သူ ၊ ကျောင်းနေဖက် ငယ်ချစ် ။ သို့သော် လည်း ခု အချိန်မှာ သမီးလေး နှင့် ချိုချို က သူ လက်ရှိ ဘဝ မှာ အရေးပါဆုံး လူတွေ ဖြစ်နေခဲ့ပြီ ။ အရုပ် ဝယ်ပေး ပြီး နောက် မသင်း က ခပ်ချွဲချွဲလေး ဆို သည် ။ 


“ ငါ့ ကို မုန့် လိုက် ကျွေးပါလား ” 


“ နင် ဘာ စားမှာလဲ ” 


“ ကီးမားပလာတာ ” 


လေဟာပြင် ညဈေးတန်း ၏ ညှော်နံ့ သင်းသင်း ထဲ မှာ သူ က မသင်း ဝယ်ပေး ထားသော အရုပ်ကြီး ကို ပိုက် လျက် ။ မသင်း က အပြာနုရောင် အင်္ကျီလက်ပြတ် နက်ပြာ တွင် အဖြူ နှင့် အဝါ ပန်းခိုင်လေးများ ပါသော လုံချည် ၊ ကျစ်ဆံမြီးအရှည် နှစ်ဖက် ချ ကာ တော်တော်လေး လှ နေခဲ့သည် ။ အသားအရေ က လည်း ဟိုတုန်း က လောက် မညိုတော့ ဘဲ စိုပြည် ဝင်းပ နေခဲ့သည် ။


သူတို့ နှစ်ယောက် သား မုန့်ဆိုင် လိုက် ရှာခိုက် သူ တာဝန် ကျ ရာ နယ် မှ အသိ ကုန်သည် တစ်ယောက် နှင့် တွေ့ သေးသည် ။ ထို သူ့ အကြည့် က အံ့သြ နေ သယောင်ယောင် ။


“ ဘယ်လိုလဲ ဆရာ ၊ နယ် မပြန်သေးဘူးလား ” 


နောက် သလို ၊ စ , သလို မေးသွား လိုက် သေးသည် ။ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ က တစ်ခုသော ညနေခင်းကလေး ကို မနေ့ ၊ တစ်နေ့ က လို သူ့ စိတ် ထဲ အောက်မေ့ လျက် ။ 


“ ကီးမားပလာတာ ”  


သူ့ နှုတ်ဖျား က စကားသံ ထွက် သွားသည် ။ 


“ ဘာလဲ ဖေဖေ ၊ ဘာလဲ ” 


ဪ ပဲပလာတာ ကို တစ်ဝက် တစ်ပျက် စားရင်း အသက် ၂၅ နှစ် ခန့် က ငယ်ချစ် နှင့် အတူ လေဟာပြင်ဈေး ထဲ မှာ ကီးမားပလာတာ စားခဲ့ ကြ ပုံ ကို အာရုံ ရောက်သွားခဲ့ မိ ရာ နှုတ် မှ ကီးမားပလာတာ လို့ အော် လိုက်မိခြင်း ပင် ။ 


“ ဖေဖေ ဘာ ပြော လိုက်တာလဲ ၊ ကီးမားပလာတာ စားချင်လို့ လား ”


“ ဒီ မြို့ မှာ ရှိလို့လား ”


သမီးကြီး က ဝင် ပြော သည် ။ သမီးငယ် က - 


“ တွေ့တော့ မတွေ့မိဘူး ထင်တယ် ။ ရန်ကုန် ရောက် ရင် ဝယ် ကျွေး မှာ ပေါ့ ” 


“ ရန်ကုန် ၊ ရန်ကုန် ကို ဘယ်တော့ ပြန်မလဲ ” 


“ ထရန်စဖာ ရ ရင်ပေါ့ အဖေ ရယ် ”


“ နင့် ထရန်စဖာ က ဘယ်တော့လဲ ၊ ငါ လေဟာပြင်ဈေး သွားချင်တယ် ” 


“ လေဟာပြင် ဈေး ၊ ဘယ်နား မှာ လဲ ဖေဖေ ”  


“ ဒီလောက် တောင် မသိဘူးလား ဟ ” 


ဘဘထွန်း က မာန်မဲ လိုက်သည် ။ 


“ ရှလဘွတ် တွေ လေဟာပြင် တောင် မသိဘူး ”


“ လေဟာပြင် ဪ သိပြီ ၊ ဗိုလ်ချုပ်ဈေး နား က ”


ဘဘထွန်း ၏ မျက်လုံး တွေ လက် လာပြီး - 


“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ငါ့ သမီးကြီး က သိတယ် ”


“ အဲ ... အခု မရှိတော့ဘူး ဖေဖေ ရဲ့ ၊ ဗိုလ်ချုပ်ဈေးသစ် နေရာ ဖြစ် သွားပြီ ” 


“ အေး ဟုတ်ချင် လည်း ဟုတ်မှာပေါ့ ။ ငါ မသိဘူး ၊ ငါ သိတာ က လေဟာပြင်ဈေး မှာ မသင်း နဲ့ ငါ ကီးမားပလာတာ စားခဲ့ကြတာ ” 


“ မသင်း ဆိုတာ ဘယ်သူလဲ ဖေဖေ ”


သမီးငယ် က မေးသည် ။ အဖေ့ ဖြေပုံ က အားရပါးရ ။


“ အဖေ့ ငယ်ရည်းစား ” 


သမီးကြီး က ရယ် နေ သည် ။ သူ့ အမေ ပြောတာ ကြားဖူး နေသလား မသိ ။ 


“ ဒီလို သမီး ရဲ့ မသင်း နဲ့ အဖေ က သိပ် ချစ်ခဲ့ကြတာ ” 


အဖေ က ဇာတ်ကြောင်း စ,သည် ။ 


“ အမေ့ ကို တော့ မချစ်ဘူး ပေါ့ ၊ ဟုတ်လား ဖေဖေ ” 


သမီးငယ် က ခပ်စွာစွာ အသံ ဖြင့် မေး လိုက်သည် ။ 


“ ချစ်သင့် သလောက် တော့ ချစ်တာပေါ့ ။ ဒါပေမဲ့ ငယ် က ချစ် အနှစ်တစ်ရာ ဆို လား ဘာလား ၊ ကီးမားပလာတာ စားခဲ့ကြတာ လေ ” 


အမေ့ ကို ချစ်သင့် သလောက် ဆိုသည့် စကား ကြောင့် - 


“ အဖေ တော့ မဟုတ်တော့ဘူး နော် ” 


သမီးငယ် အပျိုကြီးမ က ရန်ထောင်သည် ။ ဘဘထွန်း က ပြုံးပြုံးကြီး လုပ်ရင်း ငယ်ချစ်ဟောင်း နှင့် လေဟာပြင် မှာ ကီးမားပလာတာ စားခဲ့ပုံ ကို စားမြုံ့ပြန်သည် ။ 


သမီးကြီး က “ ဩော် ဟုတ်လား ၊ သမီး ကို အရုပ် ဝယ်ပေးခဲ့တာလား ၊ တယ် ဟုတ်ပါလား ” စကား ထောက်သည် ။


“ နောက် လေး ၊ ငါးလ ကြာ တော့ လေဟာပြင် မှာ မသင်း နဲ့ အတူ မုန့်စားတာ သမီး တို့ အမေ သိသွားပါ ရော ။ အရုပ်ကြီး ကို ရွှံ့ဗွက် ထဲ လွှင့် ပစ်လို့ ကလေး က ငို ၊ အဖေ့ မလဲ အရုပ် ကို ကောက် ပြီး ရေဆေး ၊ သမီး လက် ထဲ ထည့် ရ ၊ အမေ့ ကို ချော့ ရ ၊ ဗျာ ကို များ သွားတာပဲ ။ အဲဒီ တစ် ခါပဲ တွေ့တာပါ ကွာ ။ ဒါကို မိချို က မယုံဘူး ။ ညည်း တို့ အမေ မိချို လေ မနာလို တာ ”


“ ဖေဖေ နော် ဖေဖေ ၊ အမေ့ ကို သစ္စာ ဖောက်တယ် ” 


အသက် ၄ဝ ကျော် အပျိုကြီးမ က အော် ပြော လိုက်သည် ။


“ ဘယ်မှာ ဖောက်လို့လဲ ဟ ”


“ သေသွားတဲ့ အမေ့ ကျ သတိ မရ ၊ သူ့ ငယ်ရည်းစား သတိရ နေ ။ တော်ပြီ တော်ပြီ ကီးမားပလာတာ မပြောနဲ့ ၊ ရိုးရိုးပလာတာ တောင် ဝယ် မကျွေးတော့ဘူး ” 


ပြောရင်း - 


“ အမေ ရေ အို အမေ ရဲ့ ၊ သေ တာ မကြာသေးတာ တောင် သတိမ ရတော့ဘူး နော် ၊ ဟို ခုနစ်ဆွေး ၊ ရှစ်ဆွေး က ငယ် ရည်းစား ကို သတိရ သတဲ့ ဟီး ... ဟီး ... ”


အမေချစ် သမီးငယ် အသက် ၄ဝ ကျော် ၊ ၅၀ တွင်း က မကြီးမငယ် နှင့် ငို ပါ လေတော့သည် ။ 


သမီးကြီး က ရယ် ရင်း - 


“ ကဲ ... ပြောပါဦး ဖေဖေ ၊ မေမေ့ ကို ဘယ်သူ သွား ပြော တာလဲ ဖေဖေ ပဲ နေမှာပဲ ” 


“ ဒီလိုကွ သမီး ရ ၊ ဖေဖေ တို့ နဲ့ တွေ့ခဲ့တဲ့ ကုန်သည် မိန်းမ က မင်းတို့ အမေ မိချို သူငယ်ချင်း ရဲ့ ယောက်မ ဆို တော့ သူတို့ ဆီ က ကြား ရင် အထင် လွဲ မှာ စိုး လို့ ကြို ပြော ထားတာ ”


သမီးငယ် က -


“ တော်ပြီ ၊ တော်ပြီ အဲဒီ အကြောင်း မပြော ကြ နဲ့ ၊ အဖေ ကို က မဟုတ်ဘူး ” 


အကြီးမ က -


“ ပြောတာပဲ ဘာဖြစ်လဲ ဟယ် ၊ လူ့ ဘဝ ဆိုတာ အမှတ်ရစရာလေး တွေ ရှိတတ်တာပဲ ” 


“ ဟင် ... အမေ နဲ့ ရ ပြီး မှ ရည်းစားဟောင်း နဲ့ တွေ့တာ သစ္စာဖောက် တာ ပဲ ၊ အဖေ သစ္စာ မရှိဘူး ”


“ အဲဒါကြောင့် အမေ စောစော သေတာ နေ မှာ ” 


အငယ်မ က ရန် တွေ့သည် ။


သမီးကြီး က ရယ်ရင်း - 


“ အဲဒီ အဒေါ်ကြီး တောင် သေလောက်ပြီ ၊ အဖေ ပဲ ရှစ်ဆယ် ကျော် နေပြီ ၊ သူ ပြောချင် တာ တွေ ပြောပါစေပေါ့ ”


သမီးငယ် က - 


“ အဖေ တော်ပြီ ၊ မုန့် စား ပြီးရင် ပုတီးစိပ် တော့ အကုသိုလ် မများ နဲ့ ” 


ဘဘထွန်း က ခပ်လေးလေး အသံ ဖြင့် - 


“ အဖေ မစိပ် ချင်ဘူး ”


သမီးငယ် က တော့ သူ့ ကို ဇိကုပ် နတ်ပြည် တင်ချင် နေပုံ ရသည် ။


သမီးငယ် က ခပ်ဆတ်ဆတ် လေသံ ဖြင့် –


“ ဘာလို့လဲ အဖေ က ကုသိုလ် ရ တာ ကျ မလုပ်ချင်ဘူး ”


“ ပျင်းတယ် ၊ တီဗွီ ကြည့်မယ် ရီမု ပေး ” 


“ တရားခွေ ဖွင့် ၊ ရုပ်ရှင် မကြည့် နဲ့ ”


“ မဖွင့်ဘူး ၊ ငါ့ ကို ရီမု ပေး ”


သမီးကြီး က ရယ် နေသည် ။ သမီးငယ် က စိတ်တို နေသည် ။


“ မမကြီး အဖေ ထိန်း လို့ မရနိုင်ဘူး ၊ ရန်ကုန် ခေါ် သွားစမ်းပါ ” 


“ ဖေဖေ လိုက်မှာလား ”


“ သမီး ညီမ ယောက်ျား ယူ မလို့ ထင်တယ် ” 


“ အဖေ နော် လာ မစနဲ့ ၊ တရား နာ ၊ အကုသိုလ် ကင်း အောင် နေ သေ ဖို့ က နီးနေပြီ ” 


သမီး အငယ် က နာမည်ကျော် ဆရာတော် တစ်ပါး ၏ တရားခွေ ကို အောက်စက် ထဲ ထည့် ဖွင့်သည် ။ 


“ ကိုရီးယားကား ထည့် ပေး ၊ မပေး ရင် ငါ အိပ်တော့မယ် ” 


“ ဖေဖေ တရား မှတ်ရင်း အိပ် ” 


“ အနိစ္စ ... အနိစ္စ ... အနိစ္စ ၊ ကဲ မှတ် ပြီးပြီ ရီမု ပေး ”


“ ကဲ ဒါဆိုလည်း အိပ်တော့ ”


တကယ်တော့ စောစော က စကားပြော အဆင် မပြေ သဖြင့် သာ သမီးငယ် က လည်း သူ့ အဖေ ကို ပြန် ဂျီကျ နေခြင်း ဖြစ်သည် ။ စကိုင်းနက် က ရုပ်ရှင်လိုင်းတွေ အဖေ အိမ် မှာ တစ်ယောက် တည်း ဆို တော့ ဖွင့် ကြည့်လို့ ရအောင် ဝယ်ပေး ထား ရသည် ။ 


ခု တစ်လော ကိုရီးယား ဇာတ်လမ်းတွဲ တွေ က လည်း အဘိုးကြီး ၊ အဘွားကြီး တွေ ကြင်ဖက် ရှာသည့် နေရာ မှာ ဆုံ ကြ ၊ သားသမီးတွေ က အထီး ကျန် မနေရအောင် လက်တွဲ ဖော် ရှာ ပေးသည့် ဇာတ်လမ်းမျိုး တွေ ။


သမုဒယ တဏှာ ၏ လောင်မြိုက်မှု ကို ဘဝ တစ်လျှောက်လုံး ခံစားခဲ့ ပြီး ပြီ မို့ ဖေဖေ့ ကို အေးအေးချမ်းချမ်း နေစေ ချင် သော် လည်း ခေါင်းမာ သည့် ဖေဖေ က သူ စိတ် ထင်သလို နေမြဲ ။ သို့သော် လည်း ခန္ဓာကိုယ်ကြီး က တော့ စိတ် သွားတိုင်း ကိုယ် မပါ ခဲ့ ပြီ ။ ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ တို့ ဖိစီး လျက် ဆေး အသက် သာ ရှိတော့သည် ။


သမီးကြီး က ဖေဖေ ခြင်ထောင် ထဲ ဝင်သွား သဖြင့် ခြေထောက်များ ကို စောင် နှင့် ဖုံး ပေးပြီး ခြင်ထောင် ကို အဝတ်များ နှင့် ဖိပေး နေ သည် ။ မေမေ ရှိစဉ် က ဖေဖေ က စ,လိုက် နောက်လိုက် ပျော်ပျော် နေတတ်သူ ။ 


တကယ်တော့ မသင်း အကြောင်း ဆက် ပြောချင်ပုံ ရ သည် ။ မေမေ တစ်ခါ က ပြောခဲ့ဖူးသည် ။ ဖေဖေ ပြည်မြို့ ကို ပြောင်းဖို့ ခရီး သွားကြ စဉ် မင်းဘူးဆိပ်ကမ်း မှာ မြင်းလှည်း မှောက် တော့ သုံးနှစ် သား အကြီးကောင်လေး လက်ကျိုး သွား ခဲ့သည် ။ ဆေးရုံ ကို ပြေး ကြတော့ ဆေးရုံ မှာ မသင်း ကို တွေ့သည် ။ မသင်း က ပျာပျာသလဲ ဆီးကြို ကူညီ ပေးခဲ့ကြောင်း ပြောပြ ခဲ့ ဖူးသည် ။ အဲသည် တုန်း က အငယ်မ ပင် မမွေး သေး ။ မေမေ က အသက် ရ လာတော့ စကား သိပ် မပြော ၊ တရား မှတ်သည့် အခါ မှတ် ၊ ပုတီး စိပ် ချင် စိပ် လုပ် နေ တတ်သည် ။ နေ မကောင်း လျှင် လည်း ဂျီမကျ ၊ သားသမီးတွေ ပင်ပန်း မှာ စိုးရိမ်တတ်သူ ။ ဘဝ ထဲ က ရုပ်ပုံ တွေ မှိန် ချင် ရာ မှိန် ၊ လင်း ချင် ရာ လင်း လျက် သေမင်း ဆီ သို့ သာ တရွေ့ရွေ့ သွားနေကြ သော ဘဝ တွေ ကို တွေး ရင်း သမီးကြီး က သက်ပြင်း ချသည် ။ သူ လည်း အသက် ၆ဝ ထဲ မှာ ဆိုတော့ အဖေ့ အရင် ပဲ သွားရမလား မသိနိုင် ။ အတိတ်ဟောင်း တွေ အပေါ် တော့ အဖေ့ လို အသေးစိတ် သတိရ ဖို့ မအားသေး ။ သည့် ထက် အသက်ကြီး လာ လျှင် တော့ လက်ရှိ ဘဝ ကို မေ့ပြီး အတိတ် မှာ ပဲ ပျော်မွေ့လေ မလား ။ 


သူ က တော့ “ အဖေ ပြော ချင်ရာ ပြောပါစေ ၊ လူကြီးတွေ က ဒီလိုပဲ ” ဟု ညီမ ကို ပြော လိုက်ရာ ဟိုတုန်း က စောင် ပုခက်လေး ထဲ မှာ သူ လွှဲလွှဲ ပေးပြီး သီချင်း ဆို သိပ်ခဲ့ရ သည့် ညီမ ၊ ခုတော့ လေးလုံးခြောက်ဖက် ကျား ကိုးစီး စား မကုန်သော ခန္ဓာကိုယ် နှင့် ဝဝဖြိုးဖြိုး ဆရာမကြီး က - 


“ စိတ် ကို ထင် သလို လွှတ်ထား ခိုင်းလို့ ရမလား ၊ သေ ရင် အပါယ်ငရဲ တန်း ကျသွား မှာ ” 


ပက်ခနဲ ပြန် ပြောလိုက် သည် ။ 


သည်အခါ မှာ တော့ အဖေ့ စိတ် ကို ပါ ထိန်းချုပ် ထား ချင်ပြီး ၊ ကွန်ထရိုး လုပ်ချင် နေပုံ ရသည့် ညီမ ကို ကြည့် ရင်း အစ်မ ဖြစ်သူ က ရယ် လိုက်သည် ။ သူ က သား သမီး သုံးယောက် မိခင် မုဆိုး မ ၊ မြေး လူပျိုပေါက် ၊ အပျို ပေါက်များ ကြား နေခဲ့ရ သူ ဖြစ် ရာ ကိုယ် လုပ်တာ မှ အမှန် ထင် တတ်သော လူ့ သဘာဝ ကို တွေးရင်း ဘာမှ ပြန် မပြော တော့ ဘဲ ရယ် နေ လိုက်သည် ။ သူငယ်ချင်း တစ်ယောက် ၊ နှစ်ယောက် က တရားရိပ်သာ မှာ တစ်ပါးကျောင်းလေး တွေ ဆောက် ပြီး သွား နေကြပြီ ဆိုခဲ့သည် ။ သူ က တော့ မြေး က မွေး မည့် မြစ် အထိ ထိန်းနေ မိ လေ မလား ။


တွေး ရင်း တက္ကသိုလ် တက်စဉ် က သူ့ အဆောင် ရှေ့ သနပ်ခါး သွေး ပြီး သား ဘူးကလေး လာ လာ ပေးတတ် သော ချစ်သူ ကို သတိရ သွား သည် ။ ချစ်သူ က နေ့ကျောင်းသား ဖြစ်သည် ။ သူ့ ထက် လည်း တစ်တန်း ငယ် သူ ။ 


“ မောင် သွေး ပေးတဲ့ သနပ်ခါးလေး လိမ်းရဲ့လား လာ ကြည့်တာ ” 


အတန်း ရှေ့ က စောင့် တတ်သူ ။


အင်းလျားကန်စောင်း မှာ နှစ်ယောက်သား တွေ့ လျှင် သူ သွေး ပေးသည့် ပါးပြင် က သနပ်ခါး ကို  ပြန် ယူသွား လေ့ ရှိသူ ။ ချစ်ခဲ့ကြ သော် လည်း မဆုံဖြစ် ခဲ့ကြသော ချစ်သူ ကို သတိ ရ သွားသည် ။ ဖေဖေ့ ကီးမားပလာတာ က နှစ်ပေါင်း ၄၀ ကျော် က ။ သူ မေ့လိုက်သည် မဟုတ်သည့် တိုင် စိတ် မအား ၊ လူ မအား သတိ မထား မိ တော့ သော အတိတ် ကို လှမ်း ၍ တွေ့လိုက်သည် ။


ထိုခဏ တွင် သူ့ ပါးပြင် သူ အမှတ်တမဲ့ စမ်း ကြည့် လိုက်ရင်း ရင် ထဲ မှာ နွေးသွားရသည် ။


◾ခင်မြဇင်


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      ၂၀၁၇ ၊ ဇန်နဝါရီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment