Thursday, March 14, 2024

ပြဿဒါးနေ့


 

❝ ပြဿဒါးနေ့ ❞

“ အမယ်လေး .... အဲဒါမှ အစစ် မိုး ကို ထိ တဲ့ ဆံထုံးကြီး ပဲ ။ ဘတ် ( စ် ) ကား အမိုး တောင် မလွတ်ဘူး ။ နောက် ကို နည်းနည်း လျှော့ ပါ အစ်မရယ် ” ဟု ကောင်းစေ လို ၍ လိုလို ၊ နောက် သလိုလို လေသံမျိုး နှင့် ပြောဆိုသော မော်တော်ကား စပယ်ယာ အား ၊ ခင်ခင်မေ က ပျက်စောင်း ထိုး ပြီး လျှင် “ ဘာ ပြောတာလဲ ဒီဟာ စပယ်ယာ အလုပ် မဟုတ်ဘူး ” ဟု ခပ်ဆတ်ဆတ် ပြော လိုက် ရာ စပယ်ယာ က “ ခိုလိုး ” ဟု အော်လိုက် သဖြင့် မော်တော်ဘတ် ( စ် ) မှာ အရှိန် ပြင်းစွာ နှင့် မောင်းနှင် ၍ ထွက်သွား လေ၏ ။

ခင်ခင်မေ မှာ လည်း မော်တော်ဘတ် ( စ် ) က ဗြုန်းကနဲ ရပ် လိုက် သဖြင့် မော်တော်ဘတ် ( စ် ) အဆင်း တွင် ၎င်း ၏ ဆံထုံးကြီး နှင့် မော်တော်ဘတ် ( စ် ) အမိုး သည် အတော် ပြင်းထန်စွာ တိုက်မိ ရာ ဆံထုံး ကာ ဆံနှိပ် တပ်၍ မထား သဖြင့် အခွေလိုက် တစ်ပတ် ပြေ ၍ ကျန်သော ဆံထုံး မှ ဆံစု ကို လက် တစ်ဖက် ဖြင့် ဖေးမ ၍ ကိုင်ကာ ၊ ရှက်ရှက် ဖြင့် လမ်းဘေး ဆီ သို့ ခပ်သုတ်သုတ် လျှောက်သွား လေ၏ ။

ဤသို့ ခင်ခင်မေ လမ်းလျှောက် သွားပြီး လျှင် ပိုးထည်များ ရောင်း သော ဆိုင် တစ်ဆိုင် သို့ ဝင်၍ သွားရာ ဆိုင် အဝင် ၌ အသက် ၆ဝ ရွယ် ခန့် အဘိုးကြီး သည် ခင်ခင်မေ အား ပြုံး၍ ခေါင်းညိတ် နှုတ်ဆက် ပြီး နောက် ၊ အတွင်းခန်း ဘက် သို့ ဝင်သွား လေ၏ ။

ဤသို့ မိမိ အား ကြိုဆို နှုတ်ဆက် သူ အား ခင်ခင်မေ သည် စိတ် မပါ တပါ့ မလွှဲသာ သော အနေ ဖြင့် ပြန်၍ ပြုံးရယ် သော်လည်း ၊ ဤသို့ ပြုံးရယ်ခြင်း မှာ ချက်ချင်း လို ပင် ရပ်စဲ သွား၍ ခင်ခင်မေ မှာ စိတ်နှလုံး များစွာ မသက်သာ သော အနေဖြင့် ဆိုင် ၏ အတွင်းခန်း သို့ ဝင်သွား လေ၏ ။

ဆိုင် ၏ အတွင်းခန်း သို့ ရောက်သော အခါ ခင်ခင်မေ သည် ဆံထုံး ကို ပြင်၍ ပတ်ပြီး လျှင် ၊ မှန် ရှေ့ ၌ ရပ်လျှက် ဤနေ့ မှာ ပြဿဒါးနေ့ ဖြစ်သည့် အတိုင်း ၊ မိမိ ဖြစ်ပျက်ရပုံ ကို စိတ်ပျက်ပျက် နှင့် တွေးတော ကာ ၊ “ အင်း .. ဒီဟာ ပါ ဒီ ကနေ့ ၂ ခါ ရှိပြီ ၊ နံနက်စောစော ကလည်း မေမေ ရဲ့ မျက်မှန် ကို တက်ပြီး နင်း ခဲ့လို့ မျက်မှန်ကိုင်း ကျိုးပြီး ၊ အခုလည်း ထပ် အဆင်း မှာ ဆံထုံး ပျက်ပြီး ရှက်စရာ ဖြစ် ပြန်ပြီ ၊ ဒီ ကနေ့ အတွင်း နောက်ထပ် ဘာ ဖြစ်ဦးမယ် မသိဘူး ။ နေ့ ကလည်း မကုန်နိုင်ဘူး ၊ ကုန်ပါတော့ ပြဿဒါး ရယ် နောက် တစ်ခါ ထပ်ပြီး တစ်ခု ခု ဖြစ်လျှင် တော့ ရူးရပဲ ရှိတော့တယ် ” ဟု မှန် ထဲ တွင် ကြည့်၍ မိမိ အရိပ် နှင့် မိမိ စကား ပြောဆို နေဆဲ တွင် ဆိုင်ရှင် ဖြစ်သူ ဦးဘိုးညွန့် သည် ဆိုင် ၏ အတွင်းခန်း သို့ ဝင်လာ ပြီး လျှင် ...

ညွန့် ။  ။ ဟေ့ ခင်ခင်မေ ... ဘကြီး တော်တော် ကြာ လျှင် သွား စရာ ရှိတယ် ။ မသိန်းမြကြီး လည်း ဒီ ကနေ့ မလာဘူး ၊ ခါတိုင်းလိုပဲ နေမကောင်း ဖြစ်နေ ပြန်ပြီ ထင်တယ် ။ ဒီတော့ ဘကြီး ထွက်သွားတဲ့ အခါ ခင်ခင်မေ တစ်ယောက် တည်း ဆိုင် မှာ စောင့် နေရစ်ခဲ့ရ လိမ့်မယ် ကြားလား ၊ အခု တော်တော် ကြာ လျှင် ဘကြီး သွား ရမယ် ။ အခုတလော ဆိုင်တွေ မှာ အလစ် တက် ပြီး ခိုး တယ် ၊ တိုက်တတ် တဲ့ လူဆိုးတွေ ထ နေတယ် ကြားရတယ် ။

ဤသို့ ဦးဘိုးညွန့် က ပြောလိုက်သော အခါ ခင်ခင်မေ မှာ နံနက် က ဖြစ်ပျက်ခဲ့ သမျှတွေ ကို တွေးပြီး လျှင် ပြဿဒါးနေ့ မှာ နောက်ထပ် တစ်ခု ဖြစ်ဖို့ လာပြန်ပြီလား ဟု စဉ်းစားကာ ၊ မျက်နှာ မှာ အနည်းငယ်မျှ စိုးရိမ်မကင်း ရှိသော အရိပ်အရောင်များ ပေါ်၍ လာနေသည် ကို ဦးဘိုးညွန့် က ကောင်းစွာ အကဲခတ် မိ သဖြင့် ..

ညွန့် ။  ။ ခင်ခင်မေ ကြောက်သလား ၊ ကြောက်စရာ မရှိပါဘူး ။ ဘကြီး စားပွဲအံဆွဲ ထဲ မှာ ခြောက်လုံးပြူး သေနတ် ထားခဲ့တယ် ။ ရော့ ဒီမှာ စားပွဲ သော့ ကြောက်သေး သလား ၊ ခြောက်လုံးပြူး ရှိ လျှင် မပစ်ဘဲ နှင့် ပြ ရုံပဲ ပြ ရင် တောင် လူဆိုးတွေ ကြောက်ပါသေးတယ် ။ တကယ်တော့ မပစ်နဲ့ နော် သတိထား ။

ခင် ။  ။ ဒီနေ့ ဟာ ပြဿဒါး မို့ လို့ မနက် က မေမေ့ မျက်မှန် ကို လည်း နင်းမိခဲ့ပြီး ဘက်စ်ကား ပေါ် မှာ လည်း တစ်ခါ တိုက်မိ ခဲ့ပြီ ၊ နောက် ထပ်တော့ မဖြစ်ဘူး ။ ဒါနှင့်ပဲ ကြိမ်းကျေပါပြီ ထင်ပါရဲ့ ။

ညွန့် ။  ။ အို .... ဘာတွေ အယူ မရှိပါနဲ့ ။ မဆိုင်ပါဘူး ၊ ဘကြီး လည်း များများ မကြာပါဘူး အကြီး ပြန်လာ လျှင် ခက်ခင်မေ ဖို့ အင်မတန် ထူးဆန်းတဲ့ အဖိုးတန် လက်ဆောင် တစ်ခု ယူခဲ့မယ် ။

ဦးဘိုးညွန့် ထံ မှာ ခင်ခင်မေ သည် လွန်ခဲ့သော တစ်နှစ် လောက်ခန့် က စ၍ အလုပ် လုပ်ကိုင် လာခဲ့ရာ ခင်ခင်မေ မှာ ရိုးသားဖြောင့်မတ်ရုံ မျှ မက ၊ အလုပ်အကိုင်၌ လည်း တာဝန် ကျေပြွန် အောင် လုပ်ကိုင်ဆောင်ရွက် သည့် အပြင် ဖောက်သည် မိတ်ဆွေများ ကို လည်း သင့်မြတ် ကျေနပ်အောင် ပေါင်းသင်း ဆက်ဆံတတ် သဖြင့် ၊ ဦးဘိုးညွန့် မှာ ခင်ခင်မေ အား လူငှားစာရေး ကဲ့သို့ သဘော မထားပဲ သမီး အရင်း ကဲ့သို့ သဘော ထား ကာ ၊ အရာရာ ၌ ကြင်နာ ညှာတာခြင်း ရှိ လေသည် ။

ဤသို့ ပြောပြီးနောက် မကြာမီ အတွင်း တွင် ပင် ဦးဘိုးညွန့် သည် ဆိုင်မှ ထွက်၍ သွားရာ ခင်ခင်မေ တစ်ယောက် တည်း သာ ဆိုင် မှာ ကျန်ရစ်ခဲ့ လေ၏ ။

၎င်း ဆိုင် မှာ နေအိမ် နှင့် ဆက်လျက် ရှိ၍ ဆိုင် ၏ အတွင်းဘက် တွင် ပင် ဦးဘိုးညွန့် မှာ တစ်ကိုယ် တည်း နေသူ ဖြစ်ရာ ၊ ခင်ခင်မေ သည် မိမိ ဆိုင် အတွင်း သို့ ဝင်လာသူများ ကို စောင့်စား၍ သတိပြု ကာ ကြည့်ရှု နေရင်းပင် အသက် ၂ဝ ကျော် ခန့် ရှိ လူငယ် တစ်ယောက် သည် သားရေအိတ် တစ်လုံး ကို လက် မှာ ဆွဲကာ ဝင်၍ လာလေသည် ။

ထို လူငယ် မှာ သားနား သပ်ရပ်စွာ ဝတ်ဆင် ထား သော်လည်း ၊ ၎င်း မှာ ခရီး အလျင် လို နေသော မျက်နှာထား အမူအရာ ရှိသည် ကို ခင်ခင်မေ မှာ သတိ ပြုမိ လေ၏ ။

“ ဦးဘိုးညွန့် အခု တောင် ပြန် မလာသေးဘူးလား ” ဟု ရဲရင့်သော မျက်နှာထား ဖြင့် မေးမြန်းသော ထို ဧည့်သည် အား ခင်ခင်မေ သည် များစွာ သဘော မကျလှသော အနေဖြင့် ...

ခင်မေ ။  ။ မပြန်လာ သေးဘူး ။ ဘာကိစ္စ ရှိလို့လဲ ။

ဤသို့ ခင်ခင်မေ က ပြောလိုက်သော အခါ လက်ဆွဲ သားရေအိတ် ကို ကြမ်းပေါ် တွင် ချပြီး လျှင် ဧည့်သည် မှာ ရယ်မော ပြီး လျှင်  ၊

“ ကျုပ် ဧည့်သည် မဟုတ်ဘူး ၊ ဦးဘိုးညွန့် ရဲ့ သား ပဲ ၊ အခု က ကသာ က လာခဲ့တာ ၊ ဘူတာရုံ မှာ လာပြီး ကြိုတာ လွဲ သွားတယ် ထင်တယ် ။ ဖေဖေ့ ကို မတွေ့လို့ အိမ် ကို လာခဲ့တာ ”

ဤသို့ ပြောပြောဆိုဆို နှင့် ထို သူ မှာ အိမ် ထဲ သို့ ဝင်ရန် အတွင်းဘက် တံခါးဝ ဆီ သို့ လျှောက်၍ လာရာ ၊ ခင်ခင်မေ မှာ ထိုသို့ ဝင် လာသော သူ အား လက်ပြ၍ “ ခဏ နေပါဦး ” ဟု ပြောပြောဆိုဆို အနီး ရှိ စားပွဲ အံဆွဲ မှ ၆လုံးပြူး သေနတ် ကို ထုတ်ယူ ကာ ထို သူ အား လျင်မြန်စွာ ချိန်ရွယ် ပြီး လျှင် “ ရှင့် ကို ခင် မသိဘူး ၊ ဦးဘိုးညွန့် သား ဖြစ်လျှင် ၊ ဦးဘိုးညွန့် ပြန်လာ မှ အိမ် ထဲ ကို ဝင်ပါ ၊ ဒီလို ဝင်ဖို့ အခွင့် မပေးနိုင်ဘူး ”

လူငယ် ။  ။ အံ့အား သင့် သော မျက်နှာထား နှင့် “ ဘာပြုလို့လဲ .. ကိုယ့် အဖေ အိမ် ကို ကိုယ် ဝင်တာ ကို မှ မဝင်ရဖူးလား ၊ ဒီလို မလုပ်ပါနဲ့ လေ ။ ဒီ အိမ် ကို ကျုပ် က မင်း ထက် ပိုပြီး ပိုင်ပါတယ် ၊ မင်း က လူငှား ကျုပ် က သား ပါ ”

ခင်မေ ။  ။ ဦးဘိုးညွန့် ရဲ့ သား ဆိုတိုင်း ဒီလိုပဲ ယုံရမှာ လား ၊ အခု ခေတ် မှာ မယုံရတဲ့ လူဆိုးတွေ ဘယ်လောက် များသလဲ  ၊ ပြီးတော့ ဒီနေ့ ဟာ ပြဿဒါး နေ့ကြီး ဦးဘိုးညွန့် သား ဖြစ်လျှင် ဦးဘိုးညွန့် မိန်းမ ဟာ နာမည် ဘယ်သူလဲ ”

ဧည့်သည် ။  ။ ( စိတ် တို၍ လာသော အမူအရာ နှင့် ) ကျုပ် ဒါတွေကို တွေ့ကရာ ပေါက်ကရ မေးသမျှ ဖြေ နေဖို့ လာတာ မဟုတ်ဘူး ၊ ဒီ သားရေအိတ် မှာ “ မောင်ဘခင် ” လို့ ရေးထားတဲ့ စာ ကို ကြည့်ပါလား  ”  ( လက်ဆွဲအိတ် သားရေအိတ် ကို ပြ ၍ ပြောသည် ) သူ့ သား မောင်ဘခင် ရှိတယ်လို့ မပြောဘူး လား ။ မင်း ဟာ ကျုပ် အဖေ ရဲ့ လူငှား ၊ မင်း က ကျုပ် ကို ဒီစကားမျိုး မေးစရာ မရှိဘူး ။ သက်သက်သာသာ နှင့် ဒီ သေနတ် ကို ချပြီး ဝင်ဖို့ အခွင့် မပေး လျှင် မင့် ကို အလုပ် က ထုတ် ပစ်အောင် ဖေဖေ ကို တိုင်ရလိမ့်မယ် ”

ခင်မေ ။  ။ သူ့ မှာ သား ရှိတယ်လို့ မကြားဖူးဘူး ။ ဒီ ဟာ သူ့ အလုပ် ကို ကျေ ပြွန်အောင် လုပ်ပြီး သူ့ ပစ္စည်း ကို စောင့်ရှောက် တာပဲ ၊ မကျေနပ် လျှင် အလုပ် က ထုတ် လိုက်တော့ ထွက်သွား ရုံပေါ့ ။ ( ဤသို့ စကား ပြော ဆဲ တွင် ခင်ခင်မေ သည် တစ်စုံတစ်ခု ကို နားစိုက်၍ ထောင် သလို ခေါင်း ကို ငဲ့ ပြီးလျှင် ) “ ဟော ဘေးတံခါး က ဦးဘိုးညွန့် ဝင်လာပြီ အတော်ပဲ သူ့ ကို ပြော ပြီး အိမ်မိုး ပေါ် ကို တက်တက် ၊ သူ့ ကို ခေါ်လိုက်မယ် ” ဟု ပြော ကာ “ ဦးလေး ကြီး ... ဒီမှာ ... ဦးလေးကြီး ရဲ့ သား ရောက်နေတယ် ” ဟု အသံကျယ်ကျယ် နှင့် ခေါ် လိုက်ရာ ဧည့်သည် မှာ လက်ဆွဲသားရေအိတ် ကို မှ ကောက် ၍ မယူ နိုင်ဘဲ လျင်မြန်စွာ ဆင်း၍ သွားလေ၏ ။

ဤသို့ လူဆိုး သည် ဆင်း ၍ သွားသော အခါ မှ ခင်ခင်မေ မှာ “ အမယ်လေး ပြဿဒါး ဟဲ့ ” ဟု နှုတ် မှ လွှတ်ခနဲ ထွက်အောင် ညည်းညူ ကာ ၊ ဦးဘိုးညွန့် မလာဘဲ လျက် လာဟန် ဆောင် မိသော မိမိ ၏ တင်္ခဏုပ္ပတ္တိ ဉာဏ်ကလေး ကြောင့် ရန်ဘေး လွတ်သည် ကို ဝမ်းသာ လျက် ကျန်ရစ်ခဲ့သော သားရေအိတ် ကို ကြည့်ရှု ရာ ထို သားရေအိတ် မှာ “ မောင်ဘခင် ” ဟု ရေးသား ထား သော စာ ကို တွေ့ရသည့် အပြင် သားရေအိတ် မှာ ဟန်ဆောင် လာ သော ဗလာ သားရေအိတ် နှင့် ပင် တူကြောင်း ကို တွေ့ရသော အခါ ခင်ခင်မေ မှာ မစဉ်းစားတတ် အောင် ရှိ၍ နေ သဖြင့် ၎င်း သားရေအိတ် ကို ဘီဒို ၏ အောက် သို့ ထိုး၍ ထားပြီး လျှင် ဦးဘိုးညွန့် ပြန် လာသော အခါ အဖြစ်အပျက် နှင့် လူ ၏ ပုံသဏ္ဌာန် ကို အချိန် နာရီ မှ စ၍ ရေးမှတ် လျက် နေ လေ၏ ။

ဤသို့ ရေးမှတ်လျက် နေဆဲ တွင် နောက်ထပ် လူငယ် တစ်ယောက် ဆိုင် ပေါ် သို့ ရုတ်တရက် တက် ၍ လာပြန် သည် ကို ခင်ခင်မေ မှာ အံ့အားသင့် စွာ နှင့် ကြည့်၍ နေလေ၏ ။

နောက်ထပ် တက်၍ လာ သူ မှာ အရပ်မြင့်မြင့် နှင့် အသားညိုညို ဖြစ်၍ ယဉ်ကျေး သိမ်မွေ့သော အမူအရာ နှင့် မိန်းမကလေး အား ရှက်တတ် ကြောက်တတ် သော အမူအရာ ရောပြွမ်းလျက် ရှိရ ကား ခင်ခင်မေ ကို မြင်သော အခါ မျက်နှာ ခပ်ပျက်ပျက် ရှက် သလို အမူအရာ နှင့် “ ဦး ... ဦး ... ဦးဘိုးညွန့် မရောက် သေးဘူးလား ။ ဘယ်အချိန် က ထွက်သွားတာလဲ ” ဟု သံဖြတ်စကား နှင့် ခပ် ထစ်ထစ် မေး လိုက်လေ၏ ။

ခင်ခင်မေ မှာ မေးခွန်း ကို လက်ဦး မဖြေသေးပဲ စားပွဲ ပေါ် တွင် အဆင့်သင့် ချ၍ ထားသော ခြောက်လုံးပြူး သေနတ် ကို လှမ်း၍ ယူရင်း ...

“ မ ... မ ... မလာသေးဘူး ၊ အခုပဲ ရောက်ပါလိမ့်မယ် ”

ဤသို့ ပြောဆိုရာ တွင် ခင်ခင်မေ မှာ ကြိုးစား ၍ ဟန် လုပ်ကာ ၊ ဣန္ဒြေ ဆယ် ပါ သော်လည်း ၊ ထို သူ အား တွေ့ ရာ၌ ပထမလူ ကို တွေ့သည် နှင့် မတူဘဲ စိတ် ထဲ ၌ ရှက် သလိုလို ဖြစ်၍ ရှက်ကြောက်သော လက္ခဏာများ သည် မျက်နှာ ပေါ် တွင် ပေါ်၍ လာလေ၏ ။

ဧည့်သည် မှာ လည်း ခင်ခင်မေ ၏ မျက်နှာ ကို ကြည့် ၍ အနည်းငယ် ရှက်ပြုံး ပြုံး ပြီး လျှင် မရဲတရဲ အမူအရာ ဖြင့် ရှေ့သို့ ခြေ တစ်လှမ်း တိုး လာ ပြီး လျှင် “ ဖေဖေ က တော့ ဘူတာရုံ မှာ အရောက် နောက်ကျလို့ လွဲ နေပြီ ထင်တယ် ၊ ဒီမှာလဲ ဘူတာရုံ မှာ ကိစ္စ နည်းနည်း များ နေလို့ မီးရထားဂိတ် မှာ ဝင်ပြီး ပုလိပ် ကို တိုင်နေတာ နှင့် ဖေဖေ နှင့် လွဲသွားတယ် ထင်တယ် ။ ဖေဖေ က တော့ ဘူတာရုံ ကို သွားတာပဲ မဟုတ်လား ”

ခင် ။  ။ “ ဪ .... ကသာမြို့ က ဦးလေးကြီး ရဲ့ သား ဆိုတာလား ”

ဧည့်သည် ။  ။ “ ဟုတ် .. ဟုတ် .. ဟုတ်ပါတယ် ။ ဖေဖေ က ဒီ က အကြောင်း စကားစပ်ပြီး ထားဖူးပြီ ထင်တယ် ”

ဤသို့ ပြောပြီးလျှင် ဧည့်သည် ရှေ့သို့ ခြေ တစ်လှမ်း တိုး ၍ ခင်ခင်မေ ၏ အနီးသို့ ချဉ်းကပ် လာ ရာ ၊ ခင်ခင်မေ သည် လျင်မြန် ဖျတ်လတ်စွာ ခြောက်လုံးပြူးသေနတ် ဖြင့် ထို သူ အား ချိန်ရွယ် လျက် ၊ “ ရှေ့ ကို တော့ တိုး မလာ နှင့် ။ ဒီလို ဉာဏ်နှင့် တော့ မရဘူး ။ ခုလေးတင် က လည်း ဦးဘိုးညွန့် ရဲ့ သား ဆိုတဲ့ လူ တစ်ယောက် လာ ပြီးပြီ ၊ ဒီလို လုပ်လို့ သားရေအိတ် ကျန်ရစ် ခဲ့တယ် ။ အခုလည်း တစ်ယောက် လာ ပြန်ပြီ ၊ ဒီ သားရေအိတ် ကို ယူဖို့ ဉာဏ် ရှာလာတာ မဟုတ်လား ။ ရှင် တို့ တစ်သင်းတည်း က လူဆိုးတွေ ပေါ့ ”

ဧည့်သည် ။  ။ အံ့အားသင့် သော အနေ ဖြင့် “ ဘယ့်နှယ် ခုနက သားရေအိတ် နှင့် ဦးဘိုးညွန့် သား တစ်ယောက် လာတယ် ၊ ဟုတ်လား ပြောပါဦး ” 

ခင်မေ ။   ။ “ ဟုတ်တယ် ။ ဒီ သားရေအိတ် ကို ဦးဘိုးညွန့် ပြန်လာ မှ ပုလိပ် ကို အပ်မယ် ဘယ်သူမှ ယူနိုင်မယ် မထင်နဲ့ ”

ဧည့်သည် ။  ။ “ အဲ .... ဦးဘိုးညွန့် သား က နာမည် ဘယ်သူတဲ့ လဲ ။ သူ ကျန်နေတဲ့ သားရေအိတ် ကို ကော မကြည့်ရဘူးလား ”

ခင်မေ  ။   ။  သားရေအိတ် မှာ “ မောင်ဘခင် ” လို့ နာမည် ပါတယ် ၊ ဟောဟို ဘီဒို အောက် က သားရေအိတ် ပဲ ၊ အဝေး က တော့ ကြည့်နိုင်ပါတယ် ၊ သားရေအိတ် ကို တော့ မကိုင်ပါနဲ့ ”

ဧည့်သည် ။  ။ သားရေအိတ် ကို ငုံ့၍ ကြည့်ပြီး လျှင် “ ဟုတ်ပြီ .. ဟုတ်ပြီ ၊ ဒီ လူ ဟာ ရွှေသွားကလေး နဲ့ အရပ်ပုပု လူ မဟုတ်လား ”

ခင်မေ ။  ။ “ ဟုတ်တယ် .. သူ့ ကို သိသလား ၊ ဒီ လူ ဟာ အင်မတန် စော်ကားပြီး ၊ လူပါးဝတဲ့ လူ ၊ ခင့် မှာ သေနတ် ရှိလို့ပေါ့  ၊ အိမ် ထဲ ကို အတင်း ဝင် မလို့ ”

ဧည့်သည် ။  ။ “ ဒီလိုလား ... ဒီ အကောင် အခုပဲ မောင်ဂိုမာရီလမ်း က လက်ဖက်ရည်ဆိုင် ရှေ့ မှာ မြင်ခဲ့သေးတယ် ။ သိရောပေါ့ ခင့် လက် ထဲ က သေနတ် ကို ဖေဖေ ဖြစ်ဖြစ် ၊ ဒီက ဖြစ်ဖြစ် ပြန် မလာမချင်း အဆင်သင့် သာ ထား ၊ ဒီ အကောင်တွေ ခု တွေ့မယ် ”

ဤသို့ ပြောဆို ပြီး လျှင် ဦးဘိုးညွန့် ၏ သား ဟု ဆိုသူ ဧည့်သည် မှာ ဒေါမာန် ပါပါ နှင့် လံချား တစ်စီး ကို ခေါ်၍ စီး ပြီး လျှင် “ ဂျလတီး ဂျောင်း ” ဟု ပြောပြောဆိုဆို နှင့် ထွက်သွား လေ၏ ။
ဤသို့ ဖြစ်ပွား ပြီး နောက် ပြဿဒါး ကို များများ အပြစ် ဆိုသော ခင်ခင်မေ မှာ မိမိ ဖြစ်ပျက်သမျှ အလုံးစုံ ကို ပြဿဒါး အပေါ် ၌ ပုံချ ပြီး လျှင် ဦးဘိုးညွန့် ပြန်၍ လာသော အခါ ပြန်၍ ပြောရန် ဖြစ်သမျှ နှင့် ဦးဘိုးညွန့် သား ဆိုသူ လူ နှစ်ယောက် ၏ ပုံသဏ္ဌာန်များ ကို အတိုချုပ် ရေး၍ မှတ်သား ရာ ။ ပထမ ဝင်၍ လာ သူ ရွှေသွား နှင့်လူ အား လူဆိုး ၏ ပုံပန်းလက္ခဏာ နှင့် တူကြောင်း ကို အကြောင်းစုံ ရေးမှတ် ပြီး နောက် ၊ ဒုတိယ လူ ၏ အကြောင်း ကို ရေးမှတ်ရန် စဉ်းစားသော အခါ ၊ ဒုတိယ လူ မှာ လူဆိုး နှင့် မည်သည့် နေရာ တွင် တူသည် ဟု မှတ်သားချက် ရေးရန် အပြစ် ရှာ၍ မရနိုင်ဘဲ ထို သူ ၏ ရုပ်လက္ခဏာ အမူအရာ ကို တွေးလေ တွေးလေ အပြစ် ကင်းကြောင်း ပိုမို ၍ တွေ့ လေ ဖြစ်ရလေ၏ ။

ထိုအခိုက် အတန့် တွင် နောက်ထပ် လူ တစ်ယောက် သည် ရုတ်တရက် ဆိုင် ၏ အရှေ့ တံခါး မှ ဝင်လာပြန် သဖြင့် ခင်ခင်မေ မှာ အလန့်တကြား နှင့် ကြည့် ရင်း ခြောက်လုံးပြူး သေနတ် ကို လက် တစ်ဖက် မှ ကပျာကရာ ဆွဲယူ လိုက် ရာ “ အို ... မလန့်ပါနဲ့ ဘကြီး ပါ ” ဟု ပြောလိုက်သော အသံ ကို ကြား မှ ဦးဘိုးညွန့် ဖြစ်ကြောင်း ခင်ခင်မေ မှာ တွေ့ရ သဖြင့် ရင်ဝ မှာ ဆို့လျက် ရှိသော အလုံးကြီး မှာ အောက် သို့ ကျ၍ သွား ကာ အား တက်၍ လာလေ၏ ။

ဦးဘိုးညွန့် မှာ ဆိုင် ထဲ သို့ လျင်မြန်စွာ ဝင်၍ လာ သော်လည်း ၊ ဦးဘိုးညွန့် ၏ မျက်နှာ မှာ သက်သာ ရွှင်လန်းခြင်း မရှိဘဲ “ ဂွကျလိုက်တာ ၊ ဘူတာရုံ မှာ လူ တစ်ယောက် ကို ကြည့်ဖို့ သွားတာ အချိန် နည်းနည်းကလေး နောက်ကျ သွားတာ နဲ့ မတွေ့ လိုက်တော့ဘူး ”

ခင် ။  ။ “ အဲဒါကြောင့် ... ပြဿဒါးနေ့ ကို ခင် လည်း ကြောက်တာပေါ့ ဘကြီး ၊ ဘယ်သူ့ ကို သွားကြိုတာလဲ အထက် က လား ”

ညွန့် ။   ။ “ ဟုတ်တယ် .... အထက်အညာ က လူ သူ့ ကို မတွေ့ ၊ သူ လည်း ဒီကို မရောက်လာ လို့ ဘူတာရုံ မှာ တစ်ခါ ပြန်ပြီး ရှာမယ် အောက်မေ့တယ် ”

ဤသို့ ပြောပြီး လျှင် ဦးဘိုးညွန့် မှာ စိတ်ပျက်သော အမူအရာ နှင့် ဆိုင် ထဲ တွင် တောင် လျှောက် ၊ မြောက် လျှောက် နှင့် တစ်ချက် တစ်ချက် ခေါင်းကုပ် ကာ နေလေ၏ ။

ခင် ။  ။ “ ဘကြီး က ခင့် ကို စကား များတယ်လို့ မထင် လျှင် ၊ မေးစမ်းပါရစေ ၊ ကသာ က ဧည့်သည် ကို ဘကြီး မျှော် နေတာ မဟုတ်လား ” 

ညွန့် ။  ။ “ ဟုတ်တယ် ... ဟုတ်တယ် သူ ဒီကို လာ သလား ၊ အခု ဘယ်မှာလဲ ဘကြီး ကို လိုက်ရှာဖို့ ဘူတာရုံ ကို ပြန်သွားတယ် ထင်တယ် ဟုတ်လား ”

ခင်  ။  ။ “ ဘယ်ကို သွားတယ်တော့ မသိဘူး ၊ လံချား တစ်စီး စီးပြီး ဂျာလတီးဂျောင်း လို့ ပြောတာ ကြားလိုက်တာပဲ ၊ ဘကြီး မှာ သား ရှိတာ ကို အစက ဘာပြုလို့ ခင့် ကို ပြော မထားတာလဲ ၊ ဘကြီးသား ဆိုတဲ့ လူ နှစ်ယောက်လုံး ကို ခင် တော့ လူဆိုးတွေ မှတ်တာ နဲ့ ခြောက်လုံးပြူး နဲ့ ချိန်ပြီး နှင်လွှတ် လိုက်တာပဲ ”

ညွန့် ။  ။ “ ဘယ် က သား နှစ်ယောက် လဲ ဘကြီး မှာ တစ်ယောက် တည်းပါ ၊ ခင်ခင်မေ ဘာ ဖြစ်နေတာလဲ ”

ဤသို့ ပြောဆိုရာ ခင်ခင်မေ မှာ မိမိ ခဲတံ နှင့် မှတ်၍ ထားချက်များ ကို ဖတ်ပြ ပြီး လျှင် ။

ခင်မေ ။  ။ သူတို့ နှစ်ယောက်လုံး ဘကြီး ရဲ့ သား ဖြစ်တယ်လို့ ချည်း ပြောကြတာ ခင် ဘာကို သိမှာလဲ ၊ သူတို့ ပြောတာ ပြောရတာပေါ့ ။ ပထမ လူ ကတော့ ရွှေသွားကလေး နဲ့ အရပ်ခပ်ပုပု ၊ သူ့ ရုပ် က လူဆိုး ရုပ် ပဲ ၊ မျက်မှောင် ကုပ်ကုပ် ၊ မျက်လုံး ပြူးပြူး နှင့် အဲဒီ လူ က ဘကြီး ရဲ့ သား လို့ ခင့် ကို ပြောပြီး အိမ် ထဲ အတင်း ဝင်မယ် လုပ်တော့ ၊ ခင် က သူ့ကို မယုံတာနဲ့ ခြောက်လုံးပြူး သေနတ် နဲ့ ချိန် ထားပြီး ဘကြီး လာပြီ ထင်တယ် လို့ သူ့ ကို ခြောက် ပြောလိုက်ပြီး ဘကြီး နာမည် အော် ခေါ်လိုက် မှ ဆိုင် ပေါ် က ဆင်းသွားတယ် ။

ညွန့် ။  ။ အံ့အားသင့် သော လက္ခဏာ ဖြင့် ခင်ခင်မေ လွဲပြီ ၊ ဘကြီး မှာ ဒီလို ရုပ်မျိုး နဲ့ သား ဘယ်မှာ မှ မရှိဘူး ။ ဒီ လူ ဟာ ဘကြီး သား ယောင် ဆောင်ထားတဲ့ လူဆိုး ဒိဋ္ဌ ပဲ ၊ ခင်ခင် က သေနတ် ကို ပြပြီး မောင်း မထုတ်လိုက် လျှင် ဒုက္ခပဲ ၊ နို့ ... အဲဒီ လူ ကျန်ရစ်ခဲ့တဲ့ သားရေအိတ် ဆိုတာကော ဘယ်မှာလဲ ။

ခင်မေ ။  ။ ဟောဟို .. ဘီဒို ရဲ့ အောက် မှာ ၊ သားရေအိတ် မှာ တော့ ‘ မောင်ဘခင် ’ လို့ စာ ရေးပြီး ထားတယ် ။

ညွန့် ။  ။ ( သားရေအိတ် ကို ယူ၍ ကြည့်ပြီး အဟုတ်သားပဲ ၊ ဒီ ဟာ ဘကြီး ရဲ့ သား မောင်ဘခင် ရဲ့ နာမည် ပေါ့ ၊ ဒီ လူ ဟာ ဘယ်နည်း နဲ့ ဒီ သားရေအိတ် ကို ရလာပါလိမ့် ၊ ဘကြီး ရဲ့ တူမ သတိ နဲ့ ဉာဏ် ကောင်းပြီး ၊ ရဲပေ လို့ပဲ ၊ တခြား ဘကြီး ရဲ့ သား ဆိုတဲ့ လူ က ကော ဘယ်လို လူလုံးပဲ လူသွေး ပြပါ ၊ စမ်းပါဦး ။

ခင် ။  ။ အို ... နောက် လာတဲ့ လူ ကတော့ အရင် လူ နဲ့ အပုံကြီး ခြားနားတာပဲ ။ သူ က တော့ မရဲတရဲ နှင့် ရှက်တတ် သလိုပဲ ။

ညွန့် ။  ။ လူပုံ က ကော အရပ်မြင့်မြင့် ဟုတ်ရဲ့လား ။

ခင် ။  ။ ဟုတ်တယ် .... ဟုတ်တယ် ၊ အရပ် မြင့်မြင့် ခန့်ခန့်ညိုညို ပဲ ။

ညွန့် ။  ။ ချောချော မဟုတ်လား ။

ဤသို့ ဦးဘိုးညွန့် က မေး လိုက် ရာ ၊ ခင်ခင်မေ မှာ ပြန်၍ မဖြေဘဲ ခပ်ရှက်ရှက် မျက်နှာထား နဲ့ ရှိစဉ် ၊ မောင်ဘခင် မှာ ဆိုင် ၏ ရှေ့ မှာ ဝင်လာသည် ကို ခင်ခင်မေ မြင် သဖြင့် “ ဟော ဟိုမှာ လာနေပြီ ” ဟု ပြောဆို၍ လက်ညှိုး ညွှန်ပြ လိုက် သဖြင့် ဦးဘိုးညွန့် သည် တံခါးဝ သို့ လှည့်၍ ကြည့် လိုက်ရာ မိမိ ၏ သား မောင်ဘခင် ဝင်၍ လာသည် ကို မြင်ရလေ၏ ။

မောင်ဘခင် မှာ မိမိ ၏ ဖခင် ကို လက်ဦး နှုတ် မဆက်သေးဘဲ ၊ ခင်ခင်မေ ၏ မျက်နှာ ကိုကြည့်ပြီး လျှင် “ ဟိုအကောင် ကို တော့ မိခဲ့လို့ ၊ ဒီက ကိုယ်တိုင် ဖမ်းပြီး ပုလိပ် လက် ကို အပ်ခဲ့ပြီ ” ဟု ပြော လိုက်ရာ ၊ ဦးဘညွန့် မှာ မိန်းမ ကြောက်တတ်သော မိမိ ၏ သား မှာ ချက်ချင်း လို သဘော ပြောင်းလဲ၍ သွားသည် ကို အံ့အားသင့်စွာ နှင့် ရှိလေ၏ ။

ထိုနောက်မှ မောင်ဘခင် သည် မိမိ ၏ ဖခင် ဘက် သို့ လှည့်ကာ “ ဖေဖေ ကျွန်တော် နှင့် ဘူတာရုံမှာ လွဲနေတယ် ”

ညွန့် ။  ။ ဖေဖေ က နည်းနည်း နောက်ကျ သွားတာကိုး ။ ငါ့ သား အခု အင်မတန် ထွားလာပါလား ။ ဤသို့ ပြောပြီး လျှင် ခင်ခင်မေ ၏ ဘက် သို့ လှည့်၍ “ ခင်ခင်မေ အဲဒါ ဘကြီး ရဲ့ သား ၊ ကသာမြို့အုပ် မောင်ဘခင် ပဲ ၊ သူ့ ကို နှုတ်ဆက် မှ ပေါ့ ”

ခင်မေ ။  ။ အခုနတုန်း က ပဲ လူဆိုး မှတ် လို့ သေနတ် နဲ့ ချိန်မိသေး တယ် ။ ဒါကြောင့်မို့ လို့ နောက် လာတဲ့ သူဟာ လူဆိုးရုပ် မဟုတ်ပါဘူး လို့ ဘကြီး ကို ပြောတာပေါ့ ၊ ဒီလို သေနတ် နှင့် ချိန်မိတာ ကို အပြစ် က လွှတ်ပါ ။

ညွန့် ။  ။ မောင်ဘခင် ကို ကြည့် ၍ “ ကဲ... ဘယ်နှယ့်လဲ .. ခင်ခင်မေ ရဲ့ သတ္တိဗျတ္တိ နှင့် ရုတ်တရက် ဉာဏ် ဘယ်လောက် ကောင်းတယ် ဆိုတာ တွေ့ပြီ မဟုတ်လား ။ နောက်တော့ တဖြည်းဖြည်း မင်း ဒါထက် သိလာဦးမယ် ”

ခင်မေ ။  ။ ဘကြီး က ဘာတွေ ကို ပြောနေတာလဲ ။

ဘခင် ။  ။ သေနတ် နှင့် ချိန် မိတာ ကို စိတ် မဆိုးတဲ့ အပြင် ၊ ချီးမွမ်း တောင် ချီးမွမ်း သေးတယ် ။ ဟို ... ရွှေသွား နှင့် လူဆိုး ကို သေနတ် နဲ့ မချိန် မိ လျှင် တစ်အိမ်လုံး ရှိ တဲ့ ပစ္စည်းတွေ ကို သဘောရှိ ယူသွားမှာ ။

ခင်မေ ။  ။ သားရေအိတ် က ဘယ်နှယ့် သူ့ လက်ထဲ ကို ရောက် သွားပြီး ၊ ဒီလူ က သူ့ ကိုယ် သူ ကိုဘခင် ယောင် ဘယ်နှယ့် တူအောင် ဆောင် တတ်တာလဲ ။

ညွန့် ။  ။ ဟုတ်တယ် ... အဲဒါ အားလုံး ပြောပြစမ်း ။

ဘခင် ။  ။ ဒီ လူ နဲ့ သာစည်ဘူတာ ကတည်း က ရထား အတူ စီး လာ ကြတော့ ။ သူ ရယ် တခြား ပါလာတဲ့ လူ နှစ်ယောက် ရယ် အားလုံး ရထား ပေါ် မှာ စပ်မိစပ်ရာ စကား ပြော လာကြတော့ ကျွန်တော် က လည်း ဖေဖေ့ ဆိုင် နဲ့ ဖေဖေ့ နာမည် အကြောင်း ဖေဖေ ဘူတာရုံ ကို လာပြီး ကြိုမယ့် အကြောင်း ကို ပြောမိတာ ပေါ့ ။ ဒါနဲ့ ရန်ကုန်ဘူတာကြီး ရောက်တော့ အဲဒီ ရွှေသွား နှင့် လူ ရော ကျွန်တော့် သားရေအိတ် ရော လူတွေ အဆင်းအတက် ရှုပ်တုန်း မှာ ပျောက်သွားတယ် ။ ဒီတော့ ကျွန်တော် မီးရထား ဂါတ် မှာ ဝင်ပြီး တိုင်နေ ၊ သူ့ ကို လိုက်ပြီး ရှာနေ တုန်း မှာ သူ က ဒီ အိမ် ကို ဝင်ပြီး ၊ ကျွန်တော် ယောင် ဆောင်ပြီး ခိုး ဦးမယ် လုပ်တာပဲ ။ ဒီက .. ခင်ခင်မေ က အကဲခတ် ကောင်းပြီး ရဲ လည်း ရဲပေလို့ ပေါ့ ။

ခင်မ ။  ။ ဪ ... ရှင်းပြီ ၊ နားလည်ပြီ ၊ ဒီလူ က ဆိုင် ရဲ့ အကြောင်း ၊ ဘကြီး ရဲ့ အကြောင်း ၊ ခင့် ရဲ့ အကြောင်း ကို မီးရထား ပေါ် မှာ အားလုံး သိရအောင် စကား ရောင်း ၊ စကား ဝယ် နှင့် လုပ်ပြီး ခင်တို့ တစ်ယောက် တစ်ယောက် အစ က မမြင်ဘူးမှန်း သိ လို့ ...

ညွန့် ။  ။ ခင် နဲ့ ၊ ဘယ်သူ နဲ့ တစ်ယောက် ၊ တစ်ယောက် မမြင်ဖူး ရတာလဲ ၊ ခင် နဲ့ ကိုကို နဲ့ တစ်ယောက် တစ်ယောက် အစက မမြင်ဘူးမှန်း သိလို့ ကိုကို ယောင် ဆောင်ပြီး ခိုးမယ်လို့ လာတာ ရှင်းရှင်း ပြော ပါလား ။ ကိုကို ခေါ်ရမှာ ဒီလောက် နှမြော သလား ။

ဤသို့ ပြောလိုက်ရာ ခင်ခင်မေ ၏ မျက်နှာ တွင် သဘော မကျသည့် လက္ခဏာ မပေါက် သော် လည်း ၊ ရှက်ကြောက်သည့် လက္ခဏာ ပေါ်၍ လာ သည် ကို မောင်ဘခင် မှာ ကောင်းစွာ အကဲခတ် မိ သဖြင့် ..

ဘခင် ။  ။ ဒီ လူဆိုး လည်း အခုတော့ သူ ခံထိုက်တဲ့ ဒဏ် ကို ခံသွားရပြီ ၊ ပုလိပ် လက် ကို ရောက်သွားပါပြီ ။

ညွန့် ။  ။ ဒါထက် မင်း သားရေအိတ် ကို သေသေချာချာ ဖွင့် ကြည့်စမ်းပါဦး ။ အထဲ က ပစ္စည်းတွေများ စုံစုံစေ့စေ့ ရှိသေးရဲ့လား ။

ဤသို့ ပြောသဖြင့် မောင်ဘခင် သည် မိမိ ၏ သားရေအိတ် ကို မှန်ဘီဒို ၏ အောက် မှာ ကုန်း၍ ဆွဲလိုက်ရာ တွင် ၎င်း ၏ အင်္ကျီအိတ် ထဲ မှ သားရေအိတ်ငယ်ကလေးမှာ ထွက်၍ ကျပြီး လျှင် ပွင့်၍ သွား သဖြင့် ၎င်း အိတ်ငယ် အတွင်း မှ ပိုက်ဆံဒင်္ဂါးများ နှင့် တကွ အတိုအထွာ ပစ္စည်းကလေးများ သည် ကြမ်း ပေါ် တွင် ပြန့်ကြဲ၍ သွားလေ၏ ။

ခင်ခင်မေ မှာ ထိုသို့ ပြန့်ကြဲ သွားသော ပစ္စည်းများ ကို စုဆောင်း၍ ကောက်ပေး ရာ တွင် ၎င်း ၏ မျက်နှာ မှာ များစွာ အံ့အားသင့်ခြင်း ဖြစ်၍ သွားပြီးလျှင် “ ဘယ်နှယ့်လဲ ခင့် ဓာတ်ပုံ ကိုကို ဆီ ကို ဘယ်နှယ့် ရောက် နေ တာလဲ ၊ ဒါကို ဘယ်က ရတာလဲ ” ဟု ငေါက်ဆတ်ဆတ် မေး လိုက်ရာ ၊ မောင်ဘခင် မှာ ရယ်ပြုံး လျက် ၊ ၎င်း ၏ ဖခင် ကို ကြည့် လိုက်လေ၏ ။

ဦးဘိုးညွန့် က လည်း ပြုံးပြီး လျှင် “ ဘကြီး ပို့ လိုက်တာပါ ၊ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလ လောက် က ခင်ခင်မေ ကို ဘကြီး ဓာတ်ပုံ ရိုက် ခိုင်းတာပေါ့ ၊ ဘကြီး သေသေချာချာ ပြောရမယ် ဆိုလျှင် မောင်ဘခင် ဟာ အင်မတန် မိန်းမ ကြောက် တတ်တယ် ၊ ဘယ်တော့မှ ရည်းစား တောင် ထားဖူးတာ မဟုတ်ဘူး ၊ ဘကြီး က ခင်ခင်မေ ရဲ့ အကြောင်း ကို အကြိမ်ကြိမ် စာ ရေးပြီး ဒီ ဓာတ်ပုံ ကို ပို့လိုက် လို့ အခွင့်ခံ ပြီး လိုက်လာတာ ”

ဤသို့ ပြောလိုက်ရာ ခင်ခင်မေ မှာ စကား ပြန် မပြောနိုင်ဘဲ ခေါင်း ကို အောက် ချ ကာ ကြမ်းဘေး တွင် ပြန့်ကြဲလျက် ရှိသော ပိုက်ဆံများ နှင့် ကြယ်သီး ကလေးများ ဓာတ်ပုံများ စုဆောင်း ပြီး လျှင် ၊ မောင်ဘခင် နှင့် မျက်နှာ ခပ်လွဲလွဲ လုပ်၍ ပေး လိုက်လေ၏ ။

ညွန့် ။  ။ ကဲ .... ဒါတွေ မစေ့သေးဘူးလား ။ ဆိုင် မှာ ဝယ်မယ့် ခြမ်းမယ့် လူတွေ လာတော့မယ် ။ ခင်ခင်မေ ကိုကို့ ရဲ့ သားရေအိတ် ကို အတွင်းခန်း ထဲ ယူသွား ။ ဘခင် လည်း မောတယ် ၊ အတွင်းခန်း ထဲ သွား ။

ခင်ခင်မေ မှာ ဦးဘိုးညွန့် ၏ စကား ကို မပယ်နိုင် ၍ အတွင်းခန်း သို့ သားရေအိတ် ကို ဆွဲပြီး ဝင် သွားရာ ၊ မောင်ဘခင် မှာ လည်း မိဘ စကား ကို နားထောင်သော သူ ဖြစ်၍ အတွင်းခန်း သို့ ဝင်၍ လိုက်သွား လေ၏ ။

ဦးဘိုးညွန့် မှာ ခေါင်းပေါင်း ကို ချွတ် ပြီး လျှင် အပြင်ခန်း ကု,လားထိုင် ပေါ် တွင် မိမိ ၏ ငယ်ရွယ်စဉ် က အဖြစ်အပျက်များ ကို ကွက်ကွက်ကွင်းကွင်း ထင်အောင် သူငယ်ပြန် သော သဘော နှင့် တွေးတော စဉ်းစား နေလေ၏ ။

ထို့နောက် အတော် ကြာသော အခါ အတွင်းခန်း မှ “ ဒီ ကနေ့ ပြဿဒါး နေ့ကြီး မကောင်းဘူး ” ဟု ခင်ခင်မေ ပြောလိုက်သော အသံ ကို ဦးဘိုးညွန့် အပြင်ခန်း မှ သဲ့သဲ့ ကြား လိုက်သည် ဖြစ်ရာ အားမလို ၊ အားမရ ဖြစ်နေသော ဦးဘိုးညွန့် က ဒါးဒါး ... ဟု ခပ်ကျယ်ကျယ် အော် လိုက်ရာ လူကြီး မိဘ ၏ ဩဇာ ကြောင့် အတွင်းခန်း မှာ ဆိတ်ငြိမ် ၍ သွားလေ၏ ။

◾ရေးသူ  ?

📖 ခေတ်ဟောင်း ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment