Tuesday, March 19, 2024

နှောင်းရွက်ကြွေပွင့်


 

❝ နှောင်းရွက်ကြွေပွင့် ❞

( ၁ )

နွေရာသီ ကျောင်းပိတ် ရက် ပင် လျှင် အဆုံးခန်းတိုင် ခဲ့လေသည် ။ ခြောက်သွေ့ ဆိတ်ငြိမ်ခဲ့သော ရန်ကုန် တက္ကသိုလ်ရှိ အဓိပတိလမ်းမကြီး သည် ပင် မျက်နှာပန်း ပွင့် ကာ ၊ လန်းလန်းဆန်းဆန်း ရှိကြသော ကျောင်းတော် သူ ကျောင်းတော်သားများ ဖြင့် သိုက်သိုက်မြိုက်မြိုက် နှင့် စည်ကားလှတော့သည် ။ ၃ လ ကျော် ၄ လ ခန့် မျှ
ကွေကွင်း ခဲ့ရသော ကိုအောင်မှူး နှင့် မမြင့်နီ တို့ သည်ပင် ပြန်လည်၍ တလီ ကျောင်းတော်ကြီး တွင် တွေ့ရ ပြန်ပေပြီ ။ သို့သော်လည်း လာခဲ့သည့် လမ်း ကို ပြန် လျှောက်လာ ကြသည့် အလား သူတို့ နှစ်ဦး ၏ အချစ်ရေး တွင် ထူးခြားခြင်း မရှိခဲ့သေးပေ ။ ပတ်ဝန်းကျင် က သာ ထင်ကြေး ပေး နိုင် သော်လည်း ချစ်ကြိုး မသွယ်မိကြသေးသော သူတို့ နှစ်ဦး တစ်ဦး နှင့် တစ်ဦး ခင်မင်မှု ရှိခြင်းမျှ သာတည်း ။ ကိုအောင်မှူး က တော့ ချစ်သည် ဒါပေမဲ့ မမြင့်နီ က ခင်မင်ရုံ နှင့် သူမ ၏ ဆိုရှယ် ကို သရုပ်ဖော် ခဲ့၏ ။ စောဒက မတက်သာ ကိုအောင်မှူး ကတော့ မည်သို့ တတ်နိုင်ဦး မည်နည်း ။ ချစ်ခြင်း ၏ အရင်းခံသည် ခင်မင်မှု လော ... ။ ဟုတ်ကဲ့ သို့ပေမင့် မမြင့်နီ အဖို့တော့ ဟုတ်ချင် မှ ဟုတ် ပေမည် ။ မမြင့်နီ သည် လှသည် ။ လူတိုင်း ပါးစပ်ဖျား တွင် အာနာပါနကမ္မဋ္ဌာန်း တို့ စီးဖြန်း နေရသည့် အလား တနီ ထဲ နီ နေအောင် လှသည် ။ ဒါပေမဲ့ သူမ ၏ အလှ သည် တစ်ယောက် သော သူ အတွက် ကန့်သတ် ထားသည် မဟုတ် လူတိုင်း အတွက် သက်သက် တင်စားဖို့ သာ ဖြစ် ပေသည် ။ ဒါကိုပဲ တစ်ဦး တည်း ဇွတ်အတင်း မူပိုင် လုပ် ချင်သူ က တော့ ရိုးသားစွာ ချစ်တတ်သော ကိုအောင်မှူး တည်း ။ မတုံ့ပြန် သေးသော ချစ်ခြင်း ဖြင့် ယဉ်ပါးအပ် သူ သည် သစ်လွင် လှပစွာသော အသည်းနှလုံး ရှိသေး သည် မဟုတ်ပါသလော .... ။ ဒီ အသည်း ကို တော့ ကို အောင်မှူး က မမြင့်နီ အတွက် ကန့်သတ် ထားပြီး ဖြစ် လေသည် ။ လောက ၌ ဆန့်ကျင်သော အမှု ကို ပြုပါ လျက် အပြစ် မယူအပ်သော သူ သည် အတိုက်အခံ နိုင်ငံရေး သမား ၊ ပြီးတော့ မမြင့်နီ သာဖြစ်သည် ဟု ယူဆ အပ်ပေ တော့သတည်း ။

( ၂ )

တက္ကသိုလ် ၏ အဘိဓမ္မာ ကို နားမလည်သေး လျက် နိယာမတရားများ ကို လက်တွေ့ ဆည်းပူး နေသော မမြင့်နီ အတွက် ထင်ပေါ်ကျော်ဇောခြင်း မှ လွှဲ၍ အဘယ်သို့သော အကျိုးအာနိသင်များ ဖြစ်ထွန်းနိုင်ပါသေး သနည်း ။ အထက်တန်း လူနေမှုစနစ် ကို သုံးသပ်ရာ တွင် မမြင့်နီ ၏ အခြေခံ သည် ဆိုရှယ် ဖြစ်၍ သူမ ၏ အလှ သည် ဆင်မြန်းရန် တန်ဆာ နှင့် တူလှသည် ။ ပေါင်းသင်း ဆက်ဆံရာ တွင် မမြင့်နီ သည် ဆိုရှယ် နှင့် ဖော်ရွေမှု ကို ပြ၍ ၊ သူမ အား တင်စားသလို နှင့် သဘောကောင်း လွန်း သည် ဟု မြှောက်ပင့်တတ် လာ လျှင် ၊ အပြုံး နှင့် ကျေးဇူးပြု ၍ နှလုံးမွေ့ တတ်သည် ။ အမှန်တော့ မမြင့်နီ သည် “ နှလုံး ကောင်း လျှင် ဝမ်းဖောင်း တတ်သည်  ”  ဆိုသော စကားပုံ ကို မရိပ်မိခြင်း ကြောင့်သာ ဖြစ်ပေ၏ ။ မမြင့်နီ သည် ထင်ပေါ် ကျော်စောမှု အား အရယူ ရာတွင် မြင့်မြတ်သည် ဟု သူမ
ထင်သော စိတ်နှလုံး နှင့် ကောင်းလွန်းသည် ဆိုသော သဘော အား မရပ်တန်း သုံးသွားပါ လျှင် “ သိဒ္ဓတ္တမင်းသား တွင် ရှိခဲ့သည် ဆိုသော ၄၄ဝဝဝ သော ကိုယ်လုပ်မောင်းမ  ” တို့၏ အရေအတွက် ထက် ပင် များပြားလေ မည်ကား သူမ ၏ လင် မမည် သေး သော ရည်းစားများ သာတည်း ။ စင်စစ်တော့ မမြင့်နီ ၏ ပေါင်းသင်းဆက်ဆံ နေပုံ သည် ကြောက်မက်ဖွယ် ကောင်းသော ခရီး ကို မှော် ဆရာများ နှင့် အဖော် ပြုကာ လျှောက်နေသည် နှင့် ပင် တူ ပေတော့သည် ။ ဤသို့သော အနာဂတ်ရေး တို့ ကို မတွေးတော မိသော မမြင့်နီ သည် “ နေ မြင့်လေ အရူး ရင့်လေ ” ဆို သကဲ့သို့ တစ်နေ့ ထက် တစ်နေ့ သူမ သည် ပို၍ သာ ဆိုရှယ် များလာသည် ။ လစ်လပ်သော အချိန်တိုင်း သည် မမြင့်နီ အတွက် ဖိုသတ္တဝါ တစ်ဦး ဦး နှင့် တွဲခုတ် ရန်သာ ဖြစ်လေသလား မပြောတတ် ၊ စာသင်ချိန် ခေါင်းလောင်း တစ်ခါ ခေါက်၍ အခန်း ကူးကာ အတန်း တက်ရာ တွင် ပင် ယောက်ျား တစ်ယောက် နှင့် တွဲ၍ နောက် တစ်ခါ ခေါက် လျှင် နောက် တစ်ယောက် နှင့် တွဲလာ လေသည် ။ ဒါတွင်မက ကျောင်း လွှတ်၍ အဆောင် ၌ ဧည့်သည်များ နှင့် တွေ့ခွင့် ရသည့် အချိန် တွင် လည်း တစ်ယောက် နှစ်ယောက် သာ မဟုတ် ၄ - ၅ ယောက် နှင့် တွဲ၍ တစ်ခါ တစ်ခါ အင်းလျား ကန်ဘောင် ဘက်သို့ လမ်းလျှောက် လိုက် သေးသည် ။ ဘယ်လောက်များ ဖော်ရွေ သဘောကောင်း ပြီး ဆိုရှယ် များလှတဲ့ လှသော မမြင့်နီ ပါလဲ ။ အမှန်တော့ အကောင်အထည် မပေါ်သေး၍ တက္ကသိုလ် ၏ နိယာမတရားများ ကို သုတေသန ပြုနေခြင်းသာ ဖြစ် ပေသည် ။ “ ပတ္တမြား မှန်ရင် နွံ မှာ နစ်စေတော့ ” ဆိုသည့် စကားပုံ ကို ရိပ်စားမိ လျက် သူမ ၏ အလှ ကို ပရိသတ် ရှေ့ ၌ ဘန်း ပြရင်း ထင်ပေါ် ကျော်စောခြင်း ကို ယူ နေသော မမြင့်နီ အား သနားစရာ ကောင်းသည့် သတ္တဝါ တစ်ဦး ဟု ယူဆ နိုင်ပါမည် လော ။ ထင်ပေါ် လျှင် စင်ပေါ် က
ကောက်ပါလိမ့်မယ် တဲ့ ...မမြင့်နီ ရယ် ။

ဤကဲ့သို့ မမြင့်နီ ၏ အပြုအမူများ ကို မနှစ်မြို့ သော် လည်း ကိုအောင်မှူး သည် မမြင့်နီ အား ချစ်လျက် ရှိသည် ။ ဘာကို ချစ်မှန်း တော့ သူ မသိသည် တကား ။

( ၃ )

ကိုအောင်မှူး ရဲ့ အချစ် က တော့ သန့်ရှင်းလှသည် ။ မွန်မြတ်လှသည် ။ နောက်ပြီးတော့ မြတ်စွာဘုရား ၏ တရားတော် ကို ကိုးကားခြင်း လည်း ဖြစ်သည် ။ မြတ်စွာ ဘုရားသခင် သည် ပဋိစ္စသမုပ္ပာဒ် တွင် လောက ၌ ငါ ဘုရား သည် တပ်မက်စရာ အကောင်းဆုံးသော အလှ အပ တွင် မိန်းမ မှ တစ်ပါး အခြားသော အရာများ အား မြင်တော်မမူချေ ဟု ဟောကြား ဝန်ခံထားသည် မဟုတ်ပါ လော ၊ သို့ကြောင့် ကိုအောင်မှူး လို အာသဝေါ မကုန် သေးသော ကိလေသာ တစ်ဦး သည် မမြင့်နီညအား ချစ် သည် မှာ စင်ကြယ် လှပေသည် ။ “ မချစ်ထိုက်  ” ဟု ပွင့်တော်မူခဲ့ ပြီးသော ရှင်ကြီး ဂေါတမသာ မပညတ်တော် မူ ခဲ့သည် မဟုတ် ။ နောက် ပွင့်ဦးမည့် အရိမေတ္တယျ ကိုယ်
တော်ဘုရား လည်း ဟောကြားတော် မူလိမ့်မည်မဟုတ် သည် ကား ယုံကြည် လောက်ပေသည် ။ ဤကဲ့သို့ ခိုင်လုံ သော အချစ် ဖြင့် တင်စားအပ်သော ကိုအောင်မှူး သည် မမြင့်နီ အား အမြဲ ပင် အခွင့် ရတိုင်း ချစ်ရေး ဆိုလေတော့ သည် ။ သို့ပေမဲ့ မိမိ ကိုယ် နှင့် အလှ ကို လူတကာ အတွက် ပြပွဲ ကျင်းထားသော မမြင့်နီ သည် တစ်ဦးတည်း အတွက် မည်သို့ ကန့်သတ်ပါအံ့နည်း ။ ကိုအောင်မှူး ချစ်ရေး ဆိုတိုင်း ပေး လိုက်သော သူမ ၏အဖြေ က တော့ “ အချစ် ဆိုတာ ဟာ ဒုတိယအဆင့် ရဲ့ နိဒါန်းသာ ဖြစ်တယ် မဟုတ်လား ။ အဲဒီတော့ ကိုအောင်မှူး မျှော်လင့် နေတဲ့ မြင့် ဟာ အချိန် ကျမှပဲ အဖြေ ပေးပါရစေလား ... ကိုအောင်မှူး ရယ် ” တဲ့ ။ ဘယ်လောက်များ အတွေးသမား ဆန် လိုက်ပါသလဲ ဒါပေမဲ့ ချစ်မိပြီ ဖြစ်သော ကိုအောင် မှူး က တော့ မျှော်လင့်ရင်း စောင့်ရဦးတော့မည် သာ ဖြစ်ပေသည် ။ နောက်ပြီး ကိုအောင်မှူး က အရဲ စွန့်ပြီး သူမ ၏ ဆိုရှယ် ကို ဝေဖန် လိုက်မိသည့် အခါ ပြုံး တတ်သော မမြင့်နီ သည် တည်ငြိမ်သော သဏ္ဌာန် သို့ ပြောင်းကာ “ ကိုအောင်မှူး သာ ဖြစ်ခဲ့ရင် ဒီလို ပြောမယ် မဟုတ်ပါဘူးရှင် ” တဲ့ ... ။ မဟာဆန်ဆန် ပြော လိုက်သည် ။ ဒါကြောင့် ကိုအောင်မှူး လည်း မဝေဖန်ဝံ့တော့ချေ ။

သို့ပေမဲ့ မမြင့်နီ ၏ ကျော်စောမှု ဆိုရှယ်ကျမှု နှင့် ကိုအောင်မှူး ၏ အချစ် သည် မဆုံစည်းသော မျဉ်းပြိုင် နှစ်ကြောင်း ပမာ ပြိုင် ၍ သာ လျှင် ရင့်သန် လာကြလေတော့ သည် ။ ကိုအောင်မှူး က အချစ်ရေး ဆို လျှင် အနာဂတ် ကို ပြ၍ အဖြေ ပေးတတ်သည် ။ ဒီတော့ သင်္ခါရ သဘော တရား ကို မမြင့်နီ နား မလည်မှန်း ထင်ရှားလှသည် ။ သို့ပေမင့် ဦးပုည ရေးသည့် “ ကြယ်ဓူဝံ မြေခလို့ နေပေတော့ ကောင်းကင် ရွှေလ မှာ ဒေါင်းမြင်စေ ပေါင်းမိရင် ခွာဘူး  ” တေးထပ် လို ပင် ကိုအောင်မှူး သည် မမြင့်နီ အား တောက်တဲ့ ကပ် ကပ် နေတော့သည် ။ မမြင့်နီ က တော့ တစ်ဦးတည်း သာ တတ်အပ်သော ပဉ္စလက်နည်း နှင့် ခွာ ခဲ့လေသည် သာ မဟုတ်ပါသလော ။

ကျောင်း ဖွင့်စ က ပင် မူမပျက် သော ကိုအောင်မှူး နှင့် မမြင့်နီ တို့ သည် ကျောင်း ပင် ပြန် ၍ ပိတ်ခါ နီးလေတော့သည် ။

( ၄ )

သဇင်တွေ သင်းကြိုင်အောင် ပွင့်သော ဒီဇင်ဘာလ ပင် ဖြစ်သည် ။ ကိုအောင်မှူး သည် သည်းမခံ နိုင်တော့သည့် နောက်ဆုံး မမြင့်နီ သို့ အဖြူအမည်း ခွဲခြားရန် ကို ဇွတ်ပင် တိုက်တွန်းတော့မည် ဟု ဆုံးဖြတ်ကာ အင်းလျား ကျောင်းဆောင် ဘက် ဆီ သို့ လျှောက်လာခဲ့ မိသည် ။ တစ်လမ်းလုံး တွင် သူ သည် မမြင့်နီ အား တွေးခဲ့သည် ။ အဖြေ ကို လည်း တွေးလျက် ပင် ၊ ဘာပဲဖြစ်ဖြစ် သူ့ အဖို့တော့ ဝမ်းသာရ မယောင်ယောင် ဝမ်းနည်းရ မယောင်ယောင် နှင့် မမြင့်နီ ၏ နီတျာသော နှုတ်ခမ်း ၏ လှုပ်ရှားမှု ကို ကာရန်ပမာ တွေးခြင်းသာ တည်း ။ သို့နှင့် ကိုအောင်မှူး သည် အင်းလျားဆောင် သို့ ရောက်ခဲ့ရာ ဒရဝမ် အား ခေါ်ခိုင်း လိုက်သည် ။ မမြင့်နီ မရှိ ဟု ဒရဝမ် က ပြန်၍ ပြော ပြန်သည် ။ ကိုအောင်မှူး သည် ဘယ်များ သွားပါလိမ့်  ရေချိုး နေ၍ လား ထမင်းစား နေခြင်း လား နှင့် အမျိုးမျိုး တွေးတော နေစဉ်ပင် မမြင့်နီ နှင့် တစ်ခန်းတည်း နေကြ သော ကျောင်းသူ တစ်ဦး က ဆင်း လာ၍ “ မမြင့်နီ တစ် ယောက် ကပွဲ လိုက် သွားတယ် ရှင့်  ” 

အော် .... ဟုတ်လား ။ ဒါပဲ ပြောနိုင်ပါတော့သည် ။ နှုတ်ဆက်ဖော်ပင် မရ ၊ ပြန် လှည့်လာခဲ့သည် ။ နောက်ပြီး အံ့သြစွာ နှင့် ပင် လမ်း လျှောက်ရင်း “ ဒီ အခြေ တောင် ရောက်နေမှကိုး ” ဟု တစ်ယောက် တည်း ရေရွတ်လိုက်သည် ။ ဒီတစ်ခါ တော့ ကိုအောင်မှူး သည် မမြင့်နီ အား အတော်ပင် ရှုတ်ချ လိုက်လိုသည် ။ သို့ပေမဲ့ အချစ် သည် မျက်စိ မရှိ၍ မမြင်ဟန် မသိဟန် ဆောင် လိုက်က ပို၍ ကောင်း ပေမည် ဟု သူ တင်စား လာလေသည် ။ ဒီ နောက် တော့ ကရုဏာတွေ ပွား ကာ မမြင့်နီ အား သနား ၍ ပင် လာလေတော့သည် ။ “ ဪ မမြင့်နီ အနောက်တိုင်း ယဉ်ကျေးမှု ဟာ မြန်မာ့ယဉ်ကျေးမှု နဲ့ ဆန့်ကျင် နေပါ တယ်ကွယ်  ” တစ်ယောက်တည်း ပင် အခန်း သို့ ပြန် ရောက်ကာ မှ အိပ်ရာ ပေါ် တွင် လျောင်းရင်း ရေရွတ်လိုက် မိသည် ။ သို့ပေမဲ့ ဘာများ တတ်နိုင်ဦးမှာတဲ့ လဲ ကိုအောင် မှူး ရယ် ။ ကိုအောင်မှူး သည် စိတ်လေ ချောက်ချား၍ လာမိ ပြီး ဦးနှောက် ပင် သဲကန္တာရ ဖြစ်သွားလေ သလော ဟု ထင်မိသည် ။ ဒါတောင် သူ ကတော့ သူ့ ရဲ့ စိတ် ကြောင့် ဖြစ်ပေါ်လာရသော ဝါဒ မကွဲပြားခြင်း ကို သိလေ ၏ ။ နောက်ဆုံးတော့ သူ သည် မမြင့်နီ ကို သာ အမြန်ဆုံး  ချစ်ချင် လာတော့သည် ။ သူ ချစ်ချင်လာသည့် အခါ မှ စားပွဲ ပေါ် က သဇင်ပန်းနံ့ကလေး သည် သူ့ နှာခေါင်းဝ သို့ လာ၍ သင်း နေပြန်သည် ။ နောက်ပြီး နာရီ ကလည်း ၉ နာရီ တိတိ ခေါက် လိုက်ရာ ညဉ့် နက်မှန်း သိ၍ ကိုအောင် မှူး သည် အိပ်ရာ ထက် တွင် လဲလျောင်း ရင်း အိပ်ပျော် သွားမိ ပေတော့၏ ။

( ၅ )

နောက် တစ်နေ့ တွင် ကိုအောင်မှူး သည် ကျောင်း ဘက် သို့ ခပ်စောစော ကတည်း က ပင် လာခဲ့သည်  ။ အကြောင်းရင်း ကတော့ မမြင့်နီ အား တွေ့ချင်သောကြောင့် တည်း ။ သူသည် မမြင့်နီ လာနေကျ စကြံထောင့် က နေ၍ စောင့် နေသည် ။ ကိုအောင်မှူး သည် မမြင့်နီ အား ယနေ့ တွင် တော့ သူ ပြောချင်သော ကိစ္စတို့ကို ပြောမည့် အပြင် အနည်းငယ် လည်း မမြင့်နီ ၏ အသွားအလာ အနေအထိုင် နှင့် ပတ်သက်၍ ဆွေးနွေး ဝေဖန်ဦးမည် ဟု လည်း စိတ်ကူး ထားလေသည် ။ တော်တော်ကလေး ကြာ သည့် တိုင်အောင် မမြင့်နီ ကား ပေါ် မလာ ။ ကိုအောင်မှူး သည် အနည်းငယ် စိုးရိမ် လာမိပြန်သည် ။ “ နေ မကောင်း ၍ များလား  ”  တိုးတိုးပင် ရေရွတ် လိုက်မိလေသည် ။ နောက်ထပ် ကိုအောင်မှူး သည် ကျောင်းခေါင်းလောင်း ထိုးသည့် တိုင်အောင် စောင့် နေမိသည် ။ နောက်ဆုံးတော့ ပေါ် မလာတော့သည့် အတွက် ကိုအောင်မှူး သည် ပြန် လျှောက် လာခဲ့ရာ လမ်း တွင် အင်းလျားဆောင် မှ ဝင်နီ နှင့် တွေ့၏ ။ ထိုအခါ ကိုအောင်မှူး က ပင် စ၍ -

“ ဒီမှာ ဝင်နီ မမြင့် တစ်ယောက် ကျောင်း မတက် ဘူးလား  ”

“ ဟုတ်ကဲ့ ၊ ည ကတည်း ပြန် လာတာ မတွေ့ဘူးရှင့်  ”

“ အော် ..  ” 

ကိုအောင်မှူး သည် အာမေဋိတ် ဖြင့် သာ နိဂုံးချုပ် လိုက်ပြီး နောက် ပြန် လှည့်ကာ အခန်း သို့ ပြန်ခဲ့ လေသည် ။ ဟုတ်ပါသည် မမြင့်နီ သည် ည ကတည်း က အခန်း ကို ပြန် မလာပါ ။ ဘယ်လောက်များ လွတ်နေ လိုက်တဲ့ မမြင့်နီ လဲလို့ ။ ဒါကိုတော့ ကိုအောင်မှူး အဖို့
ထူးဆန်းပေမင့် မမြင့်နီ အဖို့ တော့ ရိုးရိုးကလေး ပါ ၊ ကပွဲ တက်ရောက်ခြင်း သာ ဖြစ်ပေသည် ။ ကိုအောင်မှူး ကတော့ မမြင့်နီ အား မသက်ဆိုင်ဘဲ လျက် ခံပြင်း နေသည် ၊ ဘာကြောင့် မှန်းတော့ မသိပါ ။ ဘာမှန်း မသိဘဲ ခံပြင်း နေလျှင် မချစ်ဘဲ ကော နေနိုင်ပါ့ မလား ကိုအောင်မှူး ရယ် ။ ကိုအောင်မှူး သည် မမြင့်နီ ကို တော့ အသက်ရှင် နေသ၍ ချစ်နေဦးမည် သာ ဖြစ်ပေသည် ။ ချစ်လို့ လည်း မမြင့်နီ အား လူတကာ ချီးမွမ်း လောက်အောင် ဣန္ဒြေ ရ စေလိုသည် မဟုတ်ပါလော ။ သို့ပေမဲ့ မမြင့်နီ အဖို့တော့ ပွင့် ပြီးသား ပန်းသည် ပြန်၍ ငုံကောင်း ငုံလိမ့်မည် ။ သူမ ၏ ဆိုရှယ်ကျမှု ကိုတော့ သိကြားမင်း ဆင်း၍ ဖျက် တောင် ပျက်လိမ့်မည် မဟုတ်ပါ ။ ဒါကိုတော့ ကိုအောင်မှူး လည်း သိသည် သာ ဖြစ်ပေသည် ။ သို့ ချီတုံ ချတုံ နှင့် သာ ကိုအောင်မှူး ၏ အချစ် သည် မမြင့်နီ မှ တစ်ပါး အခြားသော မ သတ္တဝါ တို့ အပေါ် သို့ ပြောင်းလွှဲခြင်း မရှိခဲ့လေသည် ။

( ၆  )

သို့နှင့် မမြင့်နီ အား ကိုအောင်မှူး မတွေ့ရသည် မှာ တစ်ပတ် ခန့် ပင် ကြာခဲ့လေသည် ။ အင်းလျားဆောင် သို့ သွားရောက် ခဲ့ပါ သော်လည်း ခေါင်းကိုက်ခြင်း ၊ ခေါင်းမူး ခြင်း ၊ ဗိုက်နာခြင်း တို့ ဖြင့်သာ ဆုံ နေရ၍ ကိုအောင်မှူး သည် ပြန်၍ ချည်း လာခဲ့ပေသည် ။ ကိုအောင်မှူး လည်း ဝေခွဲ၍ မရအောင် ပင် မမြင့်နီ ၏ ငြင်းဆန်မှု ကြောင့် စိတ် အပျက်ကြီး ပျက်ခဲ့ရ လေသည် ။ ကျောင်း လည်း မတက် ခဲ့ရသည် မှာ ၂ ပတ်မျှ ကြာခဲ့ပြီ ဖြစ်၍ အခန်း တွင်း ၌ သာ အောင်း လျက် မမြင့်နီ ကို သာ အစဉ် တွေး နေလေသည် ။

တစ် မနက်သော အချိန် က ဖြစ်ပေသည် ။ ကိုအောင်မှူး လည်း ညဘက် က ညဉ့် နက်သည့် အထိ မအိပ် မိ၍ နံနက် ၉ နာရီ လောက် အထိ ပင် အိပ်ရာ မှ မထသေးပေ  အခန်းချင်း ကပ် နေသော ကိုသက်ဝင်း သည် ကိုအောင်မှူး အခန်း တံခါး လာ၍ အပူတပြင်း ခေါက် လိုက်ရာ ကိုအောင်မှူး လည်း လန့် နိုး၍ ဖွင့်ပေး လိုက်သည် ။ ကိုသက်ဝင်း ၏ အမူအရာ သည် ပျာယီးပျာယာ ဖြစ်လွန်းလှသည် ။ ကိုအောင်မှူး က တော့ အိပ်မှုန်စုံမွှား နှင့် ကြောင်တောင်တောင် စိုက်၍ ကြည့်ရင်း ဘာများလဲဗျ ဟု မေးလိုက် သည် ။

“ ဘာများလဲ လုပ် မနေနဲ့ ကိုယ့် လူ ည က ခင်ဗျား သူငယ်မ အခန်းက ပျောက်သွားလို့ တဲ့ ၊ အဲဒီ သတင်း က တော့ ကျောင်း မှာ ပျံ့နေပြီ ”

ကိုသက်ဝင်း သည် စိုးရိမ် တကြီး ပြောချလိုက်သည် ။

“ ဟင် ဟုတ်လား လင် နောက်များ လိုက်သွားတာ လား ”

ကိုအောင်မှူး က တော့ အံ့သြတကြီး မေးလိုက်ပြန် သည် ။

“ မဟုတ်ဘူးဗျ ၊ ဝါဒင် ဆီ ကို စာ ရေးသွားတာ က ၊ သူ တော့ မိဘ ထံ ပြန်ခြင်း မဟုတ်ဘဲ လူသူ ကင်းဝေးတဲ့ နေရာ ကို ထွက်သွားပြီ တဲ့ ။ သူ့ အိမ် ကို လည်း စာ ရေးဖို့ မှာသွားတယ် တဲ့ ”

ကိုသက်ဝင်း က သေချာလောက် အောင် ပင် ပြော နေ ပြန်သည် ။

ကိုအောင်မှူး လည်း ဘာမှ ဆက် မပြောတော့ဘဲ သိသိသာသာကြီး မျက်နှာ ပျက် သွားကာ ၊ ကု,လားထိုင် ပေါ် သို့ ထိုင်ချ လိုက်လေသည် ။

“ အော် .... မမြင့်နီ မမြင့်နီ လူသူ မနီးတဲ့ နေရာများ မင်း ထွက်သွားနိုင်သေးသလား ကွယ် ” 

ကိုအောင်မှူး သည် ဤသို့ပင် ညည်း လိုက်လေ သည် ။ ဟုတ်ပါသည် မမြင့်နီ လို လူသူ နှင့် ဆက်ဆံ ရာ တွင် ဂုဏ်ယူ နေသော အမျိုးသမီး တစ်ဦး ဤသို့ ပြောသည်မှာ ယုံနိုင်စရာ သတင်း မဟုတ်ပါ ။ နောင်တ ရခြင်း ဟု ယူဆရ မှာ ကလည်း မြန်ဆန် လွန်းလှသည် ။ ဒါပေမဲ့ မမြင့်နီ ထွက်သွားသည် မှာ တော့ သေချာ လွန်းလှသည် ။ လင် နောက် လိုက်ခြင်းသည် လည်း ဟုတ်နိုင်ဖွယ်ရာ အကြောင်း မရှိပေ ။ သူ လည်း ကျောင်း တွင် မမြင့်နီ  ၏ သူငယ်ချင်းမလေးများ ထံတွင် အမျိုးမျိုး စုံစမ်း ကြည့်မိသည် ။ နောက်ဆုံး တော့ မမြင့်နီ လင် ယူခြင်း မဟုတ် ထွက်သွားခြင်း သာ ဖြစ်ပေသည် ။ ဒါပေမဲ့ ဘယ်ကို ထွက်သွားသည် ကို တော့ မသိရ ။ ကိုအောင်မှူး လည်း မည်သို့ မျှ မတတ်သာ တော့ဘဲ ကျောင်း သို့ လျှင် ဆက် မတက်တော့ပေ ။ နေ့ ရှိသ၍ မမြင့်နီ ကို သာ တွေ့လို တွေ့ငြား ရန်ကုန်မြို့ တွင် နေရာ အနှံ့ ခြေဖဝါး ဖြန့်ခဲ့၏ ။ သို့ပေမဲ့ မမြင့်နီ ကို ကား အရိပ်အရောင် မျှ မတွေ့ လည်း မတွေ့ရ ။ ဘယ်နေရာ မှာ ရှိသည် ကို လည်း သေသေချာချာ တပ်အပ် မသိရပေ ။ နောက်ဆုံးတော့ ငွေကုန် လူပန်းပြီး စာမေးပွဲ ကျခဲ့ရ သတည်း ။

( ၇ )

နောက် နှစ်ဦး သို့ ပင် ရောက်၍ ကျောင်းကြီး ပင် ပြန် ဖွင့်လာခဲ့ လေပြီ ။ ကိုအောင်မှူး လည်း သူများ နည်းတူ အဆောင် သို့ ပြန်လာ သော်လည်း ကျောင်း တော့ မတက် ရသေးချေ ။ မမြင့်နီ ကို သာ တွေး လေသည် ။ စိတ်ကူးယဉ်သမား ဆန်ဆန် နှင့် တစ်ခါတလေ မမြင့်နီ က သူ့ အား ကမ္ဘာ ၏ ချောင် တစ်ချောင် က ပင် “ စိမ်  ” ခေါ် ၍ ပြေး နေသည် ဟု မြင်မက် မိသည် ။ ဒီလို အိပ်မက်မျိုး မက်သည့် အခါ တစ်မျိုး ထူးခြား လာသည် ။ ဝမ်း ကား သာမိ သလို လို ။ အမှန်တော့ စိတ်လေ ချောက်ချားခြင်း သာ မဟုတ် ပါသလော ။ သို့နှင့်သာ အချိန် သည် ကိုအောင်မှူး အဖို့ ကုန်မှန်း မသိ ကုန်ခဲ့သည် ။ အနယ်နယ် မှ ရှိကြသော သူ ငယ်ချင်း မိတ်ဆွေများ ကို လည်း ကိုအောင်မှူး သည် မမြင့်နီ အား တွေ့မိပါ လျှင် အကြောင်းကြား ရန် စာရေး ထား သေးသည် ။ ဘယ်လောက်များ ဇွဲ ကြီး ကာ သူရူး ဆန် လိုက်ပါသလဲ ။ မမြင့်နီ က တော့ ရှိမှ ရှိပါလေစ ။ တဒင်္ဂပဟန် အားဖြင့် တက္ကသိုလ် တွင် နာမည် ကြီး ခဲ့သော မမြင့်နီ သည် တဒင်္ဂ အတွင်း မှာ ပင် နာမ်သာ ကြွင်းရစ် ၍  ရုပ် ပျောက်ခဲ့လေပြီ ။ ဤလည်း သံဝေဂ ယူစရာ ပင် ။ သိသော ကိုအောင်မှူး က တော့ ဘာ သံဝေဂ မှ မယူ မမြင့်နီ ကို သာ တမ်းတ နေသည် ။ သူ စောဒက တက် တတ်သေး တာ ကတော့ “ ပျောက်သော သူ ရှာ လျှင် တွေ့ရမည် ” ဟူ တည်း ။ ခုထက်ထိ တော့ မတွေ့သေးသည် မဟုတ်ပါ သလော ။

မစောင့် အပ်သော အချိန် သည် မြန်လွန်း လှ၍ ကျောင်း ပင် ပိတ်ခါ နီးလာ ပြန်သည် ။ ကိုအောင်မှူး က တော့ သင်းခဲ့သည့် မမြင့်နီ သတင်း ကို သာ စောင့်စား နေ မိရာ တစ်နေ့ တွင် စစ်ကိုင်း ရှိ သူ ၏ သူငယ်ချင်း မြို့အုပ် ကိုဘသော် ထံ မှ စာ တစ်စောင် ရောက် လာလေသည် ။ 

ကို အောင်မှူး
ခင်ဗျား တွေ့ လိုသည့် မမြင့် တစ်ယောက် တော့ စစ်ကိုင်း တောင်ခြေ ရှိ မယ်သီလရှင် ဇရပ် တစ်ခု မှာ ရောက် နေသည် တွေ့ချင် ရင် အမြန် လိုက်ခဲ့ပါ ။
           ဘသော်

စာ က လည်း သံကြိုးစာ ဆန်လှသည် ။ သို့ပေမင့်  ကိုအောင်မှူး အဖို့ တော့ လုံလောက်ပြီ မဟုတ်ပါ သလော ။ စာ ရ လျှင် ရချင်း ပင် ဝန်ကြီးချုပ် ဖြစ် မလောက် ဝမ်းသာ သွားသော ကိုအောင်မှူး သည် ချက်ချင်းပင် လိုက်ရန် စီမံကိန်း ကို ဆွဲ၍ နောက် တစ်နေ့ တွင် စစ်ကိုင်း သို့ ထွက်ခွာ လာလေ၏ ။

( ၈ )

ကိုအောင်မှူး သည် စစ်ကိုင်း သို့ ၃ ရက် ခရီး အကြာ တွင် ရောက် ခဲ့သည် ။ တွေ့ချင်လှသော ကိုအောင်မှူး သည် ရောက်မဆိုက် ပင် လိုက် ပို့ရန် ကိုဘသော် အား ပူဆာ လေတော့၏ ။ ကိုဘသော် လည်း ကိုအောင်မှူး အား ကရုဏာ သက်လွန်း၍ မမြင့်နီ တည်းခိုရာ မယ်သီလရှင် ၏ ဇရပ် သို့ ရောက်ခဲ့ လေသည် ။ ဇရပ် အပြင်ဘက် တွင် အသက် ၅၀ ခန့် ရှိ သီလရှင် တစ်ပါး သည် တရားဘာဝနာ  ပွားရင်း စိပ်ပုတီး ကို စိပ်ကာ ပါးစပ် မှ တတွတ်တွတ် နှင့် ရွတ် နေသည် ။ ကိုဘသော် က မယ်သီလရှင်ကြီး အား -

“ ဆရာလေး ဒီ ဇရပ် မှာ ရန်ကုန် က လာ တည်းနေတဲ့ အမျိုးသမီး တစ်ဦးများ မရှိဘူးလား ” 

ကိုဘသော် သည် မျက်နှာချို သွေးကာ မေး လိုက်သည် ။

“ မောင်ရင်တို့ က ဘယ်ကလဲ ကွဲ့ ” 

အသံ တုန်တုန်ယင်ယင် နှင့် သီလရှင်ကြီး က ပင် ပြန် မေးခွန်း ထုတ်လိုက် ပြန် ပါသည် ။

“ ဟောဒီ က ကျွန်တော့် သူငယ်ချင်း က သူ့ မိတ်ဆွေ အမျိုးသမီး ကို တွေ့ချင်လို့ လိုက် ပို့ရတာပါပဲ ။ ကျွန်တော် က တော့ စစ်ကိုင်း မှာ မြို့အုပ် လုပ်ပါတယ် ”

ကိုဘသော် သည် ကိုယ်ရည်သွေး ရင်း ကိုအောင်မှူး အား မိတ်ဆက် ပေး လေတော့သည် ။ ဖွားသီလရှင်ကြီး က လည်း ဒီတော့မှ ထိုင်ကြပါဦး ကွယ် ။ သူငယ်မကလေးဖြင့် အတော့်ကို မမာနေရှာဘူး ဟု လေရှည် နှင့် ပြောလိုက်ရာ ကိုအောင်မှူး သည် “ မမာနေရှာဘူး ” ဟု ကြားလိုက်ရ သဖြင့် မျက်နှာ ပျက်ကာ တွေ့ လို ဇော နှင့်

“ မထိုင်ပါရစေနဲ့တော့ ဆရာလေး ကျွန်တော် တို့ ကို သူ ရှိတဲ့ နေရာ သာ လိုက်ပို့ပါတော့ ”

ဒီ အခါမှ သီလရှင်ကြီး လည်း အခန်းငယ် တစ်ခု ထဲ သို့ ရှေ့ဆောင် ကာ ခေါ် သွား လေသည် ။

အခန်း သည် မမှောင်လှ သော်လည်း ခပ်ကျဉ်းကျဉ်း ပင် ဖြစ်၍ ပြတင်းပေါက် တစ်ခု သာ ရှိလေသည် ။ အခန်း ၏ ထောင့် တစ်ခု တွင် သင်ဖြူးဖျာ အချောကလေး တစ်ချပ် ပေါ်၌ ကော်ဇော တစ်ချပ် ခင်းထား၍ အပေါ်၌ မူ မိန်းမ တစ်ဦး သည် ကျော ပေး ၍ လျောင်း နေသည် ။ သူမ ၏ ကျောဘက် ဝယ် ခလေးငယ် တစ်ယောက် သည် အိပ်မော ကျစွာ နှင့် အိပ်နေသည် ။ ကလေး က တော့ ၆ လသား လောက် ဟု ခန့်မှန်း ရလေသည် ။ အိပ်လျောင်း နေသော အမျိုးသမီး သည် အတော်ပင် ပိန်လှ၍ ခွေနုံး ကာ အသက် ကို ပင် မနည်းကြီး ရှိုက်၍ ရှိုက်၍ ရှူ နေလေသည် ။ ဖွား သီလရှင်ကြီး က ဟောဟိုမှာပဲ ကွဲ့ ဟု ပြ လိုက်မှ ကိုအောင်မှူး သည် လျောင်း နေသော မိန်းမ ဘက် သို့ လျှောက်သွား ကာ မျက်နှာ ကို သေသေချာချာ စိုက် ကြည့် လိုက်သည် ။ အတော်ပင် ကျ နေသော မျက်နှာ ပင် ၊ မျက်လုံးများ သည် လည်း တစ်ဝက် မှိတ်ထား၍ ပါးရိုးများ ပင် ပေါ်လုခမန်း ဖြစ် နေ၏ ။ သို့သော်လည်း ကိုအောင်မှူး သည် မမြင့်နီ ဖြစ်မှန်း သိ၍ -

“ မြင့် မြင့် ” ဟု အားရပါးရ ခေါ်လိုက်သည် ။ ထိုအခါ မှ မှိတ် ထားသော မျက်လုံး ကို အသာ ဖွင့်၍ ကိုအောင်မှူး ကို စိုက် ကြည့် လိုက်လေသည် ။ နောက်ပြီး ဝါဖျော့ဖျော့ မျက်လုံးအိမ် ထဲ မှ နောက်ကျိသော မျက်ရည်တို့  သည် တဖြည်းဖြည်း ကျဆင်း လာပြီး

“ ကို .. အောင် ... မှူး ... ရှင် မြင့် နောက် ကို ဘာဖြစ်လို့ များ လိုက်လာရတာလဲ ရှင်...  ” 

လှိုက်လှိုက်လှဲလှဲ ရှိစွာ နှင့် တစ်လုံးချင်း အားယူ ကာ ပြောလိုက် မှ ၊ ကိုအောင်မှူး က

“ အို ... မြင့် ဘယ်လို ပြောလိုက်တာလဲကွယ် မြင့် ကို ချစ်လို့ပေါ့ မြင့် ကို ပြန် ခေါ်ပြီး ဆေး ကုရအောင် ကိုအောင်မှူး လိုက်လာပြီ လေ .. မငိုပါနဲ့ မြင့် ရယ် ” 

ဒီ အခါ မှ မမြင့်နီ သည် သည်းထန်စွာ ရှိုက်၍ ငိုချ လိုက်ပြီး တဖန် အားယူကာ ။

“ မြင့် မနေရတော့ပါဘူး ၊ ကိုအောင်မှူး ရယ် မြင့် ကို လည်း မချစ်ချင်ပါနဲ့ တော့ မြင့် ဟာ ကိုအောင်မှူး နဲ့ မတန် တော့ပါဘူး ” 

ကိုအောင်မှူး သည် ဝမ်းနည်းလှသည် နှင့် အမျှ မျက်ရည် ဖြိုင်ဖြိုင် ကျလာပြီး “ ဒီလိုလည်း မပြောပါ နဲ့ မြင့် ရယ် ကို အောင်မှူး ဟာ မြင့် တတ်နိုင်လို့ လင် တစ်ရာ နဲ့ နေပါစေ ချစ် ဦးမှာပါပဲ ”

ကိုအောင်မှူး သည် အသည်း ထဲ မှ ထုတ်ယူ သော စကားများ ကို ပြော လိုက်သည် ။

မြင့် ။ ။ ရှင် မြင့် ကို တကယ်ပဲ ချစ်တယ်ပေါ့ နော် ၊

မမြင့်နီ က တော့ အတော်ပင် အားယူရင်း ပြောနေရပါသည် ။

ကိုအောင်မှူး ။  ။ ဘယ့်နှယ် ပြောပါလိမ့် မြင့်ရယ် ..

ဒါဖြင့် ကိုအောင်မှူး မြင့် ဟာ ဒီ ဘဝ နဲ့ တော့ ကိုအောင်မှူး ကို မပေါင်းရတော့ မှာ မို့ မြင့် ကို တကယ် ချစ် ရင် ဟောဒီ ... ကျွန်မ ရဲ့ သားကလေး ... ဟာ .. ၊ အဖေ လို .. နေပါတယ် ရှင် ..... ။

မမြင့်နီ သည် အတော်ပင် လှိုက်လှိုက်လှဲလှဲ နှင့် ကြေကွဲလှစွာသော သူမ ၏ အသွင်ဖြင့် ကိုအောင်မှူး အား နောက်ဆုံး ချစ်လက်ဆောင် အဖြစ် စကား ပြောပြီး နောက် ဇက်ကျိုးကာ မဖွင့်သော မှိတ်ခြင်း ဖြင့် မျက်စိ နှစ်လုံးကို မှိတ်သွား လေတော့ သတည်း ။

◾တက္ကသိုလ် မင်းမော်

📖 ရန်ကုန်တက္ကသိုလ် နှစ်လည် စာစောင်
      ၁၉၅၄-၅၅

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment