Wednesday, March 27, 2024

ငါ ယောက်ျား


 ❝ ငါ ယောက်ျား ❞ 


သူတို့ လင်မယား သည် ညနေစာ ကို စောစော စားတတ်ပြီး လေသာဆောင် သို့ ထွက် ကာ မီးထွန်းချိန် အထိ ထွေရာလေးပါး စကား ပြော မြဲ ဖြစ်လေသည် ။


ထို ညနေ တွင် လည်း ခါတိုင်း လို ပင် လသာဆောင် သို့ ထွက် နေကြပြီး ၊ လက်ထပ်ပြီး စ လင်မယား ဖြစ်သည်နှင့် အညီ အပြုံး ကိုယ်စီ နှင့် အချစ် အကြောင်း ကို ဆွေးနွေး နေမိကြ သည် ။ မှောင်ရိပ် သန်းပြီး အေး၍ လာတော့ မှ အိမ်တွင်း ဝင် ဖို့ သတိ ရပြီး စကား ဖြတ်ကြရ လေတော့သည် ။


ဇနီးသည် က အလျင် ထ လိုက် ကာ ...


“ ဪ မောင် ရေ ချစ်ခြင်း ရဲ့ အစ ဟာ ရှာရ ခက်တယ် ဆိုလို့ သတိရ သေးတယ် ၊ မောင့် ကို စ တွေ့ ဖူး ရင် တွေ့ဖူးချင်း ရင် ထဲ မှာ ဖြစ်လာတာ က အို သိပ် သနားစရာ ကောင်းတဲ့ လူ တစ်ယောက်ပါလား ဆိုတာပဲ ၊ သနားလွန်း လို့ ချစ်ရတာပဲ ထင်ပါရဲ့ ၊ ခု ဖွင့်ပြော လိုက်လို့ စိတ် လည်း မဆိုးနဲ့ဦးနော် ” ဟု မမျှော်လင့်သော စကား ကို ပြောသည် ။


သူ သည် ထိတ်ထိတ်ပျာပျာ ဖြစ် သွားပြီး မော် ပြီး သာ ငေးကြည့် နေမိတော့လေသည် ။ ခပ်ရေးရေး မြင် ရသော ဇနီးသည် ၏ မျက်နှာ တွင် နှုတ်ခမ်း က အပြုံး နှင့် မျက်လုံး က အရိပ် ပင် လျှင် သနားခြင်း ဖြင့် နူးညံ့ နေသည် ဟု ထင်သည် ။ သူမ ၏ သနားစိတ် များ မှာ မမြင်နိုင် သော အမှုန့်  ၊ အရည် ၊ အငွေ့အသွင် တစ်ခု ခု ကို ဆောင် ကာ သူ့ ကိုယ်ပေါ် အထပ်ထပ် ကျလာ လွှမ်းမိုး သွားသည် ထင်ပြီး ခြေပစ်လက်ပစ် ပင် စိတ်ပျက် ၍ သွားလေ တော့၏ ။ 


ပက်လက်ကု,လားထိုင် ပေါ် က ကိုယ့် ကိုယ် ကိုယ် ပင် ကြွ၍ မရဘဲ ...


“ အလိုလေး ငါ ဟာ သနားစရာ သတ္တဝါ ဆိုပါလားကွယ် ” ဟု စိတ် တွင်း က တတွတ်တွတ် ညည်းရင်း မောပန်း နေ မိလေသည် ။ ကြယ်တွေ လတွေ ထွက် လာတာ ကို ပင် မမြင်မိ ။


“ အထဲ ဝင်တော့လေ ၊ အအေးမိလိမ့်မယ်” ဟု ဇနီးသည် ၏ အသံ ကို နာခံရ မှ အလို အလျောက် ခြေထောက် က လှမ်း ကာ အိမ်တွင်း ရောက် သော်လည်း စိတ် က တခြား ။


သူတို့ လင်မယား မှာ ညပိုင်း ဆို လျှင် စာ ဖတ်ကြသည် ဖြစ်၍ သူ သည် စာအုပ် တစ်အုပ် ကို လက်ကျင့် ပါနေသည့် အတိုင်း ဆွဲယူ ကာ ဖတ်ဖို့ ကြိုးစားသည် ။ တစ်မျက်နှာ ပြီးတစ်မျက်နှာ ကုန် သွားမိ၏ ။ သို့သော် ခေါင်း ထဲ တွင် ဘာမှ မကျန်ရစ် ။ စာအုပ် တစ်ဝက် ကျိုးလှ ၍ မှ ဘယ်သူ ဇာတ်လိုက် မှန်း မသိ ။


ဇနီးသည် ကို မသိမသာ ခိုး ကြည့် မိလိုက်သည် မှာ ခဏ ခဏ ပင်ဖြစ်ချေ၏ ။ သူမ သည် စာအုပ် ထဲ တွင် စိတ် အတော် ဝင်စားနေသည့် ပမာ မျက်မှောင်ကလေးများ ပင် ကုတ် လျက် ရှိသည် ။ သူမ ၏ ဖိနပ်ဦး က ကြမ်းပြင် ကို စည်းဝါး ကျ စွာ မတိုးမကျယ် တို့ခေါက်နေ သည် က လွဲ၍ ဘာမှ လှုပ်ရှားမှု ကို မမြင်ရချေ ။ သူမ တွင် ဖျတ်လတ်လျက် က တစ်ထစ်ချ ငြိမ်ဆိတ်သော အကြည့် ၊ အပြော ၊ အမူအရာများ ရှိသည် ။


သူ သည် စာအုပ် ကို စိတ်ဝင်စားစွာ ဖတ်ရန် ကြိုးစား ပြန် လည်း မရချေ ။ စာအုပ် ကို ပိတ်လိုက်မည် ရွယ် သော်လည်း ဇနီးသည် က လှည့် ကြည့်မည်ကို မလိုလားချေ ။ စာ မဖတ်ဘဲ မျက်လုံး က စိုက်မိစိုက်ရာ ကို ငေးကာ လက်သည်း ကို သာ ကိုက် နေ မိသည် ။ စာအုပ် ကို ဖွင့် ထားပြီး မျက်နှာ က တခြား ရောက်နေသည် မှာ လည်း မြင် ၍ မကောင်းလှ ဟု သတိရ မိ ပြန်၏ ။ သူ သည် ဘယ်သူ့ ကို မှန်း မသိ ဒေါသ ထွက် ကာ ၊ စာအုပ် ကိုပိတ်ပြီး စားပွဲ ပေါ် တင် လိုက်၍


“ ဒီ ည စောစော အိပ်ချင်တယ်ကွယ် ” ဟု ခွင့်တော င်းကာ အိပ်ခန်း သို့ လာ မိသည် ။ ဇနီးသည် က မူ မကြား၍ လား မသိ ၊ ဘာမျှ မပြောချေ ။


အိပ်ခန်း တွင်း သို့ ရောက်သည့် အခါ မှန်တင်ခုံ သို့ ပထမဆုံး သွားပြီး ကိုယ့် ကိုယ် ကိုယ် ပြန် ကြည့်လိုက်၏ ။


နားထင်ဆံစကလေးများ ကြောင်စ ပြုကာ ဝါရော်ရော် အသားအရေ ၊ ပန်းလျ သော ကိုယ်ဟန် နှင့် လူရွယ် တစ်ယောက် သည် မှန် ထဲ က နေပြီး ခပ်ကြောင်ကြောင် ပြန်၍ ကြည့် သည် ကို မြင်ရ၏ ။


မျက်လုံး နှစ်လုံး ၊ နားရွက် နှစ်ဖက် နှင့် လည်း ပြည့်စုံပါ၏ ။ လက်များ ၊ ခြေများ တွင်လည်း ခြောက်ချောင်း ၊ ခုနစ်ချောင်း ဟူ၍ အတက်အပွား ပေါက် ကာ မနေ ၊ ခြေ နှစ်ချောင်း ပေါ် စုံရပ် နေမည် ဆိုလျှင် လည်း နေ နိုင်ကာ လေးဖက်ထောက်ချင်စိတ် ပေါက် လျှင်လည်း ထောက် နိုင်၏ ။ သူ့ တွင် ခြေလက်အင်္ဂါ အပြည့်အစုံ ရှိသည် ။ ခေါင်း ပေါ် တွင် ဘိုကေ ထား၍ နှုတ်ခမ်းနီ ၊ ပါးနီ မဆိုး သဖြင့် ယောက်ျား မှန်း လည်း သိသာ သည် ။ အချုပ် ဆိုရ လျှင် သူ သည် တခြား ယောက်ျားများ နှင့် ဘာမျှ မကွာချေ ။


ဒါကို ဇနီးသည် က သနားသည် တဲ့ ။


မိန်းမ လည်း ဖြစ် ၊ ငါးနှစ် ကျော်ကျော် လည်း ငယ် ပြီး မိမိ က လုပ်ကျွေး ပြုစုသည် ကို ခံ ရသော ဇနီးသည် က သနားစရာ ကောင်းလိုက်တာ ဟု ဆိုခြင်း မှာ သဘောရိုး တော့ ဟုတ်မည် မထင် ။ လယ်တီပဏ္ဍိတ ညည်းပုံမျိုး သာ ဖြစ်မည် ဟု ထင်ကာ မကျေမနပ် နှင့် အတော်ပင် ဆွေး နေ မိလေသည် ။


ထိုခဏ၌ ကု,လားထိုင် ရွေ့သံ ကြားရ၍ လန့်သွား မိသည် ။ ယခု လို ညကြီးမင်းကြီး မှာ ယောက်ျား တစ်ယောက် မှန် ကြည့် နေသည် ဆိုသည့် ကိစ္စ မှာ တယ်ပြီး မဖွယ်ရာလှပါ တကား ။ သူ့ မိန်းမ မြင် သွားလျှင် ဘာ ထင်မလဲ ။ အိပ်ရာ သို့ မြန်မြန် ပြေးပြီး လှဲကာ နေ လိုက် ရာ ဇနီးသည် က မြင် သွားပြီး ရယ်သံ နှင့် အတူ


“ ဘာဖြစ်လို့ ပြေးလွှား နေရတာလဲ ၊ သရဲ ကြောက်လို့လားဟင် ” ဟု နောက်ပြောင် သံ ကို ကြား ရသည် ။


သူ သည် ဘာမှ ပြန် မပြောတတ်ဘဲ အခန်းဝ က ဖြတ်ပြီး ရေသောက် သွားသော ဇနီးသည် ကို စိတ် ရှုပ်သော အကြည့် ဖြင့် ကြည့် လိုက်မိ၏ ။


ဇနီးသည်ကလေး သည် နည်းနည်း တော့ သွက်လက်လွန်းသည် ဟု ထင်၏ ။ ယောက်ျားလူငယ်ကလေး သဖွယ် အရွှန်း လည်း ပေါများ ၍ သူ့ ထက် လည်း လူပေါင်းဆံ့ သည် ။ မိမိ မှာ တော့ စကားပြော ညံ့ ခြင်း ကို ပင် ဂုဏ် တစ်မျိုး ယူ နေရချေသည် ။ သူ သည် စကားပြော နေရင်း အကောင်းသား က တစ်ဝက်ပြတ် ကာ ထစ်အ ထစ်အ ဖြစ် တတ်သည် ။ သည်လို ဖြစ်တိုင်း လည်း အမူအရာ ပျက်လိုက်သည် မှာ ဆိုစရာ မရှိ ၊ မိမိ ၏ အမူအရာများ မှာ လည်း ဘယ်တော့ မှ ဂနာမငြိမ် ဟု ထင်ကာ ကိုယ့် ကိုယ် ကိုယ် ဒေါသ ထွက်ဖူးသည် ။


သူ သည် ငယ်စဉ် ကတည်း က လူပရိသတ် နှင့် ကင်းကွာ ကာ ချောင် တစ်ချောင် ဝယ် တယော တစ်လက် နှင့် ပျော်သူ ဖြစ်၍ သည်လို လူစားမျိုး ထုံးစံ အတိုင်း အနည်းငယ် မပြေပြစ်သည် ကို တော့ ဝန်ခံပါ၏ ။ သူ့ မိဘများ မှာ ပိုက်ဆံ ကြွယ်ဝ ၍ သူ့ ဘဝ တွင် လို ၍ တ လိုက်လျှင် ရသလောက်ချည်း ဖြစ်ရကား ၊ ဘာမှ စွန့်စားခန်း မရှိသည့် အတွက် သူ စိတ်ပျော့ ချင် လည်း ပျော့ပေမည် ။ ယခု ဇနီးသည်ကလေး နှင့် အကြောင်း ပါသည် မှာ ပင် ကိုယ့် အစွမ်း တစ်ဝက် ပင် မပါချေ ။ သူမ သည် ပွင့်လင်းခင်မင်စွာ နေတတ် ကာ ၊ အပျိုကလေး ဖြစ်၍သာ အပျိုစကား ပြော ကာ လူပျိုစကား မပြောသည် ကို ပြန်ပြီး သတိရ မိပါသည် ။ ယခု မိဘများ ကွယ်လွန် သွားပြန်တော့ အမွေအနှစ်ကလေးများ ကို အကြောင်းပြု ကာ ငြိမ်းငြိမ်းအေးအေး ထိုင် စား နိုင်သည် ။


သို့သော်လည်း သနားစရာ လူ တစ်ယောက် ဆိုသည့် အပြောမျိုး ကို သူစိမ်း တစ်ယောက် က သာ လာပြီး ပြောမည် ဆိုလျှင် ဆွဲ ထိုးမိမည်လား မသိချေ ။ သည်လို ဆိုလျှင် လည်း လက်သီး နှင့် ထိုးခြင်း ဟူသော ဗဟုသုတလေး တော့ ရ သွားပေမည် ။ ယောက်ျားကလေး ဖြစ်သော်လည်း ကလေး ဘဝ တွင် တစ်ခါမျှ မထိုးကြိတ်ခဲ့ဖူးချေ ။ ကျောင်းသွား ကျောင်းပြန် ကို အစေခံကု,လားကြီး က ထမ်းပို့ ထမ်းပြန် ပြီး အိမ် ရောက်တော့ အောက် ကို မဆင်းရ ။


ဗြုန်းခနဲ မေးမိပြန်သည် မှာ


“ ဘာဖြစ်လို့များ ကိုယ့် ကို သနားရတာလဲ ကွယ် ၊ အင်မတန် ညံ့တယ်လို့ များ ထင် နေလို့လား ...”


တစ်ကိုယ်တည်း မချိမဆံ့ ဖြစ်နေမိ၏ ။ ညဉ့် သည် နက် လာ ကာ တိတ်ဆိတ်၍ လည်း နေသည် ။ ဇနီးသည် က တော့ စာ ဖတ်တုန်း ။ သူ့ စိတ်စွဲ နေလျှင် ခေါ်၍ မရ ။ မိမိ လည်း သည် ည တော့ အိပ်၍ ပျော်မည် မထင် ။ စိတ်တွေ က ကယောင်ချောက်ချား ဖြစ်လှသည် ။ တယ် .. သူများ က သနားစရာ ဆိုရုံနဲ့ သနားစရာ လူ ဖြစ်ရရော့ လား ၊ ငါ ယောက်ျား ပဲ ဟာ ၊ သူများ စွပ်စွဲတာ ကို ရယ် ပစ်လိုက် ဖို့ မသင့်ဘူးလား ဟု သတိရ လာ၏ ။


စိတ် ထွက်ထွက် နှင့် ထကာ ဘီယာ နှစ်ခွက် ဆင့် သောက်လိုက်၏ ။ စင်စစ်တော့ သူ သည် တခြား ယောက်ျားများ လို ပင် အရက် ကို လည်း သောက်ရဲ သူ မဟုတ်ပါ လား ။ သို့သော်လည်း မစွဲ ချေ ။ ဘယ်တော့ မှ လည်း စွဲမည် မဟုတ် ။ တစ်ခါ သောက်တိုင်း နှစ်ခါ လောက် တော့ မျက်နှာ ရှုံ့မဲ့ မိမြဲ ဖြစ်၏ ။ ( မသောက်ခင် တစ်ခါ ၊ သောက်ပြီး တစ်ခါ ) သူ့ တွင် တစ်ခါတစ်ခါ အတွေး မျိုးစုံသည့် အခါ အိပ် မပျော်တတ်သော ရောဂါ ရှိ လေရာ ထို အခါမျိုး တွင် မူး ပြီး အိပ်ပျော် သွားအောင် သောက်ပေး ရသည် ။


သောက် ပြီးပြီးချင်း မူးသည် မဟုတ်၍ အတော် ကြာပင် မခံချိ မခံသာ ဖြစ် နေပြီး ဦးနှောက် ထဲ တွင် ယိမ်းထိုး လာ ကာ ခေါင်း ထူ ၍ မနိုင်တော့ဘဲ အိပ်ပျော် သွားလေသည် ။ 


မနက် မိုး လင်း၍ အိပ်ရာ က ထ သော် ပထမဆုံး အတွေး မှာ


“ ငါ ဟာ သနားစရာ သတ္တဝါလား ကွယ် ” ဟူ၏ ။ စကား တစ်လုံး ကို ပြော လိုက် သူမှာ တော့ မေ့ နိုင်၏ ။ ခံရသူ မှာ မသက်သာလှချေ ။ အထက်တန်းပညာ လည်း သင် ဖူး၍ အနုပညာ လိုက်စားသူ တစ်ယောက် ကို ဤသို့သော မှတ်ချက်မျိုး သည် အင်မတန် ထိလှသည် ။


အသေးအဖွဲ စကားကလေး တစ်လုံး ဖြစ်သည် ဟူ၍ လည်း ဆိုနိုင်ပါ၏ ။ အဘယ့်ကြောင့် ဆိုသော် လူထု ပရိသတ် ရှေ့တွင် စင်မြင့် ပေါ် တက် ၍ ဆဲခြင်း လည်း မဟုတ်ပါပေ ။ လင်မယား နှစ်ယောက် စကား တွေ့ကရာ ပြောသည့် အထဲ က အမှတ်မထင် သော စကား တစ်ခွန်း ပင် မဟုတ်ပါလား ။ ပြီးတော့ နောက်ပြောင် တာ လည်း ဖြစ်ချင် ဖြစ်ပေမည် ။ သူ့ တွင် တစ်ခု ခက်သည် မှာ အမြဲ ပြုံးပြီး ပြောတတ်သည့် ဇနီးသည် ၏ စကားများ ကို နောက်တာလား ၊ တကယ်လား မခွဲခြား တတ်ချေ ။


သို့သော်လည်း “ စိတ် မဆိုးနဲ့နော် ” ဟူသော စကား ကို ထောက်ရခြင်း ဖြင့် သူ အား ဇနီးသည် ဘယ်လို မြင်သည် ကို ရိပ်မိ လောက်ပါသည် ။


စင်စစ် ဇနီးသည် မှာ အသက် လည်း ငယ်၍ သူ့ လောက် လည်း စာ မဖတ်ဖူးချေ ။ ဂီတကို လည်း နားထောင်ရုံ က လွဲ၍ ဘာမှ စိတ် ဝင်စားသည် မဟုတ် ။ ပညာရှိ မှန် လျှင် လေ့လာရသော ပန်းချီ ၊ ပန်းပု ၊ ရှေးဟောင်းပစ္စည်း စုခြင်း စသည်တို့ ကို လည်း သူ ဂရုမစိုက် ။ မိမိ ထက် သာတာ တစ်ခု ပဲ ရှိသည်မှာ ဘယ်လို လူ ပရိသတ် စား ထဲ မှာ ဖြစ်ဖြစ်  ဖျိုးဖျိုးဖျတ်ဖျတ် နေနိုင်တတ်ခြင်း ဖြစ်သည် ။


သည်လို မိန်းကလေးမျိုး က မိမိ အား သနားတယ် တဲ့ ။


သူ သည် မခုံး ရှုံ့ ကာ ရယ် လိုက်မိသည် ၊ ရယ်သံ သည် သဘာဝ မကျလှဘဲ သူ့ ထုံးစံအတိုင်း ထစ်အ ထစ်အ နှင့် တစ်ဝက်ပြတ် သွားရကား တစ်ယောက် တည်း ကိုယ့် ဟာ ကိုယ် ကြောင် နေမိသည် ။ ကိုယ့် ကိုယ် ကိုယ် လှောင်လိုက်တာ နှင့် တောင် တူ နေပါပြီ ။


ဇနီးသည် မျက်စိ နှင့် ဆုံ လျှင် ကမန်းကတန်း လွှဲဖယ် လိုက် မိ ပြီး ရင်ထဲ က နာ သလို လို ၊ ဖွင့် ပြော လိုက်ဖို့ လည်း တယ် မရဲလှ ။ စင်စစ် သူ့ လောက် အားနာတတ် သူ လောက မှာ ရှိမည် မထင် ။ သူ့ အား ဇနီးသည် သည် အကဲခတ် နေသည် ဟု လည်း ထင်၏ ။ မိမိ သည် ကျောက်ရုပ် ပမာ ဘယ်မှာ မှ မတုန်လှုပ်ကြောင်း ကို လည်း ပြလို၏ ။


စိတ်ပြေ လက်ပျောက် တယော ကို ယူကာ တီး လည်း တီး ၍ မရ ၊ သို့သော်လည်း ဦးတည်ရာ အသံတွေ စပ်ကာ စမ်း ၍ နေမိသည် ။ တယောသံ သည် ပင် ထစ်အ ထစ်အ နှင့် ဖြစ်နေ သေးသည် ။


သူ့ မျက်စိ တူရူ တွင် ပြည်လမ်းမ သည် အလျားလိုက် ခင်းကာ နေသည် ။ နေ က လည်း မပွင့် တပွင့် ၊ တိမ်များ က ရစ်ဆိုင်း လျက် ၊ ရာသီဥတုကြီး ကို က တအုံနွေးနွေး ရှိ လှသည် ။ စိတ်ညစ်စရာ ရာသီဥတု ကြောင့် များ စိတ် မငြိမ်တာ လေ လား ။


ဇနီးသည်ကလေး က အနား လာ ထိုင် ကာ


“ ကဲ တစ်ခု ခု တီးစမ်းပါဦး ၊ မောင် တီးတာ အားကြီး နားထောင် ကောင်းတာပဲ ” ဟု ဆို၏ ။


သူ သည် ခဏ ခဏ သည်လို ခိုင်းတတ်သည် ။ သူ သည် တီး ရင်း က စိတ်ပါ သွား လျှင် စိတ် သည် တယော မှာ သာ စိုက် ကာ ဇနီးသည် မျက်နှာ ကို မှ သတိ မရတော့ပြီ ။ တစ်ခါ တစ်ရံ ကြုံကြိုက်၍ ဂရု စိုက်လိုက် မိ လျှင် ဇနီးသည် ၏ မျက်လုံးများ မှာ ဂီတ တွင် မှေးမှိတ် မနေဘဲ ပြူးကျယ်ဝိုင်းစက် ကာ ကြည့်ချင်ရာ ကို ကြည့်လျက် ရှိသည် ကို တွေ့ ရ၏ ။ သူ သည် စိတ်ပျက်မည် ဟု ကြံဆဲ မှာ ပင်


“ အဲ အဲဒီ အကျော့ကလေး က လေ ...  ဦးဘိုးငိုကြီး ရဲ့ ကြက်ဖတိန်ညင် တောကိုဝင် ထဲ က တစ်နေရာ နဲ့ ခပ်ဆင်ဆင် မို့ စဉ်းစား နေတာပါ ၊ ဒါပေမဲ့ ဦးဘိုးငို ကျော့သွားတာ က နည်းနည်း ရှေး ဆန်တယ် ” ဟု အထစ်အငေါ့ မရှိ ပြော တတ်သည် ။ သူ သည် ဇနီးသည် ၏ မျက်လုံးများ ကို စိုက် ကြည့်မိ လျှင် ရဲဝံ့ပြုံးရွှင်သော တုံ့ပြန် ကြည့်ခြင်း ကို ခံရ ကာ ကိုယ် က ပင် စပြီး မျက်စိ လွှဲ ပစ်ရ၏ ။


သူ သည် တယော တီးစ ပြုရင်း ၊ စိတ် ပါ လာ ကာ သေးမျှင်သော အသံကလေး နှင့် အတွန့်အခက်များ ဖော် နေ မိလေသည် ။ စိတ်တွင်း က မခံချိ မခံသာ ဝေဒနာ သည် ထိုးတံ မြင်းမြီး နှင့် တယောကြိုး နှစ်ခု တို့ ကြား မှာ တွန့်လိမ် နေ သလို ထင်မြင် မိ၏ ။ ထိုးတံ ထိပ်ဖျား သည် ဂနာမငြိမ် ၊ လူးလွန့်ကာ နေလေ၏ ။ အသက် မရှူ တစ်ချက် ရှူ တစ်ချက် နှင့် သူ့ လက်ဖျား သည် တုန်ကာ နေ လေသည် ။


ဇနီးသည် ထံ မျက်စိ ရောက်၍ သွားမိလေ ရာ သူမ ၏ မျက်နှာ တွင် နှုတ်ခမ်း က အပြုံး နှင့် မျက်လုံး ကအရိပ် ပင် လျှင် သနားခြင်း ဖြင့် နူးညံ့ နေသည် ထင်၏ ။ သူမ ၏ သနား စိတ်များ မှာ မိမိ ၏ မချိမဆံ့ ဝေဒနာ ထက် ပင် အင်အား ကောင်းကာ မမြင်နိုင် သော အမှုန့် ၊ အရည် ၊ အငွေ့ ၊ တစ်ခု ခု သော အသွင် ကို ဆောင်ကာ သူ့ ကိုယ် ပေါ် အထပ်ထပ် ကျ လာ လွှမ်းခြုံ သွား သလို ထင် မိသည် ။ ဆပ်ပြာပူဖောင်းမှုတ် ကစား နေသော သားငယ် ကို ပြုံး ကြည့် ပွေ့ပိုက် တော့မည့် မိခင် ၏ အမူအရာ ကို တွေ့ ရသည် ။


တယောထိုးတံ အလိုလို လွတ်ကျ မသွားခင် ဦးအောင် အောက် ချ လိုက်ရ၏ ။ မိမိ ကိုယ်ကို မျက်စိသူငယ် နှင့် ဖြစ်နေသည် ဟု ထင်ကာ ရုပ်ရှင် ထဲ က သူရဲကောင်း လို  ၊ မားမား ရပ်လိုက်ချင်၏ ။ ဒေါသတွေ ထွက် ပစ်လိုက်ချင်၏ ။ သို့သော် စိတ်အားငယ်စွာ သာ ဘာမှ မတတ်နိုင် ဘဲ ငေးပြီး ကြည့် နေမိသည် ။


ဇနီးသည် ၏ မျက်နှာ တွင် စိုးရိမ်သော အရိပ်ကလေး သန်း လာကာ


“ အို မောင် ဘာဖြစ်နေတာလဲ ၊ မျက်နှာ က လည်း ဖြူ လို့ ၊ နေ မကောင်းဘူးလား ” ဟု မေးသည် ။


“ ဘာမှ မဟုတ်ပါဘူး ၊ ဟို အရင်တုန်း က စိတ်မျိုး ပြန် ဝင်လာလို့ပါ ၊ တစ်ခါတစ်ခါ ဘာဖြစ်မှန်း မသိဘူး ၊ စိတ် ကို ကွပ်ကဲ လို့ မနိုင်နိုင်ဘူး ” ဟု ဒရောသောပါး ပြော လိုက်မိ သည် ။ ဒီ စကား အမှန်ပဲ ထင်ပါ ရဲ့ ။ သူ လူပျို တုန်း က စိတ် လေလွင့်ကာ အိမ် မှာ ပင် အငြိမ် မနေနိုင်သည် ကို သတိ သွား၍ ရ၏ ။ ဘာမှလည်း အကြောင်း မရှိဘဲ ရင်တွင်း မှ အပူ တစ်ခု ကြွ ကာ နေပူမိုးရွာ မရှောင် လျှောက်သွား နေမိ၏ ။ ယခု ဇနီးသည်ကလေး နှင့် တွေ့ မှ စိတ်တွေ ငြိမ်းအေး ပြီး လူလူသူသူ နေ၍ ရသွားသည် ကို မငြင်းနိုင် ။


“ ဟုတ်ပါတယ် ၊ မောင် တစ်ခု ခု ဖြစ်နေတယ်လို့ ထင် သားပဲ ၊ ည ကတည်း က မဟုတ်လား ”


သူ သည် ထိတ်ထိတ်ပျာပျာ ဖြစ်၍ သွား၏ ။


သူ သည် နှုတ်ခမ်း တလှုပ်လှုပ် ဖြစ်နေ ပြီး မှ ထစ်အ ထစ်အ နှင့်


“ မောင် မောင့် ကို သနားစရာ လူ ဆိုတာ ဘာ သဘောလဲ ကွယ် ” ဟု လွှတ်ခနဲ မေး လိုက်မိပြီး ပန်းလျစွာ အဖြေ စောင့်မိသည် ။


ဇနီးသည်ကလေး က ပထမ တွင် နား မလည် သလို မျက်မှောင်ကုတ် လိုက်၏ ။ ထို့နောက် နားလည် သလို မျက်မှောင် ပြေ သွား၏ ။ နှုတ်ခမ်း တွန့် လာပြီး ပြုံး လိုက်၏ ။ နှုတ်ခမ်းဖွင့် လိုက်ပြီး ၊ အသံ ထွက် ကာ အော်ပြီး ရယ်လေတော့သည် ။ 


“ အမယ်လေး မောင် ရယ် ” ဟု တ ပြီး ရယ်ပြန်၏ ။


“ ဖြစ်မှ ဖြစ်ရလေ ” ဟု ညည်းပြီး ရယ်ပြန်၏ ။ သူ့ ပခုံး ကို လည်း ပုတ် လိုက်သေး ၏ ။ ထို့နောက် ရယ် ပြီး ရင်း ထပ်ထပ် ရယ်ရင်း နှင့် ရယ် ၍ မဆုံးနိုင်တော့ချေ ။


သည့်လောက် ရယ်လွန်းတော့ လည်း စိတ်ညစ်စရာ ကောင်းလှသည် ။ သူ သည် အနေရ အထိုင်ရ ခက်ကာ မသက်မသာ စောင့် နေမိသည် ။


ဇနီးသည် သည် သူ့ မျက်နှာ ကို မြင်ကာ ဖြုန်းခနဲ အရယ် ရပ် လိုက်ပြီး မျက်နှာ တည်တည် နှင့်


“ မောင့် ကို မြင်မြင်ချင်း ပထမဆုံး သတိထား မိတာ က ညာဘက် မျက်ခုံး နည်းနည်း ပြတ် နေတာ ကို ပဲ ၊ အဲဒါ အမာရွတ် ဆို ၊ ငယ်ငယ်တုန်း က လိမ့်ကျတာ မဟုတ်လား ၊ အင်း ... အဲဒီ မျက်ခုံးကလေး စုတ်သွား တုန်း က သိပ် နာမှာ ပဲ ဆိုပြီး သနား လိုက်တာ လေ ၊ ခုတောင် တွေး မိရင်း စိတ် မကောင်းဘူး ” ဟု အသံ ခပ်ဆွဲဆွဲ နှင့် ပြော၏ ။


သူ လည်း ရမ်းယောင် ခေါင်းညိတ် ပြီး


“ ဪ ဪ ” ဟု တစ်ဝက်တစ်ပျက် ပြော မိသည် ။


သူ ၏ စူးစမ်းသော အကြည့် ကို သူမ ၏ အကဲခတ်သော အကြည့် က နိုင် သွားပြန်၍ မျက်လုံး လွှဲ လိုက်ရပြန်၏ ။


ဇနီးသည် က သူ့ စိတ်တွင်း ဖြစ်နေ ပုံကို မသိ သလိုပင် ၊ သူ ငယ်ငယ် က စကိတ် စီးရင်းလဲကျ ၍ လက် အရိုးကျိုး ဖူး ပုံကို ပြောပြ နေ ပြန်လေသည် ။


သူ့ စိတ် တွင် အနည်းငယ် ကျေနပ်သလို ဖြစ်ကာ ၊ ရည်ရွယ်ချက် မရှိဘဲ အိပ်ခန်း အတွင်း သို့ ဝင် လာရာ ပိတ်ဆို့ ၍ မရနိုင်သော ရယ်သံသဲ့သဲ့ ကို ကြား ရသည် ။ ပထမ တော့ လိုက် ပြုံး မိသေး၏ ။ လွန်လွန်းလာ တော့ တံခါးဝ သို့ ထွက်ပြီး ကြည့် မိသည် ။ ဇနီးသည် က အပြုံးရိပ်ရောင်ကလေး မှ မရှိသော မျက်နှာ ဖြင့် ခပ်တည်တည် ပြန်ကြည့်၏ ။ အမူအရာ အရုပ်ဆိုး စွာ နှင့် အခန်း တွင်း ပြန် ဝင်လာ ပြန် တော့ ရှိုက်ပြီး ရယ် လိုက် သံ ကို ကြားရ ပြန်၏ ။ 


“ ကြာရင် ခက်ရချည်ရဲ့ ” ဟု ညည်း ကာ အဝတ်အစား ကမန်းကတန်း လဲ ပြီး ရုပ်ရှင်ရုံ ဘက် သို့ ထွက်လာ မှ မေ့မေ့ပျောက်ပျောက် ဖြစ်၍ သွား လေသည် ။


◾ကြည်အေး


📖 ပဒေသာ မဂ္ဂဇင်း

      အတွဲ ၂ ၊ အမှတ် ၁၅

      မေ ၊ ၁၉၄၉


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment