အခန်း - ၁၉
တောင်ကြည့် မြောက်ကြည့် နဲ့ အမိန့်ရ အရက်ဖြူဆိုင် အဲလေ မှား လို့ ချိန်ကီးအပေါင်ဆိုင် မှ ဗလ သုတ်သီးသုတ်ပြာ နဲ့ ထွက် လာပြီး ဈေး ရဲ့ ထောင့်စွန်း တစ်နေရာ မှာ ငွေတွေ ကို ပြန်ရေတွက် နေစဉ် ..
“ ဟဲ့ ဖြူဖြူ ဟိုမှာ ကိုဗလ မဟုတ်လား ”
“ ဘယ်မှာလဲ ဟဲ့ ”
“ ဟာ နင် က လည်း ကန်းလိုက်တာ ... နင် တွေ့ ချင် ရင် လမိုက်ည တောင် လူလုံး သဲကွဲတဲ့မျက်လုံး ... ဟောဟို မတရုတ်မ ငရုတ်သီးမှုန့်ဆိုင် ထောင့် မှာ ပိုက်ဆံတွေ နဲ့ .. ”
“ ဪ ... အေး .. အေး ... ကုပ်ချောင်းချောင်း နဲ့ ဘာတွေ လုပ် ... ဟယ်တော် လက် ထဲ မှာလည်း ပိုက်ဆံတွေ နဲ့ ..”
“ ငါတို့ ဆိုင် က များ လာ .. လာ ”
ကမန်းကတန်း ပြေး အထွက် ခရမ်းသီးဗန်း ကို ဝင် တိုက်မိ သွားသည် ။ တောင်းပန်ချိန် မရလိုက် ဗလ လွတ်သွားမည် စိုး သဖြင့် ဈေးသည် က ...
“ ကောင်မတွေ ဈေးဗန်း တစ်ခုလုံး တောင် မမြင်ဘူး ...”
ခရမ်းသီးတွေ လိုက် ကောက် ထည့် ရင်း ...
“ တွေ့ ပါစေတော် ... ခရမ်းသီး လို လူမျိုး နဲ့ ခရမ်းသီး တောင် ရိုးရိုး မဟုတ်ဘူး ... ပိုး ထိုးပြီး ချက်စား လို့ မရတဲ့ လူမျိုးနဲ့ တွေ့ပါစေတော် ”
ဗလ က ရေတွက် ပြီး တဲ့ ပိုက်ဆံ တွေ ခါးပိုက်ထောင် ထဲ အထည့်
“ ဟိတ် လူကြီး ... ဒါ ဘာလုပ်တာ လဲ ”
ပခုံး ပုတ် ပြီး ဆွဲ လှည့် လိုက် သဖြင့် ဗလ လန့် သွားပြီး ...
“ ဟင် ... ဆောင်းဟေကို ... ဖြူဖြူကျော်ကု,လား .... နင် .. နင်တို့ .. ဘာ .. ဘာလာလုပ် ”
“ အံမယ် ... အဲဒီ စကား က ငါတို့ မေးရမှာ ... နင် က ယောက်ျားကြီး တန် မဲ့ ... ဒီ ဈေး ထဲ ဘာလာလုပ်တာလဲ ! ကဲပြော ”
“ ဟို .. ဟိုလေ .. ဘာ ခေါ်မလဲ .. အမေ့ တွက် .. ခရမ်းသီး ... အဲလေ ”
ဖြူဖြူကျော်ကု,လား က ဆတ်ခနဲ ဗလ ရဲ့ ခါးပိုက်ထောင် က ပိုက်ဆံတွေ ဆွဲ ယူ လိုက်ပြီး ..
“ ခရမ်းသီး ဝယ်မယ့် ပိုက်ဆံတွေ က များလှချေလား ... မှန်မှန် ပြောစမ်း ဗလ ... နင် ဒီ ပိုက်ဆံတွေ ဘယ်က ရတာလဲ ”
ဗလ ကတုန်ကရင် နဲ့ ချွေးတွေ လည်း ပျံ ။ ဘာ ပြောလို့ ဘာ ပြောရမှန်း မသိ ။ လက်ညှိုးတထိုးထိုး အထစ်ထစ် အငေါ့ငေါ့ ။ ဆောင်းဟေကို က ပိုက်ဆံတွေ ရေတွက်ရင်း ချိန်ကီးရဲ့ ဘောင်ချာ ကို တွေ့ သွား တယ် ။
“ ဟဲ့ ဗလ ... ပိုက်ဆံတွေ မနည်းပါလား ... ဘာလဲ ... အရောင်းအဝယ် လုပ်မလို့လား ... ဒါမှမဟုတ် နင့် ဟိုဘက် ရွာ က အုန်းသီး တို့နဲ့ ပေါင်းပြီး ဖဲရိုက် မလို့ မဟုတ်လား ”
“ နင် ... နင် ... တော်တော် အကျင့်ပျက် နေပါလား ဗလ ရယ် ... ငါ နင့် ကို အထင်ကြီး ထားတာတွေ အလကား ပဲ ..”
ဖြူဖြူကျော်ကု,လား က ရုပ်ရှင်ဗီဒီယို ထဲ က မင်းသမီး အိုက်တင် နဲ့ ခြေရော လက်ရော ရှုပ်ယှက်ခတ်ပြီး ခါး ထောက် ကာ ...
“ ဟဲ့ .. ပြောလေ ဗလ ... ငါ နင့် ကို ဆက်ပြီး အထင် ကြီးရမလား ... အထင် သေးရမှာလား ”
ပိုက်ဆံတွေ ရုတ်တရက် လှမ်း ယူ လိုက် သဖြင့် ပုဆိုး က ကျွတ် မလို ဖြစ်သွား သဖြင့် ကမန်းကတန်း လက် ဖြင့် ထိန်းရင်း ထွက်လာ သော ချွေးတွေ ကို ပုဆိုး နဲ့ ပြန် သုတ်ရင်း ပြောရ ကောင်း မလား ၊ မပြောရ ကောင်း မလား ၊ ဗလ စဉ်းစား လိုက်တယ် ။ ဒီအတိုင်း အမှန်မပြော ရင် ဗလ ကို လုံးဝ အထင်သေး တော့မယ် ။ ပြောပြန်ရင် လည်း တစ်ဖက် မှာ သိက္ခာ ကျ တော့မယ် ။ အို ကမ္ဘာ မီးလောင် သားကောင် အကင် လုပ်စား ပဲ ။ မိမိ ရဲ့ကိုယ်ကျင့်တရား ကို တော့ အထိခိုက် မခံနိုင် ။ ဒီတော့ ...
“ အေး ... နင်တို့ ညီမ နှစ်ယောက် လုံး ရှေ့ မှာ ငါ မှန်တာ ဝန်ခံမယ် ... ဒါပေမဲ့ ဒီ စကား ဒီမှာပဲ ပြီးပါစေ ...”
ဆောင်းဟေကို တို့ ညီအစ်မ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်ပြီး ပြိုင်တူ ခေါင်း ညိတ်လိုက်သည် ။ ဗလ က တောင်မြောက်လေးပါး လျှောက် ကြည့် ပြီး ဆောင်းဟေကို ရဲ့ ပါးနား ကို ဖြည်းဖြည်း ကပ် သွားတော့ ဆောင်းဟေကို က ရုတ်တရက် လန့် သွားပြီး ..
“ ဖြန်း ... ဖြန်း ”
ကျယ်လိုက်တဲ့ အသံ ပြောင်လိုက်တဲ့ လက်သံ ဈေးသွား ဈေးလာတွေ က အမှတ်မထင် လှည့် ကြည့် ကုန်တော့သည် ။
“ ဟာ အမလေးဗျာ ”
ငါးပေါင်တူ နဲ့ များ ထုလိုက် သလား မှတ်တယ် ။
“ ဆောင်းဟေကို နင် ငါ့ ကို ဘာလုပ်တာလဲ ! ”
ဖြူဖြူကျော်ကု,လား က ရင် ကို ကော့ တင် ကို နောက် ပစ် ခါး ထောက် ပြီး ...
“ ပါး ရိုက်တာလေ ... ပါး ရိုက်တာ မမြင်ဘူးလား ”
“ ငါ က ဘာလုပ်လို့ ပါး ရိုက်တာလဲ ဟဲ့ ”
ဗလ ရှက် လည်း ရှက် ၊ ငိုသံပါကြီး နဲ့ ပြန် မေးတော့ ဆောင်းဟေကို က ...
“ နင် ဘာလို့ ငါ့ ပါး ကို လာ နမ်းလဲ ! ”
“ ဟာ ဒုက္ခပါပဲ ဟာ ... နင့် ပါး ကို နမ်းချင် မှ ဖြင့် ဒီလို နေရာမျိုး မှာ နမ်း မလားဟဲ့ ... ကောက်ရိုးပုံ ဘေး နမ်းမှာပေါ့ ”
“ ဟင် ဒါဖြင့် ခုနက ဘာ ... ဘာလုပ် ... ”
ဗလ စကား ဆုံးအောင် မစောင့်တော့ ...
“ ပတ်ဝန်းကျင် ကြားသွားမှာ စိုးလို့ဟေ့ ... ပတ်ဝန်းကျင် ကြားမှာ စိုးလို့ ... ငါ့ ပါး အရိုက်ခံ ... ဒင်းတို့ ကြောင့် ... ဘယ်သူတွေ သိသိ မသိသိ ငါ ပြောမယ်... ဒီမယ် အဲဒီ ပိုက်ဆံတွေ ဟာ ဦးမျက်ပြူး တို့ သားအဖ ပိုက်ဆံ ”
ညီအစ်မ နှစ်ယောက် အံ့ဩစွာ နဲ့ တစ်ယောက် ကို တစ်ယောက် ပြန် ကြည့်ဖြစ်ပြန်သည် ။
“ ဟုတ်တယ် ... တခြား လူတွေ သိမှာ စိုးလို့ ဟဲ့ ... ငါ့ ကို ပေါင် ခိုင်းတာ ... သူတို့ ဆိုင် အရင်းပြုတ်တော့မယ် ... ငါ့ ကို ဘယ်သူမှ မပြောပါနဲ့ လို့ အတန်တန် မှာ ထားလို့ ... ငါ မပြောဘူး .. ခု ပါးရိုက် ခံရလို့ ပြောပြတာ ... ဆိုင် မှာ လာ ပေါင်ပေးခ ရတာ နည်းနည်း ရယ် ... ပါးရိုက် ခံရတာနဲ့ မကာမိဘူး ... သွားမယ် ”
ဗလ က ငိုသံ တစ်ဝက် ၊ ဒေါသ တစ်ဝက် နဲ့ ထွက်ခွါ သွားတော့ မှ ဖြူဖြူကျော်ကု,လား က ..
“ ဟုတ်သားပဲ နင် က လည်း မမေးမစမ်း နဲ့ အရမ်း တွယ်လိုက်တာ ကိုး ... သနားပါတယ် ဟယ် ... ဗလ တော့ ”
ဆောင်းဟေကို က “ နင် သနားတာ ငါ သိပါတယ် ” ဆို တဲ့ မျက်နှာ နဲ့ ပြန် ကြည့်ပြီး တစ်စုံတစ်ခု ကို သတိရ သွားတယ် ။
“ အဲ .. အဲတော် .. ဗလ .. ဗလ ”
လှမ်း ခေါ်မယ် အလုပ် ... ဖြူဖြူကျော်ကု,လား က
“ ခုမှ လှမ်း ခေါ် မနေနဲ့ ကောင်မ ... နင့် လင် က ရွာ ထဲ ပြန် ရောက် လောက်ပြီ ”
“ ဒုက္ခပါပဲ ... ဘယ်လို လုပ်ရပါ့ ... ဒီမှာ ပိုက်ဆံတွေ ကျန်ခဲ့ပြီ ”
ဒီတော့မှ ဖြူဖြူကျော်ကု,လား က
“ ဟယ် ဟုတ်ပါ့တော် ... ဘယ်နှယ့် လုပ်ကြမလဲ ! ... ငါတို့ ကိုယ်တိုင် သွား ပေးလို့ သင့်တော်ပါ့မလား ”
ဆောင်းဟေကို က ...
“ ဘယ် ပေးလို့ ဖြစ်မလဲ ... သူတို့ သားအဖ ရှက်သွားမှာ ပေါ့ ... လူ မသိစေချင်လို့ ဗလ ကိုလွှတ်တာလေ ... အင်း ... နေဦး ဒီလို လုပ်မယ်ဟာ ”
ဆောင်းဟေကို က ဖြူဖြူကျော်ကု,လား ရဲ့ပါး နား ကို ကပ်မယ် အလုပ် ...
“ ဟင်း ... ညီမ ချင်း မို့ ပါး မရိုက်ပါဘူး ... ပြော မှာ သာ ပြော ”
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment