Saturday, March 2, 2024

ချိုပေါ့ကျ


 ❝ ချိုပေါ့ကျ ❞ 


“ နောက် တစ်ပွဲ ပေးပါဦး ဟေ့ ”  


နောက် တစ်ပွဲ ဟု လှမ်း မှာ လိုက် သဖြ င့် ပထမ တစ်ပွဲ ကုန်သွားသည် မှာ သိသာလောက် ပါသည် ။ ပြာခံခွက် ထဲ ၌ ပြာတို့ ပြည့်လု နီးပါး ဖြစ်နေ သည့် ပြင် ကုန်သွားသော နှစ်လိပ် မှာ လည်း တံဆိပ် နား ရောက်လု နီးနီး သောက် ထားပြီး ဖြစ်လေသည် ။ သည် ဆိုင် မှာ က ပြဿနာ မရှိ ။ သည် ဆိုင် ၌ သူ စွဲစွဲမြဲမြဲ ထိုင်ခဲ့သည် မှာ လည်း ဆယ်စုနှစ် တစ်ခု ကို ပင် ကျော်ခဲ့လေပြီ ဖြစ်သည် ။ လက်ဖက်ရည် နှစ်ခွက် မှ သုံးခွက် ဆက် သောက် လည်း သူ့ ကို လှောင်မည့် သူ မရှိ ။ သူ လက်ဖက်ရည် အလွန် ကြိုက်ကြောင်း ကို တစ်ဆိုင်လုံး က သိထားကြ ပြီး ဖြစ်လေသည် ။ စားပွဲထိုးကလေးများ ပြောင်းလဲ သွားကြ သော်လည်း သူ ထို ဆိုင် မှ မပြောင်းလဲ ။ အသစ် ရောက် လာသော စားပွဲထိုးကလေးများ နှင့် နှစ်ရက် ၊ သုံးရက် အတွင်းမှာ ပင် ရင်းနှီး သွားကြ စမြဲ ဖြစ်သည် ။ ဆိုင်ပိုင်ရှင်များ ၏ အရေးပေးမှု ကြောင့် လည်း ပါလေသည် ။ အရေးပေးရခြင်း အကြောင်းရင်း မှာ လည်း သူတို့ ဆိုင် ကို ကြော်ငြာပေးခြင်း ၊ လက်ဖက်ရည်သောက် သည့် ဖောက်သည်သစ်များ ရှာလာ ပေးခြင်း တို့ ကြောင့် မဟုတ် ။ သူ ကိုယ်တိုင် က လည်း ထို အလုပ်မျိုး မလုပ်ခဲ့ ။ သူ့ ကို တမင်သက်သက် ကို ခင်မင် ရင်းနှီးနေကြခြင်း ဖြစ်လေသည် ။ ညီအစ်ကို မောင်နှမများ သဖွယ် ဖြစ်နေကြ လေသည် ။


ဆိုင် က လည်း သိပ် ခမ်းခမ်းနားနားကြီး မဟုတ် သော ကြောင့် သဘောကျ မိ ခြင်းလည်း ပါသည် ။ တိုက်ခန်း တော့ တိုက်ခန်း တစ်ခု ပဲ ဖြစ်သည် ။ သို့သော် မတ်တတ်စားပွဲများ မခင်း ။ စားပွဲပုလေးများ ကို သာ ခင်း ထား၏ ။ တစ်ဆိုင်လုံး လင်းထိန် နေအောင် လည်း မီးချောင်းများ ထွန်း မထား ။ သဘာဝ အလင်းရောင် အတိုင်း ထားသည် ။ ကက်ဆက် မဖွင့်သည့် အတွက် ပို၍ သဘောကျ သည် ။ သို့သော် နားအေးပါးအေး ငြိမ်သက် နေသည် တော့ မဟုတ် ။ လူ ကျသည့် အချိန် မျိုး တွင် အတွေး ပျောက် လောက် အောင် ဆူညံ နေတတ်သည် ။ လူရှင်း သွားချိန် ဆိုလျှင် တော့ ငြိမ် သွားတတ် ပြန်သည် ။ သို့သော်လည်း ထို ဆိုင် ၌ လူ ရှင်းချိန် သည် ငါးမိနစ် ထက် မပို တတ် ။ ခဏ နေသည် နှင့် လူ ပြန် ကျ လာပြန်၏ ။ 


နေမကောင်း ဖြစ်နေ သဖြင့် တစ်ပတ်ခန့် မရောက်ခဲ့သော ကြောင့် ယနေ့ ထိုင် ရသည် မှာ ခပ်ကြောင်ကြောင် ဖြစ် နေသည် ။ စားပွဲထိုး ကောင်လေး က နောက် တစ်ဗန်း လာ အချ အပေး တွင် ဗန်း ထဲ မှ ဆေးလိပ် နှစ်လိပ် ကို ကောက်ယူ ၍ ပိုက်ဆံ ရှင်းရန် ကောင်တာ သို့ လာခဲ့သည် ။ “ လက်ဖက်ရည် တစ်ခွက် ၊ နှစ်ပွဲ ” ဟု ပြောပြီး တစ်ဆယ်တန် ထုတ်ပေး လိုက်၏ ။


ဆိုင်ပိုင်ရှင် ကိုလှဝင်း မိန်းမ မလှလှဌေး က ပြန် အမ်းရန် ငါးကျပ်တန် ကို ကိုင် ထား ရင်း “ ဟဲ့ ... ပြန်တော့ မလို့လား ” ဟု မေး၏ ။


“ ဟုတ်ကဲ့ ၊ ညနေ မှ တစ်ခေါက် ပြန်လာမယ်ဗျာ ” 


“ နင် မလာတဲ့ တစ်ပတ် အတွင်း မှာ သူ နေ့တိုင်း နင့် ကို လာ ရှာတယ် ” 


“ ဘယ်သူလဲ ၊ ကိုဇော်ကြီး လား ”  


“ ဘယ်က ဟုတ်ရမှာ လဲ ။ နင့် အဆက်ဟောင်းကြီး ပေါ့ ” 


ရင် ထဲ ၌ ထိတ်ခနဲ ဖြစ် သွားသည် ။ သို့သော် အစ်မကြီး နောက် နေတာ ဟု ပဲ ထင်လိုက်သည် ။


“ အစ်မကြီး ရာ နောက်စရာ ရှားလို့၊  တခြား ဥစ္စာ နောက်စမ်းပါ ”  


“ ဟဲ့ တကယ် ပြောတာ ။ နင် မယုံရင် ကိုလှဝင်း ကို မေးကြည့် ” 


“ လက်ဖက်ရည် တိုက်ချင် လို့ လာ ရှာ တာ ဖြစ်မှာ ပေါ့ဗျာ ” 


ခပ်ပေါ့ပေါ့ ပင် ပြော၍ အစ်မကြီး လက် ထဲ မှ ငါးကျပ်တန် ကို ယူ ကာ ဆိုင် ထဲ မှ ထွက်ခဲ့၏ ။ မဖြစ်နိုင် ဟု ယုံကြည် ပြီးသား ပင် ဖြစ်သည် ။ ငါးနှစ် ကျော် ဆို သော အချိန်ကာလ သည် တိုတိုလေး မဟုတ် သလို ကာလ ကြာမြင့်လှသည် လည်း မဟုတ် ။ ချွေချွေတာတာ စုဆောင်းမည် ဆိုလျှင် အနည်းဆုံး ကလေး တစ်ယောက် တော့ ရ လောက်ပြီ ဖြစ်သည် ။ ထို အတွေး ကို တွေးမိပြီး သူ ပြုံး လိုက်မိသေး၏ ။


“ ကိုကို့ ကဗျာတွေ က ထမင်း မဖြစ်ပါဘူး ကိုကို ” 


“ ဒါဆိုရင် ရွာ ပြန်ပြီး လယ်ထွန် ကျွေး မယ်လေ ။ ကဗျာ မရေးတော့ဘူး ။ ထမင်း တင် မကဘူး ၊ ရွှေ ပါ ဖြစ်နိုင်ပါသေးတယ် ”  


အတင်းမာဆုံး သော အချိန်ကာလ သို့ ရောက်ခဲ့စဉ် က စကား တချို့ ကို နား ၌ ပြန် ကြားယောင်သည် ။ ကဗျာ ရေး ဖို့ မြို့ တက် လာသည့် တောသား တခြား ဘာ လုပ်တတ်မည်နည်း ။ ဈေး ရောင်း ဖို့ ဆိုသည် က လည်း သူ့ လို အူကြောင်ကြောင် ကောင် နှင့် ဖြစ်မည် မဟုတ် ။ သူမ ကိုယ် ၌ က လည်း သူ့ ကို ဈေး ရောင်းစေချင်သည် မဟုတ်ပါ ။ သူမ သဘော က တောသား ၊ တော က တက်လာသည် ဆိုသော် လည်း ရ ထား သည့် ဘွဲ့ တစ်လုံး ကို အရောင် တင် စေ ချင်သည် ။ သူ က လည်း အဘ ၏ ကြိမ်လုံး ကြောက် သဖြင့် ဘွဲ့တစ်ခု တော့ ရအောင် ယူပေး ခဲ့ရ သေးသည် ။ “ ဟေ့ ကောင် ၊ မင်း ဘွဲ့ရ ပြီး ရင် မင်း ဟာ မင်း လုပ်ချင်တာ လုပ် ၊ ကလေကချေ ပဲ လုပ် လုပ် ” ပြတ်သားသော အဘ စကား တစ်ခွန်း တည်းနှင့် သူ ရန်ကုန် တက္ကသိုလ် ကို ခြေချ ဖြစ်ခဲ့သည် ။


အဲသည် မှာ စခဲ့သည် လား မပြော တတ် ။ ဟုတ်ပါသည် ။ သည် မှာ အစပြုခဲ့ကြခြင်း ဖြစ်ကောင်း ဖြစ်မည် ။


 •••••   •••••   •••••


မလိုက်ချင်ပါဘူး ဟု ဇွတ် ငြင်း သော်လည်း ရမည့် သူငယ်ချင်း မဟုတ်သည် ကို သိနေသည် ။ ဇာတိရပ်ရွာ ချက်မြှုပ် ချင်း မတူကြ သော်လည်း ရေ မြေ အရ တစ်ရပ်တည်းသားများ ဖြစ်နေ သောကြောင့် ပို၍ တွဲဖြစ် ခဲ့ကြသည် ။ အဆောင် မှာ ကျတော့ လည်း တစ်ခန်း တည်း လာကျ သဖြင့် တကယ့် သူငယ်ချင်းများ ပမာ ခင်မင် ခဲ့ကြ၏ ။ 


“ မင်း က ချိုပေါ့ကျ လက်ဖက်ရည် လောက် မမက်မောဘူး ဆိုတာ ငါ သိပါ တယ်ကွာ ။ ဒါပေမဲ့ လိုက်ခဲ့ပါ ။ ဟို ကျ တော့ တစ်ခု ခု စီစဉ်တာပေါ့ ”  


သူတို့ သုံးယောက် အတွက် ဖာလူဒါ သုံးခွက် မှာ ထား သော်လည်း သူ့ အတွက် ဘာမှ မမှာ ဖြစ်သေး ။


“ ကိုဝင်းအောင် သူ့ အတွက် လည်း တစ်ခု ခု မှာ ပေး လိုက်ပါ ။ လက်ဖက်ရည် ဆို လည်း ဟိုဘက် ဆိုင် မှာ လှမ်း မှာ ပေးလိုက်ပါ ”   


မွေးနေ့ရှင် ဖြစ်ဟန် တူ သူ ကောင်မလေး က စ ၍ ပြော၏ ။


“ နေပါစေ ရပါတယ် ။ ကျွန်တော့် အတွက် တကူးတကန့် စီစဉ် မနေပါနဲ့ ”  


ထိုအချိန် ကျ မှ စ၍ ဝင်းအောင် က မိတ်ဆက် ပေးရန် မေ့ နေသည့် အလား စကား စ ၍ ပြောလေသည် ။ 


“ အဲ ... မေ့နေလိုက်တာ ။ ဒါက ကိုယ် တို့ နဲ့ တစ်နယ်တည်းသားတွေ ဆိုပါ တော့ ။ ချစ်ကို တဲ့ ၊ ချစ်ကို သူ က အင် မွေးနေ့ရှင် ဆိုပါတော့ ။ အိအိခင် တဲ့ ။ ဒါ ကတော့ ချိုချို က တော့ မင်း သိပြီးသား ပါကွာ ။ အထွေအထူး ပြောစရာ မလိုပါဘူး ” 


ဝင်းအောင် နှင့် ချိုချို က ချစ်သူတွေ အဖြစ် ခင်မင်သူ အားလုံးက အသိအမှတ် ပြုပြီးသား ဖြစ်လေသည် ။ မိတ်ဆက် စကား ပြောပြီးသည် နှင့် ဝင်း အောင် က တစ်ဖက်ဆိုင် သို့ ကူး သွား ကာ သူ့ အတွက် လက်ဖက်ရည် နှင့် မုန့် တို့ ကို မှာ ပေး၏ ။ 


အခြား ထွေထွေထူးထူး စကား တို့ ကို မပြောဖြစ် သော်လည်း သူ အိခင် ကို တမေ့တမော ငေးစိုက် ကြည့်ဖြစ်သည် ။ အိခင် က လည်း သိဟန် တူ၏ ။ မျက်လွှာ ကို တစ်ချက် တစ်ချက် လှန် ၍ ကြည့် သည် မှ အပ သူ့ ကို ကြာရှည်လေးမြင့် မျက်နှာချင်း မဆိုင် ။ သူ က လည်း သူတို့ အချင်းချင်း စကား ပြောနေကြ သည့် ထဲ တွင် တစ်ခွန်းတစ်ပါဒ မျှ ဝင်ရောက် ပြောဆိုခြင်း မရှိ ၊ သူ့ အတွက် မှာ ထား သော ချိုပေါ့ကျ လက်ဖက်ရည် ကို ပင် တစ်ကျိုက် ကျိုက်လိုက် ၊ ရေနွေးကြမ်းလေး မော့ လိုက် ၊ ဆေးပေါ့လိပ်လေး ဖွာ လိုက် နှင့် သာ မသိလိုက် မသိဘာသာ နေလိုက်သည် ။


အိခင် လှသည် ဟု လက်ခံ ရမည် ။ အသား ဖြူ သော်လည်း ပန်းနုရောင် ဘက် ကို နည်းနည်း သန်းသည် ။ ထို့ကြောင့် သူမ ၏ ပါးပြင်လေးများ ဘာမှ လိမ်းခြယ်စရာ မလိုဘဲ ရဲ နေခြင်း ဖြစ်သည် ။ ပါး ၏ အရဲ ကို နှုတ်ခမ်း ဆိုးဆေးနီနီ က ထပ် ၍ အရောင် တောက် စေလိုက်သော အခါ အိခင် ၏ ပါးနှစ်ဖက် တို့ သည် .. ။


 •••••   •••••   •••••


ရှက်ခြင်း ကို တိုင်းတာ၍ ရသော ကိရိယာ ရှိမည် မထင်ပါ ။ ရှက်သွား သည် ဆိုခြင်း ကို တော့ မည်သည့် ကိရိယာ မျှ မလိုဘဲ သိနိုင်ပါပေသည် ။ သူ့ စကား ကြောင့် အိခင် ရှက်သွားသည် ဟု သူ ထင် လိုက်ပါသည် ။ အကြောင်းမူ အိခင် ၏ ပါးနှစ်ဖက် သည် မူလ အရောင် ထက် ပို၍ ရဲ သွား သောကြောင့် ဖြစ်၏ ။


ဝင်းအောင် တို့ နှင့် တွေ့ဆုံပြီး ခဲ့သည့် နောက်ပိုင်း တွင် သူ နှင့် အိခင် တို့ မကြာခဏ ဆိုသလို တွေ့ဖြစ်ခဲ့ ကြသည် ။ တွေ့နိုင်ရန် လည်း အိခင် က သူ ၏ အချိန်ပို တက်သော ပြင်ပကျောင်းများ ၏ အချိန်စာရင်း ကို ပေးထားခဲ့ခြင်း ကြောင့် ဖြစ်လေသည် ။ နှစ်ချိန်စာ တက်ရခြင်း ကြောင့် ကြား ထဲ တွင် တစ်နာရီခန့် အချိန် ပို လေသည် ။ ထို အချိန်ပိုလေး တွင် သူတို့ နှစ်ဦး လက်ဖက်ရည်ဆိုင် ထိုင် ဖြစ် ခဲ့ကြ၏ ။ ထိုအချိန် မှ စ၍ အိခင် လည်း ချိုပေါ့ကျ လက်ဖက်ရည် ကို ကြိုက်တတ် လာခြင်း ဖြစ်လိမ့်မည် ။


စောစောက ရဲ သွားသော ပါး နှစ်ဖက် တို့ အရောင်ပြယ်စ ပြု သွားကြသည် ။ သူ လည်း ခုမှ ပင် စကား ပြန် စဖို့ သတိရ  သွား၏ ။ ပြောပြီး မှ မှားများ သွားပြီ လား ဟူသော နောင်တတရား ကို အချိန် အနည်းငယ် အတွင်း ၌ ပင် စဉ်းစား မိ လိုက်သေးသည် ။


“ ကျွန်တော် မှားများ သွားပြီလား အိခင် ” 


ခေါင်း ကို ညင်သာစွာ ယမ်း လိုက်၏ ။


“ ဒါဖြင့် ကျွန်တော် ... ”  


သူ့ စကား ကို အိခင် က လက် ပြ ပြီး တား လိုက်သည် ။


“ ချိုပေါ့ကျ သောက်နိုင်ဖို့ အိခင် က ကြိုးစားနေ ဆဲ ပါ ကိုချစ်ကို ” 


ရှင်းလင်းစွာသော စကား ကို အိခင် ဆိုလာသည့် အတွက် သူ ဘာမှ ထပ်၍ မပြောတော့ ။ ယခုလောက် ဆို အဖြေ က ရှင်း နေလောက်ပြီ တည်း ။


 •••••   •••••   •••••


စိတ် က လည်း မသိသည် လား ၊ လူ က ပဲ မသိသည် လား တော့ မပြောတတ် ။ လျှောက်ရင်း လျှောက်ရင်း နှင့် နန်း သီတာ ဆိပ်ကမ်း သို့ ရောက်လာ မှ သူ သတိ ပြန် ဝင်လာသည် ။ လွမ်းစရာတွေ ဖြစ်နေပါ့မယ် လေ ၊ ပြန်လှည့် မှ ဟု စိတ် က ဆုံးဖြတ် သော် လည်း ခြေလှမ်းများ က နောက်သို့ မဆုတ် ။ ရှေ့သို့ သာ တိုး နေ၏ ။ စိတ် ကို လျှော့ပြီး ခြေလှမ်းများ နောက် သို့ လိုက်ပါခဲ့ရတော့သည် ။ 


သည် နေရာလေး မှာ ညနေတိုင်း ဆုံ နေကျပါလား ဟု စိတ် က လွမ်းလာ သည် ။ ထိုအချိန် က ကျောင်း ၏ ပြင်ပ သို့ သူတို့ ရောက်ခဲ့ကြပြီ ဖြစ်သည် ။ အိခင် က သူမ ဖခင် အဆက်အသွယ် ဖြင့် ရုံး တစ်ရုံး မှာ အလုပ် ရသည် ။ သူမ ရုံး က ထိုနေရာ နှင့် နီးသည် ။ ညနေ တိုင်း ပင် လျှင် မသောက်ရ မနေနိုင်သော အရက် စွဲ သူ ပမာ သူ လည်း ဖြစ်ခဲ့ရ၏ ။ ညနေ ရောက်သည် နှင့် ထို ဆိပ်ကမ်း သို့ ရောက်ခဲ့ ရသည် ။ ချစ်တင်း နှီးနှော ခဲ့ကြသည် ။ ရှေ့ရေး နောက်ရေး တွေ ဆွေးနွေး တိုင်ပင်ခဲ့ကြသည် ။ ပြန်ခါ နီး ၌ ချိုပေါ့ကျ လက်ဖက်ရည် တစ်ယောက် တစ်ခွက် စီ ကို ထိုင်နေကျ ဆိုင် မှာ ထိုင် သောက် ပြီး မှ လမ်းခွဲ နေကျ ဖြစ်သည်  ။


“ စ သောက် သောက်ချင်း တုန်း ကတော့ ဘယ် သောက်နိုင်မှာ လဲ ”   


ကိုကို သောက်တဲ့ လက်ဖက်ရည်မျိုး တစ်ခွက် လောက် စမ်း သောက် ကြည့်ချင်တယ် ဟု ဆိုလာ သဖြင့် စတင် မှာ တိုက်ခဲ့ဖူးသည် ကို ပြန်လည် အမှတ်ရ ၏ ။ တစ်ဝက်ခန့် ကုန်အောင် ပင် မနည်း ကြိတ်မှိတ် သောက် နေရ သော အိခင် ကို ကြည့်ရင်း မသောက် တတ် ရင် လည်း မသောက်ပါနဲ့ အိခင် ရာ ဟု ပြောဖြစ်ခဲ့သည် ။ သူ့ စကား ကို ခေါင်း ယမ်း ရင်း ငြင်းဆန်ကာ “ ကြိုးစား ကြည့်မယ် ” ဟု အိခင် ပြောခဲ့ ဖူးသည် ကို လည်း ပြန်လည် ကြားယောင် လာသည် ။


နောက်ပိုင်းတော့ အစစ အရာရာ လိုက်လျောညီထွေ ရှိသွား လေတော့သည်  ။


“ ဒီလောက် လက်ဖက်ရည် ကြိုက် နေတာ ၊ ရွာ ပြန် ရောက်တော့ ဘယ်လို လုပ် သောက်မလဲ ”  


“ ရွာ ဆိုပေမဲ့ မြို့ နဲ့ မဝေးဘူး အိခင် ၊ လက်ဖက်ခြောက် ကို တော့ ဒီ က ဝယ် သွားတယ် ။ နို့ဆီ ၊ သကြား က တော့ ဟို မှာ ပဲ ဝယ်ပြီး ကိုယ့် ဘာသာ ကိုယ် ဖျော် သောက်တာပေါ့ ”  


လျှောက်ရင်း လျှောက်ရင်း မြစ်ကမ်း နဖူး သို့ ရောက် လာသည် ။ ညီညာစွာ စီရရီ ခင်းထားသော အုတ်ပေါင်ကလေး ပေါ် သို့ တက် ၍ ရပ်ပြီး မြစ်ပြင် ကို စိုက် ကြည့် နေမိသည် ။ ရုံးဆင်းချိန် လည်း မဟုတ် ၊ ညနေစောင်း လည်း မဟုတ် သဖြင့် ဆိပ်ကမ်း မှာ လူ ရှင်းနေသည် ။ 


“ ရှင်းရှင်း ပြောရ ရင် တော့ ချိုပေါ့ကျ လက်ဖက်ရည် ကို ကြိုက်တတ် လာ အောင် ကြိုးစားရ တာ လောက် တော့ လွယ် မှာ မဟုတ်ဘူး ကိုကို ”   


“ သိပါတယ် အိခင် ၊ ဘဝ ဆိုတာ လက်ဖက်ရည် သောက် တာ မှ မဟုတ်တာ ”  


ပြဿနာ စပြီ ဆိုသည် ကို သူ သိ လိုက်သည် ။ မှန်သည် ။ သူ နှင့် အိခင် တို့ ၏ နှစ်ယောက် ရှေ့ရေး မည်သို့ စခန်း သွားကြမည်နည်း ။ လက်ရှိ အခြေအနေ ၌ သူ့ ဘက် မှာ အားနည်းချက်တွေ အများကြီး ရှိ နေသည် ။ အိခင် က အလုပ် လက် ရှိ ။ သူ က အလုပ် လက် မဲ့ ။ သည် တစ်ချက် က ပင် တော်တော်ကြီး ကွာဟ နေသည် ။ အလုပ်ကိစ္စ အကြောင်း ပြောကြသည် အထိ သူ ဒေါသ မထွက်သေး ။ ဒေါသ မဖြစ်သေး ။ သည် တွင် အိခင် က ကဗျာ ကိစ္စ ကို ထိပါးလာသည် ။ မာနတရား သည် ပုန်းလျှိုး ကွယ်လျှိုး လုပ် မနေ တော့ ။ ပေါ်ပေါ်ထင်ထင် ပင် ခေါင်း ထောင် ထ လာသည် ။


“ ကိုကို ဟာ လယ်သမားသား ပါ အိခင် ။ လယ် လုပ်ကျွေး တတ်ပါတယ် ။ အိခင် ပြောသလို ထမင်း တင် မဟုတ်ဘူး ၊ ရွှေ ဆင် နိုင်ပါတယ် ။ ဒီတော့ အိခင် အလုပ် က ထွက် ၊ ကိုကို နဲ့ လိုက်ခဲ့ပေတော့ ။ အိခင် ဖြစ်စေချင်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် အို သမုဒ္ဒရာ ဝမ်းတစ်ထွာ ဆိုပါတော့ ကွာ ၊ ကိုကို ဖြည့်ဆည်း ပေးနိုင်တယ် ။ ကဗျာ ကို တော့ မထိခိုက်ပါနဲ့ အိခင် ရာ ” 


“ တော်ပါတော့ ကိုကို ။ ဒီလောက်ဆို အိခင် သဘောပေါက် ပါပြီ ။ ကိုကို ဟာ အိခင် ထက် ကဗျာ ကို ပိုချစ်နိုင်သူ ။ ဒီတော့ ...” 


“ ဟုတ်တယ် အိခင် ၊ ဒီတော့ ကိုကို့ ကို ကဗျာတွေ နဲ့ ပဲ ထားခဲ့ပါ ။ ကိုကို နေရစ် ပါ့မယ် ။ ကိုကို အိခင် ကို မောင်းထုတ် တာမျိုး မဟုတ်ပါဘူး အိခင် ၊ အိခင် သဘောပါ ။ ဒါပေမဲ့ ကိုကို နဲ့ ကဗျာတွေ ကို နားလည်လာ တဲ့ တစ်နေ့ မှာ အိခင် အတွက် ကိုကို အမြဲတမ်း တံခါး ဖွင့် ထားပါမယ် ” 


ဝမ်းနည်း ကြေကွဲစွာ ပေါက်ကွဲ ပစ်လိုက်ချင် သော်လည်း မရခဲ့ ။ သူရူး တစ်ယောက် လို အော်ဟစ် ပြောဆို ပစ်လိုက်ချင် သော်လည်း မဖြစ်နိုင်ခဲ့ ၊ ရင် နဲ့ မဆံ့အောင် ခံစားခဲ့ ရ သော်လည်း ကြီးမားသော စိတ် လေလွင့်မှု ၊ စိတ်ရိုင်းဝင်မှု ၊ အရွဲ့တိုက်မှုများ မဖြစ်ခဲ့ ။ သူ သူမ အပေါ် မုန်းတီးခြင်း ၊ နာကြည်းခြင်း တို့ လည်း မဖြစ်ခဲ့ ။ မုန်း ဖို့ ချစ်ခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်လိမ့်မည် ။ နာကြည်းဖို့ တွယ်တာခဲ့ခြင်း မဟုတ်သော ကြောင့် ဖြစ်လိမ့်မည် ။ သူမ တခြား တစ်ယောက် နှင့် တွဲ၍ အအေးဆိုင် ၌ ဖာလူဒါ သောက် နေသည် ကို တွေ့ခဲ့ရသည် ဟု သူငယ်ချင်း တစ်ယောက် က လာ ပြောသည် ။ ဪ .. သူ ချိုပေါ့ကျ ကို မေ့နိုင်ရှာသူ ပဲ ဟု သာ တွေးမိသည် ။ တကယ်တမ်း ၌ လည်း ချိုပေါ့ကျ သည် သူ နှင့် ရင်းနှီးခဲ့သည် မှ မဟုတ်ပဲ ။ အခိုက်အတန့် အားဖြင့်သာ စွဲလမ်း ခဲ့ မိ ခြင်း ဖြစ်ပါလိမ့်မည် ဟု တွေးထင်ခဲ့မိ ပြီးသား ပင် ဖြစ်လေသည် ။


သည့် နောက်၌ သူ နယ် မှာ အလုပ် ရ သည် ။ နယ် ဆိုသော် လည်း တခြား မဟုတ် ။ သူ ၏ ရွာ ၌ ပြန်၍ ကျောင်းဆရာ အလုပ် ကို လုပ်ရခြင်း ဖြစ်သည် ။ ရွာ နှင့် ရန်ကုန် သည် အိမ်ဦး နှင့် ကြမ်းပြင် ခရီး လောက် သာ ရှိ သဖြင့် သူ ရန်ကုန် နှင့် အဆက်အသွယ် မပြတ်ခဲ့ ။ ရန်ကုန် သို့ ပြောင်းခွင့် ရ သော အခါ၌ သူ့ အတွက် ပို၍ အဆင်ပြေ သွား တော့သည် ။ အလုပ် တစ်ဖက် နှင့် ဆိုသော် လည်း သူ သည် ကဗျာ နှင့် မဝေးခဲ့ ။ ဝေး အောင် လည်း မနေခဲ့ ။ အလုပ် တာဝန် ပြီးဆုံးသည် နှင့် သူ့ ဘဝ သည် ကဗျာ ဖြစ် ၍ လာ ခဲ့သည် ။


နေ စောင်းပြီ ။ သူ့ အတွေး တို့ လည်း ပြတ်တောက် သွားချေပြီ ။ လာရာလမ်း သို့ ပြန်ခဲ့၏ ။ လက်ဖက်ရည် တစ်ခွက် လောက် ဝင် သောက်ဦးမည် ဟု လည်း စဉ်းစား လာခဲ့သည် ။


 •••••   •••••   •••••


ထိုင်နေကျ နေရာ ၌ ပင် ထိုင်ပြီး လက်ဖက်ရည် တစ်ခွက် လှမ်း မှာ လိုက် သည် ။ ဆေးပေါ့လိပ် မှာ မည် ပြုပြီးမှ အိတ် ထဲ ၌ တစ်လိပ် ကျန်နေ သေးကြောင်း သတိ ရသည် ။ ဆေးပေါ့လိပ် ကို ထုတ် ၍ မီးညှိ ပြီး ဖွာ နေ မိသည် ။ လက်ဖက်ရည် ပန်းကန် ကို ယူ၍ တစ်ကျိုက်ကျိုက် လိုက်ချိန် တွင် ဖြူနုသော ခြေထောက် အစုံ ကို စတင် မြင်ရခြင်း ဖြစ်သည် ။ သဲကြိုးအနက် တပ် ကတ္တီပါ ဖိနပ် မိန်းမစီး ကို စီး ထား သော ကြောင့် ဘယ်သူ ဟု ရင် ထဲ က သိလိုက်သည် ။ သို့သော်လည်း တုန်လှုပ် မသွားသည် တော့ အမှန် ။


မော့ မကြည့်တော့ ဘဲ ခွေးခြေပု တစ်လုံး ကို စားပွဲ အောက် မှ ထုတ်ပေး လိုက်သည် ။ ထိုင် လိုက်သည့် အချိန် တွင် မှ အိခင် မျက်နှာ ကို လှမ်း ကြည့် ဖြစ်သည် ။ ပန်းနုရောင် ပါးနှစ်ဖက် တို့ သည် လည်းကောင်း ၊ နှုတ်ခမ်းနီရဲရဲ တို့ သည် လည်းကောင်း ဘာမျှ ပြောင်းလဲ ခြင်း မရှိသည် ကို တွေ့ရ၏ ။

 

“ အိပ်မက် မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ် အိခင် ” 


သူ စကား စ ပြောဖြစ် သွားသည် ။ 


“ အိခင် မှားခဲ့တယ် ကိုကို ”   


အိခင် က လည်း တိုတောင်းသော စကား ကို ပြန် ပြော၏ ။ အခေါ်အဝေါ် များ ပြောင်းလဲမသွား သည် ကို ကြည့် ရင်း ဝေးကွာ ခဲ့သည့် ကာလ အတန်ကြာ ၌ လည်း အိခင် သူ့ ကို မမေ့ ဟု နားလည် ခံစား လိုက်ရသည် ။ သူ့ နားလည်မှု မှန်ချင် လည်း မှန်မည် ။ မှား ချင် လည်း မှားမည်လေ ။


“ ကိုကို လည်း မှားခဲ့တာပါပဲ ကွာ ။ ထားလိုက်ပါလေ ။ မှားတာတွေ ပြန် ပြောနေလို့ အကြောင်း ထူး မှာ မှ မဟုတ်တာ ” 


“ လွန်ခဲ့တဲ့ နှစ်လကျော် လောက် က ကိုဝင်းအောင် နဲ့ ချိုချို ကို အိခင် တွေ့ခဲ့ တယ် ” 


အဆက်အစပ် မရှိသော စကား ကို အိခင် ပြော လာသည် ။ ဝင်းအောင် နှင့် ချို ချို ကျောင်း ပြီး ကတည်း က လက်ထပ် သွားကြသည် ကို သူ ကော အိခင် ပါ သိ ပြီးသား ဖြစ်သည်  ။


“ အိခင် သတ္တိန ည်းခဲ့ပါတယ် ကိုကို ”   


“ သတ္တိ နည်းတယ် လို့ တော့ ပြောလို့ မရဘူးပေါ့ အိခင် ရယ် ။ အိခင်က မိန်းကလေး မဟုတ်လား ။ ကိုကို ပြောခဲ့ဖူးသားပဲ ။ ဘဝ ဆိုတာ လက်ဖက်ရည် သောက်တာ မှ မဟုတ်တာလို့ ”  


အိခင် မည်သည့် စကား ကို မျှ ထပ်မ ပြော ။ မျက်တောင်များ ကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း သူ့ ကို လှမ်းကြည့် သည်  ။


“ အိခင် ... တစ်ခု ခု သောက်လေ ။ ကော်ဖီ သောက်မလား ”  


“ ဟင့်အင်း ၊ ချိုပေါ့ကျ ” 


သည် တစ်ခါတော့ သူ အံ့သြမှု တစ်ခု ဖြစ်သွား ပါသည် ။ အိခင် မည်သည့် အဓိပ္ပာယ် နှင့် ပြောပါ သနည်း ။ နားမလည်နိုင်စွာ ဖြင့် အိခင် ကို လှမ်း ကြည့် လိုက်သည် ။


“ ခါးသက်တဲ့ အရသာ ပေ မဲ့ လျှာ ပေါ် မှာ စွဲ ကျန်ခဲ့တယ် ကိုကို ” 


ပြုံး ၍ ပြော လိုက်သော အိခင် စကား ကြောင့် နားလည်စွာ ခံစား လိုက်ရပါသည် ။


စားပွဲထိုး ကောင်လေး တစ်ယောက် ကို ခေါ်၍ ချိုပေါ့ကျစ်ခွက် မှာ လိုက်သည် ။


“ ကိုကို သောက်ပြီးပြီ မို့လား ”  


“ အေးစက်စက် နဲ့ မို့ ပါ အိခင် ၊ ပူပူလေး ဆိုတော့ နွေးနွေးထွေးထွေး ရှိ သွားတာပေါ့ ” 

 

အိခင် သူ့ လက်ကောက်ဝတ် ကို ဖမ်းဆုပ် လိုက်သည် ။ အင်အားတွေ တိုးပွား လာ သလို ပါပဲလား ဟု တွေးနေမိ၏ ။


 •••••   •••••   •••••


လက်ဖက်ရည်ဖိုး ရှင်းပြီး လက်ဖက်ရည်ဆိုင် မှ အထွက် တွင် သူ့ လက်မောင်း ကို အိခင် ဆုပ်ကိုင် လိုက်သည် ။


တစ်ယောက်တည်း မဟုတ်တော့ပါ လား ဟု သူ တွေးမိရင်း လောက သည် နေချင့်စဖွယ် ကောင်းကြောင်း သဘော ပေါက် ၍ လာလေသည် ။


◾အာယု


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း ၊

      အမှတ် ၉ 

      ဇွန်လ ၊ ၁၉၉၀ ပြည့်နှစ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment