Sunday, March 17, 2024

နှလုံးသား ပျော်ရည်စီးကြောင်း အောက် က ကျောက်ဖြစ်ရုပ်ကြွင်း


 ❝ နှလုံးသား ပျော်ရည်စီးကြောင်း အောက် က ကျောက်ဖြစ်ရုပ်ကြွင်း ❞


“ အမ ခင်ဗျား ဗျာ ကျုပ် မျက်နှာ မထောက်ရင် တောင် တီလေး နဲ့ မရီလေး တို့ မျက်နှာတော့ ထောက်ဖို့ ကောင်းပါတယ် ခုတော့ဗျာ ၊ ဒီ အရွယ်ကြီး မှ ကျောင်းသွား ဥပုသ် ယူ တရားလေး ဘာလေး အားထုတ်မယ် မရှိဘူး မြေးတွေ ရ မှ များ အမ ရာ ခင်ဗျား ဗျာ .. ခင်ဗျား ” 


“ ဟေ့ ဘယ်သူ့ မျက်နှာ မှ ထောက်စရာ မရှိဘူး မင်းတို့ အဖေ မရှိတာ ငါးနှစ် ကျော်ပြီ ၊ ငါ့ ကို မင့် ဆန် တစ်ခွက် ပို့ ဘူးလား ၊ ရီလေး က ရော ငါ့ ဟင်း တစ်ခွက် ပို့ ဘူးလို့လား ၊ ငါ နေမကောင်း နေတော့ တစ်ရပ် ထဲ နေတဲ့ တီလေး က ရော ငါ့ ပရုပ်ဆီလေး တောင် လာ လူးပေးလို့လား ၊ ငါ့ လက် နဲ့ ငါ့ ခြေ လုပ်ကိုင် စား နေ ရတာ ဘယ်သူ က ငါ အဆင် ပြေရဲ့လား တစ်ချက်လေး လာ ကြည့်ကြလို့တုန်း ၊ မင်းတို့ လည်း မင်းတို့ မိသားစု နဲ့ ကိုယ့် အရေး ပဲ အရေးကြီး နေ ကြတာလေ ၊ အဲ့တော့ ငါ့ လည်း မင်းတို့ ပူစရာ မလိုဘူး ၊ ငါ့ လည်း မင်းတို့ လှည့် မကြည့်တဲ့ အတူ ဘာ ထူးပြီး ငါ က မင်းတို့ မျက်နှာ ကြည့် နေရမှာလဲ ၊ သွားကြ တစ်ယောက် မှ မလာခဲ့ကြ နဲ့ ၊ ငါ့ အမေ မတော်ချင် လည်း ရတယ် သွားကြ ” 


ခက်ထန် နေသော အမ မျက်နှာ ကို ကိုစိုးတင့် စိတ်ပျက် လက်ပျက် ဖြင့် ကြည့် လိုက်သည် ။ ထိုင် ရာ မှ ထ ကာ ကု,လားထိုင် ကို တွန်းထိုး ထားခဲ့ပြီး ဆိုင်ကယ် လီဗာ ကို အသံ မြည်အောင် တမင် ပြုလျက် မောင်း ထွက် လာခဲ့တော့သည် ။


အမေ မို့ သာ ပ ။ မရီလေး ဆိုရင် ကို သည်နေရာ တွင် ပင် သူ ရိုက်ခွဲ ပစ်မိ မှာ သေချာသည် ။ ဆိုင်ကယ် စီး လာရင်း ပင် အမ အကြောင်း သူ ပြန် စဉ်းစားမိသည် ။


 •••••   •••••   •••••


သူတို့ နယ်ဘက် တွင် တော့ အမေ ကို အမ ဟု သာ ခေါ်ကြသည် ။ သူတို့ မောင်နှမ သုံးယောက် တွင် မရီလေး က အကြီးဆုံး ၊ သူ နှင့် မရီလေး က ၅ နှစ် မျှ ကွာသည် အငယ်ဆုံး က တီလေး ။ တီလေး က သူ့ ထက် ၃ နှစ် ငယ် သည် ။ အဖေ ရှိစဉ် ကတည်း က သူတို့ သားအဖတွေ ကို အမ က ဝတ်ကျေ တန်းကျေ ဆိုသည် ထက် မပိုခဲ့ ။ သူတကာ သားအမိ တွေ လို သူတို့ မောင်နှမ အပေါ် အမ ရဲ့ ဆက်ဆံရေး က မနူးညံ့ လှ ။ အမ ဟု ခေါ် လျှင် ပင် ထူးချင် မှ ထူးသည် ။ လှည့် ကြည့်ရုံ ဆို လျင် ပင် ဂရုတစိုက် ရှိလှပြီ ။ သူတကာ ကလေးတွေ လို အမ ရင်ခွင် ထဲ ခေါင်း တိုးခွေ့ ဖို့ မဆိုထား နှင့်


“ အမ ဗိုက် ဆာပြီ ဘာဟင်း ချက်လဲ ” မေး လျှင် ခူးခပ် ပြီး ထမင်းပွဲ ပြင်ပေး သွား ခဲ့ကာ လူက တော့ တော်ရာ သွား ထိုင် နေ တတ်သည် ။ တစ်ခါ တစ်ရံ သူတို့ ကို အမ မွေး တာ ဟုတ်ရဲ့လား ဟု ပင် သံသယ ဝင် မိသည် ။ သူတို့ မောင်နှမ သုံးယောက် ကို အမ ချစ်ရော ချစ်ခဲ့ရဲ့လား မသိ ။


အမ က ချစ်တာ ကို ထုတ်ဖေါ် ပြဖို့ ဝန် လေး တာလား ၊ တကယ် ပဲ မချစ်တတ် တာလား ။ အမ ကို သူ နားမလည်ခဲ့ ။ အမ သည် မချစ်တတ် ရုံ မဟုတ် ပြုံး လည်း မပြုံး ၊ ရယ် လည်း မရယ် တတ်သူ လား ။ အမ ပျော်ရွှင် ရယ်မော နေသည် ကို မြင်ရခဲသည် ။


သူ ကလေး ဘဝ တုန်း က လေးတန်းနှစ် လောက် က ဖြစ်မည် ။ ကျောင်း မှ ပြန် အရောက် ရေချိုး ပြီးစ သနပ်ခါး အဖွေးသား နှင့် အမ ကို သူ မြင်တော့ တစ်ခါ လောက် နမ်း ကြည့်ချင်စိတ် ပေါက် သွားသည် ။ အမ နား အသာ ကပ် ကာ နောက်ကျော မှ သိုင်းဖက် လိုက်ပြီး အမ ဟု ခေါ်ကာ နမ်း လိုက်စဉ် အထိတ်တလန့် နှင့် သူ့ လက် ကို ဖြုတ် ချ ကာ


“ ဟဲ့ ဘာလုပ်တာတုန်း ” ဟု ရှက်ကိုးရှက်ကန်း နှင့် ပြောပြောဆိုဆို သူ့ ကို တွန်း ထုတ် လိုက်သည် ။


မထင်မှတ်သော အမ ၏ တုန့်ပြန်မှု ကြောင့် သူ ကြောင်အ သွား ခဲ့ရ သည် ။ ထိုနေ့ မှ စ၍ အမ နား သူ မကပ်တော့ ၊ အမ သူ့ ကို မချစ်ဘူး ဟု မှတ်ထား လိုက် တော့သည် ။


 •••••   •••••   •••••


အဖေ နဲ့ အမ က အသက် ကွာ လှသည် ။ အမ အသက် ၁၈ နှစ် အရွယ် တွင် အမ သဘော မပါ ပဲ အဖေ က အတင်း ခိုးပြေး ခဲ့သည် ဟု အမေကြီး က ပြောပြခဲ့ ဘူးသည် ။ အမ ကို လူကြီး စုံရာ ဖြင့် လာရောက် အပ်နှံချိန် တွင် အမ က အဖေ့ ကို မယူနိုင်ကြောင်း အတင်း ငြင်းခဲ့သေးသည် တဲ့ ။ အဘ က တစ်ရှက် မှ နှစ်ရှက် မရချင်ဘူး ဆိုကာ အတင်း ပေးစားခဲ့သည် တဲ့ ။ အမ က အဖေ့ ကို မချစ်ပဲ အဘ ကို မလွန်ဆန်ဝံ့ သဖြင့် သာ လက်ထပ် ခဲ့ရသည် ပင် ။ အဖေ့ ရွာ လိုက်လာပြီး ကတည်း က တစ်ခါ တစ်ခေါက် မှ အမ ရွာ မပြန်တော့ ဟု သိရသည် ။


အမ မိဘများ က တောင်သူကြီးတွေ ပင် ယာဧက အတော်များများ တွင် ကြက်သွန်ခင်းများ ပဲပုတ်စေ့ စိုက်ခင်းများ နှင့် စိုစိုပြေပြေ ရှိသည် ။ အဘိုးအဘွားများ က သူတို့ မောင်နှမ ကို တော့ တော်တော်လေး ချစ် ရှာသည် ။ ကျောင်း ပိတ် လျှင် သူတို့ မောင်နှမ ကို တွေ့ ချင်ရှာလွန်း သဖြင့် အခေါ် လွှတ်လေ့ ရှိသည် ။ အမ က ဘယ်သောခါမှ သူ့ ရွာ သို့ မလိုက် ။ သူတို့ မောင်နှမ အမ ရွာ တွင် အကြိုက် ကဲ ကာ ကျောင်း ဖွင့် မှ ပြန်ကြတော့သည် ။ အမေကြီး က သူ့ ကို ပို ချစ်သည် ။ ည အိပ် လျှင် သူ က အမေကြီး နား ကပ်ကာ တွတ်တီး တွတ်တာ မေး သမျှ စိတ်ရှည် လက်ရှည် ဖြေ ပေးရင်း သူ ခေါင်းလေး ပွတ်ကာ ချော့ သိပ် တတ်သည် ။


“ အမေကြီး လို အမ သားတို့ ကို ချစ်ရင် သိပ် ကောင်းမှာပဲ ” 


“ သား အမ က သားတို့ ကို ချစ်မှာပါ ၊ ဘယ် မိဘ က ကိုယ့် သားသမီး ကို မချစ်ပဲ နေမှာလဲ ” 


“ သားတို့ ကို မချစ်ဘူး ထင်တာဘဲ ” 


 •••••   •••••   •••••


အမ ဆီ က အချစ် ကို သူတို့ မောင်နှမ တင် မဟုတ် အဖေ ပါ မရခဲ့ရှာ ။ အဖေ က သူတို့ ထက် ပို သနားစရာ ကောင်းသည် ။ အဖေ့ မိဘများ က အမ မိဘ များ ထက် ပို၍ တောင်သာ ကြသည် ဟု ဆိုရမည် ။ အမ နှင့် အဖေ့ အတွက် ဒိုင်နာ ကား တစ်စီး လက်ဖွဲ့ ကာ အဖေ့ ကို ကားမောင်းစား နိုင်အောင် စီစဉ် ပေးခဲ့သည် ။


အဖေ့ ခမျာ မနက် အစော ထ ပြီး သူတို့ ရွာ နှင့် မန္တလေး ကို ကားဆွဲ ကာ မိုးချုပ် နေဝင် မှ ပင် အိမ်ပြန် ရောက် တတ်သည် ။ တစ်ခါတစ်ရံ ကား ပျက် လျှင် သန်းခေါင်သလွဲ အချိန် မတော် မှ ပြန် ရောက် လာ တတ် သော် လည်း အမ တွင် စိတ် ပူဟန် တချက် မတွေ့ရ ။ အိမ်ဝိုင်း အတွင်း သို့ ကား ဝင် လာ လျှင် သူတို့ မောင်နှမတတွေ ဝမ်းသာအားရ အဖေ့ ကို ခုန်ပေါက် ဆီးကြိုကြ သလောက် အမ က တော့ မတုန်မလှုပ် ထမင်းပွဲ ပြင်ပေး ပြီး လျှင် သူ့ တာဝန် ပြီးသည့် အလား တော်ရာ တွင် သွား နေတတ်သည် ။


သူတို့ မောင်နှမ သုံးယောက် က သာ အဖေ ထမင်း စားသည့် ဘေး တွင် ဝိုင်းဖွဲ့ ကာ တစ်ယောက် တစ်ပေါက် ဆူညံ ငြင်းခုန်ကြရင်း အဖေ့ ကို အဖေါ် လုပ် ပေး ကြရသည် ။ မရီလေး  ကြီး လာတော့ အဖေ့ ဝေယျာဝစ္စ မှန်သမျှ မရီလေး တာဝန် ဖြစ်လာသည် ။ အမ က တော့ သနပ်ခါး ပင် အပျက် မခံ ။ ဘာ အလုပ်မျှ မယ်မယ်ရရ မရှိသော အမ က လေးဆယ် ကျော်ပေမယ့် အပျို ရှုံး အောင် လှတုန်း ပင် ။


 •••••   •••••   •••••


အဖေ မူး လာ လျှင် ငိုပြီး ပြောနေကျ စကား တစ်ခွန်း ရှိသည် ။


“ မင်းတို့ အမေ ကို ငါ က ချစ်လွန်းလို့ အရ ယူ ထားတာပါ ကွာ ၊ ဒါပေမဲ့ ငါ သူ့ အချစ် ကို မရခဲ့ဘူး ၊ မင်းတို့ အမေ က သူ့ အသဲ ကို သဖန်းပင် ပေါ် ထားခဲ့တာ ကွ ။ သူ့ မှာ အသဲ မပါတော့ဘူး ၊ ဒါ့ကြောင့် သူ မချစ်တတ် တော့ တာပေါ့ ၊ သေတဲ့ အထိ ငါ့ ကို ချစ်မယ့်သူ မဟုတ်ပါဘူးကွာ ” 


အဖေ ပြော သလို ပင် သေသည့် အထိ အမ ၏ အပြုစု အယုအယ ကို အဖေ ရ မသွားရှာ ။ အဖေ ၏ နောက်ဆုံး ခရီး ကား အထီးကျန် ဆန် လွန်းလှသည် ဟု သူ ထင်သည် ။ အဖေ သည် ကုန် အပြည် နှင့် မန္တလေး မှ အပြန် လမ်း တွင် ကား မှောက် ကာ ဦးနှောက် ထိခိုက် မိပြီး ကိုမာ ဝင် သွားခဲ့သည် ။ ဆေးရုံ တွင် သုံးလ ကျော် မျှ ပြုစုလိုက်ရ သော်လည်း သက်ဆိုး မရှည်ရှာ ။


မန္တလေး ဆေးရုံကြီး တွင် အဖေ့ ကို မရီလေး နှင့် အတူ ပြုစု ပေးရင်း အဖေ့ ပြန် ကောင်းလာ ဖို့ စိုးရိမ်စိတ်များ နှင့် မောင်နှမ နှစ်ယောက် ပူဆွေး သောက ရောက်နေကြ သော်လည်း အမ က တော့ ဖြစ်ဖြစ်ချင်း တစ်ရက် သာ ဆေးရုံ သို့ လိုက် လာသည် ။ ဆုံးသည့် အချိန် ထိ နောက်ထပ် တစ်ခေါက် မှ ရောက် မလာခဲ့တော့ပါ ။ အသုဘချ သည့် အချိန် ထိ အမ မျက်ရည် ကျသည် ကို မမြင်ခဲ့ရပေ ။


အဖေ ဆုံးတော့ သူ့ အသက် ၁၉ နှစ် ရှိပြီ ။ တစ်ခါတစ်ရံ အဖေ့ ကား နှင့် လိုက်သည် မှ လွဲ၍ အိမ် စီးပွားရေး အတွက် ကူညီရကောင်းမှန်း မသိခဲ့ ၊ အဖေ့ အရိပ် တွင် အပူအပင် မရှိ နေလာခဲ့ သဖြင့် အဖေ မရှိသော အခါ သောင်ပြင် လွှတ်သော ခွေးနှယ် ဖြစ်ခဲ့ရသည် ။


ပျက်စီး သွားသော ကား နှင့် အဖေ့ ဆေးဖိုး ကို လဲလှယ် လိုက်ရ သဖြင့် သူတို့ လက်မဲ့ ဖြစ် ကျန်နေခဲ့ကြသည် ။ အိမ်ထောင် ကျ ပြီး နောက် သူ့ အတွက် သက်သက်သာသာ ငွေရ လွယ်သော အလုပ် တစ်ခု ကို ချိတ်ဆက် မိ ၍ သာ သုံးနိုင် စွဲနိုင် မရှိမရှား နေ နိုင် ခဲ့ပါသည် ။


အဖေ ဆုံးပြီး နောက် တစ်နှစ် တွင် မရီလေး က အမရွာ သို့ အမေကြီး နေမကောင်း သဖြင့် ပြုစုရန် အမေကြီး တို့ နှင့် ရက်ရှည်လများ အလည် သွား နေရာ မှ ထို ရွာ မှ ကာလသား နှင့် အိမ်ထောင် ကျ ကာ အမေကြီး တို့ နှင့် ပင် အတူ နေကြသည် ။ သူ လည်း မရီလေး နှင့် ရှေ့ဆင့် နောက်ဆင့် ပင် ရွာ မှ သူငယ်ချင်း ချစ်သူ နှင့် အိမ်ထောင် ပြုခဲ့သည် ။ သူတို့ လင်မယား ယခင်က အမ နှင့် အတူ နေခဲ့ကြ သော်လည်း သား မွေးခါနီး တွင် မိန်းမ က သူ့ အမေ ထံ ပြန် မွေးမည် ဆို သဖြင့် ကလေး သွား မွေးရာမှ အမ ထံ မပြန်ဖြစ် ခဲ့ကြ ။


မနှစ်က အငယ်မ တီလေး လည်း သူ့ ချစ်သူ နှင့် ပင် အိမ်ထောင် ကျ သွားကာ အမ အိမ် နှင့် မနီးမဝေးလေး မှာ ပင် သူတို့ လင်မယား နေ ကြသည် ။ သူတို့ မောင်နှမ သုံးယောက် လုံး ကိုယ့် ချစ်သူ နှင့် ကိုယ် လက်တွဲ ခဲ့ကြခြင်း အပေါ် အ မမှ ဖြူသည် မဲသည် ကန့်ကွက်ခဲ့ခြင်း မရှိ လက်ခံ ပေးခဲ့သည် ။ လူကြီး ကန်တော့ခန်း တွင် အမ ပြောနေကျ စကား တစ်ခွန်း ရှိသည်  ။ 


“ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် သက်ဆုံးတိုင် ပေါင်းသင်း နေထိုင် သွားကြပေါ့ ” ဟု တုံးတိတိ စကား ကို ပြောခဲ့ဘူးသည် ။ အသဲမာသူကြီး ၏ အပျော့ပြောင်းဆုံး သော မေတ္တာစကား ပင် ဖြစ်သည် ။


 •••••   •••••   •••••


ယခုအချိန် တွင် အမ ကို ကြည့်ဖို့ ရာ မရီလေး က ကလေး နှစ်ယောက် ရ နေပြီ မို့ စိတ် သွားတိုင်း ကိုယ် မပါနိုင်တော့ မှာ သိနေသည် ။ တီလေး က တော့ ကိုယ်ဝန်ကြီး နှင့် ။ တီလေး ကို တော့ နီးရက် နှင့် အမ ဆီ မရောက်တာ မို့ နည်းနည်းတော့ အပြစ် တင် ချင် မိသည် ။ နဂိုကလည်း အမ နဲ့ သိပ် အစေး မကပ် သူတွေ မို့ မရီလေး နှင့် တီလေး တို့ တော့ မသိ သူ ကိုယ်တိုင် က တော့ သတိတရ တယ် မရှိလှပေ ။


အမ တစ်ယောက် တည်း အဆင်ပြေ မပြေ လည်း တစ်ခါ မှ မေး မကြည့်ခဲ့ဘူးပါ ။ အဖေ ဆင် ပေး ခဲ့သည့် လက်ဝတ်လက်စားများ တတိ တိ နှင့် လုံးပါး ပါး လာသည် ကို တော့ သတိထား မိ နေခဲ့သည် ။


ခုတော့ အသက် ငါးဆယ် အရွယ် မှ အမ က သူ့ ရွာ မှ ငယ်ရည်းစား ဆိုသူ လူပျိုကြီး နှင့် နောက် အိမ်ထောင် ထူထောင်ကြမည် ဟု ဆို မှ သူ ရောက် သွားပြီး အမ ကို နှမြောသည် ထက် သူ့တို့ အတွက် ရှက်စရာ ဟု မြင်ကာ သွားရောက် ရန်တွေ့ မိခြင်း ပင် ။ သို့သော် အမ က တော့ သူ့ သဘော အတိုင်း သူ လုပ် မှာ ပင် ။ ဘယ်သူ့ ကို အပြစ် တင် ရမှန်း မသိ ၊ ဘဝင်မကျ စိတ်တိုတို ဖြင့် ဆိုင်ကယ် လျှောက် မောင်း နေရာမှ သားငယ် နေမကောင်း သဖြင့် ဆေး ဝယ်ရန် ထွက်ခဲ့ခြင်း ကို ပြန် အမှတ် ရ ကာ လာလမ်း သို့ ပြန် ကွေ့ မောင်းနှင် ခဲ့တော့သည် ။


 •••••   •••••   •••••


ရွာထိပ် မှ ကုန်စုံဆိုင် တွင် သား အတွက် ဆေး ဝယ်ရန် ဝင် လိုက်စဉ် ဆိုင်ရှင် မှ ဆီး ပြော လိုက်သော စကား ကြောင့် ခေါင်းနပန်းကြီး ကာ မွေးညှင်း တို့ ပင် ထောင်ထ ကုန် တော့သည် ။ တစုံတခု ကို ဖြတ်ကနဲ သတိ ရ လိုက် ကာ စိုးရိမ်စိတ် ကြောင့် အမြန် ပြန်လှည့် မောင်းနှင်ခဲ့ မိတော့သည် ။ လမ်း တွင် လည်း ဟိုသည် မျက်လုံး ကစား ရင်း မှ အိမ် ပြန်လို့ မဖြစ်သေး ။ အမ အိမ် အရင် သွားပြီး ကျန်ခဲ့သည့် အိတ် ကို ပြန် ယူ ကာ ခဏ ရှောင် နေမှ ဖြစ်မည် ဟု တွေး ကာ အမ အိမ် ဘက် သို့ မောင်း လာခဲ့သည် ။ အမ အိမ်ဝိုင်း အတွင်း မြင် လိုက်ရသော လူ တချို့ ကြောင့် အိမ် သို့ မဝင်တော့ပဲ တဘက် အိမ်ဝိုင်း အတွင်း သို့ ဝင် လိုက်ကာ ဝင်းထရံနား အသာ ကပ် ၍ အရိပ်အကဲ ကြည့် နေစဉ်


“ ကျွန်တော်တို့ သတင်း အရ ရှာစရာလေး ရှိလိုပါ ”  


“ ကိုစိုးတင့် နဲ့ ခဏ တွေ့ချင်တယ် ဒီကို သွားတယ်လို့ သူ့ မိန်းမ က ပြောလိုက်လို့ ” 


“ မရှိဘူး ၊ မလာပါဘူး ၊ ကျွန်မ သား က ဘာ ကိစ္စ ရှိ လို့ပါလဲ ရှင် ” 


“ ချဲထီလောင်းကစားမှု နဲ့ ချဲ ရောင်းတဲ့ သတင်း ကြားလို့ ကျွန်တော်တို့ သူ့ ကို ရှာ မလို့ပါ ” 


“ ကလေး နေမကောင်း လို့ ဆေး ဝယ်ဖို့ မန္တလေး ကို သွားမယ်လို့ တော့ ပြောတာပဲ ကျွန်မ သား က ချဲ မရောင်းပါဘူး ရှင် ” 


“ ဒါ ဘယ်သူ့ အိတ်လဲ ” 


“ ကျွန်မ အိတ်ပါ ” 


“ဟုတ်ရဲ့လား ၊ သေချာ မှ ပြောပါ ” 


“ ဟုတ်ပါတယ်ရှင် ၊ ကျွန်မ အိတ်ပါ ” 


“ ဒီ အိတ် ထဲ မှာ ဘာတွေ ပါလဲ သိလား ” 


“ ဟုတ်ကဲ့ ကျွန်မ အိတ် မို့ သိ ပါတယ် ၊ ကျွန်မ ဘာမှ လုပ်ကိုင် မစားတတ် လို့ ချဲရောင်း စားတာပါ ၊ ကျွန်မ အိတ် ပါ ၊ ကျွန်မ ပစ္စည်းတွေ ပါ ကျွန်မ ကို ဖမ်းနိုင်ပါတယ် ရှင် ၊ ကျွန်မ အဖမ်း ခံ နိုင်ပါတယ် ” 


“ ကဲ ဒါဆိုလဲ သွားကြစို့ ။ ခင်ဗျား ပစ္စည်း သေချာ တယ်နော် ” 


“ ဟုတ်ပါတယ် ရှင် သေချာပါတယ် ၊ ကျွန်မ ကို သာ မြန်မြန် ဖမ်းကြပါတော့ ” 


“ အမ ဒါ အမ အိတ် မဟုတ်ဘူး လေ ၊ ကျုပ် ကျန်ခဲ့တဲ့ အိတ် ပါ ၊ အမ လိုက်သွားလို့ မဖြစ်ဘူးနော် ၊ လိုက် မသွားပါနဲ့ အမ ရယ် ကျုပ်ပ စ္စည်းတွေပါ ၊ ကျုပ် အိတ် ပါ လို အမှန်အတိုင်း ပြောလိုက်ပါလား ဗျာ ” 


စိတ် တွင်း မှ အော်ဟစ် ပြောဆို နေမိ သော်လည်း လူ က တော့ နေရာ မှ ရွေ့ မရ ခြေ တစ်လမ်း မှ မရွေ့မိချေ ။ တီလေး တစ်ယောက် ကွက်ကြည့်ကွက်ကြည့် လူအုပ် ကြား မှ ဘိုသီဘတ်သီ ပြေး ထွက်လာသည် ကို မြင် လိုက်ရသည် ။ ရင်အစုံ သည် နဂို အခုန် မြန်နေရာ မှ ပို၍ ပို၍ ခုန်ပေါက်ကာ နှလုံး သည် အပြင် သို့ ပင် ပွင့်အံ ထွက်ကျတော့မည် ကဲ့သို့ ၊ ခြေထောက် တို့ ပင် မတ်မတ် ရပ်နိုင်စွမ်း မရှိတော့ချေ ။ သွားပြီ တီလေး ဖေါ်ကောင် လုပ်ရင် ရဲက သူ့ ကို ဖမ်းတော့ မှာ သေချာသည် ။


တီလေး ကို မြင်တော့ အမ မျက်နှာထား တင်း သွားပြီး ရဲအရာရှိ အား စကား ခဏ ပြောခွင့် တောင်း ကာ တီလေး အား ကွယ်ရာ သို့ ဆွဲခေါ် သွားပြီး


“ နင် ဘာမှ ဝင် မပြောနဲ့ စိုးတင့် အဖမ်း ခံရရင် ငါတို့ ဘာမှ မလုပ်တတ်ဘူး ၊ နင် လည်း ဘာမှ လုပ်ပေးနိုင်တာ မဟုတ်ဘူး ၊ သူ့ မိန်းမ လည်း ဘာမှ လုပ်တတ် မှာ မဟုတ်ဘူး ၊ သူ့ သားလေး က ငယ်သေးတယ် ၊ သူ မရှိလို့ မဖြစ်ဘူး ၊ ငါ က ကိစ္စ မရှိဘူး ၊ တစ်ကိုယ်တည်း သမား ပူမယ့် သူ မရှိဘူး ။ ပြီးတော့ ခဏ နေရ မှာ အလွန်ဆုံး ကြာလှ သုံးလေးနှစ် ပေါ့ ၊ တီလေး ညည်း လည်း မွေးခါ နီးပြီ ဂရုစိုက်ဦး ၊ ရီလေး ကို လည်း သွား ပြော မနေနဲ့ ၊ အလကား စိတ်ပူ နေဦးမယ် ၊ ခဏပါ အေ ခဏလေး နေရမှာပါ ၊ ငါ သွားမယ် အားလုံး စိတ်ချမယ် ၊ လိုက်လဲ မလာနဲ့ ၊ လာ လည်း မတွေ့ နဲ့ ငါ့ အတွက် မပူနဲ့ ကြားလား ၊ ဘာမှ ထပ် စကား မရှည်နဲ့ တော့ ငါ ပြောပြီးသား ဒါပဲ ” 


“ ဒါပဲ ” တဲ့ ဟုတ်ပါတယ် အမ ရယ် ။ အမ ကျုပ်တို့ ကို ချစ်ပြ လိုက် တာ ။ ဒါလောက်လေးပါပဲ ။ ဒါပေမဲ့ ကျုပ် တစ်ဘ၀စာ လုံလောက်ပါတယ် အမ ရယ် ။ သူ ၏ ရင်အစုံ သည် ယခု မှ ပင် အမှန်တကယ် ပွင့်ထွက် ကုန် လေပြီ ။ အမ ၏ အေးစက်မာကြော နေ သော နှလုံးသားသည် သား ၏ အပူတို့ ကြောင့် အရည် ပျော်ကျ ကုန် လေပြီ ။ သူ ၏ ခြေအစုံ သည် အမ ၏ နှလုံးသား ပျော်ရည်စီးကြောင်း မှ ယိုဖိတ်စီးဆင်း လာသော မေတ္တာ ချော်ရည် အတွင်း ၌ မလှုပ်ရှား နိုင်တော့ အောင် တောင့်တင်း သွား ရပါတော့သည် ။ 


“ အမ ... အမ ခင်ဗျား လိုက် မသွားရဘူး ၊ ကျုပ် လိုက်သွားမယ် ၊ အမ ကျုပ် လိုက်သွားပါ့မယ်ဗျာ ” 


◾မြခွာညို


📖 တစ်ယောက် တစ်ဘဝ ( ၃ )


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment