❝ ကညာမေ ဗျာကေဝိုက် ကယ် က ❞
ကျေးဇူး တင်လိုက်တာ နာရီမ ရယ် ... ငါ လေ နင့် ကျေးဇူး ကို ဘယ်လို ဆပ်ရမှန်း တောင် မသိတော့ပါဘူး ။ ငါ တင် မဟုတ်ပါဘူးလေ ။ ဟောဒီ အစုန် သင်္ဘောကြီး ပေါ် မှာ လိုက်ပါခွင့် ရတဲ့ ဇာတ်သမားတိုင်း လိုလို နင့် ကို ထိုင် ရှိခိုး ချင် လောက် အောင် ကျေးဇူး တင် နေကြတာပါ ။ အမြဲတမ်း မူး နေပြီး လူတကာ ကို လိုက် ရိ နေတတ်တဲ့ လူပြက် ဦးအုန်းပွင့်ကြီး က တောင် လူ ဆိုတာ ပျော်ရာ မနေ တော်ရာ နေရသတဲ့ သမီး ရေ ။ ဒီ မြို့လေး ဟာ နင် နဲ့ တော်လို့ နင် နေရစ်ခဲ့ရတာ လို့ ဆို့ဆို့ကြီး ပြော လေရဲ့ ။ မင်းသားကြီး ဘစိန်ကျော်ရွှေ က တော့ အရူး အရူး နဲ့ ကိုင်း ... အခု အရူး က တစ်မူး ၊ တစ်ပဲ ၊ တစ်မတ် ၊ တစ်ကျပ် အကုန် သာ သွားပြီ ဗျား ။ စ လာ ကတည်း က တစ်လမ်းလုံး ငါ မျက်စိ နောက်ခဲ့ သမျှ အခု မှ အတိုးချ ပြီး သာ ကန်တော့ လိုက်ချင်တော့တာပဲ တဲ့ ။ သင်္ဘော ပေါ် ကို ပဲအိတ်တွေ ၊ သကာရည်ပိုင်းတွေ ၊ ပျဉ်ချပ်တွေ ၊ တဒုံးဒုံး တဒိန်းဒိန်း ဘင်သံတွေ ၊ ဈေးရောင်းဈေးဝယ် အော်ဟစ် ခေါ်ထူးသံတွေ ၊ နေရာလုသံ ၊ ရန်ဖြစ်သံတွေ အားလုံး ကို ဖောက်ခွင်းပြီး နင် ဆိုနေကျ သီချင်းသံလေး ကြားယောင် နေမိတယ် ။ မြန်မာပြည် နာရီတွေ က များ အချိန်တွေ မှန်နိုင်ပါတော့မလား တဲ့ ။ ဒီ သီချင်း ကို အမြဲ ဆို လွန်းလို့ နင့် ကို နာရီမ လို့ ဝိုင်း ခေါ်ခဲ့ကြတာ မဟုတ်လား ။
ဟော ... သင်္ဘော စက် နှိုးပြီး လှိုင်း နဲ့ စက်ဒဏ် ကြောင့် သင်္ဘော တစ်စင်း လုံး တုန်ခါနေတယ် ။ မကြာခင် ခရီး တစ်ခု စ ရတော့ မှာပါလား ဆိုတဲ့ အသိ ကိုယ်စီ နဲ့ သက်ပြင်းတွေ တောင် ပြိုင်တူ ချလိုက်မိတယ် ထင်ပါရဲ့ အေ ။ ဟော ...
ဥသြ ဆွဲပြီး ကုန်းဘောင်ပျဉ်ချပ်တွေ ကို ဖြုတ် နေပြီး ရင် ထဲမှာ နစ်ဝင် နေတဲ့ ဆူး တစ်ချောင်း ကို တဖြည်းဖြည်း ဆွဲ နုတ်နေသလို မြည့်မြည့်ဆွေးဆွေး နာကျင် နေရပါတယ် အေ ရယ် ။ ဒီလိုနဲ့ ဟောဒီ ရေစုန် မှာ ငါတို့ တွေ မျောပါ သွားမယ် ။ နင် ကတော့ လေ ... အို ... ငါ တွေးရင်း မျက်ရည်တွေ ကျ လာ မိတယ် ။
“ သူ နေသား ကျ ရင် ပျော် သွားမှာပါ သမီး ရယ် ။ ဒါဟာ ဝမ်းနည်းစရာ မဟုတ်ပါဘူး ။ ဖြစ်တတ်တဲ့ ဓမ္မတာတရား ပါ ”
အပျိုတော် အမေစိန် က ဖျောင်းဖျ ပေမယ့် ငါ တော့ ငိုဆဲ ငိုဆဲ ပါ ဟာ ။
“ နင် ဟာ မျက်ရည် ကို လွယ် လွန်းတယ် ။ မင်းသမီး လိုက် မကဘဲ ဧယင်ကျူး တွေ ချည်း သီးသန့် လက်ခံပြီး က နေဖို့ ကောင်းတယ် ”
နင့် ပြစ်တင် စကားတွေ လေ ငါ နား ထဲ က မထွက်ပါဘူး ။ ငါ က တော့ ရင် ထဲ က အပူ ကို မျက်ရည်အဖြစ်ပဲ ထုတ် ပစ်တတ် တာပါ ။ သိမ့်ခနဲ တစ်ချက် ဖြစ် သွားပြီး သင်္ဘောဦးလှည့် သွားပြီ ။ ငါတို့ ... ငါတို့ စ လာခဲ့ရာ လမ်း အတိုင်း ပြန် စုန်တော့မယ် ။ နာရီမ ရေ ငါ့ စိတ် အတွေးတွေ ကတော့ သင်္ဘောကြီး ထက် အရင် စောပြီး ဒီ ခရီး အစ ကို ရောက်နေလေရဲ့ ။
“ ဟဲ့ ကောင်မ ၊ ငါ့ ကို နှိပ်စမ်း ၊ ငါ ဟာ ညည်းတို့ ကျေးဇူးရှင် ဖြစ်သွား ပြီ ၊ အခု နှိပ်လိုက်စမ်း ”
ငွေစက္ကူတွေ အထပ်လိုက် တွေ ငါ့ ရှေ့ မှာ ပစ် ချပြီး ပြုံးဖြီးဖြီး ပြော လာတဲ့ နင့် ကို တအံ့တသြ ငါ ကြည့် နေတုန်း ငါ့ မေးစေ့ချွန်းချွန်းကလေး ကို ကိုင် လှုပ်ရင်း ..
“ အခုအချိန် က စပြီး နင်တို့ နာရီမ အကြောင်းကို သိစေ့ရမယ် ။ ငွေ မှန် ရင် ရေအောက်တွင်းတူး မြှုပ်ထားပေ့စေ ။ ငါ့ လက် ထဲ ရောက်ရစေ့မယ် ဟေ့ ”
“ နေစမ်းပါဦး အေ ။ နင် ပေါ တဲ့ ကိစ္စ အသာ ထားပြီး ဒီ ပိုက်ဆံတွေ က .. ”
ကတုန်ကယင် မေး လိုက်တဲ့ ငါ့ စကား မဆုံးခင် ...
“ ပွဲ တော့ ပွဲ မမ ရဲ့ ၊ အညာ က လာ ငှားတဲ့ပွဲ သိတော်မူပြီလား ။ ပွဲစား တွေ အလုအယက် ဝိုင်း ဆွယ်နေကြတဲ့ အထဲ က ကိုယ့် ဇာတ်ကလေး ထည့်ပါစေ တော့ ဆိုပြီး ငါ့ မယ် မျက်ခုံး လှုပ် ပြရ ၊ မျက်စိ လှုပ် ပြရ နဲ့ အပါ ဆွဲ ခေါ်လာရတယ် ။ ဘုန်းကြီးပျံပွဲ မူတည် ပြီးတော့ အဲဒီ နယ် မှာ ဘုရားပွဲ ကျောင်းပွဲတွေ လုပ်မှာပေါ့ ဟာ ။ ငှား တဲ့ လူကြီးတွေ က ကောင်းရင် ကောင်းသလို ဆုချမယ် ၊ ငွေ ဆိုတာ ၊ အကြောင်း မဟုတ်ပါးဘူး တဲ့ ။ ငါးည ကို လေးသိန်းခွဲ နဲ့ စာ ချုပ် လို့ ဇာတ်ဆရာ က ငါ့ ကို မုန့်ဖိုး ပေးလိုက်တယ် လေ ။ ပွဲ ငှားတဲ့ လူတွေ ကြည့်ရတာ ဒါ သမား တွေ နဲ့ တူပါ ရဲ့ ”
စကား ထဲ မှာ လက်ထိပ် နဲ့ လက်ခလယ်ထိပ် ပွတ်ပြီး လှည့် ပြ လိုက်မှ ဪ .... ပွဲ နဲ့ ကစားဝိုင်းတွေ ထည့်မှာ ကိုး လို့ ငါ သဘောပေါက် ခဲ့ရတယ် ။ နင် က တော့ နင့် ပုံစံ အတိုင်း မထီတရီ လေ ။ ဒါကြောင့်လည်း ခန္ဓာကိုယ် အချိုး အဆစ် လှသလောက် မျက်နှာ က ပြိုင် လှ နေပြီး ရည်းစား ထည်လဲ တွဲ တတ်တဲ့ နင့်ကို နာရီမ လို့ နာရီမ လို့ နာမည် ပြောင်း ပေးထားကြတာ ။
“ ရည်းစား ဆိုတာ လက်ပတ်နာရီတွေ လိုပါပဲ ။ တစ်မျိုးတည်း စွဲစွဲကြီး ပတ် မထားနဲ့ ဟဲ့ ။ ကြာရင် ပုံရိုးပုံအကြီးတွေ ဖြစ်သွားတတ်တယ် ။ အပြောင်းအလဲလေးတွေ နဲ့ ဆိုတော့ ပျော်စရာ မကောင်းဘူးလား ။ နင် တစ်ခု သေချာတာတော့ မှတ်ထား ။ အချစ်စကား တော့ ပုံစံမျိုးစုံ ကြားရမယ် ။ သစ္စာစကား လည်း ပေါင်းစုံ ပဲ ။ ဒါပေမယ့် ဘယ်သူ့ စကား မှ မယုံလေ နဲ့ ။ ဘယ် ယောက်ျား သစ္စာ က မှ မှန်ကန် တည်မြဲဖူးတယ် မရှိဘူး ။ နာရီများ ချို့ယွင်းချက် မျိုးစုံ နဲ့ စက်ပျက် သလို သူတို့ ကလည်း အဖေ့ ကြောင့် ၊ အမေ့ ကြောင့် ၊ စီးပွားရေး ကြောင့် ၊ ဘဝချင်း မတူတာ တွေကြောင့် နဲ့ ညောင်ညိုပင်စခန်း က လမ်းခွဲသွားကြတာ ချည်း ။ ငါ က တော့ ချစ်လား အင်း ၊ သွားတော့မယ်နော် ။ တာ့တာ ပဲ ။ မြန်မာပြည် မှာ နာရီတွေများ အချိန်တွေ မှန်နိုင်ပါတော့မလား ၊ အဲဒီ သီချင်း သာ အရ ကျက်ထား ဟေ့ ”
နင့် ပတ်ဝန်းကျင်မှာ ကဲ့ရဲ့ မေးငေါ့သံတွေ လှိုင် နေပေမယ့် နင် အသွား အလာ မပျက်ဘူး ။ အပြုံးအရယ် မပျက်ဘူး ။ “ ပြောကြပါစေ ဟယ် ၊ ကိုယ် ငတ် နေတော့ သူတို့ ဆန် တစ်ဆုပ် ရေ တစ်ခွက် တိုက်တာ မဟုတ်ပါဘူး ။ အလကား နား ညောင်းတယ် ။ ငါ့ ကွယ်ရာ မှာ ငါ့ အတင်း ပြောတဲ့ သူ ဟာ ငါ့ ခြေထောက် ကို ရှိခိုးတာပဲ ”
အခုလည်း ကြည့် ၊ နင် ကြိုးစားလို့ ဒီ ပွဲကလေး ရတာ ကို မလိုတမာ စကားတွေ နဲ့ ဒီကောင်မ က ဟိုကျရင် ဘယ်လို ချူလိုက်မလဲ ဆိုတာ ကြည့် သာ နေကြတို့ ၊ ဇာတ်သိက္ခာ က တော့ နာရီမ အတွက် ဗုန်းဗုန်းကျတော့မှာ ပါ တို့ ဝေဖန် ကဲ့ရဲ့ကုန်ကြပြီလေ ။ ဒီပွဲ က လေးငါးခွင် ခြောက်ခွင် ကို က ရင် ကိုယ့် ညကြေး ဘယ်လောက်ရမယ် ။ ကိုယ့် မိသားစုတွေ ထမင်းအိုး ဘယ်လို စိုမယ် ဆိုတာ မတွက်ဘူး ။ ရှိခဲ့ဖူးတဲ့ အရိပ်မည်း နဲ့ စေတနာ ကို လိုက် ဖုံးကွယ်ပစ်ဖို့ ကြိုးစား နေကြတုန်း ။ ဒါပေမယ့် နင် ကတော့ မမှုပါဘူး ။ ထုံးစံအတိုင်း မဲ့ပြုံးကလေး ပြုံး ပြီး ငါ့ အတွက် နင် စိတ္တဇဖြ စ်မနေနဲ့ ။ ငါက မတုန်လှုပ်တော့ဘူး ။ နင် သိထားဖို့က ငါ ဟာ အဆိုတော် ပြဇာတ်မင်းသမီး ၊ ငါ သီချင်း ဆိုတာ ကြိုက်ရင် ဆုချမှာပဲ ။ သရုပ်ဆောင် တာ နှစ်သက် ရင် ဆုချမှာပဲ ။ အဲဒီလို နယ် မှ မဟုတ်ဘူး ။ မြို့ပေါ် ပွဲတွေ မှာ လည်း ငါ ဆုချ ရနေတဲ့ ဥစ္စာ ။ အေးလေ ... သီချင်း ဆိုတယ် ဆိုမှ တော့ ကြာလေး ဗျာပါလေး တော့ ထည့်ရတာပေါ့ ။ လက်ကလေး ခြေကလေး နည်း နည်း လှုပ်ရတာပေါ့ ။ အဲဒါကို ဝန်တိုပြီး ချူတယ် ချိုင်တယ် ထင်ရင်လည်း ဟာ ... ပြောရတာကို ကျက်သရေ မရှိပါဘူး ။ နား ထဲ ထား မနေနဲ့ဟာ ။ အဲလို အတွန်းအတိုက် ၊ အပုတ်အခတ်တွေ ကြား ထဲ ကပဲ ဟောဒီ အညာပွဲခွင် ကို ကဖို့ ခရီး ထွက်ခဲ့ရရော ဆိုပါတော့ ။ ဟဲ့ ... အခု ငါတို့ သွား ကရမယ့် မြို့ က နာရီအဆန်း လေးတွေ ပေါလောက်တယ် မဟုတ်လား ။ မဆီမဆိုင် မေးလာတဲ့ နင့် မေးခွန်း ကို ယောင်လည်လည် ငါ က အို .. နင် ရူးနေသလား ။ အခု သွား ကရမှာ က စားပွဲတင်နာရီ တော့ ပေါတယ် ဆိုတော့ ရယ်လိုက်တာ ။ မျက်စိပေါက် တောင် ပိတ်လု မတတ် ။ ပြီးတော့မှ ခပ်တည်တည်ကလေး နဲ့ ငါ ပြောတဲ့ နာရီ က သစ္စာ ဆိုတတ်တဲ့ နာရီ ဟဲ့ ။ အနုပညာ ကို မြတ်နိုး သလိုလို နဲ့ မင်းသမီး ကို သံယောဇဉ် စကား ပြောတတ်တဲ့ နာရီ ။ ပွဲ တစ်ပွဲ ကို တစ်လုံး ပဲ ပတ်ပြီး နောက်ပွဲ ကူးတဲ့အခါ ကျတော့ သံပတ်တွေ အလိုလို လျော့ သွားပြီး သံယောဇဉ်တွေ သံချေး တက်သွား တတ်တဲ့ နာရီ ဟေ့ ။ ကုန်းပတ် ပေါ် က ရယ် လိုက်တဲ့ ထို အသံတွေ ဟာ ရေဆန် ကို ကျုံး ရုန်း နေရတဲ့ သင်္ဘောစက်သံ ကို လွှမ်းလု နီးပါး ၊ နံဘေး က ခရီးသည်တွေ တောင် ဝိုင်း ကြည့်ကုန်ကြရဲ့ ။ လူရွှင်တော် ဦးလေး ကိုစက္ကူ က တောင် စာ ဖတ်နေရာက လှမ်းပြီး ဟိုကောင်မ နော် ၊ ငါ့ သမီးတွေ ကို အတတ်ကောင်း နည်းကောင်း တွေ သင်တန်း ပေး မနေနဲ့ လို့ လှမ်း ပြောတော့ နင် က နင့် လက်ကောက်ဝတ် ဖြူဖြူလေး ပေါ် က ရွှေရောင်နာရီလေး ကို မြှောက် ပြပြီး ဟိုကျရင် ဒါ ဝယ်မလို့ ဦးလေး ရေ ၊ တိုင်ပင် နေကြတာ ဆိုတော့ ဦးလေး ကိုစက္ကူ က အေးဟ ၊ ငါ့ လည်း တစ်လုံး ကောင်းလောက် ရှာပေးကြပါဦး လို့ စကား အစအဆုံး မသိဘဲ ဝင် ပြောတော့ ရယ်ကြရပြန် ရော ။
လှိုင်းသံ စက်သံတွေ က လည်း ဆူလို့ ညံလို့ ပါ့ ။
လက်ခုပ်သံ တွေ သြဘာသံတွေ ဆူညံ နေတယ် ။ နင့် သီချင်းဆို ကဏ္ဍ က လည်း ကောင်းတယ်လေ ။ မဆိုခင် မှာ နင် ပြောပြ မိတ်ဆက် နေတဲ့ စကားသံကလေး ကို က စွဲမက်စရာလေး ။ မိတ်ကပ် အလှ ၊ ကိုယ်နေဟန်ထား အလှ ၊ အရည်အသွေး ၊ အလှတွေ နဲ့ ပေါင်းစပ် လိုက်တော့ နာရီမ ရဲ့ ည ဖြစ်သွားတော့ မှာ သေချာ တယ် ။ ပွဲခင်း ကို ဝန်းရံ ထားတဲ့ လောင်းကစားဝိုင်း ပေါင်းစုံ က အော်သံ ဟစ်သံ တွေ က လည်း ပွဲခင်း ထဲ ကို တိုးခွေ့ ဝင်လာတတ်သေးရဲ့ ။ မှတ်မှတ်ရရ ငါ တို့ ဇာတ်ထောင် ဆရာကြီး မူးမူး နဲ့ ငွေလေးသောင်း နီးပါး နိုင်လာတဲ့ နေ့ လေ ။ တို့ တစ်ဇာတ်လုံး က လည်း ဝမ်းတွေ သာ လို့ ၊ ပျော်လို့ ဣန္ဒြေ မပျက်တဲ့ သူ ဆိုလို့ ဦးလေး ကိုစက္ကူကြီး ပဲ ။ သူ က တော့ မရယ်မပြုံး မျက်နှာကြီး နဲ့ အင်း ... ရလာ တာလေး အကောင်း မမှတ်နဲ့ ။ ကိုယ့် အိတ်ထောင် ထဲ ဘယ်လောက် ရှိသလဲ ဆိုတာ အလည် လာပြီး ကြည့်တာဗျ လို့ ပြောတာ ကို ဇာတ်ဆရာ ရဲ့ လူယုံတွေ က စိတ်ဆိုး ချင်ကြသေးတယ် ။ ဦးလေးကိုအုန်းပွင့် က တော့ သူ့ ထုံးစံ အတိုင်း မျက်ထောင့်နီကြီး နဲ့ စက္ကူ ကို စိတ် မဆိုးနဲ့ ။ ဒီကောင် က လောင်းကစား နဲ့ ဘဝ ပျက်တဲ့ အကောင် ။ ပြီးအောင် စောင့် ကြည့်ကြဦး ။ အေး ... အုန်းပွင့် တို့က တော့ နိုင် လာတဲ့ မုန့်ဖိုး လည်း မယူဘူး ။ ရှုံးတဲ့ အခါလည်း ညကြေး ကိုတော့ ငါးပြား မှ မလျှော့နိုင်ဘူး ။ ပြတ်ပြတ်ပဲ ။ ဒါ မူး နေတုန်း စကား ပြောထားတာ လို့ အော်ကြီးဟစ်ကျယ် ပြော နေလေရဲ့ ။
“ ဟဲ့ ကောင်မ ၊ ငါ တော့ နာရီ တစ်လုံး တွေ့ထားပြီ အေ ” ပြဇာတ် အပြီး နှစ်ပါး အတွက် အဝတ်အစားတွေ လဲ ၊ မိတ်ကပ် ပြန် ပြင်နေချိန်မှာ ရယ်သံ တစ်ဝက် နဲ့ ပြော လာတဲ့ ညည်း ကို ပြုံးပြီး ကြည့် ရင်း ...
“ ဘယ်မှာလဲ ... ဘယ်ကတဲ့ လဲ ”
ညည်း က တော့ မထီတရီ မဲ့ပြုံးလေး နဲ့ ပခုံး တွန့်ပြပြီး ...
“ ဒီ နာရီမျိုး က စက် သိပ် မမှန်တတ်ဘူး အေ့ ။ ဟောင်ကောင် နာရီမျိုး ။ ကစားဝိုင်း က နိုင် လာလို့ ငါ့ ကို ဆု ချရင်း မိတ်ဆက် သွားတာ ကစားသမား ဆိုတာ အခု သရဖူ ဆောင်းပေမယ့် တော်ကြာ သူတောင်းစား ဖြစ်သွားတတ်တာမျိုး ၊ ပုံမှန် အိတ်ထောင် မဟုတ်ဘူး ။ ဒါကြောင့် ငါ ခပ်မှန်မှန် ပဲ ဆက်ဆံ လွှတ် လိုက် တယ် ။ အခြေအနေ စောင့် ကြည့်ရဦးမယ်လေ ”
ညည်း ဝေဖန်တာ မှန် လိုက်တာ နာရီ မရယ် ၊ ကစားသမား ဆိုတာ အခု သရဖူ ဆောင်းပေမယ့် တော်ကြာ သူတောင်းစား ဖြစ် သွားတတ်တာမျိုး တဲ့ ဟုတ်တာပေါ့ ။ ဒုတိယည က စပြီး ဇာတ်ဆရာကြီး ရှုံး လိုက်တဲ့ အရှုံး ခွက်ခွက် ကို လန်ပါရောလား ။ ဆရာ အထိနာ တော့ တပည့်တွေ က နှာတင်း အရိုးအရင်း လောက် ရတဲ့ ညကြေးတွေ နဲ့ သွား ကစား ၊ နိုင် ခဏ ရှုံးတော့ ထာဝရ ။ ရွှေပေါင် ၊ ငွေချေး ပွဲကြေး တွေ ပါ အလွဲသုံးစား ပြု ဒီလိုနဲ့ ပွဲခွင် တစ်ခွင် ညကြေး မရှင်းနိုင် ၊ နောက် တစ်ခွင် ထပ်ကူး ၊ ထပ်ရှုံး အဲဒီမှာ တဖြည်းဖြည်း ပြုံး လာတာ က ဦးလေးကိုစက္ကူ ပဲ
“ ကိုင်းဗျာ ... ဘယ်နှယ့်ရှိစ ၊ ဧည့်သည် ကို နေရာ ပေးတော့ ခွေးကတက် ဆင်း အိပ်ရကိန်း ဆိုက်ပြီ မဟုတ်လား ။ ဒါကြောင့် ခဏ အလည် လာတာပါလို့ ပြောရက်နဲ့ ”
ဘယ်သူမှ မတုံ့ပြန်ရဲကြဘူး ။ အဘ စိန်ကျော်ရွှေ က ဆိုရင် “ အင်္ဂလိပ် ခေတ် ကစားဝိုင်းပွဲတွေ ကတည်း က ငါ မင်းသား က လာတာပါကွာ ။ ဘယ် သဘင်သည် မှ ဘဝ ကျွတ်အောင် နိုင်တယ် မကြားဖူးခဲ့ပါဘူး ။ ဖွတ် ဖြစ်ဖို့သာ နီးစပ် တာပါ ”
ဦးလေးကိုအုန်းပွင့် က တော့ ...
“ မီးလောင်တာ က ရောင်းစားစရာ မြေကွက် ကျန်ဦးမယ် ။ လောင်းကစား ဆိုတာက အဲဒီ မြေကွက် ပါ ၊ ဝါးစား ပစ်တာဗျို့ ။ ငွေ မျော ငွေ နဲ့ လိုက် ၊ ငွေ နဲ့ လိုက် ရုံ မကဘူး ။ အခု ဖိုးတွမ်တီး နဲ့ ပါ လိုက် ကုန်ပြီ ”
လက်ခံထားတဲ့ ပွဲခွင်တွေ ကုန် သွားပြီ ။ ပွဲကြေးတွေ က လည်း အဖွဲ့ ကို မရှင်းနိုင်ဘဲ ကုန်သွားပြီ ။ ဇာတ်ပစ္စည်း ၊ တီးဝိုင်း မီးခွင်တွေ လည်း ကစားဝိုင်း ဒိုင်တွေ ဆီ မှာ ကုန်သွားပြီ ။ ဇာတ်ထောင်ဆရာကြီး ကတော့ နောက်ပွဲ တစ်ပွဲ က ပေးကြပါ ၊ အဲဒီ ခွင်မှာ သူ အကုန်လုံး ပြေလည်အောင် ရှင်းပေးပါ့မယ် လို့ အစည်းအဝေး ခေါ်ပြီး လက်မှတ် ထိုးတယ် ။ အဲဒီ ပွဲခွင် ဆိုတာ ဆယ့်ငါးရက် လောက် နား ပြီးမှ က ရမယ့် ပွဲ ။ ရောက် နေတာ လည်း သုံးလ ကျော်ခဲ့ပြီ ။ ဇာတ်သမား လက် ထဲ မှာ လည်း စားလိုက် သောက်လိုက် ၊ ကစားလိုက် နဲ့ ငွေ မရှိ ။ အဲဒီ မြို့လေး က ဇာတ်ရုံအိုကြီး ထဲ မှာ ကုန်းခေါင်ခေါင် သောင် တင် သွားပြီ ။ နား တဲ့ ရက် မှာ ချက် စား ရာ ဆန်ဖိုး တောင် နတ္တိ ။
ဒါတွေ နင် အပြည့်အစုံ သိမှာမ ဟုတ်တော့ဘူး လေ ။ နင် က နာရီ အသစ်ကလေး တစ်လုံး ရသွားပြီ ကိုး ။
“ ငါ လေ ငါ့ ဘဝ မှာ ယောက်ျား တစ်ယောက် ကို အားကိုးတကြီး ချစ်ခဲ့ ဖူးတယ် သိလား ။ သူ့ အတွက် အိမ် က သဘော မတူတဲ့ ကြားက ဘဝပါ ပုံပြီး လက်ထပ် ခဲ့တာ ။ ငါ လည်း အငြိမ့်မင်းသမီး ဘဝ က ရာထူး ကျပြီး ဗလာဇာတ် ထဲ ရောက် လာခဲ့တာပဲ ။ နောက် တဖြည်းဖြည်း နဲ့ ရွှေကိုယ်တော် က ခွာမှန်း မသိ ခွာ တော်မူရာ သူက ငါ့ အောင်မြင်ကျော်ကြားမှု ကို မြတ်နိုး တန်ဖိုးထားတာ ကိုး ။ ငါ့ ကို ဗာလဇာတ် မင်းသမီး အဖြစ် လူပုံ အလယ် ထုတ် မပြရဲတဲ့ အချိန်မှာ သူ့ မေတ္တာ ၊ စေတနာ ဆိုတဲ့ ဥစ္စာတွေ က ဘာ အရာ ရောက်တော့မှာလဲ ။ ငါ က လည်း ထိပ် ချ မှ ဓားပြ မှန်း သိတာ ဟဲ့ ။ ဒါနဲ့ လူ များများ မသိခင် ကွာ ပေးလိုက်ပါတယ် ။ အဲဒီနောက် မှာတော့ ငါ အချစ် ဆိုတာ ကို ယုံကြည်ကိုးစားတဲ့ စိတ်ဓာတ်တွေ ကုန် သွားရော ။ တကယ်တော့ ယောက်ျား ဆိုတဲ့ သတ္တဝါ တွေ ဟာ ချစ် နေဖို့ပဲ ကောင်းတာ ။ ယူ ဖို့ တော့ မစဉ်းစားနဲ့ ၊ အမိ တို့ အိပ်ရာ ထဲ မှာ လူ ရှုပ်နေတာပဲ အဖတ် တင်တာမျိုး ”
နင့် အတွေး နဲ့ နင် တော့ မှန်မှာပေါ့ ဟယ် ။ ဒါပေမယ့် နင့် လုပ်ရပ်ကြီး ကို နံဘေး က ကြည့်ရတာ အန္တရာယ် ကြီးလွန်းလှတယ် ။ အခုပဲ ကြည့်တော့ လုပ်ငန်းရှင် အကျင့်ပျက်တာ ကို တော့ မပြောရဲကြဘူး ။ ရွှေရောင်စူပါကပ်ကလေး နဲ့ လှစ်ခနဲ လှစ်ခနဲ ပျောက် လိုက် ပေါ်လာ လိုက် နင့် ကို ဝိုင်းပြီး လက်ညှိုး ထိုး မေးငေါ့ နေ ကြပြီ ။ သူ က တော့ အကြိုက် တိုး နေတာပေါ့ တို့ ၊ ဒီလို နေချင်လို့ ဒီ ပွဲ ကို သူ ရှာလာတာလေ တို့ ၊ အို ... မလိုတမာ စကားတွေ နား နဲ့ မဆံ့တော့ပါဘူး ။ ပြောမယ့် သာ ပြောနေကြတာ သူတို့ အားလုံး စား ဖို့ ဆန် ၊ ဆီ နဲ့ ဈေးဖိုးတွေ ကို နင် က နင့် နာရီလေး ဆီ က နည်း အမျိုးမျိုး နဲ့ ကြိုးပမ်း ဖန်တီး ပေးနေတာ လည်း သူတို့ အသိ ။ ငါ တို့ ဇာတ်ဆရာကြီး နဲ့ တပည့်တွေ က အရှုံးသမား တို့ ထုံးစံအတိုင်း ကစားဝိုင်း ရှိရာ က ပြန် မှ မလာကြတော့တာ ။
“ မပူကြနဲ့ နော် ၊ ညကြေး သာ ရှင်း မပေးနိုင်တာ ။ ကိုယ့် လူတွေ မငတ် အောင် တော့ ကြံရဖန်ရ မှာ ။ ကိုယ့် ပွဲ ဆိုတော့ ကိုယ့် တာဝန်ပဲလေ ။ နောက်ဆုံး ကိုယ့် မြို့ ကိုယ် ပြန်နိုင်အောင်ထိ ဖန်တီး ရမှာပဲ ”
ဒီလိုနဲ့ မိုး ဖြိုင်ဖြိုင် ရက်တွေ ကို ရောက်မှန်း မသိ ရောက် လာခဲ့တယ် ။ လောင်းကစားရုံ မှာ စုန်းစုန်းမြုပ် နစ်တဲ့ ဘဝ ရောက် နေတဲ့ တို့ ဇာတ်ထောင်ဆရာကြီး အဖြစ် က လည်း ရင်နာစရာ ။ လောင်းကစားဒိုင် ကန်ထရိုက် ဆီ ကို တောင် ပစ္စည်းတွေ အားလုံး ရောင်းလိုက်ရတဲ့ ဘဝ ။ တီးဝိုင်းသမား တချို့လည်း ပြန် သွား ကြပြီ ။ ငါတို့ မပြန်နိုင်သေးတဲ့ လူစုက သာ ခါးပြတ်အငြိမ့်ပွဲကလေး က လိုက် ၊ အဆိုကလေး လိုက် လိုက် နဲ့ အသက်ဆက်နေရတုန်း ၊ နောက် က ရမယ့် ပွဲခွင် ကို မျှော်လင့် နေတုန်း ဗြုန်းဆို ကစားဝိုင်း အမိန့် မပေးတော့ဘူ ။ သက်ဆိုင်ရာ က တားမြစ် ဖမ်းဆီး လိုက်တော့ နင့် နာရီ (ယာယီ ) လေး လည်း ပါ သွားရော ။
“ ခက်တာပဲ ၊ ငါ့ လက်ဝတ်လက်စားတွေ က ဆရာကြီး ယူ ပေါင်ထားတာ ဆိုတော့ ဟိုပွဲ ရွေးပေး နိုး ၊ ဒီ ပွဲ ရွေးပေးနိုး နဲ့ ရက်တွေ လည်း ညောင်း နေပြီ ။ ပြီးတော့ နင့် မို့ ငါ ပြောရဦးမယ် ”
တိုးတိုးကလေး ကပ် ပြောလိုက်ပေမယ့် ငါ့ နား ထဲ မှာ ဗုံး ခွဲလိုက်သလိုပဲ ။ ငါ ရင်တွေ တုန် ခြေတွေ လက်တွေ တုန် နဲ့ ဖြစ်သွားပြီ ။
“ နင် အဲဒါ ဘယ်လို လုပ်မလဲ ဒုက္ခပါ ပဲ ”
“ အရပ်လက်သည် တစ်ယောက် လောက် ရှာရမှာပေါ့ ။ ဒီအတိုင်း တော့ ပြန် လို့ မဖြစ်ဘူး ။ ဟိုမှာ လည်း ငါ က စပေါ် ယူပြီးသား ”
“ ဒုက္ခပဲ နာရီမ ရယ် ။ အဖွဲ့ က မှ သောင်တင် နေတဲ့ အထဲ ”
“ ဟဲ့ မပူပါနဲ့ ။ နင်တို့ ကို ပြန် ပို့နိုင်အောင် ကြိုးစားနေတာပါ ။ ငါ့ ကိစ္စ သာ ”
ဦးဆောင် ခေါင်းရွက် အကျင့် ပျက်တာ နောက်လိုက် ငယ်သား ဆိုတာ က ဘာသား ထုထားတာမို့ ခံနိုင်မှာလဲ ။ လောင်းကစားဝိုင်း ဇယားကွက် ထဲ မှာ ငွေတွေ စည်းစိမ်တွေ တင် ရှုံး ရတာ မဟုတ်ဘူး ။ အကျင့် စရိုက်တွေ ၊ အနုပညာ သိက္ခာ တွေ ပါ ရင်းစား ပြန် မရစတမ်း စုန်းစုန်းမြုပ် ရှုံးရပြီလေ ။ မြစ်ကျဉ်း ရေစီး ထဲ မှာ အလိုက်သင့် မျောပါရင်း ခက်ခက်ခဲခဲ ဆန်တက် လာနေတဲ့ မော်တော်ကလေး တစ်စင်း ကို မြင် ရတော့ ဘ ဝတစ်ခု ရှင်သန်မှု အတွက် အသက် လု ရင်း ရုန်းကန် နေရ ရှာတဲ့ နင့် ရဲ့ သည်းထိတ်ရင်ဖို နေ့ရက်တွေ ကို ငါ မြင်ယောင် နေမိတယ် ။ ဝါဖျော့ဖျော့ အသားအရေ ၊ မကျွမ်းမကျင် အရပ်လက်သည် ရဲ့ အမှား ကြောင့် သွေးအား တွေ တစ်စ ထက် တစ်စ ဆုတ် ယူ လာရင်း ပြည့်ဖောင်းစိုအိ နင့် အလှတွေဟာ ရေစိုဝတ် ကို ညှစ်ချ လိုက် သလို ညှိုးချုံးနွမ်းရော် မျက်နှာလေး နဲ့ ငါ့ လက် ကို ကယောင်ကရမ်း ဆုပ်ကိုင်ရင်း မပီမသ ဝူးဝူးဝါးဝါး တွေ နင် အော်ဟစ် နေခဲ့တာ ။ ကျွမ်းကျင်တဲ့ ဆရာဝန် ရောက်လာချိန် ကျ တော့ ..
“ သွေးလွန် နေတဲ့အချိန် မှာ ငှက်ဖျားပိုး ဝင်သွားတာပါ ။ ကိုယ်ခံအား က နည်း နေတော့ ... ”
စကား ကို ရပ်ပြီး လူနာကို တွေတွေ စိုက် အကဲခတ် နေတဲ့ ဆရာဝန် မျက်နှာ ကို ကြည့်လိုက် ကတည်း က နင့် အနာဂတ် လုံးဝ အကျည်းတန် သွားပြီ ဆိုတာ ငါတို့ သိ လိုက်ရတယ် ။
“ မကစားကြပါနဲ့ ၊ မကစားနဲ့ ၊ မနိုင်တော့ဘူး ။ ပြန်မယ် ။ အားလုံး ပြန်ကြ မယ် ။ သင်္ဘောကြီး နေပါဦး ၊ မနိုင်တော့ဘူး ။ ငါ့ ကို ကယ်ကြပါ ၊ နင်တို့ နဲ့ အတူ ငါ ပြန်မယ် ၊ ငါ့ နာရီ နာရီလေး သင်္ဘောကြီး နေပါဦး ”
အော်သံ ၊ ဟစ်သံ ၊ အရုန်းအကန် အငိုအကြွေး တွေ ကြား မှာ နင် .. နင် အားလုံး ကို စွန့်ခွာ သွားခဲ့ပြီ ။ နင် ရှာပေးခဲ့တဲ့ ဆန်တွေ ၊ ဆီတွေ ငါတို့ မျိုလို့ ကျနိုင် ပါ တော့ မလား နာရီမ ရယ် ။ နင် လေ ငါတို့ အားလုံး ကို အနိုင် နဲ့ ပိုင်းသွားခဲ့ တာပါ ။ အားလုံး နင့် ရဲ့ အလောင်းကလေး ကို ပြင်ပြီး ဈာပန အတွက် စီစဉ် တိုင်ပင် နေကြ ခိုက် ဇာတ်ဆရာကြီး အရက်ခိုး ဝေနေတဲ့ မျက်နှာ နဲ့ ရောက် လာတယ် ။ သူ့ ရဲ့ နောက် မှာ လည်း ဧည့်သည် သုံးယောက် ပါ လာတယ် ။ ဇာတ်ဆရာ မျက်နှာ ပေါ် က ချွေးတွေ သုတ် ရင်း ...
“ ကဲ ... သေတဲ့ လူ လည်း သေ သွားပြီ ။ ဒီတော့ ဟောဒီ ဆရာတွေ က နာရီမ ရဲ့ ဈာပန ကို ကန်ထရိုက် ဆွဲချင်တယ်တဲ့ ။ မင်းတို့ သိတဲ့ အတိုင်းပဲ ။ နာရေး က လွဲရင် ကစား အမိန့် က မရတော့ဘူး လေ ။ အဲဒါ သူ့ နောက်ဆုံး ခရီးလည်း လှ သွား အောင် သူတို့ လည်း အကျိုးရှိ သွားအောင် ညှိကြရအောင် ကွာ ”
ဇာတ် တာဝန်ရှိ ပုဂ္ဂိုလ်တွေ စည်းဝေး ပြီး လက်ခံ လိုက်ကြတယ် ။ ငါးရက် နဲ့ ရက်လည်ဆွမ်း ကျွေးမယ့် ကုန်ကျစရိတ် ထိ သုံးသောင်း ရ သတဲ့ ။ နာရီမ ရယ် နင် ဟာ သေတာ တောင် သောင်းကျော် တန် နေတုန်းပါ လား ။ ငွေပေးငွေယူ လုပ် တော့ ဇာတ်ဆရာ က ...
“ ဒါ ဆွမ်းကျွေးစရိတ် ငါးထောင် ရော့ ၊ ကျန်တဲ့ ဟောဒီ နှစ်သောင်း ငါးထောင် က ငါ့ အရှုံးလေး ပြန် ဆယ်ဖို့ ”
“ ပေးစမ်း ”
ဦးလေးကိုအုန်းပွင့် ပိုက်ဆံ အထပ်လိုက် ကို ဆွဲ လုပြီး ငိုသံပါကြီး နဲ့ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျ ရင်း ...
“ မန္တလေး ပြန် ရောက်မှ သူ့ မိဘတွေ ကို ခင်ဗျား ပြန်ဆပ် ၊ ဒါ ... ဒါ ကျုပ်တို့ ဇာတ်အဖွဲ့ အပြန်စ ရိတ် ”
အသက် ကို တန်ကြေး ဖြတ်ပြီး တို့ ဇာတ် ကို စရိတ် ပေးခဲ့တဲ့ နာရီမ ရယ် ။ နင် သိပ် ကတိ တည်တာပဲ ။ ငါတို့ တွေ ကိုယ့် ဇာတိမြေ ကို ဝမ်းနည်းစွာ ပြန် ရောက် ကြရတော့မယ် ။ ဆူညံ နေတဲ့ သင်္ဘောစက်သံ တွေ ကြား မှာ ငါ က တော့ နင့် အသံ စူးစူးကလေး ကို ကြား နေ ရတုန်း ။
“ မကစား နဲ့ မနိုင်ဘူး ၊ အားလုံး ပြန်ကြမယ် ။ သင်္ဘောကြီး နေပါဦး .. မကစားကြနဲ့ ... သင်္ဘောကြီး .. ရေ .. ”
◾ ချစ်စရာ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၇၁
စက်တင်ဘာလ ၊ ၁၉၉၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment