Tuesday, March 12, 2024

တိတ်တခိုး ရနံ့


 ❝ တိတ်တခိုး ရနံ့ ❞  


၁ ။


ကျွန်မ မနက် တိုင်း ကား စောင့် စီးတတ်တဲ့ ကားမှတ်တိုင်လေး အနား မှာ လက်ဖက်ရည်ဆိုင် လေး တစ်ဆိုင် ရှိသည် ။ လက်ဖက်ရည်ဆိုင်လေး က မနက်ခင်း ဆို လူ တအား စည်တတ်ပြီး သီချင်း မဖွင့်တဲ့ အဲဒီ လက်ဖက်ရည်ဆိုင်လေး ဟာ စကားသံတွေ နဲ့ ဆူညံလျက် ရှိတာကို နေ့စဉ် ကျွန်မ စောင့် စီးတဲ့ ဘတ်စ်ကား မှတ်တိုင်လေး က နေ ကြား နေရသည် ။


ကျွန်မ က ...... ရုံး ရဲ့ အကြီးတန်းစာရေး တစ်ယောက် ဖြစ်ပြီး ရုံး ကို သွားဖို့ အတွက် အမှတ် ၃ လိုင်း ကို စီးရသည်  ။


အဲဒီ အမှတ် ၃ ကား ကို စီး ဖို့ နေ့စဉ် လက်ဖက်ရည်ဆိုင်လေး နား က ကားမှတ်တိုင် ကို မနက် ( ၈ ) နာရီခွဲ ဆို ရောက် နေ ကျ ။ ရုံး ကို ကား စီးရ တာ က မိနစ် နှစ်ဆယ် လောက် ပဲ ကြာပါသည်  ။ ရုံး တက် ဖို့ မနက်တိုင်း ဒီ ကားမှတ်တိုင်လေး မှာ ကား စောင့် စီးတတ်တဲ့ ကျွန်မ က ရုံးပိတ်ရက် စနေ ၊ တနင်္ဂနွေ နှစ်ရက် က လွဲရင် အဲဒီ လက်ဖက်ရည်ဆိုင်လေး ထဲ မှာ ပုံမှန် ထိုင် တတ်သူများ ရဲ့ မျက်နှာ အချို့ ကို တောင် မှတ်မိ နေတတ်ပါပြီ ။ အဲဒီ လက်ဖက်ရည်ဆိုင်လေး ထဲ က လူအချို့ က လည်း ရုံးဝတ်စုံလေး နဲ့ ကျွန်မ ကို သတိပြု မှတ်မိ နေကြမှာ အသေအချာပါပဲ ။


ဒါဟာ ဘာ သဘောလဲ ဆိုရင် ပတ်ဝန်းကျင် တစ်ခု ရဲ့ နေ့စဉ်ပုံမှန် ဖြစ် နေတဲ့ အရာတွေ ကို မသိစိတ် က လက်ခံ မှတ်မိ နေတာမျိုး ပဲ ဖြစ်မည် ထင်ပါသည် ။


တစ်နေ့တော့ ကျွန်မ လက်ဖက်ရည်ဆိုင်လေး ကို ကျော ပြုပြီး ခါတိုင်း လို ကား ရပ် စောင့်နေမိ တာပါ ။ ကျွန်မ ရဲ့ ထူးထူးခြားခြား ဖြစ်ပေါ် မိတဲ့ ကျော မလုံတဲ့ ခံစားမှုမျိုး ဒီနေ့ မှ ပေါ်နေ တာ ကို ကျွန်မ သတိပြု မိ နေသည် ။


တကယ်ဆို ဒီ ကားမှတ်တိုင် ပတ်ဝန်းကျင်လေး က ကျွန်မ နဲ့ ရင်းနှီး ကျွမ်းဝင် နေတဲ့ ပတ်ဝန်း ကျင်လေး တစ်ခု မဟုတ်လား ။ ဒီ ပတ်ဝန်းကျင် လေး မှာ အရင်နေ့ တွေ လို မဟုတ်ဘဲ ထူးခြားမှု တစ်ခု ခု ဖြစ် နေတာ ဆိုရင် ကျွန်မ မသိစိတ် က သတိပြု မိ မှာ အမှန်ပဲ ။


ကျွန်မ ဒီ ပဟေဠိ ကို သိပ် မစဉ်းစား လိုက်ရပါဘူး ။ အဖြေ ရှာ တွေ့သွား ခဲ့ပါသည် ။


အဲဒီ အဖြေ က လက်ဖက်ရည်ဆိုင်လေး ထဲ မှာ ကောင်လေး တစ်ယော က် ဦးထုပ် အနီရဲရဲလေး ကို ခပ်ငိုက်ငိုက် ဆောင်း ထားပြီး တည်ငြိမ် စူးရှ တဲ့ မျက်လုံးတွေ နဲ့ ကျွန်မ ကို စိုက်ကြည့် နေလေသည် ။


သေချာတာ က တော့ အဲဒီ ကောင်လေး ဟာ ကျွန်မ နေ့စဉ် ရင်းနှီး နေမိ တဲ့ လက်ဖက်ရည်ဆိုင်လေး ထဲ က မျက်နှာတွေ ထဲ မှာ မပါဝင်တဲ့ မျက်နှာ စိမ်း တစ်ခု ပဲ ဖြစ်သည် ။ ကောင်လေး အခုလို စိုက် ကြည့် နေတာ ကို ကျွန်မ စိတ် ထဲ ဘယ်လို လှုပ်ရှားမှုမျိုး မှ မဖြစ်မိပေမယ့် ကျွန်မ စီး မယ့် ကား မလာ မချင်း လက်ဖက်ရည်ဆိုင်လေး ကို ကျောပေး နေရမယ့် အဖြစ် က တော့ ကျော လုံချင်စရာ သိပ် မကောင်း ပါ ။


တကယ်တော့ ကောင်လေး ရဲ့ အကြည့်တွေ က ရမ္မက် မပါတဲ့ သန့်ရှင်းတဲ့ အကြည့် တွေ ပဲဆို တာ ကျွန်မ စိတ် ထဲ က အလိုလို သိ နေမိသ ည် ။ အင်း ... ထူးတော့ ထူး မနေတော့ဘူးလား ။ ကောင်လေး ရဲ့ အကြည့် ကို စိတ် ထဲ ဘယ်လို လှုပ်ရှားမှုမျိုး မှ မဖြစ်စေဘူး ဆိုပေမယ့် လည်း တစ်မျိုး တော့ တစ်မျိုး ပဲ လေ ။


ကျွန်မ က အသက် သုံးဆယ်ကျော် လာတဲ့ အထိ ကောင်လေးတွေ ရဲ့ အကြည့်ပေါင်း များစွာ ကို ခံယူ ခဲ့ဖူးပြီး တစ်ခါ မှ အခုလို ခွဲခြမ်းစိတ်ဖြာ မကြည့်ခဲ့ဖူးတာ ကို တော့ ကျွန်မ ကိုယ်တိုင် အံ့ဩမိရ သည် ။


နောက် ကျေနပ် မိ သလိုလို လည်း ဖြစ်ရသည် လေ ။


   •••••   •••••   •••••


၂ ။


ဒီလိုနဲ့ လက်ဖက်ရည်ဆိုင် နား က ကားမှတ်တိုင် မှာ ကျွန်မ က ကားရပ် စောင့် ။ လက်ဖက်ရည်ဆိုင်လေး ထဲ က လမ်း နဲ့ နီးတဲ့ ထိုင် နေကျ ခုံ နေရာလေး မှာ ကောင်လေး က ဦးထုပ်အနီလေး ကို ခပ်ငိုက်ငိုက် ဆောင်းပြီး သူ့ ရဲ့ အကြည့်မြားတွေ ကို စီးကရက် မီးခိုးငွေ့တွေ ကြား က နေ ကျွန်မ ဆီ ပစ် လွှတ် ။


အချိန်ကာလ တစ်ခု ထိ ကြာ ခဲ့သည် ။


ကျွန်မ ကားမှတ်တိုင် မှာ ရပ်စောင့် တဲ့ နေရာလေး မပြောင်း သလို ဦးထုပ်နီ ကောင်လေး ရဲ့ လမ်းဘက် နဲ့ နီး တဲ့ ထိုင်နေကျ ခုံ နေရာလေး လည်း မပြောင်းခဲ့ပါ ။


ကျွန်မ လည်း ကြာတဲ့ အခါ ကောင်လေး ရဲ့ အကြည့်တွေ ကို နားလည်ရ ခက်လာသည်  ။ ကောင်လေး က ဘာ သဘော ပါလိမ့် ။ ကျွန်မ တွေးရ ခက် လာခဲ့သည် ။


မဖြစ်နိုင် ပေမယ့် လည်း စိတ်ကူးယဉ် ကြည့်တဲ့ သဘော သက်သက်ပါ ။ ဘာလဲ ဆိုတော့ ကောင်လေး က နေ့စဉ် ကြည့် နေရုံ ထက် ပို မစွန့်စားနိုင် ဘူးလား ။ ကောင်လေး က စွန့်စား လာခဲ့ရင်ကော .. ။ ကျွန်မ ဘက် က ခါးခါးသီးသီး ဖြစ်ဖို့ တော့ သိပ် စိတ်ကူး မရှိတာ သေချာပါသည် ။ အချိန်ကာလ တစ်ခု ထိ ဆိုရင်တော့ ကောင်လေး ဘက် က ထူးခြားတဲ့ ပြောင်းလဲမှုလေး တစ်ခု တော့ ဖြစ်သင့်သည် ။ ကျွန်မ လက်ဖက်ရည်ဆိုင်လေး ထဲ ကို ဝင်သွား ပြီး ကောင်လေး ထိုင် နေတဲ့ နေရာ မှာ သွား ရပ်ကာ “ ဘာ သဘော လဲ ” မေးလိုက်ချင် တဲ့ စိတ် ကတော့ ဘယ်တော့မှ အပြင် ထွက် မလာနိုင်တဲ့ မိန်းကလေး တစ်ယောက် ရဲ့ ဣန္ဒြေ ပဲ ဖြစ်သည် ။

 

နေ့စဉ် ဒီလိုဆို ကျွန်မ ရင်မော ရတာပေါ့ ကောင်လေး ရယ် ။


  •••••   •••••   •••••


၃ ။


အစိမ်းရောင်ကြွေပြားတွေ ကပ် ထားပြီး ခေတ်မီမီ ဆောက်လုပ် ထားတဲ့ သုံးထပ်တိုက်ကြီး က ကျွန်မ နေ့စဉ် ကားရပ် စောင့် တဲ့ ကားမှတ်တိုင် နဲ့ တည့်တည့် မှာ ရှိသည် ။


ထို တိုက်ကြီး ထဲ မှာ နေတဲ့ သူတွေ က သိပ် မများ လှ ထင်သည် ။ ကျွန်မ တွေ့မိ သလောက် က အဲဒီ တိုက်ကြီး ရဲ့ သူဌေး ဖြစ်ဟန် တူသော အသက် ငါးဆယ်ကျော် လင်မယား နှစ်ဦး ။ အဲဒီ တိုက်ကြီး က နေ မနက် ဈေးဝယ် သွား တတ်တဲ့ ခပ်ဝဝ မိန်းမကြီး တစ်ဦး နဲ့ ကလေးမလေး တစ်ဦး ။ ပြီးတော့ တန်ဖိုး ကြီး တဲ့ ရီဘဲလ်ဆိုင်ကယ်ကြီး ကို မျက်စိ နောက် လောက် အောင် အမောင်းကြမ်း တဲ့ သူဌေးသား ဖြစ်မယ့် သူ ရယ် ၊ တစ်ခါတလေ မှ သာ တွေ့ရတတ် တဲ့ အသက် နှစ်ဆယ် ကျော်ကျော် သာ ရှိသေးမယ့် ဆံပင် တိုတို နဲ့ မော်ဒယ်လ် လိုလို ခပ်သွယ်သွယ် ချောချော ကောင်မလေး ရယ် ။ ဘာရယ်တော့ မဟုတ် ပါဘူး ။ ကျွန်မ မျက်လုံးတွေ က ကား ရပ် စောင့်ရင်း ဟိုဟိုဒီဒီ ကြည့်မိ လို့ တွေ့မိတာ မျိုးပါ ။


အခု တစ်လော လည်း လက်ဖက်ရည်ဆိုင်လေး ထဲ မှာ ဆေးလိပ်မီးခိုးငွေ့ ကြား က နေ ခိုးခိုး ကြည့် တတ်တဲ့ ကောင်လေး ကို မတွေ့ရ ပြန်ဘူး ။ အမြဲတမ်း လိုလို တွေ့နေရ တတ်ပြီး တော့ တစ်ခါတစ်ရံ သူ မရှိ နေတဲ့ အခါမျိုးတွေ ဆို ကျွန်မ စိတ် ထဲ တစ်ခု ခု လိုနေ သလိုပဲ ။ ဝမ်းလည်း ဝမ်းနည်း ချင် မိသည်  ။


ဘယ်လို ခေါ်ရမှန်း မသိတဲ့ ဝေဒနာ က တော်တော် ဆိုးတာပဲနော် ။ တကယ်ဆို ကောင်လေး မသိလို့ ပါ ။ ကျွန်မအ ပေါ် ကောင်လေး ရဲ့ ပုံရိပ် တွေ ကျွန်မ ရဲ့ အချိန် တော်တော်များများ ကို စိုးမိုး နေပါ ပြီ ။ ကောင်လေး ရောက်နေ နိုးနိုး နဲ့ လက်ဖက်ရည်ဆိုင်လေး ထဲ ကို ကျွန်မ လှည့် လှည့် ကြည့်မိတတ် တာ ကောင်လေး သိ မှာ မဟုတ်ပါဘူး လေ ။


ခါတိုင်း နေ့တွေ လို ကျွန်မ ကားရပ် စောင့်နေမိ စဉ် မှာ ပတ်ဝန်းကျင် ရဲ့ ထူးခြားချက် နှစ်ခု ကို သတိပြုမိသည် ။ တစ်ခု က ကောင်လေး လက်ဖက်ရည်ဆိုင်လေး ထဲ က ထိုင်နေကျ နေရာမှာ ရှိ မနေ တာ ရယ် ၊ နောက် တစ်ခု က ကျွန်မ ကားရပ် စောင့်တဲ့ ရှေ့ က တိုက်ကြီး ထဲ က ဆူဆူညံညံ ရန်ဖြစ်သံ တွေ ကြားရခြင်း ပဲ ဖြစ်သည် ။


ဒီ ထူးခြားချက်တွေ မတိုင်ခင် ရက်တွေ က တော့ လက်ဖက်ရည်ဆိုင်လေး ထဲ ကောင်လေး ထိုင်နေကျ နေရာ မှာ ရှိ နေပြီး ခါတိုင်း လို ကောင်လေး ကျွန်မ ကို မကြည့်ဘဲ ကောင်လေး ရဲ့ အကြည့် တွေ က ကျွန်မ ကို ကျော်လွန်ပြီး ထူးထူးခြားခြား တိုက်စိမ်းကြီး ဆီ ရောက်နေ ခဲ့သည် ။


အဲဒီနေ့ နောက်ပိုင်း မှာ တော့ ကောင်လေး ကို လက်ဖက်ရည်ဆိုင်လေး ထဲ အချိန် အတော် ကြာတဲ့ အထိ မတွေ့ရတော့ ။


တစ်နေ့နေ့ တစ်ချိန်ချိန် မှာ တော့ ကျွန်မ လုံး၀ မသိလိုက်ရတဲ့ ပတ်ဝန်းကျင် တစ်ခု ဟာ အသေအချာ မှားယွင်း နေကြောင်း ကို အချိန် နောက်ကျ ပြီး မှ သိခွင့် ရခဲ့သည် ။


  •••••   •••••   •••••


အဲဒီ နေ့ က ကျွန်မ ကားရပ် စီးတဲ့ မှတ်တိုင်လေး အနီး မှာ ထူးခြား နေ လေသည် ။ ဘာထူးခြားသလဲ ဆိုရရင် မှတ်တိုင်လေး ရဲ့ မျက်နှာချင်းဆိုင် တိုက်စိမ်းကြီး ရှေ့ မှာ မင်္ဂလာဆောင် ကားတန်းကြီး တစ်ခု စီတန်း ထားတာ တွေ့ရသည် ။ တိုက်စိမ်းကြီး က တစ်ဦး ဦး မင်္ဂလာ ဆောင် တာ ပဲ ဖြစ်မည် ။


ရှစ်နာရီခွဲ ခါ နီး အထိ မင်္ဂလာဆောင် ကားတန်းကြီး က မထွက်သေး ။ ကျွန်မ စောင့် နေတဲ့ ဘတ်စ်ကား က လည်း မလာသေး တာ မို့ မင်္ဂလာဆောင် ကားတန်းကြီး ကို ကြည့်လို့ ကောင်းကောင်း နဲ့ ကြည့် နေမိသည် ။


မကြာမီမှာ ပဲ တိုက် ထဲ က တန်းစီ ထွက်လာတဲ့ သတို့ သား ၊ သတို့သမီး နဲ့ မိဘတွေ ကို ဗွီဒီယို ကင်မရာသမားတွေ က မှတ်တမ်း ယူ ကြသည် ။


ကျွန်မ ထင်မိ ထား သလို မင်္ဂလာဆောင် တဲ့ သတို့သမီး က ထို တိုက်စိမ်းကြီး ထဲ က မော်ဒယ်လ် လို ကောင်မလေး ဖြစ်သည် ။ ကောင်မလေး က သွယ်သွယ် ဆိုပေမယ့် သတို့သမီး အဝတ်အစား နဲ့ ပြင်ဆင် ထားတော့ ကြွေရုပ်လေး အတိုင်း လှ နေသည် ။ သတို့သား က ကော ဘယ်လိုပါလိမ့် ။ ကျွန်မ မျက်လုံးတွေ စပ်စုမိသည် ။ သတို့သား ကို ကြည့် ပြီးတော့ ရုတ်တရက် စိတ် ထဲ ရင်းရင်းနှီးနှီး မြင်ဖူး သလို ရှိပါတယ် လို့ ထင် မိတာ ။ တကယ်တော့ ကိုယ့် ရဲ့ ဦးထုပ်နီ ကောင်လေး ပါ ပဲ လား ။


ကျွန်မ ဘုရား တ မိသည် ။ ကျွန်မ ဘယ်လို မှ ထင် မထားမိတဲ့ အရာ ပဲ ဖြစ်သည် ။ ကောင်လေး ရဲ့ မျက်လုံးတွေ နဲ့ အကြည့်တွေ ကို အခု မှ ကျွန်မ ပြန်ပြီး စေ့စေ့တွေး စဉ်းစား မိတော့ မှ ကျွန်မ ကိုယ် ကျွန်မ ရှက် လာသည် ။ ဒီ ကိစ္စ က ဘယ်သူမှ မသိနိုင်တာ ဆိုရသော် လည်း ကျွန်မ မျက်နှာ တစ်ခုလုံး နီရဲ နေခဲ့သည် ။


ပြီးတော့ ကျွန်မ ရင် တွေ တဒိတ်ဒိတ် ခုန် လာကာ မျက်ရည် ဝဲ လာ မိသည် ။ ကောင်လေး ရဲ့ မျက်နှာ ကို ကြည့် မိတော့ ကောင်လေး ရဲ့ မျက်နှာ က ကျွန်မ တစ်ခါ မှ မတွေ့မိခဲ့ဖူး တဲ့ အပြုံးတွေ ဝေ နေ သည် ။ အဖြစ်အပျက် တစ်ခု နဲ့ ပတ်ဝန်းကျင် တစ်ခု ကို လွဲမှားစွာ သုံးသပ်မိခဲ့တဲ့ ကျွန်မ ကိုယ် ကျွန်မ ခုချိန် ကျ မှ နောင်တ ရ နေလို့ လည်း မမီ တော့ ။ လွန်ခဲ့တဲ့ နှစ်လ လောက် က တိုက်စိမ်းကြီး ထဲ က ကောင်မလေး တစ်ယောက် ယောက်ျားလေး နောက် ခိုးရာ လိုက် ပြေးလို့ ဆိုပြီး မိသားစု ဆူဆူညံညံ ရန်ဖြစ်သံတွေ ကြားရတာ အမှတ်ရ နေမိသည် ။ လက်စသတ် တော့ ကိုယ့် ဦးထုပ်နီလေး နဲ့ ကိုး ။


ပါး ပေါ် မှာ နွေးထွေး ပူလောင်တဲ့ အသိ ကို ရ မှ မျက်ရည် သုတ် ဖို့ သတိ ရသည် ။ အခုတော့ ကျွန်မ ရုံး ကို သွားဖို့ မှတ်တိုင်လေး က နေ ကား စောင့် စီးတဲ့ အခါ လက်ဖက်ရည်ဆိုင်လေး ထဲ လှည့် မကြည့် မိ အောင် နေရ သလို တိုက်စိမ်းကြီး ထဲ ကို အကြည့် မရောက်အောင် လည်း သတိထား ရသည် ။


အင်း ... ကျွန်မ အသည်းကွဲ တာ ဒီ ကမ္ဘာ ပေါ် မှာ ဘယ်သူမှ မသိနိုင်ဘူး ဆိုပေမယ့် ကျွန်မ နေ့စဉ် ကားရပ် စောင့် တဲ့ ဒီ မှတ်တိုင်လေး ကို တော့ ကျွန်မ လိမ်ညာ ဖုံးကွယ်လို့ မရနိုင်ခဲ့ပါ ။


◾နော်ဝေး


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း ။

      အမှတ် ၁၄၇

      ဖေဖော်ဝါရီလ ၊ ၂၀၀၂ ခုနှစ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment