❝ လွမ်းသလား မေပျို ❞
ကိုအောင်မြင့် ကို ချစ်သလား မမေးနဲ့ ၊ မချစ်ဘူး ။ ဒီလို လူမျိုး ကို သာ ချစ်ခဲ့ရင် ဒီ က သိမ့် ခုလောက် ရှိ သားသမီးတွေ တော်တော် စုမိ ဆောင်းမိ ဖြစ်နေလိမ့်မည် ။ သို့ရာတွင် ကိုအောင်မြင့် က သိမ့် ထက် ဆယ်နှစ် ပိုပို သာသာ ကြီး ပါသည် ။
“ ကျွန်တော်က ခုထိ အားကစား ကို ဝါသနာ ပါတုန်း ပဲ ၊ ငယ်ငယ် က တော့ ဘတ်စကက်ဘော ကစား ခဲ့ တယ် ။ နောက်ပိုင်း ခြင်းလုံး ကစား သေးတယ် ။ လွန်ခဲ့တဲ့ ငါးနှစ် လောက် က စပြီး တင်းနစ် ရိုက်တယ် ၊ ခုတော့ ပိန်ပေါင် ပဲ ကစား ဖြစ်တော့တယ် ။ ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့ အားကစားနည်းတွေ ပြောင်း ကစား ခဲ့ တာ ကို ပြန် တွေး ကြည့်တော့ တဖြည်းဖြည်း အသက် ကြီးလာတာ နဲ့ အမျှ အားကစား ပစ္စည်း ဖြစ်တဲ့ ဘောလုံး အရွယ်အစား ဟာ ဘတ်စကက်ဘော က နေ ပိန်ပေါင် အထိ သေးလာတာ ကို တွေ့ရတယ် ။ ဪ ... လူ ဆိုတာ ဟာ အသက်ကြီး လာ ရင် ငယ်တာလေးတွေ ကို ပို သဘောကျတတ် ပါလား လို့ ခုမှ တွေးမိလာတယ် ဗျာ ”
မိမိ ရှေ့ မှာ ပင် ထိကပါး ရိကပါး စကား ပေါက်ပန်းဈေးတွေ ဆို လာ သည် ။ သိမ့် က လည်း ရာဇဝင် နှင့် သိမ့် ပါ နော် ။ ဘယ်တုန်း က မှ ဘာကိစ္စ နှင့် ဖြစ်ဖြစ် သိမ့် အရှုံး ပေးရရိုး ထုံးစံ မရှိခဲ့ ။
“ ဘကြီးအောင် .. နောက်ဆို ပိန်ပေါင် မကစားတော့ ဘဲ ငယ်မူ ပြန် ပြီး ဂေါ်လီလုံး ကစား ဖို့ ပဲ ကျန်တော့တယ် ”
ကိုအောင်မြင့် ကို အသက် ကြီး မှန်း သိသာ အောင် “ ဘကြီးအောင် ” ဟု သိမ့် က ဦးစွာ ခေါ်ခဲ့သည် ။ တစ်ရုံး လုံး က လည်း သိမ့် ခေါ် သလို “ ဘကြီး အောင် ” ဟု ခေါ်လာကြသည် ။
ကိုအောင်မြင့် ဆိုသည့် လူ က ဘကြီးအောင် အမည် ကို ပင် သဘောကျ နေ သေးသည် ။ “ သိမ့် က စပြီး ချစ်စနိုး ခေါ်လို့ သူ က သဘော ကျတာ တဲ့ ” ဟု တစ်ရုံး တည်း နေ လုပ်ဖော်ကိုင်ဖက်များ က ပြောနေ ချိန် တွင် “ ဘကြီးအောင် ” အခေါ် က နှုတ်ကျိုး နေပြီ ။ သိမ့် အောင့်သက်သက် နှင့် ပင် “ ဘကြီးအောင် ” အခေါ်အဝေါ် ကို ပြင် မရမှန်း သိ၍ ဆက် ခေါ် နေရ တော့သည် ။
“ ဟုတ်လိမ့်မယ် ။ သိမ့် ပြော သလိုပဲ နောက်ဆို ဂေါ်လီလုံးလေးတွေ ကစားချင် စိတ် ပေါ်လာလေ မလား မပြောတတ်ဘူး ”
ရိုး ပါ့ ၊ အ ပါ့ သူ့ ကို အပြစ် ပြော ပြောမှန်း မသိ ။ ရွဲ့ ရွဲ့မှန်း မသိ ။
“ ဒါဆို ဘကြီးအောင် ငယ်မူပြန် ဖို့ နီးပြီ ပေါ့ ”
“ ငယ်မူ ငယ်သွေးလေး တွေ ပို သဘောကျ လှ ပေါ့ သိမ့် ရယ် ။ သိမ့် လည်း ငယ်ငယ်လေး ရှိသေးတယ် နော် ”
“ ဘာပြောတယ် ”
“ ဟာ ... မဟုတ်ပါဘူး ၊ ကျွန်တော် ပြောတာက ရိုးရိုး ပါ ။ သိမ့် က အသက် ငယ်သေးတာ ကို ငယ်သေးကြောင်း ပြောမိတာပါ ”
ပျာပျာသလဲ တောင်းတောင်းပန်ပန် ပြောလာ တော့ လည်း သိမ့် ဘာ ပြောသာတော့မည်နည်း ။ ဘကြီးအောင် က ဝယဝုဒ္ဓိ သာ မဟုတ်သေး ။ ဂုဏဝုဒ္ဓိ အရ လည်း လေးစားရမည့် သူ ဖြစ်နေသည် ။ သူ က သိမ့် အထက် အရာရှိ ။
••••• ••••• •••••
“ ဖိုင် တွဲတယ် ဆိုတာ လည်း နည်းစနစ်ကျန ဖို့ တော့ လိုတယ် ၊ ခုလို အထက် အောက် ရက်စွဲ အစီအစဉ် အလိုက် စာ တွဲတာ ကို စာအုပ် သဖွယ် စာ တွဲနည်း လို့ ခေါ်တယ် ၊ အောက် က အထက် ရက်စွဲ ပြောင်းပြန် စာ တွဲနည်း ဆိုတာက ဟောဒီ လို ပုံစံမျိုး ၊ ရင်ကွဲ စာ တွဲနည်း ဆိုတာ လည်း ရှိသေးတယ် ”
“ ရင်ကွဲ စာ တွဲနည်း တော့ သင်မပေးပါနဲ့ မမ ”
“ အံမယ် ... ဘာဖြစ်လို့ လဲ ”
“ ကျော်ကျော် ရင်ကွဲ မခံနိုင်လို့ ပါ ”
လာ .. လာချည်သေး ၊ လူ က ငယ်ငယ် ၊ အရွယ် က နုနု ၊ ခုမှ နှစ်ဆယ် ကျော် ရုံ ပဲ ရှိဦးမည် ။ ငယ်သေး လို့ နားမလည်တာ ကိုး ဟု သွား အထင် မသေးနဲ့ ။
ဒီလောက် က တော့ ဖြစ်မှာ ပေါ့လေ ။ တက္ကသိုလ် မှာ လေးနှစ် လောက် ပညာ သင်ခဲ့ရတာပဲ ။ ပညာတွေ စုံရောပေါ့ ။ သိမ့် က တော့ စာပေးစာယူ နှင့် ဘွဲ့ ယူခဲ့တာ မို့ ကျော်ကျော် လောက် ပညာ မစုံနိုင်ပါ ။
ရုံး တွင် ခိုင်းလို ရာ ခိုင်းပါ ဟု သူ့ အဖေ က လာ အပ် သောကြောင့် ကျော်ကျော် မလည်မဝယ် ပုံစံ ဖြင့် ရုံး ရောက် လာသည် ။ ကျော်ကျော် တို့ မိဘမျိုးရိုး က ကုန်သည် မျိုးရိုး ။ ကျောင်းပိတ် ထားတုန်း သူ့ သား စိတ် လေမည် စိုး၍ စည်းလေးကမ်းလေး နှင့် နေတတ်ရန် လုပ်အားပေး အမည် ခံ ကာ ကလေးထိန်း လာ ခိုင်းပုံ ရသည် ။
ရုံး ဆိုတာ က လည်း သာမည နှင့် တော့ မဝင်ဆံ့ နိုင် ။ သင်တန်း အတွေ့အကြုံ ၊ လုပ်ငန်း အတွေ့အကြုံ နှင့် ပေါင်းစပ် မှ ရုံးလုပ်ငန်း က အံဝင်ခွင် ကျ ဖြစ်နိုင်ပေသည် ။ တစ်လ နှစ်လ လုပ်အားပေး ရုံ နှင့် တော့ ရုံးလုပ်ငန်းခွင် ထဲ အံဝင် မည် မဟုတ်ပေ ။ သာမန် စာပို့ ခိုင်းတာ စာကူး ခိုင်းတာ ၊ ဇယားပုံစံ ချခိုင်းတာ လောက် ပဲ ရှိမည် ။
ကျော်ကျော် ကို တော့ သိမ့် စေတနာ အရှိသား ။ အသားဖြူဖြူ ၊ လူပုံချောချော မို့ စေတနာ ရှိချင်စရာ လည်း ကောင်းသည် ။ ကင်ဇို နှင့် ဂျင်းဘောင်းဘီ အမြဲ ဝတ်နေ ကျ က ရုံး အရှိန် ဖြင့် ပုဆိုး နှင့် တိုက်ပုံ ပြောင်း ဝတ်လာသော ကပိုကရို ဟန်လေး က အမြင် ဆန်း စေသည် ။ အရောဝင်စွာ နေတတ်သည့် ကျော်ကျော် အပြော ၊ ကျော်ကျော် သဘောထား က အပျိုကြီး သိမ့် ၏ နှလုံးသား ကို တံခါး လာ ခေါက်သည် ။ ရေလာ ကောင်း အောင် မြောင်း သွယ်သည် အထိ တော့ သိမ့် က နှုတ်လျှာ မရဲ ။
ဘကြီးအောင် နှင့် ဆို လျှင် သိမ့် က အငယ် ၊ မှားမှားမှန်မှန် နှုတ်ရဲ ၊ လျှာရဲ ပြော နိုင်သည် ။ ကျော်ကျော် နှင့် ကျ တော့ သိမ့် က အကြီး ပြောတာ ဆိုတာ နေတာ ထိုင်တာ က အစ ထိန်းထိန်းသိမ်းသိမ်း ရှိ လာ ရသည် ။
“ ကျော်ကျော် ဘွဲ့ရ ပြီး ရင် ရုံး မှာ အလုပ် ဝင် မလို့ လား ”
“ ဖေဖေ က တော့ အရောင်းအဝယ် ပဲ လုပ်ခိုင်း မှာ ပါ ၊ ကျော်ကျော် က အရောင်းအဝယ် ဝါသနာ မပါဘူး မမ ရဲ့ ၊ ဒါကြောင့် ရုံး မှာ လုပ်အားပေး ချင်တယ် လို့ အတင်း ပူဆာခဲ့တာ ၊ လုပ်အားပဲ ပေးရမယ် ၊ အမြဲတော့ မလုပ်ရဘူး ဆိုတဲ့ သဝဏ်မှတ်ချက် နဲ့ မမ တို့ ရုံး ကို ရောက် လာတာပါ ၊ အောင် စာရင်း လည်း မထွက်သေးတော့ ဘာ လုပ်ရမှန်း မသိသေးပါဘူး ”
“ ရုံး မှာ ကြာ လာ ရင် ကျော်ကျော် ငြီးငွေ့ သွားမှာ ပါ ”
“ တခြား ရုံး ဆိုရင် တော့ ငြီးငွေ့မှာ သေချာတယ် ”
“ မမတို့ ရုံး ကျတော့ ဘာဖြစ်လို့ လဲ ”
“ မမတို့ ရုံး မှာ က မမ ရှိတယ်လေ ”
“ ဟော ၊ သူ ပဲ အပြော ကောင်း ”
ဘကြီးအောင် တုန်း က တော့ သိမ့် က အလည် ၊ သိမ့် က အနပ် ။ ကျော်ကျော် နှင့် ကျ မှ သိမ့် က ခပ်တုံးတုံး စာရင်းဝင် ဖြစ် သွားသည် ။ ရင်တုန်ပန်းတုန် ဖြစ်လို့ ။
“ ဪ ... သိမ့် က ခုတော့ ပိန်ပေါင်ဘောလုံး ကစားဖို့ ကြံစည် နေပြီကိုး ”
ကျော်ကျော် နှင့် အရောတဝင် နေသည် ကို ဘကြီးအောင် က နေစိမ့် ဟန် မတူ ။
“ ဘာတွေ လာ ပြောတာလဲ ၊ ဘာ ပိန်ပေါင် မှ မကစားဘူး ”
သိမ့် အငေါ်တူး လိုက်တော့ လည်း “ ရယ်စရာ ပြောတာပါဗျာ ” ဟု မျက်နှာ ညိုညို ဖြင့် ပြော ကာ ရှောင်သွား လေသည် ။
••••• ••••• •••••
ရုံးစာ တစ်ထပ်ကြီး ထဲ ပါလို ပါငြား လိုက် ရှာသည် ။ သိမ့် ရှာ သော စာ က မပါမြဲ မပါ ။ ရုံး သို့ စာ ဝင် လာတိုင်း သိမ့် က ခုလို ရှာမြဲ ။ ရှာ တိုင်း လည်း မပါမြဲ ။
ကြာတော့ သိမ့် ကိုယ့် လိပ်ပြာ ကိုယ် မလုံတော့ ။ အထူးသဖြင့် ဘကြီးအောင် ရှိ နေ လျှင် ပို၍ မလုံခြုံ ။ ဘကြီးအောင် ကို များ အရေးစိုက် လို့ ။ စိတ် ကို သာ တင်းရသည် ။ ဘကြီးအောင် များ ကြည့် နေ လေ မလား ဟူ သော သံသယ ဖြင့် ဘကြီးအောင် ဘက် တလှည့် ကြည့်ကြည့် လုပ်မိသည် ။ ဘကြီးအောင် ပင် တစ်မျိုး တစ်မည် တွေးပြီး သူ့ ကိုယ် သူ အထင်ကြီး လောက်သည် ။ ငါကွ .. ငါကွ ဟု လက်မ ထောင် ၊ ခေါင်း မော့ ၊ ရင် ကော့ နေ မှ ဖြင့် ။ သိမ့် အတွေး နှင့် သိမ့် တပြုံးပြုံး ။
“ သိမ့် ဘာ ရှာနေတာလဲ ”
“ ဟဲ့ ... သောက်ပလုတ်တုတ် ” ဟု အော်မိတော့ မလို့ ။ ဘကြီးအောင် အကြောင်း တွေးရုံရှိသေး ၊ ဘကြီးအောင် က အနား ရောက် လာသည် ။
“ အရေးတကြီး လုပ်ရမယ့် စာများ ပါသလား လို့ ”
ချော် လဲ ရော ထိုင် ၊ အဆင်ပြေ သလို ကြည့် ပြော လိုက်ရသည် ။
“ ရပါတယ် ၊ ကျွန်တော် ကြည့် စီစဉ်လိုက်ပါ့မယ် ၊ ဒါနဲ့ ဟို .. ကျော်ကျော် ဆိုတဲ့ ကောင်လေး ဆီ က စာ ကော မလာဘူးလား ”
ကိုယ့် ကိုယ် ကို လုံလှပြီ အထင် ဖြင့် ဣန္ဒြေ ဆင် ကာ မှ မလုံသည့် အိုး မို့ တုတ် မိုးရုံ ဖြင့် ကွဲချေပြီ ။ ဘကြီးအောင် လည်း ရိပ်စား မိ မှာ ပါပဲလေ ။ သိမ့် အရိပ်အခြည် ကို မပြတ်တမ်း ကြည့် နေ သူ ပဲလေ ။
“ ဘာလို့ လာရမှာလဲ ”
သိမ့် က မာနကြီး တစ်ခွဲသား နှင့် တင်းမာစွာ ဆို လိုက်သည် ။
“ ဒီလိုပါ ၊ ကျော်ကျော် က သိမ့် ကို ခင်တယ် မဟုတ်လား ၊ ကောင်လေး ကွယ်လီဖိုင်း ဖြစ်ပြီး ဂုဏ်ထူးတန်း ဆက် တက် နေတော့ မာကြောင်း သာကြောင်း လေးများ ရေး မလားလို့ ပါ ”
“ ကျော်ကျော် က သိမ့် ကို ဒီလောက် ခင်တာ မဟုတ်ပါဘူး ဘကြီးအောင် ရယ် ”
သိမ့် လေသံ က အင်အား မဲ့ နေသည် ။
ကျော်ကျော် ဆိုသည့် ကောင် ၊ ပြော တုန်း က တော့ မိုးလား ကဲလား ။ အိမ် က ကျောင်း ဆက် တက်ပါ ဆိုလို့ သာ တက်ရတာပါ ၊ ကျော်ကျော် က မမတို့ ရုံး မှာ ပဲ ပျော်တယ်လေး ဘာလေး နှင့် ယုံအောင် ချွဲ သွား သေးသ ည် ။ ခုဆို ကျော်ကျော် တက္ကသိုလ် ရောက် နေတာ သုံးလ တောင် ပြည့် တော့မည် ။ စာကလေး တစ်စောင် ရေးဖော် မရ ။
“ ကျွန်တော် တော့ ဝမ်းသာတယ် ”
“ ဘာ ဝမ်းသာတာလဲ ”
အရင်း မရှိ ၊ အဖျား မရှိ ဝမ်းသာကြောင်း ပြော လာတော့ သိမ့် မကျေနပ် ၊ သူများ စိတ်ဆင်းရဲရ တာ ကို သူ က ဝမ်းသာ သတဲ့ လား ။ သွားစမ်းပါ ။
“ ဪ ... သိမ့် လည်း ကျွန်တော် ခံစားရ သလို ခံစားတတ် လာ လို့ ဝမ်းသာ မိတာပါ ”
“ ဘာမှ မခံစားရဘူး ၊ မဆိုင်တာ လာ မပြောနဲ့ ”
“ သူများ ကို တော့ လိမ်လို့ ရချင် ရမယ် ၊ ကိုယ့် ကိုယ် ကို တော့ လိမ်လို့ မရပါဘူး သိမ့်ရယ် ” ဟု ပြော ကာ သူ့ စားပွဲ ရှိ ရာသို့ ရုံးစာတွေ ယူ ပြီး ထွက် သွားသည် ။ သိမ့် နှုတ်ခမ်းတစ်လံ ပန်းတစ်လံ ဖြင့် ရန် မတွေ့ ဖြစ် ။
ဘာကြောင့် ရယ် မသိ ။ အသက် ဆယ်နှစ် ကျော် ကွာခြားသည် ဆိုသော် လည်း မပြတ် ကစား နေ၍ လား မပြောတတ် ။ သိမ့် နှင့် ရွယ်တူ လို ဖြစ် နေသော ဘကြီးအောင် ကို “ ဘကြီးအောင် ” လို့ ခေါ်ရမှာ ပထမဦးဆုံး အကြိမ် အဖြစ် အားနာ လာ မိသည် ။
◾ခြိမ့်သဲ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာလ ၊ ၁၉၈၉ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment