Tuesday, March 19, 2024

မုဆိုး ကိုဖြိုးတင့်

❝ မုဆိုး ကိုဖြိုးတင့် ❞

မုဆိုး ဆိုတာ တောကောင် နဲ့ ရင်ဆိုင် တွေ့တဲ့ အခါ အသက် ချင်း လုကြရ တာပါ ။ မုဆိုး လက် မှာ တောကောင် သေစေ လောက်တဲ့ လက်နက် ပါတယ် ။ တောကောင် တွေ ကလည်း သူ့ ကို သေစေ နိုင်လောက်အောင် စွမ်းတဲ့ အစွယ် ၊ သွား ၊ ခြေသည်း လက်သည်း ၊ ဦးချို တွေ ရှိတယ် ။ မုဆိုး တော မကျွမ်း ရင် သားကောင် ရဲ့ အစာ ဖြစ် သွား နိုင်တယ် ။ မုဆိုး စွမ်း ရင် တော့ တောကောင် တွေ က လူတွေ အတွက် အစာရေစာ ဖြစ်ရ ပြန်တယ် ။

တော လည်တယ် ဆိုတာ အသက် နဲ့ ရင်းရတာ မို့ မုဆိုး အတွက် စိတ် လှုပ်ရှားစရာ ကောင်းပါတယ် ။ တောကောင် ကို ရလို့ စားရ ၊ သောက်ရ တာ ထက် တော ထဲ မှာ တောကောင် နဲ့ အသက်ချင်း ယှဉ်ပြီး ရင်ဆိုင် ရတဲ့ ခံစားမှု ၊ ပစ်ခတ် အနိုင်ရတဲ့ ကျေနပ်မှုတွေ နဲ့ မုဆိုး တွေ က တောပစ် တဲ့ အလုပ် ကို နှစ်သက် ပျော်မွေ့ နေ ကြတယ် ။

အသက် ၄ဝ ရောက် ရင် တောလည် တဲ့ အလုပ် ၊ သူများ အသက် သ,တ်တဲ့ အလုပ် စွန့်တော့မယ် ဆိုတဲ့ ကိုဖြိုးတင့် ( ယခု အသက် ၄၆ နှစ် ) က ငယ်စဉ် ကတည်း က သေနတ်ပစ်ဖို့ ဝါသနာ ပါတဲ့ သူ ပါ ။ နှစ်လုံးပြူးသေနတ် နဲ့ စိုင် ကို ရအောင် ပစ်ခဲ့ သူ လည်း ဖြစ်တယ် ။

မန္တလေးမြို့ အနောက်မြောက် ထောင့် ၊ ရတနာမဉ္ဇူ ဘုရား အနီး က သူ့ အိမ် ကို သွားပြီး သူ့ မုဆိုးဘဝ ကို မေးမြန်း တာ ယခု လို ပြောပြပါတယ် ။

•••••   •••••   •••••

ကျွန်တော် ခုနစ်တန်း ကျောင်းသား ဘဝ မှာ ရတဲ့ မုန့်ဖိုးကလေး စု ပြီး မိဘ တွေ မသိအောင် လေသေနတ် တစ်လက် ခိုး ဝယ်တယ် ။ ပြောင်းတိုလေး ၊ ဘဲ တံဆိပ် ။ တစ်လက် မှ တစ်ရာ့အစိတ် ပဲ ပေး ရတယ် ။ ငှက် လိုက် ပစ် တာပေါ့ ။ အဖေ သိတော့ လေသနတ် ကို ရိုက်ချိုး ပစ်တယ် ။ အဖေ က လေးခွ ကိုင် တာ တောင် မကြိုက်ဘူး ။

ဘာရယ်တော့ မဟုတ်ပါဘူး ။ ပစ်မှတ် တစ်ခု ကို ပစ်တာ ထိ သွားရင် ခံစား ရတဲ့ ဖီလင် ကို သိပ် သဘော ကျတာ ။ လေသေနတ် ကို အဖေ က ရိုက်ချိုး ပစ် လိုက် တော့ နောက် တစ်လက် ထပ်ပြီး ခိုး ဝယ်တယ် ။ သူငယ်ချင်း အိမ် မှာ ဝှက် ထားပြီး ပစ်ချင် မှ သွားယူ ပြီး ပစ်တယ် ။

ပထမဆုံး စပြီး တောလိုက် ဖြစ်တော့ အသက် က တော်တော် ငယ် သေးတာ ။ သူငယ်ချင်းတွေ စုပြီး ထီးချိုင့် မြတောင် ဘက် ကို သွား ကြတာ ။ မန္တလေး ကို သနပ်ခါး လာ ရောင်းတဲ့ အမျိုးသမီးတွေ က သူတို့ မြတောင် ဘက် မှာ တောကောင် တွေ ပေါတယ် ပြောတာ နဲ့ လိုက် သွား ကြတာ ။ အဲသည်တုန်း က ကျွန်တော့် မှာ ကိုယ်ပိုင် သေနတ် ရှိသေး တာ မဟုတ်ဘူး ။ သူငယ်ချင်း ကိုကျော်ခင် ရဲ့ အဖေ က သူကြီးဟောင်း ဆိုတော့ လိုင်စင် နဲ့ ကိုင် တဲ့ သေနတ် ရှိတယ် ။ ပွိုင့်တူးတူး ။ သေနတ် အား ကောင်း တာတွေ ဘာတွေ လည်း ရည်ရွယ်ချက် မရှိဘူး ။ တော ပစ်ရ ပြီး ရော သွားတာ ။ သေနတ် ပေါက်စနိုး ပေါက်စန နဲ့ စိုင်တွေ ၊ ပြောင်တွေ ပေါတဲ့ တောကြီး ထဲ ရူးရူးမိုက်မိုက် ဝင် သွားတာ ။

ကျွန်တော် ၁၈ နှစ်သား မှာ နှစ်လုံးပြူး တစ်လက် ဝယ်ပြီး လိုင်စင် နဲ့ ကိုင်တယ် ။ နှစ်လုံးပြူး က ကိုယ် ပစ်ချင် တဲ့ အကောင် အမျိုးအစား ပေါ်  မူတည်ပြီး ကျည်ဆန် ကို ထည့်လို့ ရတယ် ။ စာကလေး က နေ စိုင် အထိ ပစ် နိုင်တယ် ။ ကျွန်တော် ကိုယ်တိုင် စိုင် ရ ဖူးတယ် ။

အများဆုံး တောလည် သွား ဖြစ်တာ က သပိတ်ကျင်းမြို့ အထက် ၊ မလည်ရွာ ကနေ အနောက်ဘက် မင်းဝံ တောင်တန်း ကျော်ပြီး သွား ရတဲ့ ရွာ တွေ ။ ချေ ရှိတယ် ။ ဝက် ရှိတယ် ။ သမင် ရှိတယ် ။

တော လည် တဲ့ အခါ ဒေသခံ လမ်းပြ ကို ခေါ်သွား ရတယ် ။ တော ထဲ ဆိုတော့ စခန်း တဲ တွေ ၊ ယာစောင့်တဲ တွေ ရှိတယ် ။ ကိုယ် က သေနတ် နဲ့ ဆိုတော့ မှားယွင်း ပစ်ခတ် မိရင် အန္တရာယ် ကြီး တာပေါ့ ။ သူတို့ က ဘယ်မှာ ရှိတယ် ပြော ထား ရင် အမှားအယွင်း နည်း တာပေါ့ ။

အမှားအယွင်း တွေ က တော့ တော်တော် ကြုံဖူးသည်ပေါ့ ။ ကျွဲ တွေ ၊ ခွေး တွေ ကို မှား ပစ် မိတာ မျိုး ပေါ့ ။ ရွာ နဲ့ လှမ်း တဲ့ တော ထဲ မှာ မရောက်နိုင် လောက်ဘူး ထင်တဲ့ နေရာ မှာ ရွာ ထဲ က နယ် ကျွံ ပြီး ရောက် လာတဲ့ ကျွဲ ကို တောကောင် အမှတ် နဲ့ မှား ပစ် လိုက်မိတာ ။ ည မီး ထိုး လိုက် တော့ မျက်လုံး က ဝင်း နေတာ ။ ကျွဲ က ရပ် နေ တာ ။ ပစ်ထည့် လိုက်ပြီး လဲ ကျ မှ ခလောက်သံ ကြား တယ် ။ ဟာ .. မှားသွားပြီပေါ့ ။

ဝတ္ထုဆန်ဆန် ပါ ပဲ ၊ အိပ်ရေးတွေ က တအား ပျက် လာ တော့ မီး နဲ့ ထိုး ကြည့်တဲ့ အခါ ကိုယ် အာရုံ စွဲရာ မြင်ပြီး ကယောင်ကယင် ဖြစ် တတ်တယ် ။ အဲသည် အချိန် မျိုး မှာ လူ ကို သားကောင် ထင် ပြီး မှား ပစ်တာမျိုး ရှိ တတ်တယ် ။ ကျွန်တော် တော့ မကြုံဖူးပါဘူး ။

ကျွန်တော် မှား ဖူးတာ က တော့ ( ပြောရင်း ရယ်လျက် ) ကြိုး နဲ့ ချည်ထားတဲ့ ခွေး ကို မှား ပစ်မိတာ ။ သွား တာ က ဝက် ပစ် ဖို့ သွားတာ ။ ပြောင်းပင် တွေ ကြား က ခေါင်းထောင် ကြည့် တဲ့ ခွေး ။ မီးထိုး ကြည့် တော့ ကိုယ်လုံး ကို မမြင်ရဘူး ။ မျက်လုံး ပဲ ဝင်းခနဲ မြင် ရတာ ။ သိပ် ကပ် ရင် လည်း ပြေး မှာ စိုးလို့ ချထည့် လိုက်တာ ၊ ယာတဲ ဘေး မှာ ကြိုး နဲ့ ချည် ထားတဲ့ ခွေး ဖြစ် နေတယ် ။ ရယ်စရာ ကောင်းတဲ့ အတွေ့အကြုံ တွေ ပြော ရရင် တစ်ခါက မြေမွန်ရွာ ကို တော ပစ်ဖို့ ရောက် နေတုန်း ပြောင်းခင်း ထဲ တောဝက် တွေ ဝင် မွှေ သွားတာ ထောင်းလမောင်း ကျေ နေတာ ၊ သည် ည လည်း ထပ် လာ မှာ သေချာတယ် လို့ ပြောင်းခင်းပိုင်ရှင် ကိုလှဒင် က လာ ပြောတယ် ။ ကျွန်တော် တို့ လည်း ရေ ငတ်တုန်း ရေတွင်း ထဲ ကျ ဆိုသလို ဝမ်းသာ တာပေါ့ ။

ည ၈းဝဝ နာရီ လောက် ရောက် တော့ ကိုလှဒင် လာ ခေါ်တာ နဲ့ ဘက်ထရီမီး ၊ သေနတ် ၊ ကျည်ဆန် ၊ ဓားမြှောင် ၊ မီးခြစ် ၊ မီးသီး အပိုတွေ ပြည့်စုံအောင် ယူပြီး ကျွန်တော်တို့ အဖွဲ့ လိုက် သွား ကြတယ် ။ ပြောင်းခင်း ကို ရောက်တော့ ကိုလှဒင် က ပြောင်းခင်း အလယ် က တစ်ဖက်ရပ် သက်ငယ်မိုး တဲကလေး မှာ နေရာ ချ ပေး ခဲ့ပြီး ပြန် သွားတယ် ။ ကျွန်တော်တို့ သုံးယောက် တဲ ထဲ မှာ ငြိမ်ငြိမ်ကလေး ထိုင်ပြီး တောဝက် အလာ ကို နားစွင့် ပြီး စောင့် နေကြတယ် ။ ဆေးလိပ် ဖွာချင် လိုက်တာ လည်း ပါးစပ် ကို ယား လို့ ၊ တောကောင် အနံ့ ရ သွားမှာ စိုးလို့ ကြိတ်မှိတ် နေရတယ် ။ ညဉ့် နက်လေ ဆောင်းရာသီ သတ္တိ က ပြလေ ။ မြောက်ပြန်လေ ညင်းညင်းကလေး ဝေ့ဝေ့ ဝင် လာရင် ကျော ထဲ က စိမ့်စိမ့် ချမ်းပြီး မေးရိုက်သံ တဂွပ်ဂွပ် မြည် လာတယ် ။ ကိုလှဒင် လာ ခေါ် စဉ် က ကပျာကယာ ထ လိုက် လာတာ မို့ စောင် ယူဖို့ မေ့ လာတယ် ။

တောင့်ခံ နေပေမယ့် မနေနိုင် တော့ တဲ့ အဆုံး ရသမျှ ထင်းခြောက်တွေ စုပြီး မီးဖို လိုက်ရ တော့တယ် ။ အဖော် ဖြစ်တဲ့ ကိုလှဌေး က ဖြိုးကြီး ရေ ဗိုက် ဆာ လာပြီ ကွ ၊ ပြောင်းဖူး ဖုတ် စားရအောင် လို့ အဖော် ညှိ တယ် ။ ကျွန်တော် လည်း သဘောတူ လိုက်တယ် ။ အပင် က အခု ချိုး ၊ အခု ဖုတ် စား ရတာမို့ ပြောင်းဖူးတွေ က လတ်လတ် ဆတ်ဆတ် အရသာ ရှိ လိုက်တာ ။ စား ကောင်းကောင်း နဲ့ ပြောင်းဖူးတွေ ဖုတ် စား တာ မနက် အလင်းရောင် လာတဲ့ အထိ ပါပဲ ။ ပြောင်းခင်းပိုင်ရှင် ကိုလှဒင် က ဘယ်လို မှတ်ချက်ချ သလဲ ဆိုတော့ ပြောင်းဖူး တွေ ချိုး ၊ ဖုတ် စား ထား လိုက်ကြတာ တောဝက် ဝင် သွားတာ ထက် တောင် ဆိုးသေး သတဲ့ ။

တောပစ် သွားတဲ့ အခါ တော အလိုက် လိုက်နာ ရတဲ့ ဓလေ့ထုံးစံ တွေ ရှိတယ် ။ ဥပမာ မင်းကွန်း အထက် နား က တော ဆိုရင် ဘောင်းဘီရှည် ဝတ်တာ ၊ ခြေနင်း စီးတာ ၊ ခေါင်းပေါင်း ပေါင်းတာ မကြိုက်ဘူး ။ သည်လို ဝတ် လာ ရင် ရွာခံ က ကို မလိုက်ဘူး ။ ချွတ်ပါ ၊ လဲပါ ပြောတာပဲ ။ တွင်းငယ် ပေါက်တစ်ပင်  ဘက် က တော့ သစ်ရွက် ကို ခုန် ဆွဲတာ တို့ ၊ ခဲလုံး နဲ့ ဟိုပစ် သည်ပစ် ပစ်တာ တို့ မကြိုက်ဘူး ။

တောကောင် ကို ပစ်ပြီး ရင် မှန်သွားပြီ ၊ လဲသွားပြီ လို့ မပြောလေဘူး ။ သားကောင် က လန့်ပြီး တောစီး ပြီး ထပြေး တတ်တယ် လို့ အယူအဆ ရှိကြတယ် ။ တော လည်တော့မယ် ဆိုရင် ( ကန်တော့ ) ပွဲ တင် တတ်တဲ့ သူ ကို ပဲ တင်ခိုင်း လိုက်တယ် ။ အတူ လိုက်မယ့် သူတွေ စိတ် ရှင်းအောင် ပေါ့ ။ အဲဒါမျိုး လုပ်ပါ ပြောတဲ့ သူ မရှိရင်တော့ ကျွန်တော် ဘာမှ မလုပ်ဘူး ။ ဘာမှတော့ မဖြစ်ဖူးပါဘူး ။ တော ထဲ ရောက်တဲ့ အခါ အနေအထိုင် တော့ ကိုယ့် ဟာ ကိုယ် ဆင်ခြင် လိုက်ရတာပေါ့ ။

လင့်စင် ထိုးပြီး ဆတ် ၊ တောဝက် ပစ် ဖူးတယ် ။ သူ လာမယ့် ရေအိုင် က စောင့် ပစ်တာ ။ တပို့တွဲ လပြည့် ကျော် ရင် တော ထဲ မှာ ရေ က လည်း ရှား သွားပြီ မို့ ရေအိုင် ကို ဆင်း သောက် ရတာ ။

စိုင် ပစ် ရတာ မိုးတွင်း မှာ အဆင် ပြေတယ် ။ မိုးတွင်း ဆိုတော့ ည မိုးရွာ ၊ မနက် ခြေရာ တွေ့ ၊ ခြေရာ တွေ့ ရင် အကောင် တွေ့ရ သလိုပါပဲ ။

အမေ က ဆူပေမယ့် ကျွန်တော် နှစ်လုံးပြူး နဲ့ ပစ်လို့ ရတဲ့ စိုင်ပေါက်ချို ကို အိမ်မှာ ချိတ် ထားတယ် ။ သမင်ချို တွေ လည်း အများကြီး ချိတ် ဖူးတယ် ။ ခုတော့ သူများ ကို ပေးပစ် လိုက်ပါပြီ ။

တော ပစ်တတ်တာ အချို့အခေါက်တွေ မှာ တအား ပင်ပန်းတယ် ။ ငှက်ဖျား ဖျား တဲ့ အခါ လည်း ရှိတယ် ။ သည် သေနတ် ကို ရောင်း ပစ်မယ် ။ သည် သေနတ် ရှိလို့ ငါ တောထဲ သွား နေတာ လို့ ၊ သိပ် အဆင်မပြေ တဲ့ အခါ အဲဒီလို စိတ် ပေါ် တယ် ။ အိမ် ပြန် ရောက်လို့ အေးအေးဆေးဆေး ဖြစ် ၊ ပင်ပန်း ခဲ့တာ မေ့ တော့ ထန်း သမား အမူး ပြေတဲ့ အခါ ထန်းပင် မော့ ကြည့် သလိုပဲ တော ထဲ ထွက်ဖို့ ပြင် ပြန်ရော ။

ကျွန်တော့် ကို တားမြစ် နိုင်တဲ့ အဖေ က ကျွန်တော် မြတောင် ဘက် သွားပြီး တော စ ပစ် ကတည်း က ဆုံး ရှာပြီ ။ ဒါကြောင့် ပို လုပ် ဖြစ်တာ ။ အမေ က အဖေ လောက် တင်းတင်းကြပ်ကြပ် မတားမြစ် ရှာပါဘူး ။

၁၉၈၈ ခုနှစ် မှာ ကျွန်တော်တို့ လိုင်စင် နဲ့ ကိုင် တဲ့ သေနတ်တွေ အပ် လိုက်ရ တယ် ။ ကိစ္စ ပြတ်ပြီ ထင် ရပေမယ့် သေနတ် ရှိတဲ့ သူ ဆီ က ငှားပြီး ပစ် ပြန်တယ် ။ အသက် လေးဆယ် ကျော် ရင် မလုပ်တော့ဘူး လို့ စိတ်ကူး တယ် ။ ၄၁ နှစ် ကျ မှ တကယ် စွန့်လွှတ် ဖြစ် သွားတာ ။

ယခုတော့ သူများ အသက် ဘာမှ မသ,တ်တော့ဘူး ။ သည် အလုပ် က မကောင်းမှန်း သိတယ် ။ ဒါပေမယ့် မလုပ်ရ မနေနိုင် လို့ လုပ် ခဲ့တာ ။ သားကောင် သေးသေး ပစ်ရာ က နေ ကြီးတဲ့ သားကောင် ကို ပစ်နိုင်တယ် ဆိုတဲ့ ခံစားမှု ကို လိုချင်တယ် ။ ကိုယ် ပစ် လိုက်တာ ပစ်မှတ် ကို ထိတယ် ဆိုတဲ့ ကျေနပ်မှု ကို ရချင်တယ် ။ ဒါကြောင့် ကျွန်တော် တောပစ် ခဲ့တာ ။

တောပစ် တဲ့ အခါ ရတဲ့ သားကောင် ကို ခွဲခြမ်းကြတဲ့ ထုံးစံ က မုဆိုး က နောက် ပေါင် နှစ်ချောင်း ကို ယူတယ် ။ ကျန်တဲ့ သူ က ရှေ့ပိုင်းကို ခွဲခြမ်း ယူကြ တယ် ။ အချို့ ဒေသ မှာ တော့ ရှေ့ နဲ့ နောက် အလယ် တည့်တည့် က ကန့်လန့် ဖြတ် ခြမ်းပြီး မုဆိုး နဲ့ ကျန်သူတွေ ခွဲ ယူတယ် ။

ကျွန်တော် တို့ က ရတဲ့ အသား ကို ဝေမျှ စား လိုက်တာပါပဲ ။ စီးပွားဖြစ် လုပ်တာ မဟုတ်ပါဘူး ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment