Tuesday, March 5, 2024

ကြယ်ကလေး ဟိုရှိ


 

❝ ကြယ်ကလေး ဟိုရှိ ❞

မန္တလေးမြို့ ၊ ၃၄ လမ်းမ ပေါ် က တိုက် တစ်လုံး မှာ ဂျပန်ဘာသာ နဲ့ ဟိုရှိ လို့ ရေး ထားတယ် ။ အဓိပ္ပာယ် က တော့ ကြယ် တဲ့ ။ ဂျပန်ဘာသာ သင် တဲ့ ကျောင်း ပါ ။ တည်ထောင် ထား တဲ့ ဆရာမ က မခြူးပွင့်လှိုင် ။

နိုင်ငံခြားဘာသာ သင် တက္ကသိုလ် မှာ ဂျပန်ဘာသာ သင်ယူ နေတဲ့ ကျောင်းသူ ကျောင်းသား တွေ ၊ ဂျပန်ဘာသာ ကို လုပ်ငန်း အတွက် လိုအပ် နေသူ တွေ ၊ ဂျပန်ဘာသာ ကို စိတ်ပါဝင်စား သူတွေ က ဟိုရှိ မှာ တက်တယ် ။ ယခု နှစ် အတွက် ဂျပန်နိုင်ငံ က ကျောင်းတွေ မှာ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် အရ တက်ရောက် ဖို့ မြန်မာ တစ်နိုင်ငံလုံး က စိတ်ပါဝင်စားသူ တက္ကသိုလ် ကျောင်းသား တွေ ထဲ က ရှစ်ဦး ရွေးချယ် တော့ ဟိုရှိ မှာ တက် နေတဲ့ သူ ထဲ က နှစ်ဦး ရွေးချယ် ခံရတယ် ။ သူ့ ကျောင်း ရဲ့ အရည်အသွေး ကို ကျွန်တော် စိတ်ဝင်စား သွားတယ် ။

ကျောင်း တည်ထောင်သူ မခြူးပွင့်လှိုင် ငယ်ရွယ်စဉ် ကတည်း က သူ့ ပတ်ဝန်းကျင် ကို ကျွန်တော် ဝင်ထွက် သွားလာ နေ ခဲ့တာ မို့ သူ က ကျွန်တော့် မျက်စိ အောက် တွင် ကြီးပြင်း လာ သူ လို့ ဆို နိုင်တယ် ။ သူ ဂျပန် ကို တက္ကသိုလ် သွား တက် တာ လည်း သိတယ် ။

ဂျပန် က ပြန် လာ ပြီး နောက် ဟိုရှိ ဂျပန်စာသင်ကျောင်း ထူထောင် တာ လည်း သိတယ် ။ အောင်မြင်မှုတွေ ရ လာ တာ လည်း သိတယ် ။ သူ့ လို လူငယ် တစ်ယောက် နဲ့ စကား ပြော ကြည့် ရင် အနာဂတ် အတွက် ရည်မှန်းချက် နဲ့ အလုပ် လုပ် နေသူ လူငယ် တွေ အတွက် အတွေးစ တွေ ရနိုင်တယ် ထင် လို့ မခြူးပွင့်လှိုင် နဲ့ သူ့ ကျောင်းခန်း မှာ ထိုင် ပြီး စကား ပြော ဖြစ်ပါတယ် ။

ဂျပန် ကို သူ ဘယ် အရွယ် က စတင် သိရှိ စိတ်ဝင်စား ခဲ့တာလဲ ကျွန်တော် မေးတယ် ။

“ သမီး ငယ်ငယ် လေးတန်း လောက် တုန်း က မြန်မာ့ရုပ်မြင်သံကြား က အိုးရှင်း ဇာတ်လမ်းတွဲ လာတယ် ၊ အဲဒီမှာ ဂျပန် ဆိုတာ ကို သတိထား မိတယ် ၊ သမီး အဘိုး ဦးအေးမောင် က ဂျပန်ခေတ် တုန်း က ဂျပန်စာရေး လုပ် ဖူးတယ် ။ ဒီတော့ အဘိုး က သူ မှတ်မိ နေတဲ့ ဂျပန်စကားလေး တွေ ပြန် ပြော ပြတယ် ၊ သမီး ၁ဝ တန်း အောင် တော့ နိုင်ငံခြားဘာသာ တက္ကသိုလ် ၊ ဂျပန်ဘာသာ ကို ရွေး လိုက်တယ် ”

“ ဂျပန် သွားဖို့ ရည်ရွယ်ချက် ရှိသလား ”

“ ရှိတယ် ၊ ဂျပန်ဘာသာ ကို ရွေးမိ ပြီး နောက် ဂျပန် ကို သွားချင်လာတယ် ”

“ ဂျပန် ကို ရောက်ဖူးချင် သူတွေ ရှိတယ် ၊ တချို့ က အလုပ် သွား လုပ်တယ် ၊ တချို့ က ပညာ သွား သင်တယ် ၊ သမီး က ဘယ် ပုံစံ နဲ့ သွားမယ်လို့ စဉ်းစားလဲ ”

“ သမီး က ပညာ သင်ချင်တယ် ၊ ဂျပန် က ဘွဲ့ တစ်ဘွဲ့ ရချင်တယ် ၊ စကော်လာ ရ ချင်တယ် ၊ ဒါကြောင့် ကျောင်း တက် ကတည်း က ကြိုးစားတယ် ၊ သမီး ရည်ရွယ်ချက် က ပြန် လာ ရင် ဂျပန်ဆရာမ လုပ်မယ် ရည်ရွယ်တာ ”

ဆရာမ လုပ်ချင် သူ တစ်ယောက် အနေ နဲ့ ဂျပန် မှာ ဘယ်လို ဘာသာရပ် တွေ ကို ဦးစားပေး သင်ယူ ခဲ့တာလဲ မေးပါတယ် ။

“ ပညာရေး နဲ့ ယဉ်ကျေးမှု ဆိုင်ရာဘွဲ့ ကို ရွေးချယ် လိုက်တယ် ”

ဂျပန် ယဉ်ကျေးမှုပွဲတော် ဖြစ်တဲ့ ချယ်ရီပန်းကြည့် ပွဲတော် ( ဟာနမိ ) နဲ့ မီးပန်းလွှတ်ပွဲတော် ( ဟာနဘိ ) ကို ကီမိုနိုတွေ ဝတ်ပြီး သွား ကြည့်ခဲ့တဲ့ အတွေ့အကြုံ တွေ ကို သူ ပြောပြတယ် ။

ဂျပန် ကို သွားခွင့် ရဖို့ သူ ဘယ်လို လမ်းကြောင်း ရှာသလဲ မေး ပါတယ် ။

မန္တလေးမြို့ မှာ ဝိုင်အမ်ဘီအေ က ဖွင့် ထား တဲ့ ဂျပန်ဘာသာ သင် ပေးတဲ့ ဟီတိုစင်တာ ရှိတယ် ။ ဂျပန် က ဆရာ ၊ ဆရာမ တွေ လာရောက် သင်ပြ ပေးတယ် ။ ခြူးပွင့်လှိုင် က ဂျပန်ဆရာမတွေ နဲ့ ခင်မင် ရင်းနှီးပြီး ကျောင်း အားလပ်ရက် တွေ မှာ ဈေး အတူ လည် တာမျိုး လုပ်တယ် ။ ဂျပန် စကားပြော လေ့လာ သင်ယူ သလို ဂျပန် ကို သွား ရင် ဘယ်လောက် ကုန်ကျတာ ၊ ဘယ်လို သွားနိုင်တာတွေ သူ က မေးတယ် လို့ ပြောပြတယ် ။ ကုန်ကျစရိတ်တွေ သိရ ပြီး နောက် မိဘ ရဲ့ အထောက်အပံ့ ကို သူ ဘယ်လို ယူ သလဲ မေးတယ် ။

“ ဂျပန် မှာ ပထမနှစ် ကို ဘယ်သူ မှ စကော်လာ မပေးဘူး ၊ အဲဒီ နှစ် မှာ ကျောင်းသား ရဲ့ အရည်အချင်း ကို ကြည့် ပြီး ဒုတိယနှစ် လောက် မှ စကော်လာ ပေးတာ ၊ ဒါကြောင့် ပထမနှစ် ကုန်ကျစရိတ် ကို အိမ် က တချို့ ပေးတယ် ၊ တချို့ ကို တော့ ကျောင်း တစ်ဖက် နဲ့ သမီး အလုပ် လုပ်ပြီး ရှာတယ် ”

ကျောင်းဝင်ခွင့် လျှောက်ထားပုံ ကို မေးတယ် ။

“ ဘာကြောင့် သူတို့ တက္ကသိုလ် ကို တက်ချင်ရတာလဲ ဆိုတာ အက်ဆေး သဘောမျိုး ရေးပြီး ဒီအိတ်ချ်အယ်လ် နဲ့ လှမ်း ပို့ရတယ် ၊ ကျောင်း က လက်ခံပြီ ဆို မှ စာရွက်စာတမ်း တွေ ဖြည့် ပြီး ပြန် တင်ရတယ် ”

သူ တက်ခွင့် ရတဲ့ ကျောင်း ကို မေး တော့ Kokusai Kotoba Senmon Gakkou မှာ နှစ်နှစ် တက် ပြီး Shizuoka Kenritsu Daigaku မှာ နောက်ထပ် တစ်နှစ် တက် တယ် လို့ ပြောပါတယ် ။ ဂျပန် က ကျောင်း မှာ သူ ကြုံတွေ့ ရတာတွေ ကို ကျွန်တော် က မေးတယ် ။

“ ရောက်ခါ စ မှာ သူတို့ ပြောတဲ့ ဂျပန်စကား က သိပ် မြန်တော့ ကိုယ် က မဖမ်းမိဘူး ၊ ဒီမှာ တွေ့ခဲ့ရတဲ့ ဂျပန်ဆရာတွေ က တော့ ကိုယ် နားလည်အောင် နှေးနှေးလေး ပြော ပေးတာ ကိုယ် က ဟုတ်နေပြီ ထင် ခဲ့တာ ၊ တော်တော် အနေ ကြာ မှ အသားကျ သွားတာ ”

“ ရောက်စ မှာ ဘာတွေ လုပ်ရသလဲ ”

“ နေရတဲ့ အဆောင် နဲ့ ကျောင်း က စက်ဘီး နဲ့ သွား ရင် ၁၅ မိနစ် ၊ မိနစ် ၂ဝ လောက် သွားရတော့ ကျောင်းသားရေးရာဌာန က စက်ဘီး ဝယ်ဖို့ ၊ ဘဏ်ကတ် လုပ်ဖို့ ညွှန်ပြ ပေးတယ် ”

သူ့ ကို စက်ဘီး စီးတတ် သလား မေး တော့ အသံတိုးတိုးလေး နဲ့ သမီး မစီးတတ်ဘူး လို့ ဖြေ ပြီး ခြူးပွင့် က ရယ်တယ် ။ သွားခါးနီး မှ စက်ဘီးစီး သင်သွားတာ လို့ ပြောပြီး ဂျပန် မှာ စက်ဘီး စီး တုန်း ကား အတိုက် ခံရတယ် လို့ လည်း ပြောတယ် ။

“ သမီး ဟို ရောက် လို့ ခြောက်လ ၊ ခုနစ်လ လောက် နေတော့ အလုပ် သွား တဲ့ အချိန် စက်ဘီးလမ်း က စီး နေတာ ၊ သူ က စူပါမားကတ် ထဲ က ကား နဲ့ ထွက် လာတာ ၊ မောင်းတာ က အမျိုးသမီး ၊ လူ ကို မထိဘူး ၊ စက်ဘီး ရှေ့ဘီး ကို ထိ ပြီး သမီး က လွင့်ကျ သွားတာ ၊ ရုတ်တရက် မထနိုင်ဘူး ၊ သူ က ထူ ပေးပြီး အလုပ် ကို ခွင့် တစ်ပတ် တိုင် ပေးတယ် ၊ သူ က တအား စိုးရိမ်ပြီး ဆေးခန်းပို့ ပေးတယ် ၊ သမီး တစ်ပတ် နား ရတဲ့ အတွက် ရမယ့် လုပ်ခ ပေးတယ် ”

ကျွန်တော် က သူ အလုပ် လုပ်တဲ့ အကြောင်း ကို မေးတယ် ။

“ သမီး ရောက်ပြီး တစ်လ လောက် နေတော့ ကျောင်း က အလုပ် နဲ့ မိတ်ဆက် ပေးတယ် ၊ တစ်ရက် ကို လေးနာရီ ၊ တစ်ပတ် ကို ၂၈ နာရီ အလုပ် လုပ် နိုင်တယ် ၊ ပထမဆုံး ဆက်သွယ် ပေးတာ က ခေါက်ဆွဲစက်ရုံ ၊ အင်တာဗျူး ဖြေ ဖို့ အလုပ် ရှာ ပေးတဲ့ ဆရာ က မြေပုံ ဆွဲ ပေးတယ် ၊ အဲဒီမှာ သမီး လမ်းပျောက် သွားသေးတယ် ”

ခြူးပွင့် က လေသံတိုးတိုး နဲ့ ပြော ရင်း ပြုံး နေတယ် ။ ပြီးတော့ သူ့ အဖြစ် ကို ပြန် ပြောပြတယ် ။

“ သမီး လည်း သွားရင်း သွားရင်း လမ်း ပျောက် သွား လို့ ဆရာ့ ဆီ ဖုန်း ပြန် ဆက်တယ် ၊ အင်တာဗျူး ချိန် လည်း အရမ်း နီး နေပြီ ၊ ဆရာ က ရှေ့ မှာ ဘာ ရှိလဲ ၊ ဘေး မှာ ဘာ ရှိလဲ မေးပြီး ကား နဲ့ လာခေါ်ပြီး အင်တာဗျူး ဖြေ တဲ့နေရာ လိုက် ပို့တယ် ၊ အဲဒီ အလုပ် ရတယ် ”

အလုပ် အကြောင်း မေး တော့ ညနေ ၂းဝဝ နာရီ က ၄းဝဝ နာရီ အထိ ခေါက်ဆွဲစက်ရုံ မှာ ခေါက်ဆွဲထုပ် ရတဲ့ အလုပ် လုပ်တယ် ။ စက်ရုံ ဆိုတော့ စကား မပြောရဘူး ။ စကားပြော ကျွမ်းကျင် အောင် ဆိုပြီး ဘူတာဝင်း ထဲ က ဂျပန် စားသောက်ဆိုင် မှာ ပြောင်း လုပ်တာ ပြောတယ် ။

“ စားသောက်ဆိုင် မီနူးတွေ ကို ဂျပန်စာ မှာ အခက်ဆုံး ခန်းကြီး တွေ နဲ့ ရေး ထားတယ် ၊ စားဖိုဆောင် ကို အော်ဒါ မှာ တဲ့ စာ ကို လည်း ခန်းကြီး နဲ့ ရေး ပေးရတယ် ၊ ဒါကို လက်တွေ့ စစ်မေးပြီး မှ ခန့်တာ ”

“ ဂျပန် မှာ ယဉ်ကျေးမှုချင်း မတူ တဲ့ ပြဿနာ ရှိသလား ”

“ ဂျပန်ကျောင်းသူ ၊ ကျောင်းသားတွေ က ဆရာ စာ သင်နေတဲ့ အချိန် စိတ် မဝင်စား ရင် မဝင်စား သလို အတန်း ထဲ က ထွက် သွားတာ ရှိတယ် ၊ သမီးတို့ က သူတို့ ထွက် သွား ရင် ရှေ့ ကို တိုးတိုး သွား ရင်း ဆရာ့ အနီး ရောက် သွားတယ် ၊ ဆရာ က လည်း သမီး တို့ ကို အသိအမှတ် ပြုတယ် ”

“ ဒုတိယနှစ် မှာ စကောလားရှစ် ရတယ်ပေါ့ ”

“ သူတို့ က စကော်လာ ပေးဖို့ စည်းမျဉ်း သုံးချက် ရှိတယ် ၊ ကျောင်း ခေါ်ချိန် က လုံးဝ ရာနှုန်းပြည့် ရှိရမယ် ၊ အမှတ် က အမြဲတမ်း တက် နေရမယ် ၊ ကြိုးစားမှု ရှိတဲ့ ကျောင်းသား ဖြစ်ရမယ် ၊ ဆရာ ၊ ဆရာမ က ထောက်ခံသူ ဖြစ်ရမယ် ”

“ သမီး ရ ရောလား ”

“ သမီး က ကျောင်း ခေါ်ချိန် မပြည့်ဘူး ဖြစ်နေတယ် ၊ နေ မကောင်း လို့ ကျောင်း ပျက်တယ် ၊ သူတို့ က အလုပ် ကို လည်း လှမ်း check ( စစ်ဆေး ) တယ် ။ ကျောင်း တော့ မတက်ဘဲ အလုပ် ကျ ဆင်းသလား ပေါ့ ၊ သမီး က ပိုက်ဆံ လိုချင်လို့ အလုပ် သွား မိရင် မရဘူး ”

ကျွန်တော် က သူ့ အခက်အခဲတွေ ကို မေး တော့ အဆောင်မှာ သရဲခြောက် ခံရတယ် လို့ ပြောပြီး ရယ်တယ် ။ ကျွန်တော် က အဲသည် အကြောင်း မေးတယ် ။

“ သရဲ က ကျောင်းဆောင် မှာ တကယ် ရှိတာ ၊ အဆောင် အပေါ်ဆုံး ထပ် မှာ အစိမ်းသေ သေထားတာ ၊ သူ က အပေါ်ထပ် ကို တစ်ယောက် တည်း တက် ရင် ခြောက်တယ် ၊ သမီး က အဝတ် လျှော်ပြီး အင်္ကျီအနက်ရောင်လေး ကို လှန်း ထားတာ ၊ လေ လည်း မတိုက်ဘဲ လှန်း ထားတဲ့ ရှေ့ ကြိုးတန်း က နေ နောက် ကြိုးတန်း ရောက် သွားတယ် ၊ ရှေ့ ကို တမင်တကာ ပြန် ရွှေ့တော့ လည်း နောက် ပြန် ရောက် သွားတယ် ၊ နောက် ကျောင်း က ဆရာ ကို မေး ကြည့် တော့ ဟုတ်တယ် ၊ သရဲ တဲ့ ၊ ဂျပန် မှာ တော့ ရှိတာပဲ ၊ ကြောက် မှာ စိုးလို့ မပြောတာ တဲ့ ”

ဂျပန်ကောင်လေးတွေ က ရည်းစားစကား မပြောဘူးလား မေးတော့ သူ က ရယ်တယ် ။

“ စက်ရုံ မှာ လုပ်တုန်း က နားချိန် စေ့ လို့ အလုပ် ဝင်မယ် ဆိုတော့ မန်နေဂျာ အစ်မကြီး က မဝင်နဲ့ဦး ၊ ရုံးခန်း ထဲ လာခဲ့ တဲ့ ၊ သမီး က သမီး ကို ဆူတော့မယ် ထင်တာ ၊ အယ်လ်ဘမ် တစ်ခု ထုတ် ပြတယ် ၊ သူ့ သား ရဲ့ ကလေးဘဝ ကတည်း က ယခု ထိ ပုံတွေ ၊ သူ့ သား နဲ့ တွေ့ပေးပါ တဲ့ ”

“ သူ က ဘာ သဘောကျတယ် ထင်လဲ ”

“ အဲဒီ ဂျပန်မကြီး က ဂျပန်မလေးတွေ ကို သဘော မကျဘူး ၊ ယဉ်ကျေးမှု မရှိဘူး တဲ့ ၊ မြန်မာတွေ ကို သဘောကျ တယ် ၊ မြန်မာတွေ ရဲ့ တစ်လင် တစ်မယား စိတ်ထား ကို သဘောကျတယ် တဲ့ ၊ နောက်ပိုင်း အဲဒီ စက်ရုံ မှာ မြန်မာတွေ အများကြီး ခန့် ထားတယ် ”

“ လူ တချို့ ရဲ့ အိပ်မက် က ဂျပန် နဲ့ အိမ်ထောင် ကျပြီး ဂျပန် မှာ အခြေချ ချင်တာ ”

“ သမီး က တော့ မြန်မာပြည် မှာပဲ ပြန် နေဖို့ ဆုံးဖြတ် ထားတာ ၊ ဂျပန် မှ မဟုတ်ဘူး ၊ ဘယ် နိုင်ငံခြားသား ကို မှ စိတ် မကူးပါဘူး ”

“ ဟိုရှိ ကို ဘယ်အချိန် မှာ ဖွင့်တာလဲ ”

“ ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ မှာ စ ဖွင့်တယ် ၊ အလုပ် တစ်ဖက် နဲ့ ဥပမာ ဟိုတယ် မှာ လုပ်ရင်း ဂျပန်စာ တတ်ချင်လို့ လာ တက် သူတွေ ရှိတယ် ၊ UFL က လာ တက်သူတွေ ရှိတယ် ၊ ဂျပန် သွားချင် လို့ လာ တက် သူ တွေ ရှိတယ် ။ ဂျပန်သံရုံး က လုပ် ပေးတဲ့ ဂျပန်စာ စာမေးပွဲတွေ ဖြေဖို့ တက်သူ တွေ လည်း ရှိတယ် ”

သူ့ ဟိုရှိကျောင်း ကို ဂျပန် က တက္ကသိုလ် တစ်ခု က လာရောက် ဆက်သွယ်တယ် ။ တိုကျို ကို ပညာသင် သွားချင်တာ ဆိုရင် Tokyo World Net နဲ့ ချိတ်ဆက် ပေး ဖို့ ကျောင်း တည်ထောင်သူ မစ္စတာ ကူဘိုတာ က လာ တွေ့ တဲ့ အကြောင်း ကို ခြူးပွင့် က ပြန် ပြောပြတယ် ။

ဟိုရှိ ဂျပန် ဘာသာသင်ကျောင်း က အချိန် တိုတို အတွင်း မှာ သိသိသာသာ တိုးတက် လာ တာ တွေ့ ပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ စုစည်းမှု ( ၈ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment