Friday, March 8, 2024

ဂီတအတွက် ကဗျာငှက် အားလုံးအတွက် ထူးအိမ်သင် ( ၃ )


 

( သုံး )

အမေ့ သား ငှက် စာပေနယ် က လူတွေ နဲ့ ( သူ အလေးထား လေးစားရမယ့် လူ ) ဆက်ဆံပုံလေး ပြောပြအုံးမယ် ။ ကျွန်တော့် အိမ် ကို မောင်သန်းထိုက် က မဟေသီ ထွက်ရက် ဆို စာအုပ် ပေးရင်း ရောက် နေကျ လေ ။ တစ်နေ့ ငှက် နဲ့ ဆုံ တာ နဲ့ ကျွန်တော် က မိတ်ဆက် ပေးတယ် ။

“ ကိုငှက် ဒါ မောင်သန်းထိုက် လေ ”  

“ အာ ကျွန်တော် သိပါတယ် လူချင်း ဆုံပြီး သာ စကား မပြောဖြစ်တာ ။ တစ်ပွဲ မှာ ဆရာဦးခင်မောင်မြင့် ဗျာ လိုရင် သုံးရအောင် ဓာတ်ပုံ ရိုက်ခွင့်ပြုပါ ပြောပြီး သူ ကိုယ်တိုင် ရိုက် နေတာ ကျွန်တော် အားနာလိုက်တာ ဗျာ ။ ကျွန်တော့် အားနည်းချက် က အဲဒါပဲ ။ ဘယ် မဂ္ဂဇင်း ဘယ် ဂျာနယ် က ကျွန်တော့် ဓာတ်ပုံ တောင်းတောင်း ဘယ်တော့ မှ ကျွန်တော့် မှာ ပေးစရာ အဆင်သင့် မရှိဘူး ။ ဆရာ ဦးခင်မောင်မြင့် ကို အားနာ လိုက်တာ ဗျာ ”

မောင်သန်းထိုက် က တော့ ပြုံး လို့ ။ ငှက် က အဲဒီလို ကွယ်ရာ မှာ ပေမယ့် ဦး ခင်မောင်မြင့် လို့ မသုံးဘူး ။ ဆရာ ထည့် ပြီး ပြောတယ် ။ သူ လေးစားမှု ရှိတယ် ဆိုတာ ကို ပြ ချင်တာ ။ ( အခုတော့ သူ့ နေရာ နဲ့ သူ ကောင်းကြတဲ့ ဒီ သုံးယောက် လုံး မရှိကြတော့ပါဘူး ။ ဒါကြောင့် “ သေမင်း က အကောင်းကြိုက် လွန်း တော့ အလွမ်း ကို ရွက်ကုန် ဖွင့် ထားရတယ် ” လို့ ရေးခဲ့မိတာပါ အမေ ) ။ မှတ်မှတ်ရရ အဲဒီ နေ့ မှာ ပဲ မောင်သန်းထိုက် က ကျွန်တော် ကဗျာ ရွတ်ပြီး ငှက် ဂစ်တာ တီး ပေးနေတဲ့ ကိုနေမျိုးဆေး ရိုက်ပေး ထားတဲ့ ဓာတ်ပုံ ကို တောင်းယူ သွားတယ် ။ အဲဒီ ပုံလေး ဟာ ငှက် ရဲ့ ပုံ မဂ္ဂဇင်း မှာ ပထမဆုံး ပြန်လည် ဖော်ပြခွင့် ရတဲ့ ပုံ လို့ ကျွန်တော် သိရတယ် ။ မောင်သန်းထိုက် မဂ္ဂဇင်း ထဲ ထည့် လိုက်တာ ။ အကြောင်းအရာ တော့ ကျွန်တော် မေ့ သွားပြီ အမေ ။

စာပေနယ် က ဆရာကြီး ဆရာမကြီးတွေ ကို ဂါဝရ ထား လေးစားတာ ၊ နေရာ ပေး တာ စာပေနယ် က လူတိုင်း သတိထား မိပါ တယ် ။ တစ် မနက် သော အခါ ရီကောဒင်း က တစ်ည လုံး မအိပ် ဘဲ အိမ် ပြန် အိပ် ဖို့ အလာ ကျွန်တော့် ဆီ ဝင် လာတယ် ။

“ ကဗျာဆရာ ရှိလား ”

သူ့ အသံ ကြားတာ နဲ့ ကျွန်တော် အခန်း ထဲ က အမြန် ထွက် လိုက်တယ် ။ မနက် ၇ နာရီ ၈ နာရီ လောက် တစ်ခါ မှ မတွေ့ဖူးဘူး ။ ဘာ အရေးကြီးလဲ ပေါ့  ။

“ ကိုငှက် ဘာလဲဗျ အစောကြီး ”

“ ခင်ဗျားတို့ ဆရာမောင်မိုးသူ နဲ့ ရုပ်ရှင် အကြောင်း ဝပ်ရှော့ လုပ်ကြမလို့ဆို ”

“ ခင်ဗျား ကို ဘယ်သူ ပြောလဲ ” 

“ ရွှေကြီး ( ရွှေဂျော်ဂျော် ) ပြောတာ ”

“ ဆရာ က တော့ OK ပဲ ၊ ကျွန်တော်တို့ အားလုံး အားနိုင်မယ့် ရက် ရွေး နေကြတယ် ။ တစ်ပတ် တစ်ရက် ၊ အမှန် က ဝပ်ရှော့ မဟုတ်ပါဘူး ။ ဆရာ ပြောတာ နားထောင်ကြ မှာ ပါ ” 

“ ခင်ဗျား ရယ် ရွှေကြီး ရယ် မြင့်မိုး ရယ် ကိုဇော်သစ် ရယ် ဒါပဲ မဟုတ်လား ”  

“ ဟုတ်တယ်“

“ ဒါဆို ကျွန်တော်လည်း လာမယ်ဗျာ ” 

“ ဆရာ က မနက် ငါးနာရီခွဲ ခြောက်နာရီ ဆို နေ့တိုင်း လမ်းလျှောက် နေ ကျ ၊ လမ်းလျှောက် ပြန် မနက် ၇ နာရီ ခင်ဗျား ဘယ် လာနိုင်မလဲ ”

“ သောက်ရေး မပါတာ လာ ပြော မနေနဲ့  ၊ ခင်ဗျား ပြောတိုင်း ကဗျာဝပ်ရှော့ ဘယ်နှခါ ပျက်ဖူးလဲ ၊ တစ်ရက် ကြို ပြော ကျုပ် မပြောဘဲ လုပ်တာ ကြားလို့ က နာပြီ နော် သွားပြီ ”

အမေ့ သား ကို မနက် စောစော ဒီ တစ်ခါပဲ တွေ့ဖူးလိုက်တယ် အမေ ၊ နောက် ကြက်သီးထစရာ အဖြစ်ပျက်လေး တစ်ခု ရှိသေးတယ် ။ ကျွန်တော်တို့ ရဲ့ ချစ်ဘော်ဒါ နေမျိုးဆေး မင်္ဂလာဆောင် တဲ့ နေ့ ပေါ့ ။ ဟိုတယ်နီကိုး မှာ ပါ ။ နေမျိုးဆေး ဆိုတော့ ဂုဏ်ပြု တဲ့ အနေ နဲ့ ကျွန်တော် က ရွာ က ဇနီး နန်းစန်းစန်းအေး ကို လှမ်း ခေါ်ပါတယ် ။ စုံတွဲ သွားမယ် ပေါ့ ။ ကျွန်တော် က ရန်ကုန် မှာ ကျွန်တော် ရူးသွပ် တဲ့ အနုပညာ တွေ လုပ်ဖို့ အတွက် မိသားစု ကို ဖြူး က ရွာ မှာ ပဲ နေစေတာ ။ နေမျိုးဆေး မင်္ဂလာဆောင် ဖြစ်လို့ စုံတွဲ ချီတက်တယ် ပေါ့ ။

အမေ့ သား ငှက် က လည်း မိသွယ် နဲ့ ။ ကြည်လင်အေး က လည်း မမီး နဲ့ ။ ကိုနေမျိုး က ကျွန်တော် တို့ သူငယ်ချင်းတွေ ကို တစ်ဝိုင်း ထဲ မှာ နေရာ ပေးတယ် ။ နောက် နှစ်ယောက်တွဲ က ဘယ်သူလဲ ဆိုတော့ ဆရာ ပါရဂူ နဲ့ ဦးလှိုင် ( သုခမိန်လှိုင် ) ။ မစ္စတာဂစ်တာ ပိုင်ရှင် ကိုနေမျိုး ရဲ့ အကွက်ဆန်း က ဘာလဲ ဆိုတော့ ဟိုတယ်နီကိုး မှာ မင်္ဂလာဒင်နာ ကျွေး ပြီး ဘာ ယမကာ မှ မပါဘူး ။ အဲဒီမှာ ကိုငှက် က ....

“ နေမျိုး ကွာ သောက်ရေး မပါဘူး ။ ငါ တို့ ကို ဘလိုင်းကြီး ပစ် ထားတယ် ၊ လာ ကဗျာဆရာ ဟိုတယ်ဘား သွားမယ် ”  

မိန်းမတွေ ထားခဲ့ပြီး နှစ်ယောက်သား လစ် သွား ကြတယ် ။ ကျွန်တော် က ဟိုတယ်နီကိုး ကို ပထမဆုံး ရောက်ဖူး တာ ။ ဘား ရောက် တော့ နိုင်ငံခြားသား တွေ ပဲ ။ ဗမာ ဆို လို့ ကောင်တာ နဲ့ ဝိတ်တာ ပဲ ရှိတယ် ။ ငှက် ကို ပဲ ဆရာ တင် ရ တာပေါ့ ။ ဘလက်လေဘယ် နှစ်ပက် စီ မှာ တယ် ။ ကျွန်တော် က ဆိုဒါ တစ်ဘူး ၊ ရေခဲ ၊ သောက်ကြ ။ ကုန် တော့ နောက် တစ်ပက်စီ ၊ OK ရတယ် ၊ သောက်ရင်းနဲ့ အမေ့ သား က ...

“ ဆရာပါ နည်းနည်းပါးပါး မသောက်ဖူးလား ”

“ ဆေးဖြစ် ဝါးဖြစ် ဝီစကီ တစ်ပက် နှစ်ပက် တော့ သောက်ပါတယ် ” 

“ ဒါဆို ဆရာပါ လည်း သောက်ချင် မှာ ပေါ့ ဝယ်သွားရ အောင် ”

“ ကိုငှက် က လည်း ကျွန်တော် တို့ သောက် တာ သူတို့ မသိပါဘူး လုပ် မနေပါနဲ့ ”

“ ဆရာပါရဂူ ကို ကျွန်တော် က ခေါ်ပြီး ပြုစုဖို့ ဆိုတာ ဘယ် လွယ်မလဲဗျ တိုက်ဆိုင်တုန်း ပြုစုရတာ ” 

ကျွန်တော် က ဘာလို့ တားလဲ ဆို တော့ ကျွန်တော့် အိတ် ထဲ မှာ ပိုက်ဆံ က ၆ဝဝဝ ကျော်လေး ရှိတယ် ။ ဒီ ဟိုတယ် က ဒေါ်လာ နဲ့ တွက်ပြီး ရှင်းရမယ့် ပုံ ဖြစ်နေတယ် လေ ။ ဒါပေမဲ့ အမေ့ သား ငှက် က မရပါဘူး ။

“ ကုတ် နှစ်ဘူး ပေးပါ ”

ကုတ် နှစ်ဘူး ရောက် တော့ ဖောက်ပြီး သူ့ ခွက် ထဲ နည်းနည်း ကျွန်တော့် ခွက် ထဲ နည်းနည်း ထည့်ပြီး ဘလက်လေဘယ် နှစ်ပက်စီ ထည့် ခိုင်းတယ် ။ ပြီးတော့ ဘီလ် တွက်ခိုင်း တော့ ကောင်တာ က ဒေါ်လာ ကို မြန်မာငွေ နဲ့ ပေါင်းနုတ် မြှောက်စား လုပ် လိုက်တာ သုံးသောင်း ကျော် ၊ နှစ်ယောက် ပေါင်း မှ ပိုက်ဆံ တစ်သောင်းရှစ်ထောင် ပဲ ရှိတယ် ။ သောက် ရှက် က ကွဲပါပြီ ။ ဝတ်ကောင်းစားလှ နဲ့  ။ ဒါကို သိတဲ့ ကောင်တာစာရေးလေး က ...

“ ကိုထူးအိမ်သင် ကျွန်တော် အစ်ကို့ ပရိသတ် ပါ ၊ ပါသလောက် ပဲ ပေးခဲ့ပါ ၊ ကျန်တာ နောက်မှ ပေါ့ ”

“ ကျေးဇူးတော့ တင်တယ်ဗျာ ၊ ဒါပေမဲ့ ထူးအိမ်သင် ဆိုတဲ့ နာမည် ကို အရက် နဲ့ တော့ လဲ မသောက်ပါရစေနဲ့ ၊ ကားသော့ ယူ ထားလိုက် ”

“ ကိုငှက် ရာ ခင်ဗျား ကားသော့ တော့ မထားခဲ့ပါ နဲ့ ၊ ပြန်ရအုံးမှာ ။ ကျွန်တော့် ဟန်းဖုန်း ပေးခဲ့လိုက်မယ် ။ ပွဲ ပြီးတော့ ကား ထဲ က ပိုက်ဆံ ယူပြီး ရှင်း လိုက်ပါ့မယ် ”

အဲဒီ ဝီစကီ ထည့် ထားတဲ့ ကုတ် နှစ်ဘူး ကို ယူ ၊ စားပွဲ မှာ ရှိ နေတဲ့ ဦးလှိုင် နဲ့ ဆရာပါ ရှေ့ ကို သူ ကိုယ်တိုင် ပဲ တရိုတသေ ချ ပေးပြီး ၊ ဆရာကြီး ပါရဂူ ကို “ ဆရာ ကုတ်ကော့တေး ပါ ဆရာ သောက်ပါအုံး ” ဆိုပြီး သူ က ဘာမှ ဟုတ်တိပတ်တိ မစားဘဲ ဆရာပါ သောက်တာ စားတာ ပြောတာ ကို ပဲ ရယ်မော နားထောင် နေတာ တွေ့ရပါတယ် ။

ဘာမှ တော့ မဟုတ်ဘူး ထင်ရပေမယ့် အဆိုတော် ထူးအိမ်သင် တစ်ယောက် က စာပေနယ် က ဆရာကြီး တစ်ဦး ကို ဂါဝရ ထား လေးစားမှု ဟာ ကျွန်တော့် အတွက် အဖိုး မဖြတ်နိုင်တဲ့ အမြဲ အမှတ်ရ နေ စေမယ့် ကြက်သီး ထ လောက် အောင် ကြည်နူး ရ တဲ့ အဖြစ်အပျက် မြင်ကွင်းလေး ဆိုတာ ကို အမေ့ ကို ပြောပြတာပါ အမေ ။

◾စောဝေ

📖 ထူးအိမ်သင် အသက် ( ၅၀ ) ပြည့် အမှတ်တရ
     ဂီတအတွက် မမေ့မလျော့သော လမ်းကလေး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment