Tuesday, March 5, 2024

မရှိဟင်း အလွမ်း


 

❝ မရှိဟင်း အလွမ်း ❞

စောစောက တုန်း က မှ ရွာ က လူ တစ်ယောက် နဲ့ မထင်မှတ်ဘဲ ဈေး နား မှာ သွား ဆုံတယ် ။
ကျွန်တော် က လက်ဖက်ရည်ဆိုင် ကို ထွက် အလာ ပေါ့ ။ တွေ့တွေ့ ချင်း ပဲ “ ဟား ... ဆရာလေး ၊ နေကောင်းတယ်နော် ....”  လို့ သူ က ဝမ်းသာအားရ နှုတ်ဆက် ပါတယ် ။ ရုတ်တရက် မမှတ်မိဘဲ ဇေဝေဇဝါ ဖြစ် သွားပုံ ရ တဲ့ ကျွန်တော့် ကို ကြည့်ပြီး “ ဟော ... ဆရာလေး မေ့နေပြီ ထင် တယ် ။ ကျွန်တော် လက်ပံရွာ က လေ ” လို့ တစ်ခွန်း ထပ် ပြောပြန်ပါ တယ် ။ သည် တော့မှ သူ ဟာ ကျွန်တော် စာ သင်ပေးဖူး ခဲ့ တဲ့ ကလေးငယ် တစ်ဦး ရဲ့ အုပ်ထိန်းသူ ကျောင်းသား မိဘ တွေ ထဲ က လူ တစ်ယောက် ဖြစ်ခဲ့တယ် ဆို တာ ချက်ချင်း နားလည် လိုက်ရပါတော့ တယ် ။ ကျွန်တော် နဲ့ အတူ လက်ဖက်ရည် လိုက် သောက် ဖို့ ကျွန်တော် က ဖိတ်ခေါ် သေး ပေမဲ့ သူ က ဘာတွေများ အရေးတကြီး အလုပ် ရှုပ် နေ သလဲ မသိပါဘူး ။ “ မလိုက်တော့ဘူး ဆရာလေး ။ ဈေး ဝယ်ဖို့ မှာ လိုက်တာ တွေ က အများကြီး ။ အချိန် လု ဝယ်ရ မှာ မို့ပါ ။ ဆရာလေး လည်း ဒီနှစ် နွေ ကျောင်း ပိတ် ရင် ရွာ ကို အလည် လာ ခဲ့ ဦး လေ ” လို့ ပြောပြီး ဈေး ဆီ ကို ကတိုက်ကရိုက် ထွက်သွား ပါ တော့တယ် ။

လက်ဖက်ရည်ဆိုင် ကို ရောက် တဲ့ အထိ အဲဒီ လူ ရဲ့ “ ဒီနှစ် နွေ ကျောင်း ပိတ် ရင် ရွာ ကို အလည် လာခဲ့ဦးလေ ” ဆိုတဲ့ စကားသံ က ကျွန်တော့် နား ထဲ မှာ ယီးလေးခို ပြီး ပါ လာ ခဲ့ပါတယ် ။ ဟုတ်တယ် ။ ရွာ ကို မရောက်တာ ကြာပြီ လို့ လည်း ကိုယ့် ဟာ ကိုယ် ကောက်ချက်ချ မိလေရဲ့  ။ တစ်ဆက်တည်း ပဲ ကျွန်တော် ကာလ တစ်ခု အထိ နေထိုင်ခဲ့ဖူးတဲ့ ရွာကလေး ရဲ့ အကြောင်း ကို လက်ဖက်ရည် တစိမ့်စိမ့် သောက်ရင်း ပြန် စဉ်းစား နေ လိုက်မိ ပြန်ပါတယ် ။

•••••   •••••   •••••

တကယ်တော့ ကျွန်တော် ဟာ အဲဒီ ရွာ မှာ လူဝင်စား တစ်ယောက် ပါ ပဲ ။ လူဝင်စား ဆိုပေမဲ့ ကျွန်တော် နေထိုင် ကျင်လည် ခဲ့တာ က လေးနှစ် ကျော် ကျော် ဆိုတော့ ရွာသား တစ်ပိုင်း လို့
လည်း ဆိုချင် ဆို နိုင်ပါ လိမ့်မည် ။ ကျွန်တော့် ကို အဲဒီ ရွာ က မူလတန်း ကျောင်းကလေး မှာ ကျောင်းဆရာ အဖြစ် အလုပ် ခန့်အပ်ကြောင်း အကြောင်းကြား စာ ရရှိ ခဲ့တာ နဲ့ ဆက်နွှယ် ပြီး ကျွန်တော် လည်း အဲဒီ ရွာကလေး နဲ့ စတင် ပတ်သက် ခဲ့ရတော့ တာပါပဲ ။ ကျွန်တော် နေထိုင်ရာ ဇာတိမြို့ကလေး နဲ့ မိုင် သုံးဆယ် ကျော် အကွာ အဝေး မှာ ရှိပြီး လှည်းလမ်း ၊ လူခြေ လမ်း နှစ်လမ်း နဲ့ သာ ဆက်သွယ် သွားလာ နိုင်ပါတယ် ။

အဲ ... ရွာကလေး ရဲ့ နာမည် က လက်ပံရွာ တဲ့  ။ အိမ်ခြေ လည်း သိပ် မများ လှပါ ဘူး ။ ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ဝန်းကျင် ပဲ ရှိပါတယ် ။ ရွာကလေး ရဲ့ အဓိက ရပ်တည်မှု လုပ်ငန်း က တော့ ယာ လုပ်ငန်း လို့ ပဲ ပြောပါတော့ ။ ယာ လုပ်ငန်း ဆိုပေမဲ့ အညာ နေပူ ကျဲကျဲ အောက် က ယာတောခြောက် မျိုး တွေ ပါ ။ သိပ် စီးပွား ဖြစ် လောက် အောင် အသီးအနှံတွေ တစ်ထောကြီး ရ နိုင်တဲ့ ယာတော မျိုး တွေ မဟုတ်ပါဘူး ။ ဆိတ်ကလေး ၊ ကြက်ကလေး ၊ ဝက်ကလေး မွေးတဲ့ သူ အချို့ လည်း ရှိပါ ရဲ့ ။ ဒါလည်း ဖြစ်ဖြစ် မြောက်မြောက်ကြီး မဟုတ်လှပြန်ပါဘူး ။ လေးငါး ဆယ်ကောင် လောက် တစ်နိုင် မွေးမြူရေး သာသာ လောက် ရှိမှာ ပေါ့ ။ တစ်ရွာလုံး ရဲ့ ဘောဂဗေဒ ကို ခြုံငုံ ပြီး မြင်သာ အောင် ပြောလိုက် ရ ရင်တော့
တစ်ရွာလုံး မှာ သွပ်မိုး ပျဉ်ထောင်ကာ အိမ်ကြီး အိမ်ကောင်း ရယ် လို့ လက်ညိုး ထိုး ပြစရာ နမူနာ လေး တစ်လုံးတလေ တောင် မှ မရှိပါဘူး ။ အလယ်လတ်တန်းစား သက်ငယ်မိုး ဝါးထရံကာ အိမ် က အလုံး အစိတ် လောက် ရှိမယ် ။ ကျန်တဲ့ အိမ် တော်တော်များများ က တော့ မြက်သက်ငယ် တို့ ၊ ထန်းရွက် တို့ မိုးကာ ထားကြတဲ့ မည်ကာမတ္တ တွေ ချည်းပါပဲ ။ သည် ရွာ မှာ ပြောရ လောက် အောင် ချမ်းသာကြွယ်ဝ တဲ့ အိမ်ထောင်စု ရယ် လို့ မရှိဘူး ဆိုတာ သည် လောက် ပြောပြ လိုက်ရင် သိသာ လောက်ပါပြီ ။ ဟုတ်ပါတယ် ။ အပိုအလျှံ စုဆောင်း ထား နိုင်တဲ့ သူ ရယ် လို့ မရှိ ပါဘူး ။ အားလုံးနီးနီး ရရစားစား ဝါးဝါးမျိုမျိုသမားတွေ ချည်း ပါပဲ ။ တစ်ရွာလုံး သူလို ကိုယ်လို ချည်း ပဲ ဆိုပါစို့ ။

ရွာကလေး နဲ့ ပတ်သက်ပြီး တစ်ခု တော့ ကျွန်တော် သတိထား မိပါတယ် ။ သည် အနီးနား တစ်ဝိုက် မှာ ပတ်ဝန်းကျင် ရွာတွေ လည်း အများကြီး ရှိတယ် ။ သရက်ကုန်း တဲ့ ။ ဂွေးပင်လှ တဲ့ ။ ကုက္ကိုစု တဲ့ ။ ပိန္နဲတော တဲ့ ။ ငှက်ပျောတော တဲ့ ။ သစ်ပင်စိုက် ဝါသနာ ပါတဲ့ တစ်စုံတစ်ယောက် က နေ ပြီး တမင်တကာ ကို ကျကျနန ရွေးချယ် ပြီး မှ နာမည်တွေ ပေးထားသလား ထင် ရ လောက်တယ် ။ ရွာ နာမည်တွေ က သစ်ပင် တစ်မျိုး မျိုး ရဲ့ အမည် ကို အစွဲပြု ထားတာတွေ ချည်းပဲ ။ ကဲလေ ... ကျွန်တော် နေ ရတဲ့ ရွာ ကျ လည်း ကြည့် ။ လက်ပံရွာ လို့ ခေါ်တယ်မို့လား ။

အဲဒီမှာ ကျွန်တော် သတိထား မိတယ် ဆိုတာ က တခြား မဟုတ်ပါဘူး ။ သည် ဝန်းကျင် တစ်ဝိုက် က ရွာ များစွာ အနက် ကျွန်တော် နေရတဲ့ လက်ပံရွာ က တကယ့် ကို နာမည် နဲ့ ရွာ နဲ့ လိုက်ဖက်ညီ တဲ့ ရွာ တစ်ရွာ ဖြစ်နေတာကို ပါပဲ ။ ဟုတ်ပါ တယ် ။ သရက်ကုန်း ဆို ပေမဲ့ တစ်ရွာလုံး မှာ သရက်ပင်လေး လေး ငါးဆယ်ပင် လောက် ရှိတာမျိုး ၊ ငှက်ပျောတော ဆို ပြီး ငှက်ပျော ဥယျာဉ်ခြံကလေး တစ်ခြံ လောက် မှ ရှိတာမျိုး မဟုတ်ဘူး ။ လက်ပံရွာ က တော့ တကယ် ကို နာမည် နဲ့ လိုက်အောင် တစ်ရွာလုံး လက်ပံပင်ကြီးတွေ လက်ညှိုး ထိုး မလွဲ အောင် ရှိနေ တဲ့ ရွာမျိုးပါ ။ ဒါဟာ ပတ်ဝန်းကျင် ရွာ တွေ ထဲ က လက်ပံရွာ ရဲ့ ထူးခြားချက် တစ်ခု လို့ ဆိုနိုင်ပါတယ် ။ သူ့ အိမ်ဝိုင်း ၊ ကိုယ့် အိမ်ဝိုင်း ၊ ဝိုင်း တကာ မှာ အလေ့ကျ ပေါက် နေကြတဲ့ လက်ပံပင်ကြီးတွေ က အပြိုင်အဆိုင် ပါ ပဲ ။ တစ်ဝိုင်း ကို နှစ်ပင် သုံးပင် အထိ တောင် ရှိ တတ် ပါသေးတယ် ။ သည် တော့ တစ်ရွာလုံး ပေါင်း လိုက်ရင် ထွက်လာမယ့် လက်ပံပင် အရေအတွက် က မနည်းမနော ပေ ပေါ့ ။ လက်ပံရွာကလေး ဟာ လက်ပံပင် မြင့်မြင့်ကျိုင်းကျိုင်း တွေ ရဲ့ အရိပ် အောက် မှာ ရှိ နေတဲ့ ရွာကလေး လို့ ဆို နိုင် ပါတယ် ။ လက်ပံရွာသား အများစု ဟာ လည်း ကျွန်တော့် မျက်မှောက် မြင်တွေ့ နေရတဲ့ လက်ပံရွာ ရဲ့ ရင်သွေးငယ်တွေ လို ပဲ လက်ပံပင်ရွာ တွေ ရဲ့ အရိပ် အောက် မှာ မြူးထူး ဆော့ကစား ရင်း အရွယ် ရောက် လာကြတဲ့ သူ တွေပါပဲ ။

နွေဦးရာသီ ကို ရောက်လာ ပလား ဆို ရင် ဖြင့် အပြိုင်အဆိုင် ပွင့် လိုက် ကြတဲ့ လက်ပံပွင့် ရဲရဲတွေ က တစ်ရွာလုံး ကို အနီရောင် ပဝါကြီး တစ်ခု နဲ့ လွှမ်း ခြုံ ထားသလား အောက်မေ့ ရ ပါတယ် ။ အဝေး ကနေ လှမ်း ကြည့် လိုက်ရင် လက်ပံပွင့် တွေ တစ်ခေါင်းလုံး ဝေ အောင် ပန် ထားတဲ့ ရွာကလေး ဟာ ပန်းချီကား တစ်ချပ် ထဲ က အနုပညာ မြောက် လက်ရာ တစ်ခု လို လှပ နေ လေ့ ရှိပါတယ် ။ အိပ်မက် ထဲ က ရွာကလေး တစ်ရွာ လို ယစ်မူးစရာ လှမ်း မြင်နေရ တဲ့ ရွာကလေး ရဲ့ လှပမှု အတွက် လက်ပံရွာသားတွေ က ကျေနပ်စွာ ဂုဏ်ယူ ဝင့်ဝါမိကြလေသလား ။ သည် အတိုင်းပဲ ဘာသိ ဘာသာ အမှတ်တမဲ့ နေလာ ခဲ့ကြလေသလား ဆိုတာ ကတော့ သူတို့ ကာယကံရှင် တွေ မှ သာ သိကြမယ့် ကိစ္စပါပဲ ။ အဲ ... ဘေး လူ ဖြစ် တဲ့ ကျွန်တော့် အနေနဲ့ ပတ်သက်ပြီး သေသေချာချာ သိထားတဲ့ သူတို့ ရဲ့ စွမ်းရည် တစ်ရပ် တော့ ရှိပါ သေးတယ် ။ ထူးထူးခြားခြား မဟုတ်လှပေမဲ့ သတိ ပြုမိစရာ အချက်အလက်ကလေး တစ်ခု ဖြစ်နေ တာ ကတော့ သေချာလှပါတယ် ။ အဲဒါ က သူတို့ တစ်ရွာလုံး ဟာ လက်ပံပွင့် တွေ ကို  “ မရှိဟင်း ” အဖြစ် အမျိုးမျိုး အသုံးပြု တတ်ကြတယ် ဆိုတာပါပဲ ။

နွေရာသီ ရောက်လာတာ နဲ့ နွေလေရူး နဲ့ အတူ လက်ပံပွင့်တွေ က တဖွဲဖွဲ ကြွေ လာကြပါတော့တယ် ။ သူတို့ က အဲဒီ လက်ပံပွင့်တွေ ကို ကြွေ သမျှ ကောက် ကောက် စု ထားပြီး နေခြောက်လှန်း ထားကြခြင်း နဲ့ တစ်နှစ်စာ ဟင်းလျာ အဖြစ် ကြိုတင် စုဆောင်း ထားတတ် ကြပါတယ် ။ အိမ် မှာ ဟင်းလျာ အတွက် အထူးတထွေ ချက်ပြုတ်စရာ တစ်မျိုး မျိုး မရှိတဲ့ နေ့ မျိုး ၊ ဟင်းချက်စရာ မဝယ် နိုင် မဝယ်ဖြစ် လိုက် တဲ့ နေ့မျိုး တွေ မှာ အဲဒီ လက်ပံပွင့်ခြောက် တွေ ကို အသုံးပြု ကြလေ့ ရှိပါတယ် ။ သူတို့ နေထိုင် ကျင်လည် နေရတဲ့ ဝန်းကျင် သဘာဝတရားကြီး ရဲ့ သင်ကြားမှု ကြောင့် ပဲ ထင်ပါရဲ့  ။ တော်တန်ရုံ တခြား ရွာတွေ က လူတွေ ထက် ကို ပဲ သည် ရွာ က လူတွေ ဟာ လက်ပံပွင့်ခြောက် ကို ဟင်းအမျိုးမျိုး ဖြစ်အောင် ချက် လည်း ချက်တတ်ကြ ပေ ရဲ့ လို့ ဩ ချ ရ မလိုပါပဲ ။ လက်ပံပွင့်ခြောက် နဲ့ မန်ကျည်းသီးမှည့် နဲ့ ရောပြီး “ လက်ပံခေါင်း ချဉ်ရည်သောက် ”  တဲ့ ။ ပုန်းရည်ကြီး နဲ့ ရောပြီး “ လက်ပံချဉ်ဆိမ့်ဟင်း ” တဲ့  ။ ဝက်သား ၊ ဝက်ဆီဖတ်တွေ ရောပြီး “ လက်ပံဟင်းလေး ” တဲ့  ။ ငရုတ်သီး ၊ ချဉ်ပေါင်ခါး တို့ နဲ့ ရောပြီး “ လက်ပံစပ်ခါးဟင်း ” တဲ့  ။ တကယ် ကို နာမည် အမျိုးမျိုး နဲ့ ချက်တတ် စားတတ် ကြပါရဲ့ ။

ကျွန်တော် လည်း သည် ရွာ ကို ရောက်ပါလေတော့ မှ .. တစ်နေ့ တစ်မျိုး မရိုးရ အောင် ဆိုသလို နည်းမျိုးစုံ နဲ့ ချက် ထားတဲ့ လက်ပံဟင်း မျိုးစုံ ကို စားဖူး ရ ပါ တော့တယ် ။ ဘာ ချက်သလဲဗျို့ လို့ မေးလိုက် နဲ့ ။ ဒီနေ့ တော့ မရှိဟင်း ပဲ ဆရာလေး ရေ ဆိုပြီး သူတို့ ချက် ထားတဲ့ လက်ပံဟင်း တစ်မျိုး မျိုး ကို မြည်းစေ စားစေ တော့ တာပါပဲ ။ သူတို့ က လက်ပံပွင့်ခြောက် တွေ ကို နှစ်ပတ်လည် စာ စု ထားပြီး တခြား ဟင်းချက်စရာ တစ်မျိုးမျိုး မရှိတဲ့ နေ့ ကျ မှ ထုတ်ထုတ် အသုံးပြုကြတာ မို့ လက်ပံ နဲ့ ပတ်သက် တဲ့ ဟင်း အမျိုးအမည် စုံ ကို စုပေါင်းပြီး “ မရှိဟင်း ”  လို့ ခေါင်းစဉ် တပ် ထားကြ ပါတယ် ။ “ မသိုးထမင်း မသိုးဟင်း ” ဆို တဲ့ စကား ကို သာ ကြားဖူး ခဲ့ တဲ့ ကျွန်တော့် အဖို့ “ မရှိထမင်း မရှိဟင်း ” ဆိုတဲ့ သူတို့ အသုံးအနှုန်း ကို ကြားခါစ က ဖြင့် အတော် အူကြောင်ကြောင် ဖြစ်ခဲ့ရပါသေး ရဲ့ ။ နောက် ရွာကလေး မှာ နေသား တကျ ရှိလာ တော့ မှ သဘာဝ ကျ တဲ့ သူတို့ ဟင်း အမည် စုံ ခေါင်းစဉ် ကို ဘဝင် ကျ ခဲ့ရပါတော့တယ် ။

ဒါက ကျွန်တော် နေထိုင် ခဲ့ရတဲ့ လက်ပံရွာကလေး နဲ့ အဲဒီ လူတွေ ရဲ့ ဓလေ့စရိုက် သံခိပ် ပဲ ဆိုပါတော့လေ ။

•••••   •••••   •••••

ရှေးရိုး ခေါက်ရိုးကျိုး ပုံစံ အတိုင်းပဲ အံဝင်ခွင်ကျ ရပ်တည် နေနိုင် လာ ခဲ့တဲ့ လက်ပံရွာကလေး ဟာ တစ်ချိန် မှာ တော့ အပြောင်းအလဲတွေ စတင် ဖြစ်ပေါ် လာခဲ့ပါတယ် ။ သည် အပြောင်းအလဲ စတင် ဖြစ်ပေါ်လာစေဖို့ အခြေခံ အကြောင်းရင်း ကို တော့ မြို့ကလေး နဲ့ နှစ်တိုင် သာသာ လောက် ပဲ ဝေးတဲ့ သရက်ကုန်းရွာ မှာ မြို့ က စီးပွားရေး လာဘ် မြင်တဲ့ လူ တစ်ယောက် ရောက် လာပြီး သစ်ခွဲစက် တစ်လုံး တည်ဆောက် လိုက်ခြင်း က စ ပြောရလိမ့်မယ်ထင်ပါရဲ့ ။ သစ်ခွဲစက် ပိုင်ရှ င်ဟာ ဘယ်သူဘယ်ဝါ လို့ နာမည် နှင့် တကွ မပြောတတ်ပေမဲ့ အဲဒီ လူ ဟာ လက်ပံရွာ က လူတွေ ထက် ပိုပြီး ငွေကြေး ကြွယ်ဝတဲ့ လူ တစ်ယောက် ဖြစ်တယ် ဆိုတာတော့ သေချာပါတယ် ။ သစ်ခွဲစက် ကို တာဝန်ယူ ခွဲစိတ်မယ့် လွှဝိုင်းဆရာတွေ ၊ တပည့်တပန်းတွေ အများကြီး ကို လည်း စက်ပိုင်ရှင် က တစ်ပါတည်း ခေါ်လာခဲ့ပါတယ် ။ အဲဒီ သစ်ခွဲစက် စတင် လည်ပတ် လို့ တစ်လ ကျော်ကျော် မှာ ပဲ စက်ပိုင် ရဲ့ သစ်
အဝယ်တော် လူ တွေ လက်ပံရွာကလေး ထဲ ကို ရောက်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ အဲဒီ သစ်အဝယ်တော် ပုဂ္ဂိုလ်များ ခြေလှမ်းတွေ ဟာ သူတို့ ရွာကလေး ရဲ့ လှပမှု ကို ခြကောင်များ လို လှိုက်စား ဖို့ ဦးတည် လာ တဲ့ ခြေလှမ်းတွေ ဆိုတာ ကို အဲဒီတုန်း က ဘယ်သူမှ သတိ မထားမိခဲ့ ကြသေးပါဘူး ။ ဒါကြောင့် အမှတ်တမဲ့ ပဲ နေခဲ့ကြပုံ ရပါတယ် ။

သစ်အဝယ်တော်များ က ရွာလူကြီး အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဦးပါ ရဲ့ အိမ် ကို စပြီး ဝင် လာ ပါတယ် ။ သည် ရွာ မှာ တခြား သစ်မျိုးကောင်းတွေ ရှိတာ မဟုတ်ပေမဲ့ သူတို့ သစ်ခွဲစက် အတွက် ကုန်ကြမ်း လိုချင်တဲ့ အကြောင်း က စပြီး စုံစမ်း မေးမြန်းကြပါတယ် ။ သည် လိုနဲ့ ဆက် ပြောကြ ဆိုကြ ရင်း က နောက်ဆုံး တော့ ဦးပါ အိမ်ဝိုင်း ထဲ မှာ ရှိ နေတဲ့ လက်ပံပင်ကြီး ကို လက်ညှိုး ထိုး ပြီး “ ရောင်း မလား ” လို့ မေးပါ တော့တယ် ။ မျှော်လင့် မထားခဲ့မိတဲ့ အကြောင်း ကိစ္စ မို့ ဦးပါ မှာ ရုတ်တရက် ဘာ ပြန် ပြောရ မှန်း မသိလောက် အောင် ကြောင်စီစီ ယောင်နန ဖြစ်သွားပါ သတဲ့  ။ ဒါပေမဲ့ လာတဲ့ သူတွေ က စီးပွားရေးသမားတွေ လေ ။ ငွေကြေး အမြတ်အစွန်း နဲ့ ပတ်သက် လာ ရင် ဂျပိုး ( ကြမ်းပိုး ) ကို လိပ် ဖြစ်အောင် ၊ လိပ် ကို ဂျပိုး ( ကြမ်းပိုး ) ဖြစ်အောင် လို သလို ပြော တတ်ကြတဲ့ စကားတောင်စား တွေ မဟုတ်လား ။

“ အိမ် ထဲ မှာ ရှိ နေတော့ ဘာ ထူးလို့ လဲ ဦးလေး ရာ ။ အမှိုက် တောင် ရှုပ်သေး ရဲ့  ။ တစ်နှစ် နေမှ လက်ပံပွင့်ကလေး တစ်ရာသီ လောက် စား ရတဲ့ ကိစ္စ ၊ ဘာ အကျိုးအမြတ် မှ သိပ် ခံစားရတာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ ကို ရောင်း လိုက် တာ က မှ မြိုးမြိုးမြက်မြက်ကလေး လုံးခနဲ ခဲခနဲ ငွေ ရဦးမယ် ။ ကျွန်တော်တို့ လည်း မြတ်လို့ လုပ်တာ မဟုတ်ပါဘူး ။စက် လည်နိုင်ရုံ ၊ လုပ်ငန်း မရပ်ရ ရင် ပြီးရော ဆိုပြီး လုပ် နေတာပါ ။ ခွဲခ စိတ်ခ နဲ့ မြို့ ပို့ဖို့ လှည်းခ ကျွဲခ နဲ့ ထေ လိုက်တော့ ဦးလေး ရ သလောက် တောင် ကျွန်တော်တို့ မရပါ ဘူး ”  ဘာညာ ပေါ့ လေ ။ ဦးပါ တစ်ယောက် တစ်နာရီ လောက် အတွင်း မှာ ပဲ လူ စစ်စစ် က နေ ပုတ်သင်ညို ဖြစ် သွားပါတယ် ။ မကြာပါဘူး ။ နောက် သုံး လေးရက် အတွင်းမှာ ပဲ ဦးပါ အိမ်ဝိုင်း ထဲ က လက်ပံပင်ကြီး ကို သစ်ခုတ်သမား တွေ နဲ့ လွှဆရာတွေ ခုတ်လှဲ ဖြတ်တောက်ကြတဲ့ မြင်ကွင်း ကို အားလုံး မြင်ကြရပါတော့တယ် ။

“ ဦးပါ က သစ်ခွဲစက်သမားတွေ ကို လက်ပံပင်ကြီး ရောင်း လိုက် တာ ပုတ်ပြတ် တစ်ပင် ကို ငွေ ငါးရာ တောင် ရသတဲ့ ”  ဆိုတဲ့ သတင်း စကား က အိပ် ပျော် နေတဲ့ လူ တစ်ယောက် ကို ဗြုန်းခနဲ ခပ်ကြမ်းကြမ်း ရိုက် နှိုး လိုက် သလို နိစ္စဓူဝ ဖန်တစ်ရာတေ လှုပ်ရှားမှုတွေ နဲ့ အသားကျ နေတဲ့ လက်ပံရွာကလေး ကို အလန့်တကြား ကိုင်လှုပ် ပစ်လိုက်ပါ တယ် ။ နေ့ချင်း ညချင်း ပျံ့နှံ့ သွားတဲ့ အဲဒီ သတင်း နဲ့ အတူ လူတွေ ရဲ့ အရောင် တလက်လက် မျက်လုံး အကြည့်တွေ က လည်း ကိုယ့် အိမ်ဝိုင်း ထဲ က အသင့် ရှိနေ တဲ့ လက်ပံပင်ကြီး တွေ ပေါ် ကို အားတက် သရော ရောက်ရှိ ကုန်ကြပါ တော့တယ် ။ အိမ်ထောင်စု အတော်များ များ ရဲ့ ထမင်းဝိုင်း ၊ ရေနွေကြမ်းဝိုင်း တွေ မှာ လက်ပံပင် ရောင်းချရေး ကိစ္စ စကားလုံးတွေ က သားငါး ရောင်းချရာ ဆိုင်တွေ မှာ အုပ်ဖွဲ့ ပျံသန်း နေကြတဲ့ ယင်ကောင်တွေ လို ပြွတ်သိပ် ဝဲပျံ လာ ကြတော့တယ် ။

“ ဟုတ်တာပေါ့ ။ ဦးပါ လုပ်တာ အမှန်ပဲ ။ အိမ်ဝိုင်း ထဲ မှာ ရှိ နေတော့ ဒီ လက်ပံပင်ကြီး က ဘာများ ထူးထူးခြား ခြား အကျိုးပြု နေလို့ လဲ ။ တစ်နှစ် တစ်ခါ လက်ပံပွင့်ခြောက်ဟင်း စားရတာပဲ ရှိတယ် ။ ဒါလည်း မက်လောက်တဲ့ ဟင်း မဟုတ်ပါဘူး ။ တခြား ဟင်းချက် စရာ မရှိ မှ သုံး တဲ့ မရှိဟင်း ဥစ္စာ ။ ပုတ်ပြတ် တစ်ချီ တည်း ရောင်း လိုက်တာ က မှ ငွေ လုံးခနဲ လက် ထဲ ရောက်လာသေး ရဲ့  ။ ခင်ဗျား တော့ မသိ ဘူး ။ ကျုပ် က တော့ ဒီ တစ်ခါ အဝယ်တော် တွေ လာရင် ကျုပ် ဝိုင်း ထဲ က အပင်တွေ ရောင်း ပစ်မယ် ။ တစ်ပင် ကို ငါးရာ နှစ်ပင် ဆိုတော့ ငွေ တစ်ထောင် ။ ကဲ ... နေရင်း ထိုင်းရင်း ပေါ် လာ မယ့် ငွေ ၊ ကိုယ် မပြေလည် လို့ ငွေတစ်ဆယ် လောက် ချေးပါဦး ဆို တောင် ဘယ်မှာ လွယ်လွယ် ရမလဲ ” ဆို တဲ့ စကား မျိုးတွေ နဲ့ ကိုယ် နီးစပ်ရာ နီးစပ်ရာ လူချင်း ကို ရောင်းဖို့ အဖော် ညှိ ကြ ၊ လင်မယားချင်း တွေ တိုင်ပင်ကြ ၊ လက်ပံပင် ရောင်းလို့ ငွေ ရ လာ ရင် အဝတ်အစား ဝယ်မယ် ၊ ကြွေးကလေး ဖဲ့ ဆပ်မယ် နဲ့ စိတ်ကူးယဉ် ကြ စီမံကိန်း ချ ကြ ။ သည်လို နဲ့ အဲဒီ ရက်ပိုင်းတွေ ဟာ လက်ပံပင်ရွာ တစ်ရွာလုံး လက်ပံပင် နဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်း တွေ မျှော်လင့်ချက် တွေ ရည်ရွယ်ချက် တွေ ရွာလုံး လွှမ်း ခဲ့ တဲ့ ရက် တွေ ဖြစ်ခဲ့တာ မှတ်မှတ်ရရ ပါပဲ ။

နောက်ပိုင်း တော့ ရွာကလေး ထဲ က တစ်အိမ် မဟုတ် တစ်အိမ် မှာ လက်ပံပင်တွေ ခုတ်လှဲနေတဲ့ သစ်ခုတ်သမား တွေ အမြဲ ရှိ နေကြ တော့တယ် ။ သစ်ခုတ်သံ ၊ လွှဆွဲသံ တွေ ဆို တာ လည်း နေ့စဉ် နဲ့ အမျှ ပဲ ပေါ့ ။ အစပိုင်း မှာ ရောင်း လို့ စွံ သွားတဲ့ သူ ရဲ့ အိမ်ဝိုင်း ထဲ က လက်ပံပင်ကြီးတွေ ကို ခုတ်လှဲကြ ပုံ ၊ လှည်း တင် လို့ ရအောင် ဖြတ် ထား ပြီးသား လက်ပံပင်စည် တုံးကြီး တွေ ကို နွားလှည်း တွေ ပေါ် တင်ပြီး သစ်ခွဲစက် ရှိ ရာ သရက်ကုန်းရွာ ဆီ မောင်းနှင် သယ်ယူ သွားကြပုံ တွေ ကို အားကျတဲ့ မျက်လုံးတွေ နဲ့ ဝိုင်း ကြည့်ခဲ့ကြပေမဲ့ ရက်တွေ ကြာ လာ တော့ လည်း အားလုံး အဖို့ ရိုးအီ သွားတဲ့ မြင်ကွင်းတွေ အဖြစ် အသွင် ပြောင်းလဲ သွား ပါတော့တယ် ။ လက်ပံပင် ရောင်းချခြင်း ၊ ခုတ်လှဲခြင်း ဆိုတာ လက်ပံရွာ ရဲ့ ငယ် ဓလေ့ တစ်ခု ပမာ အမြစ်တွယ် ခိုင်မာ လာခဲ့တော့တယ်လေ ။

သို့ပေမဲ့ နောက်ပိုင်း ကျ မှ ရောင်းကြရ တဲ့ သူတွေ က တော့ သိပ်ပြီး ဈေး မရကြတော့ ဘူး လို့ ဆိုပါတယ် ။ ရောင်းချင် သူ တွေက များ နေပြီ ဆိုတော့ ဈေးနှုန်း ကျ ဆင်းကြတာ ဟာ သဘာဝ ပဲ ပေါ့လေ ။ ပုတ်ပြတ် တစ်ပင် ငါးရာ ဘဝ က နေ လေးရာ့ငါးဆယ် ၊ နောက်တော့ လေးရာ ဆိုသလို တရိပ်ရိပ် ဈေးနှုန်း ကျ နေ ပေမဲ့ လက်ပံရွာသားတွေ က တော့ ရောင်း မြဲ ရောင်း နေကြ တာပါပဲ ။ လက်ပံပင် ရောင်းချခြင်း ဟာ မပင်ပန်း ငွေ အလွယ်တကူ ရ နိုင်တဲ့ စီးပွားရေး လုပ်ငန်း ကိစ္စ တစ်ခု ကို ဆောင်ရွက်ခြင်း ဖြစ်တယ် ဆိုတဲ့ အယူအဆ က သူတို့ ခေါင်း ထဲ မှာ အချိန် နဲ့ အမျှ အောက်ခြေ ကို တဖြည်းဖြည်း အနယ်ထိုင် ချိုးကပ် လာတဲ့ ရေနွေးကြို ကရားအိုး ထဲ က “ ရေချိုး ” များ လို ခိုင်မာ ကျစ်ခဲ လာခဲ့ကြပြီ မဟုတ်လား ။ မိသားစု ဘဝ တစ်ခု ကို ပြုပြင်ပြောင်းလဲ ပစ်နိုင် လောက် တဲ့ ငွေကြေးပမာဏ မဟုတ်ပေမဲ့ လက်ပံရွာသားတွေ က တော့ လက်ပံပင် တစ်ဖြစ် လဲ ပဒေသာပင် တွေ က ရ လာတဲ့ ချွေးမခ ငွေစ တွေ ကို ပျော်ပျော်ကြီး လက်ခံ ရေတွက် သုံးစွဲ ကြ ရင်း သူတို့ ရဲ့ မရှိ ဟင်းအိုး တွေ ကို ကျေနပ်စွာ အပြိုင်အဆိုင် ရိုက်ခွဲ ကြလေရဲ့ ။

တစ်ရက် က နေ တစ်ပတ် ၊ တစ်ပတ် က နေ တစ်လ ၊ တစ်လ က နေ သုံးလေး လ ဆိုသလို ရွေ့လျား ခုတ်မောင်း နေတဲ့ ကာလရထား နဲ့ အတူ တတိတိ မြေ ပေါ် ဗုန်းဗုန်းလဲ ခဲ့ကြ ။ သူတို့ ရဲ့ ကွယ်လွန်ခြင်း အထိမ်းအမှတ် မရဏ ဂီတသံ နဲ့ တူ တဲ့ လှည်းဝင်ရိုးသံ တအီအီ ကို နာခံ ရင်း ထောင်းထောင်းထ နေတဲ့ လှည်းလမ်း ဖုန်ခိုးတွေ ကို ရှူရှိုက် လို့ ရွာ က ထွက်ခွာ သွားခဲ့ကြတဲ့ လက်ပံပင် တွေ ဆို တာ တစ်ပင် က နေ ဆယ်ပင် ၊ ဆယ်ပင် က နေ အပင် နှစ်ဆယ် ၊ နှစ်ဆယ် က သုံးဆယ် ။

•••••   •••••   •••••

ဆင်ခြင်တုံတရား ကင်းမဲ့စွာ တစ်ပြိုင်နက် တည်း မှာ ပဲ ကျေနပ် နှစ်ခြိုက်စွာ ညီညီညာညာ ဖြုန်းတီးခဲ့ ကြတဲ့ သူတို့ ရက်ရောမှု ရဲ့ ရလဒ် ဟာ ရာသီ အိပ်ရာ ပေါ် က နေ သူငယ်မ နိုးထ မျက်နှာသစ် လာချိန် မှာ ပဲ မထင်မှတ် တဲ့ ပြဿနာ ခေါင်းလောင်းသံ ကို ဆူညံ ပွက်ထ စေခဲ့ပါတယ် ။ အဲဒီ ဂယက် ဟာ ရွာကလေး ကို သာ မက ရွာ အစွန် မှာ ရှိတဲ့ ကျွန်တော် တာဝန်ကျ ရာ စာသင်ကျောင်းကလေး အထိ ကလေးကြိုက် ဂျပန်ရုပ်ရှင်ကား တွေ ထဲ က မြို့ ဖျက်ဂေါ်ဇီလာ တစ်ကောင် လို ခြေမ်း ကျဲ နဲ့ ဝင်ရောက် နှောင့်ယှက် လာခဲ့ တော့တယ် ။

ညနေတိုင် လို့ လေရူး လေပြေးကလေး တစ်ဝှေ့ လောက် များ ရွာ ပေါ် က ဖြတ်သန်း သွားသလား ဆိုရင် စာသင်ခန်း ထဲ က ကလေးတွေ ဟာ ဖင် တကြွကြွ ၊ မျက်လုံးကလေး တွေ က လည်း ရှေ့ က သင်ပုန်း ပေါ် ထက် ကျောင်း အပြင် ဘက် ဆီ ကို တဝေ့ဝဲဝဲ ။ ကလေးတွေ ရဲ့ အိမ် ပြန်ချင်တဲ့ မျက်နှာ တွေ ကို တစ်ရက် မဟုတ် နှစ်ရက် မဟုတ် ၊ လေပြင်း ကျချိန် တိုင်း ကြုံ လာတဲ့ အခါ ကျောင်းဆရာ လည်း ဘာသား နဲ့ ထုထားတာ မို့ တဲ့ လဲ ။ “ ဟေ့ ... မင်းတို့ ဘယ်လို ဖြစ်နေကြတာလဲ ။ ဒီ သင်ပုန်း ကို ကြည့် ” လို့ ကရုဏာဒေါသ နဲ့ အော်တဲ့ အခါ အော် ၊ “ ကျောင်း ဆင်း တော့မှာ နော် ။ ခဏလေး ။ ဒီကို အာရုံစိုက်ကြ ” လို့ ချော့ တဲ့ အခါ ချော့ ၊ နောက်ဆုံး တော့ ကလေးတွေ က သူတို့ အသွင် ပြောင်း ရ ခြင်း အကြောင်းရင်း ကို ညီညီညာညာ ပဲ ဖွင့်ထုတ် လာကြပါတယ် ။

“ လေ တိုက်ရင် ကျွန်တော် တို့ လက်ပံပွင့် ကောက်ချင်လို့ ပါ ဆရာ ”  တဲ့ ။

အဲဒီတော့ မှ ကျွန်တော့် ရဲ့ အမှုမဲ့ အမှတ်မဲ့ နဲ့ နေထိုင် ခဲ့မိခြင်း ဟာ စခန်း သိမ်း သွားပါတယ် ။ ဟုတ်ပါတယ် ။ အသေအချာ သတိထား စူးစမ်း ကြည့် လိုက်မိတော့ ရွာ ထဲ မှာ နှစ်တိုင်းတွေ က လို လက်ပံပင်ကြီးတွေ အပြိုင်းအရိုင်း မရှိတော့ပါလား ဆိုတဲ့ အသိ ဝင် လာပါ တယ် ။ ကိုယ်ပိုင် အိမ်ဝိုင်းတွေ ထဲ က မဟုတ်ဘဲ လမ်းဆုံလမ်းခွ တချို့မှာ ပေါက် နေတဲ့ လက်ပံပင် ၊ ရွာလည် ဇရပ် နား က တစ်ပင် ၊ ရွာ တောင်ဘက် ရေချိုတွင်း နား က တစ်ပင် ၊ ရွာဦး ဘုန်းကြီး ကျောင်းဝင်း ထဲ က တစ်ပင် စသည် ဖြင့် ဟိုနား ဒီနား က အပင်ကြီး တွေ လောက်ပဲ ကျိုးတိုးကျဲတဲ ကျန် နေ တော့ တဲ့ အဖြစ် ကို သတိထား မိပါတော့ တယ် ။ ဪ .... တစ်နှစ်စာ မရှိဟင်း အတွက် လက်ပံပွင့်ကလေးတွေ ကို လေပြင်း တိုက် သွားတဲ့ အချိန် မှာ ကောက်ချင်ကြ လို့ ကလေးတွေ ဖင်တကြွကြွ ဖြစ် နေတာကိုး လို့ ကျွန်တော် သဘောပေါက် လာခဲ့ ရတော့တယ် ။

အဲဒီ နွေဦးရက် တွေ မှာ တော့ လက်ပံရွာကလေး ဟာ လက်ပံပင်တွေ နဲ့ ပတ်သက်လို့ သူတို့ တစ်သက်လုံး က ယောင်လို့ မှ မမျှော်လင့် ခဲ့ကြတဲ့ အဖုအထစ် တွေ ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် လာကြ ရ ပါတယ် ။ တစ်ချိန် တုန်း က တော့ လက်ပံပွင့်တွေ ဆိုတာ သူ့ အိမ် မှာ လည်း ရဲရဲတောက် ၊ ကိုယ့် အိမ် မှာ လည်း ရဲရဲ တောက် ။ လေပြင်း ကျ လို့ တဖွဲဖွဲ ကြွေ ချိန် မှာ အေးအေးလူလူ ကောက် ပြီး နေ ခြောက် လှန်း ထားလိုက် ကြတာပါပဲ ။ ဒါပေမဲ့ အဖြစ် က မနှစ် က နဲ့ မတူ ဆိုသလို လေ ။ ရုတ်ချည်း ရှားပါး သွားတဲ့ လက်ပံပွင့်တွေ က သူတို့ ဘယ်တုန်း က မှ မမှန်း ဆ မိလောက် အောင် တန်ဖိုး မြင့်တက် လာခဲ့ပါတယ် ။

လေပြင်း တိုက် ချိန် မှာ လက်ပံပင် နဲ့ နီးစပ်ရာ ဝန်းကျင် က ကလေးတွေ က အလုအယက် ကောက်ကြ ၊ ငါ အလျင် ဦး တာ ၊ မဟုတ်ဘူး ၊ မင်း က ငါ့ လက် က လုတာ ဆိုတာ မျိုး တွေ နဲ့ လက်ပံပွင့်ကလေး လေးငါးခြောက်ပွင့် အတွက် စကား များကြ ၊ ရန်ဖြစ်ကြ ၊ သတ်ပုတ် ကြ ။ အဲဒီ ကလေးတွေ ကို အကြောင်းပြု ပြီး လူကြီး မိဘတွေ လည်း ပါ လာကြ ၊ ကလေး ရန်ပွဲ က တစ်ဆင့် လူကြီး တွေ ခွန်းကြီး ခွန်းငယ် အော်ကြ ဟစ်ကြ ၊ မခေါ်နိုင် မပြောနိုင် နဲ့ ရန်သူတွေ ဖြစ်လာကြ ဆိုတာတွေ ကို အားလုံး ကြုံတွေ့ လာကြ တော့တယ် ။ လက်ပံရွာကလေး ဟာ လေပြင်းတိုက် ချိန် တိုင်း လက်ပံပွင့် တွေ ကို အခြေခံ တဲ့ ပူပူညံညံ အသံဗလံ တွေ ဟိုက တစ်မျိုး ဒီက တစ်ဖုံ ကြုံမြဲ ကြုံ နေကြ ရ တော့တယ် ။ တစ်နှစ်စာ မရှိဟင်း တစ်ခွက် အတွက် တစ်ယောက် နဲ့ တစ်ယောက် ၊ တစ်အိမ်ထောင် နဲ့ တစ်အိမ်ထောင် ရန် ထောင်ဖို့ ဝန် မလေးကြ တော့ တဲ့ အခြေအနေကြီး ကို တာရှည် လက်မခံ နိုင်ကြတော့လို့ ပဲ ထင်ပါရဲ့ ။ တစ်နေ့ တော့ ရွာလည် ဇရပ် မှာ တစ်ရွာ လုံး အစည်းအဝေး တဲ့  ။ ဖိတ် တဲ့ သူ က လာ ဖိတ်တဲ့ အတွက် ကျွန်တော် လည်း အဲဒီ အစည်းအဝေး ကို သွား တက်ခဲ့ရ သေးတယ် ။

“ ကိုင်း ကျုပ်တို့ လည်း ကိုယ့် ဝိုင်းထဲ ရှိတဲ့ အပင်တွေ ရောင်းခဲ့မိကြ ပြီးပြီ ။ အခု နွေဦးပေါက် ခါ မှ ထ တက်လာတဲ့ လက်ပံပွင့် ပြဿနာ ကို ဘယ်လို ဖြေ ရှင်းကြမလဲ ။ သူသူ ငါငါ ဟို လူ ကောက် တော့ ဒီ လူ က လည်း ကောက်ချင် မှာ ပဲ ။ တန်ဖိုး ရှိလို့ ရယ် မဟုတ်ပေမဲ့ သူ က လည်း မရှိဟင်းလေး တစ်ခွက် ဆို တော့ ကောက်ချင်ကြ ၊ လိုချင်ကြ တာ ကို လည်း အပြစ် မဆိုသာဘူး ။ တစ်သက် လုံး က လည်း ကောက်ခဲ့ကြ တာကိုး ။ ဒါပေမဲ့ ဒီနှစ် က အများ သိတဲ့ အတိုင်း လက်ပံပွင့်တွေ က ရှား သွားပြီ ။ ဒါကြောင့် တစ်အိမ် နဲ့ တစ်အိမ် လည်း လက်ပံပွင့်ကလေး တွေ မဖြစ်စလောက် အတွက် နဲ့ ရန်မီး မပွားကြ ရ အောင် ကိုယ်စီ ကိုယ်င လည်း ရ ကြ အောင် ကျုပ်တော့ ဒီလို စိတ်ကူးတယ် ။ သူ့နေ့ နဲ့ သူ အလှည့်ကျ ကောက်ကြ ကြေး ဗျာ ၊ ကိုယ့် အိမ် အလှည့်ကျ တဲ့ နေ့ မှာ ကိုယ့် အိမ်သား ထဲ က တစ်ယောက် ယောက် ကို လက်ပံပင် မှာ အစောင့် ထား ။ ကြွေ တာ ကောက်ပြီး ယူ ကြ ။ အဲဒီ နည်း မကောင်းဘူးလား ”

လူကြီး တစ်ယောက် က သူ့ စိတ်ကူး သူ ထ ပြောတယ် ။ ချက်ချင်းပဲ “ အဲဒီ အတိုင်း ကောင်းတယ် ၊ ကြိုက်တယ် ” ဆို တဲ့ ထောက်ခံစာတွေ ၊ “ ဘယ့်နှယ့် ဗျာ ၊ ကျားသားမိုးကြိုး လက်ပံပင် ကို ပဲ ကင်းစောင့် ထားရဦးမယ် လို့  ။ ကဲ ... ကိုယ် စောင့် တဲ့ နေ့ ကျမှ လေ မတိုက်လို့ မြွေ ကိုက် ရင် ဘယ်လို လုပ်မလဲ ။ မဟုတ်သေးပါဘူး ။ မကြိုက်ဘူးဗျို့ ” ဆိုတဲ့ ကန့် ကွက်သံတွေ ၊ “ အင်း ... ခု ပြောသလိုပဲ ထားပါတော့ ။ ဒါပေမဲ့ ဘယ် အိမ် ကနေ ဘယ်အိမ် အထိ က ဘယ် လက်ပံပင် က ကြွေတာ ကို ပဲ ကောက်ရမယ် ဆိုတာ မျိုး တော့ ကန့်သတ် မှ ဖြစ်မယ် ။ ခွဲတမ်း ချ တဲ့ သဘော ပေါ့ ။ ဒီ ခွဲတမ်း ကို အဝေ ညီအောင် ဘယ်လို ချမလဲ ” ဆိုတဲ့ ချင့်ချိန်သံတွေ နဲ့ ဇရပ် ပေါ် မှာ ပွက်လော ရိုက် သွားပါတယ် ။ သဘောတူ ခေါင်းညိတ်သံ ၊ ငြင်းခုံ စောဒကတက်သံတွေ ကျွက်ကျွက်ညံ ကြား မှာ ကျွန်တော် ဖြင့် ဘယ်လို နေရမှန်း မသိလောက် အောင် ပါပဲ ။

“ အိုဗျာ .... ရောင်း တုန်း က ကျုပ်တို့ အားလုံး ရောင်းခဲ့ကြတာပဲ ဥစ္စာ ။ အခု လည်း အဖြေရှာ မရတဲ့ အတူတူ မထူးဘူး ။ ရွာ မှာ ကျန်နေသေးတဲ့ လက်ပံပင်တွေ ကို ပါ ရောင်း ပစ်ဗျာ ။ ရတဲ့ ငွေ ကို ရွာ ဘုံငွေ အဖြစ် သိမ်းထား ။ ရပ်ရေး ရွာရေး သုံးစရာ ကိစ္စ ပေါ်တော့ အဲဒီ ငွေ ကို သုံး ။ ရှင်းရော ” 

စကားသံတွေ ဆူ နေ သလောက် ရေရေရာရာ ဆုံးဖြတ်ချက် တစ်ခု ထွက် မလာသေးတာ ကို ဆက်ပြီး စိတ် မရှည်ချင် ပုံ ရှိတဲ့ လူ တစ်ယောက် က ဒေါသတကြီး ထ ပြော ပြန်တယ် ။

“ အောင်မာ .. ဟေ့ ဒကာ ၊ မင်းတို့ ရွာ ထဲ လမ်းဆုံ လမ်းခွ တွေ မှာ ကျန်တဲ့ အပင်တွေ ကို ရောင်းချင် သပ ဆို ရောင်း ကြ ၊ ငါ့ ကျောင်းဝိုင်း ထဲ က အပင် ကို တော့ စာရင်း အထည့် မခံနိုင်ဘူးဟေ့ ။ သူ့ အရိပ် ရှိ လို့ ငါ့ ကျောင်း မှာ နေကာကလေး ရှိ နေသေးတာ ”

ချက်ချင်းပဲ ဇရပ် ခေါင်းရင်း ဘက် မှာ ထိုင် နေတဲ့ ရွာကျောင်းဘုန်းကြီး ဆီ က ချေပသံ ထွက်လာ ပြန် ပါတယ်။ ညနေစောင်းချိန် မှာ အဲဒီ လက်ပံပင်ကြီး က ဘုန်းကြီးကျောင်း ကို နေ မထိုး အောင် အကာအကွယ် ပေး နေတာ ဆို တော့ ဘုန်းကြီး ချေပမယ် ဆိုရင် လည်း ချေပစရာပဲ ပေါ့ ။ အဲဒီ အချိန်မှာ ပဲ ခပ်ကြောင်ကြောင် တွေးတတ်ပုံ ရတဲ့ ရွာသား တစ်ယောက် က နေရာ က ထ လာ ပြီး လေးလေးနက်နက် ဟန်ပန် အမူအရာ နဲ့ ပြော ပြန်ပါတယ် ။

“ ကဲ .. ဒီမှာ အားလုံး တစ်ဆိတ် နားထောင်ကြပါ ။ ဘာပဲ ပြောပြော ဗျာ ၊ ကျုပ်တို့ ရွာ ထဲ က လက်ပံပင်တွေ ကုန် သလောက် ဖြစ်သွားရတဲ့ ကိစ္စ ရဲ့ တရားခံ ဟာ ကျုပ်တို့ အားလုံးပဲ ။ ဒါကို ဘယ်သူ မှ မငြင်းနိုင်ပါဘူး ။ ရှေ့ နောက် မတွေးဘဲ စွတ် ရောင်းခဲ့ကြတာ ကိုး ။ ဒီတော့ ကိုယ် လုပ်ခဲ့တဲ့ ကိစ္စ ကို ကိုယ် ပဲ ပြန် အဖတ်ဆယ် ကြရမှာ ပဲ ။ ကုန် သွား တဲ့ သစ်ပင်တွေ အစား ပြန် ရအောင် ကျုပ်တို့ အားလုံး လက်ပံပင်တွေ ပြန် စိုက်ကြရမယ် ”

“ ဟကောင် ရ လက်ပံပင်တွေ ပြန် စိုက် တာကတော့ ဟုတ်ပါပြီ တဲ့ ။ ဒါပေမဲ့ လက်ပံပင် ဆိုတာမျိုး က ဘယ်သူ မှ တကူးတက စိုက်လာကြတဲ့ အပင် မျိုး မဟုတ်ဘူး ကွ ။ ဘယ်လို ပြန် စိုက်ရ မှာ တုန်း ၊ ကိုင်းတက် ကို ထိုး စိုက်ရ မှာ လား ။ မျိုးစေ့ နဲ့ စိုက်ရ မှာ လား ။ အဲဒီလို စိုက်ပုံ စိုက်နည်း ရော မင်း က သေသေချာချာ သိလို့ လား ။ ငါတို့ က တော့ လက်ပံပင် စိုက်နည်း မသိတာ အမှန်ပဲ ။ အခု ငါ တို့ ရောင်း လိုက်ကြတဲ့ လက်ပံပင်တွေ က လည်း တို့ ဘိုးဘွား တွေ လက်ထက် ကတည်း က ရှိနေခဲ့ တဲ့ အပင်တွေ ။ အဲဒီ အပင်တွေ ရဲ့ အသက် က တို့ အသက် တွေ ထက် တောင် အတော် ကြီး နေသေးရဲ့ ။ ဘယ်လို လုပ်မလဲ ”

ရွာသား တစ်ယောက် က ထ မေးလိုက် တော့ လက်ပံပင်တွေ အသစ် ပြန် စိုက် ကြဖို့ ဆော်သြ ခဲ့တဲ့ လူ လည်း ပြန် ဖြေဖို့ အတော် ခွကျ သွားပုံ ရပါတယ် ။ ဆံပင် စုတ်ဖွား နဲ့ သူ့ ခေါင်း သူ ပြန် ကုတ်ရင်း မှုန်တေတေ နဲ့ ဘု ပြန် မှုတ်ပါလေ ရော ။

“ ကျုပ် က ခင်ဗျား တို့ ကို လက်ပံပင် စိုက်နည်း သင်တန်း ပေးနေတာမှ မဟုတ်ပဲ ဗျ ။ ပြန်စိုက်ကြဖို့ ကို သာ ပြော နေတာ ၊ စိုက်နည်း မသိ လည်း သိ လောက်တဲ့ သက်ကြီးရွယ်အို တွေ ကို လိုက် မေးရ ၊ စမ်းရ မှာ ပေါ့ ။ အဲဒီ သက်ကြီးရွယ်အို တွေ က မှ သေကုန်ကြ ပြီးပြီဆို ရင်လည်း တခြား တစ်နည်း နဲ့ စမ်းသပ် ပြီး စိုက် ကြည့် ရမှာ ပေါ့ ။ လက်ပံပင် တိုင်း အလေ့ကျ ပေါက်တာ ချည်း ပဲ လို့ ဘယ် ဘုရား က ဟောထားခဲ့လို့ လဲ ”

သည်လို နဲ့ အဲဒီ နေ့ က အစည်းအဝေးပွဲ ဟာ ဘာ တစ်ခု မှ ရေရာရာ မဆုံးဖြတ် နိုင်ခဲ့ကြဘဲ သူ တစ်ခွန်း ၊ ငါ တစ်ခွန်း ဆူညံစွာ ငြင်းခုံခြင်း နဲ့ သာ အဆုံးသတ် ခဲ့ရ ပါတော့တယ် ။

နောက် စာမေးပွဲ ပြီးဆုံး လို့ နွေ ကျောင်းပိတ် ရက်ရှည် လည်း ပိတ် ရော ၊ ကျွန်တော် လည်း ရွာကလေး ကို စွန့်ခွာ ပြီး ဇာတိမြို့ကလေး ဆီ ကို ပြန်လာ ခဲ့ရပါလေ ရော ။ ရွာ နဲ့ ခပ်လှမ်းလှမ်း ကို ရောက် လို့ ရွာကလေး ကို ပြန် လှည့် လှမ်းမျှော် ကြည့်လိုက် မိတော့ နှစ်စဉ် သည် လို ရာသီတိုင်း မှာ လှပစွာ ရွာ ကို လွှမ်းခြုံ ခဲ့ တဲ့ အနီရောင်ပဝါကြီး အစား လက်လက်ထ နေတဲ့ နေလုံးကြီး သာ ရွာ ခေါင်မိုး မှာ အထီးတည်း ချိတ်ဆွဲ လို့ ။ အဲဒီ နေလုံးကြီး က ဖိတ်လျှံဖြာစီးယိုကျ နေတဲ့ အပူလှိုင်းတွေ အောက် မှာ ကျူးမိတဲ့ အပြစ် တစ်ခု အတွက် ဖခင် က ရိုက်တော့ မှာ ကို သိပြီး ကြောက်ရွံ့ နေ ရှာတဲ့ ကလေးငယ် တစ်ယောက် လို လက်ပံရွာကလေး က ကုပ်ကုပ်ကလေး ဝပ်စင်း ငြိမ်သက်လို့  ။

•••••   •••••   •••••

ခုတော့ လည်း လက်ပံရွာကလေး နဲ့ ကျွန်တော် ကင်းကွာ ခဲ့တာ ဟာ လေးနှစ် ကျော် လို့ ငါးနှစ် ထဲ ကို တောင် ရောက်လာခဲ့ ပြီလေ ။ ဇာတိမြို့ က မူလတန်း ကျောင်းကလေး တစ်ကျောင်း ကို ပြောင်းရွှေ့ အမှုထမ်း ခဲ့ရလေ ကတည်း က ခု ထိ ရွာလေး ကို ကျွန်တော် တစ်ခေါက် မှ ပြန် မရောက် ဖြစ်ခဲ့တော့ ဘူး ။ ရွာ အခြေအနေ ပြောင်းလဲ နေပြီလား ၊ ကျွန်တော် ထွက်ခွာ လာခဲ့ ချိန် တုန်း က အတိုင်း ဒုံရင်း ပဲ ရှိနေသေးသလား ဆို တာ လည်း ကျွန်တော် မသိရသေးပါဘူး ။

လက်ပံပင်တွေ ပြန် စိုက်မယ် ဆိုတဲ့ ပုဂ္ဂိုလ် ရော စိုက်ပုံစိုက်နည်း ဥပဒေသ တွေ ရှာဖွေတွေ့ခဲ့ ပြီးပြီလား ။ ဒါမှ မဟုတ် ရွာသား တစ်ယောက် ပြော သလို ရွာ ထဲ က လက်ကျန် လက်ပံပင် တွေ ကို ပဲ ကျူပင် ခုတ် ကျူငုတ် မကျန် ဆိုသလို ခုတ်လှဲ ရောင်းချခဲ့ကြ ပြီးပြီ လား ။ ဒါမှ မဟုတ် ခွဲတမ်းချ လက်ပံပင် ကို အလှည့်ကျ ကင်းစောင့် ရင်း ဒီ ကနေ့ လေ ပြင်းပြင်း တိုက်ပါစေလို့ ဆုတောင်း နေကြ ဆဲ ပဲ လား ။ ဒါတွေ ကို လည်း ကျွန်တော် သိခွင့် မရနိုင်သေးပါဘူး ။ ဒါ ပေမယ့် ရှာရှာဖွေဖွေ နာမည်ဆန်းကလေး တွေ နဲ့ သူတို့ ရဲ့ မရှိဟင်းကလေး တွေ ကို တော့ တစ်ခါ တစ်ခါ ကျွန်တော် အောက်မေ့ နေမိ တတ် သေးတာ အမှန်ပါပဲ ။

အင်း ... သည် နှစ် နွေ ကျောင်းပိတ်ရက် မှာ တော့ လက်ပံရွာကလေး ကို အလည်အပတ် သွား ဖြစ် အောင် ကြိုးစား သွားဦးမယ် လို့ ကျိတ်ပြီး ဆုံးဖြတ် နေမိပါတယ် ။ တကယ်ပဲ သွားဖြစ် ရောက်ဖြစ် ခဲ့ ရင်တော့ လက်ပံပွင့်ခြောက် တွေ နဲ့ တခြား တစ်မျိုး မျိုး ကို ရောနှောချက် ထားတဲ့ မရှိဟင်း တစ်ခွက်တလေ ကို ( ရှားရှားပါးပါး ဖြစ်စေ ) ကျွန်တော် စားခွင့် ရနိုင်လောက်ဦးမယ် ထင်ပါရဲ့ ။

◾နန္ဒာစိုး ၊ ဆင်ဖြူကျွန်း ၊

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၄၄
      ဇွန်လ ၊ ၁၉၉၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment