Saturday, March 2, 2024

ပြုတ်မနူး ( ၁၇ )


 

အခန်း - ၁၇

အဲဒီ နောက်ပိုင်း “ လုံမ ” လက်ဖက်ရည်ဆိုင် နဲ့ “ လုံထီး ” လက်ဖက်ရည်ဆိုင် အပြိုင်အဆိုင် ဘောက် ( စ် ) စပီကာ တွေ ဖွင့်ပြီး တစ်ဖက် က ဟစ်ဟော့ ဆို တစ်ဖက် က တွံတေးသိန်းတန် ၊ တစ်ဖက် က နိုင်ငံခြားကား ဆို တစ်ဖက် က မြန်မာကား ၊ တစ်ဖက်က ဗန်ဒိန်း ဆို တစ်ဖက် က မြန်မာလက်ဝှေ့ ၊ တစ်နေ့ တစ်နေ့ လက်ဖက်ရည် ရောင်းရသည် က နည်းနည်း လူတွေ က လက်ဖက်ရည် မသောက် ၊ သောက် တော့ လည်း တစ်ခွက် လောက် မှာ ပြီး မိသားစု လိုက် ဗီဒီယို လာ ကြည့်နေကြသည် ။ ကား မပြီးမချင်း ထ မပြန် ၊ မီးစက်သံတွေ က ဆူဆူညံညံ ဗလ ဆို တဲ့ ကောင် က လည်း ဟို ဘက် ဆိုင် ပြေး ကူ လုပ် ပေး လိုက် ဒီ ဘက် ဆိုင် ပြေး ကူ လုပ်ပေး လိုက် နဲ့ ၊ ဖတ်ဖတ် ကို မောလို့ ၊ တစ်ရက် ပြဿနာ အကြီး တက်သော နေ့ သည် ကား ။ ဦးမျက်ပြူး ဆိုင် က ပြဿနာ စ တော့သည် ။ အဖြစ်က ဒီလို ... ဒီလိုဗျ ။

“ ဘာများ သုံးဆောင်ကြမလဲ ခင်ဗျာ ”

စုံတွဲ က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်ပြီး မိန်းကလေး ဖြစ်သူ က ...

“ လက်ဖက်ရည် ချိုပေါ့ ”

“ ကျဆိမ့် ”

‘ ကျစိမ့် ’ မှာ လိုက်သောသူ က အမျိုးသား ။ ထို မိန်းကလေး ချာခနဲ လှည့် ကြည့် ပြီး

“ ဘာ ကျဆိမ့် လဲ ... မရဘူး ... မရဘူး ညီမ အကြိုက် လိုက် မှာ ရမယ် ... ဟိုလေ ... ရုပ်ရှင်တွေ ဝတ္ထုတွေ ထဲ က လို အကြိုက်ချင်း တူ နေရမယ်လေ .. ”

စားပွဲထိုး ဗလ က ကောင်တာ ကို လက်ကာ ပြ လိုက်သည် ။

“ ခဏလေး နေပါ ” ဆိုတဲ့ သဘော ။

ကောင်မလေး က ကောင်လေး ၏ အင်္ကျီကော်လံစ ကို ပွတ်သတ် ထုတ်ပေး ပြီး ...

“ ဥပမာ .. ကောင်မလေး က ချောကလက် ကြိုက်တယ် ဆိုပါတော့ .. ကောင်လေး သူ့ ချစ်သူ က လည်း ပဲမြစ် ကြိုက်ရမယ် ”

“ ဟာ .. ”

ကောင်လေး က တွန့်ခနဲ ဖြစ် သွားပြီး ဗလ ကို မော့ ကြည့် ကာ

“ မဟုတ်ဘူးလေ ... မင်း ရူးနေလား ... မတည့်တဲ့ ဥစ္စာ ... ”

“ ဟင် မရဘူး .. မရဘူး ဒီ က ဥပမာ ပြောတာ .. ပြီးတော့ ကောင်မလေး က ဖရဲသီး ကြိုက်တယ် ဆို ... ကောင်လေး က ဘဲဥ ကြိုက် ရမယ် ...”

“ မင်း က ပြောလေ လွဲလေပဲ ”

“ ဟမ်း မရဘူး ... မရဘူး .. ဒီက လွဲ ရင် လိုက်လွဲ ... ဒီက မှန် ရင် လိုက်မှန် ... ဒါပဲ ”

နှုတ်ခမ်း စူ ပြီး တစ်ဖက် လှည့် ထို င်နေစဉ်မှာပင် ကောင်လေး က ဗလ ကို အားနာပြီး စကား ဖြတ်သည့် သဘော ဖြင့် ...

“ ကဲ ကဲ ဟုတ်ပါပြီ ... ငါ သေရင် လိုက် သေမလား ”

ဆိုတော့ ကောင်မလေး က ချက်ချင်း ပြန် လှည့်လာပြီး ...

“ နောက်လင် ယူမှာပေါ့ ”

“ မင်း ... မင်း မိုက်ရိုင်းလှချေလား ... ”

“ ရှင် မဖြစ်နိုင်တာ ကို စ ပြောတာကိုး ”

“ တယ်ကွာ .. ငါ လုပ်မိလိမ့်မယ် ”

ဗလ ကို မော့ ကြည့်ပြီး မျက်ရည်တွေ ဝဲ လာတဲ့ ကောင်မလေး က ...

“ ရှင် ... ရှင် က လူတွေ ကြား ထဲ မှာ ကျွန်မ ကို အရှက် ခွဲတယ် ပေါ့ ... ဟုတ်လား ”

“ လူတွေ ကြား ထဲ မပြောလို့ ... ခွေးတွေ ကြား ထဲ ပြောရမှာလား ”

ဗလ က မနေသာ တော့ အခြေအနေ ကို ထိန်းတဲ့ သဘောမျိုး နဲ့

“ အစ်ကို အဲဒီလိုကြီး တော့ မပြောပါနဲ့ဗျာ .. ”

“ ဟေ့ကောင် မင်း နဲ့ မဆိုင်ဘူး .. ဝင်မ နာနဲ့ ... မင်း က နာ ရအောင် သူ့ လင်ငယ် မို့လို့လား ”

“ ရှင် မရိုင်းနဲ့နော် ”

ဗလ က နှစ်ယောက် ကြား ထဲ ကမန်းကတန်း ဝင် ထိုင်ပြီး

“ ပြောပါစေ အစ်မ ရယ် ... ကျွန်တော် အနစ်နာ ခံပါ့မယ် ”

“ ဘာပြောတယ်ကွ ”

ရေနွေးအိုး လှမ်း ယူပြီး ဗလ ကို လှမ်း ပစ်ရာ ဗလ က ရှောင်ပေး လိုက် သဖြင့် ဦးမျက်ပြူး သွား မှန် ရာ ...

“ အမလေး .. ပူလိုက်တာဗျ ... ဟေ့ကောင် ဘယ်နှယ့် လုပ်လိုက်တာလဲ ”

ဗလ ကို မထိ သဖြင့် ၄င်း လူ က ဝင် နပန်းလုံး ရာ ဝရုန်းသုန်း ကား ဖြစ် ကုန်တော့သည် ။ အဲ့သည် အချိန် မှာ တစ်ဖက် ဆိုင် က ...

“ ဟေ့ကောင်တွေ ... တော်ကြစမ်း .. ဒါ လက်ဖက်ရည်ဆိုင် ကွ ... မင်းတို့ အမေလင် အိမ် မဟုတ်ဘူး ”

အသံ ကြား ရာ သို့ လှမ်း ကြည့်လိုက် တော့ ဦးကု,လား ၊ ဦးမျက်ပြူး က လည်း ခေသူ မဟုတ် ။

“ ဘာကွ ... အဲဒီ စကား မင်း လက်ဖက်ရည်ဆိုင် မှာ သွား ပြော .. ငါ့ ဆိုင် လာ မပြောနဲ့ ”

“ ပြောရမယ်ကွ ... မင်း ဆိုင် က လက်ဖက်ရည်ဆိုင် နဲ့ မတူဘူး ... ဗီဒီယိုရုံ လိုလို ... အရက်ဆိုင် လိုလို ... ဟိုအိမ် လိုလိုနဲ့ ... တော်ကြာ ရန်ဖြစ် တော်ကြာ ဆူညံဆူညံ နဲ့ ”

ဦးမျက်ပြူး က လည်း အားကျ မခံ ...

“ ဟေ့ကောင် ကု,လား ... မင်း ဆိုင် က ရော တော်တော် သန့် တာကိုး .. သမီးတွေ ကောင်တာ ထိုင်ခိုင်း ... စကပ်တိုတိုလေး တွေ ဝတ်ခိုင်း မလုံတလုံ ထိုင် ခိုင်းပြီး ဆိုင် ထဲ ကို မဝင်ချင် ဝင်ချင် အောင် မြှူဆွယ် ခေါ်နေတာ မဟုတ်ဘူးလား ကွ ”

“ ဟိတ်ကောင် ... မဆီမဆိုင် ငါ့ သမီးတွေ ဆွဲ မထည့်နဲ့ ”

ဗလ က ကတုန်ကရီ နဲ့ ..

“ ထည့်သင့် ရင် တော့ ထည့်ရမှာပဲ ”

ဘယ်သူ့ ဘက် လိုက် ပြောမှန်း မသိ ။

ဦးကု,လား ရဲ့ရေနွေးအိုး ဝဲ လာပြီး ဦးမျက်ပြူး ကို ဒုတိယအကြိမ် ထပ် မှန် ပြန် တော့သည် ။

“ တောက် လူပါးဝ လို့ ငါ ဆိုင် လို များ ... ထွက်သမျှ ကားတွေ ပြ နိုင်ရင် ဘယ့်နှယ့် နေမယ် မသိဘူး ”

“ ပြနိုင်မှာပေါ့ ကွ ... လမ်းဘေး က ခိုးခွေ .. ငါတို့ က .. ကုမ္ပဏီ က ဝယ်တာ ကဲ ဒီ ဆိုင် ထဲ က ကိုယ့် ညီတွေ ၊ ညီမတွေ နက်ဖြန် က စပြီး ... လက်ဖက်ရည် တစ်ခွက် ... သုံးဆယ် နဲ့ ရောင်းမယ် ဟေ့ ”

“ ငါ့ ဆိုင် က တစ်ဆယ့်ငါးကျပ် ဟေ့ ... အီကြာကွေး တစ်ချောင်း အလကား ကျွေးမယ် ... ” 

ဦးမျက်ပြူး က အားကျ မခံ ...

“ ငါ့ ဆိုင် က အီကြာကွေး တင် မဟုတ်ဘူး ... ဆမာဆူး အဲ ... ဆမူဆာ ပါ ထပ် ကျွေးမယ် ”

ဦးကု,လား က ...

“ စီးကရက် အလကား တိုက်မယ် ”

ဦးမျက်ပြူး က ...

“ လက်ဖက်ရည် တစ်ခွက် သောက် ရင် ငါးရာတန် ကံစမ်းမဲ ပေးမယ် .. ”

“ လက်ဖက်သုတ် ကျွေးမယ် ”

“ လက်ကိုင်ပဝါ တစ်ထည် ပေးမယ် ”

“ နင်းပေး နှိပ်ပေးမယ် ”

“ ငါ့ တူမ ပါ ကံစမ်းမဲ ထည့်ဖောက်ပေးမယ် ”

“ ပေးမှာပေါ့ သူ့ တူမ က တစ်ခုလပ် မုဆိုးမ ဆိုတော့ ”

“ ဘာပြောတယ်ကွ အပျိုစစ်စစ် မယုံရင် သူ့ ယောက်ျား သွား မေး ... ” 

မှားတာ မှန်တာ မသိ ... ပါးစပ် ထဲ တွေ့ကရာ တွေ ပြော ၊ အပြန် အလှန် ဆေးလိပ်ခွက်တွေ နဲ့ ပေါက် ၊ ပန်းကန်လုံး တွေ နဲ့ ပစ် ၊ ဝရုန်းသုန်းကား ဖြစ်ပြီး နံပြား ရိုက်သော အဝတ်ထုပ် ဖြင့် ဦးကု,လား ကို လှမ်း ရိုက် ရာ ဦးကု,လား က ဂျုံမှုန့်တွေ နဲ့ ပြန် ပက်ပြီး နှစ်ဦးသား နပန်းလုံး ၊ လုံးရင်း နဲ့ ပဲ ... ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment