Friday, March 29, 2024

နဂါးပွက်အိုင် က ဈာပန


 ❝ နဂါးပွက်အိုင် က ဈာပန ❞ 


တစ်ချိန်က ကျုပ်တို့ ဆီ မှာ ဖြစ် ချင် ရာ ဖြစ် မောင်ဘချစ် လို့ ခေတ်စား ခဲ့ ဖူးတယ် မို့ လား ။ အခု ကျုပ် ကို လည်း ဒီ မြို့သစ် ရောက် မှ ပြော ချင် ရာ ပြော မောင် ဘချော လို့ ဘွဲ့ချီးမြှင့်ကြသဗျ ။


•••••   •••••   •••••


“ သူခိုးဗျို့ ၊ သူခိုး .... သူခိုး ”


အော် ပြန်ပြီ ။ တစ်လ တစ်ခါ လောက် ကြားရတဲ့ အသံကြီး ။ အစ က တော့ ကျုပ်တို့ အော်သံ ကြားတဲ့ သူ့ အိမ် ဘက် တုတ်ဓားတွေ နဲ့ အပြေးအလွှား ရောက်ခဲ့ဖူးတယ် ။


“ ဘယ်မလဲ ၊ ဘယ်မလဲ ၊ ဘယ်ပြေးလဲ ” မေး ကြတော့ သူ့ ဆိုင်ကယ် ကို လာ ချောင်းတာတဲ့  ။ အခု သူခိုး က တောင် ပြေးသလို မြောက် ပြေးသ လို လို မရေမရာ ။ နောက်တစ်ခါ အော်ပြန် တော့ လည်း အိပ်ချင်မူးတူး နဲ့ ကျုပ်တို့ ရောက်ကြပြန်ရော ။ သူ့ ကြက်ခြံ လာ ကပ်တာတဲ့  ။ လူသံတွေ ကြား မှ ထွက်ပြေး တာ တဲ့  ။ တောပြော တောင်ပြော ။


သုံးခါ လောက် ကျတော့ ကျုပ် စိတ် ထဲ သရိုးသရီ ဖြစ် လာပြီ ။ ရောဂါ ရောဂါ ။ ဒီ ရောဂါ ဘယ်လို ကုရပါ့မလဲ စဉ်းစား ရင်း မြို့ ထဲ ဆိုင်ကယ်ပြင်ဆိုင် က သူ့ ယောက်ဖလေး ကို နည်းမျိုးစုံနဲ့ ချဉ်းကပ် ပြီး အစ်အောက် လိုက် မှ ဆေး တွေ့ တော့တယ် ။


ဖြစ်ပုံက ဒီလို ။ ကျုပ်တို့ မြို့သစ် ကို စီမံချက် နဲ့ မီတာ ၁၅ လုံး ချပေး တယ် ။ ငွေကြေး တောင့်တင်းတဲ့ သူ တွေ အပြေးအလွှား လျှောက် ကြတာ သူ လည်း


ထိပ်ဆုံး က ပေါ့ ။ ဒါပေမဲ့ ဗျာ ... ဥစ္စာ ရင် လို ဥစ္စာ ရင် ခဲ မဟုတ်ဘူး ။ သူများ တွေ တစ်စောင် ၃၀၀၀ ကျပ် နဲ့ လာ တင် နေကြတာ ။ သူ က လူလည်ကြီး လုပ်ပြီး ရ မှ နှစ်ဆ ပေးမယ် ဆို သလိုလို နဲ့ ဝယ် ထားတယ် ။


ကျုပ် က လည်း သုံးထောင် ဒင်ဒင်မြည် တဲ့ ၁၅ ဦး ပဲ တင်ပေး လိုက် တော့ သူ ဟပ်ကော့ကြီး ကျန် ခဲ့ရော ။ အဲဒီမှာ ရောဂါ စ တာပဲ ။ သူများ အိမ်တွေ မီး လင်းတာ ကြည့်ပြီး မအိပ်နိုင် ၊ မစားနိုင် ။ သူ့ အိမ် မီး မရှိလို့ ၊ မှောင် လို့ သူခိုး ကပ်တယ် ။ သူ့ လျှောက်လွှာ တင် ပေးမှ ရပ် မတဲ့  ။ မဟာစီမံချက် နဲ့  ။ လမိုက်ည တွေ မှာ “ သူခိုး ... သူခိုး ” လို့ ဉာဏ်ကြီးရှင် က အော် ပေတာ ကိုး ။


နောက်တော့ သူ အော် ချင် အော် မသွားတော့ဘူး ။ ကျုပ် အိမ်ရှေ့ ချိတ် ထားတဲ့ သံချောင်း ကို ဒေါင်ခနဲ တစ်ချက် ( ငါ ကြားတယ်ဟေ့ ဆို တဲ့ အဓိပ္ပာယ် ပေါ့ ) ထု ပြီး ပြန် အိပ်လိုက်တာပဲ ။


“ ခွေးလို မိုက်တဲ့ ကောင် အိပ်ရေး ပျက်တယ် ”


•••••   •••••   •••••


လာပြီ လာပြီ ။ သူ ပြန် လာပြီ ။ ဒီကောင် မူးပြီး ပြန်လာရင် သိပ်သိ သာတယ် ။ ပါးစပ်က “ ဒေါက်ဝှီး ... ဒေါက်ဝှီး ” နဲ့ တစ်လမ်းလုံး အော်လာတာ ။


“ ဘေးဖယ် ဘေးဖယ် ၊ ကိုးရိုးကားရား မလုပ်နဲ့  ။ တိုက်ပစ်မယ် ။ ဒေါက် ဝှီး .. ”


သူ က သာ ဘေးဖယ် ခိုင်းနေတာ ။ တစ်လမ်းလုံး ပြည့်အောင် တရွတ် တိုက် နေတာ သူ ။ တစ်နေကုန် ထီစက်ဘီး နဲ့ လမ်းတကာ လှည့် နေရတာ ဆိုတော့ သူ့ စိတ်ကူး ထဲ ဆိုင်ကယ်လေး နဲ့ များ ရွာရိုးပတ် ချင် နေပလား မသိ ။


ညနေ တော့ ပင်ရင်း ဆိုင်ကြီး ကို စက်ဘီး ရော ၊ ငွေ ရော အပ်ပြီး ဘသားချော က မြို့ တောင်ဘက် တံတားထိပ် က ဆိုင် မှာ အဖြူရည်လေး နဲ့ နှပ် တော့တာ ။ ကျုပ် အိမ်ရှေ့ ရောက်ရင် လီဗာ တင် လိုက်သေးတယ် ။ 


“ ဂွီး .. ဂွီး .... ဝေါ ... တိုက်သတ်ပစ်မယ် ” တဲ့ ။


“ အင်း ... အကုသိုလ် ကြီး လိုက်တာ ။ ဒီလို သတ္တဝါမျိုး ကျတော့ ဘယ် ခလုတ် မှ မတိုက် ။ ဘယ် ခွေး မှ မကိုက်ပါလား ”


ကျုပ် သက်ပြင်းပူကြီး သာ မှုတ် ပြီး သည်းခံ နေရတော့တယ် ။ တော်ကြာ မူးကြောင် ရူးကြောင် နဲ့ မြို့သစ် ဓမ္မာရုံ ဆောက် ဖို့ ခတ် ထားတဲ့ အသားဝင်းခြံ က အသား တစ်ချောင်း ဆွဲဖြုတ် သွားဦးမယ် ။ ဟိုကောင် မြင်းလှည်း မောင်းတဲ့ ငသောင်း က လည်း နေ့ခင်း သူ့မြင်း ကို ရေချိုး ပေးပြီး ရင် အဲဒီ ဝင်းတိုင် မှာ ချည် တယ် ။ ဖြုတ်ချိန် ကျ တော့ ကြိုး မဖြေတော့ဘူး ။ ‘ ဟဲ့ ... မြင်း ’ ဆို ရိုက်တော့ အသားချောင်း တစ်ချောင်း ပါ သွားပြန်ရော ။ ထင်းကိစ္စ ကို ပညာ ပြပြီး ဖြေရှင်း နေကြတာလေ ။ ကျုပ် သိ တာ ပေါ့ ။ 


အခု လည်း လုပ်ပြန်ပြီ ။


“ ဆိုးတဲ့ ကောင် လည်း ထွက်ခဲ့ ၊ ချောတဲ့ ကောင်လည်း ထွက်ခဲ့ ၊ အကုန် ရိုက်ခွဲပစ်မယ် ” ဆိုပြီး ဝင်းခြံ က အသား တစ်ချောင်း ဆွဲခွာ လိုက်ပြန်ပြီ ။ ဘာမှ မဆိုင်ဘူး ။ ချောတဲ့ ကောင် ဆို တာ ကျုပ် ကို ဒဲ့ ချဲ တာလေ ။


“ ဟာ ... ဒီ မ ... တော့ သေချင်နေပြီ ” ဆိုပြီး ကျုပ် ဝင်းထရံ ကို ဝါးတုတ် နဲ့ ဘုန်း ဆို တစ်ချက် ရိုက် ၊ မိုက်သံ ပေး လိုက်မှ သူ့ အသံ လည်း ငြိမ် သွား တော့တယ် ။ အသားတစ်ချောင်း က တော့ ပါ သွားလေရဲ့ ။ ဒီလိုနဲ့ ဓမ္မာရုံ လည်း အကောင် အထည် ပေါ်ဖို့ ဝေးပါပြီ ။


 •••••   •••••   •••••


ဓမ္မာရုံ ဆိုလို့ အဲဒီ ဓမ္မာရုံ နေရာ မှာ ကပ် နေတဲ့ အကောင်းစား ပုဂ္ဂိုလ်ကြီး အကြောင်း ပြောရဦးမယ် ။ သူ လည်း ပဲ အစ က သုံးလုံး မှာ ဆရာကြီး ပေါ့ ။ ဘယ်လောက်များ အဲဒီ ဆရာ နာမည် ကြီး လိုက်သလဲ ဆိုရင် ဘီဘီစီ က တောင် သုံးလုံး ပေါက်ချင်တာများ ကျွန်တော် တို့ ဆီ လှမ်း မေး မနေပါနဲ့  ။ အဲဒီ ဦးထူး ဆီ သွား မေးပါလို့ ငေါ့တော့တော့ အညွှန်း ခံရဖူးတာပ ။


ဒီလိုနဲ့ သုံးလုံးထူး ဆိုပြီး ဟိုးဟိုး ကျော် ၊ မြောက်ကားကြီး ဖြစ် ၊ ကံ ရား နဲ့ သူ ဘ တစ်ပြန် ၊ ကျား တစ်ပြန် သ,တ်လိုက်ကြတာ နောက်ဆုံး တော့ ဒင်း ... ချို နဲ့ သားရေ ပဲ ကျန်တဲ့ အချိန် နှစ်လုံး က ခေတ်စား လိုက်ပြန်ပါရောလား ။ အဲဒီမှာ ထပ်ပြီး ရေကုန်ရေခန်း ကြမ်းလိုက်တာ အိမ်တိုင် ပါ ချွတ် ရတဲ့ ကိန်း ဆိုက်ကရော ။


သူ လည်း သုံးလုံးထူး ကနေ နှစ်လုံးရူး ဆိုပြီး ဘွဲ့သစ် ရ သွားတယ် ။ အဲ ဒီလို မြို့ ထဲ က အိမ် ကုန်တော့ ကျုပ်တို့ မြို့သစ် က သူ့ အစ်ကို ဝိုင်း ထဲ ဇွတ် ဝင်ပြီး တဲ ထိုး နေတာလေ ။ ဟို အစ်ကို က လည်း ဒင်း ပေးမယ့် အစား ရပ်ကွက် ဓမ္မာရုံ အတွက် လှူတယ် ဆိုပြီး လှူ လိုက်တော့ သူ့ တဲလေး ဖယ် ခိုင်းရတာ တစ်ဖက် ၊ ဝင်းခြံ ချိုးတာတွေ စိတ် ကုန်တာ တစ်ဖက် နဲ့ ကျုပ် တော့ ပြန်တောင် အမ်း ချင်မိတယ် ။


“ တွင်းတူး မိုက်တဲ့ ကောင်တွေ ဒါမျိုးတော့ မသနားပေါင် ဗျာ ။ မြေကြီး ဟက်တက်ကွဲ ပြီး မျိုသွားကြ စမ်းပါစေ ”


•••••   •••••   •••••


ကွန်ပျူတာခေတ် ရောက် ကာ မှ နတ်တွေများ ပို တိုး လာလေသလား မသိပါ ဘူး ။ ပေါလိုက် တဲ့ နတ်ပွဲ တွေ ။ ထီ ပေါက် လို့ ၊ ချဲ ပေါက် လို့ ၊ စာမေးပွဲ အောင် လို့ တွေ နဲ့ နတ်မင်္ဂလာဆောင် ၊ နတ်မွေးနေ့ ၊ နတ်စစ်ထွက် ၊ နတ်ရေချိုး ၊ စုံ မှ စုံ ။ နတ်ပွဲတွေ သာ အရပ် လေးမျက်နှာ ပြောင်း သွားမယ် ။ နတ် အဆိုတော် က တော့ ဒင်း အသံပဲ ။ မိစံ လေ ။


‘ အောင်စေ ပိုင်စေ ’ နဲ့ စမယ် ။ ‘ ချစ်အားငယ်ရသူ ’ တို့  ၊ ‘ ဘဝချင်းဆုံ တွေ့ပါ ရစေ ’ တို့ က နေ ဇော်ပိုင် ရဲ့ ‘ မင်း နဲ့ မှ ချစ်တတ်ပြီပေါ့ ’ တို့ ၊ သဲနု ဆည်းဆာ ရဲ့ ‘ တုံတတုံ တုံ ’ ကို မြူးမြူးကြွကြွ ကူး ၊ နောက်ဆုံး မှ ‘ မောင့်အချစ်မြား ’ တို့  ၊  ‘ မနက်ဖြန်မှ ဆက် ၍ ငိုမယ် ’ တို့ နဲ့ ချွဲချွဲပျစ်ပျစ် ပိတ်မယ် ။ ဒီ ကြား မှာ ကျုပ် မကြားဖူးသေးတာတွေ အများကြီး ပါသေးတာ ။ မွန်းလွဲ ၂ နာရီ လောက် က နေ ည ၁ဝ နာရီ လောက် အထိ နန်းစတော့ ဗျာ .. ဆိုလိုက်တဲ့ အဆို ။ ဒီ ကြား မှာ အတီးပိုဒ် ထဲ ကို “ ကိုယ်တော် ရေ ... ကိုယ်တော် ရေ ” လို့ ကုန်း အော် လိုက်သေးတယ် ။ “ ဟေ့ .. ဟေ့ ... ဟေ့.. ဟား ... ဟား .. ” ဆိုတာတွေ အော် သေးတာ ။ သူတို့ ချင်း တော့ ဟန် ကို ကျလို့  ။ မိစံ က က မယ့် နတ်ကတော် အသက်အရွယ် ကြည့်ပြီး သင့်တော်မယ့် သီချင်း ဆို ပေး ရတာကိုး ။ တစ်ယောက် နဲ့ တစ်ယောက် သီချင်း မထပ်အောင် ဆိုနိုင်တာ တွေ ပါရမီ ထူးပါပေ့ ။


ထားပါတော့ ။ နတ်ဆိုင်းသံ ကြား ရ ရင် သူ့ သီချင်းသံ ကြားရတာ မဆန်းပေမဲ့ တစ်မြို့လုံး ဘယ်က မှ ဆိုင်းသံ မကြားရဘဲ ညနေ ဆို သူ က ဖြီးလိမ်း ပြင်ဆင်ပြီး ကော့ကော့မော့မော့ နဲ့ ထွက် သွားလိုက် ၊ မနက်ကြီး မှ စီးကရက် လက်ကြားညှပ် ပြီး ဆိုက်ကား နဲ့ ပြန် လာလိုက် နဲ့ မျက်နှာ ပြောင် လှချည်လား ။


“ ဆရာချော နိုးပလား ” တဲ့ ။ တစ်ခါတလေ ကျုပ် စောစော ထ တဲ့ နေ့ နဲ့ တိုး ရင် နှုတ်ဆက် သေးတာ ။


“ အေးဟေ့ ၊ တို့ က ခုမှ ပိုက်ဆံရှာ ထွက်ရမှာ  ” လို့ ရွဲ့ အော် မိတော့ မိန်းမ က ...


“ တော်ဟာလေ မကြီးမငယ် နဲ့ ” လို့ ငြူစူ ခံရတယ် ။ အလကား  ... စုတ်မလေး ။ ဒင်းကြောင့် ရွာ နာတယ် ။ တစ်ခါတလေ မန္တလေး ထိုးမုန့် ၊ လမုန့် ထုပ်လေး တွေ ဝင်ပေးတတ်တဲ့ မျက်နှာ ကြောင့် သာ ကြည့် နေရတာ ။ တစ်နေ့ မှ ကျော်ဇောမှု နဲ့ ကို ဆွဲစိ ခိုင်းရဦးမယ် ။


•••••   •••••   •••••


ဒီ ည ကတော့ အမင်္ဂလာ ည ပါပဲ ။


နေဝင်ရီသရော ကတည်း က အဲဒီ ချောင် က ရန်ဖြစ်သံ ၊ ဆဲသံ ၊ ဆိုသံ ၊ ခွေးဟောင်သံတွေ ကြားနေ ခဲ့ရတာ ။ တော်ကြာ ငြိမ် သွားလိုက် ၊ ခဏနေ ပြန် ကြား လိုက်ရနဲ့ ပြီးတယ် မရှိဘူး ။ ည ၉ နာရီ လောက် ကျတော့ အဲဒီ ဘက် က ပဲ စီခနဲ တစ်ချက် ကြား လိုက်ရပြီး မကြာဘူး ကျုပ် အိမ်ရှေ့လမ်း အတိုင်း ငသောင်း မြင်းလှည်း အပြေး မောင်း လာတာ တွေ့ ရတာပဲ ။


“ ဗျို့ ... ဆရာချော ၊ ဒီမယ် လှရီ ကို သူ့ ယောက်ျား က ဓား နဲ့ ထိုးလို့ ဆေးရုံ ကို သွားပို့မလို့ ဗျို့ ” လို့ ကုန်း အော် သွားတယ် ။ တိုင်တာလား ၊ သတင်းပေးတာလား ၊ ဘာမှ အကျိုးအကြောင်း မမေးလိုက်ရတာ ။ နောက် က စက်ဘီး နဲ့ လိုက်လာတဲ့ တစ်ယောက် ကို မေး ကြည့်မှ လှရီ က သူ့ ယောက်ျား ငပွေး ကို မိစံ နဲ့ မပတ်သက် ဖို့ ပြောရာ က ရန်ဖြစ်ကြတာ တဲ့ ။ ဟိုကောင် က လည်း မငြင်းတဲ့ အပြင် ယောက်ျား ကောင်း ရင် မောင်း ထောင်း သလိုပဲ လို့ အယုတ္တ အနတ္တတွေ ကြွေးကြော်ပြီး ထွက် သောက်ပြန် သတဲ့ ။ အဲဒီက အပြန် တစ်ချီ တစ်မောင်း ဖြစ်ကြပြန် တော့ အဲဒီ ကော င် က လှရီ ကို ဓား နဲ့ ထိုးတာ တဲ့ ။ အခု အဲဒီ ကောင် လည်း အရက်ပုလင်း ခါးကြား ထိုးပြီး ထွက်သွား ပြီ တဲ့ ။ ကောင်းတယ် ၊ သိပ်ကောင်းတယ် ။


ပြောတော့ ဘချော ပြောတယ် ဖြစ်ဦးမယ် ။ လှရီ က ပြိတ္တာပုံ ပေါက် နေတဲ့ ဝပြဲမ ၊ လင်တရူးမ ။ ဟို မိစံ က လည်း မော်ဒယ်လ်မ ၊ ဆတ်စလူးမ ။ အင်း .. ဆိုက်ကား နင်း ရင်း ကြက်သင့်ပြီ ထင် ပါရဲ့  ။ ဖြစ်ကြစမ်းကွာ ။ နောက်ဆုံး လှရီ လည်း ဓားထိုး ခံရလို့ သေ ။ ဟိုကောင် လည်း အန်ဖတ်ဆို့ သေ ။ မိစံ လည်း အေ့စ် နဲ့ သေ ။ အားလုံး သေ ကုန်ကြအေးတာပဲ ။


ဘယ်လို ရေစက် ကြောင့် ဘယ်လိုဟာ တွေ နဲ့ ကြုံရ ဆုံရ တယ် မသိ တော့ဘူး ။ မြို့သစ် ဆိုတာ ဒီလိုပဲ ။ လူမျိုးစုံ ၊ စရိုက်စုံ တွေ့ကြရ မှာ တော့ အသိသား ။ အခုတော့ ထင်တာ ထက် ပွဲကြမ်း နေကြပါရောလား ။ ပြော ကို ပြောရဦးမယ် ။


“ ငါ ရင် လည်း ဘုန်းကြီး ဝတ်ပါမှ ၊ ဒါမှ မဟုတ် ဒင်းတို့ ရင် လည်း ဆူနာမီ တောဝါ နဲ့ ပါသွားမှ ၊ ဒီ ဒုက္ခတွေ က ဝေးတော့မယ် ” ကျုပ် စိတ်ကုန် ကုန် နဲ့ မေတ္တာ ပို့ နေ တုန်း ဆိုင်ကယ်ရပ်သံ နဲ့ အတူ


“ ဗျို ...ဆရာချော ၊ အိပ်ပလား ၊ တံခါး ဖွင့်ပါဦး ” တဲ့  ။ ည ၁၂ နာရီ လော က် ရှိနေပြီ ။ ဟင် .. သူခိုး ၊ သူခိုး အော်တဲ့ လူ အသံ ပဲ လို့ သိလိုက်ရတာ နဲ့ ကျုပ် ခေါင်းကြီး သွားမိတယ် ။ ဘာ ထွင်လုံးတွေ လုပ်လာပြန်ပြီလဲ မသိ ။


ကျုပ် အိမ်ရှေ့ ထွက် ပြီး ...


“ ကဲ .. ဆိုစမ်းပါဦး ၊ ဘာကိစ္စလဲ ” ခပ်ငေါက်ငေါက် မေး လိုက်တော့


“ ဟို ... လှရီ ရဲ့ ကလေး တက် နေလို့ ။ အဲဒါ သေဖို့ များ တယ် ။ ခင်ဗျား လိုက်ကြည့်ဦး ” တဲ့ ။


“ ရော ... ဘယ်လိုဖြစ် ရပြန်တာတုံး ”


“ မသိဘူးဗျာ ။ နေမကောင်း တာ ဘယ်နှရက် ရှိမှန်း မှ မသိတာ ။ အခု သူ တို့ အိမ်နား က ဖွားတင့် က ပြောခိုင်း လိုက်လို့ ”


“ ဖြစ်ရလေဗျာ ။ ဟို အရက်သမား နဲ့ လင်တရူးမ က လည်း ကိုယ့် ကလေး ကို ဒီလောက် ပစ်ထားကြရသလား ”


သူတို့ ရပ်ကွက် ထဲ ရောက် တော့ လှရီ တို့ အိမ်ကလေး ထဲ က ဖယောင်းတိုင် မီး မှိန်မှိန် အောက် မှာ မိန်းမကြီး နှစ်ယောက် က ထိုင် လို့ ။ သူတို့ အနီး စောင်စုတ် တစ်ခု ပေါ် မှာ သုံးလေးနှစ် အရွယ် ကလေး တစ်ယောက် က ပိုးလို့ ပက်လက် ။


ကျုပ် အသာ ထိုင်ပြီး ကလေး ကို စမ်း ကြည့်တယ် ။ တစ်ကိုယ်လုံး သွေး ဆုတ်လို့ အေးနေပြီ ။ မျက်ဖြူ လည်း လန် နေပြီ ။ ပါးစပ် မှာ အမြှုပ် ကလေးတွေ စီးကျ နေတယ် ။ သိလိုက်ပါပြီ ။ ကျုပ် လုပ်စရာ တစ်ခုပဲ ရှိ တော့တယ် ။ ဒါကြောင့် ဟို လူ့ ဆိုင်ကယ် နဲ့ ပဲ အိမ် ကို အမြန် ပို့ခိုင်း ၊ ဘုရား စင်ပေါ် တင်ထားတဲ့ မတ်စေ့ တစ်စေ့ ယူပြီး ပြန် ခဲ့ကြတယ် ။


ကျုပ်တို့ ပြန် ရောက်တော့ ကလေး ကို နှစ်လုံးရူး က ပွေ့ချီ ထားတယ် ။ ကလေး ခေါင်းရင်း မှာ မိစံ က ထိုင်ပြီး ဘာတွေ တိုင်တည် ရွတ်ဖတ် နေတ ယ် မသိဘူး ။ ယိမ်းထိုး လို့ ။ အိမ်ရှေ့ မှာ လည်း ဒေါက်ဝှီး က ငပွေး ဆိုက်ကား ဆွဲလာဟန် တူရဲ့ ။ ဆိုက်ကား ပေါ် မှာ ခေါင်း ငိုက်စိုက် ။ ကျုပ် ဆုံးဖြတ်ချက် ကို စောင့် နေကြဟန် ပါပဲ ။


ကျုပ် ကလေး ကို ပြန်ချ ခိုင်းလိုက်တယ် ။ လှုပ်တယ် ဆိုရုံကလေး လူပ်နေတဲ့ ရင်ဘတ်ကလေး ပေါ် ကို မတ်စေ့ကလေး အသာအယာ တင်ပြီး ဗောဇ္ဈင်္ဂသုတ် ကို ရွတ် နေလိုက်တယ် ။


“ သံဝတ္ထန္တိ အဘိညာယ 

နိဗ္ဗာနာယ စ ဗောဓိယာ

ဧတေန သစ္စဝဇ္ဇေန

သောတ္ထိတေ ဟောတု သဗ္ဗဒါ ”


သိသင့်သမျှ သိမြင်ရန် လည်းကောင်း ၊ သစ္စာလေးပါး တိုင်အောင် ထိုးထွင်းသိမြင်ရန် လည်းကောင်း ၊ နိဗ္ဗာန်မျက်မှောက်ပြုရန် လည်းကော င်း ကောင်းစွာ ဖြစ်ထွန်းစေ၏ ။ ဤသစ္စာ စကား ကြောင့် သင့် အား အခါ ခပ်သိမ်း ဆင်းရဲလွတ်ကင်း ၊ ချမ်းသာခြင်း ”


ကျုပ် ရွတ်ဖတ် မပြီးခင် မှာ ဘဲ သူတို့ အိမ် နောက်ဖေး ကုက္ကိုင်ပင် မည်းမည်းကြီး ပေါ်က ဂီးခနဲ ငှက်ဆိုး တစ်ချက် ထိုးတယ် ။ ဘာမှ မကြာ ဘူး ။ ကလေး ခမျာ မေးလေး တစ်ချက် ထိုး ပြီး ငြိမ် ကျ သွား ရှာပြီ ။


သူတို့ မျက်လုံးတွေ က ကလေးငယ် အပေါ် မှာ အဓိပ္ပာယ် မဲ့ စူးစိုက် နေကြပေမဲ့ သူတို့ ရင် ထဲ မှာ လှုပ်ရှား နေကြလိမ့်မယ် ။ သူတို့ မှာ ပြောစရာ စကားတွေ ရင် နဲ့ အပြည့် ရှိနေမှာ ပဲလို့ ထင်တယ် ။ ကျုပ် မှာ လည်း ဆိုစရာ ဆဲစရာ တွေ ရင် ထဲ မှာ လျှံထွက် နေပြီ ။


တော်ပြီလေ ။ ဒီအချိန် မှာ ကလေး ရဲ့ ဝိညာဉ်လေး အေးအေးချမ်းချမ်း သွားပါစေတော့ ။ မင်း ရဲ့ အဖေ နဲ့ အမေ ကိုယ်စား နှုတ်ဆက် လိုက်ပါတယ်ကွယ် ။


မနက်ဖြန် ငပွေး ကို အချုပ် ထဲ သွား တွေ့ ၊ လှရီ ကို ဆေးရုံ မှာ သွား တွေ့ ၊ နောက်ပြီး ဒီ မိဘမဲ့ ဈာပနလေး ကို ... ။


◾မွန်းဇူး


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      အမှတ် ၁၉ဝ

      စက်တင်ဘာလ ၊ ၂ဝဝ၅ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment