❝ နံ့သာသူခိုး ❞
“ အစ်မ ရေ ”
“ ဝူး .. ငထွင်း ရောက်လာပြီ လား ”
“ ရောက်ပြီ အစ်မ ရေ ၊ ထမင်းကြမ်း ကျန်သေးလား ”
“ ကျန်အောင် ချက်ထားရသာ ပ တော် ၊ တော် လာရင် စားရအောင် ဟာ ”
သည် အသံများ ဟာ သည် အိမ် မှာ ညနေတိုင်း ကြားနေ ကျ ပါ ။ ထွန်းငွေ ဟာ ရွာ က နေ လက်ဝဲမြင်းနီ တွဲဖက် အထက ကို နေ့တိုင်း ကျောင်း သွား တက်ရတယ် ။ ရွာ နဲ့ လက်ဝဲမြင်းနီ နဲ့ က တစ်တိုင် ပြင်းပြင်း ဝေးတယ် ။ ရွာ မှာ က မူလတန်းကျောင်း တောင် မရှိသေးဘူး ။ လက်ဝဲမြင်းနီ ကို ကျောင်း သွား တက်သူ ဆယ်ယောက် လောက် မှာ စက်ဘီး နဲ့ တက်သူ က နှစ်ယောက် ပဲ ရှိတယ် ။ ကျန် တာတွေ က တော့ ခြေကျင် ပါ ပဲ ။ တစ်တိုင် ဆိုတာ သွား နေကျ ရင် သိပ် မလှမ်း ပေမယ့် မိုးတွင်း မိုးခါ ဆိုရင်တော့ အတော် ဆိုး ပါတယ် ။ ဖိနပ် ခါးထိုး ၊ ထန်းလက် မိုးပြီး သွားရတာ ပ ။ လူတိုင်း ဘယ်မှာ ထီးဆောင်း နိုင် မလဲ ။ တချို့က တော့ စာအုပ်တွေ မိုးလုံရုံ ပလတ်စတစ်လေး ဘာလေး ခြုံပြီး သွားရလေ ရဲ့ ။ ထွန်းငွေ မှာ တော့ ဘာမှ မပါ ။ တစ်ခါတလေ အဆင် မသင့်ရင် ထန်းလက် တောင် မပါ ။ သိပ် မိုး သည်းလွန်း ရင် ထန်းတဲ တစ်တဲ မှာ ဝင်ပြီး မိုး ခို ရတယ် ။ ထန်းတဲ က လည်း တစ်လမ်းလုံး မှာ လမ်း နဲ့ နီးတာ တစ်တဲ နှစ်တဲ ပဲ ရှိတာ ဆိုတော့ အခက်သား ။ တစ်ခါတစ်ရံ မှာ တော့ ဖျောက်ဆိပ်ပင်ရိပ် ဝင်ခို ၊ တစ်ခါတစ်ရံ မှာ ခိုစရာ မရှိရင် ထန်းပင်ရိပ် ပေမယ့် ကတ်သီး ကတ်သပ် ခို ရတာ ပ ။
ထွန်းငွေ က သူ့ အမေ ကို သူတို့ ရွာ ထုံးစံ အတိုင်း ‘ အစ်မ ’ တဲ့ ။ သူ့ အမေ က လည်း သူတို့ ရွာ ထုံးစံ အတိုင်း ‘ ထွင်းငွေ ’ တဲ့ ။ ‘ ငထွင်း ’ တဲ့ ။ ‘ ငထွင်း ’ တို့ အဖေ ဘယ်သူလဲ လို့ မမေးနဲ့ ။ ဘုန်းကြီး လူထွက် ၊ အလံနီ လူထွက် သခင် စံပ ဖြေ သလို ဖြေ ရရင် “ ငထွင်း ရာဇဝင် တုတ်ထမ်း ပြောရလိမ့်မယ် ” ဆို သလိုပဲ ။ ရာဇဝင် က ရှုပ်တယ် ၊ ရှည် လည်း ရှည်တယ် ။ သခင်စံပ က တော့ ဆုံး ရှာပါပြီ ။ ဒါပေမဲ့ ဒီ ရွာ မှာ ဖြင့် သူ ဟာ စကား အရာ မှာ စံချိန် တင်ခဲ့ သူ ပဲ ။ မော်ကွန်း ထိုးခဲ့ သူ ပဲ ။
‘ အဟမ်း ’ လို့ သခင်စံပ ချောင်း ဟန့် လိုက် ရင် လွတ် အောင် ပြေး ပေတော့ ။ မလွတ် ရင် တော့ သူ့ တရား ကို တစ်နေ ကုန် နာ ပေတော့ ။ အလှူမင်္ဂလာ သံဃာစင် မှာ သူ ဝင် ရင် ပျက်တတ်လွန်း လို့ သူ မဝင် အောင် ထန်းလျက် အရက်ဦးရည် နဲ့ လာဘ်ထိုး ရတာမျိုး ။
“ သည် ငထွင်း ဟာ စနစ်ဆိုးတွေ ရဲ့သားကောင် ပဲ ၊ မြေရှင်ပဒေသရာဇ်ဆိုး နဲ့ ကိုလိုနီစနစ်ဆိုး တွေ ရဲ့ အမွေ တွေ ကို ခံရတာပဲ ” လို့ အစ ချီ ပြီး ဟောတော့ တာပါပဲ ။
“ ဦးကြီးစံပ ရဲ့ ၊ ကိုလူနီ က ငထွင်း ကို ဘာ အမွေ ပေး ခဲ့သတုံး ” လို့ တချို့ ကာလသား ကောင်လေးတွေ က ကြား ဖောက် မေးလား မေးတတ် ရဲ့ ။
“ ဟဲ့ ... ကိုလူနီ က နင့် အမေလင် ဟဲ့ ။ ငါ ပြောနေ တာ က ကိုလိုနီ ၊ ကိုလိုနီ ဆိုတာ က အင်္ဂလိပ်ဗြိတိသျှ ကို ပြောသာ ” ဆိုပြီး ဆက် ရှင်းပါလိမ့်မယ် ။ တစ်နေ ကုန် ။
အတိုချုပ် ပြောရရင် တော့ အလွယ်ကလေး ပါ ။ သခင်စံပ မြေရှင် ပဒေသရာဇ် တွေ ၊ ကိုလိုနီ တွေ ကို တရားခံ ရှာ ဆွဲထည့် နေလို့ပါ ။ ထွန်းငွေ ဟာ လင်ကောင် မပေါ်ဘဲ မွေးတဲ့ သား ပါ ပဲ ။ သူ့ အမေ နာမည် က ‘ မတလုပ်မ ’ တဲ့ ။ တရုတ်မလေး လို အသား ဖြူ လို့ ငယ်ငယ် က သူတို့ အသံထွက် နဲ့ တလုပ်မ လို့ ဝိုင်း ခေါ်ခဲ့ရာ က အခု အသက် ငါးဆယ် ကျော် တော့ လည်း ‘ ဒေါ်တလုပ်မ ’ ပဲ ဖြစ်နေတော့ တာပေါ့ ။
ဒေါ်တလုပ်မ မှာ ညီမ တစ်ယောက် ရှိသေးတယ် ။ ရွာ ကို ဂျပန်တွေ ဝင်တဲ့ နှစ် မှာ မွေး လို့ ‘ ဂျပန်မ ’ တဲ့ ။ ဂျပန်မ ကို တော့ တချို့ က ‘ ကိုဂျပန်ကြီး ’ လို့ ခေါ်ကြလေ ရဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ က ယောက်ျား လို ဝတ်ပြီး ယောက်ျား လို ရေထမ်း ၊ ယောက်ျား လို ယာထွန် ၊ ယောက်ျား လို ထင်းခုတ် လုပ်ကိုင် နေတာ ကိုး ။ စကား လည်း နည်းတယ် ၊ ခုထက်ထိ အိမ်ထောင် လည်း မရှိဘူး ။ မြောက် ချောင် ထဲ က အပျိုကြီး စက်ချုပ်သမ မတင်လှ ကို မျက်စိ ကျခဲ့ဖူးလေ ရဲ့ လို့ ဖြင့် ကြားဖူးလိုက် ရဲ့ ။ ကိုဂျပန် ကို သိပ် လည်း မနောက်ရဲဘူး ။ ခါး မှာ ထမ်းပိုးကြိုး စည်း ၊ လက် မှာ ထမ်းပိုးကျည်း ကိုင် ပြီး ထွက် လာရင် သတိ ထား ပေတော့ ။ သူ မကျေနပ် ရင် လက် ထဲ က ထမ်းကျဉ်း နဲ့ တီး လိုက် လို့ က တော့ တစ်ချက်တည်း နဲ့ အလဲအကွဲ ပဲ ။ ခွေး တို့ ၊ ကြက် တို့ ပစ် ရင် လည်း သူ့ ထမ်းပိုးကျည်း က ပစ် မလွဲ ။
‘ ကိုဂျပန် ’ ‘ မဂျပန် ’ မဖြစ်တာ လည်း ခပ်ကောင်းကောင်း ပဲ ။ မဂျပန် ဆို ရင် သူကြီးမျိုး တွေ က အဝတ် လျှော်ဖို့ ရေထမ်း ဖို့ ခေါ်မယ် ။ အနင်းအနှိပ် ခံဖို့ ခေါ်မယ် ။ သူတို့ သူကြီးမျိုး တွေ က အနင်းအနှိပ် ခံဖို့ ဝါသနာ ပါ သလို မဂွမ်းထုပ် မျိုး တွေ က လည်း အနှိပ်သည် လုပ်ဖို့ ဝါသနာ ပါတယ် ။ တချို့က တော့ ဒါဟာ မျိုးရိုး လိုက် တာ တဲ့ ။ ဟုတ်မှာပါပဲ ။
သခင်စံပ ထွန်းငွေ ရာဇဝင် ကို ခင်းရင် ရှည်မယ် ဆို လည်း ရှည် သင့်တယ် ။ ထွန်းငွေ ရဲ့အကြောင်း ပြော ရင် ထွန်းငွေ ရဲ့ အဖေ ၊ အမေ အကြောင်း က ပါဦး မှာ ကိုး ။ ထွန်းငွေ အမေ တလုပ်မ က ထွန်းငွေ ကို လင်ကောင် မပေါ် ဘဲ မွေးခဲ့ သလို ၊ မတလုပ်မ အမေ အနှိပ်သည် မဂွမ်းထုပ် က လည်း တလုပ်မ ကို လင်ကောင် မပေါ်ဘဲ မွေးခဲ့ တာ ကိုး ။ အဲဒါတင် က ရိုးလား ၊ ကိုဂျပန် ကို လည်း လင်ကောင် မပေါ်ဘဲ မွေးခဲ့ရတာ ကလား ။
လင်ကောင် မပေါ်ဘူး ဆိုပေမယ့် သူတို့ မျက်နှာ ငယ် ရမယ်လို့ ဖြင့် မထင် နဲ့ ။ ဒင်းတို့ လင်ကောင် ဘယ်သူ ဆိုတာ တစ်ရွာလုံး သိ ။ တစ်နယ်လုံး သိ ။ သူတို့ က လည်း မျက်နှာ မပျက် ။ ဂုဏ် လည်း မပျက်ဘူး ။ တရားဝင် သာ မထုတ်ဖော် နိုင်ကြတာ ကိုး ။ တရားဝင် လင်ကောင် ပေါ်ဖို့ စိတ် လည်း မကူးဘူး ။ ထုံးစံ လည်း မရှိခဲ့ဘူး ။ လိုအပ် တယ် လို့ လည်း ထင်ခဲ့ကြတာ မှ မဟုတ်ဘဲ ။ ဒါမျိုးက ချည်းပဲ ။ သိပ် ဆန်းတဲ့ ကိစ္စ မှ မဟုတ်ဘဲ ကိုး ။ အမျိုးသားမှတ်ပုံတင် လက်မှတ် ထဲ ကြည့် ရင် တော့ အားလုံး အဖေ အမေ တွေ နဲ့ သူကြီးတွေ ရဲ့ ရာဇဝင် ပြောရ ရင် လည်း တုတ်ထမ်း ပြောရမှာပါပဲ ။ သူတို့ က သူတို့ ကိုယ် သူတို့ ‘ မင်းမျိုး ’ တွေ တဲ့ ။ ရွာလယ် မှာ ဝင်းကြီးခြံကြီး တစ်ခု အတွင်း အုတ်တိုက်ကြီး လေးငါးလုံး နဲ့ သူကြီး မိသားစု နေခဲ့ကြတယ် ။ ရွာ ရဲ့ သမိုင်း ကို အနော်ရထာ ၊ အလောင်းစည်သူ တို့ နဲ့ စတယ် ။ သူကြီးမင်း တို့ သမိုင်း လည်း အနော်ရထာ ၊ အလောင်းစည်သူ က တောင် မကဘူး ဖြစ်နိုင်ရင် သာကီဝင်မင်း တွေ ၊ ကမ္ဘာဦး က မဟာ သမ္မတမင်း တွေ လက်ထက် က စချင်ပုံ ပါပဲ ။ သူတို့ အမျိုး မှ မြတ်တယ် ။ သူတို့ အမျိုး မှ သန့် တယ်ပေါ့ ။ ဘယ် အမျိုး နဲ့ မှလည်း မရောချင်ဘူး ။ ခုလို မဂွမ်းထုပ် မတလုပ်မ တို့ ကိစ္စမျိုး တွေ က တော့ တရားမဝင် ဘူးလေ ။ မြေကလေး တစ်ကွက် ၊ နှစ်ကွက် လောက် ပေးပြီး နှစ်သိမ့် ထားရင် ပြီးတာပါပဲ ။ နွားလေး တစ်ကောင် နှစ် ကောင် ၊ ဆိတ်ကလေး ၊ ဝက်ကလေး တစ်ကောင် နှစ် ကောင် ‘ မွေးဖက် ’ ပေး ထားတာမျိုး လည်း ရှိလေရဲ့ ။ လူ ကိုယ်တိုင် က တော့ ကလေး ရှိရင် လှည့် မကြည့်တော့ ပါဘူး ။
တကယ်တော့ မြေ ရော ၊ နွား ဝက် ဆိတ်တွေ ရော အပိုင် ပေးထားတာ မဟုတ်ဘူး ။ မြေ က တော့ မြေငှား ချ တဲ့ သဘောပဲ ။ ဒါပေမဲ့ ‘ ဦးပိုင် ’ မပြောင်းဘူး ။ ပိုင်ရှင် က သူကြီး ပဲ ။ တခြား မြေငှား ချထားတဲ့ သူတွေ နဲ့ ကွာတာ က တော့ သူတို့ က မြေခွန် မြေခ သီးစားခတွေ မပေးရဘူး ။ ဝက် ကို တော့ အပိုင် ပေးပါတယ် ။ နွား နဲ့ ဆိတ် က တော့ အလကား ကျောင်း ပေး ရတယ် ။ အထီး မွေး ရင် သူကြီး ယူ ၊ အမ မွေး ရင် ကျောင်းပေးသူ ယူ ။ နွားနို့ ၊ ဆိတ်နို့ တော့ သူကြီး မိသားစု ချက် စားဖို့ ပေး ။
အဲဒီ မြေကလေး ၊ အဲဒီ နွားဆိတ်ကလေးတွေ ကြောင့် ထွန်းငွေ တို့ အနည်းအကျဉ်း ချောင်လည် နေတာပေါ့ ။ ဒါကလေး နဲ့ ကျောင်း နေခွင့် ရ နေတာပေါ့ ။ ‘ ငထွင်း ’ ပညာ တတ်ရမယ် ။ သူ့ အဖေ အမျိုး တွေ လို မြို့ တက်ပြီး စာရေးကြီး တွေ ၊ ကျောင်းဆရာ တွေ ဖြစ်စေရမယ် ။ ဒါကတော့ သူ့ အမေ ဆန္ဒ ။ သူ့ အမေ က သူ့ သား ကို အင်မတန် မျှော် လင့်ထားတာ ကလား ။ ‘ ထွန်းငွေ ’ ဆိုတာ က လည်း သူ့ အဖေ နာမည် ကို ကာရန် လိုက်ပြီး သူ့ အမေ ကိုယ်တိုင် ပေး ထားတဲ့ နာမည် ။ အမည် မဖော် လိုတဲ့ အဖေ ရဲ့ နာမည် က ‘ ကိုထွန်းရွှေ ’ ကိုး ။ သူတို့ ရွာသံ ရပ်သံ နဲ့ ခေါ် လိုက် တော့ ‘ ကိုထွင်းရွှေ ’ တဲ့ ။ သား ‘ မောင်ထွင်းငွေ ’ တဲ့ ။ စာ နဲ့ ရေး ရင် သာ ‘ နသတ် ’ နဲ့ ထွန်း ။
ငထွင်း ကို ကျောင်း စ ထား တာ က တော့ ဘုန်းကြီး ကျောင်း မှာပါ ။ ငထွင်း က စာ တော်တယ် ။ ငယ်ငယ် ရွယ်ရွယ် နဲ့ သင်ပုန်းကြီး ကုန် ၊ မင်္ဂလသုတ် ကျေ ၊ ပရိတ်ကြီးမွှတ်နေပြီ ။ ဝတ် တက် ရင် ရှေ့က တိုင် ပေးရတဲ့ အဆင့် ကို တောင် ရောက် နေပြီ ။ ဒါကြောင့် အစ်မ က သား ငထွင်း ကို ကြီး ရင် ဘုန်းကြီး လုပ်ခိုင်းမယ် ၊ ရွာ ဘုန်းကြီး ရဲ့ တူ နဲ့ အတူ မြင်းခြံ ကိုးဆောင်တိုက် က ဒင်းတို့ အဖေ မျိုး ဦးအာစရ ဆီ ပို့မယ် ။ ပထမငယ် ၊ ပထမကြီး တွေ ဖြေခိုင်း မယ် ။ ဖြေ ပြီး ရင် ရွာ ပြန်ပြီး ဦးဇင်း လုပ်ခိုင်းမယ် ။ တစ်နေ့ ကျ တော့ ရွာကျောင်း မှာ ပဲ ကျောင်းထိုင် ဘုန်းကြီး ဖြစ်လာ ရမယ်ပေါ့ ။ ဆေးကျမ်းဗေဒင် က တော့ ရွာ က ဆေးဆရာကြီး ဦးမိုးထိ ဆီ မှာ ပဲ သင် ပေါ့ ။
ဟို တစ်နေ့ က တင် ပဲ အိမ်နီးနားချင်း မိဗြား က အစ်မ ကို စ သေးတယ် ။ စ သမှ လူကြားသူကြား လှမ်း အော် စတယ် ။ ဒွေးလေး မတလုပ် တို့ သား ကို ဒီလိုပဲ လူကျောင်း မှာ အချိန်ဖြုန်း တော့ မလား ။ ဘုန်းကြီး ကျောင်း ပို့ ရင် အမေ လုပ်သူ သူကြီးကတော် မဖြစ်ရင် တောင် မှ ဘုန်းကြီးမယ်တော် ဖြစ်သေးတာပေါ့ တဲ့ ။ သေ ရင် လည်း မယ်တော်ပြန် ပဲ ခံရရင် ဂုဏ် ရှိတာပေါ့တဲ့ ။ သောက်ကောင်မ မိဗြား ။
အင်း .. ဒင်းတို့ အဖေ လည်း ဘုန်းကြီးခမည်းတော် ဖြစ်လာမှာ ပဲ လို့ တောင် အပြေးအလွှား တွေး လိုက်မိသေး သ ။
ဒါပေမဲ့ ငထွင်း က မှန်းတာ ထက် တော် နေတော့ လူကျောင်း မှာ ပဲ ဆက် ထား လိုက်တယ် ။ ဒင်းတို့ အဖေ နဲ့ တိုင်ပင်ဖို့ အခွင့်အလမ်း မရှိပေမယ့် ဒင်းတို့ အမျိုးတွေ ရဲ့ စိတ်ထား ကို မတလုပ်မ က နောကျေ ပြီး သား ။ သူတို့ အမျိုးတွေ က သားသမီး ကြီး လာရင် မြို့ကြီး ပေါ် က လူကျောင်း ပို့ ရ မှ လူရာ ဝယ်မယ် ထင်တာ မျိုး ။ ဒါကြောင့် ငထွင်း ကို လည်း လူကျောင်း ကို ပဲ ပို့ လိုက်ရတာ ပ ။ သိပ် တတ်နိုင်လို့ တော့ မဟုတ်ဘူး ပေါ့ ။ အင်း ... ဒင်း … အဖေ က တော့ သဘောကျ မှာ ပါပဲ ။
ဟော ... အခု ငထွင်း က ပူဆာပြီ ။ ရခိုင်လေဘေး ထည်တွေ လာ ရောင်း တဲ့ ၇၅ ကျပ် တန် မိုးကာဂျာကင် တဲ့ ။ ကွင်ပါဘူး ( ကွန်ပါဘူး ) တဲ့ ၊ ဒေါ်ပါဖိနပ် တဲ့ ။ ဒေါ်ပါဖိနပ် က လည်း ဒင်း က အကြမ်း စီး တော့ စား ပစ် သလို ကုန်တာ ကလား ။ ဒင်း အဖေ က ပိုက်ဆံ ပေး နေတယ်များ အောက် မေ့ သလား မသိ ။ ခွေးမျိုး ၊ ကန်တော့ပါရဲ့ ။ သောက် မှန်း ကို မသိဘူး ။ သည် ကြား ထဲ ရေနံဆီ တဲ့ ။ ည ည စာ ကြည့်ဖို့ တဲ့ ။ ရေနံဆီ က တစ်ပုလင်း ကို တစ်ဆယ် နှစ်ဆယ် ။ ဒင်း အဖေ က လာ ပေးတာ မဟုတ်ဘူး ။ မီးခွက် နဲ့ တစ်ခွက် ချင်း လက်လီ ဝယ်ရတာ ။ ဒါကို သူ က သိပ် အားမရချင်ဘူး ။
ထမင်း စားပြီးရင် တော့ ငထွင်း က ခါး က လုံချည် နဲ့ ပဲ လက်သုတ် လိုက်တယ် ။ စကား ပလုတ်ပလောင်း ပြော လိုက်သေးတယ် ။ ဘာမှန်းတော့ မသိလိုက်ဘူး ။ ပြီးတော့ ‘ အစ်မ ခဏ ’ ဆိုပြီး သွားလေရဲ့ ၊ ဒင်း အပေါင်းအသင်း တွေ ဆီ ကို ။ တောင်ချောင် ထဲ က သံလုံး တို့ ၊ ဖြတ်စ တို့ ၊ တိုက်ကြီးမောင် တို့ ဆိုတာတွေ က ကောင်းတာ တွေ မဟုတ်ဘူး ။ တိုက်ကြီးမောင် ရဲ့အဖေ က ‘ နခိုး ’ ။ ဟို တစ်နေ့ က လည်း “ မင့် အမေ သူကြီးကတော် ပဲကွာ ၊ ဝယ်ခိုင်း ပေါ့ ” တဲ့ ။ ဘာတွေ မြှောက် ပေး နေမှန်း မသိပါဘူး ။ သည်လို ပြောပြီ ဆိုရင် ကျုပ် သားလေး ခမျာ မျက်စိမျက်နှာ ပျက်လို့ ။ ဘာ ပျက်စရာ လို သတုံး ။ ငထွင်းတို့ အဖေ က နခိုး မှ မဟုတ်ဘဲ ။ သူကြီးမျိုး တော် ရေ့ ။
တိုက်ကြီးမောင် ဆို တာ က အသက် က မိုး ထိုးနေပြီ ။ ခု မှ ‘ ခွင်နှစ်တန်း ’ ပဲ ရှိသေး သတဲ့ ။ ပေ က လည်း ပေ ပေါဘိ သနဲ့ ။ ဆေးလိပ် လည်း သောက်တတ်တယ် ။ ထန်းရည်ခါး လည်း ကြိုက်လှချည့် ပေါ့ ။ ဒင်းတို့ ဦးလေး လှဆောင် ဆိုတာ များ အရက် ကိုယ်တိုင် ချက် သောက် နေတာ မိုး မလင်းဘူး တဲ့ ။ ဒါကြောင့် ငထွင်း ကို တိုက်ကြီးမောင် ဆီ သွား တာ အစ်မ မတလုပ်မ သိပ် မကြိုက် ။
ခဏ နေ တော့ ‘ ငထွင်း ’ ပြန် လာတယ် ။ “ ဟဲ့ ... နင့် လက်ထဲ က ဘာကြီးတုံး ” အစ်မ က မေး လိုက်တယ် ။
“ ဘာမှ မဟုတ်ပါဘူး ဗျ ၊ အစ်မ က လည်း နေရာ တကာ သိပ် သိချင်တာပဲ ” လို့ ပြန် ဖြေလိုက်တယ် ။
“ ကျုပ် မသိလို့ မေးသာပ တော် ။ သဟာလေး ဖြေ လိုက် လို့ ဘာဖြစ်သွားမှာတုံး ” လို့ အစ်မ က စိတ်ဆိုးသံ နဲ့ ပြန် ပြောလိုက်တော့ မှ “ လွှလွှ ၊ သံဖြတ်လွှ ၊ ဒိုင်းလွှ ။ ဟိုဟာ သည်ဟာ ဖြတ်တဲ့ လွှ ” လို့ ဒင်း က ဆောင့်ကြီး အောင့်ကြီး ပြန် ဖြေ သေးတယ် ။ ဘာ ဖြတ် ဖို့လဲ မသိ ။
ည ဘက် အစ်မ မတလုပ်မ အိပ်ပျော် သွား တော့ ငထွင်း မအိပ်သေးဘူး ။ ရေနံဆီ မီးခွက် မီးခိုး တထောင်းထောင်း နဲ့ စာ ကြည့် နေတုန်း ပဲ ။ “ ငထွင်း နင် အိပ် ရင် မီးခွက် မှုတ် အိပ်နော် ” အစ်မ က ထုံးစံ အတိုင်း သူ မအိပ် ခင် မှာစရာ ရှိတာ ကို မှာ ပြီး အိပ် သွားတယ် ။ ငထွင်း က တော့ မကြား သလိုဘဲ နေ လိုက်တယ် ။ ဘာမှလည်း ပြန် မပြောဘူး ။ ဒင်း စိတ် မရှည်ဘူး ။ မလိုတာ မမှာနဲ့ ဆိုတဲ့ သဘောပေါ့ ။ ပြီးတော့လည်း ဒင်း ပဲ မီးခွက် မမှုတ် ဘဲ အိပ် အိပ် သွားတာ ။
အစ်မ က အခုတလော က သိပ် နေ မကောင်းဘူး ။ ခဏခဏ မော ချင်တယ် ။ သွေး ဆုံးတဲ့ အရွယ် ဆိုတော့ ချက်ဆေးလေး ဘာလေး ဖော်စား ချင်ပေမယ့် ဆေးမယ်စုံ အောင် မဝယ်ဖြစ်ဘူး ။ ဘာမဆို ငထွင်း ဖို့ စဉ်းစား နေရတာ နဲ့ ကိုယ့် ဖို့ ဆိုရင် မဝယ်ဖြစ် လှဘူး ။ နေ မကောင်း တဲ့ ကြား က သူများ အိမ် ဆီပွတ် ၊ မောင်းထောင်း ၊ ကျိတ်ထိုး ဆိုတာမျိုး လောက် က တော့ လိုက် လုပ်နေရသေးတာပါပဲ ။ အဲသလို အလုပ် က ပင်ပန်းတော့ အစ်မ က ချက်ချင်း အိပ် ပျော် သွားလေရဲ့ ။
မတလုပ်မ တရေး နိုး တော့ မျက်စိ ကောင်းကောင်း တောင် မဖွင့်ရသေး ဘဲ လှမ်းကြည့် လိုက်မိတာ က ငထွင်း အိပ်ရာ ဆီ ကိုပါ ။ မီးခွက် ငြိမ်း နေပြီ ။ ကောင်လေး အိပ် နေပြီ ပေါ့ ။ ဒင်း လည်း ကျောင်း သွားရတာ ပင်ပန်းတော့ ညည သိပ် စာကျက် နိုင်ရှာဘူး ။ အစား က လည်း ပုပ်ပါဘိသနဲ့ ။ သူ စား နေပုံ ကို များ ဒင်းတို့ အဖေ မြင် ရ ရင် .. ဟင်း .. ။
မတလုပ်မ သက်ပြင်း ချ လိုက်တယ် ။ တော်ပြီ ။ ဒင်း အဖေ က မတလုပ်မ စိတ်ကူး ထဲ ကို ခဏ ခဏ ရောက် လာလှချည့် ။ အင်း .. သား က တော့ လူပျိုပေါက် ဆိုတော့ လူပျို လုပ်ချင် ရှာတယ် ။ အိမ် မှာ ဟင်း ချက် ဖို့ ဆီ တောင် မှ သူများ အိမ် က ဆီပွတ် ခေါ် မှ စားရတတ်တာ မျိုး ။ ဆီကလေး တစ်မှုတ် တစ်စလောင်း ရ လာပြီ ဆိုမှ ဖြင့် ဒင်းကလေး က ဆီအိုး လက်နှိုက်နှိုက် ပြီး လိမ်း လား လိမ်းရဲ့ ။ မှန်ကွဲကလေး တထောင်ထောင် နဲ့ ဖြီး လိုက်ရတဲ့ သူ့ ဘိုစဖုတ် ။ အဲသည်တော့ မှ ဒင်း ရုပ် ကလည်း ဒင်း အဖေ ရုပ် ပိုပေါ် လာတော့ သတော့ ။ ခေါင်းလိမ်းဆီမွှေး လည်း ဝယ် ချင် သတဲ့ ။ လက်ပတ်နာရီ လည်း ဝယ်ချင် သတဲ့ ။
ဟို တစ်နေ့ က တော့ တိုက်ကြီးမောင် တို့ နဲ့ သနပ်ခါး ခုတ် လိုက်ချင်တယ် တဲ့ ။ ကျောင်း ပိတ်ရက် ကို သနပ်ခါးမြစ် တူးဖို့ တစ်ခါတလေ လိုက်တတ် သဟာ ကိုး ။ အဲဒါက ကောင်မလေးတွေ နဲ့ လေ ။ သနပ်ခါးဈေး က လည်း ကောင်းလှချည် မှ ။ အစ်မ လုပ် သူ တောင် သွေး မလိမ်းရက် ပေါင် တော် ။ ဈေး ကို အကုန် ပို့လိုက် သဟာပါ ။ လက်ကောက်ဝတ် လောက် သနပ်ခါးတုံး တစ်တုံး ဆိုရင် ငါးဆယ် တစ်ရာ မကြားကောင်း မနာသာ ဖြစ် နေတော့ လည်း သနပ်ခါးပင်တွေ သိပ် ရှားပါး ကုန်ပါပြီ ။
ငထွင်း တို့ ရွာဆိုးကုန်း ဘက် က ယာခင်း စည်းရိုး တွေ ၊ ကျေးတော ကျောက်ကုန်း တွေ မှာ လိုက် ရှာရသာ ပါ ။ လက်ညှိုးလက်သန်း ရ လည်း ခုတ် ၊ အမြစ် ရ လည်း အမြစ်တူး ။ အဲ ... တစ်ခါတလေတော့ တိုက်ကြီးမောင် တို့ များ ဆို ရင် ဘုန်းကြီးကျောင်း တို့ ၊ ထန်းတဲ တို့ လို အနား မှာ သူများ မွေး ထားတဲ့ သနပ်ခါးပင်တွေ ကို ခိုး ခုတ်ခဲ့ သာ ပါပဲ ။ တလောတုန်း က ပဲ လက်ပတ်နာရီ တစ်လုံး ဝယ် သလေ ။ သူတို့ ဘယ်က လာ ဝင်ငွေ ရှိ မတုံး ။ သနပ်ခါး တုံး ပေါ့ ။
လွန်ခဲ့တဲ့ တစ်လ လောက် က အနောက် ချောင် ထဲ က ထွန်းပ နဲ့ ထွန်းစ ညီအစ်ကို ဟာ သနပ်ခါးခြံ တစ်ခြံ ကို သွား ခိုး သတဲ့ ။ တစ်ရက် နှစ်ရက် နဲ့ ပြန် မလာ လို့ လိုက် ရှာ တော့ လည်း မတွေ့ ရဘူးတဲ့ ။ နောက် တစ်နေ့ မှာ ရွာ တောစပ် က မောင်းလက်တွင်းဟောင်း တစ်ခု ထဲ မှာ ပုပ်ပွ လို့ တဲ့ ။ နွားကျောင်းသားတွေ က ပြော မှ အလောင်း တွေ လှည်း နဲ့သွား တိုက်ရ သတဲ့ ။ ရွာ ထဲ ကို တောင် ယူ မလာရဘူး ။ အဲသာ ခြံစောင့်တွေ က တောထိုး ခက်ရင်းခွ နဲ့ ထိုးသ,တ်လိုက်ကြတာ လို့ ကြားသာပါ ပဲ ။ ခုထက်ထိ တောင် တရားခံ မမိသေးဘူး တဲ့ ။ ‘ ပုလိပ် ' တွေ လာကြတုန်း ။
“ ဟောတော် ... ဗုဒ္ဓမြတ်စွာဘုရား ။ ငထွင်း .. ငထွင်း ၊ ဟဲ့ ... ငထွင်း ”
သူ့ သား အတွက် အခု မှ ပဲ တွေး ပူမိ သွားတယ် ။ ဒါကြောင့် အစ်မ မတလုပ်မ အိပ်ရာ ထဲ က ခုန် ထ လိုက် တယ် ။ ထဘီ ကို တောင် ပြင် မဝတ်နိုင် ဘဲ ချိုင်းကြား ညှပ်ပြီး ထွန်းငွေ ရဲ့ အိပ်ရာ ဆီ ကို လွှားခနဲ ခုန်ပြေး လိုက် တယ် ။ ည တုန်း က ဒီ ကောင်လေး ဒိုင်းလွှ ဆို လား ၊ ချိုင်းလွှ ဆိုလား ငှား လာ သတဲ့ ။ ငါ့ နှယ် ဒါကို မတွေး လိုက်မိဘူး ။ ပေါ့ဆ လိုက်သာ ၊ ပေါ့ဆ လိုက်သာ ၊ မိတလုပ် ပေါ့ဆ လိုက်သာ ။ အဲသာ သနပ်ခါးပင် ကို အသံ မမြည် အောင် ဖြတ် ခိုးတဲ့ ဟာ ဖြစ်မှာပေါ့ ။
“ ငထွင်း ... ငထွင်း ၊ ဟဲ့ ... ငထွင်း ”
ပြန် ထူး သံ လည်း မကြားရပါလား အရပ်ကတို့ ။ ဘုရားကယ်ပါ မတလုပ်မ ငထွင်း ရဲ့ အိပ်ရာ ထဲ ကို လက် နဲ့ လိုက် စမ်းတယ် ။ ဘာမှ မတွေ့ ။
ကောင်လေး အပြင် ထွက်ပြီး တပိုတပါး သွားသလား မသိ ။ မတလုပ်မ လည်း တဲ အပြင် ကို ထွက် လိုက်တယ် ။ ရွာ ထဲ က လား ။ ရွာပြင် က လားမသိ ။ ခပ်လှမ်းလှမ်း က ခွေးဟောင်သံတွေ သဲ့သဲ့ ကြားနေရတယ် ။ ကိုယ်ကျိုး တော့ နည်းကြပြီ ထင်ပါရဲ့ ။ ငထွင်း တို့ နောက် လိုက်သွား ရင် မီမလား မသိ ။
“ ငထွင်း ... ငထွင်း ၊ ဟဲ့ ... ငထွင်း ၊ ငတွင်း ရေ .. ဟဲ့ ”
“ ငထွင်း ရေ ... သနပ်ခါး ခုတ်ဖို့ လိုက် သွားပြီ ဆင် တယ် ။ တိုက်ကြီးမောင် တို့ နဲ့ မပေါင်းနဲ့ ။ နခိုးကြီး သား နခိုး လေးတွေ ။ သူတို့ အမျိုး က သန့်တာ မဟုတ်ဘူး ။ ခုလည်း သူတို့ သနပ်ခါး ခိုးရာ လိုက်သွား ပြန်ပြီ ထင် ပါရဲ့ ”
“ ငထွင်း ရေ ၊ ဟဲ့ ... ငထွင်း ။ ဒင်းများ တစ်ခု ခု ဖြစ် ရင်တော့ ဒင်းတို့ အဖေ က ငါ့ ကို .. ”
ဘယ်တော့မှ လှည့် မကြည့်ခဲ့ ဖူး တဲ့ ငထွင်း တို့ အဖေ ကို မတလုပ်မ ပြေးပြီး မြင်လိုက်မိ ပြန်တယ် ။ ရင် ထဲ က လည်း ထူးထူးခြားခြား ရေ ဆာ သလို ဖြစ်ရာ က တလှပ်လှပ် ခုန် လာတယ် ။ မော လာတယ် ။ လှိုက် လာ တယ် ။ ခေါင်း ထဲက မိုက်ခနဲ ဖြစ် သွားပြီး မတလုပ်မ အရုပ်ကြိုးပြတ် လဲကျ သွားလေရဲ့ ။
မနက် လင်းအားကြီး တော့ မှ ပဲပြုတ်သည် လာ လို့ မတလုပ်မ လဲ နေတာ တွေ့ ရတော့ အေးစက် နေပြီ ။ မတလုပ်မ သေပြီ ။
ငထွန်း လည်း ပြန် မလာသေး ။ ဒင်း အဖေ က တော့ … ။
◾မောင်စွမ်းရည်
📖 ဒီလှိုင်း မဂ္ဂဇင်း
၁၉၉၆ ၊ ဖေဖော်ဝါရီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment